လျှပ်စီးမိုးကြိုးများ
Vol. 1-5 Ch. 62
အခန်း (၆၂) : လျှပ်စီးမိုးကြိုးများ
ဖြူး…
လေပြင်းများ တိုက်ခတ်နေလျက် အဆုံးမဲ့ဝိညာဉ်ဥယျာဉ် အပေါ်တည့်တည့်၌ တိမ်စိုင်တိမ်မည်းများ ဖြစ်တည်နေသည်။
နေဝင်ဆည်းဆာချိန်ကို ကျော်လွန်သွားပြီ ဖြစ်လေရာ ကောင်းကင်ကြီးမှာ မည်းမှောင်နေလေပြီ။
တိမ်စိုင်တိမ်မည်းတွေ ဖြစ်တည်လာပြီးသည့်နောက် အရာအားလုံးဟာလည်း ပိုပြီး မည်းမှောင်သွားလေတော့သည်။ မကြာမီ အမှောင်ထုကြီးက ကမ္ဘာမြေပြင်ကို ဖုံးလွှမ်းသွားကာ အလင်းရောင် တစိုးတစိမျှ မကျန်အောင် လုယူသွားလျက် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ ပတ်ပတ်လည် မိုင်ရာကျော် ဝန်းကျင်အတွင်း မှိုင်းမှိုင်းထိုင်းထိုင်းနှင့် ဝမ်းနည်းညှိုးငယ်စေသော အခြေအနေတစ်ရပ်ကို ဖြစ်တည်လာစေသည်။
အားလုံးသော နတ်ဆိုးများမှာလည်း အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ဆီမှ အစပျိုး ထွက်ပေါ်နေသည့် အထွတ်အထိပ်ဖိအားတစ်ခုကို အာရုံခံမိသဖြင့် ကြောက်ဒူးတုန်နေကြသည်။ တောင်တန်းများက အော်မြည်နေကာ မိုးမြင့်သစ်ပင်များက ယိမ်းယိုင်နေကြသည်။ သစ်ပင်မြက်ပင်များကလည်း လှိုင်းလုံးများပမာ လေယူရာ ယိမ်းနွဲ့ကခုန်နေကြလေသည်။
လေတိုက်သံသည်ကား တစ်လောကလုံးအား တုန်ခါသွားစေမည့် နဂါးတစ်ကောင်၊ ကျားတစ်ကောင်၏ ဟိန်းအော်သံကြီးအလား မြည်ဟည်းနေလေ၏။
ထို့နောက် ကောင်းကင်ကြီးက တစ်ဖန်ထပ်မံ ပြောင်းလဲသွားပြန်သည်။ မိုးခြိမ်းသံကြီး တစ်ချက်က သိမ့်သိမ့်တုန်အောင် မြည်ဟည်းသွားလျက် ကောင်းကင်ယံထက်၌ အလင်းတန်းတစ်ခု ပြန်လည် ထွက်ပေါ်လာသည်။
ငွေရောင်လျှပ်စီးကြောင်းသည် တိမ်စိုင်တိမ်မည်းတွေကြား ဖြတ်ကျော်လာသည့် နဂါးတစ်ကောင်နှင့် တူနေသည်။ လျှပ်စီးကြောင်းက အနီးဝန်းကျင်ရှိ တိမ်မည်းများနှင့် အမှောင်ထုကြီးကို စုတ်ဖြဲပစ်လိုက်သည်။ ၎င်းသည်ကား အလှပဆုံး အလင်းရောင်ရှိသည့် ကမ္ဘာမြေပေါ်မှ အတောက်ပဆုံးအရာ ပင်တည်း။
လျှပ်စီးလက်တာကို မြင်ပြီးသည့်နောက် မိုးခြိမ်းသံကို ထပ်မံ ကြားလိုက်ရပြန်သည်။
ဂျိမ်း…
မိုးခြိမ်းသံကြီးက ကျယ်လောင်လွန်းသဖြင့် လူတိုင်းက သူတို့နားနားလေးမှာများ မိုးကြိုးပစ်လိုက်လေသလားဟု အောက်မေ့မိလိုက်ကြသည်။
ထို့နောက်တွင်ကား ကောင်းကင်ထဲတွင် နောက်ထပ် နောက်ထပ်သော မိုးကြိုးလျှပ်စီးကြောင်းများ ဖွဲ့စည်းဖြစ်တည်လာကာ သူတို့၏ ပုံသဏ္ဍာန်များကလည်း အလွန်လျင်မြန်စွာ ပြောင်းလဲနေလေသည်။
ဤမိုးကြိုးလျှပ်စီးကြောင်း ထောင်ချီကျော်က အတူတကွ စုစည်းသွားကာ ပိုမို ကြီးမားသော ငွေရောင်ကွန်ရက်ကြီး တစ်ခုကို ဖွဲ့စည်းဖြစ်ပေါ်စေလိုက်၏။
ခဏကြာပြီးနောက် ငွေရောင်လျှပ်စီးကြောင်းကနေ ကျားဖြူတစ်ကောင် ဖြစ်ပေါ်လာသည်။
တိမ်စိုင်တိမ်တိုက်၏ တခြားတစ်ဖက်တွင်ကား စိမ်းပြာရောင် မိုးကြိုးလျှပ်စီးကြောင်း တစ်ခုကလည်း တိမ်များကို တိုက်ဖျက်နေလေ၏။ စိမ်းပြာရောင် လျှပ်စီးကြောင်းက နဂါးတစ်ကောင်လိုမျိုး ဟိုဘက်မှ သည်ဘက်သို့ အားမာန်အပြည့်ဖြင့် ရွေ့လျားနေလေသည်။
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ ကောင်းကင်ယံထက်တွင် ကျားနှင့် နဂါးပါ ပေါ်လာလေပြီ။ ကြည့်ရသည်မှာ သူတို့နှစ်ကောင်သား မကြာမီ တစ်ကောင်နှင့်တစ်ကောင် ဝင်တိုက်မိတော့မည့်ပုံစံ ပေါက်နေ၏။
.....................
ထူးဆန်းသည့် ဖြစ်ရပ်က လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။
သူဌေးစုန့်က သူလုပ်နေသည့် လုပ်လက်စကို ရပ်လိုက်၏။
ရှန်ထျန်းတစ်ယောက် ပြတင်းပေါက်နားမှာ ငြိမ်ငြိမ်လေး ရပ်နေသည်ကို ကျန်းယွင်ရှီး မြင်သွားသည်။
သူက မလှုပ်မယှက် မတ်တပ်ရပ်နေရင်း မိုးကြိုးလျှပ်စီးများကို တည်ငြိမ်စွာ ကြည့်နေစဉ် သူ့ဝတ်ရုံဖြူက လေပြင်းများကြောင့် တဖျတ်ဖျတ် လွင့်ခါနေလေသည်။
တစ်ခဏစာလောက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ သူတော်စင်မလေးမှာ အံ့အားသင့်မှင်သက်သွားရသည်။
ကျန်းယွင်ရှီးက သူမ ရှန်ထျန်းအပေါ် အမှားပြုမိပြီဟု ခံစားလိုက်ရသည်။
ဒီလောက် ချောမောကြည့်ကောင်းတဲ့ သူတစ်ယောက်က ဘယ်လိုလုပ် လူလိမ် ဖြစ်နိုင်မှာလဲ…
တစ်ချိန်တည်းမှာ ကျန်းယွင်ရှီးက အဆက်မပြတ် ပြောင်းလဲနေသည့် မိုးကြိုးလျှပ်စီးကြောင်းများနှင့် ပင့်ကူသတ္တုရိုင်းတုံးကို ကြည့်လိုက်သည်။ သူတို့နှစ်ခုကြားတွင် ဆက်နွယ်မှု တစ်စုံတစ်ရာ ရှိကိုရှိရမည်ဟု သူမ ယုံကြည်သည်။
ကျန်းယွင်ရှီးက သူမ၏ အတွေးမှာ ရယ်စရာကောင်းသည်ဟုပင် ထင်မိသည်။ သတ္တုရိုင်းတုံး တစ်တုံးကများ ဘယ်လိုလုပ်ပြီး ရာသီဥတုအခြေအနေအပေါ် သက်ရောက်လွှမ်းခြုံနိုင်မှာလဲပေါ့။ သို့ပေသည့် သူမက သူမ၏ ဆဌမအာရုံကို လျစ်လျူရှုမပစ်နိုင်ချေ။
ကျန်းယွင်ရှီးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ ရှန်ထျန်းဆီသို့ လျှောက်သွားလိုက်သည်။
“လူကြီးမင်းရှန်… သူဌေးစုန့်က ပင့်ကူသတ္တုရိုင်းတုံးကို ဖြတ်လို့ ပြီးတော့မယ်။ ရှင် ဘာလို့ မကြည့်ဘဲ နေနေတာလဲ”
ရှန်ထျန်းက ပြုံးကာ ပင့်ကူသတ္တုရိုင်းတုံးကို ဖြတ်နေသည့် သူဌေးစုန့်အား တစ်ချက် ကြည့်လိုက်၏။
“ဒီသတ္တုရိုင်းတုံးကို ရွေးချယ်လိုက်တဲ့ အချိန်ကတည်းက ရလဒ်ကို ကျွန်တော် သိနှင့်ပြီးပါပြီဗျာ” တည်ငြိမ်စွာဖြင့် သူ ပြောလိုက်သည်။
ထို့နောက် ရှန်ထျန်းက ကောင်းကင်ထက်ရှိ စိမ်းပြာရောင် မိုးကြိုးနဂါးနှင့် ငွေရောင် မိုးကြိုးကျားတို့အား လက်ညိုးထိုး ညွှန်ပြလိုက်သည်။
သူက ပြုံးပြီး ပြောပြလိုက်၏ “နတ်မိမယ်ကျန်း… ဟိုမှာ ကြည့်ပါဦး။ အခုဆိုရင် မိုးကြိုးနဂါးနဲ့ မိုးကြိုးကျားတို့က ရောထွေးသွားပြီ”
အမှန်ပင်… ကောင်းကင်ထက်၌ မိုးကြိုးသားရဲများက အချင်းချင်း ရစ်ပတ်ရောထွေးသွားလေပြီ။ ထိုသားရဲနှစ်ကောင် ဆက်လက် ရစ်ပတ်လိုက်သောအခါ အသစ်စက်စက် ရွှေရောင် မိုးကုတ်စက်ဝန်းပိုင်းပုံ လျှပ်စီးကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ရွှေရောင်လျှပ်စီးကြောင်းသည် တိမ်မည်းများထဲတွင် သိသိသာသာ ကွဲထွက်နေလျက် ကြည့်ရသည်မှာ အင်မတန် ကျက်သရေရှိကာ ခမ်းနားထည်ဝါနေ၏။
ထပ်တလဲလဲ ဖြစ်ပေါ်နေသည့် ရွှေရောင်လျှပ်စီးကြောင်းကြောင့် မည်းမှောင်နေသော ကောင်းကင်ကြီးမှာ စုတ်ဖြဲခံလိုက်ရလေသည်။ စိမ်းပြာရောင်နှင့် ငွေရောင် မိုးကြိုးလျှပ်စီးတို့က အဆက်မပြတ် ရောထွေးရစ်ပတ်နေကာ နောက်ထပ် နောက်ထပ်သော ရွှေရောင်မိုးကြိုးစက်ဝန်းပိုင်းများကို ဖြစ်ပေါ်နေစေသည်။ တဖြည်းဖြည်းနှင့် လျှပ်စီးကြောင်းအားလုံး ရွှေရောင် ဖြစ်သွားလေတော့သည်။
အဆုံး၌ ကောင်းကင်ယံထက်တွင် ရွှေရောင် ထိုက်ချီအင်းကွက် ရုပ်ပုံတစ်ခု ဖြစ်တည်လာလေ၏။ အင်းကွက်ထဲ၌ ရွှေရောင် လျှပ်စီးစက်ဝန်းပိုင်းများက ခုန်ပေါက်ရွေ့လျားနေကြသည်။
ကမ္ဘာမြေပြင်ပေါ်သို့ အလင်းပေးနေသည့် နေမင်းကြီးအလား ညနက်ကောင်းကင်ထက်တွင် ဤအင်းကွက်က ငွားငွားစွင့်စွင့် ထွန်းလင်းတောက်ပနေသည်။ သည်ဟာက အမှောင်ထုကြီးအား မောင်းထုတ်ပစ်ကာ မိစ္ဆာများအား သန့်စင်ချေမှုန်းပစ်လိုက်သည်။
လူတိုင်းက ကောင်းကင်ကြီးကို ငမ်းမော့ကြည့်လျက် ထိုက်ချီအင်းကွက်အား တအံ့တသြ ရှုစားနေကြ၏။
ကြီးကြီးမားမား ကိစ္စကြီး တစ်စုံတစ်ရာ ဖြစ်ပွားတော့မည်မှန်း သူတို့ သိသည်။
အရမ်း အရမ်းကို ကြီးမားတဲ့ တစ်စုံတစ်ရာပေါ့…
ရုတ်ချည်းဆိုသလို အင်းကွက်ထဲကနေ ရွှေရောင်လျှပ်စီးကြောင်း တစ်ကြောင်းက ထခုန်ကာ မြေပြင်ပေါ်သို့ မိုးကြိုးပစ်လိုက်လေသည်။
သူ့အလင်းမှာ မျက်စိကျိန်းမတတ်ဖြစ်ကာ သူ့အလျင်မှာလည်း အင်မတန် မြန်လှ၏။
ဂျိမ်း…
ဝုန်း…
မိုးကြိုးက ကောင်းကင်ဝိညာဉ်ပြခန်းပေါ်သို့ ကျရောက်သွားကာ ပြခန်း၏ ခေါင်မိုးပေါ်တွင် ဟောင်းလောင်းပေါက်ကြီးတစ်ခု ဖြစ်သွားစေပြီးနောက် ပင့်ကူသတ္တုရိုင်းတုံးဆီသို့ တန်းတန်းမတ်မတ် ပစ်မှန်သွားလေတော့သည်။
သတ္တုရိုင်းတုံးပေါ်တွင် မိုးကြိုးလျှပ်စီးများ စီးဆင်းရစ်ပတ်သွားကာ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ အလင်းတန်းမှာ တောက်ပလွန်းသဖြင့် ကောင်းကင်ဝိညာဉ်ပြခန်းထဲတွင် ရှိနေသူတိုင်း မျက်လုံးမှိတ်လိုက်ကြရ၏။
ရုတ်တရက် သူ့ဆီသို့ တရှိန်ထိုး ဝင်ရောက်လာသည့် စွမ်းအားကို ရှန်ထျန်း ခံစားမိလိုက်သည်။ ထို့နောက် ထိုစွမ်းအားက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းပျံ့နှံ့သွားသည်။ ခန္ဓာကိုယ်မှာ အနည်းငယ် ထုံကျဉ်သွားသော်လည်း ဒီခံစားချက်ကို သူ ကြိုက်မိသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ အလင်းက မှေးမှိန်သွားလေ၏။
အားလုံးက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် ပင့်ကူသတ္တုရိုင်းတုံးအား ကြည့်လိုက်ကြသည်။
သို့သော် သတ္တုရိုင်းတုံးအား ဘယ်နေရာမှာမှ ရှာမတွေ့တော့ပေ။ အကြောင်းမှာ ယခု သူ့နေရာတွင် ကျောက်စိမ်းဆွဲပြား နှစ်ခုအား ရစ်ခြုံသိုင်းဖွဲ့ထားသည့် ရွှေရောင်အလင်းလုံး တစ်လုံးက အစားထိုး တည်ရှိနေသောကြောင့်ပေတည်း။ မီးခိုးရောင်သန်းနေသည့် ကျောက်စိမ်းဆွဲပြား နှစ်ခုအနက် တစ်ခုမှာ စိမ်းပြာရောင်ဖြစ်ကာ ဆွဲပြားပေါ်တွင် နဂါးစိမ်းတစ်ကောင်ကို ထွင်းထုထားသည်။ တခြားတစ်ခုမှာကား အဖြူရောင်ဖြစ်ကာ သူ့ပေါ်တွင်လည်း ကျားဖြူတစ်ကောင်ကို ထွင်းထုထားလေသည်။
ကျောက်စိမ်းဆွဲပြားနှစ်ခုမှာ ထိုက်ချီအင်းကွက်ထဲမှ ယင်ယန်စက်ဝိုင်းအလား တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေ၏။
နဂါးစိမ်းဆွဲပြားကို စိမ်းပြာရောင် လျှပ်စီးတို့က ဝန်းရံနေလျက် ကျားဖြူဆွဲပြားကိုကား ငွေရောင်လျှပ်စီးတို့က ဝန်းရံထားသည်။
ဆွဲပြားများက လေထဲတွင် လည်နေကာ ကျန်နေသေးသော ရွှေရောင်လျှပ်စီးများကို စုပ်ယူနေသည်။
ထိုဆွဲပြားများအား သူတို့၏ ဖန်ဆင်းရှင်များအလား အားလုံးက ရိုသေလေးစားမှုအပြည့်နှင့် ကြည့်လိုက်ကြသည်။
သူဌေးစုန့်သည်ကား သူ့ကိရိယာများကို ကိုင်လျက်တန်းလန်းကြီး ကျောက်စိမ်းဆွဲပြားများ ဘေးတွင် လဲကျနေလေ၏။ သူ့တစ်မျက်နှာလုံးမှာ မီးခိုးမည်းတွေ ပေကျံနေသည်။ ဆံပင်များလည်း ထောင်နေလျက် သူ့ခန္ဓာကိုယ်ဆီမှ မီးခိုးများ အလုံးလိုက် အရင်းလိုက် ထွက်နေသည်။
မှန်၏။ သတ္တုရိုင်းတုံးအား မိုးကြိုးပစ်လိုက်စဉ်က သူဌေးစုန့်သည် သတ္တုရိုင်းတုံးကို လှီးဖြတ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် မိုးကြိုးဒဏ် အပြည့်အဝကို သူ့ခမျာ ခံလိုက်ရရှာသည်။ ထိုအရာမှာ သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မခံစားဖူးသည့် အလွန်တရာ မချိမဆံ့အောင် ခံစားရသော နာကျင်မှုမျိုး ဖြစ်သည်။
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းပင်လျှင် ထိုမြင်ကွင်းကို မြင်ကာ ကြောက်လန့်သွားရသည်။
ကျန်းယွင်ရှီးက ဆွဲပြားများကို မျက်နှာသေဖြင့် စိုက်ကြည့်လျက် ထုံးစံအတိုင်း မူမပျက် ခပ်ချေချေ နေနေသေးသော်လည်း သူမကိုယ်လေးမှာမူ ထိန်းမနိုင်သိမ်းမနိုင် တုန်ရီနေလေသည်။ သူမနှုတ်ခမ်းများမှာလည်း ခြောက်သွေ့နေလေ၏။
သူမ… အံ့သြမှင်သက် နေမိသည်။
ဒါ… ဒါက ဒဏ္ဍာရီလာ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြား မလား…
ထိုသို့တွေးမိသောအခါ သူမမှာ မူးမေ့လဲတော့မတတ်တောင် ဖြစ်သွားရသည်။
ဝမ်းသာအံ့သြမိသည်။ သူမ အရမ်းကို ဝမ်းသာအံ့သြမိသွားသည်။
ဤဆွဲပြားအစုံလေးက ကျန်းယွင်ရှီးအတွက်၊ သို့မဟုတ် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ဘယ်လောက် အဖိုးတန် အရေးပါသလဲဆိုတာ မည်သူမျှ မသိချေ။
ဤအရာလေးများသည်ကား အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်တည်း။