အခန်း (၁၇၄၈)
Vol. 125 Ch. 1748
အခန်း(၁၇၄၈)
“ မင်္ဂလာပွဲလား… လက်ဖွဲ့ပစ္စည်းလား… ”
ဝူမင်ကြွယ်က ဇဝေဇဝါဖြစ်သွားသည်။
သူ့ဘေးမှ ထောင်ယုယုသည်လည်း ဆွံ့အသွားသည်။
“ ဒါပေမဲ့ အကြီးအကဲခင်ဗျာ… ကျုပ်ရဲ့ ကောင်းကင်စံအိမ်တာအိုဂိတ်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ လူငယ်လက်ရွေးစင်ကို မင်္ဂလာပွဲကနေတဆင့် မခေါ်ယူရဲပါဘူး ”
“ အကြီးအကဲက ကျုပ်တို့ ကောင်းကင်စံအိမ်တာအိုဂိတ်ကို မျက်နှာသာပေးမှတော့ ကျုပ်တို့ဂိုဏ်းက လက်ဖွဲ့ပစ္စည်းကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ပေးပါမယ်… ဒါမှ ထောင်ယုယုက မင်္ဂလာပွဲကနေတဆင့် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီ ဂုဏ်ရှိရှိ ဝင်ရောက်နိုင်မှာပါ ”
စကားပြောလိုက်သူက ကောင်းကင်စံအိမ်တာအိုဂိတ်မှ ပေါင်ယွင်ကျန်းဖြစ်သည်။ သူက ဂိုဏ်းထဲမှာ ဒုတိယအသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ယခု သူက သတိကြီးစွာထား၍ ရိုသေလေးစားစွာ ပြောနေသည်။
သူက အမှန်တကယ် ကြောက်နေသည်။
အစစ်အမှန်တာအိုဂိုဏ်းမှ ရွှမ်အဆင့် ကျင့်ကြံသူဖြစ်သော ဖုန်းရှောင်လင်က မြေကြီးပေါ်မှာ နာကျင်စွာ လဲလျောင်းနေရသည်။
သူက ပြန်လည်မွေးဖွားခြင်းအဆင့် အဌမအလွှာမှ ကျင့်ကြံသူဖြစ်သည်။ အကယ်၍ သူစကားပြောမှားသွားလျှင် ဖုန်းရှောင်လင်၏ ဘေးမှာ နောက်ထပ် လဲလျောင်းနေရမည့်လူက သူဖြစ်သွားနိုင်သည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနှင့် ပူးပေါင်းပြီး မင်္ဂလာပွဲဆောင်ရွက်ခြင်းက အစစ်အမှန်တာအိုဂိုဏ်းကို ဒေါသထွက်စေနိုင်ကြောင်း သူသိသည်။ သို့သော်လည်း ယင်းက မနက်ဖြန်အတွက် စိုးရိမ်စရာကိစ္စ ဖြစ်သည်။
ယနေ့ သူ့အတွက် အရေးကြီးဆုံးကိစ္စက သူ့အသက်ကို ကယ်တင်ရန် ဖြစ်သည်။
လူတိုင်းထံမှ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူတို့က မိန်းမောတွေဝေနေကြသော ဝူမင်ကြွယ်နှင့် ထောင်ယုယုကို ကြည့်လိုက်ကြသည်။
ဝူမင်ကြွယ်သည် သူက ဘိုးဘေး၏ ရောင်းစားခံလိုက်ရကြောင်း ခံစားမိသွားသည်။ သို့တိုင် သူ့ဘေးမှ ထောင်ယုယုကို ကြည့်လိုက်သည့်အခါ ပျော်ရွှင်မှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ထောင်ယုယုသည်လည်း ဂိုဏ်း၏ ရောင်းစားခံလိုက်ရကြောင်း ခံစားမိသွားသည်။ သို့သော် သူ့ဘေးမှ ဝူမင်ကြွယ်ကို မြင်သောအခါ ရှက်ရွံ့မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဘိုးဘေး… ”
တာအိုပညာရှင်ဟူယုက အရှေ့သို့ လျှောက်လာပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။
“ အခုအချိန်က နေ့ကောင်းရက်မြတ် ရွေးဖို့ သင့်တော်တယ်… မင်္ဂလာပွဲကို နောက်ဆယ်ရက်ကြာပြီးရင် ကျင်းပရအောင်… အဲ့ဒီအချိန်ကျရင် ငါတို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက သတိုးသမီး ခေါ်ယူဖို့နဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်း လွှဲပေးဖို့ ကောင်းကင်စံအိမ်တာအိုဂိတ်ဆီ ရောက်လာမယ် ”
…..
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း… ။
ဂိုဏ်းသို့ ပြန်ရောက်လာသည့်အခါ တာအိုပညာရှင်ဟူယုနှင့် တခြားလူများ၏ မျက်နှာပေါ်မှာ စိတ်ခံစားချက်ဖြင့် ပြည့်နှက်သွားသည်။
သူတို့က စွန့်ပစ်သတ္ထုတွင်းတွင် အစစ်အမှန်တာအိုဂိုဏ်းနှင့် ကောင်းကင်စံအိမ်တာအိုဂိတ်၏ ဝိုင်းရံတိုက်ခိုက်မှုအောက်မှ ကံကောင်းထောက်မ၍ လွတ်မြောက်ခဲ့ကြသည်။
ထိုစဉ် တပည့်များက ပိုပြီးစိတ်လှုပ်ရှားသွားကြသည်။
သူတို့၏ ဂိုဏ်းမှာ ရွှမ်အဆင့် ကျင့်ကြံသူကို အလွယ်တကူ ဖမ်းဆီးနိုင်သော အစွမ်းထက် ဘိုးဘေးတစ်ယောက်ရှိသည်။ ထို့ပြင် နောက်ထပ် ရှေးခေတ်ဘိုးဘေးက ပြန်နိုးထလာသည်။
ဘိုးဘေးယွင်လန်၏ တိုက်ပွဲစွမ်းအားက ဘိုးဘေးဟန်မူယဲ့ကို မယှဉ်နိုင်သော်လည်း သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲတွင် ရှိန်လောက်ဖွယ်ကောင်းသော အင်အားကို ပိုင်ဆိုင်ထားဆဲပင်။
ယွင်လန်တာအိုပညာရှင်သည် ဟန်မူယဲ့နှင့်အတူ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီသို့ ပြန်မသွားပေ။ ယင်းအစား သူက အစစ်အမှန်တာအိုဂိုဏ်း၏ ဖမ်းဆီးခေါ်သွားခံခဲ့ရသော ယန်ချီကို ရှာဖွေရန် ခရီးထွက်သွားသည်။
ထို့ပြင် သူက သူ၏ မိတ်ဆွေဟောင်းများကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းအကြောင်း မိတ်ဆက်ပေးချင်သည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ကျင့်ကြံခြင်းအမွေအနှစ်က ပြန်နိုးလာကြသော ရှေးခေတ်ကျင့်ကြံသူများကို တိုက်ခိုက်စွမ်းရည် ပေးအပ်နိုင်သည်။ သူတို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အမွေအနှစ်ကို ကျင့်ကြံမည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိကြလိမ့်မည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ခန်းဆောင်ထဲတွင် တာအိုပညာရှင်ဟူယုက စိုးရိမ်ကြောင့်ကြနေသော ဝူမင်ကြွယ်ကို ဟန်မူယဲ့အရှေ့သို့ ခေါ်ဆောင်လာသည်။
“ ဘိုးဘေး… ကျုပ်တို့က သတိုးသမီး ခေါ်ယူဖို့နဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်း လွှဲပေးဖို့ ကောင်းကင်စံအိမ်တာအိုဂိတ်ဆီ တကယ်သွားကြမှာလား ”
တာအိုပညာရှင်ဟူယုက ပြောသည်။ သူ့အနောက်တွင် ဝူမင်ကြွယ်က ဟန်မူယဲ့ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်သည်။
ဟန်မူယဲ့က သူတို့နှစ်ယောက်စလုံးကို ကြည့်လိုက်ပြီး ပြုံးသည်။
“ အဲ့ဒီနေ့က ငါပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းလို့ ဖြစ်မလား ”
စွန့်ပစ်သတ္ထုတွင်းထဲမှာ ဟန်မူယဲ့ပြောခဲ့သော စကားကို ကျင့်ကြံသူအများအပြားက ကြားခဲ့ကြသည်။
ဟန်မူယဲ့က ကျင့်ကြံသူအများအပြား၏ အသက်ကို အစစ်အမှန်တာအိုဂိုဏ်း၏ လက်ထဲမှ ကယ်တင်ပေးခဲ့လေရာ သူတို့က ကျေးဇူးတင်ကြောင်း ဖော်ပြချင်ကြသည်။ ထို့ကြောင့် သူတို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနှင့် ကောင်းကင်စံအိမ်တာအိုဂိတ်ကြားမှ မင်္ဂလာပွဲကို လာရောက်သက်သေပြုပေးမည်ဟု ကတိပေးခဲ့ကြသည်။
သူတို့၏ ရောက်လာမှုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို နာမည်ကျော်ကြားစေမည့် အခွင့်အရေးဖြစ်သည်။
သို့သော်လည်း သတိုးသမီး ခေါ်ယူခြင်းက အစစ်အမှန်တာအိုဂိုဏ်းအား ရန်ပြုမိမည်ဟု တာအိုပညာရှင်ဟူယုက စိုးရိမ်နေသည်။
ဤတစ်ကြိမ်တွင် ရွှေချပ်ဝတ်စစ်သည်တော်အများအပြားနှင့် ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဖမ်းဆီးခံလိုက်ရလေသည်။ ယင်းက အစစ်အမှန်တာအိုဂိုဏ်းကို သေချာပေါက် ဒေါသထွက်စေလိမ့်မည်။
“ ဘိုးဘေး… ကျွန်တော်တစ်ယောက်တည်း သတိုးသမီး သွားခေါ်တာက ပိုပြီးကောင်းပါတယ် ”
ဝူမင်ကြွယ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
အကယ်၍ သူတစ်ယောက်တည်း သွားမည်ဆိုလျှင် အဆိုးဆုံးအနေနှင့် သူတစ်ယောက်တည်း အသက်ဆုံးရှုံးသွားလိမ့်မည်။
ဟန်မူယဲ့က ဝူမင်ကြွယ်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူ့အပြုံးက ဝူမင်ကြွယ်ကို မျက်နှာနီမြန်းသွားစေသည်။
“ စိတ်ချစမ်းပါ… မင်းက သတိုးသားဖြစ်လာဖို့ပဲ ပြင်ဆင်သင့်တယ်… ဒီဘိုးဘေးက သတိုးသမီးကို မင်းလက်ထဲ ထည့်ပေးဖို့ အာမခံတယ် ”
ဟန်မူယဲ့က ပြောသည်။
ယင်းကို ကြားသောအခါ ဝူမင်ကြွယ်က ခေါင်းငုံ့လိုက်သည်။ သူက အပေါ်သို့ မော်မကြည့်ဝံ့တော့ပေ။
တာအိုပညာရှင်ဟူယုက တစ်ခဏ တွေးတောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ဘိုးဘေးက သတိုးသမီး သွားခေါ်ဖို့ စိတ်ဆုံးဖြတ်ထားပြီးပြီဆိုမှတော့ ကျုပ်တို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက မင်္ဂလာလက်ဖွဲ့ငွေကို ပြင်ဆင်ထားရမယ် ”
“ တကယ်လို့ ကောင်းကင်စံအိမ်တာအိုဂိတ်က ကျုပ်တို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ် ”
ကောင်းကင်စံအိမ်တာအိုဂိတ်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထက် အများကြီး ပိုမသန်မာသော်လည်း သူတို့က အစစ်အမှန်တာအိုဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ထားသော အင်အားစုများအနက် တစ်ခုဖြစ်သည်။ အကယ်၍ သူတို့က ကောင်းကင်စံအိမ်တာအိုဂိတ်ကို သိမ်းသွင်းနိုင်မည်ဆိုလျှင် အစစ်အမှန်တာအိုဂိုဏ်းက အားနည်းသွားလိမ့်မည်။
အစတွင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းသည် အစစ်အမှန်တာအိုဂိုဏ်းကို ဆန့်ကျင်ရန် ဆန္ဒမရှိပေ။ သို့သော်လည်း သူတို့၏ ဘိုးဘေးက သူ၏ ရပ်တည်ချက်ကို အတိအလင်း ကြေညာလိုက်လေရာ အစစ်အမှန်တာအိုဂိုဏ်းက သူတို့၏ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို မည်သို့မှ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူတို့ကြားမှာ ထိပ်တိုက် တိုက်ပွဲက သေချာပေါက် ရှိလာလိမ့်မည်။
“ ငါ့ကို မနက်ဖြန်လာတွေ့ပါ… ပြီးတော့ ငါသန့်စင်ထားတဲ့ မှော်အဆောင်တွေကို ယူသွားပါ… ဒီကျောက်စိမ်းတုံကင်ကို ယူသွားပြီးတော့ ကျောက်စိမ်းမှော်အဆောင်စံအိမ်မှာ မင်းသွားရောင်းနိုင်တယ် ”
ဟန်မူယဲ့က တာအိုပညာရှင်ဟူယုကို ကြည့်လိုက်သည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက တန်ဖိုးနိမ့်ကျသော မင်္ဂလာလက်ဖွဲ့ပစ္စည်းကို မည်သို့ပေးမည်နည်း။
ဟန်မူယဲ့က မင်္ဂလာလက်ဖွဲ့ပေးမည်ဟု လူသိရှင်ကြားပြောကြားခဲ့မှတော့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းအား ဂုဏ်သိက္ခာကျဆင်းစေမည့် အဖြစ်ကို သူမလိုလားပေ။
ဟန်မူယဲ့၏ လက်ထဲမှ ကျောက်စိမ်းတုံကင်ကို မြင်သောအခါ တာအိုပညာရှင်ဟူယုက မျက်လုံးပြူးသွားသည်။
“ အဲ့ဒါ… အဲ့ဒါ ကျောက်စိမ်းမှော်အဆောင်စံအိမ်… ”
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းတုံကင်ကို ပေးအပ်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ သူ့ကိုယ်ပိုင်ခြံဝန်းဆီသို့ လျှောက်သွားသည်။
တာအိုပညာရှင်ဟူယုက ကျောက်စိမ်းတုံကင်ကို ဖမ်းဆုပ်လိုက်စဉ် လက်တုန်နေသည်။
“ ဂိုဏ်းချုပ်… ဒီကျောက်စိမ်းတုံကင်က အဖိုးတန်လို့လား ”
ဝူမင်ကြွယ်က စူးစမ်းလိုသော အမူအရာဖြင့် ကျောက်စိမ်းတုံကင်ကို ကြည့်လိုက်ပြီး မေးသည်။
တာအိုပညာရှင်ဟူယုက ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းတစ်ခုလုံးကို ရောင်းချရင်တောင် ဒီကျောက်စိမ်းတုံကင်ကို မဝယ်နိုင်ဘူး ”
အဲ့လောက်တောင် တန်ဖိုးရှိတာလား… ။
ဝူမင်ကြွယ်က ကျောက်စိမ်းတုံကင်ကို နောက်တစ်ကြိမ် ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ခေါင်းယမ်းလိုက်သည်။
ယင်းကို မထိခြင်းက ပိုကောင်းလိမ့်မည်။ သို့မဟုတ်ဘဲ မတော်၍ သူ့လက်ချက်ကြောင့် ကျိုးသွားမည်ဆိုလျှင် ဆုံးရှုံးမှုကို သူမတတ်နိုင်ပေ။
…..
ခုနစ်ရက်အတွင်းမှာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက မှော်အဆောင်(၃၂)ခုကို ထုတ်လုပ်ပေးခဲ့သည်။ သူတို့က ယင်းတို့ကို ကျောက်စိမ်းမှော်အဆောင်စံအိမ်တွင် မူလကျောက်တုံးတစ်သောင်းဖြင့် လဲလှယ်ခဲ့သည်။
သူတို့က ထိုမူလကျောက်တုံးများဖြင့် အမျိုးမျိုးသော တန်ဖိုးကြီး လက်ဖွဲ့ပစ္စည်းများကို ဝယ်ယူခဲ့ကြပြီး ယင်းတို့ကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ မြင်းလှည်းများပေါ်သို့ တင်ဆောင်လိုက်ကြသည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ကြွယ်ဝချမ်းသာမှုက အချင်းမိုင်တစ်ရာအတွင်းမှ အင်အားစုများကို ဂယက်ထသွားစေသည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနှင့် အစစ်အမှန်တာအိုဂိုဏ်းကြားမှ ယှဉ်ပြိုင်မှု၊ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနှင့် ကောင်းကင်စံအိမ်တာအိုဂိတ်၏ မဟာမိတ်လက်ထပ်ပွဲ အစရှိသော သတင်းများသည်လည်း ဟိုးလေးတကျော်ကျော် ပျံ့နှံ့သွားသည်။
လက်ထပ်ပွဲမတိုင်မီ တစ်ရက်အလိုတွင် ကျင့်ကြံသူထောင်သောင်းချီက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးရောက်ရှိနေကြသည်။
ထို့အတူ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ ကောင်းကင်စံအိမ်တာအိုဂိတ်ဆီသို့ သွားရောက်မည့် ခရီးလမ်းတစ်လျှောက်တွင် ကျင့်ကြံသူအများအပြားက စောင့်ဆိုင်းနေကြသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက မင်္ဂလာပွဲအတွက် တကယ်အားစိုက်ထားတာပဲ ”
“ မြင်းလှည်းဆယ့်ရှစ်စီးတောင်မှ… လက်ဖွဲ့ပစ္စည်းတွေက အနည်းဆုံး မူလကျောက်တုံးသုံးသောင်း တန်ကြေးရှိတယ်… ဒါက အရမ်းခမ်းနားလွန်းတယ် ”
“ ဟေး သူတို့ရောက်လာကြပြီ… သူတို့က ဝူလန်မြစ်ကို ဖြတ်ကျော်လာကြပြီ ”
အော်သံများ ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ မင်္ဂလာပွဲအခမ်းအနားကို အံ့ဩမှင်သက်စွာ ကြည့်လိုက်ကြသည်။
အံ့ဖွယ်ကိုးပါးတောင်တန်းနှင့် ဝူလန်မြစ်ကို ဖြတ်ကျော်ပြီး မိုင်တစ်ရာအကွာအဝေးသို့ ခရီးဆက်ပြီးနောက်မှာ ကောင်းကင်စံအိမ်တာအိုဂိတ်၏ ဂိတ်တံခါးက သူတို့၏ မြင်ကွင်းအရှေ့မှာ ထွက်ပေါ်လာသည်။
ထိုနေရာတွင် ကျင့်ကြံသူအများအပြားက စောင့်ကြိုနေကြသည်။
“ သူတို့ရောက်လာပြီ… သူတို့ တကယ်ရောက်လာပြီ ”
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ မင်္ဂလာဝေါယာဉ်သည် လမ်းခရီး၌ လူအများ မျှော်လင့်ထားသကဲ့သို့ အစစ်အမှန်တာအိုဂိုဏ်း၏ နှောင့်ယှက်မခံခဲ့ရပေ။ သူတို့က ကောင်းကင်စံအိမ်တာအိုဂိတ်ဆီသို့ ချောမွေ့စွာ ရောက်လာကြသည်။
အစစ်အမှန်တာအိုဂိုဏ်းက ဒီတစ်ကြိမ် ငြိမ်ခံနေသည်လော။
သူတို့က အံ့ဖွယ်ကိုးပါးတောင်တန်းဒေသကို အုပ်ချုပ်နေသော အရှင်သခင်ဖြစ်သည်။ သို့တိုင် သူတို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို ရန်မပြုဝံ့သည်လော။
မျှော်လင့်ချက်အလင်းရောင်က လူအများစု၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ မင်္ဂလာဝေါယာဉ်၏ အရှေ့ဆုံးတွင် ဝူမင်ကြွယ်သည် အနီရောင်သတိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါပုံပေါ်သည်။ ဟန်မူယဲ့သည်တော့ သူ၏ အနောက်မှာ တည်ရှိသည်။ သူက တည်ငြိမ်စွာ ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ တောင်တန်းဒေသကို ကြည့်လိုက်သည်။
မင်္ဂလာဝေါယာဉ်က ကောင်းကင်စံအိမ်တာအိုဂိတ်၏ ဂိတ်တံခါးဆီသို့ ရောက်သွားသည့်အခါ တာအိုပညာရှင်ဟူယုက တပည့်အုပ်စုတစ်စုကို ဦးဆောင်၍ လက်ဖွဲ့ပစ္စည်းများ ကမ်းပေးလိုက်သည်။
ကောင်းကင်စံအိမ်တာအိုဂိတ်သည်လည်း မင်္ဂလာလက်ဖွဲ့ပစ္စည်းများ ပေးအပ်သည်။ ယင်းက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထက် မနိမ့်ကျပေ။
အနီရောင်သတိုးသမီးဝတ်စုံကို ဝတ်ဆင်ထားသော ထောင်ယုယုသည် ဂိတ်တံခါးအရှေ့သို့ ပို့ဆောင်ခံလိုက်ရသည်။ သူက ဝူမင်ကြွယ်ကို မျက်နှာချင်းဆိုင်လိုက်သည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က မယုံကြည်နိုင်မှုကို ခံစားမိနေဆဲပင်။
သူတို့က ဂိုဏ်းမှ ပေးသော တာဝန်ကို ထမ်းဆောင်နေစဉ် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး အချင်းချင်း သံယောဇဉ်တွယ်မိခဲ့ကြသည်။
သို့သော်လည်း ဂိုဏ်းနှစ်ခု၏ အခြေအနေကွာခြားမှုကြောင့် ဝူမင်ကြွယ်သည် ယနေ့ကို တစ်ခါမှ အိမ်မက်မမက်ဝံ့ပေ။
“ နေနဲ့လလို လိုက်ဖက်တင့်တယ်တဲ့ စုံတွဲပါလား ”
“ အခု ကောင်းကင်စံအိမ်တာအိုဂိတ်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနဲ့ လက်ထပ်မဟာမိတ်ပြုလိုက်ပြီ… ဒီနေ့လို နေ့ထူးနေ့မြတ်ကို ဂိုဏ်းနှစ်ဂိုဏ်း ပေါင်းစည်းမှုရဲ့ အစနေ့လို့ သတ်မှတ်ရအောင် ”
အဝေးတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
အဝေးမှ တောင်တစ်လုံးပေါ်တွင် ရွှေရောင်အလင်းတန်းများနှင့် တိမ်တိုက်များ ထွက်ပေါ်လာကြသည်။
သွေးချီအလင်းတိုင်များက အပေါ်သို့ မြှောက်တတ်သွားကြသည်။
ယင်းက သွေးချီရွှမ်အဆင့်၏ အမှတ်လက္ခဏာ ဖြစ်သည်။
အစစ်အမှန်တာအိုဂိုဏ်း ရောက်လာပြီ ဖြစ်၏။