အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
အခန်း (၄၂၇) တိရိစ္ဆာန်ငါးကောင်ပုံစံတူကျင့်စဉ်။ မူလနယ်ပယ်အဆင့်ကို ကွပ်မျက်ခြင်း။ (၂)
"ဝူး..."
ဧရာမ ကျားပုံရိပ်ကြီးသည် မြန်နှုန်းမြင့် တုန်ခါသွားပြီးနောက် အမွှေးနက် ဝက်ဝံကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုဝက်ဝံကြီးသည် သူ၏ နောက်ခြေနှစ်ဖက်ဖြင့် မတ်တတ်ရပ်လိုက်ပြီး ဧရာမ လက်ဖဝါးကြီးများကို ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
ဘုန်း
ဝက်ဝံပုံရိပ်ယောင်ကြီး၏ လေးလံသော လက်ဝါးချက်များ မကျရောက်မီမှာပင် အသက်ရှူရကျပ်စေသော ဖိအားများမှာ စုစည်းသွားပြီး လေထုမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်ကုန်သည်။ လက်ဝါးများ မြေပြင်သို့ ကျရောက်သွားသောအခါ ဂူတစ်ခုလုံး တုန်ခါသွားပြီး ဂူအမိုးမှ ကျောက်စက်ပန်းဆွဲများ ပြုတ်ကျကာ မြေပြင်တွင်လည်း အက်ကြောင်းကြီးများ ပေါ်လာသည်။
ကျန့်ဖေးရှသည် ဝက်ဝံလက်ဖဝါးချက်ကို ရှောင်တိမ်းရန် နောက်သို့ ဆုတ်လိုက်သော်လည်း စူးချန်ခုန်းမှာမူ သတ်ဖြတ်လိုသော အရှိန်အဝါဖြင့် အနီးကပ် ချဉ်းကပ်လာခဲ့ပြီ ဖြစ်သည်။ သူသည် သံဖြတ်ဓားကို ရိုးရှင်းသော်လည်း အတိုင်းအဆမရှိ မြန်ဆန်သော နည်းလမ်းဖြင့် ဝေ့ယမ်းလိုက်ရာ ၎င်း၏ အဖျက်စွမ်းအားမှာ မည်သည့်အရာကမျှ မတားဆီးနိုင်လောက်အောင်ပင်။
"တောက်... ဒီကောင်က မိစ္ဆာများလားဟ။ ငါက ဘယ်လိုဖြစ်ပြီး အဖိနှိပ်ခံနေရတာလဲ" ကျန့်ဖေးရှသည် အသည်းအသန် ခုခံရင်း စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်နေမိသည်။
ချီသွေးနယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ဦးမျှသာ ဖြစ်သော စူးချန်ခုန်းသည် ကောင်းကင်သွေးကြော နှစ်ခုစလုံး ပွင့်ထားသော မူလနယ်ပယ် သိုင်းပညာရှင် မိမိကို ဘယ်လိုလုပ်ပြီး လုံးဝအသာစီးရကာ ဖိနှိပ်ထားနိုင်ရသနည်း။
စူးချန်ခုန်းသည် နတ်ဆိုးစွမ်းအင်ပုံစံအတတ်၏ အနှစ်သာရကို ဝူချင်းရှီနှင့် ပေါင်းစပ်ပြီးနောက်တွင် တိရစ္ဆာန်ငါးကောင် အသွင်ပြောင်းလဲခြင်း အတတ်ကို လူတို့ မယုံကြည်နိုင်လောက်သော အဆင့်အထိ တတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏ ကိုယ်ခန္ဓာမှာလည်း အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်နေပြီ ဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လျှော့တွက်၍ မရချေ။
အသွင်ပြောင်း ပုံရိပ်ယောင်များနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့၏ ဟန်ချက်မှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံသွားပြီး ယခင်ကထက် များစွာ သာလွန်သော တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။
အကယ်၍ စူးချန်ခုန်း၏ သွေးကြောများသာ ပြန်မကောင်းသေးလျှင် ကျန့်ဖေးရှကို အနိုင်ရရန် ခန့်မှန်းရ ခက်ခဲပေလိမ့်မည်။ လှုပ်ရှား၍မရခြင်းမှာ သေစေနိုင်သော အားနည်းချက် ဖြစ်နေမည်ဖြစ်သော်လည်း ယခုအခါ ထိုအားနည်းချက်ကို သူက ကုသနိုင်ခဲ့ပြီ ဖြစ်သည်။
တကယ်တော့ စူးချန်ခုန်းအတွက် ဤကဲ့သို့ အသွင်ပြောင်းအတတ်ကို အသုံးပြုရင်း အစွမ်းကုန် တိုက်ခိုက်ခြင်းမှာ အာရုံကို နှစ်ပိုင်းခွဲထားရခြင်း ဖြစ်သဖြင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို နှစ်ဆ ပင်ပန်းစေသည်။ သို့သော် ထိုသို့ မဖြစ်မီမှာပင် ကျန့်ဖေးရှကို သတ်နိုင်မည်ဟု သူယုံကြည်သည်။
"ဝေါင်း..." "ဝူး..."
ချမ်ရွေ့နှင့် ဝမ့်ရှင်းကျန့်တို့မှာ သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်နေကြသည်။ ကျန့်ဖေးရှနှင့် တိုက်ခိုက်နေသော သားရဲပုံရိပ်မှာ ခန့်မှန်းရခက်စွာ ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ ဧရာမကျားကြီးအဖြစ် ဟိန်းဟောက်လိုက်၊ တစ်ခါတစ်ရံ ဝက်ဝံကြီးအဖြစ် ရိုက်ချလိုက်၊ အချို့အချိန်များတွင်မူ ဗျိုင်းဖြူတစ်ကောင်အလား ပျံသန်းလိုက်နှင့် ပုံသေမရှိဘဲ ဆန်းကြယ်စွာ ပြောင်းလဲနေသဖြင့် ကျန့်ဖေးရှကို လုံးဝ လွှမ်းမိုးထားသည်။
ထို့အပြင် စူးချန်ခုန်း ကိုယ်တိုင်မှာလည်း သူ၏ သိုင်းပညာအတတ်များကို အမြင့်ဆုံးသို့ မြှင့်တင်ထားသည်။ ခုတ်ချက်တိုင်းမှာ ကျန့်ဖေးရှအပေါ် ကြီးမားသော ဖိအားများကို ပေးနေသဖြင့် ကျန့်ဖေးရှမှာ မပေါ့ဆရဲပေ။
စူးချန်ခုန်းနှင့် တိုက်ခိုက်နေရသော ကျန့်ဖေးရှ၏ နဖူးမှ ချွေးများ တဖြိုက်ဖြိုက် စီးကျနေပြီး အသည်းအသန် ရုန်းကန်နေရသည်။ ရက်စက်ကြမ်းကြုတ်လှသော သားရဲများစွာ၏ တစ်ပြိုင်နက် တိုက်ခိုက်မှုကို ခံနေရသကဲ့သို့ ခံစားနေရသည်။ သူ အကြံကုန်နေပြီဖြစ်ပြီး တန်ပြန်တိုက်စစ် ဆင်ရန် အခွင့်အရေးပင် တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ စူးချန်ခုန်း၏ ဘေးမှ တိုက်ခိုက်မှုများကြောင့်လည်း တိုက်ပွဲမှ လွတ်အောင်ပြေးရန် အခွင့်အရေး မမြင်တော့ချေ။
"ဝမ့်ရှင်းကျန့်... မင်း ဘာလုပ်နေတာလဲ။ လာကူဦးလေ" ကျန့်ဖေးရှမှာ အကျပ်ရိုက်လာသဖြင့် ဝမ့်ရှင်းကျန့်၏ အကူအညီကို အော်ဟစ်တောင်းခံလိုက်ရသည်။
"မကောင်းတော့ဘူး... ကျန့်ဖေးရှ ဖိနှိပ်ခံနေရတာလား။ သူ ရှုံးလို့ မဖြစ်ဘူး"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ့်ရှင်းကျန့်၏ မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး နောက်ဆုံးတွင် အံကြိတ်ကာ တိုက်ပွဲထဲသို့ ခုန်ဝင်လိုက်သည်။ သူ၏ ချီသွေးစွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး ကြီးမားသော ချီသွေး မီးပြင်းဖိုတစ်ခုကို ဖန်တီးလိုက်ကာ ကျန့်ဖေးရှကို ကူညီရန်နှင့် စူးချန်ခုန်း၏ တိရစ္ဆာန်ငါးကောင်း ပုံရိပ်ယောင်များကို ဖျက်ဆီးရန် ပြင်ဆင်လိုက်သည်။ ဤသို့ဖြင့် အနိုင်ရနိုင်ရန် သူ မျှော်လင့်မိသည်။
ဝမ့်ရှင်းကျန့်မှာ အစွမ်းကုန် ကြိုးစားရပေမည်။ အကယ်၍ စူးချန်ခုန်းနှင့် ချမ်ရွေ့တို့၏ ကိစ္စကို သူမရှင်းနိုင်ပါက သူသည် ဂိုဏ်း၏ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး အပြင်းထန်ဆုံး အပြစ်ဒဏ်ကို ခံရပေလိမ့်မည်။ အနိမ့်ဆုံး အပြစ်ဒဏ်မှာ သူ၏ သိုင်းပညာစွမ်းရည်များကို ဖျက်ဆီးခံရခြင်းပင် ဖြစ်သည်။
"ဝုန်း..."
သို့သော် ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ချမ်ရွေ့၏ ဦးခေါင်းထက်တွင် ချီသွေးစွမ်းအင် မီးပြင်းဖိုတစ်ခု တောက်လောင်နေလျက် ဝမ့်ရှင်းကျန့်ကို ကြားဖြတ်တားဆီးလိုက်သည်။ သူသည် လူအ မဟုတ်သဖြင့် အခြားတစ်ဖက်မှ စူးချန်ခုန်း၏ တိုက်ပွဲကို နှောင့်ယှက်မည်ကို ငြိမ်ကြည့်နေမည် မဟုတ်ပေ။
"လူယုတ်မာ... သေပေတော့" ဝမ့်ရှင်းကျန့်မှာ ဒေါသတကြီးဖြင့် အညာတာမဲ့စွာ တိုက်ခိုက်လိုက်သည်။
"သေရမှာက လမ်းမှားကို ရောက်နေတဲ့ သစ္စာဖောက် မင်းပဲ" ချမ်ရွေ့ကလည်း အလျှော့မပေးဘဲ ပြန်တုံ့ပြန်လိုက်သည်။
ဂိုဏ်းတူညီအစ်ကို နှစ်ယောက်မှာ သေအကြေ အပြန်အလှန် တိုက်ခိုက်ကြရာ နတ်ပိုးချည်ဂူအတွင်း၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ကုန်သည်။ ပြင်းထန်သော လေလှိုင်းများ တိုက်ခတ်နေပြီး ချီသွေးစွမ်းအင်များမှာလည်း ဒီရေအလား တက်လိုက်ကျလိုက် ဖြစ်နေသည်။
"ဘာတွေ ဒီလောက် ဆူညံနေတာလဲ"
ဤအချိန်မှာ ညဉ့်နက်ပိုင်းဖြစ်သဖြင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှာ တိတ်ဆိတ်နေပြီး အများစုမှာ အိပ်စက်အနားယူနေကြပြီ ဖြစ်သည်။ သို့သော် ကင်းလှည့်နေသော တပည့်အချို့နှင့် တောင်အနောက်ဘက် အပြင်ဘက်ရှိ သိုင်းပညာရှင်တစ်စုမှာ တားမြစ်နယ်မြေအတွင်းမှ ထွက်ပေါ်လာသော အသံများကြောင့် မျက်နှာများ ပျက်သွားကြသည်။
အစက ဝမ့်ရှင်းကျန့်သည် သူ၏ သွေးစွမ်းအင်ဖြင့် ဂူအဝင်ဝကို ပိတ်ဆို့ထားသဖြင့် အသံများ အပြင်သို့ မပေါက်ကြားအောင် လုပ်ထားခြင်း ဖြစ်သည်။
သို့သော် ယခု သေရေးရှင်ရေး အခြေအနေတွင် ဝမ့်ရှင်းကျန့်ကိုယ်တိုင် တိုက်ပွဲထဲသို့ ဝင်ပါလာရသည်။ လူလေးဦးမှာ နှစ်ဖွဲ့ခွဲကာ ဂူအတွင်း၌ အပြင်းအထန် တိုက်ခိုက်နေကြရာ မည်သူကမှ အသံကျယ်မကျယ်ကို ဂရုမစိုက်နိုင်တော့ချေ။
"ဒီအသံတွေက တောင်နောက်ဘက် တားမြစ်နယ်မြေကနေ လာတာလား။ ဂိုဏ်းချုပ်ကို ချက်ချင်း သွားအကြောင်းကြား"
တပည့်များသည် ဆူညံသံများကို ကြားရသည်နှင့် ဂိုဏ်းချုပ်နှင့် ဂိုဏ်းအကြီးအကဲများထံသို့ သတင်းပို့ရန် ချက်ချင်း ထွက်ခွာသွားကြသည်။
သာမန်တပည့်များ ဝင်ခွင့်မရှိသော တားမြစ်နယ်မြေအတွင်းမှ ဆက်တိုက် ဆူညံသံများ ထွက်ပေါ်နေခြင်းမှာ ပြဿနာကြီးကြီးမားမား တက်နေကြောင်း ထင်ရှားပါသည်။
"ဟင်... တောင်အနောက်ဘက်က ဆူညံသံတွေပါလား။ ဝိညာဉ်စွမ်းအင်တွေ ရှုပ်ထွေးနေတာကို ကြည့်ရင် မူလနယ်ပယ်ပညာရှင်တွေ တိုက်ခိုက်နေကြတာလား။ အသံတွေက နတ်ပိုးချည်ဂူက လာတာပဲ"
ဂိုဏ်းချုပ်ဟေးလျန်ယွမ်နှင့် ဂိုဏ်းအကြီးအကဲ နှစ်ဦးမှာ သတင်းကြားသည်နှင့် တောင်အနောက်ဘက်သို့ အမြန်ဆုံး ပြေးသွားကြသည်။ အဝေးမှနေ၍ သူတို့၏ မျက်နှာများ ပြိုင်တူ ပျက်သွားကြသည်။
"ဂိုဏ်းအကြီးအကဲ ချီရှစ် အသက်ရှင်နေသေးတာလား။ သူ ကျင့်စဉ်တက်သွားတာလား"
"ဒါပေမဲ့... သူ့ကို ဘယ်သူက ပြန်တိုက်နေတာလဲ"
ဂိုဏ်းချုပ် ဟေးလျန်ယွမ်နှင့် ကျန်ဂိုဏ်းအကြီးအကဲ နှစ်ဦးမှာ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေကြသည်။
တိုက်ပွဲ၏ အရှိန်အဝါမှာ မူလနယ်ပယ်အဆင့်ဖြစ်ကြောင်း သူတို့ အဝေးမှပင် ခံစားသိရှိနိုင်သည်။ နတ်ပိုးချည်ဂူအတွင်း၌ မူလနယ်ပယ် သိုင်းပညာရှင်များ အပြင်းအထန် တိုက်ခိုက်နေကြသည်။ အကယ်၍ တစ်ဦးမှာ အဖိုးကြီးချီရှစ်ဖြစ်ပါက ကျန်တစ်ဦးမှာ မည်သူနည်း။
သူတို့မှာ အခြေအနေကို နားမလည်နိုင်သော်လည်း ရပ်တန့်မနေဘဲ အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်လက်ပြေးသွားကြသည်။
နတ်ပိုးချည်ဂူအတွင်း၌ ကျန့်ဖေးရှ၏ နဖူးမှ ချွေးစေးများ တတောက်တောက် ကျနေ၏။ စူးချန်ခုန်းနှင့် တိရစ္ဆာန် ငါးကောင် ပုံရိပ်ယောင်များ၏ မရပ်မနား တိုက်ခိုက်မှုအောက်တွင် သူသည် အသက်ရှူရန်ပင် အချိန်မရတော့ချေ။ ဤအတိုင်းသာ ဆက်သွားပါက သူ ရှုံးနိမ့်သွားတော့မှာ မြေကြီးလက်ခတ်မလွဲပင်။
အခန်း (၄၂၈) တိရိစ္ဆာန်ငါးကောင်ပုံစံတူကျင့်စဉ်။ မူလနယ်ပယ်အဆင့်ကို ကွပ်မျက်ခြင်း။ (၃)
ကျန့်ဖေးရှက ပျာပျာသလဲဖြင့် အော်ပြောလိုက်သည်။ "တိုက်တာ ရပ်လိုက်စမ်း။ ငါ အဖိုးကြီးချီရှစ်ရဲ့ ရုပ်အလောင်းကို မလိုချင်တော့ဘူး။ ငါတို့ ဒီအတိုင်း ဆက်တိုက်နေရင် ဝိညာဉ်လမ်းစဉ်ဂိုဏ်းက မူလနယ်ပယ် သိုင်းပညာရှင်တွေ ရောက်လာတဲ့အခါ ငါတို့ နှစ်ယောက်စလုံး လွတ်အောင်ပြေးနိုင်မှာ မဟုတ်ဘူး"
ကျန့်ဖေးရှသည် အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း အာရုံခံမိနေပြီး ဆက်တိုက်လျှင် သူသာ ရှုံးနိမ့်သွားတော့မည်ကို ကြောက်လန့်နေသဖြင့် စူးချန်ခုန်းကို ရပ်တန့်စေချင်သည်။ သို့သော် ဤအခြေအနေသို့ ရောက်မှတော့ သူ မည်သို့ ရပ်တန့်နိုင်မည်နည်း။ သူက ကျန့်ဖေးရှကို အပြတ်ရှင်းဖို့သာ ဆုံးဖြတ်ထားသည်။
ရွှီး
ရုတ်တရက် စူးချန်ခုန်း၏ ဘယ်ဘက်လက်ကို ရမ်းလိုက်ရာ မမြင်နိုင်လောက်အောင် သေးငယ်သော ပိုးချည်မျှင်ပေါင်းများစွာမှာ တင်းခနဲ ဖြစ်သွားပြီး ကျန့်ဖေးရှ၏ ခြေကျင်းဝတ်များကို ရစ်ပတ်လိုက်သည်။
တိုက်ပွဲပြင်းထန်နေစဉ်အတွင်း စူးချန်ခုန်းသည် နတ်ပိုးချည်ကျင့်စဉ်ကို တိတ်တဆိတ် အသုံးပြုကာ ပိုးချည်များကို ပတ်ပတ်လည်သို့ လွှင့်ထုတ်လျက် ထောင်ချောက်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ကျန့်ဖေးရှ၏ အာရုံလွင့်ချိန်တွင် ၎င်းကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
"မကောင်းတော့ဘူး"
ကျန့်ဖေးရှ၏ ဓားကောက်က လေထဲတွင် ဝေ့ယမ်းလျက် ပိုးချည်များကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်သော်လည်း သူ၏ မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး သူ၏ ကံဆိုးမှုကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
သားရဲပုံရိပ်မှာ ဧရာမမျောက်ဝံကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ကြီးမားလှသော လက်နှစ်ဖက်ဖြင့် ကျန့်ဖေးရှ၏ ပုခုံးများကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။ ထိုဖိအားကြောင့် သူ၏ ဒူးများ ကွေးညွတ်သွားပြီး မြေပြင်မှာလည်း ကျွံဝင်သွားရာ မတ်တတ်ပင် မရပ်နိုင်တော့ချေ။ သူက ဒေါသတကြီး အော်ဟစ်နေပြီး နဖူးတွင် သွေးကြောများ ထောင်နေကာ ဦးခေါင်းထက်တွင် လူသားပန်းမန် ပွင့်လန်းကာ ကောင်းကင်သွေးကြောများ တုန်ခါနေသော်လည်း ဧရာမမျောက်ဝံပုံရိပ်ယောင်၏ ချုပ်နှောင်မှုမှ မရုန်းထွက်နိုင်ခဲ့။
"သေလိုက်တော့"
အေးစက်သော ခံစားချက်တစ်ခုက သူ၏ လည်ပင်းနောက်ဘက်သို့ စီးဝင်သွားသည်။ ၎င်းမှာ ရန်သူကို အနိုင်ယူဖို့ ဤအခွင့်အရေးကို လက်လွတ်မခံသော စူးချန်ခုန်းပင် ဖြစ်သည်။ သူ၏ လက်ထဲရှိ သံဖြတ်ဓားမှာ ကျန့်ဖေးရှ၏ လည်ဂုတ်ထံသို့ အရှိန်ဖြင့် ကျရောက်လာသည်။
"မလုပ်နဲ့"
ချုပ်နှောင်ခံထားရသဖြင့် ကျန့်ဖေးရှမှာ မရှောင်တိမ်းနိုင်တော့ဘဲ သေမင်း၏ အလာကိုသာ စောင့်မျှော်ရင်း မကျေမနပ်စွာ အော်ဟစ်လိုက်မိသည်။
ရွှမ်း
မည်သည့် ထူးခြားမှုမှ မရှိဘဲ ကျန့်ဖေးရှ၏ ဦးခေါင်းမှာ ပြတ်တောက်သွားလေ၏။ ဦးခေါင်းမှာ လေထဲသို့ လွင့်တက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ ပြတ်တောက်သွားသော လည်ပင်းမှ သွေးများမှာ ရေပန်းတစ်ခုအလား ပန်းထွက်ကုန်သည်။
ကျန့်ဖေးရှ သေဆုံးသွားလေပြီ။
ဤမူလနယ်ပယ် သိုင်းပညာရှင် ကျန့်ဖေးရှသည် အဖိုးကြီးချီရှစ်၏ ရုပ်အလောင်းကို ခိုးယူကာ မိစ္ဆာဂိုဏ်းထံတွင် အကျိုးအမြတ်နှင့် လဲလှယ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်သည်။ ဤအလုပ်မှာ အလွန်လွယ်ကူပြီး မည်သည့် အတားအဆီးမှ ရှိမည်မဟုတ်ဟု သူ ထင်ခဲ့သည်။
သို့သော် သူသည် မူလနယ်ပယ်အဆင့်သို့ပင် မရောက်သေးသော လူငယ်တစ်ဦး၏ လက်ချက်ဖြင့် ဤနေရာ၌ အသက်ပျောက်ရလိမ့်မည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ချေ။
"ငါနိုင်ပြီ"
စူးချန်ခုန်းသည် အသက်ကို ဝဝရှူသွင်းလိုက်ပြီး စိတ်ထဲတွင် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ယခင်က ချီးခါထူကို သတ်စဉ်က စူးချန်ခုန်းသည် အရာအားလုံးကို အစွမ်းကုန် ထုတ်သုံးခဲ့ရပြီး သွေးကြောများ ပြတ်တောက်ကာ ဒုက္ခိတဖြစ်သည်အထိ စွန့်စားခဲ့ရမှသာ သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ပိုမိုအစွမ်းထက်သော ကျန့်ဖေးရှကို ရင်ဆိုင်ရာတွင်လည်း အားစိုက်ခဲ့ရသည်မှာ မှန်သော်လည်း စူးချန်ခုန်း ကိုယ်တိုင်ကတော့ မည်သည့်ဒဏ်ရာမျှ မရခဲ့ချေ။ ဤသည်မှာ ယခင်နှင့် ယခု ကွာခြားချက်ပင် ဖြစ်သည်။
"ကျန့်ဖေးရှ... သေသွားပြီလား"
ကျန့်ဖေးရှ၏ မကျေမနပ် အော်ဟစ်သံကြောင့် ဝမ့်ရှင်းကျန့်၏ နှလုံးသားမှာ ထိတ်လန့်သွားပြီး တုန်လှုပ်ချောက်ချားမှုများနှင့်အတူ စိတ်အာရုံများ ရှုပ်ထွေးသွားသည်။
ဗုန်း
ချမ်ရွေ့နှင့် အပြန်အလှန် တိုက်ခိုက်နေစဉ် ဤသို့ အာရုံလွင့်သွားခြင်းမှာ ချမ်ရွေ့အတွက် အခွင့်ကောင်း ဖြစ်သွားသည်။ ဝမ်ရှင်းကျန့်မှာ ရင်ဘတ်တည့်တည့် ထိုးနှက်ခြင်းကို ခံလိုက်ရပြီး သွေးများ ပန်းထွက်ကာ လွင့်ထွက်သွားသည်။ မြေပြင်သို့ ကျသွားသောအခါ အရိုးများမှာလည်း ကြေမွသွားပြီး သွေးများ ဆက်တိုက်အန်လျက် ပြန်မထနိုင်တော့ချေ။
"ဟူး... ဟူး... သူက ကျန့်ဖေးရှကို တကယ် သတ်လိုက်တာလား"
ထိုအချိန်မှသာ အဝေးရှိ စူးချန်ခုန်းက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်နေသည်ကိုလည်းကောင်း၊ ခေါင်းနှင့် ကိုယ် တခြားစီ ဖြစ်နေသော ကျန့်ဖေးရှကိုလည်းကောင်း ချမ်ရွေ့က မြင်တွေ့လိုက်ရပြီး အလွန်အမင်း တုန်လှုပ်သွားရသည်။
စူးချန်ခုန်းက ကျန့်ဖေးရှကို တိုက်ခိုက်စဉ်က ထွက်ပေါ်လာသော ချီသွေးစွမ်းအင်များအရ စူးချန်ခုန်းမှာ ချီသွေးနယ်ပယ်တွင်သာ ရှိနေပြီး သွေးသန့်စင်မှုမှာပင် ချမ်ရွေ့လောက် မမြင့်မားဘဲ အဆင့်မပြည့်စုံသေးသည်မှာ သိသာပါသည်။
ယုတ္တိရှိရှိပြောရလျှင် သူသည် မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ဖိနှိပ်မှုကို လုံးဝ ခံရမည် ဖြစ်သော်လည်း ပြင်းထန်သော တိုက်ပွဲအပြီးတွင် ရလဒ်မှာ စူးချန်ခုန်းက ကျန့်ဖေးရှကို အနိုင်ယူကာ တစ်ချက်တည်းနှင့် ခေါင်းဖြတ်လိုက်ခြင်း ဖြစ်နေသည်။
ဤသည်မှာ ကြားဖူးနားဝပင် မရှိသော ကိစ္စဖြစ်သည်။ အကယ်၍ ချမ်ရွေ့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ခြင်း မဟုတ်ပါက ချီသွေးနယ်ပယ် သိုင်းပညာရှင်တစ်ဦးက ဤမျှ အစွမ်းထက်နိုင်မည်ဟု ဘယ်သောအခါမျှ ယုံကြည်မည် မဟုတ်ချေ။
"ဟင်"
စူးချန်ခုန်းသည် အမောဖြေရင်း အင်အားများ ပြန်လည်စုစည်းနေစဉ် ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး အခက်တွေ့သည့် ပုံစံ ပေါ်လာသည်။
ဂူအတွင်းရှိ လမ်းကြောင်းများမှ လူရိပ်သုံးခု ပေါ်လာပြီ ဖြစ်သည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ခန့်ညားထည်ဝါသော အရှိန်အဝါရှိပြီး ဒေါသကို ဖုံးကွယ်ထားနိုင်သော ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဟေးလျန်ယွမ်ပင် ဖြစ်သည်။
ဟေးလျန်ယွမ်အပြင် အခြားလူနှစ်ဦးမှာလည်း ဝိညာဉ်စွမ်းအင်များ ဖြာထွက်နေသဖြင့် မူလနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြောင်း သိသာပြီး ကျန့်ဖေးရှထက် မနိမ့်သော ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ မူလနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသည်။
မကြာသေးမီက တိုက်ပွဲမှာ အလွန်ပြင်းထန်လှသဖြင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်း အနေဖြင့် သတိမထားမိဘဲ နေမည် မဟုတ်ချေ။ ကျယ်လောင်သော ဆူညံသံများကြောင့် ဟေးလျန်ယွမ်နှင့် အခြားထိပ်တန်း ပညာရှင်နှစ်ဦးတို့မှာ တောင်အနောက်ဘက်ရှိ နတ်ပိုးချည်ဂူ တားမြစ်နယ်မြေသို့ ချက်ချင်း ရောက်ရှိလာကြခြင်း ဖြစ်သည်။
"စီနီယာ အစ်ကိုကြီး... ကျင့်စဉ်ကျင့်ရင်း အသက်ပျောက်သွားပြီပဲ"
နတ်ပိုးချည်ဂူအတွင်းသို့ ဝင်လိုက်သည်နှင့် ဟေးလျန်ယွမ်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အဖိုးကြီးချီရှစ်၏ ရုပ်အလောင်းကို တွေ့လိုက်ရာ သူ့မျက်နှာတွင် ဝမ်းနည်းရိပ်များ ပေါ်လာ၏။
အဖိုးကြီးချီရှစ်မှာ ကျင့်စဉ်ကျင့်ရင်း အသက်မပျောက်သေးဘဲ ရှင်နေဦးမည်ဟု မျှော်လင့်ချက် ထားခဲ့သော်လည်း ယခုမူ ထိုမျှော်လင့်ချက်မှာ လုံးဝ ပျက်စီးသွားခဲ့လေပြီ။ ဝိညာဉ်တောက်လမ်းစဉ်ဂိုဏ်း၏ အသက်အကြီးဆုံး ပုဂ္ဂိုလ်မှာ နောက်ဆုံးတွင် သမိုင်းတစ်ခုအဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်သည်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဟိုလူငယ်လေးက ဘယ်သူလဲ။ ပြီးတော့ ဟိုအသေကောင်ကကော ဘယ်သူလဲ"
ကျန်ရှိသော မူလနယ်ပယ် ဂိုဏ်းအကြီးအကဲ နှစ်ဦးမှာလည်း ဂူအတွင်းရှိ အခြေအနေကို သတိပြုမိသွားကြသည်။
ချမ်ရွေ့နှင့် ပြင်းထန်စွာ ဒဏ်ရာရနေသော ဝမ့်ရှင်းကျန့်အပြင် အဝေးတွင် ရပ်နေသော လူငယ်တစ်ဦးနှင့် ခေါင်းပြတ်နေသော အလောင်းတစ်လောင်း ရှိနေသဖြင့် အသက်ရှင်နေသူနှင့် သေဆုံးနေသူတို့မှာ မည်သူမည်ဝါ ဖြစ်ကြောင်း သူတို့ ဝေခွဲမရ ဖြစ်နေကြသည်။
"မင်းက... စူးဟေးလိုင်လား။ ဒီမှာ ဘာလုပ်နေတာလဲ"
ဟေးလျန်ယွမ်မှာမူ ဝမ်းနည်းမှုများကို ချက်ချင်း ထိန်းချုပ်ကာ စူးချန်ခုန်းကို မြင်လိုက်သည်နှင့် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ လွန်ခဲ့သော လအနည်းငယ်က ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ လာရောက်ပြီး ပြတ်တောက်သွားသော သွေးကြောများကို ပြန်လည်ကုသပေးရန် အဖိုးကြီးချီရှစ်ထံတွင် အကူအညီ တောင်းခံခဲ့သော စူးဟေးလိုင်ဖြစ်ကြောင်း သူ မှတ်မိသွားသည်။
ထိုစဉ်က အဖိုးကြီးချီရှစ်မှာ အပြင်မထွက်ဘဲ ကျင့်စဉ်ကျင့်နေချိန်ဖြစ်ပြီး အသက်သေဆုံးသွားနိုင်ခြေ ရှိသဖြင့် ဟေးလျန်ယွမ်က သူ့ကို ပြန်လွှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ စူးဟေးလိုင်ကို ဂိုဏ်း၏ တားမြစ်နယ်မြေဖြစ်သော နတ်ပိုးချည်ဂူအတွင်း၌ ပြန်လည်တွေ့ရခြင်းမှာ စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်လာသည်။
"ဂိုဏ်းချုပ်။ အကြီးအကဲ စွန်းချီ၊ အကြီးအကဲ အန်းယို"
ဟေးလျန်ယွမ်နှင့် အခြားနှစ်ဦး ရောက်လာသည်ကို မြင်သောအခါ ချမ်ရွေ့မှာ နောက်ဆုံးတွင် စိတ်အေးသွားပြီး သူတို့ကို နှုတ်ဆက်ရန် အမြန်သွားလိုက်သည်။
"ချမ်ရွေ့... ဒီမှာ ဘာတွေ ဖြစ်ကုန်တာလဲ" ဟေးလျန်ယွမ်က ချက်ချင်း မေးလိုက်ပြီး ကျန်ဂိုဏ်းကြီးအကဲ နှစ်ဦးကလည်း စူးချန်ခုန်းကို စောင့်ကြည့်ရင်း တိတ်တဆိတ် နားထောင်နေကြသည်။
"လွန်ခဲ့တဲ့ သုံးလက စူးဟေးလိုင် ရုတ်တရက် ရောက်လာပြီး သူ့ရဲ့ သွေးကြောတွေကို ပြန်ကုဖို့ ဆရာ့ကို တွေ့ချင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် သူ နတ်ပိုးချည်ဂူထဲကို အတင်းဝင်လာပြီး ကျွန်တော့်ကို ဖမ်းချုပ်ထားခဲ့တယ်... ဒီသုံးလပတ်လုံး သူက ဂူထဲမှာ နတ်ပိုးချည် ကျင့်စဉ် ပန်းချီကားကို လေ့လာနေခဲ့တာပါ။ ဒီညမှာ ဝမ့်ရှင်းကျန့်က ကျန့်ဖေးရှနဲ့အတူ နတ်ပိုးချည်ဂူထဲကို ကျူးကျော်ဝင်ရောက်လာပြီး ကျွန်တော့်ကို သတ်ဖို့နဲ့ ဆရာ့ရဲ့ရုပ်အလောင်းကို ခိုးဖို့ ကြိုးစားခဲ့ကြပါတယ်။ စူးဟေးလိုင်က ကျန့်ဖေးရှကို သတ်ခဲ့ပြီး ကျွန်တော်က ဝမ့်ရှင်းကျန့်ကို ဖမ်းချုပ်လိုက်တာပါ။"
ချမ်ရွေ့မှာ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားရဲဘဲ အဖြစ်အပျက်အားလုံးကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
နားထောင်ပြီးနောက် ဟေးလျန်ယွမ်၏ နှုတ်ခမ်းမှာ အနည်းငယ် တုန်ခါသွားပြီး ကျန်သည့် မူလနယ်ပယ် သိုင်းပညာရှင်နှစ်ဦးမှာလည်း အံ့အားသင့်သွားသည်။
"စူးဟေးလိုင်က... သွေးကြောတွေပြတ်နေတဲ့ ဒုက္ခိတ မဟုတ်ဘူးလား။ သူက ဝိညာဉ်လမ်းစဉ်ဂိုဏ်းထဲကို ဘယ်လိုဖြစ်ပြီး တိတ်တဆိတ် ဝင်လာနိုင်ပြီး ချမ်ရွေ့ကိုတောင် ဖမ်းချုပ်ထားနိုင်တာလဲ"
"ကျန့်ဖေးရှလား။ လေပြေရူးဓား ကျန့်ဖေးရှလား။ သူက မူလနယ်ပယ် သိုင်းပညာရှင်ပဲ။ သူက ဒီစူးဟေးလိုင်ရဲ့ လက်ချက်နဲ့ သေသွားတယ်ပေါ့။ ဒါပေမဲ့ သူက မူလနယ်ပယ် သိုင်းပညာရှင်နဲ့တောင် မတူဘူးလေ။"
ချမ်ရွေ့၏ ရှင်းပြချက်ကြောင့် ဟေးလျန်ယွမ်နှင့် အခြားသူများမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။
ဝမ့်ရှင်းကျန့်က အပြင်လူနှင့်ပေါင်းကာ ဂိုဏ်းတူညီကို သတ်ရန်နှင့် အဖိုးကြီးချီရှစ်၏ ရုပ်အလောင်းကို ခိုးရန် ကြံစည်ခြင်းမှာ သူတို့ နားလည်နိုင်သော ကိစ္စဖြစ်သည်။
သို့သော် သွေးကြောများ လုံးဝပြတ်တောက်နေသူ တစ်ဦးက ဝိညာဉ်စဉ်ဂိုဏ်း၏ တားလမ်းစဉ်မြစ်နယ်မြေထဲသို့ မည်သို့ ခိုးဝင်လာနိုင်သနည်း။ ဂိုဏ်းမှ ပညာရှင်တစ်ဦးကို မည်သို့ ဖမ်းချုပ်ထားနိုင်သနည်း။ နတ်ပိုးချည်ဂူထဲတွင် ခိုးယူကျင့်ကြံရုံသာမက ရုပ်အလောင်းကို ခိုးရန်လာသော မူလနယ်ပယ် သိုင်းပညာရှင် ကျန့်ဖေးရှကိုပါ မည်သို့ သတ်နိုင်ခဲ့သနည်း။ ဤသည်မှာ လုံးဝ မဖြစ်နိုင်လောက်သော ကိစ္စများပင် ဖြစ်သည်။
အခန်း (၄၂၉) ပြိုင်ဘက်ကင်း ဧရာမဝေလငါးနည်းပညာ။ ချီသွေးစွမ်းအင် အသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ် ပြီးမြောက်ခြင်း။ (၁)
ဒါဟာ မျက်မမြင်တစ်ယောက်မှာ အံ့အားသင့်ဖွယ် အမြင်အာရုံရှိသည်ဟု ပြောနေသကဲ့သို့ပင်။
စူးဟေးလိုင်၏ သွေးကြောများမှာ လုံးဝပြတ်တောက်နေသည်ကို ထားဦးတော့.. အကယ်၍ မပြတ်တောက်ခဲ့လျှင်ပင် သူသည် မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို သတ်နိုင်စွမ်း မရှိသင့်ပေ။
စူးဟေးလိုင်က သူ၏ သွေးကြောများ ပြတ်တောက်နေသည်ဟု ဟန်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ခြေမှာလည်း လုံးဝ မဖြစ်နိုင်ချေ။ ယခင်က ဂိုဏ်းချုပ် ဟေးလျန်ယွမ် ကိုယ်တိုင် စစ်ဆေးခဲ့စဉ်က သူ၏ သွေးကြောအများစုမှာ ပျက်စီးနေကြောင်း တွေ့ရှိခဲ့ရပြီး ၎င်းမှာ မည်သို့မျှ ဟန်ဆောင်၍ မရနိုင်သော အရာဖြစ်သည်။
"ဝိညာဉ်လမ်းစဉ်ဂိုဏ်းက မူလနယ်ပယ် သိုင်းပညာရှင်တွေ ရောက်လာတာ မြန်လွန်းတယ်... ကျန့်ဖေးရှကို သတ်ဖို့ ငါ အချိန်အများကြီး ပေးလိုက်ရတာကိုး"
စူးချန်ခုန်းသည် စိတ်ထဲတွင် အခက်တွေ့နေမိသည်။ သူသည် ကျန့်ဖေးရှကို သတ်နိုင်ခဲ့သော်လည်း အစွမ်းကုန် ထုတ်သုံးခဲ့ရပြီး အချိန်အတော်ကြာ ပေးလိုက်ရသည်။ သူ မထွက်ခွာနိုင်မီမှာပင် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ မူလနယ်ပယ် သိုင်းပညာရှင်များ ရောက်ရှိလာပြီး လမ်းပိတ်ထားကြပြီ ဖြစ်သည်။
ရောက်လာသူ သုံးဦးစလုံးမှာ ကျန့်ဖေးရှထက် ပိုမိုအစွမ်းထက်ကြပြီး အထူးသဖြင့် ဂိုဏ်းချုပ် ဟေးလျန်ယွမ်မှာ အစွမ်းအစ မည်မျှနက်ရှိုင်းသည်ကို ခန့်မှန်း၍မရနိုင်ချေ။ အကယ်၍ တိုက်ပွဲဖြစ်ပွားပါက စူးချန်ခုန်းအနေဖြင့် ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်များကို ကိုယ်တွင်းသို့ ထပ်မံဆွဲသွင်းကာ အတုအယောင် မူလနယ်ပယ်သို့ တက်လှမ်းရုံမှတစ်ပါး အခြားနည်းလမ်း မရှိချေ။ ထိုသို့လုပ်မှသာ ခုခံနိုင်စွမ်း အနည်းငယ် ရှိပေလိမ့်မည်။
ဤကိစ္စကို အေးချမ်းစွာ ဖြေရှင်းနိုင်လျှင် အကောင်းဆုံး ဖြစ်ပေမည်။
စူးချန်ခုန်းသည် စကားလုံးများကို သေချာစွာ ရွေးချယ်ပြီးနောက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ဟေးလျန်... ကျွန်တော့်ဘက်က တကယ်ကို တောင်းပန်ဖို့ လိုပါတယ်။ ကျွန်တော့်ရဲ့ သွေးကြောတွေ ပြတ်တောက်သွားခဲ့လို့ ပြန်လည်သက်သာချင်စိတ် ပြင်းပြနေတာကြောင့် ခင်ဗျားတို့ဂိုဏ်းရဲ့ နတ်ပိုးချည်ဂူထဲကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ခဲ့မိပါတယ်။ ဒီအတွက် လိုအပ်တဲ့ တောင်းပန်မှုနဲ့ လျော်ကြေးတွေကို ပေးအပ်ဖို့ ကျွန်တော် အသင့်ရှိပါတယ်"
ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ တားမြစ်နယ်မြေအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကာ သူတို့၏ အနှိုင်းမဲ့ နတ်ပိုးချည်ကျင့်စဉ်ကို ခိုးယူလေ့လာခဲ့ခြင်းမှာ စူးချန်ခုန်းဘက်က ကြည့်လျှင် သိက္ခာရှိသော လုပ်ရပ် မဟုတ်သည်မှာ အမှန်ပင်။ သို့သော် သူ၏သိုင်းပညာလမ်းစဉ်ကို ပြန်လည်စတင်ရန်အတွက် သူ၌ အခြားရွေးချယ်စရာ မရှိခဲ့ချေ။
သို့သော် စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ တပည့်တစ်ဦးတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ချေ။ အမှန်တော့ သူ အေးအေးဆေးဆေး ထွက်ခွာသွားနိုင်သော်လည်း ကျန့်ဖေးရှက ချမ်ရွေ့ကို သတ်ပြီး အဖိုးကြီးချီရှစ်၏ ရုပ်အလောင်းကို ယူဆောင်သွားမည်ကို ငြိမ်ကြည့်မနေနိုင်သောကြောင့်သာ ယခုကဲ့သို့ ပိတ်မိနေခြင်း ဖြစ်သည်။
"မင်းရဲ့ သွေးကြောတွေ ပြန်ကောင်းသွားပြီလား။ နတ်ပိုးချည်ကျင့်စဉ်ကိုကော တတ်မြောက်သွားပြီလား"
ဟေးလျန်ယွမ်သည် စူးချန်ခုန်းကို သေချာစွာ ကြည့်ရှုစစ်ဆေးပြီး မေးမြန်းလိုက်သည်။ စူးချန်ခုန်း၏ စိတ်ဓာတ်နှင့် ပုံပန်းသွင်ပြင်မှာ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကနှင့် လုံးဝ ကွာခြားနေသည်ကို သူက သိသိသာသာ ခံစားနေရသည်။
ဟေးလျန်ယွမ်နှင့် စူးချန်ခုန်း ပထမဆုံး တွေ့စဉ်က စူးချန်ခုန်းမှာ ရောဂါဝေဒနာ ခံစားနေရသူကဲ့သို့ အားနည်းနေပုံရသော်လည်း ယခုအခါတွင်မူ တက်ကြွလန်းဆန်းနေသည်။
"ချမ်ရွေ့... မင်း နတ်ပိုးချည်ကျင့်စဉ်ကို သူ့ကို သင်ပေးလိုက်တာလား"
ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ အပြာရောင်ဝတ်စုံနှင့် ဂိုဏ်းအကြီးအကဲ အန်းယိုက ချမ်ရွေ့ကို ချက်ချင်း စစ်မေးလိုက်သည်။
နတ်ပိုးချည်ကျင့်စဉ်ကို ကွယ်လွန်သူ အဖိုးကြီးချီရှစ် တစ်ဦးတည်းသာ တတ်မြောက်ထားခြင်း ဖြစ်သည်။ သူ၏ တပည့်ဖြစ်သော ချမ်ရွေ့ကိုလည်း ယခင်က သင်ကြားပေးဖူးသဖြင့် သူသည် ကျင့်စဉ်ကို မကျွမ်းကျင်သော်လည်း ကျင့်ကြံပုံ နည်းစနစ်ကိုမူ အသေအချာ သိရှိထားသည်။
စူးဟေးလိုင်၏ လက်ရှိအခြေအနေမှာ သွေးကြောများ ပြန်လည်ကောင်းမွန်နေသဖြင့် သူသည် နတ်ပိုးချည်ကျင့်စဉ်ကို တတ်မြောက်သွားပြီဖြစ်ကြောင်း သေချာနေသည်။ ထို့ကြောင့် ချမ်ရွေ့က ကျင့်စဉ်ကို တိတ်တဆိတ် သင်ပေးလိုက်ခြင်း ဖြစ်နိုင်သည်ဟု အန်းယိုက အရင်တွေးမိခြင်း ဖြစ်သည်။
ချမ်ရွေ့က သူ၏ အပြစ်ကင်းစင်မှုကို အသည်းအသန် ငြင်းဆိုလိုက်သည်။ "ဂိုဏ်းအကြီးအကဲ အန်းယို... ကျွန်တော် နတ်ပိုးချည်ကျင့်စဉ်ကို သူ့ကို တစ်လုံးတစ်ပါဒမျှ မသင်ပေးခဲ့ပါဘူး။ သူက နတ်ပိုးချည်ဂူထဲက ကျင့်စဉ်ပန်းချီကားကို ကြည့်ပြီးတော့ သူ့ဘာသာသူ ကျင့်စဉ်နည်းစနစ်တွေကို နားလည်သဘောပေါက်သွားတာပါ"
ဤစကားကို ကြားသောအခါ ဟေးလျန်ယွမ်နှင့် အခြားသူများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လာသည်။
ကျင့်ကြံပုံ နည်းစနစ်ကို မသိဘဲနှင့် ကျင့်စဉ်ပန်းချီတစ်ခုတည်းကို ကြည့်ရုံမျှဖြင့် နတ်ပိုးချည်ကျင့်စဉ်ကို အဆင့်မြင့်သည်အထိ ကျင့်ကြံနိုင်သည်လား။ ထို့အပြင် ပိုးမျှင်ထုတ်လွှတ်ခြင်းနှင့် သွေးကြောများကို ပြန်လည်ပြုပြင်ခြင်း အဆင့်အထိပင် ရောက်ရှိသွားသည်လား။
ဟေးလျန်ယွမ်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ "မင်း ပြောချင်တာက ဒီစူးဟေးလိုင်က ကျင့်စဉ်ပန်းချီကားတစ်ခုတည်းကို အခြေခံပြီး နတ်ပိုးချည်ကျင့်စဉ်ရဲ့ ကျင့်ကြံပုံတွေကို နားလည်သွားတဲ့အပြင် သုံးလအတွင်းမှာပဲ ပိုးမျှင်ထုတ်နိုင်တဲ့ အဆင့်ကို ရောက်သွားတယ်ပေါ့။"
ဤသည်မှာ လုံးဝ မဖြစ်နိုင်လောက်သော ကိစ္စပင်။
နတ်ပိုးချည်ကျင့်စဉ်ကိုယ်တိုင်က တတ်မြောက်ရန် အလွန်ခက်ခဲလှသည်။ သို့မဟုတ်ပါက ဤမျှ ထူးခြားသော ကျင့်စဉ်ကို ဤမျိုးဆက်တွင် အဖိုးကြီးချီရှစ် တစ်ဦးတည်းသာ တတ်မြောက်စရာ အကြောင်းမရှိပေ။ သို့ပါလျက်နှင့် အပြင်လူတစ်ဦးက နတ်ပိုးချည်ဂူထဲသို့ ခိုးဝင်ကာ သုံးလအတွင်းမှာပင် ကျင့်စဉ်ပန်းချီကားမှတစ်ဆင့် နတ်ပိုးချည်ကျင့်စဉ်ကို ကျွမ်းကျင်သွားရုံသာမက ပိုးမျှင်ထုတ်လွှတ်ခြင်းနှင့် သွေးကြောပြုပြင်ခြင်း အဆင့်အထိ ရောက်ရှိသွားသည်မှာ အဓိပ္ပာယ်မရှိလှပေ။
ဟေးလျန်ယွမ်နှင့် အခြားသူများ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသော အတွေးမှာ ဤသည်မှာ လုပ်ကြံပြောဆိုထားသော ပုံပြင်တစ်ပုဒ် ဖြစ်သည်ဟူ၍သာ ဖြစ်သည်။
"ဒါက... ကျွန်တော် ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ"
ချမ်ရွေ့သည် ခေါင်းကို ကုတ်လိုက်သော်လည်း ယုံကြည်ချက်ရှိရှိဖြင့် အတည်ပြုလိုက်သည်။ အကယ်၍ အခြားသူတစ်ယောက်က ပြောခဲ့လျှင် သူလည်း ယုံမှာ မဟုတ်သော်လည်း စူးချန်ခုန်းသည် ကျင့်စဉ်ပန်းချီကားမှတစ်ဆင့် နားလည်သဘောပေါက်သွားပုံနှင့် သုံးလအတွင်း နတ်ပိုးချည်ကျင့်စဉ်ကို အဆင့်မြင့်အထိ လေ့ကျင့်သွားပုံကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သဖြင့် လိမ်ပြောတာ မဟုတ်သည်မှာ သေချာပါသည်။
"သူပြောတာ အမှန်ပဲလား" ဟေးလျန်ယွမ်သည် စူးချန်ခုန်းကို ကြည့်ကာ အတည်ပြုချက် တောင်းလိုက်သည်။
"ဟုတ်ပါတယ်။ အမှန်ပါပဲ" စူးချန်ခုန်းက အနည်းငယ် ပြောရခက်သလို ဖြစ်နေသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။ နတ်ပိုးချည်ကျင့်စဉ်ကို လေ့ကျင့်ရန် မည်မျှ ခက်ခဲသည်ကို သူကိုယ်တိုင်လည်း မသိချေ။ အခြားသော သိုင်းပညာရပ်များကို လေ့ကျင့်သကဲ့သို့ပင် မည်သည့် အတားအဆီးမျှ မရှိဘဲ ချောချောမွေ့မွေ့ လေ့ကျင့်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။
"ကြည့်ရတာ... ဒီလူငယ်က ပါရမီထူးရုံတင်မကဘဲ အသက်ရှည်မယ့် ကံဇာတာလည်း ပါလာပုံရတယ်" ဟေးလျန်ယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံရန်အတွက် ပါရမီရှိရန် လိုအပ်ရုံသာမက အသက်ရှည်မည့် ကံဇာတာလည်း လိုအပ်သည်။ အသက်ရှည်မည့် ကံဇာတာရှိပြီး ထူးခြားသော ပါရမီနှင့် ပေါင်းစပ်နိုင်မှသာ နတ်ပိုးချည်ကျင့်စဉ်ကို တတ်မြောက်ရန် ဖြစ်နိုင်ခြေ ရှိသည်။
သာမန် မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးမှာ အသက် ၁၅၀ ခန့်အထိ ရှင်သန်နိုင်သည်။ အဖိုးကြီးချီရှစ်မှာ အသက် ၂၀၀ အထိ ရှင်သန်ခဲ့သဖြင့် အမှန်တကယ်ပင် အသက်ရှည်သူဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့်လည်း ဝိညာဉ်လမ်းစဉ်ဂိုဏ်းတွင် အခြားသူများ မတတ်မြောက်နိုင်ချိန်၌ သူက နတ်ပိုးချည်ကျင့်စဉ်ကို တတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ သမိုင်းတစ်လျှောက်တွင် နတ်ပိုးချည်ကျင့်စဉ်ကို တတ်မြောက်ခဲ့သော ရှေးဦးဆရာကြီး နှစ်ဦးမှာလည်း မမျှော်လင့်ဘဲ ကွယ်လွန်သွားသူ တစ်ဦးမှလွဲ၍ ကျန်တစ်ဦးမှာ အသက်ရှည်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံနိုင်ရန် လျှို့ဝှက်ချက်မှာ 'အသက်ရှည်ခြင်း' ဖြစ်ကြောင်း ဟေးလျန်ယွမ်က ခန့်မှန်းခဲ့သည်။
"ဂိုဏ်းချုပ်။ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
ဘေးနားရှိ ကိုယ်လုံးတောင့်တောင့်နှင့် အကြီးအကဲတစ်ဦးက အသံကို နှိမ့်ကာ ဟေးလျန်ယွမ်ကို မေးမြန်းလိုက်သည်။
စူးချန်ခုန်းသည် သူတို့ဂိုဏ်း၏ တားမြစ်နယ်မြေအတွင်းသို့ ခိုးဝင်ခဲ့ပြီး သိုင်းပညာများကို ခိုးယူခဲ့သည်။ မည်သည့်ဂိုဏ်းမဆို ဤကဲ့သို့သော လုပ်ရပ်ကို လက်မခံနိုင်သည်မှာ သေချာလှပြီး ချက်ချင်းပင် လက်နက်ချင်း ရင်ဆိုင် တိုက်ခိုက်ကြမည်မှာ ပုံမှန်ပင် ဖြစ်သည်။
သို့သော် စူးချန်ခုန်းမှာ အလွန်ပင် ထူးခြားလွန်းလှသည်။ နတ်ပိုးချည်ကျင့်စဉ်ကို သုံးလတည်းနှင့် တတ်မြောက်သွားခြင်းမှာ ကြောက်မက်ဖွယ်ကောင်းသော ပါရမီပင် ဖြစ်သည်။
စူးချန်ခုန်းသည် နတ်ပိုးချည်ကျင့်စဉ်ကို လေ့ကျင့်ခဲ့သော်လည်း ဝိညာဉ်လမ်းစဉ်ဂိုဏ်းအပေါ် အမှန်တကယ် ထိခိုက်နစ်နာအောင် မလုပ်ခဲ့ချေ။ သူသည် ချမ်ရွေ့ကိုလည်း အန္တရာယ် မပြုခဲ့သလို ရုပ်အလောင်းကို ခိုးရန်လာသော ကျန့်ဖေးရှကိုပင် သတ်ပစ်ခဲ့သဖြင့် အဖိုးကြီးချစ်ရှီ၏ ရုပ်အလောင်းကို ကာကွယ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
သို့မဟုတ်ပါက ယနေ့ညတွင် ချမ်ရွေ့မှာ သေဆုံးသွားနိုင်ပြီး သူတို့ဂိုဏ်းမှ ကွယ်လွန်သူ ဂိုဏ်းအကြီးအကဲ၏ ရုပ်အလောင်းမှာလည်း ကျိန်ဖေးရှက မိစ္ဆာဂိုဏ်းထံသို့ ရောင်းချလိုက်ပေလိမ့်မည်။ ထိုသို့ဖြစ်ခဲ့ပါက ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဂုဏ်သိက္ခာမှာ လုံးဝ ညှိုးနွမ်းသွားမှာ အမှန်ပင် ဖြစ်သည်။