ငါ ခုဏက အကန်းဖြစ်ခဲ့မိတာကို ဝန်ခံပါတယ်
Vol. 16 Ch. 160
"ဧကရာဇ်အဆင့် ကျင့်စဉ် တစ်ခုဆိုရင်ရော..."
ဧကရာဇ်အဆင့်ကျင့်စဉ်၏ တန်ဖိုးသည် အုပ်စိုးသူအရှင်အမွေအနှစ်နှင့် သဘာဝကျကျ နှိုင်းယှဉ်၍ မရနိုင်ချေ။ သို့သော် ဤသည်မှာ ကျုံးချင် သေချာစဉ်းစားပြီးမှ ရရှိလာသော ရလဒ်ပင်။ 'အပြစ်ကင်းသော်လည်း ရတနာ ပိုင်ဆိုင်ထားမိ၍ အပြစ်ရှိသလို ဖြစ်ရသည်' ဟူသော ဆိုရိုးစကားအတိုင်းပင်။
နန်ကုန်းမိသားစု၏ အတိုင်းအတာအရ အကယ်၍ သူသည် ဧကရာဇ်အဆင့်ထက်မြင့်သော ကျင့်စဉ်ကို ပေးခဲ့လျှင်ပင် သူတို့အနေဖြင့် ကာကွယ်နိုင်စွမ်း ရှိမည် မဟုတ်ဘဲ မိသားစုတစ်ခုလုံးကို ရှင်းလင်းသုတ်သင်ပစ်မည့် ဘေးဒုက္ခကိုပင် ဆောင်ကြဉ်းလာနိုင်သည်။ နောက်ဆုံးတွင် အုပ်စိုးသူအရှင်အမွေအနှစ်သည် အတိတ်က သင်ခန်းစာတစ်ခု ဖြစ်နေလေပြီ။
ကျုံးချင်က ဧကရာဇ်အဆင့် ကျင့်စဉ်အကြောင်း ပြောလိုက်သည်နှင့် နန်ကုန်းရှန်ထျန်းနှင့် သူ၏သမီးတို့ မှင်သက်သွားကြသည်။ ဤှသည်မှာ ကျုံးချင် ကမ်းလှမ်းသော တန်ကြေးသည် နည်းပါးလွန်းသောကြောင့် မဟုတ်ဘဲ သူတို့၏စိတ်ကူးယဉ်နိုင်စွမ်းထက်ကို ကျော်လွန်နေသောကြောင့်ပင်။
အမှန်အားဖြင့်ဧကရာဇ်အဆင့်ကျင့်စဉ်သည် အုပ်စိုးသူအရှင် အမွေအနှစ်နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ သို့သော် ထိုအရာသည် သူတို့ လက်လှမ်းမီနိုင်ပြီး လဲလှယ်နိုင်သော အကောင်းဆုံးအရာပင်။ ဧကရာဇ်အဆင့်ကျင့်စဉ်များသည် သာလွန်ထူးကဲသော အင်အားစုများ၏ အဓိကကျင့်ကြံခြင်းနည်းစနစ်များ ဖြစ်ကြပြီး တင်းကြပ်စွာ လျှို့ဝှက်ထားကြသည်ကို သတိပြုရပေမည်။
ထိုအရာများအနက်မှတစ်ခု ပျံ့နှံ့သွားလျှင်ပင် မရေမတွက်နိုင်သော လူများကို မနာလိုဝန်တို ဖြစ်သွားစေနိုင်သည်။ ထို့ပြင် ထိုကဲ့သို့ ကျင့်ကြံခြင်း နည်းစနစ်များကို ပိုင်ဆိုင်ထားသူများသည် ယေဘုယျအားဖြင့် နန်ကုန်းမိသားစုကဲ့သို့ အင်အားစုများ ရန်စနိုင်သူများ မဟုတ်ကြချေ။ အကယ်၍ ကျုံးချင်နေရာ၌ တခြားလူတစ်ဦးတစ်ယောက်သာ ဖြစ်ခဲ့လျှင် သူတို့နှင့် တည်ငြိမ်စွာ အပေးအယူ လုပ်နေမည် မဟုတ်ဘဲ အတင်းအကြပ် လုယူသွားကြပေလိမ့်မည်။
"စီနီယာက တကယ်ပဲ ဧကရာဇ်အဆင့် ကျင့်စဉ်ကို ထုတ်ပေးနိုင်မယ်ဆိုရင် ဒီအဘိုးကြီးက အုပ်စိုးသူအရှင်အမွေအနှစ်ကို ကိုယ်တိုင်ပေးအပ်ဖို့ ဆန္ဒရှိပါတယ်..."
နန်ကုန်းရှန်ထျန်းသည် အသက်ရှူရပ်လုနီးပါး အလျင်စလို ပြောဆိုလိုက်သည်။
ကောင်းမွန်သော ကျင့်ကြံနည်းစနစ်တစ်ခုသည် အင်အားစုတစ်ခုကို သိသိသာသာ တိုးတက်စေနိုင်ပေ၏။ ဤသည်မှာ အင်အားစုတစ်ခု သန်မာအားကောင်းလာစေရန် အခြေခံအုတ်မြစ်ပင်။ ဤကျင့်ကြံနည်းစနစ်ကို နားလည်သဘောပေါက်ပြီးသည်နှင့် နန်ကုန်းမိသားစုတွင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ထွက်ပေါ်လာရန် အချိန်ကြာမြင့်တော့မည် မဟုတ်ချေ။
အကယ်၍ အုပ်စိုးသူအရှင်အမွေအနှစ်သည် ငယ်ရွယ်စဉ် သေဆုံးနိုင်ခြေများသော ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ဦးကို ဖန်တီးရန် မိသားစု၏ အနာဂတ်ဖြင့် လောင်းကြေးထပ်ခြင်းဖြစ်သည်ဟု ဆိုလျှင် ဧကရာဇ်အဆင့်ကျင့်စဉ်သည် အချိန်တိုအတွင်း သူတို့၏စွမ်းအားကို မြင့်တက်စေပြီး အောင်မြင်မှုနှင့် ခြေတစ်လှမ်း ပို၍နီးကပ်စေမည့် ကုထုံးတစ်ခုပင်။
ဤအချက်ပေါ် မူတည်၍ ဧကရာဇ်အဆင့် ကျင့်စဉ်၏ တန်ဖိုးသည် အုပ်စိုးသူအရှင် အမွေအနှစ်လောက် မမြင့်မားသော်လည်း နန်ကုန်းမိသားစုအတွက် အသင့်တော်ဆုံး အရာတစ်ခုဖြစ်သည်မှာ သေချာသည်။
နှစ်ဖက်လုံး သဘောတူညီမှု ရရှိသွားသဖြင့် ကျုံးချင်သည် အချိန်ဆွဲမနေတော့ပေ။ သူသည် "ကမ္ဘာကိုတုန်လှုပ်စေသော ဧကရာဇ်အဆင့် မှတ်တမ်း" ကျမ်းစာတစ်အုပ်ကို တိုက်ရိုက်ထုတ်ယူလိုက်၏။ ထို့နောက် သူ မျှော်လင့်ထားသည့်အတိုင်း အုပ်စိုးသူအရှင် အမွေအနှစ်ကို ရရှိခဲ့သည်။
ဤသည်မှာ ကျောက်စိမ်းပြားတစ်ချပ်ပင်။ ထိုကျောက်စိမ်းပြားတစ်ခုလုံးသည် ရှေးကျပြီး အထီးကျန်ဆန်သော အငွေ့အသက်ကို ထုတ်လွှတ်ထားပြီး ရှေးဟောင်းစိတ်ဆန္ဒတစ်ရပ် ပါဝင်နေသည်။ ထိုအပေါ်တွင် 'အုပ်စိုးသူအရှင် အမွေအနှစ်' ဟူသော ရှေးဟောင်းစာလုံးတချို့ကို ထွင်းထုထားသည်။
နှစ်ဖက်လုံးသည် သူတို့ လိုချင်သောအရာကို ရရှိခဲ့ကြလေပြီ။ သူတို့၏ အကြည့်များသည် သူတို့ ရရှိထားသော အရာများကို ဂရုတစိုက် စစ်ဆေးကြည့်ရှုနေကြသည်။ အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုပြီးနောက် ကျုံးချင်သည် အုပ်စိုးသူအရှင် အမွေအနှစ်ကို သူ၏ကမ္ဘာငယ်လေးထဲသို့ ချက်ချင်းထည့်လိုက်သည်။
ထို့နောက် သူသည် နန်ကုန်းရှန်ထျန်းကို ပြောဆိုသည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအပေးအယူမှာ ငါက ပိုအမြတ်ထွက်သွားတယ်... ဒါတွေကို မင်းတို့အတွက် အပိုလက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ..."
ထိုစကားကိုပြောဆိုရင်း သူသည် သစ်သားပန်းပုရုပ်ဆယ်ရုပ်ကို ထုတ်ယူလိုက်သည်။ ဤသစ်သားပန်းပုရုပ်များ ရှိနေသမျှ ကာလပတ်လုံး ဧကရာဇ်အဆင့်ကျင့်စဉ် ပေါက်ကြားသွားလျှင်ပင် သူတို့ ဖြေရှင်းနိုင်ပေမည်။
သို့သော် နန်ကုန်းရှန်ထျန်းသည် ထိုအရာများကို တစ်ချက်သာ ကြည့်လိုက်၏။ သူ၏စိတ်အာရုံသည် ဧကရာဇ်အဆင့်ကျင့်စဉ်အပေါ်သို့ ချက်ချင်း ပြန်ရောက်သွားသည်။
သူက ချီးကျူးစကား ပြောဆိုလိုက်သည်။
"စီနီယာ... ဒီအဘိုးကြီးက ရိုင်းစိုင်းတဲ့လူမို့လို့ ခွင့်လွှတ်ပေးပါ... ဒီလို လက်ရာမြောက်တဲ့ သစ်သားပန်းပုရုပ်တွေကို ကျွန်တော် တန်ဖိုးမထားတတ်ပါဘူး... ဒီကျင့်ကြံခြင်း နည်းစနစ်က လုံလောက်ပါပြီ... ကျေးဇူးပြုပြီး ဒီအပိုလက်ဆောင်တွေကို ပြန်သိမ်းသွားပေးပါ..."
ကျုံးချင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ခင်ဗျား မလိုချင်တာ သေချာလား..."
နန်ကုန်းရှန်ထျန်းသည် ကလေးကစားစရာ ဗုံတစ်လုံးအလား သူ၏ခေါင်းကို တွင်တွင်ခါယမ်းလိုက်၏။
"စီနီယာက ဒီသစ်သားပန်းပုရုပ်တွေကို ကိုယ်နဲ့မကွာ သယ်ဆောင်ထားတာ မြင်ရတော့ စီနီယာ တန်ဖိုးထားတဲ့ အရာတွေ ဖြစ်မှာပါ... လူကြီးလူကောင်းဆိုတာ သူတစ်ပါး မြတ်နိုးတဲ့အရာကို မယူရဘူးဆိုတဲ့ စကားပုံ ရှိတယ်လေ... ဒီသစ်သားပန်းပုရုပ်တွေက..."
သူ၏ စကားမဆုံးသေးမီမှာပင် ကျုံးချင်သည် သစ်သားပန်းပုရုပ်တစ်ရုပ်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။ နောက်ထပ်အချိန်တခဏတွင် သစ်သားပန်းပုရုပ်သည် မသေမျိုးအရှင်တစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာသည် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
စနစ်၏ တက်ရောက်စာရင်းသွင်းခြင်းမှတဆင့် ရရှိသော ပစ္စည်းများသည် ကျုံးချင်၏ စွမ်းအား တိုးတက်လာသည်နှင့်အမျှ ပို၍သန်မာအားကောင်းလာပေမည်။ ဤသစ်သားပန်းပုရုပ်များသည် ယင်သုံးပါးနယ်ပယ်သို့ ရောက်ရှိပြီးနောက် ကျုံးချင် တက်ရောက်စာရင်းသွင်း၍ ရရှိထားသော ပစ္စည်းများစွာအနက်မှ တချို့ပင်။
သစ်သားပန်းပုရုပ်၏ လုပ်ဆောင်ချက် အသက်ဝင်လာသည်နှင့် နန်ကုန်းရှန်ထျန်း၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ပြူးကျယ်သွားသည်။ ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုသည် သူ၏စိတ်ထဲတွင် ပြည့်နှက်သွားပေ၏။ ထိုသစ်သားပန်းပုရုပ်မှ ထွက်ပေါ်လာသော ဖိအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းသော ဖိနှိပ်ချုပ်ကိုင်နိုင်မှု ခံစားချက်ကို ပေးစွမ်းနေသည်။
"ဒါ... ဒါ... ဒါက..."
သူ၏ မျက်လုံးများသည် သစ်သားပန်းပုရုပ်ကို စိုက်ကြည့်ရင်း စူးရှတောက်ပနေသည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။
"စီနီယာ... ဒါက... တကယ်ကြီး ကျွန်တော့်အတွက်လား..."
သူ တံတွေးကို အလောတကြီး မျိုချလိုက်သည်။ ဤသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ အာသာဆန္ဒပြင်းပြနေသော သန်မာအားကောင်းသည့် ယောက်ျားတစ်ယောက်က ပြိုင်ဘက်ကင်း အလှပဂေးအုပ်စုကို ရုတ်တရက် တွေ့လိုက်ရသည့်အလားပင်။ သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုစီတိုင်းက 'ငါ လိုချင်တယ်' ဟု အော်ဟစ်နေကြသည်။
သူ့ဘေးနားရှိ နန်ကုန်းရှောင်မန်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေပြီး ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ ဖြစ်နေသည်။ သူမ၏တည်ငြိမ်သောပုံရိပ် လုံးလုံးလျားလျား ပျောက်ဆုံးသွားခဲ့လေပြီ။
"ခင်ဗျားက မလိုချင်ဘူးလို့ ပြောတယ် မဟုတ်လား..."
ကျုံးချင်က အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်သည်။
ထိုအချိန်တွင် နန်ကုန်းရှန်ထျန်းသည် သူ့ကိုယ်သူ ပါးဖြတ်ရိုက်ချင်စိတ် ပေါက်နေပြီး သူ၏ ပါးစပ်ပုပ်ကြီးကို ယောင်ကိုင်းသွားသည်အထိ ရိုက်ပစ်ချင်နေမိသည်။ ယင်သုံးပါးနယ်ပယ် ရုပ်သေးရုပ်... ထို့ပြင် ဆယ်ရုပ်တောင် တစ်ကြိမ်တည်း ပေးနေခြင်းပင်။ မည်မျှထိ အံ့အားသင့်ဖွယ်ကောင်းသော ရက်ရောမှုမျိုးဖြစ်သနည်း။ ဤသည်ကို သူဟူသော ငတုံးကောင်က ငြင်းပယ်ခဲ့မိသည်။
"စီ... စီနီယာ... ကျွန်တော် ဝန်ခံပါတယ်... စောစောက ကျွန်တော် အကန်းဖြစ်ခဲ့မိတယ်... အမ်... ကျွန်တော် ပြောခဲ့တဲ့ စကားကို ပြန်ရုတ်သိမ်းလို့ ရမလား..."
သူသည် ကျုံးချင်ကို သနားစဖွယ်မျက်နှာပေးဖြင့် ကြည့်လိုက်သည်။ အံ့အားသင့်စရာ ကောင်းသည်မှာ သူ့အရွယ်နှင့် လူတစ်ယောက်အတွက် ထူးခြားသော ချစ်စရာကောင်းသည့် အချိုးမပြေမှုမျိုး ရှိနေခြင်းပင်။
ကျုံးချင်သည် သူ၏ပုံစံကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ချေ။
"ယူထားလိုက်ပါ... ကျွန်တော် ပေးပြီးမှတော့ ပြန်ယူစရာ အကြောင်းမရှိပါဘူး... အသက်သွင်းလိုက်ရင် ဒီသစ်သားပန်းပုရုပ်တွေက ယင်သုံးပါးနယ်ပယ် စွမ်းအားကို ထုတ်လွှတ်နိုင်တယ်... အသက်သွင်းမှု တစ်ကြိမ်စီက နေ့ဝက်လောက် ကြာရှည်ခံတယ်... ဒါတွေက တစ်ခါသုံး ပစ္စည်းတွေပဲ... ချွေတာပြီး သုံးပါ..."
ဤသစ်သားပန်းပုရုပ်များ၏ စွမ်းအားကို ကျုံးချင်ကိုယ်တိုင် ပြောပြသည်ကို ကြားလိုက်ရသောအခါ နန်ကုန်းရှန်ထျန်း၏ အသက်ရှူသံများ ပို၍မြန်ဆန်လာသည်။
ယင်သုံးပါးနယ်ပယ်... နာမည်မဲ့မြို့တော် တစ်ခုလုံးတွင် ထိုအဆင့် ကျင့်ကြံသူမျိုး တစ်ယောက်မျှ ရှာမတွေ့နိုင်ချေ။ သို့ရာတွင် ယခုချိန်၌ သူ၏နန်ကုန်းမိသားစုတွင် ယင်သုံးပါးနယ်ပယ် သစ်သားပန်းပုရုပ်ဆယ်ရုပ်ပင်လျှင် ရှိနေလေပြီ။ မဟုတ်သေး... ယခုချိန်၌ ကိုးရုပ်သာ ကျန်တော့ပေမည်။ သူ၏အမှားကြောင့် ယင်သုံးပါးနယ်ပယ် ပန်းပုရုပ်တစ်ရုပ် အလဟဿ ကုန်ဆုံးသွားသည်ကို တွေးမိချိန်၌ နန်ကုန်းရှန်ထျန်းသည် သူ၏နှလုံးသွေးများ ယိုစီးကျလာသကဲ့သို့ ခံစားလိုက်ရသည်။
ဤပစ္စည်းများကို ကောင်းစွာအသုံးချနိုင်လျှင် ထိုအရာများ၏အကျိုးသက်ရောက်မှုက သူတို့၏အသက်ကို သေချာပေါက် ကယ်တင်နိုင်ပေမည်။ နန်ကုန်းမိသားစုတစ်စုလုံး၏ ကံကြမ္မာကိုပင် ပြောင်းပြန်လှန်ပစ်နိုင်ပေ၏။ သူ ယခုချိန်၌ သူ့ကိုယ်သူ ရိုက်သတ်ချင်နေမိသည်။ ဤသည်မှာ သူ အမှန်တကယ့်ကို ဖြုန်းတီးလိုက်ခြင်းပင်။ သေချာသည်မှာ သူ၏နှလုံးသား နာကျင်နေသော်လည်း အဓိကကိစ္စကို မေ့လျော့ခြင်း မရှိချေ။
"ဒီလိုရတနာတွေ ပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးအများကြီးတင်ပါတယ်..."
သူသည် ကျုံးချင်၏လက်ထဲမှ သစ်သားပန်းပုရုပ်များကို တန်ဖိုးကြီးရတနာများကဲ့သို့ ယူလိုက်သည်။ ကျုံးချင် စကားပြန်ရုတ်သိမ်းသွားမည်ကို သူ ကြောက်နေသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ဤအပေးအယူတွင် သူတို့ နန်ကုန်းမိသားစုက အကြီးအကျယ် အမြတ်ထွက်သွားခဲ့လေပြီ။
"ကဲ... အပေးအယူ ပြီးပြီဆိုတော့ ကျွန်တော် ပြန်ဖို့အချိန်တန်ပြီ..."
ကျုံးချင်က မတ်တတ်ထရပ်ပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။
"စီနီယာ... ကျွန်တော်တို့အိမ်တော်မှာ ရက်နည်းနည်းလောက် နေသွားပါလား..."
ကျုံးချင် ပြန်တော့မည်ဟု ကြားချိန်၌ နန်ကုန်းရှန်ထျန်း အမှန်တကယ်ကို နှမြောတသ ဖြစ်မိသွားသည်။ ကျုံးချင်သည် သူ့အား အကျိုးကျေးဇူးများစွာ ပေးခဲ့သည် မဟုတ်လော။ သူ၏အမြင်အရ ဤသည်မှာ လောကီလောကသို့ ဆင်းသက်လာသော ကောင်းကင်နတ်ဘုရားတစ်ပါးပင်။
နံဘေးရှိ နန်ကုန်းရှောင်မန်ကလည်း ဝင်ရောက်ပြောဆိုပြီး တားဆီးလိုက်သည်။
"စီနီယာ... ရက်နည်းနည်းလောက် နေသွားပါလား... ဒါမှ ကျွန်မတို့ နန်ကုန်းမိသားစုက အိမ်ရှင်ဝတ္တရား ကျေပွန်ခွင့် ရမှာပေါ့..."
"မနေတော့ပါဘူး..."
ကျုံးချင်က ငြင်းဆန်လိုက်သည်။
"မြို့ထဲမှာ ငါ့ရဲ့အပေါင်းအဖော်တွေ ရှိသေးတယ်... နောက်တစ်ခါ အခွင့်အရေးရှိရင် ပြောကြတာပေါ့..."
ကျုံးချင်က ပြန်ရန် ဆုံးဖြတ်ထားသည်ကို မြင်တွေ့ချိန်၌ သားအဖနှစ်ယောက်သည် ဆက်လက် ၍ဆွဲထားရန် ခက်ခဲကြောင်း သိလိုက်ကြသည်။ သူတို့သည် မတ်တတ်ထရပ်ပြီး ရိုသေလေးစားစွာဖြင့် သူတို့ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးရုံသာ တတ်နိုင်တော့သည်။
ကျုံးချင်သည် နန်ကုန်းအိမ်တော်မှ ထွက်ခွာသွားပြီးနောက် နန်ကုန်းရှန်ထျန်းသည် နန်ကုန်းရှောင်မန်ကိုကြည့်ပြီး သက်ပြင်းချလိုက်၏။
"ရှောင်မန်... ဒီတစ်ခါတော့ သမီးက မိသားစုအတွက် တကယ်ကို ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခု လုပ်ခဲ့တာပဲ... ဒီဝှက်ဖဲတွေ လက်ထဲရှိနေမှတော့ ငါတို့နန်ကုန်းမိသားစုက အန္တရာယ်ကနေ ဘေးကင်းလုံခြုံမှုကို ရရှိနိုင်ရုံတင်မကဘဲနဲ့ ရှေ့ဆက်ပြီး တိုးတက်နိုင်တော့မယ်..."
တက်ကြွလန်းဆန်းနေသော ဖခင်ဖြစ်သူကို ကြည့်ရင်း နန်ကုန်းရှောင်မန်လည်း သူမ၏စိတ်နှလုံးသားထဲမှ ဝမ်းသာနေမိသည်။ သူမသည် နန်ကုန်းမိသားစုတစ်စုလုံးကို ကယ်တင်နိုင်ခဲ့သောကြောင့်သာမက ဖခင်ဖြစ်သူ၏ ချီးကျူးမှုနှင့် အသိအမှတ်ပြုမှုကို ရရှိခဲ့သောကြောင့်လည်း သူမ ဂုဏ်ယူနေမိသည်။
Thank For Reading.