← Chapters

အခန်း (၁၇၄၉)

Vol. 125 Ch. 1749

အခန်း (၁၇၄၉)

Vol. 125 Ch. 1749

အခန်း(၁၇၄၉)

သွေးချီရွှမ်အဆင့် ကျင့်ကြံသူ(၁၃)ယောက်… ။

ထိုသို့အင်အားသည် အချင်းမိုင်တစ်သောင်းဧရိယာထဲ၌ ပြိုင်ဘက်ကင်းသည်။

သွေးချီအလင်းတိုင်များက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားနှင့် ပေါင်းစပ်သွားကြသည်။ ထိုမြင်ကွင်းက အနီးနားပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများကို အံ့ဩမှင်သက်သွားစေသည်။

အစစ်အမှန်တာအိုဂိုဏ်းက အလွန်သန်မာကြောင်း သူတို့သိထားကြသည်။ သို့သော်လည်း အစစ်အမှန်တာအိုဂိုဏ်းက ထိုမျှအထိ အလွန်သန်မာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြပေ။

ကျင့်ကြံသူတချို့က မျက်နှာတည်ကြည်သွားကြသည်။ သူတို့က တိတ်တဆိတ် အနောက်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့က မျက်နှာဖြူဖျော့သွားကြသည်။

“ သူတို့က အချင်းမိုင်တစ်ရာဧရိယာရဲ့ လေဟာနယ်ကို ချိပ်ပိတ်ထားတယ် ”

အချင်းမိုင်တစ်ရာဧရိယာ၊ ထိုထဲမှာ ကောင်းကင်စံအိမ်တာအိုဂိတ်၏ ဂိတ်တံခါးသည်လည်း ပါဝင်သည်။ အချင်းမိုင်တစ်ရာကျယ်ဝန်းသော ဧရိယာက အစစ်အမှန်တာအိုဂိုဏ်း၏ ဖိနှိပ်ခံလိုက်ရသည်။

.....

သူတို့က ဤနေရာမှ လူတိုင်းနှင့် ကောင်းကင်စံအိမ်တာအိုဂိတ်ကိုလည်း တစ်ခါတည်း ဖျက်ဆီးပစ်ချင်နေသည်လော။

သွေးချီရွှမ်အဆင့် ကျင့်ကြံသူ(၁၃)ယောက်… ။

အစစ်အမှန်တာအိုဂိုဏ်းမှာ ထိုသို့လုပ်ဆောင်နိုင်သော အင်အား အမှန်တကယ် ရှိသည်။

ဤအခိုက်အတန့်မှာ ဂိတ်တံခါးအရှေ့တွင် ရပ်နေကြသော ကောင်းကင်စံအိမ်တာအိုဂိတ်မှ တပည့်များနှင့် တခြားကျင့်ကြံသူများက မျက်နှာတည်ကြည်သွားကြသည်။ သူတို့အားလုံးက အရှေ့သို့ ခေါင်းမော့လိုက်ကြသည်။

ကောင်းကင်ပေါ်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က မတ်တတ်ရပ်နေသည်။ သူက လက်နှစ်ဖက်ကို အနောက်ပို့ထားလျက် လေထဲမှာ လမ်းလျှောက်နေသည်။

“ အစစ်အမှန်တာအိုဂိုဏ်းရဲ့ အကြီးအကဲကွမ်ချင်း ”

ကောင်းကင်စံအိမ်တာအိုဂိတ်၏ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော တာအိုပညာရှင်ရှောက်ထင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။

“ အကြီးအကဲကွမ်ချင်း… ဒါက နည်းနည်း မလွန်ဘူးလား… ကျုပ်တို့ရဲ့ ကောင်းကင်စံအိမ်တာအိုဂိတ်က ဒီနှစ်တွေမှာ အစစ်အမှန်တာအိုဂိုဏ်းကို တစ်ခါမှ မဆန့်ကျင်ခဲ့ပါဘူး ”

တာအိုပညာရှင်ရှောက်ထင်က လေထဲမှာ လမ်းလျှောက်နေသော အကြီးအကဲကွမ်ချင်းကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

အကြီးအကဲကွမ်ချင်းသည် အစစ်အမှန်တာအိုဂိုဏ်း၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်သုံးဦးအနက် တစ်ဦးဖြစ်သည်။ ထို့ပြင် အများက ပြောကြသည်မှာ သူက အမွေအနှစ်ရွှမ်အဆင့်သို့ ဝင်ရောက်ပြီးပြီ ဖြစ်၏။

အမွေအနှစ်ရွှမ်အဆင့်… ။

ယင်းက အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲမှ ကျင့်ကြံသူအားလုံးကို လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသည်။

တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများကို ဖမ်းဆီးချုပ်နှောင်ထားနိုင်သော အစစ်အမှန်တာအိုဂိုဏ်းကဲ့သို့ အစွမ်းထက် ဂိုဏ်းကြီးတစ်ဂိုဏ်းမှာသာလျှင် အမွေအနှစ်ရွှမ်အဆင့် အစွမ်းထက်ကျင့်ကြံသူများ တည်ရှိနိုင်ပေသည်။

“ ဟွန့် ရှောက်ထင်… အခုမှ မင်းက ငါ့ရဲ့ အစစ်အမှန်တာအိုဂိုဏ်းဆီ ပြန်လာချင်တာလား… အရမ်းနောက်ကျသွားပြီလို့ မထင်ဘူးလား ”

အကြီးအကဲကွမ်ချင်းက နှာခေါင်းရှုံ့လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာသည့်အခါ အချင်းဆယ်မိုင်အတွင်းမှ လေထုက တင်းကျပ်သွားသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက သွေးအန်လိုက်ကြပြီး မြေကြီးပေါ်သို့ လဲကျသွားကြသည်။

ယင်းက အမွေအနှစ်ရွှမ်အဆင့် ကျင့်ကြံသူများ၏ ရှိန်လောက်ဖွယ်ကောင်းသော စွမ်းရည်ဖြစ်သည်။ သွေးချီရွှမ်အဆင့်၏ အထက်အဆင့်များမှ ကျင့်ကြံသူများသည် သဏ္ဍာန်မဲ့စွမ်းအားကို ပိုင်ဆိုင်နိုင်ကြသည်။ ထိုသဏ္ဍာန်မဲ့စွမ်းအားကို အဆင့်နိမ့်ကျင့်ကြံသူများက မမြင်နိုင်ကြချေ။

ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို ခုခံကာကွယ်နိုင်ပေသည်။ သို့သော်လည်း သဏ္ဍာန်မဲ့စွမ်းအားကို သူတို့က မည်သို့ခုခံကာကွယ်နိုင်မည်နည်း။

“ အကြီးအကဲ… ကျုပ်တို့က ပွဲကြည့်ရုံသက်သက် ရောက်လာကြတာပါ… ကျုပ်တို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၊ ကောင်းကင်စံအိမ်တာအိုဂိတ်နဲ့ ဘာမှမသက်ဆိုင်ပါဘူး ”

မြေကြီးပေါ်မှာ လဲကျနေသော ကျင့်ကြံသူတစ်ယောက်က ငိုကြွေးပြီး အော်ပြောသည်။

“ ဟုတ်ပါတယ်… ကျုပ်တို့က ပွဲကြည့်ရုံသက်သက် ရောက်လာကြတာပါ… ကျုပ်တို့မှာ အစစ်အမှန်တာအိုဂိုဏ်းကို ဆန့်ကျင်ချင်တဲ့အတွေး မရှိပါဘူး ”

တခြားတစ်ယောက်က အသနားခံသည်။

သူတို့မှာ ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာမရှိတော့ပေ။ ယခု သူတို့အတွက် အရေးကြီးဆုံးက သူတို့၏ အသက်ဖြစ်သည်။

“ ဘန်း ”

ရွှေရောင်အလင်းက ဤနေရာမှာ ပေါ်လျှိုးလာပြီး အချင်းမိုင်တစ်ရာဧရိယာကို ဖုံးလွှမ်းသွားသည်။

ရွှေချပ်ဝတ်စစ်သည်တော်နှစ်ထောင်သည် လက်နက်များ ကိုင်ဆွဲထားလျက် အရပ်ရှစ်မျက်နှာမှ ထွက်ပေါ်လာကြသည်။ သူတို့က အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများကို ဝိုင်းရံလိုက်ကြသည်။

သွေးချီရွှမ်အဆင့် ကျင့်ကြံသူ(၁၃)ယောက်ထံမှ ဖိအားက ရွှေချပ်ဝတ်စစ်သည်တော်များ၏ တိုက်ပွဲစွမ်းအားနှင့် ပေါင်းစပ်သွားသည်။ ယင်းက မိုးမြေကြားတွင် အလွန်အားကောင်းသော လွှမ်းမိုးဖိနှိပ်မှုစွမ်းအားကို ဖြစ်ပေါ်စေသည်။

“ ရှောက်ထင်… မင်းက ငါတို့ အစစ်အမှန်တာအိုဂိုဏ်းရဲ့ အင်အားအတိမ်အနက်ကို စမ်းသပ်ချင်နေတာမလား… ကောလဟာလတွေအရ ငါတို့ဂိုဏ်းက ရှေးခေတ်ကနေ ပြန်နိုးထလာတဲ့ မိစ္ဆာတစ်ကောင်ကြောင့် ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးသွားခဲ့တယ်… အဲ့ဒါကြောင့် မင်းက ဒီနေ့လို ပုန်ကန်ရဲတာပဲ ”

အကြီးအကဲကွမ်ချင်းက တည်ငြိမ်စွာ ပြောရင်း အရှေ့သို့ လျှောက်လာသည်။

“ မင်းက ငါတို့ကို စမ်းသပ်ချင်နေမှတော့ အဲ့ဒီအတွက် တန်ကြေးတစ်ခု ပြန်ပေးဆပ်ရမယ် ”

သူ၏ စကားဆုံးသွားသည့်အခါ သတ်ဖြတ်ခြင်းအရှိန်အဝါက အကြီးအကဲကွမ်ချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သွေးချီရွှမ်အဆင့် ကျင့်ကြံသူ(၁၃)ယောက်သည်လည်း သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။

အရှိန်အဝါအားလုံးက တစ်ခုတည်း ပေါင်းစည်းသွားသည့်အခါ မီတာတစ်ရာရှည်လျားသော အနက်ရောင်ကျားပုံရိပ်တစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။

ထိုအနက်ရောင်ကျား ထွက်ပေါ်လာသည့်အခိုက် မြေပြင်ပေါ်မှ ကျင့်ကြံသူများ အထူးသဖြင့် ပြန်လည်မွေးဖွားခြင်း သတ္တမအလွှာအောက်မှ ကျင့်ကြံသူများက ခန္ဓာကိုယ်တုန်ယင်သွားကြပြီး မြေကြီးပေါ်သို့ ဒူးထောက်ကျသွားကြသည်။

ယင်းက အမွေအနှစ်ရွှမ်အဆင့် အစွမ်းထက်ကျင့်ကြံသူထံမှ အစွမ်းထက်ဖိအား ဖြစ်သည်။ အလုံအလောက် မသန်မာသော ကျင့်ကြံသူများက ထိုဖိအားအောက်မှာ ဝိညာဉ်စွမ်းအားနှင့် ရုပ်ခွန်အားကို ဆုံးရှုံးသွားကြလိမ့်မည်။

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေး… ခင်ဗျားက အစစ်အမှန်တာအိုဂိုဏ်းနဲ့ ကစားချင်တာ မဟုတ်ဘူးလား… ဘာလို့ မလှုပ်ရှားသေးတာလဲ ”

တာအိုပညာရှင်ရှောက်ထင်က အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။ ထို့နောက် အစိမ်းရောင်အလင်းလွှာတစ်ခုက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး ကောင်းကင်စံအိမ်တာအိုဂိတ်၏ ဂိတ်တံခါးကို ကာကွယ်ပေးလိုက်သည်။

ထို့နောက် သူက ဟန်မူယဲ့၏ ဦးတည်ရာဆီသို့ စိုက်ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ လူတိုင်း၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည်။ သူတို့၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင်တစ်စွန်းတစ်စ ရှိသည်။

အကယ်၍ ယနေ့ ဟန်မူယဲ့က အစစ်အမှန်တာအိုဂိုဏ်း၏ ဝိုင်းရံတိုက်ခိုက်မှုကို မချိုးဖြတ်နိုင်လျှင် သူတို့အားလုံး ဤနေရာမှာ သေဆုံးသွားကြလိမ့်မည်။

ယနေ့ မင်္ဂလာပွဲကို လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူများသည် ယခု နောင်တရသွားကြသည်။ အစစ်အမှန်တာအိုဂိုဏ်းက ထိုမျှရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။ သူတို့က အပြစ်မဲ့သော လူများကိုပင် အသက်ချမ်းသာမပေးချင်ပေ။

ယနေ့ သင်ခန်းစာက သူတို့အတွက် လက်ခံရန် အလွန်ခါးသီးသည်။

“ အစစ်အမှန်တာအိုဂိုဏ်းနဲ့ ကစားတယ်လား ”

ဟန်မူယဲ့က တာအိုပညာရှင်ရှောက်ထင်ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာက အေးဆေးတည်ငြိမ်သည်။

“ အစစ်အမှန်တာအိုဂိုဏ်းနဲ့ တကယ်ယှဉ်ပြိုင်ချင်တဲ့လူက ခင်ဗျားမဟုတ်ဘူးလား တာအိုရောင်းရင်း… ဘာပဲပြောပြော ခင်ဗျားက မိစ္ဆာကျင့်ကြံခြင်းကို မဟာအောင်မြင်ခြင်းအဆင့်ထိ ကျင့်ကြံထားပြီးပြီပဲ ”

မိစ္ဆာကျင့်ကြံခြင်း… ။

မဟာအောင်မြင်ခြင်းအဆင့်… ။

ဟန်မူယဲ့ထံမှ စကားက အစစ်အမှန်တာအိုဂိုဏ်း၏ အကြီးအကဲကွမ်ချင်းကို အံ့ဩသွားစေသည်။ ထို့နောက် အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အနီးနားမှ ကျင့်ကြံသူများသည်လည်း အံ့ဩသွားကြသည်။ သူတို့က ခေါင်းလှည့်လိုက်ကြပြီး တာအိုပညာရှင်ရှောက်ထင်ကို ကြည့်လိုက်ကြသည်။

ကောင်းကင်စံအိမ်တာအိုဂိတ်မှ တပည့်များနှင့် ပေါင်ယွင်ကျန်းသည်လည်း တာအိုပညာရှင်ရှောက်ထင်ကို ကြည့်လိုက်ကြသည်။

ပေါင်ယွင်ကျန်းနှင့် တခြားလူများ၏ အမူအရာမှာ အံ့ဩသော အရိပ်အယောင်မရှိပေ။ ယင်းအစား သူတို့က တည်ငြိမ်နေကြသည်။

တာအိုပညာရှင်ရှောက်ထင်က မျက်နှာသုန်မှုန်သွားသည်။

ထို့နောက် သူက ဘေးပတ်ဝန်းကျင်မှ တပည့်များကို ကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

သူ့ထံမှ ထုတ်လွှတ်နေသော ဝိညာဉ်စွမ်းအားက မိစ္ဆာဆန်သော အနက်ရောင်အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်။

“ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း… ”

တာအိုပညာရှင်ဟူယုက ထိုမိစ္ဆာချီကို မြင်သွားသောအခါ အလန့်တကြား အော်ပြောလိုက်သည်။

ခန္ဓာကိုယ်သိမ်းပိုက်ခြင်းသည် ကျင့်ကြံခြင်းလောကတွင် ရှားပါးဖြစ်စဉ်မဟုတ်ပေ။ မိစ္ဆာလမ်းစဉ်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က တာအိုပညာရှင်ရှောက်ထင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သိမ်းပိုက်ကာ သူ၏ မှတ်ဉာဏ်များကို ဝါးမျိုထားခြင်း ဖြစ်သည်။

ထိုသို့နည်းလမ်းက ရှေးဟောင်းပုဂ္ဂိုလ်၏ ဝိညာဉ်စွမ်းအားကို အဆုံးစွန်ထိ ထိန်းသိမ်းပေးနိုင်ပြီး သူ့အား အသန်မာဆုံး တိုက်ပွဲစွမ်းအားကို အပ်နှင်းပေးနိုင်သည်။

“ ပိုင်ယွင်ကျန်း… မင်း အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနဲ့ မဟာမိတ်လက်ထပ်ပွဲကျင်းပတာ ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ဖော်ထုတ်ချင်လို့ မဟုတ်လား ”

တာအိုပညာရှင်ရှောက်ထင်က ခေါင်းလှည့်လိုက်ပြီး ပိုင်ယွင်ကျန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ မင်းခေါ်လာတဲ့ လူတွေကို ကြည့်စမ်းပါ… သူတို့က ကောင်းကင်စံအိမ်တာအိုဂိတ်ကို တကယ်ကူညီပေးချင်တာလို့ မင်းထင်လား ”

တာအိုပညာရှင်ရှောက်ထင်က မိစ္ဆာချီကို ထုတ်လွှတ်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ တပည့်များကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးက မီးဟုန်းဟုန်းတောက်နေသည်။

“ ကောင်းကင်စံအိမ်တာအိုဂိတ်က တပည့်တွေ နားထောင်ကြ… မင်းတို့တွေ ငါ့ရဲ့ လက်အောက်ကို ခိုလှုံတာ ပိုကောင်းလိမ့်မယ်… မင်းတို့တွေ မိစ္ဆာခန္ဓာကိုယ်ကို ပြောင်းလဲကျင့်ကြံမယ်ဆိုရင် အသက်ချမ်းသာခွင့်ရကြလိမ့်မယ် ”

သူက စကားပြောနေရင်း သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ မီးခိုးရောင်မိစ္ဆာချီက ကောင်းကင်စံအိမ်တာအိုဂိတ်၏ အချင်းမိုင်တစ်ရာဧရိယာကို ဖုံးလွှမ်းသွားသည်။

“ မခုခံနဲ့… ငါ့လက်အောက်မှာ အသန်မာဆုံး မိစ္ဆာစစ်သည်တော်တွေ ဖြစ်လာတာက မင်းတို့အတွက် ဂုဏ်ယူစရာပဲ ”

မိစ္ဆာစစ်သည်တော်တွေ… ။

တာအိုပညာရှင်ရှောက်ထင်သည် အစွမ်းထက် မိစ္ဆာတစ်ကောင်၏ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းခံထားရသည်။

ထို့ပြင် ယခု သူက ဂိုဏ်းထဲမှ သူ၏ တပည့်များကို မိစ္ဆာစစ်သည်တော်များအဖြစ် တိုက်ရိုက် သန့်စင်ပစ်ရန် ဆောင်ရွက်နေသည်။ သူက ထိုတပည့်များအတွက် မည်သည့်သနားစိတ်မှ မခံစားရပေ။

သူ၏ အရှေ့တွင် အစစ်အမှန်တာအိုဂိုဏ်းမှ အကြီးအကဲကွမ်ချင်းက မျက်နှာတည်ကြည်သွားပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

ဤမဟာမိတ်မင်္ဂလာပွဲက ရှေးဟောင်းမိစ္ဆာကျင့်ကြံသူကို ဖော်ထုတ်ရန်နှင့် သူ့အား ဝိုင်းရံသတ်ဖြတ်ရန် ကောင်းကင်စံအိမ်တာအိုဂိတ်မှ တပည့်တချို့ ကြံစည်ထားသော အစီအစဉ်ဖြစ်ကြောင်း သူသိလိုက်သည်။

သို့သော်လည်း မည်သို့ကြောင့် သူက ကောင်းကင်စံအိမ်တာအိုဂိတ်မှ တပည့်များအတွက် အစွမ်းထက် မိစ္ဆာတစ်ကောင်ကို တိုက်ခိုက်ပေးရမည်နည်း။

“ ယုယု ”

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အရှေ့မှာ ရပ်နေသော ဝူမင်ကြွယ်သည် သူ့သတိုးသမီးလောင်းကို မိစ္ဆာချီက ဖုံးလွှမ်းသွားကြောင်း မြင်သောအခါ အလန့်တကြား အော်လိုက်သည်။ သူက အရှေ့သို့ အမြန်ပြေးသွားသည်။

“ စီနီယာအကိုကြီး… အဲ့ဒီကိုသွားရင် မင်းသေလိမ့်မယ် ”

ကျန်းဟဲနှင့် တခြားလူများက ဝူမင်ကြွယ်ကို ဆွဲထားလိုက်ကြသည်။ သို့သော်လည်း သူတို့က ဝူမင်ကြွယ်ကို မတားဆီးနိုင်ကြပေ။

တာအိုပညာရှင်ဟူယုက မျက်နှာသုန်မှုန်သွားသည်။

ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး သူ့အရှေ့မှ တောင်ကို မော့ကြည့်လိုက်သည်။

“ ကျောက်စိမ်းမှော်အဆောင်စံအိမ်က မှော်အဆောင်သခင်တွေ… အဲ့ဒီမိစ္ဆာကျင့်ကြံသူက ခင်ဗျားတို့ လိုက်ဖမ်းနေတဲ့ ဖုန်းယွမ်မိစ္ဆာဘိုးဘေး ဟုတ်တယ်မလား ”

“ အခု သူထွက်ပေါ်လာပြီ… ခင်ဗျားတို့က ဘာလို့ မလှုပ်ရှားသေးတာလဲ ”

ကျောက်စိမ်းမှော်အဆောင်စံအိမ်… ။

ဟန်မူယဲ့၏ စကားဆုံးသွားသည့်အခါ ကျောက်စိမ်းမှော်အဆောင်များက ကောင်းကင်နှင့် မြေပြင်ကြားမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ကောင်းကင်ကို ချိပ်ပိတ်ထားသော မီးခိုးရောင်အလင်းတိုင်များကို အက်ကွဲသွားစေပြီး ကောင်းကင်စံအိမ်တာအိုဂိတ်၏ ဂိတ်တံခါးဆီသို့ ပျံသန်းသွားကြသည်။

ကျောက်စိမ်းမှော်အဆောင်များက လေထဲမှာ သံကြိုးများအဖြစ် ပြောင်းလဲသွားကြပြီး မိစ္ဆာချီကို ဖိနှိပ်လိုက်ကြသည်။ ထို့နောက် သံကြိုးများက တာအိုပညာရှင်ရှောက်ထင်ကို ရစ်ပတ်လိုက်ကြသည်။

“ ဘန်း ”

သံကြိုးအထပ်ထပ်က တာအိုပညာရှင်ရှောက်ထင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူ့ကို အကျဉ်းချလိုက်ကြသည်။

လေထဲတွင် တာအိုဝတ်စုံရှည် ဝတ်ဆင်ထားကြသော မှော်အဆောင်သခင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ မှော်အဆောင်များက သူတို့တစ်ယောက်စီ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ လှည့်ပတ်နေကြသည်။

“ ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းဟန် ”

အရှေ့ဆုံးမှ ဦးဆောင်လာသော မှော်အဆောင်သခင်က ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး ပြောသည်။ ထို့နောက် သူက အစစ်အမှန်တာအိုဂိုဏ်းမှ အကြီးအကဲကွမ်ချင်းကို ကြည့်လိုက်သည်။

“ အစစ်အမှန်တာအိုဂိုဏ်းက ဒီနယ်တစ်ဝိုက်မှာ နာမည်ကျော်ကြားတယ်… ဒါပေမဲ့ သူတို့က အမြင်ကျဉ်းလွန်းတယ် ”

All Chapters