← Chapters

ဘယ်သူလဲ

Vol. 16 Ch. 154

ဘယ်သူလဲ

Vol. 16 Ch. 154

"ဘာတွေ ဖြစ်သွားတာလဲ..."

ဤမြင်ကွင်းသည် လူတိုင်း၏အသိစိတ်အာရုံကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည်။

ဤအရာများသည် ရေခဲတောင်ကြီးများ ဖြစ်ပေ၏။

ထိုရေခဲတောင်ကြီးများသည် နှစ်ပေါင်းထောင်နှင့်ချီ၍ တည်တံ့ခဲ့ကာ အရည်မပျော်နိုင်လောက်အောင် အလွန်အမင်း မာကျောသော်လည်း ယခုအချိန်တွင် ထိုကြီးမားသော ရေခဲတောင်ကြီးနှစ်လုံးသည် ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုမျှသာ မကသေးဘဲ နာမည်ဆိုးဖြင့် ကျော်ကြားသော ဖူကွမ်လှိုဏ်ဂူမှ ဓားပြများကိုလည်း မည်သည့်နေရာတွင်မျှ ရှာမတွေ့တော့ချေ။

"တစ်ယောက်လောက် သွားကြည့်စမ်းပါ... ဘာတွေ ဖြစ်သွားတာလဲဆိုတာ စုံစမ်းခဲ့စမ်း..."

နန်ကုန်းရှောင်မန်၏အသံက အိပ်ဆောင်အတွင်းမှ ထွက်ပေါ်လာသည်။

သူမ၏စကားသံ ဆုံးသွားသည်နှင့် လူနှစ်ဦးသည် အလျင်အမြန် ပြေးထွက်သွားကြ၏။

ကြွင်းကျန်သော လူတစ်စုသည် ထိုအခွင့်အရေးကို အသုံးချကာ ရပ်တန့်ပြီး အနားယူလိုက်ကြသည်။

နန်ကုန်းရှောင်မန်က အိပ်ဆောင်ထဲမှ ထွက်လာခဲ့သည်။

"သခင်မလေး... ရေ သောက်လိုက်ပါအုံး..."

ဖုန်းထျန်းရှင်းသည် ရေဘူးသီးခြောက်တစ်ဘူးကို ထုတ်ယူကာ ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်သည်။

"မသောက်တော့ဘူး... ရေမဆာဘူး..."

နန်ကုန်းရှောင်မန်သည် စားသောက်ချင်စိတ် မရှိကြောင်း သိသာထင်ရှားလှ၏။ သူမ၏ ပုံရိပ်သည် အိပ်ဆောင်နံဘေးတွင် ရပ်တန့်သွားပြီး ဖူကွမ်လှိုဏ်ဂူရှိရာဘက်သို့ လှမ်းကြည့်လိုက်ကာ သူမ၏မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

စုံစမ်းစစ်ဆေးရန် တာဝန်ယူထားသော အစောင့်နှစ်ဦးသည် ယခင်က ဖူကွမ်လှိုဏ်ဂူ တည်ရှိရာ နေရာအထက်သို့ ရောက်ရှိသွားကြပြီး ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရှုလိုက်သော်လည်း သက်ရှိလူသားဟူ၍ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိရချေ။

သို့သော် ဖြူဖွေးသော နှင်းများအောက်တွင် ဖုံးကွယ်ထားသော စူးရှသည့် သွေးညှီနံ့ကို သူတို့ ရလိုက်ကြသည်။

သူတို့နှစ်ဦးသည် အပျက်အစီးများကို တူးဖော်ကြည့်လိုက်ရာ သူတို့၏မျက်လုံးများရှေ့ရှိ မြင်ကွင်းကြောင့် မှင်သက်သွားကြသည်။

လူသေများ... နေရာတိုင်းတွင် လူသေအလောင်းများ ရှိနေကာ....

အလောင်းများသည် ထူထပ်သိပ်သည်းစွာဖြင့် မြေပြင်ပေါ်တွင် စုပုံနေပြီး ဂူသခင် စစ်ထူဝူကျီးပင်လျှင် အပျက်အစီးများကြားတွင် ရိုက်နှက်ခံထားရကာ သေဆုံးနေသည်ကို မြင်တွေ့လိုက်ရသည်။

ဤမြင်ကွင်းသည် သံသယဖြစ်ဖွယ်မလိုဘဲ သူတို့အတွက် ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်စေခဲ့သည်။

စစ်ထူဝူကျီးသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်။

သူသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သူ ဖြစ်ပေ၏။

သို့သော် အခင်းဖြစ်ပွားရာနေရာကို ကြည့်ခြင်းအားဖြင့် သူသည် လုံးဝခုခံနိုင်စွမ်းမရှိခဲ့ဘဲ ချက်ချင်းသတ်ဖြတ်ခံလိုက်ရကြောင်း သိသာထင်ရှားနေသည်။

ဖူကွမ်လှိုဏ်ဂူမှ အခြားအဖွဲ့ဝင်များသည်လည်း ခုခံနိုင်စွမ်း မရှိခဲ့ကြဘဲ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အသတ်ခံလိုက်ရကြောင်း သိသာထင်ရှားသည်။

ထိုလူနှစ်ဦးသည် အချိန်မဆွဲဘဲ သူတို့ တွေ့ရှိသည့် အချက်များကို နန်ကုန်းရှောင်မန်ထံသို့ ပြန်လည်၍ သတင်းပို့လိုက်ကြသည်။

"သခင်မလေးကို သတင်းပို့ပါတယ်... ဖူကွမ်လှိုဏ်ဂူက လူတွေအားလုံး သေသွားပါပြီ..."

"တစ်ယောက်မှ အသက်ရှင်ရက် မကျန်တော့ပါဘူး..."

"အဲ့ဒီနေရာမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ခြေရာလက်ရာ မတွေ့ရပါဘူး... တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရတဲ့ ပုံစံပါပဲ..."

သူမသည် သံသယဝင်ပြီးသား ဖြစ်သော်လည်း ဤသတင်းစကားသည် နန်ကုန်းရှောင်မန်ကို ထိတ်လန့်သွားစေဆဲပင်။

ထိုလူနှစ်ဦး၏ သုံးသပ်ချက်အရ ဤကဲ့သို့ လုပ်ရပ်မျိုးကို ပြုလုပ်နိုင်သူသည် အလွန်မြင့်မားသော ကျင့်ကြံဆင့် ရှိရပေမည်။

အနည်းဆုံးအနေဖြင့် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေနိုင်သည်။

မဖြစ်နိုင်ဘူး... မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးတောင် ဒီအဆင့်ထိ ရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး...

မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သည် စွမ်းအားကြီးမားသော်လည်း ဖူကွမ်လှိုဏ်ဂူမှ ကျင့်ကြံသူများသည်လည်း အားမနည်းကြချေ။ အကယ်၍ သူတို့ထံ၌ ယှဉ်ပြိုင်နိုင်စွမ်း မရှိလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်မည့် စွမ်းအားမျိုး ရှိနေသည်။

သို့သော် ထိုလူနှစ်ဦး၏ အစီရင်ခံမှုအရ တစ်ဖက်လူသည် သူတို့ကို လုံးလုံးလျားလျား တစ်ဖက်သက် ချေမှုန်းလိုက်ကြောင်း သိသာထင်ရှားနေသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ချေရှိသည်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်...

ထိုကဲ့သို့သော ထိပ်သီးကျင့်ကြံသူမျိုးသည် သူမအတွက် ထိပ်တန်းဆရာကြီးများအနက်မှ တစ်ဦးသာ ဖြစ်ပေ၏။

ဖူကွမ်လှိုဏ်ဂူ ပျက်စီးသွားခြင်းနှင့် နှိုင်းယှဉ်လျှင် ရေခဲတောင်ကြီးနှစ်လုံး တိုက်ရိုက်ပြားချပ်သွားသည့်အချက်က ပို၍ကြောက်မက်ဖွယ် ကောင်းနေသည်။

"ဦးလေးဖုန်း... ဘယ်သူ့ရဲ့လက်ချက်လို့ ထင်လဲ..."

နန်ကုန်းရှောင်မန်က ဖုန်းထျန်းရှင်းကို မေးမြန်းလိုက်သည်။

ဖုန်းထျန်းရှင်းက ခေါင်းခါယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်၏။

"ဒီလိုပုဂ္ဂိုလ်မျိုးတွေက နဂါးလိုပဲလေ... ခေါင်းပြပြီး အမြှီးမပြတတ်ကြဘူး... ကျွန်တော်က သူတို့နဲ့ တွေ့ဆုံဖို့ သိကျွမ်းဖို့ အရည်အချင်း မမီပါဘူး... မှတ်မိဖို့ဆိုတာ ပိုတောင်ဝေးသေးတယ်..."

သူတို့နှစ်ဦး စကားပြောနေစဉ်တွင်...

ကင်းလှည့်စောင့်ကြပ်ရန် တာဝန်ယူထားသော အစောင့်တစ်ဦးသည် သက်ရှိတစ်စုံတစ်ရာကို တွေ့ရှိလိုက်ပုံရပြီး အဝေးရှိ ချိုင့်ဝှမ်းတစ်ခုဆီသို့ကြည့်၍ အော်ဟစ်လိုက်သည်။

"ဘယ်သူလဲ... ထွက်ခဲ့စမ်း..."

သူ၏အသံ ဆုံးသွားသည်နှင့် သူသည် ရှေ့သို့ တက်သွားပြီး မကြာမီတွင် လူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။

ဤသည်မှာ အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးနှင့် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးပင်။

"သခင်မလေး... မသင်္ကာစရာ အမျိုးသမီးနှစ်ယောက်ကို တွေ့ထားပါတယ်... သခင်မလေး ဆုံးဖြတ်ပေးပါ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် သူ ဖမ်းဆီးထားသော အမျိုးသမီးနှစ်ဦး၏ မျက်နှာအမူအယာများ ချက်ချင်းပျက်ယွင်းသွားကြသည်။

"ခဏလေး နေပါအုံး... ကျွန်မတို့က လူဆိုးတွေ မဟုတ်ပါဘူး... ကျွန်မတို့က ဖူကွမ်လှိုဏ်ဂူကနေ ထွက်ပြေးလာတဲ့သူတွေပါ..."

"ကျေးဇူးပြုပြီး... အရှင်တို့က ကျွန်မတို့ကို သနားသဖြင့် အသက်ချမ်းသာပေးပါ..."

ထိုအမျိုးသမီးနှစ်ဦးက တပြိုင်နက်တည်းတောင်းပန်လိုက်ကြသဖြင့် လူများအားလုံး စိတ်ဝင်စားသွားကြသည်။

နန်ကုန်းရှောင်မန်သည် ထိုအမျိုးသမီးနှစ်ဦးကို စူးစိုက်၍ ကြည့်လိုက်၏။

"နင်တို့က ဖူကွမ်လှိုဏ်ဂူကနေ ထွက်ပြေးလာတယ်လို့ ပြောတယ်နော်... ဖူကွမ်လှိုဏ်ဂူကို ဘယ်သူ ဖျက်ဆီးပစ်လိုက်တာလဲဆိုတာ သိလား..."

"အရှင်မ... ကျွန်မတို့က သူ့ရဲ့နာမည်ကို မသိပါဘူး..."

"အနက်ရောင်ဝတ်ရုံ ဝတ်ထားတဲ့ စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုတာပဲ သိပါတယ်..."

အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက တုန်တုန်ရီရီဖြင့် အဖြေပေးလိုက်သည်။

နန်ကုန်းရှောင်မန်က သူမ၏မျက်လုံးများကို မှေးစင်းလိုက်၏။

"ဒီတောင်နှစ်လုံးကိုရော သူပဲ ဖြိုချလိုက်တာလား..."

အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက တုံ့ပြန်အဖြေပေးသည်။

"အရှင်မ... ဒီတောင်နှစ်လုံးကိုတော့ အဲ့ဒီလူရဲ့ သခင်က လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ ဖြိုချလိုက်တာပါ..."

ကျုံးချင် ထိုလက်ဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်စဉ်က သူမတို့နှစ်ဦးသည် အဝေးကြီးသို့ မရောက်သေးချေ။

ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြန်တွေးမိလျှင် သူမတို့နှစ်ဦးသည် ယခုချိန်ထိ ကြက်သီးထနေမိဆဲပင်။

ထိုအမျိုးသမီးနှစ်ဦး၏စကားများက နန်ကုန်းရှောင်မန်အား ကိစ္စရပ်၏အဓိကအချက်ကို နားလည်သဘောပေါက်သွားစေသည်။

သူမ၏စိတ်နှလုံးသား ရုတ်တရက် တုန်ရီသွားသည်။

"နင်တို့ ပြောချင်တာက... ဖူကွမ်လှိုဏ်ဂူကို ဖျက်ဆီးလိုက်တာ လူနှစ်ယောက်ပေါ့... သခင်နဲ့ အစေခံ နှစ်ယောက်လား..."

"အစေခံက ဖူကွမ်လှိုဏ်ဂူက လူတွေအကုန်လုံးကို သတ်ပစ်လိုက်ပြီးတော့... သခင်ဖြစ်တဲ့သူက လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ ဖူကွမ်လှိုဏ်ဂူတစ်ဂူလုံးကို ပြားချပ်သွားအောင် လုပ်လိုက်တယ်ပေါ့..."

"ဟုတ်ပါတယ်..."

"အရှင်မ... ကျွန်မတို့က တကယ့်ကို အပြစ်ကင်းပါတယ်... ကျွန်မတို့က ဖူကွမ်လှိုဏ်ဂူရဲ့ဓားပြတွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရတဲ့ သနားစရာ မိန်းကလေးတွေပါ..."

"ကျွန်မတို့... ကျွန်မတို့ကို အသက်ရှင်ခွင့် ပေးလို့ ရမလား..."

သနားဖွယ်ကောင်းနေသော အမျိုးသမီးနှစ်ဦးကို ကြည့်ရင်း နန်ကုန်းရှောင်မန်၏ စိတ်ထဲတွင် ကရုဏာသက်မိသွားသည်။

"ဘာမှစိတ်မပူပါနဲ့..."

"ငါက မေးခွန်းနည်းနည်းလောက် မေးချင်ရုံပါ... နင်တို့ကို ဒုက္ခပေးဖို့ ဆန္ဒမရှိပါဘူး..."

"အဲ့ဒီ သခင်နဲ့ အစေခံက ဘယ်လိုပုံစံလဲ ဆိုတာ ပြောပြနိုင်မလား..."

အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ပြောဆိုသည်။

"အစေခံက အရပ်ရှည်ရှည်နဲ့ ပိန်ပါးတယ်...သူက အနက်ရောင် ဝတ်ရုံကို ဝတ်ထားတယ်..."

"သူက အရမ်းစွမ်းအားကြီးတဲ့ လူတစ်ယောက်ပါ..."

"သူ့ရဲ့ ကျင့်ကြံဆင့်ကလည်း အရမ်းကြောက်စရာ ကောင်းတယ်... သူ... သူက ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါ..."

"ဝုန်း..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏ စိတ်နှလုံးသားများထဲတွင် မုန်တိုင်းထန်သကဲ့သို့ တုန်လှုပ်ချောက်ချားသွားကြသည်။

"ကောင်းကင်... နက်နဲသိမ်မွေ့နယ်ပယ်..."

သူတို့သည် ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း အတည်ပြုချက်ကို ရရှိချိန်၌ ထိတ်လန့်မသွားဘဲ မနေနိုင်ကြတော့ချေ။

ဤကျင့်ကြံဆင့်နယ်ပယ်သည် သံသယဖြစ်ဖွယ်မလိုဘဲ ကြီးမားသော တောင်ကြီးတစ်လုံးပင်။

ဤသည်က လူအများကို အသက်ရှူမှားသွားစေနိုင်သည်။

ထို့ထက်ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်မှာ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် အစေခံတစ်ဦးမျှသာ ဖြစ်နေခြင်းပင်။

"ဒါဆိုရင်... သူ့သခင်ရဲ့ နာမည်က ဘယ်သူလဲ... သူ့ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်လဲ... ပြီးတော့ ဘယ်လိုပုံစံလဲ..."

နန်ကုန်းရှောင်မန်က ဆက်လက်၍ မေးမြန်းသည်။

အနီရောင်ဝတ်စုံဝတ်အမျိုးသမီးက တီးတိုး ပြောဆိုသည်။

"အဲ့ဒီ အနက်ရောင်ဝတ်ရုံနဲ့လူရဲ့ သခင်နာမည်ကို ကျွန်မတို့ မသိပါဘူး..."

"သူ ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာလည်း ကျွန်မတို့ မသိပါဘူး..."

"ကျွန်မတို့ သိတာကတော့ သူက အသားဖြူဖြူ သန့်သန့်ပြန့်ပြန့်နဲ့ စာပေပညာရှင်တစ်ယောက်လိုပါပဲ... အသက် နှစ်ဆယ်တောင် ပြည့်ပုံမရသေးဘူး..."

"သူက အရမ်းချောမောခန့်ညားပြီးတော့ အရမ်းကို ယဉ်ကျေးသိမ်မွေ့တဲ့ပုံပါပဲ..."

ထိုစကားများကို ကြားလိုက်ရသည်နှင့် နန်ကုန်းရှောင်မန်သည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် သူမ၏နောက်ကျောဘက်သို့ မသိစိတ်မှ လှမ်းကြည့်လိုက်မိပြီး သူမ၏အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်။

ထို့နောက် သူမ၏ လက်ချောင်းလေးများဖြင့် လေဟာနယ်သို့ ခပ်ဖွဖွတို့ထိလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းဂယက်များ လေထုထဲတွင် ထွက်ပေါ်လာသည်။

သူမသည် ကျုံးချင်၏ပုံရိပ်ကို လေထုထဲတွင် ချက်ချင်းပုံဖော်ပြသလိုက်သည်။

"ဒီလူလား..."

"ဟုတ်တယ်... သူပါပဲ..."

ထိုအမျိုးသမီးနှစ်ဦးသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျုံးချင်ကို ချက်ချင်းမှတ်မိသွားကြပြီး ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ကြသည်။

ထိုအတည်ပြုချက်ကို ရလိုက်သည်နှင့် နန်ကုန်းရှောင်မန်၏စိတ်နှလုံးသားထဲတွင် လှိုင်းဂယက်များ တလိမ့်လိမ့်ထလာသည်။

အစောပိုင်းက သူမ တွေ့ဆုံခဲ့ပြီး သူမနှင့်အတူ ခရီးသွားရန် ဖိတ်ခေါ်ခဲ့သော သူသည် ဤကဲ့သို့သော ဆရာကြီးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့မိချေ။

သူ့ကို နတ်ဆိုးကျင့်ကြံသူများ သတ်ဖြတ်လိုက်မည်ကို သူမ စိုးရိမ်ခဲ့မိသည်မှာ ရယ်ရွှင်ဖွယ်ရာပင် ကောင်းနေတော့သည်။ သူသည် ထိုဓားပြအုပ်စုကို အမြစ်ပြတ် သုတ်သင်ခဲ့သည်အား သူမ မသိခဲ့ပေ။

နန်ကုန်းရှောင်မန်၏တုန်လှုပ်မှုနှင့် နှိုင်းယှဉ်လျှင် ဖုန်းထျန်းရှင်း၏ အမာရွတ်များနှင့် မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ပုံပျက်ရှုံ့တွသွားပေ၏။

အစောပိုင်းက သူသည် ကျုံးချင်ကို လက်ပါရန်ပင် ကြိုးစားခဲ့သေးသည်။

ယခု သူ ပြန်စဉ်းစားကြည့်ချိန်တွင် ဤသည်က အသက်ရှည်ချင်သောလူသည် အဆိပ်သောက်ပြီး ကိုယ့်သေတွင်း ကိုယ်တူးမိတော့မည့်အလား ဖြစ်သွားသည် မဟုတ်လော...

တစ်ဖက်လူက မည်ကဲ့သို့ အဆင့်အတန်းမျိုး ရှိသောသူ ဖြစ်သနည်း....

အစေခံတစ်ယောက်တည်းကပင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။

အကယ်၍ သူသာ လှုပ်ရှားမိခဲ့လျှင် သူသာ ဒုက္ခရောက်ရုံသာမက သခင်မလေးလည်း သူနှင့်အတူ ဒုက္ခရောက်သွားနိုင်သည်။

အချိန်တခဏတာအတွင်းတွင် သူ၏စိတ်နှလုံးသားထဲ၌ အဆုံးမဲ့သော ကြောက်ရွံ့မှုများ ပေါက်ဖွားလာသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်က သခင်မလေးသည် သူ့ကို တားဆီးခဲ့ပေ၏။

ထိုသို့မဟုတ်ပါက အကျိုးဆက်သည် တွေးဝံ့စရာပင် မရှိချေ။

ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ရုံဖြင့် သူ၏ ခြေထောက်များ ပျော့ခွေသွားသည်။

ဤသည်မှာ သူ အလွန်ထိတ်လန့်ကြောက်ရွံသွားသောကြောင့်ပင်။

လူများအားလုံး၏စိတ်နှလုံးသားများ ထိတ်လန့်တုန်လှုပ်နေပြီး အချိန်ကြာမြင့်စွာအထိ မတည်ငြိမ်နိုင်ဘဲ ဖြစ်နေစဉ်မှာပင်...

အမျိုးသမီးနှစ်ဦးက တွေဝေတုံ့ဆိုင်းစွာဖြင့် တီးတိုးမေးလိုက်ကြသည်။

"အရှင်မ... ကျွန်မတို့... ကျွန်မတို့ သွားလို့ ရပြီလား.."

"သွားကြတော့..."

နန်ကုန်းရှောင်မန်၏ရင်ဘတ် အနည်းငယ် တုန်ခါနေသည်။ သူမသည် လက်ဝှေ့ယမ်းလိုက်ပြီး ထိုအမျိုးသမီးနှစ်ဦးကို သွားခွင့်ပြုလိုက်၏။

သူမ၏စိတ်ထဲတွင် အဖြူရောင်ဝတ်စုံဝတ်လူ၏ ပြိုင်ဘက်ကင်းသော အမူအယာကို တွေးတောနေမိသည်။

ဤသည်က အမှန်တကယ်ကို သူမ စိတ်ကူးယဥ်တွေးတောကြည့်ရန် ခက်ခဲလှသည်။

သူ၏အမူအယာသည် ထူးခြားရုံသာမက သူ၏ စွမ်းအားသည်လည်း ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းပေ၏။

သူ့ထံတွင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစေခံတစ်ယောက် ရှိနေရုံသာမက သူ၏လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ရေခဲတောင်ကြီးနှစ်လုံးကို ပြားချပ်သွားအောင် လုပ်နိုင်စွမ်း ရှိသည်။

နန်ကုန်းရှောင်မန်သည် ထိတ်လန့်တုန်လှုပ်နေသော်လည်း အဓိကကိစ္စကို မေ့လျော့ခြင်း မရှိပေ။ ထို့ပြင် ထိုကဲ့သို့ လူတစ်ယောက်သည် သူမနှင့် လမ်းကြောင်းတူသူ မဟုတ်ကြောင်းလည်း သိထားသဖြင့် သူမ၏ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်ပြီး လူများအားလုံးကို ပြောဆိုလိုက်သည်။

"နင်တို့အားလုံး အနားယူလို့ ပြီးပြီလား..."

"နာမည်မဲ့မြို့တော်ကို အမြန်ဆုံး သွားရမယ်လို့ အဖေက အမိန့်ပေးထားတယ်..."

"သခင်မလေး... ကျွန်တော်တို့က အချိန်မရွေး ထွက်ခွာဖို့ အဆင်သင့်ပါပဲ..."

အစောင့်များ၏ တညီတညွတ်တည်း တုံ့ပြန်အဖြေပေးလိုက်သည်။

"ဒါဆိုရင် နင်တို့အားလုံး ပင်ပန်းသွားရပြီ..."

ထို့နောက်...

ထိုလူအုပ်စုသည် ကြီးကျယ်ခမ်းနားစွာဖြင့် ဆက်လက်၍ ခရီးထွက်ခွာသွားကြသည်။

သို့သော် ခရီးဝေးသို့ ရောက်သွားသည့်တိုင်အောင် လူများအားလုံးသည် အဝေးရှိ ချိုင့်ဝှမ်းကြီးဘက်သို့ ရံဖန်ရံခါ လှည့်ကြည့်နေမိကြဆဲပင်။

All Chapters