အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အခန်း (၄၃၀) ပြိုင်ဘက်ကင်း ဧရာမဝေလငါးနည်းပညာ။ ချီသွေးစွမ်းအင် အသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ် ပြီးမြောက်ခြင်း။ (၂)
ဟေးလျန်ယွမ်သည် အတွေးနက်သွားပြီး သူ၏နှုတ်ခမ်းများမှာ လှုပ်ရှားနေသော်လည်း အသံထွက်မလာချေ။ သူသည် ဂိုဏ်းအကြီးအကဲ စွန်းချီ၊ ဂိုဏ်းလူကြီး အန်းယိုတို့နှင့် လျှို့ဝှက်အသံလွှင့်ကာ တစ်စုံတစ်ခုကို တိုင်ပင်နေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် စွန်းချီနှင့် အန်းယိုတို့ နှစ်ဦးစလုံးက ခေါင်းငြိမ့်လိုက်ကြရာ ဟေးလျန်ယွမ်နှင့် သဘောထားချင်း တိုက်ဆိုင်သွားပုံရသည်။
စူးချန်ခုန်းမှာမူ အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်။ အကယ်၍ ထိုသုံးဦးက သူ့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ပါက သူသည် အသတ်ခံဖို့ ထိုင်စောင့်နေမည် မဟုတ်ချေ။ သူက အစွမ်းကုန် ထုတ်သုံးကာ တိုက်ခိုက်မည်ဖြစ်ပြီး လိုအပ်ပါက ဝိညာဉ်စွမ်းအင်များကို ကိုယ်တွင်းသို့ ထပ်မံဆွဲသွင်းကာ အတူတူ ပျက်စီးမည့် နည်းလမ်းကို အသုံးပြုပေလိမ့်မည်။
သို့သော် ဟေးလျန်ယွမ်၏ မျက်နှာတွင် ရွှင်ပျသော အရိပ်အယောင်များ ပေါ်လာပြီး စူးချန်ခုန်းကို ကြည့်ကာ ပြောလိုက်သည်။ "စူးဟေးလိုင်... မင်းက ငါတို့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းကို သမားတော်ဟွားရှန်ရဲ့ ပေးစာနဲ့ ရောက်လာသူပဲ။ သမားတော်ဟွားရှန်က ငါ့အစ်ကိုရဲ့ အသက်ကို ကယ်ပေးခဲ့ဖူးတော့ ငါတို့ဂိုဏ်းအနေနဲ့ မင်းရဲ့ သွေးကြောတွေ ပြန်ကောင်းအောင် ကူညီပေးရမှာက ငါတို့ရဲ့ ဝတ္တရားပါပဲ။ ဒါပေမဲ့ ငါ့အစ်ကိုကြီးက အပြင်မထွက်ဘဲ ကျင့်စဉ်ကျင့်နေချိန်မှာ သူဆုံးသွားပြီလို့ ထင်ခဲ့တာကြောင့် မင်းကို ပြန်လွှတ်ခဲ့မိတာပါ။ အခုတော့ မင်းက နတ်ပိုးချည်ကျင့်စဉ်ကို ကိုယ်တိုင်သင်ယူပြီး သွေးကြောတွေကို ပြန်ပြုပြင်နိုင်ခဲ့ပြီဆိုတော့ ဒါဟာ မင်းရဲ့ ကံကောင်းခြင်းလို့ပဲ ဆိုရမှာပါပဲ"
ဤစကားကို ကြားသောအခါ စူးချန်ခုန်းမှာ ခေတ္တမျှ မှင်တက်သွားသည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းက သူ နတ်ပိုးချည်ကျင့်စဉ်ကို ခိုးယူလေ့လာခဲ့သည့် ကိစ္စကို အပြစ်မရှာတော့ဘူးလား။
ဟေးလျန်ယွမ်၏ မျက်နှာမှာ တည်ကြည်သွားပြီး ဆက်ပြောလေ၏။ "ဒါပေမဲ့ နတ်ပိုးချည်ကျင့်စဉ်ဆိုတာ ငါတို့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းရဲ့ တုနှိုင်းမဲ့ လျှို့ဝှက်ကျင့်စဉ် ဖြစ်တယ်။ တကယ်လို့ မင်းက ဒီကျင့်စဉ်ကို အပြည့်အစုံ သင်ယူချင်တယ်ဆိုရင်တော့ ငါတို့ ဝိညာဉ်လမ်းကျင့်စဉ်ဂိုဏ်းထဲကို ဝင်ရလိမ့်မယ်"
"ဝိညာဉ်လမ်းစဉ်ဂိုဏ်းထဲကို ဝင်ရမှာလား"
ဤသည်ကို ကြားလိုက်ရချိန်တွင် စူးချန်ခုန်းသည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။ သူတို့က သူ့ကို ဂိုဏ်းဝင်အဖြစ် ဖိတ်ခေါ်နေခြင်းပင်။
စူးချန်ခုန်း၏ အရည်အချင်းနှင့် ပါရမီမှာ အလွန်ပင် ထူးခြားလွန်းလှသည်။ ထိုသို့သောသူမျိုးကို ရန်သူအဖြစ် မသတ်မှတ်နိုင်ပါက မိတ်ဆွေအဖြစ်သာ ဖွဲ့ရပေမည်။
စူးချန်ခုန်းက ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ နတ်ပိုးချည်ကျင့်စဉ်ကို တိတ်တဆိတ် လေ့လာခဲ့သော်လည်း ဂိုဏ်းအနေဖြင့် လူအင်အား ဆုံးရှုံးမှု မရှိခဲ့ချေ။ အကြီးမားဆုံး ဆုံးရှုံးမှုမှာ ဆေးရည်များ ကုန်ဆုံးသွားခြင်း ဖြစ်သော်လည်း စူးချန်ခုန်းကလည်း ရုပ်အလောင်းကို ခိုးရန် ရောက်လာသော ကျန့်ဖေးရှကို သတ်ပေးခဲ့သဖြင့် အကြွေးတင်တာ မရှိတော့ဟု ဆိုနိုင်သည်။
ထို့ကြောင့် ဟေးလျန်ယွမ်နှင့် ဂိုဏ်းအကြီးအကဲ နှစ်ဦးတို့ တိုင်ပင်ပြီးနောက် စူးချန်ခုန်းကို ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အမှန်တော့ ဒါက စူးချန်ခုန်းတွင် အခြားဂိုဏ်းဂဏ မရှိဟု ယူဆချက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ စူးချန်ခုန်း၏ သွေးကြောများ လုံးဝပြတ်တောက်နေချိန်တွင် ဝိညာဉ်လမ်းကျင့်စဉ်ဂိုဏ်းသို့ ကုသရန် လာခဲ့စဉ်က အဖော်တစ်ဦးမျှ မပါဘဲ တစ်ယောက်တည်း လာခဲ့သည်ကို ကြည့်လျှင် သူသည် မည်သည့်ဂိုဏ်းနှင့်မျှ ပတ်သက်မှု မရှိဟု ခန့်မှန်းရသည်။
မဟုတ်ပါက ဤမျှ ထူးခြားသော ပါရမီရှင်တစ်ဦး ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာရရှိချိန်တွင် ကုသမှု ခံယူရန် လာရောက်ပါက သူ၏ ဂိုဏ်းမှ ဖြစ်စေ၊ မိသားစုမှ ဖြစ်စေ အစွမ်းထက်သော ပညာရှင်များက ဝန်းရံကာကွယ်ပေးကြမည်မှာ သေချာလှသည်။
ဤကမ်းလှမ်းမှုကို ကြားရသောအခါ စူးချန်ခုန်းမှာ အနည်းငယ် တွေဝေသွားမိသည်။
ဟေးလျန်ယွမ်က ရိုးသားစွာဖြင့် ထပ်မံပြောကြားသည်။ "ငါက ဆရာစူးကို ဂိုဏ်းဝင်အဖြစ် စိတ်ရင်းနဲ့ ဖိတ်ခေါ်တာပါ။ ဆရာစူးက ဆန္ဒရှိရင် ငါတို့ဂိုဏ်းရဲ့ အထူးဧည့်သည်တော် ဂိုဏ်းအကြီးအကဲ အဖြစ်တောင် နေနိုင်ပါတယ်။ တကယ်လို့ ဆရာစူးက သဘောမတူဘူးဆိုရင်လည်း... လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပါတယ်၊ မတားပါဘူး။ ဒါပေမဲ့ ဆရာစူးက ဂိုဏ်းထဲဝင်ဖို့ သဘောတူမယ်ဆိုရင်တော့ နတ်ပိုးချည်ကျင့်စဉ် တစ်ခုလုံးကို ဆရာစူးထံ တိုက်ရိုက် သင်ကြားပေးသွားမှာပါ။"
ဟေးလျန်ယွမ်မှာ အမှန်တကယ်ပင် စိတ်ရင်းမှန်ဖြင့် ပြောနေတာ ဖြစ်သည်။ အကယ်၍ စူးချန်ခုန်းက ငြင်းပယ်လျှင်ပင် သူတို့က ဒုက္ခပေးမည် မဟုတ်ဘဲ လွတ်လပ်စွာ ထွက်ခွာခွင့် ပေးမည် ဖြစ်သည်။
အထူးဧည့်သည်တော် ဂိုဏ်းအကြီးအကဲဆိုသည်မှာ ပုံမှန်အားဖြင့် ဂိုဏ်းတစ်ခုက အခြေခံမှစ၍ မွေးထုတ်ပေးထားသူ မဟုတ်ဘဲ ထူးခြားသော စွမ်းရည်ရှိသူများကိုသာ ဧည့်သည် အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ဖြစ်သည်။
ထိုသို့သောသူများတွင် တာဝန်ဝတ္တရား အနည်းငယ်သာ ရှိပြီး ဂိုဏ်းမှာ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင်သာ သူတို့၏ အစွမ်းကို ထုတ်ဖော် ကူညီပေးရန် လိုအပ်သည်။
ထို့ကြောင့် ဧည့်သည်တော် ဂိုဏ်းအကြီးအကဲတစ်ဦးကို ခန့်အပ်ရာတွင် အလွန် သတိထားရလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဘေးဒုက္ခကြုံရချိန်တွင် ဂိုဏ်းက မွေးထုတ်ထားသော တပည့်များနှင့် ဂိုဏ်းအကြီးအကဲများကသာ သံယောဇဉ်ကြီးမားစွာဖြင့် အသက်ပေးကာကွယ်ကြမည်ဖြစ်ပြီး ပြင်ပမှ ဝင်လာသော ဧည့်သည်တော်များမှာမူ အစွမ်းကုန် ကြိုးစားပေးမည်ဟု မသေချာသောကြောင့် ဖြစ်သည်။
သို့ပါလျက်နှင့် ပြင်ပလူတစ်ဦးကို ဧည့်သည်တော် ဂိုဏ်းအကြီးအကဲအဖြစ် ဖိတ်ခေါ်ခြင်းမှာ ဂိုဏ်းချုပ်၏ သဘောတူညီချက်သာမက အခြားသော ဂိုဏ်းအကြီးအကဲများ၏ ထောက်ခံမှုလည်း လိုအပ်သည်။ ယခုအခါ စွန်းချီနှင့် အန်းယိုတို့ နှစ်ဦးစလုံးက စူးချန်ခုန်းကို ဧည့်သည်တော် ဂိုဏ်းအကြီးအကဲအဖြစ် ဖိတ်ခေါ်ရန် သဘောတူခဲ့ကြပြီ ဖြစ်သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှိသူတစ်ဦးမှာ နောင်တစ်ချိန်တွင် အလွန်အမင်း တိုးတက်လာမည်မှာ မလွဲဧကန်ပင်။ သူ ဘာမှ လုပ်မပေးလျှင်ပင် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ အဖွဲ့ဝင်အဖြစ် အမည်စာရင်း ပါဝင်နေရုံမျှနှင့် ဂိုဏ်းကို ရန်မူချင်သူများကို ဟန့်တားရန် လုံလောက်ပါသည်။ ဤသည်မှာ အရှိန်အဝါဖြင့် လွှမ်းမိုးခြင်း တစ်မျိုးပင် ဖြစ်သည်။
တကယ်တော့ စူးချန်ခုန်းက သူတို့ဂိုဏ်း၏ နတ်ပိုးချည်ကျင့်စဉ်ကို တိတ်တဆိတ် လေ့လာခဲ့သော်လည်း ၎င်းမှာ ရန်ငြိုးဖွဲ့ရမည့်အရာမျိုး မဟုတ်ချေ။ ဆေးရည်များ ကုန်ဆုံးသွားသည့် ကိစ္စမှာလည်း ဖြစ်ပြီးသွားပြီ ဖြစ်ရာ သူ့ကို သတ်လိုက်လျှင်လည်း မည်သည့် အကျိုးကျေးဇူးမှ ရမည် မဟုတ်ချေ။
ရန်ငြိုးဖွဲ့မည့်အစား မိတ်ဆွေဖွဲ့ခြင်းကသာ မှန်ကန်သောလမ်း ဖြစ်သည်။
"ငါ့ရဲ့ နတ်ပိုးချည်ကျင့်စဉ် ပိုမိုမြင့်မားတဲ့ အဆင့်ကို ရောက်ဖို့ဆိုရင် ကျင့်စဉ်အပြည့်အစုံက မရှိမဖြစ် လိုအပ်တယ်။ ပြီးတော့ ငါ့မှာ အခုလောလောဆယ် အခြေချဖို့ နေရာမရှိသေးဘူး။ ဝိညာဉ်လမ်းကျင့်စဉ်ဂိုဏ်းရဲ့ ဝိညာဉ်စွမ်းအင်တွေကလည်း ပြင်ပလောကထက် အများကြီး ပိုသိပ်သည်းတာကြောင့် ကျင့်စဉ်ကျင့်ဖို့အတွက် တော်တော် ကောင်းတဲ့ နေရာပဲ"
စူးချန်ခုန်းသည် စိတ်ဝင်စားသွားသည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဧည့်သည်တော် ဂိုဏ်းအကြီးအကဲ ဖြစ်လာပါက နတ်ပိုးချည်ကျင့်စဉ် အပြည့်အစုံကို သင်ယူခွင့် ရရှိမည်ဖြစ်သည်။ ဤကျင့်စဉ်မှာ အလားအလာ အလွန်ကောင်းမွန်သဖြင့် စူးချန်ခုန်းအနေဖြင့် အပြည့်အဝ တတ်မြောက်လိုသည်။
ထို့အပြင် ဧည့်သည်တော် ဂိုဏ်းအကြီးအကဲ ဖြစ်လာပါက အခြားသော အထူးအခွင့်အရေးများလည်း ရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် မိစ္ဆာအသက်ဆေးလုံးများ ဖော်စပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို ရှာဖွေရာတွင် ဂိုဏ်း၏ အကူအညီကို ရယူနိုင်ခြင်းကဲ့သို့သော ကိစ္စရပ်များပင်။
ဖေးယန်ထံမှ စူးချန်ခုန်း ရရှိထားသော မိစ္ဆာအသက်ဆေးလုံး ဖော်စပ်နည်းမှာ မရှိမဖြစ်လိုအပ်သည့် နတ်ဆိုး အမြုတေလိုအပ်ပြီး အခြားသော ပါဝင်ပစ္စည်းများမှာလည်း အလွန်ပင် ရှားပါးလှရာ ၎င်းတို့ကို ဗဟိုပြည်နယ်အတွင်း၌သာ ရှာဖွေနိုင်ပေလိမ့်မည်။
ထို့အပြင် အခြားသော အရေးကြီးသည့်အရာမှာ မူလချီစွမ်းအင် ဖြစ်သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်းတွင် မူလနယ်ပယ် သိုင်းပညာရှင်များ တစ်ဦးထက်မက ရှိနေခြင်းက သူတို့တွင် ထိုအသက်ဓာတ်ကို ရယူနိုင်စွမ်းရှိကြောင်း ပြသနေသည်။ ထိုအရာရှိပါက စူးချန်ခုန်းအတွက် ချီသွေးအသွင်ပြောင်းလဲခြင်း အဆင့်ဆယ့်နှစ်မှာ အလွန်လွယ်ကူသွားပေလိမ့်မည်။ ထိုအသက်ဓာတ် တစ်မျှင် ရရုံနှင့် သူ၏ ကိုယ်ခန္ဓာမှာ မူလသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပြီး မူလနယ်ပယ်သို့ ဝင်ရောက်ရန်မှာ အသေးအဖွဲ့ ကိစ္စသာ ဖြစ်ပေလိမ့်မည်။
ယခုအချိန်တွင် ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဧည့်သည်တော် ဂိုဏ်းအကြီးအကဲအဖြစ် လက်ခံခြင်းမှာ အကျိုးကျေးဇူးများသာ ရှိပြီး နစ်နာမှု မရှိချေ။ အကယ်၍ ဂိုဏ်းတွင် ပြဿနာကြုံရပါက စူးချန်ခုန်းအနေဖြင့် ကူညီပေးရမည် ဖြစ်သော်လည်း ဒါက သဘာဝကျပါသည်။ တာဝန်မကျေဘဲ အခွင့်အရေးကိုသာ ရယူနိုင်သည့် နေရာ ဘယ်မှာရှိမည်နည်း။
ဤသို့ တွေးတောပြီးနောက် စူးချန်ခုန်းက ဖြည်းညင်းစွာ ခေါင်းငြိမ့်လိုက်သည်။ "ဂိုဏ်းချုပ်ဟေးလျန်ရဲ့ အလေးထားမှုကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ကျွန်တော် ဝိညာဉ်လမ်းစဉ်ဂိုဏ်းရဲ့ ဧည့်သည်တော် ဂိုဏ်းအကြီးအကဲအဖြစ် လက်ခံလိုပါတယ်"
စူးချန်ခုန်းက သဘောတူလိုက်သည်ကို မြင်သောအခါ ဟေးလျန်ယွမ်နှင့် အခြားသူများမှာ အံ့အားသင့်ရသလို ဝမ်းလည်း ဝမ်းသာသွားကြသည်။ အဘယ်ကြောင့်ဆိုသော် စူးချန်ခုန်းသည် မည်သည့် အင်အားကြီးဂိုဏ်းနှင့်မျှ ပတ်သက်မှုမရှိဟု သူတို့က ခန့်မှန်းထားခဲ့သော်လည်း ၎င်းမှာ ခန့်မှန်းချက်သာ ဖြစ်သောကြောင့် ဖြစ်သည်။
ယခု စူးချန်ခုန်းက ဧည့်သည်တော် ဂိုဏ်းအကြီးအကဲအဖြစ် လက်ခံလိုက်ခြင်းမှာ သူသည် အမှန်တကယ်ပင် တစ်ကိုယ်တော် လျှောက်လှမ်းနေသော သိုင်းပညာရှင် ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းပင်။
"ဒီစူးဟေးလိုင်က ဘယ်ကနေ ရောက်လာမှန်းတော့ မသိဘူး... ဒါပေမဲ့ သူ့နဲ့ မိတ်ဆွေဖွဲ့ထားတာက ဘာမှ နစ်နာစရာ မရှိပါဘူး။"
အခန်း (၄၃၁) ပြိုင်ဘက်ကင်း ဧရာမဝေလငါးနည်းပညာ။ ချီသွေးစွမ်းအင် အသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ် ပြီးမြောက်ခြင်း။ (၃)
မူလနယ်ပယ်အဆင့် ဂိုဏ်းအကြီးအကဲ နှစ်ဦးဖြစ်သော စွန်းချီနှင့် အန်းယိုတို့သည် စိတ်ထဲတွင် တိတ်တဆိတ် တွေးမိလိုက်ကြသည်။
ဤမျှ ပါရမီထူးချွန်သော သိုင်းပညာရှင်တစ်ဦးနှင့် မိတ်ဆွေဖွဲ့ထားခြင်းသည် နောင်တစ်ချိန်တွင် ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွက် ကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်။
စူးချန်ခုန်းက ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ဝင်ရောက်ရန် သဘောတူလိုက်သည်နှင့် တစ်ပြိုင်နက် တင်းမာခက်ထန်နေသော အခြေအနေများမှာ လုံးဝ ပျောက်ကွယ်သွားပြီး နှစ်ဦးနှစ်ဖက်စလုံး ယဉ်ကျေးပျူငှာစွာဖြင့် ငြိမ်းချမ်းသွားကြသည်။
ချမ်ရွေ့သည်လည်း သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ စူးချန်ခုန်း၏ လက်ချက်ကြောင့် သူ အနည်းငယ် ဒုက္ခရောက်ခဲ့ရသည်မှာ မှန်သော်လည်း စူးချန်ခုန်းကပင် သူ့အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ စူးချန်ခုန်းသာ မရှိလျှင် သူသည် ကျန့်ဖေးရှနှင့် ဝမ့်ရှင်းကျန့်တို့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
"ဒီဝမ်ရှင်းကျန့်က တကယ်ပဲ ချမ်ရွေ့ကို သတ်ချင်တာလား။ ဂိုဏ်းအကြီးအကဲချီရှစ်ရဲ့ ရုပ်အလောင်းကို ခိုးဖို့အထိ ကြံစည်တာဆိုတော့ တကယ့်ကို တိရစ္ဆာန်ထက်တောင် ယုတ်ညံ့တဲ့ကောင်ပဲ"
စွန်းချီသည် ပြင်းထန်စွာ ဒဏ်ရာရပြီး သတိမေ့နေသော ဝမ့်ရှင်းကျန့်ကို ကြည့်ကာ ဒေါသတကြီး ဆဲရေးလိုက်သည်။
ဂိုဏ်းအနေဖြင့် ဝမ့်ရှင်းကျန့်ကို ပြုစုပျိုးထောင်ပေးရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူသည် မကျေနပ်နိုင်ဘဲ ဤကဲ့သို့ သစ္စာဖောက်သည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည်။ ဟေးလျန်ယွမ်နှင့် အခြားသူများမှာလည်း ဝါရင့်ပညာရှင်များ ဖြစ်ကြသဖြင့် ဝမ့်ရှင်းကျန့်သည် သူ၏ ကိုယ်ကျိုးအတွက် ချမ်ရွေ့ကို ဖယ်ရှားလိုခြင်းဖြစ်ကြောင်း ခန့်မှန်းမိကြသည်။
"ကျန့်ဖေးရှကတော့ သေသင့်ပါတယ်။ သူက အစ်ကိုကြီးရဲ့ ရုပ်အလောင်းကို မိစ္ဆာဂိုဏ်းဆီ ရောင်းပြီး မူလချီစွမ်းအင်ကို ထုတ်ယူဖို့ ကြံစည်တာ ဖြစ်ရမယ်။ ဆရာစူးက ကြားဝင်ကူညီပေးခဲ့လို့သာပေါ့။ မဟုတ်ရင် ငါတို့အားလုံး အကြီးအကဲအပေါ် မျက်နှာပျက်ရတော့မှာပဲ" ဟေးလျန်ယွမ်က မြေပြင်ပေါ်ရှိ အလောင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မူလနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ ရုပ်အလောင်းကနေလည်း မူလချီစွမ်းအင်ကို ထုတ်ယူလို့ ရတာလား" စူးချန်ခုန်းမှာ အံ့အားသင့်သွားမိသည်။ ဤမိစ္ဆာဂိုဏ်းမှာ အမှန်တကယ်ပင် နည်းလမ်းစုံလှပေသည်။
ခရမ်းရောင်မြစ်စက်ဝန်းမှလည်းကောင်း၊ မူလနယ်ပယ် သိုင်းပညာရှင်များ၏ ရုပ်အလောင်းများမှလည်းကောင်း ထိုချီစွမ်းအင်ကို ထုတ်ယူနိုင်စွမ်း ရှိသည်ဆိုသည်မှာ မိစ္ဆာဂိုဏ်း၏ အင်အားသည် မသေးငယ်ဘဲ အခြေခံအုတ်မြစ် အလွန်နက်ရှိုင်းကြောင်း ထင်ရှားနေသည်။
"အင်း... မူလနယ်ပယ် သိုင်းပညာရှင်ရဲ့ ရုပ်အလောင်းက အရမ်း တန်ဖိုးရှိတယ်။ ကျန့်ဖေးရှကို ဂိုဏ်းအကြီးအကဲစူးက သတ်ခဲ့တာဆိုတော့ သူပိုင်သမျှ ပစ္စည်းတွေက အကြီးအကဲစူးရဲ့ ဝေစုပဲပေါ့။ ဒီအလောင်းကိုလည်း ဆက်သိမ်းထားနိုင်ပါတယ်" ဟေးလျန်ယွမ်က စူးချန်ခုန်းကို ပြောလိုက်သည်။
မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ရုပ်အလောင်းမှာ အလွန်တန်ဖိုးကြီးလှပြီး အလောင်းအနည်းငယ် စုဆောင်းနိုင်ပါက မူလချီစွမ်းအင်နှင့် ပြန်လည်လဲလှယ်ရန် နည်းလမ်းများ ရှိသည်။
စူးချန်ခုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး အားမနာတမ်း ကျန့်ဖေးရှ၏ အလောင်းဆီသို့ လျှောက်သွားကာ ကျွမ်းကျင်စွာဖြင့် ရှာဖွေတော့သည်။ မကြာမီမှာပင် အချို့အရာများကို ရရှိခဲ့သည်။
"ဒါက ဘာလဲ" ကျန့်ဖေးရှထံမှ ရရှိသော ပစ္စည်းများထဲတွင် ဆေးလုံးအချို့၊ ငွေစက္ကူများနှင့်အတူ စူးချန်ခုန်းကို စိတ်ဝင်စားဆုံးအရာမှာ ပိုးသားအိတ်ကလေးတစ်ခု အတွင်းရှိ လက်မထိပ်ခန့်ရှိသော နို့နှစ်ရောင် ကျောက်တုံးကလေး သုံးတုံးပင် ဖြစ်သည်။
အပေါ်ယံကြည့်လျှင် ကျောက်မျက်ရတနာများနှင့် တူသော်လည်း ဝိညာဉ်စွမ်းအင်ကို အလွန်အမင်း အာရုံခံနိုင်သော စူးချန်ခုန်းသည် ထိုကျောက်တုံးများအတွင်း၌ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသည်ကို သိလိုက်ရသည်။
"ဒါတွေက ဝိညာဉ်ကျောက်တုံးတွေပါ။ သဘာဝရဲ့ ဝိညာဉ်စွမ်းအင်တွေ ကျောက်ဆောင်တွေထဲမှာ စုစည်းသိပ်သည်းရာကနေ ဖြစ်ပေါ်လာတဲ့ ရှားပါးရတနာတွေပေါ့။ ဝိညာဉ်စွမ်းအင်တွေ အလွန်ကြွယ်ဝတယ်။ ကောင်းကင်သွေးကြောပွင့်ထားတဲ့ မူလနယ်ပယ် သိုင်းပညာရှင်တွေက ဒါတွေကို အသုံးပြုပြီး ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်နိုင်ကြတယ်။ တကယ်တော့ ဒါဟာ မူလနယ်ပယ် သိုင်းပညာရှင်အချင်းချင်း ကြားမှာ အသုံးပြုတဲ့ ငွေကြေးတစ်မျိုးပါပဲ"
စူးချန်ခုန်း၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ ဟေးလျန်ယွမ်က အရင်ရှင်းပြပေးလိုက်သည်။
"ဒီစူးဟေးလိုင်က…. ဝိညာဉ်ကျောက်တုံးကိုတောင် မသိဘူးပဲ။ သူက တစ်ခြားပြည်နယ်ကလာတဲ့ အရမ်းသာမန်ဆန်တဲ့ အသိုင်းအဝိုင်းက သိုင်းပညာရှင်များလား" မူလနယ်ပယ် သိုင်းပညာရှင်သုံးဦးစလုံး စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်ကြသည်။ စူးချန်ခုန်းသည် အခြားပြည်နယ်တစ်ခုခုမှ လာသူဖြစ်ရမည်ဖြစ်ပြီး သာမန်နောက်ခံသာ ရှိသူဖြစ်ရမည်ဟု သူတို့ အခိုင်အမာ ယုံကြည်သွားကြသည်။ မဟုတ်လျှင် ဝိညာဉ်ကျောက်တုံးကို မသိဘဲ နေမှာမဟုတ်ပေ။
"ဪ... ဒီလိုကိုး" စူးချန်ခုန်းသည် ချက်ချင်း နားလည်သွားသည်။ သူသည် ယခင်က ဝိညာဉ်ကျောက်တုံးကို တစ်ခါမျှ မမြင်ဖူးသဖြင့် ဘာမှမသိတာ သဘာဝကျပါသည်။
အမှန်စင်စစ် တာ့ဖုန်းပြည်နယ်တွင် စူးချန်ခုန်း ဆုံတွေ့ခဲ့ဖူးသော တစ်ဦးတည်းသော မူလနယ်ပယ် သိုင်းပညာရှင်မှာ ချီးခါထူသာ ရှိသည်။
ဝိညာဉ်ကျောက်တုံးဆိုသည်မှာ သဘာဝ ဝိညာဉ်စွမ်းအင်များ ကျောက်ဆောင်အတွင်း စုစည်းရာမှ ဖြစ်ပေါ်လာသော ရတနာများဖြစ်ပြီး မူလနယ်ပယ်အောက်အဆင့်ရှိ သိုင်းပညာရှင်များအတွက် အသုံးမဝင်သလောက် ဖြစ်သော်လည်း မူလနယ်ပယ် သိုင်းပညာရှင်များကြားတွင်မူ ငွေကြေးအဖြစ် အသုံးပြုကြသည်။
အကယ်၍ တစ်စုံတစ်ယောက်မှာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိပါက အင်အားကြီးဂိုဏ်းများထံမှ မူလချီစွမ်းအင်ကိုပင် ဝယ်ယူ၍ ရနိုင်ခြေ ရှိသည်။
သို့သော် ထိုမူလချီစွမ်းအင်မှာ ရှားပါးလှသဖြင့် မည်သည့်အင်အားစုကမျှ အပိုရှိသည်ဟု မယူဆကြချေ။ ဝိညာဉ်ကျောက်တုံးဖြင့် ဝယ်ယူမည်ဆိုပါကလည်း ကုန်ကျစရိတ်မှာ အလွန်ကြီးမားပေလိမ့်မည်။
ကျန့်ဖေးရှက တစ်ကိုယ်တော် ကျင့်ကြံသူဖြစ်ပြီး နေ့စဉ်ဘဝတွင် အလုပ်မျိုးစုံ လုပ်ကိုင်သူဖြစ်ရာ သူ့မှာ ဝိညာဉ်ကျောက်တုံး သုံးတုံးသာ ပါရှိသည်။ စူးချန်ခုန်းက ၎င်းတို့ကို သိမ်းဆည်းလိုက်သည်။ မရှိတာထက် ရှိတာက ပိုကောင်းသည်လေ။
"အကြီးအကဲစူး... ဒီနေ့လည်း မိုးချုပ်နေပြီဆိုတော့ ချမ်ရွေ့ကိုပဲ အကြီးအကဲအတွက် နားနားနေနေ နေထိုင်ဖို့ နေရာစီစဉ်ခိုင်းလိုက်ပါ့မယ်။ နောက်နှစ်ရက်လောက်နေရင်တော့ ဂိုဏ်းလူကြီးစူးက ကျွန်တော်တို့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းရဲ့ ဧည့်သည်တော် ဂိုဏ်းအကြီးအကဲ ဖြစ်လာတဲ့အကြောင်း တပည့်တွေကို ကြေညာပေးပါ့မယ်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းကို ကိုယ့်အိမ်လိုပဲ သဘောထားပြီး နေပါ"
ဟေးလျန်ယွမ်က စူးချန်ခုန်းကို ပြောလိုက်ပြီး ချမ်ရွေ့အား စူးချန်ခုန်း တည်းခိုဖို့ နေရာ စီစဉ်ပေးခိုင်းလိုက်သည်။
"အကြီးအကဲစူး... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ" ချမ်ရွေ့က စူးချန်ခုန်းကို နားနားနေနေ နေနိုင်ရန် ချက်ချင်း လမ်းပြကာ ခေါ်ဆောင်သွားလေ၏။
ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်းရှိ အလွန်ခန့်ညားသော အဆောက်အအုံတစ်ခုဖြစ်ပြီး ကျင့်စဉ်ကျင့်ရန် အခန်း၊ သစ်ပင်ပန်းမန်များနှင့် မြက်ခင်းပြင်များ ပြည့်စုံစွာ ပါရှိသည်။ ဤနေရာမှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းရှိ အဆင့်မြင့် ဂိုဏ်းအကြီးအကဲများသာ နေထိုင်ခွင့်ရှိသော နေရာဖြစ်သည်။
"အခြေအနေတွေက တကယ်ကို ထင်မှတ်မထားဘဲ ပြောင်းလဲသွားတာပဲ" စူးချန်ခုန်းသည် ရေရွတ်လိုက်မိသည်။
မူလက စူးချန်ခုန်းသည် နတ်ပိုးချည်ကျင့်စဉ်ကို တိတ်တဆိတ် လေ့လာပြီး ဒဏ်ရာများ ပျောက်ကွယ်သည်နှင့် ငြိမ်သက်စွာ ထွက်ခွာသွားရန်သာ ကြံရွယ်ထားခဲ့သည်။ သို့သော် လမ်းခုလတ်တွင် ကျန့်ဖေးရှက ဂူထဲသို့ ခိုးဝင်ကာ ရုပ်အလောင်းကို ခိုးရန် ကြိုးစားရာမှ စူးချန်ခုန်းနှင့် ထိပ်တိုက် တိုးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဝိညာဉ်လမ်းစဉ်ဂိုဏ်းသည် စူးချန်ခုန်းနှင့် အသေအကြေ တိုက်ခိုက်ရန် မရွေးချယ်ဘဲ ဂိုဏ်းထဲသို့ ဝင်ရောက်ရန်သာ ဖိတ်ခေါ်ခဲ့သည်။
အမှန်စင်စစ် စူးချန်ခုန်း ပြသခဲ့သော အစွမ်းနှင့် တန်ဖိုးမှာ အံ့အားသင့်ဖွယ် ကောင်းလွန်းလှသဖြင့် ဆွဲဆောင်ထားရန် ထိုက်တန်သောကြောင့် ဖြစ်သည်။
ဟုတ်ပါသည် အဓိက အကြောင်းရင်းမှာ စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ မည်သူ့ကိုမျှ သတ်ဖြတ်ခြင်း မပြုခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ သက်သေဖျောက်ရန်အတွက် ချမ်ရွေ့ကို သတ်ခဲ့လျှင်မူ ပြန်လည်ညှိနှိုင်းဖို့ လမ်းစ ရှိတော့မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ယခုအခါ ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ဧည့်သည်တော် ဂိုဏ်းအကြီးအကဲ ဖြစ်လာခြင်းမှာ ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများလှပြီး ဂိုဏ်း၏ အဆက်အသွယ်များနှင့် ကွန်ရက်များကို အသုံးပြုကာ မိမိကိုယ်ကိုယ် ပိုမို အစွမ်းထက်အောင် ပြုလုပ်နိုင်ပေလိမ့်မည်။
စူးချန်ခုန်းသည် တစ်ညတာ အနားယူလိုက်ပြီး နောက်တစ်နေ့ နံနက်တွင် ဟေးလျန်ယွမ်က သူ့ထံသို့ ကိုယ်တိုင် ရောက်လာခဲ့သည်။
"ဂိုဏ်းအကြီးအကဲစူး... ဒါကတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ ရှေးဦးဆရာကြီး လက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ နတ်ပိုးချည်ကျင့်စဉ် အပြည့်အစုံပါပဲ။ ဂိုဏ်းလူကြီးအနေနဲ့ ဒါကို တခြား ဘယ်သူ့ကိုမှ လက်ဆင့်မကမ်းဖို့ ကျွန်တော် မျှော်လင့်ပါတယ်"
ယခင်က သဘောတူထားသည့်အတိုင်း ဟေးလျန်ယွမ်သည် နတ်ပိုးချည်ကျင့်စဉ်၏ ကျင့်ကြံပုံ အပြည့်အစုံကို စူးချန်ခုန်းထံသို့ အပ်နှံလိုက်ပြီး ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးကို မသင်ကြားရန် သတိပေးလိုက်သည်။
အခန်း (၄၃၂) ပြိုင်ဘက်ကင်း ဧရာမဝေလငါးနည်းပညာ။ ချီသွေးစွမ်းအင် အသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ် ပြီးမြောက်ခြင်း။ (၄)
"ဒါက သဘာဝကျပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ" စူးချန်ခုန်း ကျေးဇူးတင်စကား ပြောလိုက်သည်။ ဤကျင့်စဉ်လမ်းညွှန်ချက်ရှိပါက သူ၏ နတ်ပိုးချည်ကျင့်စဉ်ကို ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းအောင် ကျင့်ကြံနိုင်မည် ဖြစ်သည်။
"ဂိုဏ်းအကြီးအကဲစူး... အခုထိ မူလနယ်ပယ် အဆင့်ကို မရောက်သေးဘူးလား" ဟေးလျန်ယွမ်က စူးစမ်းကြည့်လိုစိတ်ဖြင့် မေးကြည့်လိုက်သည်။
စူးချန်ခုန်းသည် ကောင်းကင်သွေးကြောနှစ်ခု ပွင့်ထားသော ကျန့်ဖေးရှကို သတ်နိုင်ခဲ့သည့် အံ့အားသင့်ဖွယ် တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း ချမ်ရွေ့၏ ပြောစကားအရ စူးချန်ခုန်းမှာ ချီသွေးနယ်ပယ်တွင်သာ ရှိနေပြီး ချီသွေးနယ်ပယ်၏ အထွတ်အထိပ်သို့ပင် မရောက်သေးဟု ယူဆရသဖြင့် ဟေးလျန်ယွမ်အနေဖြင့် ကိုယ်တိုင် အတည်ပြုလိုခြင်း ဖြစ်သည်။
"အမ်... ရောက်ဖို့တော့ နည်းနည်း လိုပါသေးတယ်" စူးချန်ခုန်းက ခေါင်းငြိမ့်ကာ ထိုအချက်ကို အေးအေးဆေးဆေးပင် ဝန်ခံလိုက်သည်။
ဟေးလျန်ယွမ်သည် စိတ်ထဲမှ အံ့သြချီးကျူးမိသွားသည်။ "မူလနယ်ပယ်အဆင့်ကို မရောက်ဘဲနဲ့ မူလနယ်ပယ်သိုင်းပညာရှင်ကို သတ်နိုင်တယ်ပေါ့။ ဒီလိုစွမ်းဆောင်ရည်မျိုးကို အင်အားကြီးဂိုဏ်းတွေက ပါရမီရှင်တွေ၊ မြင့်မြတ်တဲ့ သွေးမျိုးဆက်ရှိတဲ့ သူတွေနဲ့ ဘုရင့်ဆွေတော်မျိုးတော်တွေဆီမှာပဲ ရှိတယ်လို့ ငါ ကြားဖူးတာ"
ချီသွေးနယ်ပယ်နှင့် မူလနယ်ပယ်ကြားရှိ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။ စူးချန်ခုန်းက ချီသွေးနယ်ပယ်အဆင့်ဖြင့် မူလနယ်ပယ်သိုင်းပညာရှင်ကို သတ်နိုင်ခဲ့သည့် တစ်ဦးတည်းသောသူ မဟုတ်သော်လည်း ထိုသို့ စွမ်းဆောင်နိုင်သူများမှာ မြင့်မြတ်သော မျိုးနွယ်စုများနှင့် ထိပ်တန်းဂိုဏ်းကြီးများအတွင်း၌ပင် အလွန်ရှားပါးလှပြီး တစ်ဦးချင်းစီမှာလည်း အထွတ်အထိပ် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့မှာ အဆင့်မြင့်ဆုံးသော ကျင့်စဉ်များကို ကျင့်ကြံသူများ၊ အလွန်ပင် အစွမ်းထက်သော သွေးမျိုးဆက်နောက်ခံမှ လာသူများ ဖြစ်ကြသည်။
စူးချန်ခုန်း ဤသို့ စွမ်းဆောင်နိုင်ခြင်းမှာ အမှန်တကယ်ပင် မှတ်တမ်းတင်ထိုက်သော ကိစ္စဖြစ်သည်။
ဟေးလျန်ယွမ်က အနည်းငယ် နှမြောတသဟန်ဖြင့် ပြောလိုက်သည်။ "ငါတို့ရဲ့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းက ကျုံးလင်တောင်မှာ အခြေစိုက်ထားတာပါ။ ဒီတောင်က မြေမျက်နှာသွင်ပြင် အလွန်ကောင်းပြီး မူလချီစွမ်းအင် ဖြစ်ပေါ်နိုင်တဲ့ အခြေအနေရှိပေမဲ့ နှစ်တစ်ရာမှာ လေးငါးမျှင်လောက်ပဲ ထွက်ပေါ်လေ့ရှိတယ်။ နောက်ဆုံးအကြိမ် ထွက်ပေါ်ခဲ့တာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကပါ။"
ဤစကားကို ကြားသောအခါ စူးချန်ခုန်းသည် စိတ်ပျက်သွားသည့် အရိပ်အယောင်ကို မဖုံးကွယ်နိုင်ခဲ့။ ဟေးလျန်ယွမ်၏ စကားမှာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းက သူ့ကို မူလချီစွမ်းအင် မပေးလိုတာ မဟုတ်ဘဲ လက်ဝယ်တွင် မရှိခြင်းကြောင့် ဖြစ်သည်ဟု အရိပ်အမြွက် ပြောကြားနေခြင်းပင်။
ဗဟိုပြည်နယ်ရှိ ဂိုဏ်းကြီးများကြားတွင် ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှာ ဂိုဏ်းငယ်လေး မဟုတ်သော်လည်း ထိပ်တန်းဂိုဏ်းကြီးဟု ခေါ်ဆိုရန် မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ သမိုင်းကြောင်းမှာ နှစ်တစ်ထောင်ခန့်သာ ရှိသေးပြီး အချို့သော မျိုးရိုးမြင့်များနှင့် ထိပ်တန်းဂိုဏ်းကြီးများမှာ မီးတောက်အင်ပါယာ မတည်ထောင်မီကတည်းက ရှိနေခဲ့ကြသဖြင့် နှိုင်းယှဉ်၍ မရနိုင်ခြင်း ဖြစ်သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ အခြေစိုက်စခန်း ဖြစ်သော ကျုံးလင်တောင်သည်လည်း မူလချီစွမ်းအင်ကို အလွန်နှေးကွေးစွာသာ ထုတ်လုပ်နိုင်ပြီး ပျမ်းမျှအားဖြင့် နှစ်တစ်ရာတွင် လေးငါးမျှင်ခန့်သာ ထွက်သည်။
"ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှာ နောက်ထပ် မူလချီစွမ်းအင် ထွက်ပေါ်လာဖို့ဆိုရင် နောက်ထပ် ဆယ်နှစ်လောက် ကြာဦးမှာပဲ။ အဲဒီအချိန်ကျရင်လည်း ငါက ဧည့်သည်တော် ဂိုဏ်းအကြီးအကဲ တစ်ယောက်ပဲ ဖြစ်နေတော့ ဂိုဏ်းအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်လူတွေကိုပဲ အရင်ဦးစားပေးမှာ သေချာတယ်..." ဟု စူးချန်ခုန်းက စိတ်ထဲမှ တွေးလိုက်သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်းထံမှ မူလချီစွမ်းအင် ရရှိရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။ အကယ်၍ ဂိုဏ်းက ဧည့်သည်တော် ဂိုဏ်းကြီးအကဲကို ပေးဖို့ ဆန္ဒရှိလျှင်ပင် သူသည် ဆယ်နှစ်ခန့် စောင့်ရမည်ဖြစ်ရာ အချိန်ကြာလွန်းလှသည်။
"ထားလိုက်ပါတော့။ မူလချီစွမ်းအင် အကြောင်းကို နောက်မှပဲ စဉ်းစားတော့မယ်" စူးချန်ခုန်းက ထိုကိစ္စကို ဆက်ပြီး အာရုံမထားတော့ပေ။ အချိန်တန်လျှင် နည်းလမ်းတစ်ခုခု ပေါ်လာမည်ဟု သူ ယုံကြည်သည်။
"ဂိုဏ်းအကြီးအကဲစူး... ဘယ်လိုကိစ္စမျိုးပဲရှိရှိ ငါ့ဆီကို လာနိုင်ပါတယ်"
ဟေးလျန်ယွမ်သည် စူးချန်ခုန်းကို ထပ်မံ မနှောင့်ယှက်တော့ဘဲ ဤစကားကို ပြောကာ ထွက်ခွာသွားပြီး စူးချန်ခုန်းကို အေးဆေးစွာ အနားယူခွင့် ပေးလိုက်သည်။
"ငါ အခု လုပ်ရမှာက ချီသွေးအသွင်ပြောင်းခြင်း အဆင့်ဆယ်နှစ်ကို ရောက်အောင် လုပ်ဖို့ပဲ။ အဲဒီအပြင် နတ်ပိုးချည်ကျင့်စဉ်ကိုလည်း ပိုတိုးတက်အောင် လုပ်ရမယ်။ ပြီးရင်တော့ မူလချီစွမ်းအင် ရနိုင်မယ့် နည်းလမ်းကို ရှာဖွေပြီး မူလချီနယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားရမယ်"
ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်းရှိ ထည်ဝါလှသော အဆောက်အအုံထဲတွင် စူးချန်ခုန်းသည် သူ၏ နောက်ထပ် ပန်းတိုင်များကို စဉ်းစားနေသည်။
ယခင်က စူးချန်ခုန်း၏ သွေးကြောများမှာ ပျက်စီးနေခဲ့သဖြင့် ဆေးလုံးများ၏ ပြင်းထန်သော ဆေးစွမ်းကို မခြေဖျက်နိုင်ခဲ့ချေ။ သူမထွက်ခွာမီ ဖေယန်ပေးခဲ့သော နဂါးသွေးဆေးလုံးများမှာ သူ့ကို ချီသွေး အသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ်အထိ ရောက်အောင် ကျင့်ကြံနိုင်ရန် လုံလောက်သော်လည်း သူသည် တစ်လုံးမျှ မသုံးရသေးချေ။ ယခုအခါ နတ်ပိုးချည်ကျင့်စဉ်ကြောင့် သူ၏ သွေးကြောများ ပြန်လည်သက်သာသွားပြီ ဖြစ်ရာ ကျန်ရှိနေသော ချီသွေးသန့်စင်ခြင်း အဆင့်နှစ်ဆင့်ကို ပြီးမြောက်အောင် လုပ်နိုင်ပြီ ဖြစ်သည်။
နတ်ပိုးချည်ကျင့်စဉ်၏ ကျင့်ကြံပုံ အပြည့်အစုံကို ရရှိထားပြီး ဖြစ်ရာ ဤကျင့်စဉ်မှာ ဒဏ်ရာများကို ကုသပေးနိုင်သည့် အံ့ဖွယ် အစွမ်းထက် ကျင့်စဉ်ဖြစ်သဖြင့် အဆင့်မြင့်သည်အထိ ကျင့်ကြံထားပါက အရေးကြီးသော အချိန်များတွင် အသက်ကို ကယ်တင်ပေးနိုင်ပေလိမ့်မည်။
ထို့နောက် စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းနှင့် မိုင်အနည်းငယ် ကွာဝေးသော ရွာပြင်ရှိ တောင်ကုန်းပေါ်သို့ ပြန်သွားပြီး ယခင်က သယ်ဆောင်ရန် ခက်ခဲသဖြင့် ဝှက်ထားခဲ့သော သူ၏ ပစ္စည်းများကို အကုန်လုံး ပြန်လည် သိမ်းဆည်းကာ ဂိုဏ်းအတွင်းသို့ ယူဆောင်လာခဲ့သည်။
နဂါးသွေးဆေးလုံး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်ပြီး စတင် ခြေဖျက်တော့သည်။ နဂါးသွေးဆေးလုံးဆိုသည်မှာ အဆင့်မြင့် ချီသွေးစွမ်းအင် အမျိုးအစား ဆေးလုံးများဖြစ်ပြီး တန်ဖိုးကြီးမားကာ အဂ္ဂိရတ်ပညာရှင်များသာ ဖော်စပ်နိုင်သော အရာဖြစ်သည်။
စူးချန်ခုန်းတွင် ချီသွေးအသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ်သို့ ရောက်ရှိရန် လုံလောက်သော နဂါးသွေးဆေးလုံးများ ရှိနေသည်။
နဂါးသွေးဆေးလုံးများကို ခြေဖျက်ပြီး ချီသွေးအသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ်သို့ ရောက်ရှိရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်သည်။ တစ်ဖက်တွင်လည်း ဤကာလအတွင်း သူ၏ အဓိက အာရုံစိုက်ရာမှာ နတ်ပိုးချည်ကျင့်စဉ်ပင် ဖြစ်သည်။
နတ်ပိုးချည်ဂူအတွင်း၌ သူသည် နတ်ပိုးချည်ကျင့်စဉ်ကို ဆဋ္ဌမအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်ရာ သူ၏ ပါရမီဖြင့် အစွမ်းကုန် ကြိုးစားကျင့်ကြံပါက သတ္တမအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားလေ၏။ စူးချန်ခုန်း၏ နေ့ရက်များကို အေးချမ်းစွာ ဖြတ်သန်းနေပြီး နေ့စဉ် နဂါးသွေးဆေးလုံးများကို ခြေဖျက်ကာ နတ်ပိုးချည်ကျင့်စဉ်ကို ကျင့်ကြံရင်း အချိန်များ ကုန်ဆုံးစေခဲ့သည်။
သုံးလ ကြာပြီးနောက် စူးချန်ခုန်းသည် သွေးသန့်စင်ခြင်း တစ်ဆင့်ကို ပြည့်စုံအောင် လုပ်နိုင်ခဲ့ပြီး ချီသွေး အသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ်သို့ တက်လှမ်းနိုင်ခဲ့သည်။
နောက်ထပ် လေးလ ထပ်မံ ကုန်လွန်သွားချိန်တွင် စူးချန်ခုန်းသည် သူ၏ နဂါးသွေးဆေးလုံး အားလုံးနီးပါးကို သုံးစွဲခဲ့ပြီးနောက် ချီသွေးအသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ်ကို တရားဝင် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
ဝုန်း
ကျယ်ဝန်းပြီး တိတ်ဆိတ်လှသော ကျင့်စဉ်ခန်းမအတွင်း၌ စူးချန်ခုန်းသည် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ၏ ဦးခေါင်းထက်တွင် တစ်လံခန့် ကျယ်ဝန်းသော မီးပြင်းဖိုပုံရိပ်ကြီး တစ်ခု ပေါ်လာသည်။ ၎င်းအတွင်း၌ မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေပြီး ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်နေရာ ရင်ဆိုင်ရသူ မည်သူမဆို ပြာအဖြစ် လောင်ကျွမ်းသွားနိုင်လောက်သည်။
ချီသွေးနယ်ပယ်၏ အထွတ်အထိပ်ဖြစ်သော ချီသွေးအသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ်မှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
ဂျွတ် ဂျွတ် ဂျွတ်
စူးချန်ခုန်းသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ ကိုယ်ခန္ဓာအတွင်း၌ အဆုံးအစမရှိ စီးဆင်းနေသော သွေးစွမ်းအင်များကို အာရုံခံမိပြီး သူသည် အလွန်ပင် ကျေနပ်သွားမိသည်။
နောက်ဆုံးတွင် သူသည် သာမန်သိုင်းပညာရှင်တစ်ဦး ရောက်ရှိနိုင်သော နောက်ဆုံးအဆင့်ဖြစ်သည့် ချီသွေးနယ်ပယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
မူလချီစွမ်းအင် မရှိပါက ချီသွေးနယ်ပယ်အဆင့်တွင်သာ တစ်သက်လုံး ပိတ်မိနေခြင်းမှာ အလွန်ပင် ပုံမှန်ဖြစ်လှသည်။ ဟုန်ကျန်းရှန့်ကဲ့သို့သော သူပင်လျှင် လူငယ်ဘဝကတည်းက ချီသွေးနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော်လည်း ဆယ်စုနှစ်တစ်ခုကျော် ကြာသည့်တိုင်အောင် ထိုအဆင့်၌သာ ရှိနေခဲ့သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ ချမ်ရွေ့နှင့် ဝမ့်ရှင်းကျန့်တို့မှာလည်း မူလနယ်ပယ် သိုင်းပညာရှင် အများအပြား ရှိသော ဂိုဏ်းမှ လာသူများ ဖြစ်ကြသော်လည်း ရရှိနိုင်သော မူလချီစွမ်းအင် ပမာဏမှာ အကန့်အသတ် ရှိနေသည်။ လူများပြီး ပစ္စည်းနည်းပါးလှသဖြင့် ဝမ့်ရှင်းကျန့်က သူ၏ ဂိုဏ်းတူညီငယ်အပေါ်တွင်ပင် သတ်ဖြတ်လိုသော ဆန္ဒများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် မူလချီစွမ်းအင် ထွက်ပေါ်လာချိန်တွင် ချမ်ရွေ့က ရရှိရန် အခွင့်အလမ်း ပိုများနေသည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။