← Chapters

အဆင့်တက်ခြင်းများ

Vol. 16 Ch. 152

အဆင့်တက်ခြင်းများ

Vol. 16 Ch. 152

"မင်းတို့ သွားလို့ရပြီ..."

ကျုံးချင်သည် သူမတို့ကို အရေးမစိုက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

သူသည် သူမတို့ကို သိပ်ပြီးအလေးထားပုံ မရချေ။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်..."

"ကျွန်မတို့ရဲ့အသက်ကို ချမ်းသာပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်..."

ကျုံးချင်က သူမတို့ကို စိတ်မဝင်စားသည်အား မြင်တွေ့ချိန်၌ ထိုအမျိုးသမီးများသည် ချက်ချင်းဝမ်းသာသွားကြပြီး အသက်ရှင်ခွင့်ရသည့် မျှော်လင့်ချက်ကြောင့် မျက်ရည်များ ယိုစီးကျလာကြသည်။

သူမတို့အားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောဆိုလိုက်ကြပြီးနောက် အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ကာ အလျင်အမြန် ထွက်ခွာသွားကြသည်။

သူမတို့သည် ထွက်ခွာမသွားမီတွင် အလောင်းကောင်များထံမှ အသားများကို နာကြည်းမုန်းတီးစွာဖြင့် ကိုက်ဖြတ်စားသောက်သွားရန် မမေ့လျော့ခဲ့ကြချေ။

အကယ်၍ သူမတို့သာ ဤလူများကို အစွန်းကုန် မမုန်းတီးခဲ့လျှင် ဤကဲ့သို့ သွေးစုပ်ပြီး အသားစားသည်အထိ လုပ်ဆောင်ကြမည် မဟုတ်ပေ။

အမျိုးသမီးများ ထွက်ခွာသွားပြီးနောက် ကျုံးချင်သည် ပတ်ဝန်းကျင်ကို စတင်၍ လေ့လာကြည့်ရှုလိုက်၏။

ဤကဲ့သို့သော ဓားပြစခန်းတစ်ခုတွင် သူတို့၏ခန္ဓာကိုယ်များတွင် ရှိနေသော သိုလှောင်အိတ်များအပြင် ဘဏ္ဍာတိုက်တစ်ခုလည်း ရှိနေရပေမည်။

ဖူကွမ်လှိုဏ်ဂူသည် ကြီးမားကျယ်ပြန့်သော်လည်း ကျုံးချင်သည် အလျင်လိုခြင်း မရှိချေ။

သူသည် ဖြည်းညှင်းစွာ ရှာဖွေလိုက်၏။

နာရီဝက်ခန့် ကြာပြီးနောက် သူ၏မျက်လုံးအကြည့် ရွေ့လျားသွားသည်။

သူ၏ ခြေလှမ်းများ လျှို့ဝှက်ခန်းတစ်ခန်း၏ ဝင်ပေါက်တွင် ရပ်တန့်သွားသည်။

ဤသည်မှာ နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိသော အေးစက်သံမဏိဖြင့် ပြုလုပ်ထားသည့် လျှို့ဝှက်ခန်းတံခါးတစ်ချပ်ပင်။

ထိုတံခါးသည် အလွန်အမင်း ခိုင်ခံမာကျောပေ၏။

သော့မရှိပါက နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးပင် ဤတံခါးကို ဖွင့်နိုင်မည် မဟုတ်ချေ။

သို့သော် ကျုံးချင်အတွက်မူ ဤအရာများက ပြဿနာတစ်ရပ် မဟုတ်ပေ။

သူ၏လက်ဝါးကို တံခါးပေါ် တင်လိုက်ကာ အနည်းငယ် အားစိုက်လိုက်ရုံဖြင့် နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိသော အေးစက်သံမဏိတံခါးသည် သူ၏ လက်ဝါးစွမ်းအားအောက်တွင် တိုက်ရိုက်ကြေမွသွားပေ၏။

အခန်းအတွင်းဘက်သို့ သူ ကြည့်လိုက်ရာ...

စိတ်ဝိညာဉ်ကျောက်တုံးများ တောင်ပုံရာပုံ စုပုံနေကာ စိတ်ဝိညာဉ်ရတနာများနှင့် အဖိုးတန် ဆေးလုံးများကို စင်များပေါ်တွင် တင်ထားသည်။

ကျင့်ကြံနည်းစနစ်များနှင့် လျှို့ဝှက်သိုင်းကျမ်းများသည်လည်း အရေအတွက် မနည်းလှချေ။

ထိုအရာများအပြင် ရှားပါး ရတနာအချို့လည်း ရှိနေသေးသည်။

ထိုအရာအားလုံးသည် တန်ဖိုးကြီးမားသော ပစ္စည်းများ ဖြစ်ကြသည်။

ဤအချက်က ကျုံးချင်ကို အံ့အားသင့်သွားစေသည်။

ဤခေတ်ကာလကြီးထဲ၌ ဓားပြစခန်းများသည် ဤမျှထိ ချမ်းသာကြွယ်ဝနေကြသလော...

ထိုစိတ်ဝိညာဉ်ကျောက်တုံးများ အားလုံးသည် အဆင့်မြင့်နှင့် အလယ်အလတ်အဆင့်များ ဖြစ်ကြပြီး အရေအတွက်အားဖြင့် တစ်သန်းအောက် မနည်းချေ။

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများပင်လျှင် သောင်းနှင့်ချီ၍ ရှိနေပေ၏။

မြောက်မြားစွာသော စိတ်ဝိညာဉ်ရတနာများနှင့် အဖိုးတန်ဆေးလုံးများအကြားတွင် ဘုရင်အဆင့် ဆေးလုံးသုံးလုံးပင် ပါဝင်နေသည်။

ကြယ်တာရာသံမဏိနှင့် မပျက်စီးနိုင်သောသား ရဲအရိုးကဲ့သို့ လက်နက်သွန်းလုပ်ရေးပစ္စည်းများသည်လည်း အရည်အသွေး အလွန်မြင့်မားကြသည်။

ထိုအရာများကို ဘုရင်အဆင့် လက်နက်များ ဧကရာဇ်တစ်ဝက်အဆင့် လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုနိုင်သည်။

သူသည် စနစ်မှတစ်ဆင့် ကောင်းမွန်သော ပစ္စည်းများစွာ ရရှိထားသော်လည်း အရာအားလုံး ရှိနေသည်တော့ မဟုတ်ချေ။

ထို့ပြင် ပစ္စည်းကောင်းများ များပြားလွန်းသည်ဟုဆိုကာ မည်သူကမျှ ညည်းညူနေမည် မဟုတ်ပေ။

ထို့ပြင် တခြားလူများထံမှ ရရှိသော ပစ္စည်းဆိုလျှင် အမြဲတစေ ပိုကောင်းသည်ဟု ခံစားရလေ့ရှိသည် မဟုတ်လော...

ဘဏ္ဍာတိုက်ထဲတွင် ကျုံးချင်သည် အစောပိုင်းက အမျိုးသမီး ပြောပြခဲ့သော လျှို့ဝှက်နယ်မြေ မြေပုံအပိုင်းအစကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

ထိုမြေပုံအပိုင်းအစသည် လက်ဝါးအရွယ်အစားခန့်ရှိပြီး ရွှေလည်းမဟုတ် သံလည်းမဟုတ်ဘဲ သူ၏လက်ထဲတွင် ကိုင်ကြည့်လိုက်ချိန်၌ အနည်းငယ် လေးလံနေသည်။

ရှေးဟောင်းအငွေ့အသက်တစ်ခုသည် ထိုအရာမှ ထွက်ပေါ်နေပေ၏။

ဤလျှို့ဝှက်နယ်မြေ မြေပုံအပိုင်းအစတွင် ထူးခြားသော မူလဇစ်မြစ် ရှိကြောင်း သိသာထင်ရှားသည်။

သို့သော် ဤပစ္စည်းသည် အကြွင်းအကျန် အပိုင်းအစတစ်ခုသာ ဖြစ်ပေ၏။

မြေပုံအပိုင်းအစ တစ်ခုတည်းဆိုလျှင် အသုံးမဝင်ဘဲ ပြီးပြည့်စုံသော မြေပုံတစ်ခု ဖြစ်လာစေရန် အပိုင်းအစ အမြောက်အများကို စုဆောင်းနိုင်မှသာ ထိရောက်မှု ရှိမည်ဖြစ်ကြောင်း ကျုံးချင်က တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

ထိုအရာကို သိမ်းဆည်းပြီးနောက် သူသည် တခြားရတနာများဆီသို့ အာရုံပြောင်းလိုက်သည်။

ဤဘဏ္ဍာတိုက် တစ်ခုတည်း၏ တန်ဖိုးသည် ယခင်က ရှန်ကျန်းဂိုဏ်းမျိုး အမြောက်အများကို ဝယ်ယူရန် လုံလောက်သည်ဟု ဆိုလျှင် ချဲ့ကားရာ မရောက်ချေ။

အရှေ့ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသကြား ကွာဟချက်ကို ကျုံးချင် အမှန်တကယ် တွေ့ကြုံခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ဤပစ္စည်းများအားလုံးသည် ယခုအချိန်၌ သူ၏ပိုင်ဆိုင်မှုများ ဖြစ်လာခဲ့လေပြီ။

ရိုးရိုးသားသား ဆိုရလျှင် သတ်ဖြတ်လုယက်ရသော ဤခံစားချက်သည် သူ့အတွက် အတော်လေး စိတ်ကျေနပ်ဖွယ်ကောင်းသည်။

ကျုံးချင်သည် ပစ္စည်းများအားလုံးကို ထုပ်ပိုးပြီး သူ၏ကမ္ဘာငယ်လေးထဲသို့ ထည့်ကာ ယူဆောင်သွားလိုက်၏။

မကြာမီမှာပင် သူသည် ဘဏ္ဍာတိုက်ကို လုံးလုံးလျားလျား ကုန်စင်အောင် ရှင်းလင်းလိုက်သည်။

သူ တန်ဖိုးထားသော အရာများ မဟုတ်သည့် ကျင့်ကြံခြင်းနည်းစနစ်များနှင့် လျှို့ဝှက်သိုင်းကျမ်းများကိုပင် ချန်မထားခဲ့ချေ။

ဤဘဏ္ဍာတိုက်သည် ကြွက်တစ်ကောင် ဝင်လာလျှင်ပင် မျက်ရည်စက်လက်ဖြင့် ပြန်ထွက်သွားရလောက်သည်အထိ ပြောင်စင်နေလေပြီ။

တခြားသူများကို ဓားပြတိုက်ရာတွင် ဖုန်မှုန့်တစ်စက်မျှ ချန်မထားရဟူသော အယူအဆကို သူ အစွမ်းကုန် အသုံးချလိုက်ခြင်းပင်။

ထိုအရာများ လုပ်ဆောင်ပြီးနောက် ကျုံးချင်သည် စိတ်ကျေနပ်အားရစွာဖြင့် ဘဏ္ဍာတိုက်မှ ထွက်ခွာလာပြီး ဟေးပိုင်နှင့် သွားရောက် ပူးပေါင်းလိုက်သည်။

ဟေးပိုင် ရရှိထားသော အရာများသည်လည်း အလွန်စိတ်ကျေနပ်ဖွယ် ကောင်းပေ၏။

သူသည် စုစုပေါင်း သိုလှောင်အိတ်ရာပေါင်းများစွာကို စုဆောင်းထားနိုင်ခဲ့သည်။

ဤသိုလှောင်အိတ်များထဲတွင်လည်း ပစ္စည်းကောင်းများစွာ ပါဝင်သည်။

ဆေးလုံးများ ကျင့်ကြံခြင်း နည်းစနစ်များ စိတ်ဝိညာဉ်ကျောက်တုံးများ ရှားပါး ရတနာတချို့စသဖြင့် အရာအားလုံး ရှိနေသည်။

ဤတစ်ကြိမ်သည် ကျုံးချင်အတွက် ကြီးကျယ်သော ရိတ်သိမ်းမှုကြီးတစ်ခုဟု ခေါ်ဆိုနိုင်ပေ၏။

ကျုံးချင်သည် သူ ရရှိထားသော အရာများကို ရှင်းလင်းနေစဉ်မှာပင်...

စနစ်မှ ရုတ်တရက် အသံထွက်ပေါ်လာသည်။

"ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင်သွေးကြောတစ်ခု ရှိနေတာကို တွေ့ရှိရပါတယ်... လက်ခံသူအနေနဲ့ သွားရောက်ပြီး စုပ်ယူဖို့ အကြံပြုပါတယ်..."

စနစ်၏စကားကြောင့် ရတနာများကို ရေတွက်နေသော ကျုံးချင်၏လက်များ ရပ်တန့်သွားသည်။

သူ၏စိတ်နှလုံးသားထဲတွင် လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

စိတ်ဝိညာဉ်စွမ်းအင်သွေးကြော...

ဤအရာသည် ကျင့်ကြံခြင်းဂိုဏ်းတစ်ခုအတွက် မရှိမဖြစ် လိုအပ်သော အရာပင်...

ကျင့်ကြံသူများအတွက် အလိုအပ်ဆုံး အရာတစ်ခုလည်း ဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအင်သွေးကြော တစ်ခုသည် အရည်အသွေးနှင့်အရွယ်အစား မည်သို့ပင် ရှိစေကာမူ အကယ်၍ ဤသတင်းသာ ပြန့်သွားပါက ဂိုဏ်းအမြောက်အများ အပြန်အလှန် တိုက်ခိုက်လုယူကြမည့်အရာပင်။

ဓားပြများကို လာနှိမ်နင်းရင်းဖြင့် ဤကဲ့သို့ အံ့အားသင့်ဖွယ်ရာ ကောင်းသော အရာမျိုးကို ရရှိလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။

မူလက ဤနေရာတွင် နေထိုင်သော ဓားပြများသည် သူတို့၏နေရာအောက်တွင် စိတ်ဝိညာဉ်စွမ်းအင်သွေးကြောတစ်ခု စီးဆင်းနေသည်ကိုပင် သိရှိချင်မှ သိရှိကြပေလိမ့်မည်။

ကျုံးချင်သည် ရတနာများနှင့် သိုလှောင်အိတ်များအားလုံးကို သူ၏ကမ္ဘာငယ်လေးထဲသို့ ထည့်လိုက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်သွေးကြော၏ တည်နေရာအတိအကျကို လေ့လာရန် 'ကောင်းကင်ဘုံမျက်လုံး'ကို ဖွင့်လိုက်၏။

'ကောင်းကင်ဘုံမျက်လုံး'၏ လုပ်ဆောင်ချက်သည် မည်သူမည်ဝါ၏လျှို့ဝှက်ချက်ကိုမဆို တစ်ချက်တည်းနှင့် ထွင်းဖောက်မြင်နိုင်စေသည်။

ထို့ပြင် ကောင်းကင်ဘုံမျက်လုံးသည် အရာဝတ္ထုများ၏မူရင်းဇာစ်မြစ်ကို ကြည့်ရှုနိုင်ပြီး အရင်းအမြစ်များအားလုံးကို လေ့လာနိုင်သည်။

ထိုအရာသည် စုံစမ်းထောက်လှမ်းရန်အတွက် အလွန်သင့်တော်ပေ၏။

ကျုံးချင်၏ မျက်လုံးများထဲတွင် ဖူကွမ်လှိုဏ်ဂူ တည်ရှိရာ တောင်တန်းအောက်၌ စိတ်ဝိညာဉ်စွမ်းအင်သွေးကြော၏ အမြှီးပိုင်းတစ်ပိုင်း ငြိမ်သက်စွာ လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအမြှီးပိုင်းမှတစ်ဆင့် သူသည် အထက်သို့ ဆက်လက်၍ ကြည့်လိုက်သည်။

ဤစိတ်ဝိညာဉ်စွမ်းအင်သွေးကြောသည် အလွန် ရှည်လျားပြီး မိုင်ပေါင်းများစွာ ရှည်လျားကာ အိပ်ပျော်နေသော နဂါးဖြူကြီးတစ်ကောင်နှင့် တူညီနေသည်။

သူ၏ပုံရိပ် လှုပ်ရှားသွားကာ ဖူကွမ်လှိုဏ်ဂူမှ တိုက်ရိုက်ထွက်ခွာလာခဲ့သည်။

သို့သော် သူ မထွက်ခွာမီ ဖူကွမ်လှိုဏ်ဂူကို တစ်ချက်လှည့်ကြည့်လိုက်၏။

ဤနေရာသည် ဆက်လက်၍ တည်ရှိနေရန် အကြောင်းမရှိတော့ချေ။

"ဝုန်း..."

သူသည် လေထဲတွင် လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လွှတ်လိုက်ရာ...

ပေတစ်ထောင်နီးပါး ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ဆင်းသက်လာပြီး ကြီးမားသော တုန်ခါမှုကို ဖြစ်ပေါ်စေသည်။

ထို့နောက် ဖူကွမ်လှိုဏ်ဂူ တည်ရှိရာ နေရာသည် သူ၏လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အမှုန်အမွှားများအဖြစ်သို့ တိုက်ရိုက်ကြေမွှပျက်စီးသွားပေ၏။

ပေတစ်ထောင်ခန့် မြင့်မားသော ရေခဲမှုန်များနှင့် ဖုန်မှုန့်များ တထောင်းထောင်းထလာသည်။

ဖုန်မှုန့်များ ငြိမ်သက်သွားချိန်၌...

မူလက နိမ့်ချည်မြင့်ချည်ရှိသော တောင်တန်းကြီးနှင့် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော နေရာတဝိုက်သည် လွင်ပြင်တစ်ခုအဖြစ် တိုက်ရိုက် ပြားချပ်သွားတော့သည်။

ဤသို့ဖြင့် ဖူကွမ်လှိုဏ်ဂူသည် လောကကြီးပေါ်မှ ဖျောက်ဖျက်ခြင်း ခံလိုက်ရလေ၏။

တောင်များနှင့်မြေပြင် တုန်ခါနေမှုများအကြားတွင် ကျုံးချင်သည် စိတ်ဝိညာဉ်စွမ်းအင်သွေးကြော၏ မူရင်းဇစ်မြစ်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ကျုံးချင် ထွက်ခွာသွားသည်နှင့် ဟေးပိုင်သည် သူ၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသည်။

တောင်တန်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် သူတို့သည် ကြီးမားသော ရေခဲတောင်ကြားတစ်ခုသို့ ရောက်ရှိလာကြသည်။

ဤနေရာသည် စိတ်ဝိညာဉ်စွမ်းအင်သွေးကြော၏ မူရင်းဇစ်မြစ်နေရာပင်။

"စနစ်... ဒီ စိတ်ဝိညာဉ်စွမ်းအင်သွေးကြောကို ဘယ်လို စုပ်ယူရမလဲ..."

ကျုံးချင်က စိတ်မရှည်စွာဖြင့် မေးမြန်းလိုက်သည်။

"စနစ်က လက်ခံသူအတွက် အလိုအလျောက် စုပ်ယူပေးပါလိမ့်မယ်..."

"ဝုန်း... ဝုန်း..."

စနစ်၏ အသံဆုံးသွားသည်နှင့်...

တောင်တန်းကြီးသည် ရုတ်တရက် တုန်ခါသွားပေ၏။

ထို စိတ်ဝိညာဉ်စွမ်းအင်သွေးကြောသည် အထွတ်အထိပ် စွမ်းအားတစ်ရပ်၏ အတင်းအဓမ္မ စုပ်ယူခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ထိုအရာများသည် လှိုင်းထန်နေသော စိတ်ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။

ထိုစွမ်းအားများသည် မြစ်ကြီးတစ်စင်းမှ ဆူနာမီလှိုင်းလုံးကြီးတစ်ခုအလား ပန်းထွက်လာပြီး ကျုံးချင်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

အချိန်တခဏတာအတွင်းတွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး၌ စိတ်ဝိညာဉ်စွမ်းအားများဖြင့် လုံးလုံးလျားလျား လွှမ်းခြုံသွားတော့သည်။

စွမ်းအင်သိပ်သည်းဆသည် ထူထပ်လွန်းသဖြင့် အရည်အဖြစ်သို့ ပြောင်းလဲသွားတော့မည့်အလားပင်။

ကျုံးချင်ကို ဗဟိုပြုပြီး ပေတစ်ထောင် ပတ်လည် နေရာတစ်ခုလုံးသည် စိတ်ဝိညာဉ်စွမ်းအင်ရည်များဖြင့် ဖုံးလွှမ်းသွားပေ၏။

ထို့နောက် စိတ်ဝိညာဉ်စွမ်းအင် ရေကန်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

စနစ်၏ လုပ်ဆောင်ချက်အောက်တွင် ကျုံးချင်သည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုအလား ဤလှိုင်းထန်နေသော စိတ်ဝိညာဉ်စွမ်းအင်ရည်များကို လွတ်လပ်စွာ စုပ်ယူနေတော့သည်။

ဤသို့ဖြင့် နေ့မှည ညမှနေ့သို့ ကူးပြောင်းကာ သူ၏စွမ်းအင်စုပ်ယူမှု ဆက်လက်၍ ဖြစ်ပေါ်နေသည်။

အချိန်ကာလသည် ဖြည်းညင်းစွာ ကုန်ဆုံးသွားကာ သုံးလေးရက်တာအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

သုံးလေးရက်ကြာ စုပ်ယူပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်သွေးကြောတစ်ခုလုံး၏ စိတ်ဝိညာဉ်စွမ်းအင်များကို ကျုံးချင်က အကုန်အစင် စုပ်ယူပြီးပြီဖြစ်ကာ တစ်စက်မျှပင် မကျန်တော့ချေ။

မူလက ကျုံးချင်၏ကျင့်ကြံဆင့်သည် ယင်သုံးပါးနယ်ပယ် ပထမအဆင့်တွင်သာ ရှိခဲ့သည်။

ဤစိတ်ဝိညာဉ်စွမ်းအင်သွေးကြောတစ်ခုလုံးကို ဝါးမြိုလိုက်ပြီးနောက် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အဆင့်ငယ်တစ်ခု တိုက်ရိုက်ချိုးဖျက်နိုင်ခဲ့သည်။

သူသည် ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားပေ၏။

ဤကဲ့သို့ တိုးတက်မှုမျိုးသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

လူတစ်ယောက်၏ ကျင့်ကြံခြင်းခရီးပေါက်ရောက်လာလေလေ တိုးတက်ရန် ပို၍ခက်ခဲလာလေလေပင်။

သာမန်ကျင့်ကြံသူများသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် အဆင့်ငယ်လေးတစ်ဆင့် မြင့်တက်ရန်အတွက် နှစ်ပေါင်း ရာထောင်ချီပြီး ကြိုးစားအားထုတ်ရလေ့ရှိသည်။

ယင်သုံးပါးနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် အဆင့်ငယ်တစ်ဆင့်ကို ခြေတစ်လှမ်းတည်းနှင့် ကျော်ဖြတ်ရန် ကြိုးစားခြင်းသည် ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။

ထို့ပြင် အဆင့်ငယ်တစ်ခုစီတိုင်း၏ တိုးတက်မှုသည် စွမ်းအားပိုင်းတွင် မိုးနှင့်မြေကဲ့သို့ ကွာခြားမှုကို ယူဆောင်လာပေးသည်။

ကျုံးချင် သေသေချာချာ အာရုံခံကြည့်လိုက်သည်။

အကယ်၍ ယင်သုံးပါးနယ်ပယ် ပထမအဆင့်၏ တိုက်ခိုက်ရေးစွမ်းအားကို တစ်သောင်းဟု သတ်မှတ်မည်ဆိုလျှင်..

ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့်၏ တိုက်ခိုက်ရေးစွမ်းအားသည် တစ်သိန်းအထိ တိုက်ရိုက် ထိုးတက်သွားလေပြီ။

အမှန်တကယ်ကို အဆင့်ငယ်တစ်ခု ကောင်းကင်တစ်ထပ်ပင်။

အဆင့်ချိုးဖျက်မှု ပြီးဆုံးသွားပြီဟု ကျုံးချင် တွေးထင်လိုက်စဉ်မှာပင် စနစ်၏အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"စုယဲ့သည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားကြောင်း တွေ့ရှိရသည်... လက်ခံသူသည် အဆတစ်သောင်း မြှင့်တင်မှု ရရှိပါမည်..."

စနစ်၏အသံဆုံးသွားသည်နှင့်...

ကျုံးချင်၏မျက်နှာအမူအယာ ရုတ်တရက် တောက်ပသွားသည်။

သူသည် စိတ်ဝိညာဉ်စွမ်းအင် သွေးကြောတစ်ခုလုံးကို စုပ်ယူပြီးသော အချိန်မှာပင် ယခု ကျင့်ကြံဆင့် မြှင့်တင်မှုကို ထပ်မံ၍ ရရှိခဲ့သလော...

သူ အံ့အားသင့်နေစဥ်မှာပင် မမြင်နိုင်သော ကြီးမားသည့် စွမ်းအားတစ်ရပ်သည် ကျုံးချင်ထံသို့ တိုးဝင်လာသည်။

အချိန်တခဏခန့် ကြာမြင့်ပြီးနောက်...

ဤသည်က ကျုံးချင်၏ကျင့်ကြံဆင့်စွမ်းအားကို ထပ်မံ၍တိုးတက်စေပြီး အထွတ်အထိပ်အသစ်တစ်ခုသို့ ရောက်ရှိစေခဲ့သည်။

သူသည် ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားပြီး ယင်သုံးပါးနယ်ပယ် တတိယအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ဤအချက်က ကျုံးချင်ကို အလွန်စိတ်လှုပ်ရှားသွားစေသည်။

"ဒီကောင်လေး စုယဲ့က တကယ်ကို ဝီရိယကောင်းတာပဲ..."

"ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ သူက ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်အောင် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်..."

"မဆိုးဘူး... မဆိုးဘူး..."

သူ ပြန်ရောက်လျှင် သူ၏တပည့်လေးကို ကောင်းကောင်း ဆုချရမည်ဟု သူ စဉ်းစားလိုက်၏။

သို့သော် ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်သည် တတိယအဆင့်သို့ ရောက်ရန် အနည်းငယ် လိုအပ်နေဆဲပင်။

ဤအချက်ကြောင့် အဆင့်တက်ခြင်းသည် သိပ်ပြီးမပြည့်စုံလှဟု ကျုံးချင်ကို ခံစားမိစေသည်။

"တကယ်လို့ လင်းဖုန်းသာ အဆင့်တက်လာခဲ့ရင်..."

"သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် သူ အဆင့်တက်ပြီးတဲ့နောက်မှာ အဆတစ်သောင်း မြှင့်တင်မှုကနေ ငါ့ကို ယင်သုံးပါးနယ်ပယ် တတိယအဆင့်ဆီ အပြည့်အဝ တွန်းပို့ပေးဖို့ လုံလောက်မှာပဲ..."

သို့သော်...

လူတစ်ယောက်၏ ကံကောင်းခြင်းများ ရောက်လာပြီဆိုလျှင် မည်သည့်အရာကမျှ တားဆီး၍ မရချေ။

သူ ထိုသို့ တွေးလိုက်မိစဉ်မှာပင်...

စနစ်၏အချက်ပေးသံ ထပ်မံ၍ ရောက်ရှိလာသည်။

"လင်းဖုန်းသည် လမင်းနက်နဲသိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားကြောင်း တွေ့ရှိရသည်... လက်ခံသူသည် ကျင့်ကြံဆင့် အဆတစ်သောင်း မြှင့်တင်မှုကို ရရှိပါမည်..."

"ရှီး..."

ဤသတင်းကို ကြားချိန်တွင် ကျုံးချင်ထံ၌ တည်ငြိမ်သော စိတ်နှလုံးသား ရှိနေသည့်တိုင် လေအေးတစ်ချက်မရှိုက်ဘဲ မနေနိုင်တော့ချေ။

သူ၏ကံတရားသည် ကောင်းကင်ဘုံကို အာခံနေသည်ဟု ဆိုရပေမည်။

သူသည် အမှန်တကယ်ကို လိုတရ ဖြစ်နေပေ၏။

ဤတပည့်နှစ်ယောက်သည် အလွန်အရည်အချင်းရှိပြီး သူတို့အပေါ်ထားသော သူ၏ မေတ္တာ စေတနာများသည် အလဟဿ မဖြစ်ခဲ့ချေ။

သူတို့၏အဆင့်တက်နှုန်းက တစ်ယောက်ထက် တစ်ယောက် ပို၍သာလွန်နေကြသည်။

လင်းဖုန်း အဆင့်တက်သွားသည်နှင့် အဆတစ်သောင်း ကျင့်ကြံဆင့် မြှင့်တင်မှုသည် ကျုံးချင်ကို ဒုတိယအဆင့်မှ တတိယအဆင့်သို့ အတားအဆီးကို လုံးလုံးလျားလျား ကျော်ဖြတ်နိုင်စေခဲ့သည်။

သူသည် စနစ်၏အချက်အလက်ပြဇယားကွက်ကို ဖွင့်လိုက်၏။

【လက်ခံသူ : ကျုံးချင်...

ကျင့်ကြံဆင့်နယ်ပယ်: ယင်သုံးပါးနယ်ပယ် တတိယအဆင့်

တပည့် : လင်းဖုန်း လမင်းနက်နဲသိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့် (အဆတစ်ရာ တိုးမြှင့်ခြင်း အသက်ဝင်နေသည်)

တပည့် : စုယဲ့ ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် (အဆတစ်ရာ တိုးမြှင့်ခြင်း အသက်ဝင်နေသည်)

အသက်ဝင်နေသော နှောင်ကြိုးများ : အမှိုက်နှောင်ကြိုး ၂/၂ နောက်ထပ်နှောင်ကြိုးများ ရှာဖွေရန် လိုအပ်သည်

ရရှိထားသော ရုပ်ခန္ဓာကိုယ် : မရှိ

ရရှိထားသော အထူးစွမ်းရည်များ : လျောက်လျူအရှိန်အဝါ ကောင်းကင်ဘုံမျက်လုံး အဆင့်တူ ချေမှုန်းခြင်း ကမ္ဘာငယ်လေး】

ကျုံးချင်သည် အချက်အလက်ပြဇယားကို ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အနည်းငယ် စိတ်လှုပ်ရှားနေသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။

ပထမဦးစွာ သူသည် ဖူကွမ်လှိုဏ်ဂူမှ ကြီးမားသော ချမ်းသာကြွယ်ဝမှုများကို ရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက် သူသည် စိတ်ဝိညာဉ်စွမ်းအင်သွေးကြောတစ်ခုကို တွေ့ရှိခဲ့ပြီး သူ၏ ကျင့်ကြံဆင့်ကို နောက်ထပ်အဆင့်ငယ်တစ်ခု မြင့်တက်စေခဲ့သည်။

ယခုအချိန်၌ သူ့တပည့်ကောင်း နှစ်ယောက်၏ ကျင့်ကြံခြင်းသည် ထပ်မံ၍ အဆင့်တက်သွားသဖြင့် သူ၏စွမ်းအားကို တစ်ဖန်ထပ်၍ မြင့်တက်သွားစေသည်။

ကျုံးချင်သည် ယင်သုံးပါးနယ်ပယ် တတိယအဆင့် ကျင့်ကြံခြင်း၏ ထူးခြားသော စွမ်းအားကို ခံစားလိုက်ရပြီး ယခင်က မရှိခဲ့ဖူးသော ခွန်အားကို ခံစားနေရသည်။

စိတ်လှုပ်ရှားပြီးနောက် ကျုံးချင်သည် သံသယစိတ် အနည်းငယ်ကို မခံစားဘဲ မနေနိုင်တော့ချေ။

သူ မထွက်ခွာမီက တပည့်တစ်ဦး၏ ကျင့်ကြံခြင်းသည် ချန်ရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွင်သာ ရှိသေးပြီး တခြားတစ်ဦးမှာ ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးကြောင်း သူ မှတ်မိသည်။

ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း၌ သူတို့နှစ်ယောက်သည် အဓိကနယ်ပယ်ကြီးတစ်ခုကို ဆက်တိုက်ချိုးဖျက်နိုင်ခဲ့ကြသည်။

သူတို့၌ အခွင့်အလမ်းသစ်များနှင့် ကံကောင်းခြင်းများ ရရှိခဲ့ကြသလော..

သေချာသည်မှာ ဤအရာများသည် အဓိကအချက် မဟုတ်ပေ။

အဓိကအချက်မှာ ယခင်က သူတို့ အဆင့်ငယ်လေးတစ်ဆင့် တက်လျှင်ပင် သူ၏ကျင့်ကြံခြင်းကို ကြယ်ပျံတစ်စင်းကဲ့သို့ ထိုးတက်သွားစေနိုင်ခဲ့သည်။

ယခုမူ အဓိကနယ်ပယ်ကြီးတစ်ခုလုံး အဆင့်တက်သည့်တိုင် သူ့ကို အဆင့်ငယ်လေး တစ်ဆင့်မျှသာ မြင့်တက်စေတော့သည်။

ဤအရာသည် သဘာဝကျခြင်းမရှိဟု ဆိုရမည်လော...

အချိန်တခဏမျှ စဉ်းစားပြီးနောက် ကျုံးချင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ လှိုင်းထန်နေသော စိတ်ဝိညာဉ်စွမ်းအားများကို ခံစားလိုက်သည်။

သူ၏မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

သူ၏ကျင့်ကြံဆင့်သည် ယခုချိန်၌ အလွန်မြင့်မားနေလေပြီ။

သူသည် သူ၏တပည့်များထက် အဓိကနယ်ပယ်များစွာ သာလွန်နေလေပြီ။

သူတို့သည် အဓိကနယ်ပယ်ကြီးတစ်ခုကို ချိုးဖျက်ကာ သူ အဆတစ်သောင်း မြှင့်တင်မှုကို ရရှိသည့်တိုင် ယင်သုံးပါးနယ်ပယ်တွင်ရှိသော ထိပ်သီးကျင့်ကြံသူ တစ်ယောက်အတွက်တော့ တိုးမြှင့်မှုသည် အကန့်အသတ် ရှိနေဆဲပင်။

"တတိယမြောက် တပည့်ကို ရှာဖွေဖို့က ငါ့အတွက် အရမ်းကို အရေးတကြီး လိုအပ်နေပြီပဲ..."

All Chapters