အခန်း (၁၅၈)
Vol. 16 Ch. 158
"အရှေ့ပိုင်းဒေသက ကျင့်ကြံသူလား..."
နန်ကုန်းမိသားစုမှ အဆင့်မြင့်အဖွဲ့ဝင်များသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သူတို့၏အမြင်အရ အရှေ့ပိုင်းဒေသသည် ဆင်းရဲမွဲတေမှုနှင့်နောက်ကျကျန်ရစ်မှု၏ ပြယုဂ်တစ်ခုသာဖြစ်သည်။
"အမှိုက်ပုံလိုနေရာမျိုးက လူတစ်ယောက်က ငါတို့ နန်ကုန်းမိသားစုကို ပစ်မှတ်ထားရဲတယ်ပေါ့... ငါတို့ နန်ကုန်းမိသားစုမှာ လူမရှိဘူးလို့ ထင်နေတာလား..."
"မိသားစုခေါင်းဆောင်... ခဏလောက် စောင့်ပါအုံး... ဒီကောင်ကို ကျွန်တော် ရှင်းပစ်လိုက်မယ်... ပြီးရင် သူ့ရဲ့အလောင်းကို အိမ်ဝင်ပေါက်မှာ ချိတ်ဆွဲထားလိုက်မယ်... ဒါမှ အရေးမပါတဲ့အသေးအမွှားကောင်တွေကို ကောင်းကောင်းကြီး ဟန့်တားနိုင်လိမ့်မယ်..."
"ငါတို့ နန်ကုန်းမိသားစုက ဘယ်သူမဆို လာပြီး သောင်းကျန်းလို့ရတဲ့နေရာ မဟုတ်ဘူးဆိုတာ ဒီလောကကြီးတစ်ခုလုံး သိသွားစေရမယ်..."
တတိယအကြီးအကဲက သတ်ဖြတ်လိုစိတ်များဖြင့် ပြောဆိုသည်။
သူသည် အင်အားကြီးသူကို ကြောက်ရွံပြီး အားနည်းသူကို နိုင်စားတတ်သော လူစားမျိုးကို ပြီးပြည့်စုံစွာ သရုပ်ပြလိုက်ခြင်းပင်။
သူသည် ကျုံးချင်ကို အားနည်းသူတစ်ဦးဟု အထင်မှားနေခြင်းဖြစ်ကြောင်း သိသာထင်ရှားပေ၏။
နန်ကုန်းရှန်ထျန်းသည် မည်သည့်စကားမျှမပြောဘဲ နေလိုက်ရာ ထိုလုပ်ရပ်ကို သဘောတူကြောင်း ပြသနေသည့်အလားပင်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် အညတရလူပုဂ္ဂိုလ် အမြောက်အများစုသည် နန်ကုန်းမိသားစုကို စမ်းသပ်ထောက်လှမ်းခြင်းနှင့် သတင်းအချက်အလက် စုဆောင်းခြင်းများ ပြုလုပ်နေခဲ့ကြသည်။
ထိုအရာသည် သူ့အတွက် အမြဲတစေ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ထိုလူများကို သင့်လျော်သော သတိပေးချက်တစ်ခုပေးရန်မှာ သံသယဖြစ်ရန်မလိုဘဲ လိုအပ်နေလေပြီ။
တတိယအကြီးအကဲ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်မှာပင်...
သတင်းလာပို့သူက ထပ်မံ၍ ပြောဆိုသည်။
"တတိယအကြီးအကဲ... ခဏလောက် နေပါအုံး..."
ထိုစကားကိုပြောရင်း သူသည် ဦးညွှတ်အရိုအသေပြုပြီး လေးထောင့်ပုံသဏ္ဍာန် သေတ္တာရှည်တစ်လုံးကို ပေးအပ်လေ၏။
"ဒါက အိမ်တော်ကို လာရောက်လည်ပတ်တဲ့ အရှေ့ပိုင်းဒေသက ကျင့်ကြံသူ ပေးလိုက်တဲ့ လက်ဆောင်ပါ..."
"မိသားစုခေါင်းဆောင်က ဒါကို မြင်လိုက်တာနဲ့ စိတ်ပြောင်းသွားနိုင်တယ်... ပြီးရင် သူ့ကို တွေ့ချင်လာလိမ့်မယ်လို့ သူက ပြောလိုက်ပါတယ်..."
ထိုစကားများက နန်ကုန်းရှန်ထျန်း၏ စိတ်ဝင်စားမှုကို နှိုးဆွပေးလိုက်သည်။
"တော်တော်လေး ကြွားဝါတဲ့ စကားပဲ..."
"ဒီအဘိုးကြီးကို စိတ်ပြောင်းသွားစေမယ့် အရာက ဘာလဲဆိုတာ ကြည့်ရသေးတာပေါ့..."
သူက သေတ္တာရှည်ကို ယူလိုက်ပြီး ထောင့်စွန်းတစ်နေရာမှ ချက်ချင်းဖွင့်လိုက်၏။
ထို့နောက် သူ၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
အချိန်အတော်ကြာပြီးနောက် သူက ဖြည်းညင်းစွာ ပြောဆိုသည်။
"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ..."
ဤအချက်က တခြားသူများကို စူးစမ်းလိုစိတ်များ ဖြစ်ပေါ်သွားစေသည်။
ပထမအကြီးအကဲက မေးမြန်းသည်။
"မိသားစုခေါင်းဆောင်... အဲ့ဒါက ဘာလဲ..."
နန်ကုန်းရှန်ထျန်းသည် သေတ္တာကို တခြားလူများထံသို့ လက်ကမ်းပေးလိုက်သည်။
သေတ္တာထဲတွင် ပါရှိသောအရာကို ရှင်းလင်းစွာ မြင်တွေ့ချိန်၌ အကြီးအကဲများအားလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။
ထိုသေတ္တာထဲတွင် ဓားရှည်တစ်လက် ရှိနေပေ၏။
ထိုဓားရှည်၏ အရည်အသွေးကို ကြည့်ခြင်းအားဖြင့် ဘုရင်အဆင့် လက်နက်တစ်ခု ဖြစ်သည်မှာ သိသာထင်ရှားသည်။
ဘုရင်အဆင့် လက်နက်တစ်ခုသည် အလွန်အမင်း တန်ဖိုးရှိသည်ဟု ဆိုနိုင်သည်။
ထိုအဆင့်လက်နက်များသည် အင်အားစုကြီးတစ်ခု၏ အခြေခံအုတ်မြစ်အဖြစ် တည်ရှိနိုင်သော အရာများပင်။
တစ်ဖက်လူက ဤကဲ့သို့ လက်နက်မျိုးကို တွေ့ဆုံခြင်းလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
ထိုကဲ့သို့ ရက်ရောမှုမျိုးသည် အမှန်တကယ်ကို ရှားပါးပေ၏။
ထိုဧည့်သည်မျိုးကို သူတို့၏မိသားစုခေါင်းဆောင်ကိုယ်တိုင် လက်ခံတွေ့ဆုံရန် ထိုက်တန်သည်။
တခြားတစ်ဖက်တွင်...
လာရောက်လည်ပတ်သော ကျုံးချင်ကို ဧည့်ခန်းမဆောင်ကြီးထဲသို့ လျှင်မြန်စွာ ခေါ်ဆောင်သွားကြသည်။
အစေခံများက သူ့ကို လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံပြီးနောက် သူ အချိန်တခဏကြာမျှ ထိုင်စောင့်နေစဉ်မှာပင် ကောင်းကင်ပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော နန်ကုန်းရှန်ထျန်း ရောက်ရှိလာသည်။
နှုတ်ခွန်းဆက်စကား ပြောဆိုကာ မိတ်ဆက်ပြီးနောက် နန်ကုန်းရှန်ထျန်းသည် လိုရင်းကို တိုက်ရိုက်မေးမြန်းလိုက်၏။
"ငါ မှတ်မိသလောက်ဆိုရင် ငါတို့ရဲ့ နန်ကုန်းမိသားစုက အရှေ့ပိုင်းဒေသနဲ့ ဘာအဆက်အဆံမှ မရှိဘူး...ဧည့်သည်တော်အနေနဲ့ ဒီခရီးစဉ်မှာ ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ပေးပို့ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ..."
ကျုံးချင်သည်လည်း စကားကို ကွေ့ဝိုက်မနေဘဲသူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောဆိုလိုက်သည်။
"နန်ကုန်းမိသားစုမှာ အုပ်စိုးသူအရှင် အမွေအနှစ် ရှိတယ်လို့ ကြားသိရတာကြောင့် ကျွန်တော် ရောက်လာတာပါ..."
"ဒီတစ်ခေါက် ကျွန်တော် အလည်လာတာက နန်ကုန်းမိသားစုခေါင်းဆောင်နဲ့ အပေးအယူတစ်ခု လုပ်ချင်လို့ပါ..."
"နန်ကုန်းမိသားစုရဲ့ လက်ထဲမှာရှိတဲ့ အုပ်စိုးသူအရှင် အမွေအနှစ်နဲ့ ပစ္စည်းချင်း လဲလှယ်ချင်ပါတယ်... နန်ကုန်းမိသားစုခေါင်းဆောင်က ဘယ်လို သဘောရလဲ..."
ထိုစကားများက နန်ကုန်းရှန်ထျန်းကို ထူးဆန်းသော ရယ်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
အုပ်စိုးသူအရှင် အမွေအနှစ်အတွက် ဖြစ်နေပြန်သလော....
ကျုံးချင်သည် အသက်ကြီးပုံ မရသော်လည်း သူ၏လေသံသည် အလွန်အတင့်ရဲတင်းပေ၏။
သူသည် နန်ကုန်းအိမ်တော်သို့ ရောက်ရောက်ချင်း ဘုရင်အဆင့် လက်နက်တစ်ခုကို လက်ဆောင်အဖြစ် ပေးအပ်လိုက်သည်။
ဤလုပ်ရပ်မှာ အမှန်တကယ်ကို ထူးခြားသည်။
သို့သော် ဤလောကကြီးပေါ်တွင် အုပ်စိုးသူအရှင် အမွေအနှစ်နှင့် ယှဉ်နိုင်သော အရာများမှာ အလွန်ရှားပါးပေ၏။
ကျုံးချင်သည် ဤတန်ဖိုးကို တတ်နိုင်မည်ဟု သူ မယုံကြည်ချေ။
"ဧည့်သည်တော်... လာရာလမ်းအတိုင်း ပြန်ကြွပါတော့..."
"ဒီအုပ်စိုးသူအရှင် အမွေအနှစ်က လဲလှယ်ဖို့အတွက် မဟုတ်ပါဘူး..."
အကယ်၍ ကျုံးချင် ပေးပို့လိုက်သော ဘုရင်အဆင့် လက်နက်သာ မရှိခဲ့လျှင် သူသည် တိုက်ရိုက်မောင်းထုတ်ခံရပြီး ဖြစ်ပေမည်။
ပထမတန်းစား မိသားစုခေါင်းဆောင် သုံးဦးပင်လျှင် ဤ အုပ်စိုးသူအရှင် အမွေအနှစ် အတွက် ရောက်လာခဲ့ကြပြီး လက်ဗလာဖြင့် ပြန်သွားခဲ့ကြရသည်။
နန်ကုန်းရှန်ထျန်းသည် ယခင်က ကျုံးချင်ကို သိကျွမ်းခဲ့ခြင်းမရှိချေ။ ဤလူငယ်သည် ယခုမှရောက်လာပြီး အုပ်စိုးသူအရှင် အမွေအနှစ်ကို လဲလှယ်ရန် တောင်းဆိုခြင်းသည် အလွန်တရားလွန်ပေ၏။
ထိုအချိန်မှာပင်...
တံခါး၏အပြင်ဘက်မှ အံ့သြတသင့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"သခင်မလေး ပြန်ရောက်လာပြီ..."
မကြာမီ အရပ်ရှည်ရှည် အမျိုးသမီးငယ်တစ်ဦးသည် တက်ကြွလန်းဆန်းစွာဖြင့် အလျင်အမြန် ဝင်ရောက်လာသည်။
"အဖေ..."
သူမသည် ဧည့်ခန်းမဆောင်ကြီးထဲသို့ ဝင်လာသည်နှင့် နန်ကုန်းရှန်ထျန်းကို နှုတ်ဆက်လိုက်သည်။
ထို့နောက် သူမ၏အကြည့်သည် ကျုံးချင်အပေါ်သို့ ကျရောက်သွားပေ၏။ သူမက ချက်ချင်းဆိုသလိုပင် အံ့အားတသင့် ရေရွတ်လိုက်သည်။
"ရှင်ပါလား..."
ယခုရောက်ရှိလာသူမှာ ဖူကွမ်လှိုဏ်ဂူအနီးတွင် ကျုံးချင်နှင့် တစ်ကြိမ်တွေ့ဆုံဖူးသော နန်ကုန်းရှောင်မန်မှတပါး တခြားလူ မဟုတ်ချေ။
ကျုံးချင်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
"မင်္ဂလာပါ..."
သူသည် တစ်ဖက်လူကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
"သခင်လေးက ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲဆိုတာ သိခွင့်ရှိမလား..."
နန်ကုန်းရှောင်မန်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
"အကူအညီ လိုအပ်တာ ရှိရင် ပြောပါ..."
"ဒီ နာမည်မဲ့မြို့တော်ရဲ့ မြို့ကျဉ်းကျဉ်းလေးထဲမှာတော့ နန်ကုန်းမိသားစုက သြဇာအာဏာနည်းနည်းတော့ ရှိပါသေးတယ်..."
သူမ ဤမျှထိ စိတ်အားထက်သန်နေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။
ကျုံးချင်၏အဆင့်အတန်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး သူ၏စွမ်းအားသည် ခန့်မှန်း၍ မရနိုင်ပေ။
သူသည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ရေခဲတောင်ကြီးနှစ်လုံးကို တိုက်ရိုက်ဖျက်ဆီးခဲ့သည်။
ထို့ပြင် သူ့ထံ၌ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူဖြစ်သော အစေခံတစ်ယောက်ပင် ရှိနေပေ၏။
ထိုကဲ့သို့ လူတစ်ယောက်ကို စိတ်ကျေနပ်အောင်သာ လုပ်ဆောင်ရမည် ဖြစ်ပြီး သူမ၏ နန်ကုန်းမိသားစု အနေဖြင့် လုံးဝပြစ်မှား၍ မရနိုင်ချေ။
နန်ကုန်းရှောင်မန်၏မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ကျုံးချင်က သူ၏ရည်ရွယ်ချက်ကို ထပ်မံ၍ ပြောဆိုလိုက်သည်။
"ဒီနေရာကို ငါ ရောက်လာတာက မင်းတို့ရဲ့လက်ထဲမှာရှိတဲ့ အုပ်စိုးသူအရှင် အမွေအနှစ်နဲ့ လဲလှယ်ဖို့အတွက် နန်ကုန်းမိသားစုနဲ့ အပေးအယူတစ်ခု လုပ်ချင်လို့ပါ..."
ထိုစကားများက နန်ကုန်းရှောင်မန်၏ မျက်နှာအမူအယာကို အချိန်တခဏကြာခန့် တောင့်တင်းသွားစေသော်လည်း လျှင်မြန်စွာပင် သူမသည် လက်နှစ်ဖက်ကို ပူးဆုပ်ကာ ဦးညွှတ်လိုက်သည်။
"သခင်လေး... ကျွန်မရဲ့အဖေနဲ့ ဆွေးနွေးနေတုန်း ခဏလောက် စောင့်ပေးလို့ ရမလား..."
"ရပါတယ်..."
ကျုံးချင်ထံတွင် ဤကိစ္စအတွက် ကန့်ကွက်စရာ အကြောင်းမရှိပေ။
ထိုအချိန်တွင် နန်ကုန်းရှောင်မန်သည် သူမ၏ဖခင် နန်ကုန်းရှန်ထျန်းဘက်သို့လှည့်ကာ ပြောဆိုလိုက်၏။
"အဖေ... သမီး အဖေနဲ့ ခဏလောက် သီးသန့်စကားပြောလို့ ရမလား..."
ထိုစကားကို ကြားချိန်၌ နန်ကုန်းရှန်ထျန်းသည် နန်ကုန်းရှောင်မန်နှင့်အတူ ဧည့်ခန်းမဆောင်မှ တိတ်တဆိတ် ထွက်ခွာသွားပြီး လျှို့ဝှက်ခန်းတစ်ခန်းထဲသို့ ဝင်ရောက်သွားကြသည်။
"သမီးတို့နှစ်ယောက်က သိနေကြတာလား..."
အခန်းအတွင်းသို့ရောက်ချိန်၌ နန်ကုန်းရှန်ထျန်းသည် နောက်ဆုံးတွင် သူ၏စိတ်ထဲရှိ သံသယများကို စတင်၍ မေးမြန်းလိုက်သည်။
"သိတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ အရင်က ခဏလောက် တွေ့ဆုံဖူးပါတယ်...ဒါပေမဲ့ အဖေ... ဒီလူက ခန့်မှန်းလို့ မရနိုင်တဲ့သူပါ...သမီးတို့က သူ့ကို မိတ်ဆွေဖွဲ့မှ ရမယ်... လုံးဝ ပြစ်မှားလို့ မဖြစ်ဘူး..."
နန်ကုန်းရှောင်မန်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။
ထိုစကားများက နန်ကုန်းရှန်ထျန်းကို မျက်မှောင်ကြုတ်သွားစေသည်။
"သူ့မှာ ဘာတွေများ ထူးခြားနေလို့လဲ... သမီးက သူ့ကို ဘာလို့ ဒီလိုမျိုး ဆက်ဆံနေတာလဲ...ပြီးတော့ သူ့ကို ပြစ်မှားလို့ မရဘူး ဟုတ်လား... သူက ပထမတန်းစား မိသားစု သုံးခုထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေလို့လား..."
နန်ကုန်းရှောင်မန် စကားမပြောနိုင်မီ နန်ကုန်းရှန်ထျန်းက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ရှောင်မန်..."
"သမီးရဲ့ ပါရမီက နန်ကုန်းမိသားစုရဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာအသန်မာဆုံးလို့ သတ်မှတ်ခံထားရတယ်... အဖေက သမီးကို ဒီလောက်ထိ အလောတကြီး ပြန်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက အုပ်စိုးသူအရှင် အမွေအနှစ်ကို သမီးဆီ လွှဲပြောင်းပေးဖို့ပဲ..."
"သမီးက နန်ကုန်းမိသားစုရဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်ထားတာ... သေးငယ်တဲ့ အကျိုးအမြတ်လေးအတွက်နဲ့ ကြီးမားတဲ့ အနာဂတ်ကို မျက်ခြည်မပြတ်စေနဲ့..."
ဤလေးနက်သော ဆုံးမစကားက နန်ကုန်းရှောင်မန်၏စိတ်နှလုံးသားကို လေးလံသွားစေသည်။
သူမ၏ဖခင်သည် နန်ကုန်းမိသားစု၏ အရာအားလုံးကို ပုံအောပြီး ဤရတနာကြီးကို သူမထံသို့ ပေးအပ်ရန် ရည်ရွယ်ထားကြောင်း သူမ သိလိုက်သည်။
သူမသည် အခုမှ ပြန်ရောက်လာသော်လည်း...
နန်ကုန်းမိသားစု၏ လက်ရှိအကျပ်အတည်းကို သူမ ကောင်းစွာသိရှိထားသည်။
သူမ၏ နည်းပါးလှသောစွမ်းရည်ဖြင့် ဤမျှထိ ကြီးမားသော တာဝန်ဝတ္တရားကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။
"အဖေ..."
နန်ကုန်းရှောင်မန်က အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီး ခါးသီးစွာ ပြောဆိုလိုက်သည်။
"အုပ်စိုးသူအရှင် အမွေအနှစ်က ကောင်းပေမယ့် သူက ရင့်ကျက်လာဖို့ အချိန် လိုအပ်ပါသေးတယ်...လက်ရှိ အခြေအနေအရဆိုရင် အပြင်လူတွေက နန်ကုန်းမိသားစုကို ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေး ပေးပါ့မလား...ဒီပစ္စည်းက ဘေးဒုက္ခရဲ့ အရင်းအမြစ် ဖြစ်နေပြီ..."
"အဖေအနေနဲ့ မိသားစုရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးပြီးတော့ မိုက်မဲတဲ့အလုပ်တွေ မလုပ်မိဖို့ သမီး မျှော်လင့်မိတယ်..."
အကယ်၍ သူမ ပို၍သန်မာအားကောင်းလာဆးမည့် အခွင့်အရေး တစ်ခုတည်းအတွက်နှင့် မိသားစုတစ်ခုလုံးကို လောင်းကြေးထပ်ရမည် ဆိုလျှင်...
နန်ကုန်းရှောင်မန်သည် ထိုအရာကို မလိုချင်တော့ပေ။
ဤအရာအတွက် ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလွန်းပြီး သူမ ထမ်းဆောင်နိုင်ခြင်း မရှိလောက်အောင် အလွန်ကြီးမားနေသည်။
သူ၏သမီးဖြစ်သူ ပြတ်သားစွာ ငြင်းဆန်နေသည်ကို ကြည့်ရင်း နန်ကုန်းရှန်ထျန်းသည် ပြင်းထန်သော စွမ်းအားမဲ့မှု ခံစားချက်ကို ခံစားလိုက်ရသည်။
အားနည်းသူများ၏ ဝမ်းနည်းဖွယ် အဖြစ်ဆိုးသည် ဤနေရာတွင် တည်ရှိနေခြင်းပင်။
ပြိုင်ဘက်ကင်းသော အခွင့်အလမ်းတစ်ခု သူတို့၏လက်ထဲသို့ ရောက်ရှိနေသော်လည်း ကာကွယ်နိုင်စွမ်း မရှိသောကြောင့် တွန့်ဆုတ်နေရပြီး စိုးရိမ်ပူပန်နေရသည်။
ထိုရတနာကြောင့် သူ၏မိသားစု ပျက်စီးမည့် အန္တရာယ်ပင် ရှိနေသည်။
သူ့ကိုယ်သူ မမေးဘဲ မနေနိုင်တော့ချေ။
ဒီလို လုပ်ရတာ...
တကယ်ရော တန်ရဲ့လား...
ဤမေးခွန်းတွင် အဖြေမရှိချေ။
"ရှောင်မန်... သမီးက ဒီအုပ်စိုးသူအရှင် အမွေအနှစ်ကို မလိုချင်ဘူးဆိုရင်... အဖေ့ကို ဒီအတိုင်း အလကား ပေးပစ်လိုက်ဖို့ ပြောနေတာလား..."
နန်ကုန်းရှန်ထျန်း၏ မလိုလားမှုများသည် လှိုင်းထန်နေသော ပင်လယ်ပြင်အလား ထိတွေ့ခံစားနိုင်လုနီးပါးပင်။
"ဘယ်လိုလုပ်ပြီးတော့ အလကား ပေးပစ်ရမှာလဲ..."
"သခင်လေးက ခုဏက ပြောသွားတယ် မဟုတ်လား... သူက သမီးတို့နဲ့ လဲလှယ်ချင်တယ်တဲ့... အဖေ သေသေချာချာ စဉ်းစားကြည့်ပါအုံး..."
သူ၏သမီးဖြစ်သူက ကျုံးချင်အကြောင်း ထပ်ခါတလဲလဲ ပြောဆိုနေသည်ကို မြင်တွေ့ချိန်၌...
နန်ကုန်းရှန်ထျန်းလည်း စိတ်ရှုပ်ထွေးသွားသည်။
သူမသည် မည်သည်ကြောင့် လူငယ်တစ်ယောက်အပေါ် ဤမျှထိ လေးစားမှု ရှိနေရသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။
အထူးသဖြင့် ထိုလူငယ်သည် ဆင်းရဲပြီး နောက်ကျကျန်ရစ်သည်ဟု လူသိများသော အရှေ့ပိုင်းဒေသမှလာသူ ဖြစ်နေသောကြောင့်ပင်။