← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-246

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-246

အခန်း (၄၂၄) မူလနယ်ပယ်လေးခု။ ပြင်းထန်သောလေပြေရူးဓား။ (၂)

မည်သို့ပင်ဖြစ်စေ ကျန့်ဖေးရှ၏ ဂုဏ်သတင်းမှာ အလွန်ပင် ဆိုးဝါးလှသည်။ သူသည် အကျိုးအမြတ်အတွက်ဆိုလျှင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာမဆိုလုပ်တတ်သူ ဖြစ်သည်။ မိသားစုတစ်ခုလုံးကို အမြစ်ပြတ်သတ်ဖြတ်တာက သူ့အတွက် သာမန်ကိစ္စမျှသာ ဖြစ်သည်။ ကံဆိုးသည်မှာ သူက အစွမ်းထက်သော မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေသဖြင့် သူ့ကို ရန်စရဲသူ အလွန်နည်းလှသည်။

"ကောင်းပြီ... ငါ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က နှစ်ခုပဲရှိတယ်။ တစ်ခုက ဒီလူငယ်လေးပဲ။ နောက်တစ်ခုက အဖိုးကြီးချီရှစ်ရဲ့ ရုပ်အလောင်းကို ယူသွားဖို့ပဲ" ကျန့်ဖေးရှက စူးချန်ခုန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "မင်းကတော့ ငါ့ရဲ့ ပစ်မှတ်မဟုတ်ဘူး။ ဒါကြောင့် ငါတို့ အေးအေးဆေးဆေး နေလို့ရတယ်"

ထိုစကားကို ကြားသောအခါ စူးချန်ခုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန့်ဖေးရှက ချမ်ရွေ့ကို သတ်ဖို့ ကြံနေတာလား။ ဒါက ဝမ့်ရှင်းကျန့်ရဲ့ ခိုင်းစေချက်ကြောင့် ဖြစ်ရမည်။ ဝမ့်ရှင်းကျန့်နှင့် ချမ်ရွေ့တို့၏ ဆက်ဆံရေးမှာ မကောင်းသည်မှာ အမှန်ပင်။ အဖိုးကြီးချီရှစ်၏ ရုပ်အလောင်းကို ယူဆောင်သွားမယ့် ကိစ္စကတော့ မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ရုပ်အလောင်းမှာ အလွန်တန်ဖိုးရှိသဖြင့် ၎င်းမှာ ကျန့်ဖေးရှ၏ အဓိကရည်ရွယ်ချက် ဖြစ်လိမ့်မည်ဟု စူးချန်ခုန်း ခန့်မှန်းလိုက်သည်။

ဝမ့်ရှင်းကျန့်က ထိုစကားကို ကြားသောအခါ စိုးရိမ်တကြီးဖြင့် "စီနီယာကျန့်... သတင်းမပေါက်ကြားအောင် ဒီကောင်ကိုလည်း တစ်ခါတည်း သတ်ပစ်ရမယ်" ဟု ပြောလိုက်သည်။

တကယ်လို့ စူးချန်ခုန်းသာ အသက်ရှင်နေပါက ချမ်ရွေ့ကို သတ်လိုက်လျှင်ပင် သတင်းက ပေါက်ကြားသွားမှာပင်။ ထို့ကြောင့် သက်သေဖျောက်ဖို့ စူးချန်ခုန်းကိုပါ သတ်ရန် လိုအပ်သည်ဟု သူက ယူဆသည်။

ကျန့်ဖေးရှက အေးစက်စွာ တုံ့ပြန်လိုက်သည်။ "ငါနဲ့ မင်းနဲ့ သဘောတူထားတာက ချမ်ရွေ့ကို သတ်ဖို့ပဲ။ ဒီလူငယ်ကို သတ်တာကလည်း ပြဿနာမရှိပါဘူး... ဒါပေမဲ့ မင်း အပိုဆုကြေး ထပ်ပေးရမယ်"

ဝမ့်ရှင်းကျန့်မှာ မျက်နှာပျက်သွားသော်လည်း မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို သူက အမိန့်မပေးနိုင်ချေ။ သို့သော် ကျန့်ဖေးရှက ချန်းရွေ့ကို သတ်ပြီးသည်နှင့် စူးချန်ခုန်းကို ရှင်းပစ်ရန်မှာ သူ၏ တာဝန်သာ ဖြစ်ပေမည်။

အခြားရွေးချယ်စရာ မရှိသဖြင့် ဝမ့်ရှင်းကျန့်က "ဒါဆိုရင် စီနီယာကျန့်ကိုပဲ အားကိုးပါရစေ" ဟု ပြောလိုက်သည်။

"ရတာ‌ပေါ့"

ကျန့်ဖေးရှ စကားအများကြီး မပြောတော့ချေ။ ဤနေရာမှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ နယ်မြေဖြစ်ကြောင်း သူသိထားသဖြင့် ကိစ္စကို မြန်မြန်ရှင်းပြီး အဖိုးကြီးချီရှစ်၏ ရုပ်အလောင်းနှင့်အတူ ထွက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

ကျန့်ဖေးရှ ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူသည် ညာဘက်လက်ဖဝါးကို ဖြန့်လိုက်ရာ သန်မာသော ချီစွမ်းအင်များ သူ၏ လက်ဖဝါးတွင် စုစည်းသွားပြီး လေထဲမှနေ၍ ရိုက်ချလိုက်သည်။ လှိုင်းလုံးကြီးများအလား ပြင်းထန်သော ချီစွမ်းအင်များသည် သံမဏိများကိုပင် ကြိတ်ခြေဖျက်ဆီးနိုင်ပြီး တောင်များကိုပင် ဖြိုချနိုင်သော အရှိန်အဝါဖြင့် ချမ်ရွေ့ထံသို့ ကျရောက်လာသည်။

ကျန့်ဖေးရှ၏ ကျင့်စဉ်မှာ မူလနယ်ပယ်အဆင့်သို့ ရောက်နေပြီဖြစ်ရာ သူ၏ အတွင်းအားနှင့် အပြင်အား နှစ်မျိုးစလုံးမှာ သာမန်လူများ မမှီနိုင်သော အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သာမန်ရိုက်ချက်တစ်ခုပင်လျှင် အလွန်တရာ အစွမ်းထက်လှသည်။

"မကောင်းတော့ဘူး"

ချမ်ရွေ့မှာ ထိတ်လန့်သွားပြီး ချက်ချင်းပင် ခုခံရန် သို့မဟုတ် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် သူ လှုပ်လိုက်သည်နှင့် သူ၏ ခြေလက်များမှာ ထုံကျဉ်အားနည်းနေသည်ကို ခံစားလိုက်ရသည်။

လွန်ခဲ့သော သုံးလပတ်လုံး ချမ်ရွေ့မှာ အဆစ်အမြစ်များ အလွဲခံထားရသဖြင့် လဲလျောင်းနေခဲ့ရသည်။ ယခုအခါ ၎င်းတို့ကို ပြန်တည့်ထားပြီ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း လိုက်မမီသေးဘဲ အပြည့်အဝ ပြန်မကောင်းသေးချေ။

ကျန့်ဖေးရှ၏ ရိုက်ချက်က ချမ်ရွေ့ကို တစ်ချက်တည်းနှင့် အသက်ပျောက်စေတော့မည့် အချိန်မှာပင် လက်သီးချက်တစ်ခု၏ စွမ်းအားသည် အတိုင်းအဆမရှိသော သမုဒ္ဒရာလှိုင်းလုံးကြီးများအလား ထွက်ပေါ်လာပြီး စွမ်းအင်ဝဲဂယက်ကြီးတစ်ခုကို ဖန်တီးလျက် ကျရောက်လာသော လက်ဝါးချက်ကို ခုခံလိုက်သည်။

ဘုန်း

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး ပဲ့တင်ထပ်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများသည် ဂူနံရံများကို ရိုက်ခတ်သွားရာ ကျောက်သားအလွှာများမှာ ကွာကျကုန်သည်။ ချမ်ရွေ့မှာ ဘေးထွက်စွမ်းအားများကြောင့် နောက်သို့ ယိုင်လဲသွားသော်လည်း ကံကောင်းထောက်မစွာ ဒဏ်ရာမရခဲ့ချေ။

ကျန့်ဖေးရှ၏ မျက်နှာမှာ မဲ့ကျသွားပြီး သူ၏ မျက်ဝန်းများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ အရောင်လဲ့လာ၏။

"စီနီယာစူး... စီနီယာစူး..." ချမ်ရွေ့မှာ နဖူးမှ ချွေးစေးများ ထွက်လာပြီး သက်ပြင်းချလိုက်မိသည်။ ဝင်ရောက်ကူညီပေးသူမှာ စူးချန်ခုန်းမှတစ်ပါး အခြားသူ မဟုတ်ပေ။

ချမ်ရွေ့ကို သုံးလတိုင်တိုင် ညှဉ်းပန်းနှိပ်စက်ခဲ့သဖြင့် စူးချန်ခုန်းသည် စိတ်ထဲတွင် အပြစ်မကင်းသကဲ့သို့ ခံစားရပြီး သူသေသွားမှာကို ဒီအတိုင်း ရပ်မကြည့်နေနိုင်ပေ။

ထို့အပြင် စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ တားမြစ်နယ်မြေထဲသို့ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ခဲ့သည်။ နတ်ပိုးချည်ကျင့်စဉ်ကိုလည်း ခိုးယူကျင့်ကြံခဲ့သည်။ ဆေးရည်ကန်တစ်ခုလုံးကိုလည်း အသုံးချခဲ့သည်။ သူ၏ သွေးကြောများ ပြန်လည်ကောင်းမွန်လာခြင်းမှာ ထိုဂိုဏ်း၏ ကျေးဇူးကြောင့်ဖြစ်ရာ သူသည် ကြီးကြီးမားမား ကျေးဇူးကြွေးကို တုံ့ပြန်ရန် လိုသည်။

ထို့ကြောင့် စူးချန်ခုန်းမှာ ငြိမ်နေ၍ မရတော့ပေ။

"ဒီကောင်လေးကတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ" ဝမ့်ရှင်းကျန့်သည် ထိတ်လန့်သွားမည့်အစား ထိုမြင်ကွင်းကို ကြည့်ကာ ဝမ်းသာသွားသလေ၏။ ဤအမည်မသိ လူငယ်လေးမှာ ကျန့်ဖေးရှကို ပေါ်ပေါ်ထင်ထင် ရန်စလိုက်ခြင်းပင် ဖြစ်သည်။

ကျန့်ဖေးရှ၏ အကြည့်မှာ မြွေဆိုးတစ်ကောင်ကဲ့သို့ စူးရှနေလျက်။ "ကောင်လေး... မင်းက ဝိညာဉ်လမ်းစဉ်ဂိုဏ်းက မဟုတ်ဘဲနဲ့ သူများကိစ္စကို ဝင်ပါနေတာလား"

စူးချန်ခုန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "ကျွန်တော်က ဝိညာဉ်လမ်းစဉ်ဂိုဏ်းကို ကျေးဇူးကြွေးတင်နေလို့ အဲ့ဒီကျေးဇူးကို ပြန်ဆပ်ရမယ်။ ခင်ဗျား ချမ်ရွေ့ကို သတ်လို့မရဘူး။ အဖိုးကြီးချီရှစ်ရဲ့ ရုပ်အလောင်းကိုလည်း ယူသွားလို့ မရဘူး။ ခင်ဗျား အမြန်ဆုံး ထွက်သွားတာ ပိုကောင်းမယ်။ ကျွန်တော်တို့တွေ ဒီမှာ အသံတွေ အရမ်းကျယ်သွားလို့ ဂိုဏ်းထဲက မူလနယ်ပယ် သိုင်းပညာရှင်တွေ သတိထားသွားရင် လွတ်အောင်ပြေးဖို့ ခက်လိမ့်မယ်"

ကျန့်ဖေးရှမှာ ချမ်ရွေ့ကို သတ်ရန်နှင့် အဘိုးချီရှစ်၏ ရုပ်အလောင်းကို ယူဖို့ ရည်ရွယ်ထားတာက စူးချန်ခုန်းအတွက် လက်မခံနိုင်သော ကိစ္စဖြစ်သည်။ ထို့ကြောင့် ကျန့်ဖေးရှကို နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဟားဟား... မူလနယ်ပယ်အဆင့်ကိုတောင် မရောက်သေးတဲ့ ကောင်ကများ ငါ့ရှေ့မှာ ဒီလောက်တောင် လေကြီးရဲတယ်ပေါ့လေ။ မင်းကို သတ်ဖို့က ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေသလောက်ပဲ ရှိတယ်ကွ။"

ကျန့်ဖေးရှက သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားတော့။

သူ၏ ကောင်းကင်သွေးကြောမှတစ်ဆင့် အာရုံခံကြည့်ရာတွင် စူးချန်ခုန်း၏ ခန္ဓာကိုယ်မှာ သဘာဝစွမ်းအင်များဖြင့် သန့်စင်ထားခြင်း မရှိကြောင်း၊ ကောင်းကင်သွေးကြောလည်း ပွင့်မနေကြောင်း သိလိုက်သည်။ သူက ချီသွေးနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ဦးသာ။

ချီသွေးနယ်ပယ်အဆင့်နှင့် စစ်မှန်သော မူလနယ်ပယ် သိုင်းပညာရှင်တို့ကြားတွင် ဖြတ်ကျော်၍ မရနိုင်သော ကွာဟချက်ကြီး ရှိနေသည်။ အထူးချွန်ဆုံးသော ချီသွေးနယ်ပယ်အဆင့် သိုင်းပညာရှင်ပင်လျှင် အားအနည်းဆုံးသော မူလနယ်ပယ်ပညာရှင်ကို အနိုင်ရရန် အလွန်ခက်ခဲလှပေသည်။

"ဝမ့်ရှင်းကျန့်... ဂူအဝင်ဝကို စောင့်ထား။ အသံတွေ အပြင်ကို မပေါက်ကြားအောင် လုပ်ထား" ကျန့်ဖေးရှက ချက်ချင်း အမိန့်ပေးလိုက်သည်။

တကယ်တော့ ကျန့်ဖေးရှက စူးချန်ခုန်းကို လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိပါ။ သူအစောက ပြောခဲ့တာက ဝမ့်ရှင်းကျန့်ထံမှ အကျိုးအမြတ် ပိုရနိုင်မလားဟု စမ်းကြည့်ရုံသာ ဖြစ်သည်။

စူးချန်ခုန်းကဲ့သို့သော တတိယလူ အသက်ရှင်ကျန်နေပါက ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ သတင်းသွားပေးလျှင် သူ ဒုက္ခရောက်မှာပင်။ ထို့ကြောင့် သက်သေအစအန မကျန်စေရန် စူးချန်ခုန်းနှင့် ချမ်ရွေ့ကို တစ်ခါတည်း သတ်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ဟုတ်ကဲ့" ဝမ့်ရှင်းကျန့်ကလည်း ကျန့်ဖေးရှက စူးချန်ခုန်းကိုပါ သတ်တော့မည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်းသာသွားသည်။

ဝမ့်ရှင်းကျန့်သည် ဂူအဝင်ဝသို့ ချက်ချင်းသွားကာ သူ၏ ချီသွေးများကို လည်ပတ်စေပြီး ချီစွမ်းအင်များကို ထုတ်လွှတ်ကာ ထူထဲသော အကာအကွယ် အတားအဆီးတစ်ခုကို ဖန်တီး၍ အဝင်ဝကို ပိတ်ဆို့လိုက်သည်။ ဤသို့ဖြင့် တိုက်ပွဲအသံမှာ ပြင်ပသို့ ပေါက်ကြားသွားတော့မည် မဟုတ်ချေ။ ဤပိတ်ဆို့နေသော ဂူအတွင်း၌ ကျန့်ဖေးရှသည် စူးချန်ခုန်းနှင့် ချမ်ရွေ့တို့ကို အေးအေးဆေးဆေး သတ်ဖြတ်နိုင်တော့မည် ဖြစ်သည်။

အခန်း (၄၂၅) မူလနယ်ပယ်လေးခု။ ပြင်းထန်သောလေပြေရူးဓား။ (၃)

"ဒဏ်ရာတွေက အခုမှ ပျောက်သေးတယ်။ မူလနယ်ပယ် သိုင်းပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရနေပြီ။"

စူးချန်ခုန်းသည်လည်း ကူကယ်ရာမဲ့နေ၏။

တစ်ခါက သူသည် မူလနယ်ပယ် သိုင်းပညာရှင် ချီးခါထူကို ရင်ဆိုင်စဉ်က တစ်သက်လုံး ခန္ဓာကိုယ် ချို့ယွင်းသွားနိုင်သည့် အန္တရာယ်ကို လျစ်လျူရှုကာ ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်များကို ကိုယ်တွင်းသို့ ဆွဲသွင်းပြီး တိုက်ခိုက်ခဲ့ရသည်။ ထိုစဉ်က သူသည် အစွမ်းကုန် ကြိုးစားခဲ့ရတာဖြစ်ပြီး ယခု ကျန့်ဖေးရှမှာမူ မူလနယ်ပယ်သို့ ရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ ဖြစ်သဖြင့် ချီးခါထူထက် များစွာ ပိုအစွမ်းထက်ပေမည်။

သို့သော် စူးချန်ခုန်းမှာလည်း အရင်လို မဟုတ်တော့ပါပေ။ ကျန့်ဖေးရှနှင့် ထိပ်တိုက်တွေ့ရသော်လည်း ကြောက်ရွံ့ခြင်း မရှိပေ။

သူတို့နှစ်ဦးသည် အကွာအဝေးတစ်ခုတွင် အချင်းချင်း စိုက်ကြည့်ကာ ရပ်နေကြသည်။ ချမ်ရွေ့၏ နှလုံးခုန်သံမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်နေပြီး စိုးရိမ်ပူပန်မှုများကို ဖိနှိပ်နေရသည်။

စူးချန်ခုန်းသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး သဘာဝ ဝိညာဉ်စွမ်းအင်များကို အသုံးချသည့် နည်းလမ်းကို တတ်မြောက်ထားပုံရသော်လည်း ကျိန်းဖေးရှက မူလနယ်ပယ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်သည်။ စူးချန်ခုန်းမှာမူ မူလနယ်ပယ်အဆင့်သို့ မရောက်သေးချေ။ သူက ကျန့်ဖေးရှကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

တကယ်လို့ စူးချန်ခုန်းသာ ရှုံးနိမ့်သွားပါက သူတို့အားလုံး သေကြရမည်ဖြစ်ပြီး ဆရာဖြစ်သူ အဖိုးချီရှစ်၏ ရုပ်အလောင်းမှာလည်း ရန်သူ့လက်ထဲ ပါသွားမည် ဖြစ်သည်။ ဝမ့်ရှင်းကျန့်ကဲ့သို့ လူယုတ်မာက အေးအေးဆေးဆေး ရှင်သန်နေမည်ဖြစ်ပြီး နောင်တွင် ဂိုဏ်းမှ ချီးမြှင့်သော မူလချီစွမ်းအင်ကိုပင် ရသွားနိုင်သည်။ ဒါက တကယ်ကို မတရားပေ။

ချမ်ရွေ့သည် သူ၏ တောင့်တင်းနေသော ခြေလက်များ ပြန်လည်ကောင်းမွန်လာစေရန် ချီသွေးစွမ်းအင်တွေကိုသာ လှည့်ပတ်စေပြီး စူးချန်ခုန်း အချိန်ကြာကြာ ခံနိုင်ပါစေရန် သို့မဟုတ် ဂိုဏ်းမှ တစ်ယောက်ယောက် တောင်အနောက်ဘက်က အခြေအနေကို သတိပြုမိပါစေဟုသာ စိတ်ထဲမှ ဆုတောင်းနေမိသည်။

"လေပြေရူး နတ်ဘုရားလက်ဖဝါး"

စကားအများကြီး မပြောတော့ဘဲ ကျန့်ဖေးရှ ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။ သူ၏ ခြေလှမ်းမှာ အရိပ်တစ်ခုအလား လျင်မြန်ပြီး လက်ဝါးချက်နှင့်အတူ ခန္ဓာကိုယ်ပါ ပါသွားသည်။ သူသည် ညာဘက်လက်ဖဝါးကို ရိုက်ထုတ်လိုက်ရာ ပြင်းထန်သော စွမ်းအားများသည် မြေပြင်ပေါ်ရှိ သဲနှင့် ကျောက်ခဲများကို ဓားသွားများအလား လေထဲသို့ ဝေ့ဝဲတက်လာစေသည်။ ဤပြင်းထန်သော လေပြင်းဓားများ၏ အရှိန်တစ်ခုတည်းနှင့်ပင် လူသားတစ်ဦး၏ အသားနှင့် အရေပြားကို အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်စွမ်း ရှိသည်။

ဧရာမဝေလငါးနည်းပညာ။ ဧရာမဝေလငါးကြီး ရေစုပ်ယူခြင်း။

ကျန့်ဖေးရှ တိုက်ခိုက်လာသည်နှင့် စူးချန်ခုန်း အသက်ဝဝရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဧရာမ ဝေလငါး ချီစွမ်းအင်များသည် ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထုကြီးကို သူ့ထံသို့ ဆွဲယူလိုက်သည်။ သူ၏ အရိုးများမှာ တကျွတ်ကျွတ်အသံများ ထွက်ပေါ်လာပြီး အရပ်မှာ လက်မဝက်ခန့် ပိုရှည်လာသည်။ ကြွက်သားများမှာလည်း ဖောင်းကားလာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု သူ၏ ကိုယ်ပေါ်တွင် လွှမ်းမိုးသွားသည်။

မူလနယ်ပယ် သိုင်းပညာရှင်နှင့် တိုက်ဖူးသဖြင့် သူတို့၏ ကိုယ်ခန္ဓာမှာ ဝိညာဉ်စွမ်းအင်များဖြင့် သန့်စင်ထားကြောင်း စူးချန်ခုန်း သိထားသည်။ သူတို့၏ သန်စွမ်းသော ကိုယ်ခန္ဓာကပင် ချီသွေးနယ်ပယ် သိုင်းပညာရှင်များစွာကို ဖိနှိပ်ထားနိုင်သည်။ စူးချန်ခုန်းသည် ပေါ့ပေါ့ဆဆ မနေဘဲ သူတို့ကြားက ကွာဟချက်ကို လျှော့ချရန် 'ဧရာမဝေလငါး ရေစုပ်ယူခြင်း' အတတ်ကို ချက်ချင်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ခန္ဓာကိုယ်အတွင်းမှ ပွက်ပွက်ဆူနေသော စွမ်းအားများကို ခံစားရင်း စူးချန်ခုန်းသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ အင်္ဂါမချို့တဲ့ဘဲ ပြည့်စုံသော ကိုယ်ခန္ဓာ၏ ခံစားချက်မှာ ဤကဲ့သို့ပင် ဖြစ်သည်။

အဆုံးမဲ့ဒေါသပင်လယ်။

စူးချန်ခုန်း၏ အရပ်ရှည်ရှည် ကိုယ်လုံးကြီးမှာ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး ညာဘက်လက်သီးတွင် နက်ပြာရောင် ဧရာမဝေလငါးချီစွမ်းအင်များကို စုစည်းကာ ဝဲဂယက်တစ်ခု ဖန်တီးလိုက်သည်။ အင်အားချင်း ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်ထားသဖြင့် သူသည် မရှောင်တိမ်းဘဲ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ဘုန်း

လက်သီးနှင့် လက်ဖဝါးတို့ လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပြင်းထန်သော လေလှိုင်းများမှာ ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားရာ ကျောက်သားမြေပြင်မှာ တူကြီးနှင့် ထုလိုက်သကဲ့သို့ အက်ကွဲသွားပြီး ပေပေါင်းများစွာ ကျယ်သော ကျင်းကြီးတစ်ခု ဖြစ်သွားလေ၏။

ဒုန်း ဒုန်း ဒုန်း

စူးချန်ခုန်း နောက်သို့ သုံးလှမ်း ဆုတ်လိုက်ရသည်။ ခြေတစ်လှမ်းစီတိုင်းတွင် မြေပြင်၌ ခြေရာများမှာ လက်မဝက်ခန့် နက်ဝင်သွားသည်။

ကိုယ်ခန္ဓာ ခွန်အားသက်သက်ကို ကြည့်လျှင် စူးချန်ခုန်းသည် 'ချီသွေးအသွင်ပြောင်းခြင်း အဆင့်တစ်ဆယ်' ကို ကျော်ဖြတ်ထားသော်လည်း ကျန့်ဖေးရှမှာမူ မူလနယ်ပယ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်၍ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များဖြင့် သန့်စင်ထားသော သူ၏ ခန္ဓာကိုယ်ကို ယှဉ်နိုင်ရန် ခက်ခဲနေသေးသည်။

ရှူး

စူးချန်ခုန်းသည် ခြေကုပ်မြဲအောင် ရပ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ နတ်ပိုးချည်မျှင်များ ထွက်ပေါ်လာပြီး ကျောက်တုံးဘေးတွင် လဲလျောင်းနေသော 'သံဖြတ်ဓား' ကို သူ့ထံသို့ ဆွဲယူလိုက်သည်။

"ငါ့ရှေ့မှာ ဓားဆွဲချင်တာပေါ့။ သေလိုက်တော့"

ကျန့်ဖေးရှက အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။ ဓားက စူးချန်ခုန်း၏ လက်ထဲသို့ မရောက်ခင်မှာပင် ကျန့်ဖေးရှ၏ လက်သည် သူ၏ ခါးရှိ ဓားအိမ်ပေါ်သို့ ရောက်ရှိသွားပြီး လျှပ်စီးအလား မြန်ဆန်သော အရှိန်ဖြင့် ဓားကို ဆွဲထုတ်လိုက်သည်။

ကျန့်ဖေးရှသည် 'လေပြေရူးဓား' ဟု လူသိများသူဖြစ်ရာ မုန်တိုင်းအလား ပြင်းထန်လျင်မြန်သော ဓားကျင့်စဉ်တွင် ကျွမ်းကျင်သူ ဖြစ်သည်။ ပုံမှန်အားဖြင့် သူ ဓားဆွဲလိုက်သည်နှင့် ရန်သူမှာ ပြန်လည်ခုခံရန် အခွင့်အရေးပင် မရဘဲ အသက်ပျောက်သွားလေ့ ရှိသည်။

ရွှမ်း

အပြာရောင် ဓားကောက်ကြီးသည် ကျိန်းဖေးရှ၏ ခါးမှ ထွက်ပေါ်လာ၏။ သူသည် အေးဆေးစွာ ခုတ်ချလိုက်သော်လည်း ထိုခုတ်ချက်မှာ လေပြင်းတစ်ချက် ဝေ့တိုက်လိုက်သကဲ့သို့ မြန်ဆန်လွန်းလှသဖြင့် သာမန်မျက်စိနှင့် ကြည့်လျှင် မြင်နိုင်ရန် ခက်ခဲလှသည်။

ကျန့်ဖေးရှသည် စူးချန်ခုန်းကို ဓားဆွဲရန် အခွင့်အရေး မပေးလိုချေ။ ချီသွေးနယ်ပယ် သိုင်းပညာရှင်လေးက သူ့ရှေ့မှာ ဓားဆွဲရဲသည်လား။

ကျန့်ဖေးရှ၏ ဓားမှာ မြန်လှသော်လည်း စူးချန်ခုန်း၏ စိတ်ကူးလောက် မမြန်ချေ။ သူသည် စိတ်ကို စုစည်းကာ သူ၏ 'စိတ်ဝိညာဉ်' ကို အသုံးချ၍ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို ဆွဲဆောင်လိုက်ရာ သူ၏ရှေ့တွင် ဧရာမ ကျားကြီးတစ်ကောင်၏ ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ ၎င်း၏ အမွှေးအမျှင်များမှာ အစစ်အလား ထင်မှတ်ရပြီး ရန်သူ့ထံသို့ ခုန်အုပ်တော့မည့်အလား ရှိနေသည်။

ညိုရောင်အမွှေးရှိသော ကျားကြီး ပုံရိပ်ယောင် မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး သူ၏ ဧရာမ လက်သည်းဖြင့် ကျရောက်လာသော ဓားချက်ကို ရိုက်ချလိုက်သည်။

ဘုန်း

ပေါက်ကွဲသံနှင့်အတူ ဓားအရှိန်အဝါများမှာ ပရမ်းပတာ ပျံ့နှံ့သွားပြီး မြေပြင်ကို အပိုင်းပိုင်း အက်ကွဲသွားစေ၏။ ကျားလက်သည်းမှတစ်ဆင့် ပြင်းထန်သော အင်အားများ စီးဝင်သွားသဖြင့် ကျန့်ဖေးရှမှာ နောက်သို့ အရှိန်ဖြင့် လွင့်စင်သွားပြီးမှ မနည်း ပြန်လည်ရပ်တန့်လိုက်ရသည်။

"ဒါက စီနီယာစူး အရင်က သုံးခဲ့တဲ့ အတတ်ပဲ"

ဒါကိုမြင်တော့ ချမ်ရွေ့ သက်မောချလိုက်မိသည်။ စူးချန်ခုန်း၏ ကြောက်စရာကောင်းသော ဤအတတ်ကို သူ အရင်က မြင်ဖူးထားသည်။ ယခု ကျန့်ဖေးရှနှင့် တိုက်ပွဲတွင် စူးချန်ခုန်းက ထပ်အသုံးချလိုက်ပြီ ဖြစ်သည်။

"ဟင်... ဒါက... ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အစစ်အလား တူညီလှသော အညိုရောင်ကျားသစ်ကြီးမှာ တောရဲတိရစ္ဆာန်တို့၏ ဘုရင်အလား ခန့်ညားထည်ဝါသော အရှိန်အဝါများ ဖြာထွက်နေ၏။ နောက်သို့ လွင့်ထွက်သွားသော ကျန့်ဖေးရှ၏ မျက်လုံးများတွင် အံ့သြတုန်လှုပ်မှုတို့ အထင်းသား။

ပုံမှန်အားဖြင့် မူလနယ်ပယ် သိုင်းပညာရှင်များသည် သူတို့ဖွင့်ထားသော 'ကောင်းကင်သွေးကြော' အရေအတွက်ပေါ် မူတည်၍ အစွမ်းချင်း ကွာခြားကြပြီး ယေဘုယျအားဖြင့် နယ်ပယ်လေးခု ခွဲခြားထားသည်။

လူသားပန်းမန်နယ်ပယ် - ကောင်းကင်သွေးကြော တစ်ခုမှ လေးခုအထိ ပွင့်ထားသူများ။ လူသားပန်းကို စုစည်းသည်။

ကမ္ဘာမြေပန်းမန်နယ်ပယ် - ကောင်းကင်သွေးကြော ငါးခုမှ ရှစ်ခုအထိ ပွင့်ထားသူများ။ ကမ္ဘာမြေပန်းမှ ကောင်းကင်၊ ကမ္ဘာနှင့် လူသားဟူသည့် ပန်းသုံးပွင့်ကို စုစည်းသည်။

ကောင်းကင်ပန်းမန်နယ်ပယ် - ကောင်းကင်သွေးကြော ကိုးခုမှ ဆယ့်နှစ်ခုအထိ ပွင့်ထားသူများဖြစ်ပြီး ကဏ္ဍအားလုံးတွင် ပြည့်စုံသူများ ဖြစ်သည်။

ဤနယ်ပယ် သုံးခုကို ပန်းတစ်ပွင့်၊ ပန်းနှစ်ပွင့်နှင့် ပန်းသုံးပွင့် နယ်ပယ်များဟုလည်း ခေါ်ကြသည်။

ကောင်းကင်သွေးကြော တစ်ဆယ့်နှစ်ခုစလုံး ပွင့်သွားပြီး ပန်းသုံးပွင့်စလုံး ပွင့်လန်းကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခြင်းကိုမူ မူလနယ်ပယ်၏ အထွတ်အထိပ်ဖြစ်သော 'စွမ်းအင်ငါးပါး မူလသို့ ပေါင်းစည်းခြင်း' ဟု ခေါ်သည်။

ထိုအဆင့်သို့ ရောက်ပါက ကိုယ်ခန္ဓာ၏ စွမ်းအင်ငါးပါးမှာ စိတ်ထဲတွင် ပေါင်းစည်းသွားပြီး ယိုစိမ့်မှု မရှိတော့ချေ။ အသက်တမ်း ကုန်ဆုံး၍ အိုမင်းသွားသော်လည်း သူ၏ သွေးစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများမှာ လျော့ပါးသွားခြင်း မရှိဘဲ သေဆုံးသည့်တိုင်အောင် အထွတ်အထိပ် အခြေအနေတွင် တည်ရှိနေမည် ဖြစ်သည်။

အခန်း (၄၂၆) တိရိစ္ဆာန်ငါးကောင်ပုံစံတူကျင့်စဉ်။ မူလနယ်ပယ်အဆင့်ကို ကွပ်မျက်ခြင်း။ (၁)

မူလနယ်ပယ် သိုင်းပညာရှင်များထဲတွင်ပင် ကောင်းကင်သွေးကြော တစ်ဆယ့်နှစ်ခုစလုံးကို ဖွင့်နိုင်ပြီး စွမ်းအင်ငါးပါး မူလသို့ ပေါင်းစည်းသည့် အဆင့်သို့ ရောက်ရှိသူမှာ အမှန်တကယ်ကို အလွန်ပင် ရှားပါးလှသည်။

ထိုသို့သောသူမျိုးသည် မူလနယ်ပယ်အတွင်း၌ မည်သူမျှ ယှဉ်နိုင်ခြင်းမရှိသော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြပြီး မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး ရောက်ရှိနိုင်သည့် အမြင့်ဆုံး အထွတ်အထိပ်ကို ကိုယ်စားပြုသည်။

သို့သော် ကျန့်ဖေးရှမှာမူ လူသားပန်းမန်ကိုသာ ပွင့်လန်းစေနိုင်သည့် ပန်းတစ်ပွင့်နယ်ပယ်တွင်သာ ရှိသေးသည်။ သူ သိထားသလောက်မှာ မူလနယ်ပယ် ပညာရှင်များသာလျှင် သဘာဝ ဝိညာဉ်စွမ်းအင်များကို အသုံးချနိုင်ခြင်းဖြစ်ပြီး လူတိုင်းလည်း ထိုသို့ မလုပ်ဆောင်နိုင်ကြချေ။

ဤသို့ လုပ်ဆောင်နိုင်သူ အများစုမှာ လူသားပန်းမန်နှင့် ကမ္ဘာမြေပန်းမန် နှစ်ခုစလုံး ပွင့်လန်းထားသည့် ပန်းနှစ်ပွင့်နယ်ပယ်မှ ပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ စိတ်ဝိညာဉ်နှင့် စွမ်းအင်များမှာ သာမန်လူများထက် များစွာ သာလွန်သဖြင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ဆွဲယူအသုံးချနိုင်ခြင်း ဖြစ်သည်။

ပန်းတစ်ပွင့်နယ်ပယ်တွင် ရှိနေစဉ်မှာပင် ပြင်ပဝိညာဉ်စွမ်းအင်များကို တိုက်ပွဲတွင် အသုံးချနိုင်သော မူလနယ်ပယ် သိုင်းပညာရှင်မှာ အလွန်ပင် ရှားပါးလှပြီး ၎င်းတို့မှာ ထူးခြားသော ပါရမီနှင့် အသိအမြင် ရှိသူများသာ ဖြစ်ကြသည်။

သို့သော် သူ၏ရှေ့မှ ဤလူငယ်မှာ မူလနယ်ပယ် သိုင်းပညာရှင်ပင် မဟုတ်သေးပါဘဲနှင့် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို မည်သို့ ဆွဲယူကာ ရန်သူကို တိုက်ခိုက်နေရသနည်း။ ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းသော ပါရမီရှင် ဖြစ်နေသနည်း။

ကျန့်ဖေးရှ၏ ရင်ထဲတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသော်လည်း စူးချန်ခုန်းကမူ သူ့ကို အသက်ရှူနားခွင့် ပေးမည် မဟုတ်ချေ။

စူးချန်ခုန်းသည် သံဖြတ်ဓားကို လက်တွင်ကိုင်လျက် ရှေ့သို့ အရှိန်ဖြင့် တက်လှမ်းလိုက်သည်။ သူသည် ကျားကြီးပုံရိပ်ယောင်၏ အပေါ်သို့ နင်းတက်ကာ လေထဲသို့ ခုန်တက်လိုက်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။ အနက်ရောင် ဓားသွားထက်မှ ထက်မြက်သော ဓားစွမ်းအားများ ထွက်ပေါ်လာပြီး ပြန်လည်ကောင်းမွန်သွားသော သွေးကြောများအတွင်းမှ ဓားစွမ်းအင်များသည် ကိုယ်ခန္ဓာနှင့်အတူ တုန်ခါလျက် ဓားသွားထက်တွင် စုစည်းသွားကာ ပြင်းထန်သော ဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။

"ခုတ်"

စူးချန်ခုန်း၏ မျက်ဝန်းများမှာ ဓားသွားများအလား ထက်မြက်စွာ တောက်ပနေပြီး ဓားအိမ်ကို ဘေးသို့ လွှင့်ပစ်လိုက်သည်။ သူသည် အမြင့်မှနေ၍ ဓားရိုးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သံဖြတ်ဓားကို ကြွေကျလာသော ကြယ်တံခွန်တစ်ခုအလား အရှိန်ဖြင့် ခုတ်ချလိုက်သည်။ ဓားစွမ်းအား၏ တွန်းအားကြောင့် ဤခုတ်ချက်မှာ အလွန်ပင် ပြင်းထန်လှပြီး သံတောင်ကြီးကိုပင် နှစ်ပိုင်းပိုင်းနိုင်စွမ်း ရှိသည်။

"ဒါက... ဓားစွမ်းအားလား"

ကျန့်ဖေးရှမှာ ထပ်မံ အံ့သြသွားရပြန်သည်။

လေပြေရူးဓားဟု အမည်တွင်သူဖြစ်သဖြင့် ကျန့်ဖေးရှကိုယ်တိုင်မှာလည်း ဓားသိုင်းတွင် ကျွမ်းကျင်သူဖြစ်ပြီး ဓားစွမ်းအင်များကို ထုတ်လွှတ်နိုင်သည့်အပြင် ဓားအလင်းတန်းများကိုပါ ဖန်တီးနိုင်သည့် အဆင့်သို့ ရောက်ရှိထားသည်။ သို့သော် ၎င်းတို့ထက် ပိုမိုမြင့်သော ဓားစွမ်းအားအဆင့်ကိုမူ သူ မည်သို့မျှ နားမလည်နိုင်သလို ဆုပ်ကိုင်နိုင်စွမ်းလည်း မရှိချေ။ သို့ပါလျက်နှင့် သူ၏ရှေ့မှ မည်သူမှန်းမသိသော ဤလူငယ်လေးမှာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို အသုံးချနိုင်ရုံသာမက သူ၏ ဓားကျင့်စဉ်ကလည်း ဤမျှ မြင့်မားသော အဆင့်သို့ ရောက်နေသည်တဲ့လား။

ထပ်စဉ်းစားနေဖို့ အချိန်မရှိသဖြင့် ကျန့်ဖေးရှသည် စူးချန်ခုန်း၏ တောင်ဖြိုဓားချက်ကို ခုခံရန် သူ၏ဓားကို မြှောက်ကာ ကာကွယ်လိုက်သည်။

ချွင်း

သတ္တုချင်း ထိခိုက်သံမှာ ဂူအတွင်း ဟိန်းထွက်သွားပြီး နားစည်ကိုတောင် ကွဲထွက်မတတ်ပင်။ ထက်လှသော ဓားစွမ်းအင်များမှာ လေပွေတစ်ခုအလား ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ကျောက်သားနှင့် သံမဏိများကိုပင် ဆွဲဖြဲပစ်လိုက်သည်။

ဒိန်း...ဒိန်း...ဒိန်း

ကျန့်ဖေးရှသည် ခြေကုပ်မြဲအောင်နင်းလျက် မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ သန်စွမ်းသော ကိုယ်ခန္ဓာနှင့် နက်ရှိုင်းသော ကျင့်စဉ်ကို အားပြုကာ စူးချန်ခုန်း၏ ခုတ်ချက်ကို ထိပ်တိုက်ရင်ဆိုင် ခုခံလိုက်သည်။ သို့သော် သူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာမူ သည်းမခံနိုင်လောက်အောင် ပြင်းထန်သော ဖိအားကြောင့် အက်ကွဲသွားပြီး ပေပေါင်းသုံးဆယ်ခန့် ရှည်လျားသော အက်ကြောင်းကြီး ပေါ်လာလေ၏။

ကျန့်ဖေးရှ၏ မျက်ဝန်းတွင် ဒေါသများ တောက်လောင်နေလျက်။ မူလနယ်ပယ် သိုင်းပညာရှင်အချင်းချင်း ရင်ဆိုင်ရလျှင် တစ်မျိုးဖြစ်သော်လည်း ယခုမူ ချီသွေးနယ်ပယ်ရှိသူတစ်ဦးကို သူက လုံးဝအသာစီးဖြင့် တိုက်ခိုက်နိုင်ရမည် ဖြစ်သည်။ သို့သော် ဤကောင်လေးမှာ သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာမက ပြန်လည်တိုက်စစ်ပင် ဆင်နိုင်နေသည်လား။ ၎င်းမှာ မိမိကိုယ်ကိုယ် မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးအဖြစ် ဂုဏ်ယူနေသော ကျန့်ဖေးရှအတွက် လက်ခံနိုင်စရာ မရှိသော ကိစ္စဖြစ်သည်။

အားးးးးးးး

ကျန့်ဖေးရှ၏ လည်ချောင်းအတွင်းမှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး သူ၏ ကိုယ်ပေါ်တွင် တောက်ပသော အဖြူရောင် ကောင်းကင်သွေးကြော ပုံရိပ်ယောင် နှစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ ရှိနေပြီး ကြီးမားသော ဖိအားများကို ထုတ်လွှတ်နေ၏။

သူ၏ ဦးခေါင်းအထက်တွင် စိမ်းလန်းသော လူသားပန်းမန် တစ်ပွင့် ပွင့်လန်းလာပြီး မွှေးရနံ့များမှာ လေထဲတွင် ပျံ့နှံ့သွားသည်။

ယခင်က တွေ့ခဲ့ဖူးသော မူလနယ်ပယ် သိုင်းပညာရှင် ချီးခါထူမှာ ကောင်းကင်သွေးကြော တစ်ခုသာ ပွင့်ထားသူဖြစ်ပြီး ယခု ကျန့်ဖေးရှမှာမူ နှစ်ခု ပွင့်ထားသဖြင့် ချီးခါထူထက် များစွာ ပိုမိုအစွမ်းထက်ကြောင်း ထင်ရှားသည်။

ကောင်းကင်သွေးကြောများမှာ တုန်ခါနေပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ရှုပ်ထွေးစွာ ဝေ့ဝဲစေသည်။ ကျန့်ဖေးရှက အစွမ်းကုန် ထုတ်သုံးရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။

"ဒီကလေးက ဘယ်သူလဲဟ။ ချမ်ရွေ့နဲ့ သိနေတာလား။ ငါ ဘာလို့ အဲ့အကြောင်း မကြားဖူးရတာလဲ"

မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ဖိအားကြောင့် ဝမ့်ရှင်းကျန့်မှာ ထိတ်လန့်သွားရသည်။ ကျန့်ဖေးရှသည် မူလနယ်ပယ် သိုင်းပညာရှင် ဖြစ်သော်လည်း စူးချန်ခုန်းက သူ့ကို အစွမ်းကုန် ထုတ်သုံးလာအောင် ဖိအားပေးနိုင်တာက ကြောက်စရာကောင်းလှသည်။

ဝမ့်ရှင်းကျန့်မှာ စူးချန်ခုန်း၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ချမ်ရွေ့နှင့် မည်သို့ပတ်သက်သည်ကို အခုထိ မသိရသေးချေ။

ချမ်ရွေ့မှာလည်း ရင်တထိတ်ထိတ် ဖြစ်နေသည်။ စူးချန်ခုန်းမှာ သူစိမ်းတစ်ယောက် ဖြစ်သော်လည်း သွေးကြောများကို ကုသရန်လာခြင်းမှလွဲ၍ အခြား မကောင်းသော ရည်ရွယ်ချက် မရှိပေ။ ကျန့်ဖေးရှမှာမူ ဆရာဖြစ်သူ၏ ရုပ်အလောင်းကို ယူရန်နှင့် သူ့ကို သတ်ဖို့ ရောက်လာသူဖြစ်သည်။ ထို့ကြောင့် ချမ်ရွေ့က စူးချန်ခုန်းကိုသာ အနိုင်ရစေချင်သည်။

"လေပြေရူးဓားကျင့်စဉ်။ လေပြေရူးဓားအလင်းတန်း"

ကျန့်ဖေးရှသည် ကောင်းကင်သွေးကြော နှစ်ခုစလုံးကို အသုံးပြုကာ သူ၏ အစွမ်းကုန်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။ သူ၏ ချီစွမ်းအင်များမှာ ယခင်ကထက် များစွာ ပိုမိုအားကောင်းလာပြီး သူ၏ ဓားကောက်ကြီးကို စူးချန်ခုန်းထံသို့ ဝေ့ယမ်းခုတ်ချလိုက်သည်။ ဓားသွားတစ်ခုလုံးမှာ လေထဲတွင် ပျောက်ကွယ်သွားပြီး သာမန်မျက်စိနှင့် မမြင်နိုင်လောက်သော အရှိန်ဖြင့် လေပွေများအလား ထက်လှသော ဓားအလင်းတန်းများ ဖြစ်ပေါ်လာကာ စူးချန်ခုန်းထံသို့ ရှုပ်ထွေးစွာ ကျရောက်လာသည်။

ဝေါင်း

သို့သော် စူးချန်ခုန်း၏ ရှေ့ရှိ ဟင်းလင်းပြင်ကြီးမှာ တုန်ခါသွားပြီး ဧရာမ ကျားပုံရိပ်ကြီးက သူတို့ကြားသို့ ခုန်ဝင်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ဘုန်း

ဟိန်းဟောက်သံနှင့်အတူ ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်သွားကာ သံမဏိများကိုပင် ကြိတ်ခြေနိုင်သော အသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး မုန်တိုင်းအလား ကျရောက်လာသော ဓားအလင်းတန်းများကို ခုခံလိုက်သည်။ မိုးကြိုးပစ်သံကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ပြင်းထန်သော လေလှိုင်းများမှာ အရပ်ရပ်သို့ ပျံ့နှံ့သွားကာ ဂူနံရံများပေါ်တွင် များပြားလှသော အက်ကြောင်းကြီးများကို ဖြစ်ပေါ်စေသည်။

ဘုန်း

ဂူအမိုးပေါ်မှ တွဲလောင်းကျနေသော ကျောက်စက်ပန်းဆွဲကြီးတစ်ခုမှာ ပြုတ်ကျလာပြီး မြေပြင်သို့ မရောက်ခင်မှာပင် ပြင်းထန်သော လေလှိုင်းများကြောင့် အမှုန့်အဖြစ် ပြောင်းလဲသွားသည်။

ဆေးစွမ်းအင်များ ကုန်ဆုံးလုနီးပါးဖြစ်နေသော ကန်အတွင်းမှ ရေများမှာလည်း ခပ်ကြမ်းကြမ်း ရိုက်ခတ်ကုန်သည်။

ကျန့်ဖေးရှ၏ အားအင်ဟောင်းများ ကုန်ဆုံးပြီး အားသစ် မပေါ်မီ အချိန်လေးတွင် ဖုန်မှုန့်များကြားမှ တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ဓားစွမ်းအင်၏ တွန်းအားကြောင့် အဖျက်စွမ်းအားမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီး လျှော့တွက်၍ မရသော အရှိန်ဖြင့် ကျရောက်လာသည်။

ချွင်း

ကျန့်ဖေးရှသည် သူ၏ ဓားကောက်ကို လေပွေတစ်ခုအလား ဝေ့ယမ်းကာ သံဖြတ်ဓားကို ခုခံလိုက်သည်။ ဓားချင်း ထိခိုက်သံနှင့်အတူ မီးပွားများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်စင်သွားလေ၏။

All Chapters