လဲလှယ်မည့် ပစ္စည်း
Vol. 16 Ch. 159
လျှို့ဝှက်အခန်းထဲတွင် နန်ကုန်းရှန်ထျန်းသည် သမီးဖြစ်သူကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
"ရှောင်မန်... ဘုရင်အဆင့် လက်နက်တစ်ခုကို ပေးနိုင်တဲ့လူက တော်တော်လေး ထူးခြားတယ်ဆိုတာ အဖေ မငြင်းပါဘူး..."
"ပြောပါအုံး... သူ့မှာ ဘာတွေများ ထူးခြားနေလို့ သူက ခန့်မှန်းလို့ မရနိုင်တဲ့သူ ဖြစ်ပြီးတော့ ပြစ်မှားလို့ မရဘူးလို့ သမီးက ပြောနေရတာလဲ..."
နန်ကုန်းရှောင်မန်က အသက်ပြင်းပြင်းရှိုက်ပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
"အဖေ... ဖူကွမ်လှိုဏ်ဂူအကြောင်း သိတယ်မလား..."
နန်ကုန်းရှန်ထျန်းသည် ဖူကွမ်လှိုဏ်ဂူမှ လူများအကြောင်း ကြားဖူးပေ၏။
ဂူသခင်သည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် နှောင်းပိုင်းအဆင့်တွင်ရှိသော အစွမ်းထက်ကျင့်ကြံသူတစ်ဦးပင်။ သူ၏လက်အောက်တွင် ကျင့်ကြံသူ အမြောက်အများလည်း ရှိနေသည်။ သူတို့သည် ဒေသတစ်ခုကို ချုပ်ကိုင်ထားသော အာဏာရှင်များ ဖြစ်ကြပြီး လွန်ခဲ့သော နှစ်အနည်းငယ်က လှုပ်ရှားမှုအချို့ ပြုလုပ်ခဲ့ကာ နာမည်ရလာခဲ့ကြသည်။
"အဲ့ဒီကျုံးချင်က ဖူကွမ်လှိုဏ်ဂူနဲ့ ဘာဆိုင်လို့လဲ..."
သူက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
"ဖူကွမ်လှိုဏ်ဂူက လူတွေအားလုံး သေကုန်ပြီ..."
"ကြက်တစ်ကောင် ခွေးတစ်ကောင်တောင် အရှင်မကျန်တော့ဘူး... ပြီးတော့ အဲ့ဒါကို သူက အမိန့်ပေးပြီး လုပ်ခိုင်းလိုက်တာပဲ..."
ထိုစကားကို ကြားချိန်၌ နန်ကုန်းရှန်ထျန်းသည် အနည်းငယ် အထင်သေးသွားသည်။
ဖူကွမ်လှိုဏ်ဂူမှ လူများသည် သန်မာသော်လည်း နန်ကုန်းမိသားစုနှင့် ယှဉ်လျှင် ကွာဟချက် ကြီးမားနေဆဲပင်။
အမှန်အားဖြင့် နန်ကုန်းမိသားစုက ထိုကဲ့သို့ အင်အားစုမျိုးကို ရှင်းလင်းပစ်လိုလျှင် အားစိုက်ထုတ်မှု အနည်းငယ် လိုအပ်နိုင်သော်လည်း အခက်အခဲရှိမည် မဟုတ်ချေ။
နန်ကုန်းမိသားစုတွင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် အမြောက်အများရှိနေသည် မဟုတ်လော...
ဓားပြ သို့မဟုတ် တောင်ပေါ်သူခိုးအဖွဲ့တစ်ဖွဲ့ကို ချေမှုန်းလိုက်ရုံမျှဆိုလျှင် ထိုလူအား နှစ်ကြိမ်ပြန်ကြည့်ရန် ထိုက်တန်သော်လည်း အလေးအနက် ထားရှိရန် မလိုအပ်ချေ။
နန်ကုန်းရှန်ထျန်းသည် အလျင်မလိုပေ။
သမီးဖြစ်သူ စကားဆက်ပြောမည်ကို သူ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။
အကယ်၍ တစ်ဖက်လူတွင် ထိုမှတ်တမ်းတစ်ခုတည်းသာ ရှိပါက သမီးဖြစ်သူသည် ဤမျှထိ ချီးကျူးပြောဆိုနေရန် မထိုက်တန်ချေ။
ထိုလူငယ်ထံတွင် တခြားလူများ မသိရှိသည့် ထူးခြားသော အရည်အချင်းအချို့ ရှိကောင်းရှိနေနိုင်သည်။
ထို့နောက် နန်ကုန်းရှောင်မန်က ဆက်လက်၍ ပြောဆိုသည်။
"ပြီးတော့ ဖူကွမ်လှိုဏ်ဂူကို ချေမှုန်းပစ်လိုက်တဲ့သူက ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ပဲ..."
ထိုစကားကို ကြားချိန်၌ နန်ကုန်းရှန်ထျန်း၏ မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်များ...
ဤနာမည်မဲ့မြို့တော်တွင် ပထမတန်းစား အင်အားစုသုံးစု၏ ဘိုးဘေးများသာလျှင် ဤနယ်ပယ်သို့ ပွတ်ကာသီကာ ရောက်ရှိထားကြခြင်းဖြစ်သည်။
သူတို့ကို စောင့်ရှောက်ပေးနေသော ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်များ ရှိနေခြင်းကြောင့်သာလျှင် ပထမတန်းစား မိသားစုသုံးစုသည် နန်ကုန်းမိသားစုကို တည်ငြိမ်စွာ ဖိနှိပ်ထားနိုင်ခြင်း ဖြစ်ပေ၏။
ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် နှစ်တစ်ထောင် သက်တမ်းရှိသော မိသားစုကြီးတစ်ခုကို တည်ငြိမ်စေသည့် အခြေခံအုတ်မြစ်တစ်ခုဟု ဆိုနိုင်သည်။
သို့သော် နန်ကုန်းရှန်ထျန်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
"သမီး ပြောချင်တာက ဖူကွမ်လှိုဏ်ဂူက လူတွေကို သူက တစ်ယောက်ယောက်ကို အမိန့်ပေးပြီး သတ်ခိုင်းလိုက်တာလား..."
"ပြီးတော့ အဲ့ဒီလူက ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်လား..."
"ဟုတ်ပါတယ်..."
နန်ကုန်းရှောင်မန်၏ အတည်ပြုချက် ရရှိချိန်၌ နန်ကုန်းရှန်ထျန်း ငြိမ်ငြိမ်ထိုင်မနေနနိုင်တော့ချေ။
"သူနဲ့ အဲ့ဒီကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်က ဘယ်လို ပတ်သက်မှု ရှိနေလို့လဲ..."
ပထမတန်းစား မိသားစုသုံးစုပင်လျှင် သူတို့၏ ဘိုးဘေးများကို လှုပ်ရှားပေးရန် လွယ်လွယ်ကူကူ ဖိတ်ခေါ်၍ မရနိုင်ချေ။
သို့ရာတွင် နန်ကုန်းရှောင်မန်က "အမိန့်ပေးတယ်"ဟူသောစကားကို ထည့်သွင်းပြောဆိုခဲ့သည်။
ဤှသည်က အနည်းငယ် ကြောက်ရွံဖွယ် ကောင်းနေလေပြီ။
ဖခင်ဖြစ်သူ၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် နန်ကုန်းရှောင်မန်သည် အချိန်ဆွဲမနေတော့ဘဲ စကားတစ်လုံးချင်း သေသေချာချာ ပြောဆိုလိုက်သည်။
"အဲ့ဒီ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်က သူ့ရဲ့ အစေခံပဲ..."
"ဝုန်း..."
ဤသတင်းသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ နန်ကုန်းရှန်ထျန်း၏စိတ်ထဲတွင် တိုက်ရိုက် ပေါက်ကွဲသွားသည်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် အစေခံတစ်ယောက် ဖြစ်နေပေ၏။
ဤှသည်က အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး အလွန်ယုံကြည်ရခက်သည်။
အစွမ်းထက်ပုဂ္ဂိုလ်များတွင် ဂုဏ်သိက္ခာရှိသည်ကို သိထားရပေမည်။
အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် ကျင့်ကြံဆင့် ပို၍နက်ရှိုင်းလေလေ သူတို့၏ဂုဏ်သိက္ခာကို ပို၍တန်ဖိုးထားလေလေပင်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်ဆိုသည်မှာ သူ မော့ကြည့်ရမည့် တည်ရှိမှုမျိုးပင်။
သို့သော် ယခု နန်ကုန်းရှောင်မန်က ထိုကဲ့သို့ တည်ရှိမှုမျိုးသည် အစေခံတစ်ယောက်သာ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
သူ၏ရင်ဘတ် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြောင်း သိသာထင်ရှားသည်။
သို့သော် နန်ကုန်းရှောင်မန်၏ နောက်ထပ်စကားတစ်ခွန်းက သူ့ကို နေရာမှာပင် တောင့်တင်းသွားစေသည်။
"အဲ့ဒီသခင်လေးမှာ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစေခံတစ်ယောက် ရှိရုံတင်မကဘူး... သူ့ရဲ့စွမ်းအားကလည်း မယုံကြည်နိုင်လောက်အောင် မြင့်မားတဲ့ အဆင့်ကို ရောက်နေပြီ..."
"လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ သူက ရေခဲတောင်ကြီးနှစ်လုံးကို ချက်ချင်း ပြားချပ်သွားအောင် လုပ်ခဲ့တယ်..."
"အဖေ... ဒီလိုလူမျိုးက နန်ကုန်းမိသားစုအနေနဲ့ အလေးအနက်ထား ဆက်ဆံဖို့ ထိုက်တန်ရဲ့လား..."
အကယ်၍ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသည် အစေခံတစ်ဦးမျှသာ ဖြစ်သည် ဟူသော ယခင်သတင်းက နန်ကုန်းရှန်ထျန်း၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့လျှင်...
ဤသတင်းသည် သူ၏နှလုံးသားထဲသို့ မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့်အလားပင်။
မြောက်ပိုင်းဒေသတွင် အချိန်ကြာမြင့်စွာ နေထိုင်လာသူတစ်ဦးအနေဖြင့် ဤဒေသ၏ဖွဲ့စည်းပုံကို သူ ကောင်းစွာနားလည်ထားသည်။
မြောက်ပိုင်းဒေသ၏နေရာအများစုမှာ ရေခဲပြင်များ ဖြစ်ကြသည်။
တောင်တန်းများသည်လည်း နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ရေခဲများဖြင့် ဖွဲ့စည်းထားပေ၏။
ထိုကဲ့သို့ တောင်တန်းများသည် မာကျောမှုအပိုင်းတွင် သာမန်လက်နက်သွန်းလုပ်ရေး ပစ္စည်းများထက် မနိမ့်ကျသည့်အပြင် ပို၍ပင် သာလွန်သည်။
သို့သော် တစ်ဖက်လူသည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ရေခဲတောင်ကြီးနှစ်လုံးကို ပြားချပ်သွားအောင် လုပ်နိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူ ထိုသို့ လုံးဝမလုပ်နိုင်ချေ။
သူသာမက နန်ကုန်းမိသားစု၏ ဘိုးဘေးပင်လျှင် ထိုအဆင့်ကိုရောက်ရန် များစွာအလှမ်းကွာဟနေဆဲပင်။
တနည်းအားဖြင့် ပြောရလျှင် ထိုလူငယ်၏စွမ်းအားသည် အနည်းဆုံးအနေဖြင့် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်၌ ရှိနေပေမည်။
ဤကောက်ချက်က နန်ကုန်းရှန်ထျန်းကို ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားစေသည်။
သူ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်များကို မတွေ့ဖူးခြင်း မဟုတ်ချေ။
သူသိသလောက်ဆိုလျှင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိနေသည့် အစွမ်းထက်ပုဂ္ဂိုလ်များမှာ အသက်အငယ်ဆုံးဆိုလျှင်ပင် နှစ်တစ်ထောင်ကျော်နေလေပြီ။ သို့သော် ကျုံးချင်၏အသက်သည် မည်မျှရှိသေးသနည်း။ သူ၏အသက်အတိအကျကို မသိရသော်လည်း အရိုးသက်တမ်းအရ ကြည့်မည်ဆိုပါက အသက်နှစ်ဆယ် မကျော်သေးသည်မှာ သေချာပေါက်ပင်။
အသက်နှစ်ဆယ်အောက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဟူသည်မှာ မည်သည့် သဘောတရားမျိုး ဖြစ်နေမည်နည်း။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် ကျုံးချင်၏မူရင်းဇာစ်မြစ်သည် သာမန်မဟုတ်ဘဲ ထူးခြားဆန်းပြားရမည်ဖြစ်ပြီး တခြားဒေသမှ ထိပ်သီးအင်အားစုကြီးတစ်စု၏ သခင်လေးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း နန်ကုန်းရှန်ထျန်းက အတည်ပြုလိုက်မိသည်။
နန်ကုန်းရှန်ထျန်း၏ စိတ်နှလုံးသားအတွင်း၌ ကြီးမားသော လှိုင်းဂယက်များဖြင့် လှုပ်ရှားသွားသည်။ ဤလူကို ပြစ်မှား၍မရကြောင်း ရှောင်မန် ပြောခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဤကဲ့သို့သော လူစားမျိုးသည် နန်ကုန်းမိသားစုအနေဖြင့် အမှန်တကယ်ကို ပြစ်မှား၍ မရနိုင်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေသည်။
နန်ကုန်းရှောင်မန်သည် သူမ၏ဖခင်ကို ဤကိစ္စအား လက်ခံစဉ်းစားရန် အချိန်အနည်းငယ် ပေးလိုက်သည်။ အမှန်အားဖြင့် သူမ ဤသတင်းကို စတင်သိရှိစဉ်က သူမ၏စိတ်နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုသည် ဖခင်ဖြစ်သူထက် လျော့နည်းခြင်းမရှိဘဲ ပို၍ပင်များကောင်း များနိုင်သည်။
အချိန်တခဏကြာပြီးနောက် သူမက နောက်ဆုံးတွင် စကားပြောဆိုလိုက်၏။
"အဖေ... သမီး သိသလောက်ဆိုရင် ပထမတန်းစား မိသားစုသုံးစုက နန်ကုန်းမိသားစုကို လိုချင်တပ်မက်တဲ့ မျက်လုံးတွေနဲ့ စောင့်ကြည့်နေကြတယ်...အခုချိန်မှာ အုပ်စိုးသူအရှင် အမွေအနှစ်က ကောင်းချီးမင်္ဂလာ မဟုတ်တော့ဘဲနဲ့ ဘေးဒုက္ခ ဖြစ်နေပြီ....မိသားစုကြီးသုံးစုရဲ့ စရိုက်အရဆိုရင် တကယ်လို့ သမီးတို့က အုပ်စိုးသူအရှင် အမွေအနှစ်ကို လွှဲပေးလိုက်ရင်တောင် အကျိုးအမြတ် မရနိုင်ရုံတင်မကဘဲ သူတို့က အကြောင်းပြချက်အမျိုးမျိုးပြပြီး နန်ကုန်းမိသားစုကို ဖိနှိပ်တာတွေ လိမ်လည်တာတွေ ဆက်လုပ်ကြလိမ့်မယ်..."
နန်ကုန်းရှောင်မန်က အသက်တစ်ချက်ရှိုက်ပြီး ဆက်လက်၍ ပြောဆိုသည်။
"အခု လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက်က အတင်းအကြပ် လာလုတာ မဟုတ်ဘဲနဲ့ အပေးအယူလုပ်ဖို့ ရောက်လာတယ်.... ဒါက သူ စေတနာနဲ့ ရောက်လာတယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ....အဲဒါကြောင့် အဖေဆုံးဖြတ်ချက် မချခင် သူ့ရဲ့ ကမ်းလှမ်းချက်ကို နားထောင်ကြည့်ရအောင်....ဘယ်လိုသဘောရ..."
သမီးဖြစ်သူ၏ စကားများကြောင့် နန်ကုန်းရှန်ထျန်း စိတ်ဝင်စားသွားကြောင်း ဝန်ခံရပေမည်။ အစောပိုင်းက မိသားစုကြီးသုံးစု၏ အရှက်မရှိသော မျက်နှာများကို ပြန်တွေးမိချိန်၌ ကျုံးချင် ထွက်ပေါ်လာခြင်းသည် မကောင်းသော ကိစ္စတစ်ခု မဟုတ်ဟု သူ ခံစားမိသည်။ အချိန်တခဏကြာမျှ တွေးတောပြီးနောက် သူ ဆုံးဖြတ်ချက် ချလိုက်၏။
ထိုအချိန်တွင် ကျုံးချင်သည် ပင်မခန်းမဆောင်ထဲ၌ လက်ဖက်ရည် သောက်နေဆဲပင်။ သူ အချိန်ကြာမြင့်စွာစောင့်ရန် မလိုလိုက်ဘဲ နန်ကုန်းရှန်ထျန်းနှင့် သူ၏သမီးသည် ပင်မခန်းမဆောင်ထဲသို့ ပြန်ရောက်လာကြသည်။
"သခင်လေး.. စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်..."
ကျုံးချင်၏ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားမှုကို သိရှိပြီးနောက် နန်ကုန်းရှန်ထျန်း၏သဘောထားသည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ သူသည် ပွင့်လန်းနေသော ဂန္ဓမာပန်းအိုကြီး တစ်ပွင့်အလား ပြုံးရွှင်နေသော မျက်နှာထားဖြင့် ရှိနေသည်။
တစ်ဖက်လူ၏သဘောထား ရုတ်တရက် ပြောင်းလဲသွားခြင်းကြောင့် ကျုံးချင်၏မျက်နှာအမူအယာလည်း ပြေလျော့သွားသည်။
တစ်ဖက်လူသည် ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သဖြင့် အထူးနည်းလမ်းအချို့ကို အသုံးပြုသင့်သလောဟု သူ မူလက စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုကြည့်ရသည်မှာ အခြေအနေ ကောင်းမွန်လာမည့်ပုံ ရှိနေသည်။
ကျုံးချင်သည် လက်ဖက်ရည်ခွက်ကို တည်ငြိမ်စွာ ကောက်ယူလိုက်ပြီး တစ်ငုံသောက်ကာ မေးမြန်းလိုက်သည်။
"အပေးအယူ ကိစ္စကရော..."
"သခင်လေး... ခွင့်လွှတ်ပေးပါ... ငါက ပွင့်လင်းတဲ့လူမို့လို့ စကားကို ကွေ့ဝိုက်မပြောတော့ပါဘူး...အုပ်စိုးသူအရှင် အမွေအနှစ်ကို လဲလှယ်လို့ ရပါတယ်...ဒါပေမဲ့ ငါ သိချင်တာက... သခင်လေးအနေနဲ့ ဘယ်လိုဈေးနှုန်းမျိုး ပေးနိုင်မလဲ..."
ဤကဲ့သို့ ရုတ်တရက် ပွင့်ပွင့်လင်းလင်း တောင်းဆိုမည်ဟု ကျုံးချင် မျှော်လင့်မထားခဲ့မိချေ။ သို့သော် သူတို့ သဘောမတူမည်ကို သူ မကြောက်ပေ။ ဆွေးနွေးညှိနှိုင်းရန် ဆန္ဒရှိသရွေ့ သူတို့ ကျေနပ်လောက်မည့် အရာတစ်ခုခုကို သေချာပေါက် ပေးနိုင်မည်ဟု ကျုံးချင် ယုံကြည်ထားသည်။
သူ့ထံတွင် ကောင်းမွန်သောပစ္စည်း အတော်များများ ရှိသော်လည်း အုပ်စိုးသူအရှင်အမွေအနှစ်နှင့် လဲလှယ်ရန် မည်သည့်အရာကို အသုံးပြုရမည် ဆိုသည်ကိုမူ သေချာ စဉ်းစားရန် လိုအပ်သည်။ အချိန်တခဏမျှ စဉ်းစားပြီးနောက် ကျုံးချင်သည် လဲလှယ်မည့်ပစ္စည်းကို ပြောဆိုလိုက်၏။