အုပ်စိုးသူအရှင် အမွေအနှစ်
Vol. 16 Ch. 155
အခြားတစ်ဖက်တွင်...
ကျုံးချင်သည် ယင်သုံးပါးနယ်ပယ်၏ ထူးခြားသော နက်နဲသိမ်မွေ့မှုများကို ဆင်ခြင်သုံးသပ်နေဆဲပင်။
ယင်သုံးပါးနယ်ပယ်သည် သာမန်လူသားများ၏ အတိုင်းအတာထက် ကျော်လွန်နေပြီဟု ဆိုနိုင်သည်။
ထိုအဆင့်သို့ ရောက်ရှိသွားသူ တစ်ယောက်သည် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများကို အခြေခံအားဖြင့် နားလည်သဘောပေါက်နေလေပြီ။
ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် နက်ရှိုင်းသော စွမ်းအားတစ်ခုပင်။
ဤအဆင့်တွင် ထိုကျင့်ကြံသူ၏လုပ်ဆောင်ချက်တိုင်းသည် ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားကို သယ်ဆောင်ထားပေ၏။
ဤသည်က သာလွန်ထူးကဲပြီး ပြောင်မြောက်လှသည်။
ယင်သုံးပါးနယ်ပယ်တွင် အဆင့်သုံးဆင့်ရှိပြီး အဆင့်တစ်ခုချင်းစီတွင် မတူညီသော ထူးခြားချက်များ ရှိကြသည်။
အဆင့်တစ်ခုချင်းစီသည် အသစ်စက်စက်ဖြစ်သော ကမ္ဘာတစ်ခုအလားပင်။
ထိုကျင့်ကြံဆင့်နယ်ပယ်အတွင်းရှိ အံ့အားသင့်ဖွယ်အရာများကို စာကြောင်းတစ်ကြောင်းတည်းဖြင့် ဖော်ပြရန် ခက်ခဲလှသည်။
နောက်ထပ် တစ်ရက် ကုန်ဆုံးသွားသည်။
ကျုံးချင်သည် နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင်စွမ်းအားကို အခြေခံအားဖြင့် နားလည်သဘောပေါက်သွားပေ၏။
စနစ်က သူ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်သည် အလွန်ခိုင်မာသောကြောင့် ထပ်မံ၍ ခိုင်မာအောင် လုပ်ဆောင်ရန် မလိုအပ်ကြောင်း ပြောဆိုခဲ့သော်လည်း...
ယောက်ျားတစ်ယောက်အနေဖြင့် သူသည် သူ၏ စွမ်းအားကို ရှင်းလင်းစွာ နားလည်သဘောပေါက်ထားရန် လိုအပ်သည်။
ရေခဲတောင်ပေါ်တွင် ထူထပ်သိပ်သည်းသော နှင်းများသည် အဆုံးမရှိအောင် ရှည်လျားစွာ တည်ရှိနေသည်။
ကျုံးချင် မြောက်ပိုင်းဒေသသို့ ရောက်ရှိလာစဥ်ကတည်းက အချိန်တိုင်းလိုလို မြောက်ပိုင်းဒေသတွင် နှင်းများ ကျဆင်းနေခဲ့သည်။
ဤသည်မှာ ကမ္ဘာကြီး အဆုံးသတ်သွားသည့်တိုင် နှင်းများ ဆက်လက်၍ ကျဆင်းနေမည့်အလားပင်။
သူသည် အကျင့်ပါနေသောကြောင့် ဝိုင်အရက်ဘူးကို ပါးစပ်နားသို့ ယူဆောင်သွားလိုက်ရာ အထဲတွင် ဝိုင်တစ်စက်မျှ မကျန်တော့ဘဲ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဟေးပိုင်... သွားကြစို့... ဝိုင်သွားဝယ်ရအောင်..."
သူ့ကိုယ်သူ သတိမထားမိလိုက်ဘဲ ဝိုင်အရက်သည် ကျုံးချင်၏ဘဝတွင် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့လေပြီ။
သူ ထမင်းမစားဘဲ တစ်ရက်နေနိုင်သော်လည်း ဝိုင်အရက်မသောက်ဘဲ တစ်ရက်မျှ မနေနိုင်ချေ။
ကျုံးချင်၏စကားသံ ဆုံးသွားသည်နှင့် ဟေးပိုင်၏ပုံရိပ်သည် တစ်နေရာရာမှ ရုတ်တရက် ထွက်ပေါ်လာသည်။
အချိန်တခဏကြာခန့် လမ်းကြောင်းကို အာရုံခံကြည့်ပြီးနောက် သူတို့နှစ်ဦးသည် မြောက်ဘက်အရပ်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြပြီး မကြာမီ မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏။
သူတို့သည် နေ့ဝက်ခန့် ခရီးနှင်ခဲ့ကြပြီး မရေမတွက်နိုင်သော တောင်ထိပ်များကို ဖြတ်ကျော်ခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့သည် မြို့တစ်မြို့သို့ ရောက်ရှိလာကြသည်။
ထိုမြို့၏အမည်မှာ နာမည်မဲ့မြို့ပင်။
ဤမြို့၏အတိုင်းအတာသည် အလွန်ကြီးမားလှ၏။
အရှေ့ပိုင်းဒေသတွင် အစည်ကားဆုံးဟု လူသိများသော ဆေးမြို့တော်ထက်ပင် ဆယ်ဆကျော် ပို၍ကြီးမားသည်။
မြို့ရိုးများတစ်ခုတည်းကပင် ပေတစ်ရာနီးပါး မြင့်မားကာ မြို့၏ ခမ်းနားထည်ဝါသော အသွင်အပြင်မှာ အံ့အားသင့်ဖွယ်ကောင်းသည်။
မြို့တစ်မြို့လုံးသည် ရေခဲများ နှင်းများဖြင့် ပြုလုပ်ထားသော သားရဲကြီးတစ်ကောင်နှင့် တူညီနေသည်။
မြို့တံခါးများ ကျယ်ဝန်းစွာ ပွင့်နေပြီး အရပ်မျက်နှာအဘက်ဘက်မှ ကျင့်ကြံသူများသည် အဆက်မပြတ် စုရုံးရောက်ရှိလာကြ၏။
ကျုံးချင် အနည်းငယ် အံ့အားသင့်သွားသည်။
ဤလူများ၏ စွမ်းအားသည် မနိမ့်ကျကြပေ။ လူတချို့သည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်တွင် ရှိကြပြီး တချို့သည် လမင်းနက်နဲသိမ်မွေ့နယ်ပယ်တွင် ရှိကြကာ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျွမ်းကျင်သူ အမြောက်အများပင် ရှိနေကြသည်။
အရှေ့ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသကြား ကွာဟချက်သည် အမှန်တကယ်ကို အနည်းငယ်မျှသာ မဟုတ်ချေ။
ထို့ပြင် ဤနေရာသည် မြောက်ပိုင်းဒေသ၏ အစွန်အဖျားနေရာသာ ဖြစ်ပေ၏။
သူတို့နှစ်ယောက်သား မြို့ထဲသို့ ဝင်ရောက်လာကြသည်။
နှင်းများ သည်းထန်စွာ ကျဆင်းနေသော်လည်း မြို့ထဲတွင် ထူးထူးခြားခြား စည်ကားနေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် စားသောက်ဆိုင်များနှင့် ဆိုင်ခန်းများ တန်းစီနေကာ လမ်းများပေါ်တွင် လူများ အဆုံးမရှိ သွားလာနေကြသည်။
ကျုံးချင်သည် ဟေးပိုင်နှင့်အတူ အနီးအနားရှိ စားသောက်ဆိုင် တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။
"လူကြီးမင်း... ကြွပါခင်ဗျ..."
တံခါးဝမှ စားပွဲထိုးသည် သူတို့ကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်၏။
ထိုစားပွဲထိုး၏ကျင့်ကြံဆင့်ကို ကျုံးချင်က စစ်ဆေးကြည့်လိုက်ရာ အံ့အားသင့်ဖွယ်ကောင်းအောင်ပင် သူသည် ချန်ရွှမ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။
အရှေ့ပိုင်းဒေသတွင်ဆိုလျှင် ထိုကဲ့သို့ လူတစ်ယောက်သည် ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား ဂိုဏ်းတချို့၏ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပေမည်။
သို့သော် ဤနေရာတွင်မူ သူသည် သာမန် စားပွဲထိုးလေးတစ်ဦးသာ ဖြစ်နေသည်။
ဤခရီးစဉ်ကို ထွက်လာခြင်းအားဖြင့် သူသည် အမှန်တကယ်ကို ဗဟုသုတအသစ်များ ရရှိလိုက်သည်ဟု ကျုံးချင်က ခံစားမိသည်။
ဤစားသောက်ဆိုင်တွင် အထပ်သုံးထပ်ရှိကာ ရေခဲကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။
ဤရေခဲကျောက်တုံးများသည် မြောက်ပိုင်းဒေသ၏ ထူးခြားသောထွက်ကုန်တစ်ခုပင်။
အိမ်ဆောက်ရာတွင် အသုံးပြုသော ပစ္စည်းအများစုမှာ ဤအရာများ ဖြစ်ကြ၏။
ထိုရေခဲကျောက်တုံးသည် မာကျောပြီး အသွင်အပြင်သည် ရှေးဟောင်းဆန်ကာ လှပပြီး ခမ်းနားထည်ဝါသည်။
ထိုကြောင့် ဤစားသောက်သည် ကောင်းကင်ပြာရောင် ရဲတိုက်တစ်ခုနှင့်ပင် တူညီနေသည်။
စားပွဲထိုး၏လမ်းညွှန်မှုအောက်တွင် ကျုံးချင်နှင့် ဟေးပိုင်တို့သည် ပထမထပ်ရှိ ပြတင်းပေါက်ဘေးမှ နေရာတစ်ခုကို ရွေးချယ်လိုက်ကြသည်။
သူတို့နှစ်ဦး ထိုင်လိုက်သည်နှင့် စားပွဲထိုးသည် ဆိုင်၏ နာမည်ကြီးဟင်းလျာများကို သွက်လက်စွာဖြင့် အကြံပြုပေးလေ၏။
"ဧည့်သည်တော်တို့... ဘာများ သုံးဆောင်ချင်ပါသလဲ..."
"ဒါက ကျွန်တော်တို့ရဲ့ ဟင်းလျာစာရင်းပါ..."
ထို့နောက် သူသည် ဟင်းလျာစာရင်းတစ်ခုကို လက်ကမ်းပေးလေသည်။
ဟင်းလျာစာရင်းသည် အလွန်စုံလင်ကာ ဟင်းပွဲအမျိုးအစားပေါင်း ရာနှင့်ချီ၍ရှိပြီး ရေထဲတွင် ကူးခတ်နေသော အရာများ ကောင်းကင်တွင် ပျံသန်းနေသော အရာများနှင့် မြေပြင်ပေါ်တွင် ပြေးလွှားနေသော အရာများ ပါဝင်သည်။
ထိုအရာအားလုံးသည် ထူးခြားဆန်းပြားသော သားရဲအသားများ ဖြစ်ကြ၏။
အသား၏အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းများ ကွဲပြားကြသည်။
စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်မှသည် တစ်ပွဲလျှင် စိတ်ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ ပေးရသော ဟင်းပွဲများအထိ ရှိသည်။
ထိုဟင်းပွဲများသည် အစာအိမ်ကို ဖြည့်တင်းရုံ သက်သက်မဟုတ်ဘဲ တချို့ဟင်းပွဲများသည် ကျင့်ကြံခြင်းကို တိုးတက်စေခြင်းနှင့် အသက်စွမ်းအားကို တိုးပွားစေခြင်းစသည့် အကျိုးသက်ရောက်မှုများပင် ရှိနေသည်။
"နှင်းနွားသား သုံးပိဿာ..."
"နွားရိုင်းခွာပြုတ် လေးပွဲ..."
"မြေပဲဆံ တစ်ပန်းကန်..."
"ဆန်ဝိုင်အရက် လေးအိုး..."
ကျုံးချင်သည် သာမန်ဟင်းပွဲလေးငါးပွဲကိုသာ မှာယူလိုက်သည်။
မကြာမီ အစားအစာများနှင့် ဝိုင်အရက်များအားလုံး ရောက်ရှိလာသည်။
သူ တစ်ယောက်တည်း သောက်ရသည်မှာ အနည်းငယ် ပျင်းစရာကောင်းနေသည်။ ထိုကြောင့် ကျုံးချင်က ဟေးပိုင်ကို လှမ်းခေါ်လိုက်သည်။
"ထိုင်ပြီး ငါနဲ့အတူ သောက်ပါအုံး..."
ဟေးပိုင်သည် ရုပ်သေးရုပ် ဖြစ်သော်လည်း သူသည် စစ်မှန်သော အသွေးအသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ သူ့ထံတွင် ကိုယ်ပိုင်အတွေးများပင် ရှိနေသည်။
ကျုံးချင်အပေါ် ရာနှုန်းပြည့် သစ္စာရှိခြင်းမှလွဲ၍ သူသည် သာမန်လူတစ်ယောက်နှင့် မခြားနားပေ။ ဟေးပိုင်သည် ကျုံးချင်၏ စကားကို အမြဲတစေ ခြွင်းချက်မရှိ နာခံလေ့ရှိသည်။
သူတို့နှစ်ယောက်သားသည် ဝိုင်အရက်သောက်ပြီး ဟင်းပွဲများကို စားနေကြသည်။ ထိုအချိန်မှာပင် အနီးအနားရှိ စားပွဲဝိုင်းမှ စကားပြောသံများသည် ကျုံးချင်၏စိတ်အာရုံကို ဖမ်းစားလိုက်၏။ ထိုစားပွဲဝိုင်းတွင် လူလေးယောက် ထိုင်နေကြသည်။ သူတို့သည် ကျင့်ကြံခြင်းလောကမှ လူမိုက်များ၏အငွေ့အသက်ကို ဆောင်ထားကြသည်။
လက်တစ်ဖက်ပြတ်နေသော အမျိုးသားတစ်ဦးက အော်ဟစ်လိုက်သည်။
"ငါတို့က ညီအစ်ကိုတွေ ဟုတ်လား မဟုတ်လား... ဟုတ်တယ်ဆိုရင် ဒီည တစ်ယောက်ယောက်ကို သွားတိုက်ခိုက်ဖို့ ငါနဲ့အတူ လိုက်ခဲ့ကြစမ်း..."
"ဘယ်သူ့ကို တိုက်ခိုက်မှာလဲ..."
တခြားလူသုံးယောက်က တပြိုင်နက်တည်း မေးမြန်းလိုက်ကြသည်။
"ခွေးမတစ်ကောင်ကို..."
လက်တစ်ဖက်ပြတ်လူ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သူသည် စားပွဲရှည်ကို ရိုက်ချပြီး ပြောဆိုသည်။
"ငါ စဉ်းစားမိလေလေ ပိုပြီးဒေါသထွက်လေလေပဲ..."
"မနေ့ညက ငါ လမ်းပေါ်မှာ ပျော်ဖို့ ခွေးမတစ်ကောင် ရှာနေတုန်းမှာ အဲ့ဒီခွေးမက တော်တော်လေး ရက်စက်တယ်... ငါ့ကို လွင့်ထွက်သွားအောင် ရိုက်ရုံတင်မကဘူး... ငါ့ရဲ့ဘောင်းဘီကို ချွတ်ခိုင်းပြီး မြေကြီးပေါ်မှာ ဒူးထောက်ခိုင်းတယ်..."
"အယ်ရွှယ်တောင်ရဲ့ အာဏာရှင်လေးယောက်ထဲက တစ်ယောက်အနေနဲ့ ဒီလို အရှက်ခွဲခံရတာကို ငါ ဘယ်လိုလုပ်ပြီးတော့ သည်းခံနိုင်မှာလဲ..."
"အဲ့ဒီမိန်းမက ဘယ်လိုပုံစံလဲ... မင်းလိုလူကိုတောင် ဒုက္ခရောက်အောင် လုပ်နိုင်တယ်..."
လူတစ်ယောက်က မေးမြန်းသည်။
လက်တစ်ဖက်ပြတ်လူက တုံ့ပြန်အဖြေပေးလိုက်၏။
"သူက အနီရောင်ဝတ်စုံ ဝတ်ထားတယ်... သူ့ရဲ့ ဆံပင်မှာ ကျောက်စိမ်းဆံထိုး ထိုးထားပြီး ခါးမှာ လေခြူခေါင်းလောင်းလေးတွေ ချိတ်ထားတယ်..."
"အစ်ကိုကြီး... သူ ဘယ်လိုပုံစံလဲဆိုတာ မေးနေပြီး ဘာလုပ်မှာလဲ... မေးခွန်းတစ်ခုပဲ မေးမယ်... ခင်ဗျားက ဒီညီလေးကို ကူညီမှာလား မကူညီဘူးလား..."
ဆံပင်အနီနှင့်လူက တွေဝေတုံ့ဆိုင်းနေသည်။
"တတိယညီလေး... ဒီကိစ္စကို မင်း သည်းခံလိုက်ဖို့ ငါ မျှော်လင့်တယ်..."
လက်တစ်ဖက်ပြတ်လူက စိတ်လှုပ်ရှားစပြုလာသည်။
"ငါတို့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာတုန်းက အေးအတူပူအမျှ အတူတူ မျှဝေခံစားကြမယ်လို့ သဘောတူခဲ့ကြတယ်လေ..."
"အခု ခင်ဗျားရဲ့ ညီက ဒီလောက်ထိကြီးမားတဲ့ အရှက်ခွဲမှုကို ခံစားနေရတာကို ခင်ဗျားက သည်းခံခိုင်းနေတယ်ပေါ့..."
ထိုစကားများက ဆံပင်အနီနှင့်လူ၏ မျက်နှာကို ချက်ချင်းမည်းမှောင်သွားစေသည်။
"မင်း သေချင်ရင် တစ်ယောက်တည်း သွားသေလိုက်... မင်းရဲ့ ညီအစ်ကိုတွေကိုပါ ဆွဲမချနဲ့..."
"ငါ မမှားဘူးဆိုရင် အဲ့ဒီမိန်းမက ဟယ်ဝမ်ဟုန်... သူက မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ပဲ..."
"သူ့ရဲ့လက်ထဲကနေ မင်း အသက်ရှင်ရက် လွတ်မြောက်လာနိုင်တာကတင် ကံကောင်းလွန်းနေပြီ..."
"ဒါတောင်မှ မင်းက သူ့ကို လက်စားချေချင်နေသေးတယ်ပေါ့... မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား... ဒါမှမဟုတ် မင်းရဲ့ ညီအစ်ကိုတွေ နေထိုင်ရတာ သက်တောင့်သက်သာ ရှိလွန်းနေတယ်လို့ ထင်နေတာလား..."
ထိုစကားကို ကြားချိန်၌ တခြားလူများသည် အံ့အားသင့်တုန်လှုပ်သွားကြ၏။
မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသည် အမှန်တကယ်ကို သူတို့ ရန်စနိုင်သူမျိုး မဟုတ်ချေ။
လက်တစ်ဖက်ပြတ်လူသည် စကားအနည်းငယ်ကို တီးတိုးရေရွတ်လိုက်ပြီးနောက် သူ တိတ်ဆိတ်သွားသည်။ သူ အလျှော့ပေးလိုက်ပြီ ဖြစ်ကြောင်း ထင်ရှားပေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့လေးဦးလုံးသည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်တွင်သာ ရှိကြသည်။
သူတို့ လေးယောက် ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးကို ယှဉ်နိုင်မည် မဟုတ်ချေ။
ကျောက်ပေါက်မာများနှင့် တောင့်တင်းသန်မာသောလူက ကြောက်ရွံ့စွာ ပြောလိုက်သည်။
"အစ်ကိုကြီး... ကျင့်ကြံခြင်းဆင့် မြင့်လေလေ ကလဲ့စားချေတတ်လေလေလို့ ငါ ကြားဖူးတယ်..."
"တတိယအစ်ကိုက သူ့ကို ပြစ်မှားမိခဲ့တာဆိုတော့... အဲ့ဒီမိန်းမက လက်စားချေဖို့ လာမှာတော့ မဟုတ်ပါဘူးနော်..."
"အဲ့ဒီလိုတော့ ဖြစ်မယ် မထင်ဘူး...ငါ မမှားဘူးဆိုရင် အဲ့ဒီမိန်းမက နန်ကုန်းမိသားစုရဲ့ အုပ်စိုးသူအရှင် အမွေအနှစ်ကို လိုချင်လို့ ဒီကို ရောက်နေတာ ဖြစ်လောက်တယ်..."
"အခုလောလောဆယ်မှာ ဒေသအသီးသီးက ထိပ်သီးကျင့်ကြံသူတွေက နာမည်မဲ့မြို့တော်မှာ စုရုံးနေကြပြီးတော့ နေရာအနှံ့မှာ လှုပ်ရှားမှုတွေ ရှိနေကြတယ်... သူတို့အားလုံးက အဲ့ဒီ အုပ်စိုးသူအရှင် အမွေအနှစ်ကို မျက်စိကျနေကြတာပဲ..."
"ငါတို့သာ ကိုယ့်သေတွင်းကိုယ်မတူးဘဲ သူ့ကို သွားမရန်စသရွေ့... သူက ငါတို့လို အသေးအမွှားကောင်တွေကို အာရုံစိုက်ဖို့ အချိန်ရှိမှာ မဟုတ်လောက်ဘူး..."
အခြားတစ်ဖက်တွင်...
ကျုံးချင်က ပြုံးလိုက်သည်။ သူသည် ကျင့်ကြံခြင်းလောကထဲတွင် သွားလာနေရသော ဤခံစားချက်ကို တော်တော်လေး နှစ်သက်မိသည်။
ဝိုင်အရက်သောက်ခြင်း အသားစားခြင်းနှင့် အရပ်မျက်နှာပေါင်းစုံမှ အတင်းအဖျင်း အမျိုးမျိုးကို နားထောင်ရခြင်းသည် အမှန်တကယ်ကို ဘဝ၏ ကြီးမားသော ပျော်ရွှင်မှုများအနက်မှ တစ်ခုပင်။
သို့သော်...
လူအမြောက်အများ ဆွေးနွေးနေကြသော အုပ်စိုးသူအရှင် အမွေအနှစ် ဆိုသည့်အရာက သူ၏စူးစမ်းလိုစိတ်ကို နှိုးဆွပေးလိုက်သည်။
သူ နာမည်မဲ့မြို့တော်ထဲသို့ ဝင်ရောက်လာစဥ်ကတည်းက သူ၏ပတ်ဝန်းကျင်ရှိ လူများအားလုံးသည် ဤအုပ်စိုးသူအရှင် အမွေအနှစ် အကြောင်းကို ဆွေးနွေးနေကြပုံရသည်။
ထို့ပြင် ထိုအရာသည် အရပ်မျက်နှာအဘက်ဘက်မှ ထိပ်သီးကျင်သူများကိုပင် ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။
ဤသည်က ထူးခြားဆန်းပြားသော အရာတစ်ခု ဖြစ်နေသလော...