အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
အခန်း (၄၂၁) သွေးကြောများကို ပြန်လည်ပြုပြင်ခြင်း။ ပိုးအိမ်ကိုဖောက်၍ လိပ်ပြာအဖြစ် ကူးပြောင်းခြင်း။ ( ၂)
စူးချန်ခုန်းသည် အသက်ကို ဝဝရှူသွင်း ရှူထုတ်လိုက်ပြီး မိမိ၏ ကိုယ်ခန္ဓာကို ပိုမိုသန်မာလာစေရန် ထိုဆေးရည်များ၏ အစွမ်းသတ္တိကို သန့်စင်လိုက်သည်။
ဝှူး...
ဆေးအာနိသင်များသည် စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်းသို့ တစ်မျှင်ချင်း စိမ့်ဝင်သွားသည်။ ရာနှင့်ချီသော အဖိုးတန်ဆေးဖက်ဝင်အပင်များမှ ဖော်စပ်ထားသော ထိုဆေးရည်မှာ အလွန်နူးညံ့သိမ်မွေ့သဖြင့် သူ၏ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်တာ စိတ်သက်သာရာရစရာပင် ဖြစ်သည်။
"အရမ်းကို သက်သောင့်သက်သာရှိတာပဲ"
ဆေးရည်ထဲတွင် စိမ်နေရင်း စူးချန်ခုန်းသည် နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံကာ ဆေးရည်ကို စုပ်ယူလျက် သူ၏ အခြေခံကို တည်ဆောက်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်း ပွင့်လာသလို ခံစားရသည်။
အချိန်တွေကုန်လွန်လာသည်နှင့်အမျှ စူးချန်ခုန်း၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ စူးချန်ခုန်း၏ သွေးထဲတွင် မရေမတွက်နိုင်သော ဆေးဖက်ဝင်အပင်များ၏ ရနံ့များပင် သင်းပျံ့နေလေပြီ။
စူးချန်ခုန်း၏ ဧရာမဝေလငါးအတတ်ကြောင့် ရရှိထားသော ခန္ဓာကိုယ်အနေအထားနှင့်ဆိုလျှင် ဤဆေးရည်ကန်တစ်ခုလုံးကို အကုန်အစင် စုပ်ယူနိုင်ရန် နှစ်လမှ သုံးလခန့် ကြာမြင့်ပေမည်။
သုံးရက်တစ်ကြိမ်တွင် စူးချန်ခုန်းသည် ချမ်ရွေ့အဖြစ် အသွင်ပြောင်းကာ အစားအသောက်လာပို့သော ဝိညာဉ်လမ်းစဉ်ဂိုဏ်းဝင်များကို ရင်ဆိုင်ဖြေရှင်းရသည်။ သူ၏ နတ်ပိုးချည်ကျင့်စဉ် တိုးတက်မှုမှာလည်း သိသိသာသာ မြန်ဆန်လာသည်။
အချိန်တွေဟာ စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားပြီး နောက်ထပ် တစ်လခွဲခန့် ကြာသွားခဲ့သည်။ ထိုညတွင် စူးချန်ခုန်း၏ မျက်နှာပေါ်၌ ထိန်းမနိုင်သိမ်းမရသော ဝမ်းသာပီတိ အရိပ်အယောင်များ ပေါ်လာလေ၏။
စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ကြွက်သားများထဲတွင် အားနည်းသော စွမ်းအင်ဓာတ်တစ်မျှင်သည် တဖြည်းဖြည်း သန်မာလာပြီးနောက် ဖြူဖွေးသော စွမ်းအင်အမျှင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
၎င်းမှာ အသက်ဓာတ်နှင့် ပြည့်စုံသော နတ်ပိုးချည်ချီစွမ်းအင်ပင် ဖြစ်သည်။
ရှူး...
ဤနတ်ပိုးချည်ချီစွမ်းအင်အမျှင်သည် စူးချန်ခုန်း၏ သွေးကြောများတစ်လျှောက် စီးဆင်းသွားရာ ပြတ်တောက်နေသော သွေးကြောနေရာသို့ ရောက်သောအခါ ရပ်တန့်သွားပြီး ထိုနေရာကို ကပ်ငြိသွားသည်။ ပြတ်တောက်နေသော သွေးကြောများ ပြန်လည်ရှင်သန်လာသည့်အတွက် စူးချန်ခုန်းမှာ တစစ်စစ်ဖြင့် ယားယံသော ဝေဒနာကို ခံစားလိုက်ရသည်။
ထို့နောက် ဒုတိယမြောက်နှင့် တတိယမြောက် စစ်မှန်စွမ်းအင်အမျှင်များ ထပ်မံထွက်ပေါ်လာသည်။ ပြတ်တောက်နေသော သွေးကြောများထဲတွင် လှုံ့ဆော်ရန်ခက်ခဲသော ဝေလငါးချီစွမ်းအင်နှင့် လိပ်အသက်ရှူနည်းချီစွမ်းအင်တို့နှင့်မတူဘဲ ဤနတ်ပိုးချည်စစ်မှန်စွမ်းအင်မှာ အသက်စွမ်းအားနှင့် ပြည့်စုံနေသည်။
၎င်းသည် စူးချန်ခုန်း၏ ပြတ်တောက်နေသော သွေးကြောများကို ခြောက်သွေ့နေသော မြေဆီလွှာထဲသို့ ဆီးနှင်းများ ကျဆင်းလာသကဲ့သို့ ပြန်လည်ရှင်သန်စေပြီး လမ်းကြောင်းသစ်များကို ပြန်လည်ချိတ်ဆက်ပေးလေသည်။
"ကောင်းတယ်... သိပ်ကောင်းတာပဲ။ နောက်တစ်ဆင့်အနေနဲ့ ဒီချီစွမ်းအင်ကို ပိုသန်မာအောင်လုပ်ပြီး ငါ့ရဲ့ သွေးကြောအားလုံးကို အပြီးသတ် ပြုပြင်ရမယ်"
စူးချန်ခုန်း၏ နှလုံးသားမှာ အတိုင်းမသိ ဝမ်းသာပျော်ရွှင်မှုများနှင့် ပြည့်နေ၏။ ဆေးကန်အတွင်း၌ ဖြူဖွေးသော စွမ်းအင်စီးကြောင်းများသည် စူးချန်ခုန်း၏ ခန္ဓာကိုယ်ကို ပိုးချည်မျှင်များကဲ့သို့ ဝန်းရံထားပြီး မရပ်မနား လည်ပတ်နေကြသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အပေါ်ယံ အမာရွတ်များအားလုံး အကုန်အစင် ပျောက်သွားလေပြီ။
"နတ်ပိုးချည်စွမ်းအင်... သူ... သူ တကယ်ပဲ ဒီကျင့်စဉ်ကို အောင်မြင်သွားတာလား။ နှစ်လ သုံးလအတွင်းမှာတင်..."
ချမ်ရွေ့၏ နှုတ်ခမ်းများ တွန့်ချိုးသွားလေ၏။ စူးချန်ခုန်း တစ်ယောက် နတ်ပိုးချည်ချီစွမ်းအင်ကို ရရှိပြီး ကျင့်စဉ်ကို တိုတောင်းလှသော အချိန်အတွင်း ကျွမ်းကျင်သွားသည်ကို မြင်တွေ့ရတာက ကြက်သီးထစရာပင်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင် ဘယ်နေရာက ထွက်ပေါ်လာသလဲဆိုသည်မှာ စဉ်းစား၍ပင် မရနိုင်တော့ချေ။
ဗဟိုပြည်နယ်ရှိ နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုကြီးများ၊ တော်ဝင်မိသားစုများ သို့မဟုတ် ထိပ်တန်းဂိုဏ်းကြီးများတွင်သာ ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ပါရမီရှင်မျိုး ရှိနိုင်ပေမည်။
"ပိုးအိမ်ဖွဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ချည်နှောင်တဲ့အဆင့်ကို စမ်းကြည့်ရအောင်"
နတ်ပိုးချည်ဂူအတွင်း အောင်း၍ ကျင့်ကြံသည့် တတိယမြောက်လတွင် စူးချန်ခုန်းသည် ချီစွမ်းအင်များကို ပိုးချည်မျှင်များအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ကို တစ်လွှာပြီးတစ်လွှာ ရစ်ပတ်လျက် ပိုးအိမ်ကြီးတစ်ခုအဖြစ် ဖန်တီးလိုက်သည်။ ၎င်းမှာ နတ်ပိုးချည်ကျင့်စဉ်၏ အဆန်းကြယ်ဆုံးသော အတတ်ဖြစ်ပြီး ပိုးအိမ်ဖောက်ထွက်၍ ပြန်လည်မွေးဖွားခြင်းအဆင့်ပင် ဖြစ်သည်။
များပြားလှသော ဆေးအာနိသင်များကို ပိုးချည်မျှင်များမှတစ်ဆင့် စုပ်ယူကာ စူးချန်ခုန်း၏ အရိုးနှင့် ကြွက်သားများထဲသို့ ထိုးသွင်းလိုက်ရာ သွေးကြောအားလုံး ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး ဒဏ်ရာတစ်စက်မျှ မကျန်တော့ပေ။ စူးချန်ခုန်းမှာ ခန္ဓာကိုယ်အသစ်ဖြင့် ပြန်လည်မွေးဖွားလာရသည့် ထူးခြားဆန်းပြားသော ခံစားမှုတွင် အပြည့်အဝ နစ်မြောနေလေတော့သည်။
ထိုအချိန်မှာ ညဉ့်နက်သန်းခေါင် ဖြစ်သော်လည်း ဝိညာဉ်လမ်းစဉ်ကျင့်စဉ်ဂိုဏ်း၏ အနောက်တောင်ကုန်းဘက်တွင် လူနှစ်ယောက်မှာ နတ်ပိုးချည်ဂူသို့ ဦးတည်လာနေကြသည်။
တစ်ယောက်မှာ ဝတ်စုံဖြူဝတ်ဆင်ထားသော ချမ်ရွေ့၏ စီနီယာအစ်ကို ဝမ့်ရှင်းကျန့် ဖြစ်သည်။
ကျန်တစ်ယောက်မှာလည်း ဂိုဏ်းဝတ်စုံကို ဝတ်ထားသော်လည်း အသက် ၃၀ ကျော်၊ အရပ်ရှည်ရှည် အေးစက်သော အကြည့်နှင့် ခန့်ညားထည်ဝါသော အရှိန်အဝါရှိသူ ဖြစ်သည်။ သူ၏ စွမ်းအားများကို ဖုံးကွယ်ထားသော်လည်း လှုပ်ရှားမှုတိုင်းတွင် အနိုင်ယူ၍မရနိုင်သော တည်ရှိမှုမျိုးကို ခံစားရသည်။
ဝမ့်ရှင်းကျန့်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ သိသိသာသာ ပေါ်လွင်နေပြီး မမျှော်လင့်ထားသော ကိစ္စများ ဖြစ်လာမည်ကို ကြောက်ရွံ့သဖြင့် ဟိုဟိုဒီဒီ ကြည့်နေမိသည်။
"ဘာလဲ... ကြောက်နေတာလား"
အေးစက်စက်မျက်လုံးနှင့်သူက ဝမ့်ရှင်းကျန့်ကို ကြည့်ကာ လှောင်ပြုံးပြုံးရင်း မေးလိုက်သည်။
"ဘာ... ဘာကို ကြောက်ရမှာလဲ။ ကျွန်တော်က စီနီယာအစ်ကိုပဲလေ။ ဒါပေမဲ့ အဲ့ဒီအဖိုးကြီးက အသက်ရှိစဉ်က ချမ်ရွေ့ကိုပဲ အချစ်ဆုံး။ အဲ့ဒီ ချမ်ရွေ့က ဟန်ဆောင်ကောင်းပြီး ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို မြှောက်ပင့်တတ်လွန်းလို့ သူတို့က သဘောကျနေကြတာ။ တကယ်လို့ ကျုံးလင်တောင်မှာ နောက်ထပ် မူလစွမ်းအင်တစ်မျှင် ပေါ်လာခဲ့ရင်လည်း ချမ်ရွေ့ကိုပဲ ပေးမှာ သေချာတယ်။ ကျွန်တော့် အလှည့်ကို ရောက်မှာမဟုတ်ဘူး"
ထိုစကားကို ပြောရင်း ဝမ့်ရှင်းကျန့်၏ မျက်လုံးများမှာ ပြတ်သားသော အမုန်းတရားများ လက်ကနဲ။
ကျုံးလင်တောင်ရှိ ဝိညာဉ်လမ်းစဉ်ကျင့်စဉ်ဂိုဏ်းသည် စိတ်ဝိညာဉ်ကြောပေါ်တွင် တည်ရှိသဖြင့် ပြင်ပထက် ဝိညာဉ်စွမ်းအင် ပိုမိုပေါကြွယ်ဝကာ ပင်ကိုစွမ်းအင် ထွက်ပေါ်ရန် အချက်အလက်နှင့် ကိုက်ညီသည်။ သို့သော် နှစ်တစ်ရာလျှင် အနည်းငယ်မျှသာ ထွက်ပေါ်လေ့ရှိသည်။
မူလစွမ်းအင် တစ်မျှင်စီတိုင်းမှာ အလွန်တန်ဖိုးရှိပြီး သာမန်သိုင်းပညာရှင်တစ်ဦးအား မူလနယ်ပယ်သို့ တက်လှမ်းနိုင်သည့် အခွင့်အရေး ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် အထူးချွန်ဆုံး တပည့်များကိုသာ ထိုစွမ်းအင်ဓာတ်အား ပေးအပ်လေ့ရှိသည်။
လက်ရှိဂိုဏ်းတွင် ချမ်ရွေ့မှာ မူလစွမ်းအင်ကို ရရှိရန် အလားအလာ အကောင်းဆုံး ဖြစ်နေသည်။ ထို့ကြောင့် ဝမ့်ရှင်းကျန့်မှာ မိမိအတွက် ခြိမ်းခြောက်မှုဖြစ်သော ချမ်ရွေ့ကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဝမ့်ရှင်းကျန့်က ရိုသေစွာဖြင့် ပြောလိုက်သည်။ "အကြီးအကဲ ကျန့်ဖေးရှ... ခင်ဗျားကို အကူအညီတောင်းပါရစေ။ ကျွန်တော့်ဆရာရဲ့ ရုပ်အလောင်းကို အကြီးအကဲယူပါ။ ကျွန်တော့်အတွက် ချမ်ရွေ့ကို သတ်ပေးပါ။"
အခန်း (၄၂၂) သွေးကြောများကို ပြန်လည်ပြုပြင်ခြင်း။ ပိုးအိမ်ကိုဖောက်၍ လိပ်ပြာအဖြစ် ကူးပြောင်းခြင်း။ (၃)
"စိတ်ချပါ။ ငါ ကျန့်ဖေးရှက ဘယ်တော့မှ ကတိမပျက်ဘူး။ မူလနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ ရုပ်အလောင်းဆိုတာ မိစ္ဆာဂိုဏ်းက လူတွေ အဖိုးတန်ပစ္စည်းတွေနဲ့ လဲလှယ်ချင်နေတဲ့အရာပဲ။ ချီသွေးနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖို့ဆိုတာက ငါ့အတွက်တော့ လက်တစ်ဖက် မြှောက်လိုက်ရုံလောက်ပဲ။"
ကျန့်ဖေးရှဟု ခေါ်သော အေးစက်စက်လူသားက ခပ်ရေးရေး ပြုံးရင်း ဆိုလေ၏။
ဝမ့်ရှင်းကျန့်သည် ချမ်ရွေ့ကို ဖယ်ရှားချင်သော်လည်း ချမ်ရွေ့၏ အစွမ်းမှာ သူ့ထက်မနိမ့်သည့်အပြင် နတ်ပိုးချည်ဂူကိုလည်း အမြဲစောင့်ကြပ်နေသဖြင့် မိမိဘာသာ လုပ်ကြံပါက ဂိုဏ်းကို သစ္စာဖောက်သူ ဖြစ်သွားပေမည်။ ထို့ကြောင့် သူက 'ကျန့်ဖေးရှ' ကို အကူအညီတောင်းရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။
ကျန့်ဖေးရှသည် ဗဟိုပြည်နယ်တွင် နာမည်ကျော်ကြားသော တစ်ကိုယ်တော် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
သူသည် ဂိုဏ်းငယ်လေးတစ်ခုမှ ထွက်ပေါ်လာသူ ဖြစ်သော်လည်း ထူးခြားသော ပါရမီ ရှိသည်။ ချီသွေးနယ်ပယ် အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သော်လည်း မူလချီစွမ်းအင် မရှိသဖြင့် ထိုအဆင့်တွင်ပင် နှစ်ရှည်လများ ကြန့်ကြာနေခဲ့သည်။ ထို့နောက် သူသည် ကမ္ဘာအနှံ့ လှည့်လည်ကာ အင်အားကြီးဂိုဏ်းများ မသိသေးသည့် မူလချီစွမ်းအင် ထွက်ပေါ်နိုင်သော နေရာများကို ရှာဖွေခဲ့သည်။ ၎င်းမှာ ကံတရားအပေါ်၌သာ လုံးဝမူတည်နေသည့် ကိစ္စဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ကြိုးစားမှုမှာ အရာထင်ခဲ့သည်။ နှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက် ကျန့်ဖေးရှသည် မူလချီစွမ်းအင် တစ်မျှင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မူလနယ်ပယ် သိုင်းပညာရှင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူသည် ဗဟိုပြည်နယ်တွင် တော်တော်အတန် နာမည်ကျော်သူ ဖြစ်လာခဲ့သည်။
အရင်က ဝမ့်ရှင်းကျန့်သည် ကျန့်ဖေးရှနှင့် ဆက်သွယ်မိသောအခါ သူကဲ့သို့ ဂိုဏ်းငယ်မှ တက်လာသူတစ်ဦးကို စည်းရုံးရန် မခက်ခဲကြောင်း သိလေ၏။
ဝမ့်ရှင်းကျန့် ကမ်းလှမ်းခဲ့သော ဆုလာမှာလည်း ရိုးရှင်းလှသည်။ ၎င်းမှာ အဘိုးကြီးချီရှစ်၏ ရုပ်အလောင်းပင်။
မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ရုပ်အလောင်းမှာ ပင်ကိုစွမ်းအင်များ ကိန်းအောင်းနေသဖြင့် သေဆုံးပြီးနောက် နှစ်ပေါင်းများစွာကြာသည်အထိ မပုပ်မသိုးဘဲ ရှိနေတတ်သည်။ မိစ္ဆာဂိုဏ်းများတွင် ထိုရုပ်အလောင်းမှ မူလချီစွမ်းအင်ကို ပြန်လည်ထုတ်ယူနိုင်သည့် လျှို့ဝှက်အတတ်များ ရှိကြသည်။
ထို့ကြောင့် ထိုရုပ်အလောင်းမှာ အလွန်တန်ဖိုးကြီးပေ၏။ ဝမ့်ရှင်းကျန့်ထံမှ သတင်းကို ကြားသောအခါ ကျန့်ဖေးရှလည်း စိတ်လှုပ်ရှားသွားခဲ့သည်။
အဘိုးကြီးချီရှစ်သည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းရှိ မူလနယ်ပယ် သိုင်းပညာရှင်များထဲတွင် သက်တမ်းအရင့်ဆုံးနှင့် ကျင့်စဉ်အနက်ရှိုင်းဆုံးသူ ဖြစ်သည်။ ထိုရုပ်အလောင်းကို မိစ္ဆာဂိုဏ်းသို့ ရောင်းချပါက မူလနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်ပင် များစွာအထောက်အကူပြုသော ကျင့်ကြံမှု အရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကျန့်ဖေးရှက ဝမ့်ရှင်းကျန့်၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။
ဝမ့်ရှင်းကျန့်၏ အတွင်းလူအဖြစ် ကူညီမှုနှင့် လမ်းညွှန်မှုကြောင့် ကျန့်ဖေးရှသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်းသို့ အလွယ်တကူ ခိုးဝင်နိုင်ခဲ့ပြီး တောင်နောက်ဘက်ရှိ တားမြစ်နယ်မြေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ကို စူးစမ်းရင်း ကျန့်ဖေးရှက "ဝမ့်ရှင်းကျန့်... မင်း ငါ့ကို မလည့်စားဖို့ မျှော်လင့်တယ်။ တကယ်လို့ အဖိုးကြီး ချီရှစ်က မသေသေးဘူးဆိုရင် ငါ ချက်ချင်း ပြန်လှည့်ထွက်သွားမှာပဲ။ ငါ့အစွမ်းနဲ့ဆိုရင် လွတ်အောင်ပြေးဖို့က လွယ်ပါတယ်။ အဲ့ဒီအချိန်ကျရင်တော့ မင်းပဲ ဒုက္ခရောက်ကျန်ခဲ့မှာ" ဟု ပြောလိုက်သည်။
"စိတ်ချပါ... ဆရာက ကျင့်ကြံရင်းနဲ့ သေဆုံးသွားတာ သေချာပါတယ်" ဟု ဝမ့်ရှင်းကျန့်က ပြန်ပြောသည်။ အဘိုးချီရှစ်မှာ အသက်စွန့်၍ ကျင့်ကြံနေခြင်းဖြစ်ပြီး ဤမျှကြာသည်အထိ ပြန်ထွက်မလာတာက သေဆုံးသွားပြီဖြစ်ကြောင်း သူက အတွင်းသတင်းအရ သိထားခြင်းဖြစ်သည်။
နှစ်ယောက်သား နတ်ပိုးချည်ဂူအပြင်ဘက်သို့ ရောက်သောအခါ ဝမ့်ရှင်းကျန့်၏ မျက်နှာပျက်သွားလေ၏။ အကြောင်းမှာ ဂူအဝင်ဝတွင် မည်သူမျှ မရှိသောကြောင့် ဖြစ်သည်။
"ဘာဖြစ်တာလဲ။ ချမ်ရွေ့က ဘာလို့ အဝင်ဝမှာ မရှိတာလဲ"
ဝမ့်ရှင်းကျန့်မှာ ဝေခွဲမရ ဖြစ်သွားသည်။ ချမ်ရွေ့သည် နေပူပူ မိုးရွာရွာ နတ်ပိုးချည်ဂူအပြင်ဘက်၌ အမြဲစောင့်ကြပ်နေတတ်သူဖြစ်ကြောင်း သူသိထားသည်။ သူသည် ဂူအတွင်းသို့ ခိုးဝင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ချမ်ရွေ့ကြောင့် အခွင့်အရေး မရခဲ့ပေ။
သို့သော် ယခု ချမ်ရွေ့က အဝင်ဝတွင် ရှိမနေပေ။ အထဲမှာ အနားယူနေတာများလား။
"သွားစို့"
ခါးတွင် ဓားကောက်နှင့် ကျန့်ဖေးရှက ဝမ့်ရှင်းကျန့်နှင့်အတူ ဂူအတွင်းသို့ ဝင်သွားလိုက်သည်။
"ကျောက်တံခါးကြီး ပျက်စီးနေပါလား"
ဂူအတွင်းသို့ သွားရာလမ်းကြောင်းရှိ ထူထဲသော ကျောက်တံခါးကြီးမှာ အပိုင်းပိုင်းကြေမွနေသည်ကို မြင်သောအခါ ဝမ့်ရှင်းကျန့်၏ မျက်နှာမှာ တုန်လှုပ်သွားသည်။ အဖိုးကြီး ချီရှစ် ကျင့်စဉ်ကနေ ပြန်ထွက်လာတာလား။
မဖြစ်နိုင်ဘူး။ တကယ်လို့ ဆရာသာ ပြန်ထွက်လာရင် သတင်းကောင်းပဲလေ။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းတစ်ခုလုံး စားပွဲသောက်ပွဲတွေ ကျင်းပနေမှာပေါ့။ ဆရာ့ရဲ့ အကြီးဆုံးတပည့်တစ်ယောက်အနေနဲ့ မသိဘဲ မနေပါဘူး။
"တောက်... ချမ်ရွေ့က ငါတို့ဆရာ ချန်ထားခဲ့တဲ့ ဆေးရည်တွေကို တစ်ယောက်တည်း အပိုင်စီးပြီး နတ်ပိုးချည်ကျင့်စဉ်ကို ခိုးကျင့်ဖို့ အကွက်ချနေတာပဲ။ ဘယ်လောက်တောင် ကောက်ကျစ်တဲ့ကောင်လဲ" ဝမ့်ရှင်းကျန့်သည် အခြေအနေကို ရိပ်မိသွားပြီး ဒေါသထွက်သွားသည်။
ချမ်ရွေ့ တစ်ယောက် ဂူအပြင်ကနေ မခွာဘဲ စောင့်နေရခြင်းမှာ ဆေးရည်များကို ခိုးယူရန်ဖြစ်သည်ဟု ယူဆလိုက်သည်။
ဝမ့်ရှင်းကျန့်နှင့် ကျန့်ဖေးရှတို့သည် ဂူအတွင်းပိုင်းသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ့်ရှင်းကျန့်နှင့် ကျန့်ဖေးရှတို့ နှစ်ဦးစလုံး အံ့အားသင့်သွားလေ၏။
မှောင်မည်းနေသော ဂူအတွင်း၌ ကျောက်သလင်းတုံးများမှ အလင်းမှိန်မှိန် ထွက်ပေါ်နေပြီး မလှမ်းမကမ်းရှိ နံရံတွင် လူတစ်ယောက်မှာ အိပ်မောကျနေရာမှ လန့်နိုးလာသည်။ ထိုသူမှာ ချမ်ရွေ့ပင် ဖြစ်သည်။
ချမ်ရွေ့အပြင် ဆံပင်ဖြူအဖိုးအိုတစ်ဦးမှာလည်း ခေါင်းငိုက်စိုက်ကျလျက် ထိုင်နေသည်။ ထိုသူမှာ အသက်ဓာတ် ကုန်ဆုံးနေပြီဖြစ်သော အဖိုးကြီး ချီရှစ်ပင် ဖြစ်သည်။ သူက ကျင့်ကြံရင်းနှင့်ပင် အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် သူတို့၏ အာရုံကို အဖမ်းစားနိုင်ဆုံးအရာမှာ ဆေးကန်အတွင်းမှ အချင်း တစ်မီတာခွဲခန့်ရှိသော ဖြူဖွေးသည့် ပိုးအိမ်ကြီး ဖြစ်သည်။ ပိုးချည်မျှင်များပေါ်တွင် အလင်းရောင်မှိန်မှိန်လေးများ တဖျတ်ဖျတ် လက်နေသည်။
"ဒါ ဘာတွေလဲ။ ဆရာကတော့ ဆုံးသွားတာ သေချာတယ်... ဒါဆို ကန်ထဲက လူက ဘယ်သူလဲ။ ဒါက နတ်ပိုးချည်ကျင့်စဉ်က ပိုးအိမ်ပဲ... ဒါပေမဲ့ ဆရာကလွဲရင် ငါတို့ဂိုဏ်းမှာ ဒီကျင့်စဉ်ကို တတ်တဲ့သူ နောက်တစ်ယောက်မှ မရှိဘူးလေ"
ဝမ့်ရှင်းကျန့်သည် ပိုးအိမ်ကြီးကို ကြည့်ကာ ဘာကိုမှ နားမလည်နိုင်ဘဲ ဖြစ်နေသည်။
"စီနီယာအစ်ကို... ဘာလို့ ဒီကို ရောက်လာတာလဲ။ ပြီးတော့ ဒီလူက ဘယ်သူလဲ။ သူက ကျွန်တော်တို့ဂိုဏ်းက မဟုတ်ဘူးလေ။"
နိုးလာသော ချမ်ရွေ့သည်လည်း ရုတ်တရက် ရောက်လာသူ နှစ်ဦးကို မြင်ပြီး အံ့သြသွားသည်။ ဝမ့်ရှင်းကျန့်ကို သူ မှတ်မိသော်လည်း ကျိန်းဖေးရှကို မြင်သောအခါ ထိုသူ့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားရသဖြင့် ချက်ချင်းပင် သတိထားလိုက်သည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းတွင် ဤကဲ့သို့သော ပညာရှင်မျိုး မရှိပေ။
"ဟင်... တတိယလူပါ ရှိနေတာလား"
ကျန့်ဖေးရှလည်း မျက်မှောင်ကြုတ်လိုက်သည်။ ဂူအတွင်း၌ နောက်ထပ် လူတစ်ယောက် ရှိနေပြီး ထိုသူမှာလည်း သာမန်မဟုတ်တာ သိသာပါသည်။ သို့သော် အဖိုးကြီး ချီရှစ် သေဆုံးနေတာက သူ့ကို စိတ်ကျေနပ်စေသည်။ ထိုရုပ်အလောင်းကို မိစ္ဆာဂိုဏ်းထံ ရောင်းပါက ဈေးကောင်းရမည်မှာ သေချာသည်။
"စီနီယာ စူး... လူတွေ ရောက်လာပြီ"
ကျန့်ဖေးရှ၏ မျက်လုံးများက အဖိုးကြီး ချီရှစ်၏ ရုပ်အလောင်းကို လောဘတကြီး ကြည့်နေရာ ချမ်ရွေ့က အခြေအနေ မကောင်းတာကို သိသောကြောင့် အဝေးရှိ ပိုးအိမ်ကြီးဆီသို့ အော်ဟစ် အချက်ပေးလိုက်သည်။
ဂျွတ်... ဂျက်... ဂျက်...
ဆက်တိုက် ဆိုသလိုပင် အက်ကွဲသံများ ထွက်ပေါ်လာပြီး တစ်မီတာခွဲခန့်ရှိသော ပိုးအိမ်ဖြူကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားကာ လိပ်ပြာအုပ်စု ပျံတက်လာသကဲ့သို့ အပိုင်းအစများမှာ လေထဲတွင် လွင့်စင်သွားလေတော့သည်။
အခန်း (၄၂၃) မူလနယ်ပယ်လေးခု။ ပြင်းထန်သောလေပြေရူးဓား။ (၁)
အက်ကွဲသွားသော ပိုးအိမ်အတွင်းမှ အရပ်ရှည်ရှည်နှင့် လူငယ်တစ်ဦး ထွက်လာသည်။ သူ၏ ကိုယ်ခန္ဓာမှာ ပုလဲရောင်အလား တောက်ပနေပြီး သန်စွမ်းကျစ်လျစ်သော ကြွက်သားများပေါ်တွင် ဒဏ်ရာအမာရွတ် တစ်စက်မျှ မရှိချေ။ သူ၏ မျက်ဝန်းတို့မှာလည်း ကောင်းကင်အလင်းတန်းများ ဖြာထွက်နေသည့်အလား။
"စိတ်သက်သာရာ ရသွားပြီ။ တကယ်ပဲ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားပြီ"
စူးချန်ခုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအင်များ အတားအဆီးမရှိ စီးဆင်းနေမှုကို ခံစားရပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။ ပိုမိုအားကောင်းလာသော နတ်ပိုးချည် ချီစွမ်းအင်၏ စွမ်းအားတိုးလာမှုကြောင့် သူ၏ သွေးကြောများမှာ အလုံးစုံ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
နတ်ပိုးချည်ကျင့်စဉ် (ဆဌမနယ်ပယ် ၁၅% အထွတ်အထိပ်အဆင့်)
တိုတောင်းလှသော သုံးလတာအတွင်း စူးချန်ခုန်း၏ နတ်ပိုးချည်ကျင့်စဉ်မှာ ဆဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
၎င်းမှာ စူးချန်ခုန်း၏ ထူးခြားသော ပါရမီကြောင့်သာမကဘဲ ဆေးကန်အတွင်းရှိ အဖိုးတန်ဆေးရည် ဆယ်ပုံကိုးပုံခန့်ကို စုပ်ယူနိုင်ခဲ့သောကြောင့်လည်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ဤအဆင့်သို့ ရောက်ရန် အချိန်တွေ ပိုပေးရပေမည်။
"နှမြောစရာပဲ၊ အခု ငါ ပိုးချည်မျှင်တွေကို ထုတ်လွှတ်နိုင်ပေမဲ့ 'ပိုးအိမ်ဖွဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ခြင်း' ဆိုတဲ့ အတတ်ကိုတော့ မရသေးဘူး"
စူးချန်ခုန်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
'ပိုးအိမ်ဖွဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ခြင်း' သည် နတ်ပိုးချည်ကျင့်စဉ်၏ အနက်နဲဆုံး အတတ်ဖြစ်ပြီး ကိုယ်ခန္ဓာကို စစ်မှန်စွမ်းအင်များဖြင့် ပိုးအိမ်ကဲ့သို့ ရစ်ပတ်ကာ ပြင်းထန်သော ဒဏ်ရာများကို နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ကုသပေးနိုင်သောအစွမ်း ဖြစ်သည်။ ခေါင်းနှင့် နှလုံး မပျက်စီးသရွေ့ ပြန်လည်ရှင်သန်နိုင်သည်။
စူးချန်ခုန်းသည် ဆဌမအဆင့်သို့ ရောက်သောအခါ စမ်းသပ်ကြည့်ရာ ထိုအဆင့်ထိ မအောင်မြင်နိုင်သေးကြောင်း တွေ့ရှိခဲ့သည်။ နတ်ဘုရားစွမ်းအင်ပန်းချီတစ်ခုတည်းနှင့် မလုံလောက်ဘဲ ကိုက်ညီသော ကျင့်စဉ်လမ်းညွှန်ချက်များ ရှိမှသာ နောင်တွင် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သွေးကြောများ အလုံးစုံ ပြန်လည်ကောင်းမွန်သွားခြင်းမှာ စူးချန်ခုန်းအတွက် အကြီးမားဆုံးသော အကူအညီပင် ဖြစ်သည်။
"စီနီယာစူး... ခင်ဗျား နတ်ပိုးချည်ကျင့်စဉ်ကို အောင်မြင်သွားပြီပဲ။ ပြတ်တောက်နေတဲ့ သွေးကြောတွေကို ပြန်ပြင်ပြီး အားအကောင်းဆုံး အခြေအနေကို ပြန်ရောက်သွားပြီ"
ပိုးအိမ်အတွင်းမှ စွမ်းအင်အပြည့်ဖြင့် ထွက်လာသော စူးချန်ခုန်းကို မြင်လိုက်ရသောအခါ ချမ်ရွေ့မှာ ဖော်ပြမရနိုင်သော ခံစားချက်များ ရင်ထဲ၌ ဆို့နင့်နေပြီး စကားပြောဖို့တောင် အာခေါင်များ ခြောက်သွေ့နေ၏။
နတ်ပိုးချည်ကျင့်စဉ်ဆိုသည်မှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ထိပ်တန်းကျင့်စဉ်တစ်ခုဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်အတွင်း သုံးဦးသာ အောင်မြင်ခဲ့သည်။ သို့သော် ဂိုဏ်းပြင်ပလူတစ်ဦးဖြစ်သော စူးချန်ခုန်းမှာ ကိုက်ညီသော ကျင့်စဉ်စာအုပ် မရှိဘဲနှင့်ပင် သုံးလအတွင်း ဤအဆင့်သို့ ရောက်လာခဲ့တာ မယုံနိုင်စရာပင်။
မျက်စိနှင့် တပ်အပ်မမြင်ခဲ့လျှင် ချမ်ရွေ့မှာ ဘယ်သောအခါမှ ယုံကြည်မည် မဟုတ်။
"လူတွေ ရောက်လာတာလား။ အစားအသောက်ပို့ရမယ့် အချိန်လည်း မဟုတ်သေးဘူး။ ဝမ့်ရှင်းကျန့်... ပြီးတော့ နောက်တစ်ယောက်က ဘယ်သူလဲ"
စူးချန်ခုန်းသည် မျက်မှောင်ကြုတ်လျက် ဆေးကန်ထဲမှ လျှောက်ထွက်လာလေ၏။ သူ၏ ကိုယ်ပေါ်မှ ဆေးရည်များသည် ရေစက်များအလား မြေပေါ်သို့ အလိုလို လွင့်စင်ကျသွားသည်။ ထို့နောက် သူ၏ အဝတ်အစားများကို ပြန်လည်ဝတ်ဆင်လိုက်သည်။
သူတို့နှစ်ဦးထဲမှ တစ်ဦးမှာ ချမ်ရွေ့၏ စီနီယာအစ်ကို ဝမ့်ရှင်းကျန့် ဖြစ်သော်လည်း ကျန်တစ်ဦးမှာ သူစိမ်းဖြစ်သည်။ ထိုသူစိမ်းထံမှ ထွက်ပေါ်နေသော နက်ရှိုင်းပြင်းထန်လှသည့် အရှိန်အဝါကြောင့် စူးချန်ခုန်း၏ ရင်ထဲ တင်းကျပ်သွားမိသည်။ ထိုသူမှာ မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် ချမ်ရွေ့၏ အော်ဟစ်သံအရ ထိုသူမှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ မဟုတ်သည်မှာ ထင်ရှားသည်။
ပုံမှန်အားဖြင့် အစားအသောက်ကို သုံးရက်တစ်ကြိမ် လာပို့လေ့ရှိပြီး စူးချန်ခုန်းမှာ ချမ်ရွေ့အဖြစ် အသွင်ပြောင်းကာ သူတို့ကို ပြန်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ အချိန်မဟုတ်ဘဲ ဝမ့်ရှင်းကျန့်က မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့်အတူ ရောက်လာတာက ထူးဆန်းနေသည်။
စူးချန်ခုန်းသည် နတ်ပိုးချည် ချီစွမ်းအင်ကို လက်ဝါးတွင် လည်ပတ်စေကာ နူးညံ့သော ပိုးချည်မျှင်များအဖြစ် ပြောင်းလဲလိုက်ပြီး ချမ်ရွေ့၏ ခြေလက်များဆီသို့ ပစ်လွှတ်ကာ ရစ်ပတ်လိုက်သည်။ ထို့နောက် အားနှင့် တစ်ချက် လှုပ်ခါလိုက်သည်။
ဂျွတ်... ဂျက်.. ဂျက်...
အရိုးများ ပြန်လည်ဆက်သွားသည့် အသံများ ထွက်ပေါ်လာပြီး စူးချန်ခုန်းသည် ချမ်ရွေ့၏ လွဲနေသော အဆစ်များကို ပြန်တည့်ပေးလိုက်သည်။
ချမ်ရွေ့မှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး နံရံကို အားပြုကာ ခက်ခက်ခဲခဲ ထရပ်လျက် သူ၏ ခြေလက်များကို လှုပ်ရှားကြည့်သည်။ ချမ်ရွေ့မှာ ချီသွေးနယ်ပယ် အထွတ်အထိပ်သို့ ရောက်ထားပြီး ခိုင်မာသော ကိုယ်ခန္ဓာ ရှိသောကြောင့်သာ ဤကဲ့သို့ ပြင်းထန်သော ကုသမှုကို ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။
ချမ်ရွေ့သည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ဝမ့်ရှင်းကျန့်ကို ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။ "စီနီယာအစ်ကို... ဘာလို့ သူစိမ်းတစ်ယောက်ကို ကျွန်တော်တို့ဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲ ခေါ်လာတာလဲ"
ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ တောင်နောက်ဘက်ရှိ နတ်ပိုးချည်ဂူမှာ ဂိုဏ်းသားတစ်ဦးပင် ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်မရှိသည့် နေရာဖြစ်သည်။ ယခုမူ ဝမ့်ရှင်းကျန့်သည် ဂိုဏ်းပြင်ပလူတစ်ဦးကိုပါ တိုက်ရိုက်ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။
ဝမ့်ရှင်းကျန့်သည် အပြစ်ရှိသကဲ့သို့ ခံစားရသော်လည်း စူးချန်ခုန်းကို မြင်သောအခါ လှောင်ပြုံးပြုံးလျက် "ဒီလူက ဘယ်သူလဲ။ ငါတို့ဂိုဏ်းက မဟုတ်တာတော့ သေချာတယ်။ ဒါပေမဲ့ သူက နတ်ပိုးချည်ဂူထဲမှာ ရှိနေပြီး နတ်ပိုးချည်ကျင့်စဉ်ကိုတောင် တတ်နေတယ်ပေါ့။ ဒါကြောင့်ကိုး... ညီလေးက ဆရာဆုံးသွားတာကို သိလျက်နဲ့ ဂိုဏ်းရဲ့ အကျိုးစီးပွားကို ဖျက်ဆီးဖို့ အပြင်လူနဲ့ ပေါင်းပြီး ဒီဂူကို အတင်းစောင့်နေတာပေါ့။"
မကောင်းသော ရည်ရွယ်ချက်ဖြင့် လာသော ဝမ့်ရှင်းကျန့်သည် ယခုအခါ ချမ်ရွေ့အား ဂိုဏ်းကို သစ္စာဖောက်သူအဖြစ် ပြောင်းလဲစွပ်စွဲလိုက်သည်။
ချမ်ရွေ့မှာ ထိုစွပ်စွဲချက်ကြောင့် ထိတ်လန့်ဒေါသထွက်သွားသည်။ သူသည် မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှ မရှိဘဲ ဂူကို စောင့်ကြပ်နေခဲ့ခြင်း ဖြစ်သည်။ စူးချန်ခုန်း ပေါ်လာတာကလည်း မမျှော်လင့်ထားသော ကိစ္စဖြစ်ပြီး မိမိကိုယ်တိုင်ပင် အဖမ်းခံထားရရာ သူ့ကို မည်သို့ တားဆီးနိုင်မည်နည်း။
ချမ်ရွေ့ ရှင်းပြဖို့ ကြိုးစားစဉ်မှာပင် ကျန့်ဖေးရှသည် စူးချန်ခုန်းကို စိုက်ကြည့်ကာ "မင်းက ဝိညာဉ်လမ်းစဉ်ဂိုဏ်းက မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
ကျန့်ဖေးရှသည် စူးချန်ခုန်းထံမှ ထူးခြားသော အရှိန်အဝါကို ခံစားရသော်လည်း အလွန်အမင်း စိုးရိမ်ခြင်း မရှိပေ။ အကြောင်းမှာ စူးချန်ခုန်းသည် ကောင်းကင်သွေးကြော မပွင့်သေးသဖြင့် ကောင်းကင်နှင့် မြေကြီး စွမ်းအင်များနှင့် ချိတ်ဆက်မှု မရှိသေးကြောင်း တစ်နည်းအားဖြင့် မူလနယ်ပယ် သိုင်းပညာရှင် မဟုတ်သေးကြောင်း သူက ခံစားမိသောကြောင့် ဖြစ်သည်။
"မဟုတ်ဘူး... ခင်ဗျားကရော ဘယ်သူလဲ" ဟု စူးချန်ခုန်းက အမှန်အတိုင်း ပြန်ပြောရင်း ကျန့်ဖေးရှ၏ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ပြန်မေးလိုက်သည်။
"ကျန့်ဖေးရှ" ဟု ထိုလူက အတိုချုံး ပြောလိုက်သည်။
စူးချန်ခုန်းမှာ ဗဟိုပြည်နယ်သို့ ရောက်စဖြစ်ပြီး အမြဲတမ်း ပုန်းအောင်းကျင့်ကြံနေသဖြင့် ထိုနာမည်ကို မကြားဖူးချေ။
"လေပြေရူးဓား ကျန့်ဖေးရှလား"
ထိုနာမည်ကို ကြားလိုက်ရသောအခါ ချမ်ရွေ့၏ မျက်နှာမှာ သိသိသာသာ ပျက်သွားသည်။
"ကျန့်ဖေးရှ... သူက တစ်ကိုယ်တော် မူလနယ်ပယ် သိုင်းပညာရှင်ပဲ။ ဒီအဆင့်ကို ရောက်တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ သူက အကျိုးအမြတ်အတွက်ဆိုရင် ဘာမဆို လုပ်တတ်တဲ့သူပဲ"
ချမ်ရွေ့က ကျန့်ဖေးရှ၏ အကြောင်းကို ပြောပြလိုက်သည်။ သူသည် မူလချီစွမ်းအင်ကို ကံကောင်းထောက်မစွာ ရရှိပြီး မူလနယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။