ဘာမဆို လုပ်ပါ့မယ်
Vol. 1-5 Ch. 63
အခန်း (၆၃) : ဘာမဆို လုပ်ပါ့မယ်
မည်သည့် ကျင့်ကြံရေးဂိုဏ်းခွဲ၏ ပင်မဆက်ခံမှု အမွေအနှစ် မဆို ကျင့်ကြံရေးကျမ်းများ ဖြစ်ကြသည်သာ။
အံ့ဖွယ်မိုးကောင်းကင်မှာ အရှေ့ပိုင်းလွင်ပြင်ဒေသရှိ အထွတ်အမြတ်မြေများထဲမှ တစ်ခု ဖြစ်ကာ မိုးကြိုးဂါထာများကို အဓိကထား ကျင့်ကြံသုံးစွဲသည့် ဂိုဏ်းဖြစ်သည်။
ဟိုးရှေးခေတ်တွေကတည်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းဝင်များသည် မိုးကြိုးကို သုံး၍ အမှန်တရားဘက်မှ ရပ်တည်ခဲ့သည်။ သူတို့တွေထဲမှ အစွမ်းဆုံးသူသည်ကား ကောင်းကင်မိုးကြိုး စမ်းသပ်ချက်များကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိခဲ့၏။
အံ့ဖွယ်မိုးကောင်းကင်၏ အမွေအနှစ်မှာ အထွတ်အမြတ်မြေ (၁၂)ခုအနက် အစွမ်းထက်သော အမွေအနှစ်တစ်ခု ဖြစ်သည်။ ထိုအရာကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ပါက ကျန်အထွတ်အမြတ်မြေများ၏ ထိပ်၌ပင် ရပ်တည်နိုင်ပေသည်။
ထိုစဉ်တုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် အရှေ့ပိုင်းလွင်ပြင်ဒေသ၏ ခေါင်းဆောင်ဂိုဏ်းတစ်ခု ဖြစ်ခဲ့ကာ အားလုံးက သူတို့အမိန့်ကို နာခံခဲ့ရသည်။
ကံမကောင်းစွာနှင့် ဘယ်အရာမှ မတည်မြဲနိုင်ခဲ့ပေ။
လွန်ခဲ့သည့် နှစ်တစ်သောင်းတုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက မိစ္ဆာအုပ်စုများအတွက် အကြီးမားဆုံး အန္တရာယ်တစ်ခု ဖြစ်နေခဲ့၏။ ထို့ကြောင့် မိစ္ဆာများက ရှိသမျှရင်း၍ အံ့ဖွယ်မိုးကောင်းကင်အား ဝင်ရောက်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အဆုံးမှာတော့ အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်လေး အထိပင် ချိုးဖောက်ဝင်ရောက်ခံခဲ့ရသည်။
ထိုအဖြစ်သည်ကား မည်သူမှ ယခင်က မမြင်ဖူးခဲ့သော အဖြစ်ဆိုးကြီး တစ်ခုပေတည်း။
အံ့ဖွယ်မိုးကောင်းကင်၏ ရှိရှိသမျှသော သူတော်စင်များ၊ အထွတ်အမြတ်မြေ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ အားလုံးမှာ ထိုတိုက်ပွဲ၌ သေဆုံးခဲ့ရသည်။ ထိုအချိန်တုန်းက မြောက်များစွာသော အစွမ်းထက်သည့် အထွတ်အထိပ် မိုးကြိုးကျင့်စဉ်များလည်း ပျောက်ဆုံးသွားခဲ့သည်။ သူတို့၏ အကောင်းဆုံးကျင့်စဉ် ဖြစ်သည့် အံ့ဖွယ်မိုးကောင်းကင် တော်ဝင်မိုးကြိုးကျမ်းသည်လည်းပဲ ထိုအဖြစ်ဆိုးကြီးအတွင်း တစ်ဝက်မက ပျောက်ဆုံးသွားခဲ့ရလေ၏။
တားမြစ်ကျင့်စဉ်၏ အခန်းတွဲများမှာလည်း ထာဝရ ပျောက်ကွယ်သွားလေတော့သည်။
“ကပ်ဘေးတဖန်” သည်ကား အံ့ဖွယ်မိုးကောင်းကင် တော်ဝင်မိုးကြိုးကျမ်း၏ ထိပ်သီးအဆင့် တားမြစ်ကျင့်စဉ် ဖြစ်သည့်အပြင် ထိပ်သီးအဆင့် အမွေအနှစ်လည်း ဖြစ်သည်။ ဤကျင့်စဉ်သည် စွမ်းအားအရ အရှေ့ပိုင်းလွင်ပြင် တစ်ခွင်လုံး၏ ထိပ်ဆုံးစာရင်းဝင် တော်ဝင်ကျမ်း (၃)ကျမ်းအနက်မှ တစ်ကျမ်း ဖြစ်နေသည်။
အထွတ်အမြတ်မြေ၏ ကနဦးအစပိုင်းကတည်းက ခေတ်အဆက်ဆက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်များနှင့် ဂိုဏ်းချုပ်များက သူတို့အစွမ်းများ အားကောင်းလာအောင် ဤကျင့်စဉ်ကို အသုံးပြုလာခဲ့ကြသည်။ ကျင့်စဉ်ကို တစ်ဖက်ကမ်းခပ် တတ်မြောက်သွားသရွေ့ အဆင့်တူထဲက မည်သူကမှ သူတို့အား အနိုင်တိုက်နိုင်တော့မည် မဟုတ်ပေ။
အံ့ဖွယ်မိုးကောင်းကင်အနေနှင့် တိုက်ပွဲကြောင့် ဆုံးရှုံးလိုက်သည်များမှာ ကြီးမားသော်လည်း ဤဆန်းကြယ်ကျင့်စဉ်တွေ ပျောက်ဆုံးသွားမှုက အထွတ်အမြတ်မြေအတွက် အထိအနာဆုံးကိစ္စ ဖြစ်ခဲ့ရသည်။
အံ့ဖွယ်မိုးကောင်းကင်သည် အထွတ်အမြတ်မြေများအနက် ထိပ်ဆုံး (၅)နေရာထဲတွင် အမြဲတည်ရှိခဲ့သည်သာ။ ကံမကောင်းစွာနှင့်ပဲ တော်ဝင်ကျမ်း တစ်ဝက်ကျော် ပျောက်ဆုံးသွားပြီးကတည်းက မည်သည့်ပါရမီရှင်ကမှ နောက်ပိုင်းအဆင့်ရောက်ချိန်တွင် ဆက်လက် ကျင့်ကြံလို့ မရနိုင်တော့ချေ။ ထို့အတူ တခြားအထွတ်အမြတ်မြေများ၏ ပါရမီရှင်များနှင့်လည်း မယှဉ်ပြိုင်နိုင်တော့ချေ။ ဤသို့ဖြင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူ့နေရာအဆင့်အတန်းနှင့် အင်အားများကို ဆုံးရှုံးခဲ့ရလေ၏။
ထိုကာလအတွင်း၌ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ အင်မတန် အနေခက်သည့် အနေအထားမျိုးတွင် ရှိခဲ့ရသည်။ ကုန်လွန်လာသည့် နှစ်တစ်သောင်းတာ အတောအတွင်း အံ့ဖွယ်မိုးကောင်းကင်က အထွတ်အမြတ်မြေ ဂိုဏ်းချုပ် ဆယ်ယောက်ကျော်ကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ထို့နောက် ဂိုဏ်းချုပ်တိုင်းကလည်း အထွတ်အမြတ်မြေ၏ အမွေအနှစ်ကျင့်စဉ်ကို ပြန်ပြင်ရန် အကောင်းဆုံး တတ်စွမ်းသမျှ ကြိုးစားခဲ့ကြသည်ချည်းသာ။
အချိန်ကြာလာသည်နှင့်အမျှ အံ့ဖွယ်မိုးကောင်းကင် တော်ဝင်မိုးကြိုးကျမ်း၏ အခန်းတွဲအများစုကို ပြန်ရသွားပြီ ဖြစ်သည်။ သို့သော် တားမြစ်ကျင့်စဉ်၏ နောက်ဆုံးအတွဲဖြစ်သည့် ကပ်ဘေးတဖန်ကျင့်စဉ်တွဲကိုတော့ ပြန်မပြင်နိုင်ခဲ့ချေ။
ဤကျင့်စဉ်မှာ တော်ဝင်ကျမ်းထဲတွင် မိုးကြိုးဧကရာဇ် မှတ်တမ်းတင်ထားခဲ့သမျှ တားမြစ်ကျင့်စဉ်များအနက် အစွမ်းအထက်ဆုံး ကျင့်စဉ် ဖြစ်၏။ မိုးကြိုးဧကရာဇ်လောက်နီးနီး ပါရမီရှိသည့်သူသာ မဟုတ်ပါက မူရင်းကျမ်းအား ကိုးကားမှီငြမ်းခြင်း မရှိဘဲနှင့် ဤကျင့်စဉ်တွဲကို ပြန်ရအောင် လုပ်ဖို့ရာမှာ မဖြစ်နိုင်ပေ။
.....................
မီးတိုင်းပြည်က သတ္တုရိုင်းတုံး ပြခန်းငယ်လေး တစ်ခုထဲတွင် သူမဂိုဏ်းက နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သော အထွတ်အမြတ်မြေ၏ အမွေအနှစ်ကို ရှာတွေ့လိမ့်မည်ဟု ကျန်းယွင်ရှီး တစ်ယောက် လုံးဝ မထင်ထားမိခဲ့ပေ။
ဤအံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို “အံ့ဖွယ်မိုးကောင်းကင် ကပ်ဘေးဆိုး” ဟုလည်း ခေါ်တွင်ပြီး ဆွဲပြားနှစ်ခုအတွင်း သီးသန့်ကျင့်စဉ် နှစ်မျိုးကို သူတို့၏ သက်ဆိုင်ရာအပိုင်းတွေထဲတွင် တကွဲစီ မှတ်တမ်းတင်ထား၏။
ဆွဲပြားနှစ်ခုကို ပေါင်းစပ်လိုက်ပြီး အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားအတွက် အထူးသီးသန့် ထားရှိသော ဂါထာမန္တန်နှင့် နိုးထစေလိုက်ပါမှ ကျင့်ကြံဖို့အတွက် ကပ်ဘေးတဖန် ကျင့်စဉ်တွဲက ထွက်ပေါ်လာမည် ဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်သောင်းတုန်းက ဤဆွဲပြားများမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်များ၏ ဂိုဏ်းချုပ်အမှတ်အသား ဖြစ်သည်။
ကျန်းယွင်ရှီးသည် အထူးဂါထာကို သုံးလိုက်ပြီး ဆွဲပြားများကို ဂါထာအစွမ်းနှင့် ထိမှန်စေလိုက်သည်။ ကျောက်စိမ်းဆွဲပြားများက ဂါထာစွမ်းအားကို စုပ်ယူသွား၏။ ထို့နောက် ဆွဲပြားများအား ဝန်းရံနေသည့် အလင်းလုံးမှာ အရောင်မှိန်သွားလေသည်။
ကျန်းယွင်ရှီးက ကျောက်စိမ်းဆွဲပြားများကို ဂရုတစိုက်နှင့် တယုတယ ဆုပ်ကိုင်လိုက်သည်။ သူမသည် အရာခပ်သိမ်းကို ပျာယာမခတ်ဘဲ ဣန္ဒြေရှိရှိ ရင်ဆိုင်ခဲ့သူ ဖြစ်သော်လည်း ယခုမူ သူမမျက်လုံးလေးများထဲတွင် မျက်ရည်တို့ အပြည့် ဖြစ်တည်လာလေ၏။
ထိုအခိုက်အတန့်၌ ကျန်းယွင်ရှီးတစ်ယောက် ဘယ်လောက်တောင် စိတ်လှုပ်ရှားကာ ဝမ်းသာသွားသလဲဆိုတာ ဘယ်သူမှ မသိချေ။
ကျန်းယွင်ရှီး မျက်ရည်ဝဲနေသည်ကို မြင်သောအခါ လျိုထိုက်ယီက နှာခေါင်းရှုံ့လိုက်သည်။
“ကျုပ် ပြောတာ မမှားဘူးဆိုရင် ခင်ဗျားက ကျုပ်တို့ရဲ့ ဆရာနတ်မင်းကို မယုံကြည်ဘူးဆိုပဲ… ဟုတ်တယ်မလား။ အခုမှ ဘာလို့ လာငိုပြနေတာလဲ…
ကျုပ် မှတ်မိတာတော့ တစ်ယောက်သောသူက ယုံကြည်ချက်အပြည်နဲ့ ဒီသတ္တုရိုင်းတုံးထဲကနေ ပစ္စည်းကောင်း ထွက်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့သလားလို့။ ဘာတဲ့… ထွက်လာတဲ့ ပစ္စည်းက ဝိညာဉ်ကျောက်တုံး ငါးသိန်းထက် ပိုပြီး တန်ကြေးရှိနေရင် ဘာလုပ်မယ်ဆိုလား…”
လျိုထိုက်ယီ၏ သရော်စကားများကြောင့် ကျန်းယွင်ရှီးမှာ ထိတ်လန့်သွားပြီး သူမ အပြုံးမှာလည်း ပျောက်ကွယ်သွားလေတော့သည်။
ဟုတ်သားပဲ…
စောစောတုန်းက ကျန်းယွင်ရှီးသည် သူဌေးစုန့်အား လှောင်ရယ်ချင်၍ လောင်းကြေးစားကြေး ထပ်ခဲ့မိသည်။ အကယ်၍ ပစ္စည်းက ဝိညာဉ်ကျောက်တုံး ငါးသိန်းထက် ပိုသောတန်ကြေး ရှိပါက သူမက ရှန်ထျန်းအား ထိုပစ္စည်းကို အလကား ပေးရမည် ဖြစ်သည်။
အခုတော့… ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ သူမမှ မသိတာ…
ဤပင့်ကူသတ္တုရိုင်းတုံးထဲတွင် ဝိညာဉ် အသုံးအဆောင်ပစ္စည်း ပါနေလျှင်ပင် အံ့ဖွယ်ဖြစ်ရပ် ဖြစ်နေပြီ ဖြစ်သည်။ ဤအံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားက ထိုသတ္တုရိုင်းတုံးထဲ ရှိနေလိမ့်မည်ဟု မည်သူကများ သိလိမ့်မည်နည်း။
သတ္တုရိုင်းတုံးပေါ်က ပင့်ကူအက်ကြောင်းများမှာ မိုးကြိုးစွမ်းအားကြောင့် ဖြစ်ပေါ်ထားခြင်း ဖြစ်နေလေ၏။
ဝိညာဉ်ကျောက်တုံး ငါးသိန်းက အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြား၏ တန်ဖိုးနား ကပ်တောင်မကပ်နိုင်ပေ။ ထိုပမာဏ၏ အဆ တစ်သောင်းပင်လျှင် ဆွဲပြားတန်ဖိုးနှင့် အဝေးကြီးမှာ ရှိနေသည်။
ယခု သူမ စောစောက လောင်းထားသည့် ကိစ္စကို လျိုထိုက်ယီက အစဖော်လိုက်လေရာ ကျန်းယွင်ရှီးတစ်ယောက် အင်မတန် ကူကယ်ရာမဲ့ ဖြစ်သွားရလေသည်။။
ထွက်လာသည့် ပစ္စည်းသည် ထာဝရသတ္တု၊ ဆန်းကြယ်မြေ၊ ဒါမှမဟုတ် အစစ်အမှန်ရေတို့ကဲ့သို့ ရတနာပစ္စည်း တစ်ခုခုသာ ဖြစ်နေခဲ့ပါက ထိုပစ္စည်းကို လက်တစ်ချက် မတွန့်ဘဲ ပေးပစ်မည် ဖြစ်သည်။ သို့သော် ဒီဆွဲပြားနှင့် ဒီကပ်ဘေးတဖန် ကျမ်းတွဲကို သူမ ဘယ်လိုနည်းနှင့်မှ လက်မလွတ်နိုင်ပါ။
သည်ဟာက သူမတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကြီး တဖန်ပြန်လည် အောင်မြင်ကျော်ကြားလာနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်လေး ဖြစ်နေသည်လေ…
ကျန်းယွင်ရှီးက ရှက်မိသဖြင့် မျက်နှာလေး ရဲသွားကာ နှုတ်ခမ်းလေးကို ကိုက်လိုက်မိ၏။
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ ပြောလိုက်သည်
“ဒီကျောက်စိမ်းဆွဲပြားလေးတွေက ကျွန်မအတွက် အရမ်းကို မရှိမဖြစ် လိုအပ်နေတယ်။ ကျွန်မကို ဒါလေးတွေ ယူခွင့်ပြုနိုင်မလား… လူကြီးမင်းရှန်… ကျွန်မ ရှင့်အတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်… တကယ်လို့ ကျွန်မ…”
တကယ်တမ်းတော့ ကျန်းယွင်ရှီးကသာ ဆွဲပြားများကို အင်အားသုံးပြီး လုယူချင်လျှင် အလွယ်တကူ လုယူလို့ရသည်။ မည်သူကမှ သူမကို တားနိုင်လိမ့်မည် မဟုတ်ပေ။ သို့ပေသည့် ထိုသို့လုယူရန်ကို သူမက မာနကြီးလွန်းနေသည်။ သူမ၏ မာနက လက်မခံဘူး ဖြစ်နေသည်။
ရှန်ထျန်းက သူမအား ဆွဲပြားများကို ယူခွင့်ပေးသရွေ့ သူမ သူ့အတွက် ဘာမဆို လုပ်ပေးမည်ဟု ကျန်းယွင်ရှီးက စိတ်ပိုင်းဖြတ်ထားပြီးပြီ ဖြစ်သည်။ အကယ်၍ သူမ သူနှင့် လက်ထပ်ရမည် ဆိုလျှင်တောင်မှပေါ့။ အဖြစ်အပျက်တို့ သည်လိုအခြေအနေအထိ ရောက်ရှိလာရသည်မှာ သူမကြောင့် ဖြစ်၏။ ထို့ကြောင့် သူမအနေနှင့် နောက်ဆက်တွဲ အကျိုးဆက်ကို ပါးစပ်ပိတ် ငြိမ်ခံနေရုံသာ တတ်နိုင်လေသည်။
ရှန်ထျန်း ကြေညာတော့မည့် မတန်တဆ တန်ကြေးအတွက် ကျန်းယွင်ရှီးက အားတင်းကာ အသင့်ပြင်ထားလိုက်၏။
အံ့သြစရာကောင်းသည်မှာ… ရှန်ထျန်းက ကောင်းကင်ကြီးကို ကြည့်ရင်းသာ ပြုံးလိုက်ခြင်းပင်။
“ရပါတယ်ဗျာ။ ကိစ္စမရှိပါဘူး နတ်မိမယ်ကျန်းရဲ့… ကျွန်တော် ပြောထားသလိုပဲပေါ့… “ကံပါရင် ဟောမယ် အလကား၊ ကံမပါရင် ရွှေပုံပေးလည်း ထွက်သွား” ဆိုသလိုပဲ…
ကျွန်တော်တို့တွေက ကံပါနေတယ်။ နောက်ပြီး နတ်မိမယ်ကျန်းက သတ္တုရိုင်းတုံးအတွက် ငွေရှင်းပြီးသွားပြီ ဆိုတော့ ဒီရတနာကို နတ်မိမယ်ကျန်း ပိုင်သွားပြီလေ…
သူဌေးစုန့်နဲ့ လောင်းထားတဲ့ ကိစ္စကိုလည်း စိတ်ထဲ ထည့်မနေနဲ့… ယူသာ ယူလိုက်ပါ။ တကယ်လို့ နောင်တစ်ချိန် အခွင့်သင့်ခဲ့ရင် အဲဒီအချိန်ကျမှ ကျွန်တော့်ကို ကျေးဇူးပြန်ဆပ်ပေါ့ဗျာ”
ရှန်ထျန်းက ကောင်းကင်ယံထက်မှ စတင်ကင်းစင်လာပြီ ဖြစ်သည့် တိမ်စိုင်တိမ်မည်းများကို ကြည့်လိုက်၏။ ဒီဆွဲပြားများက အဖိုးတန်မှန်း သူ သိသည်။ သို့သော် ဘယ်လောက်ထိ အဖိုးတန်ထူးခြားနေပြီး သူတို့၏ အသုံးဝင်ပုံများက ဘာတွေလဲ ဆိုတာကိုကား သူ သေချာမသိပေ။
ဆွဲပြားတွေက သူ့အတွက် တပ်မက်စရာ မကောင်းဘူးလား ဆိုတော့…
ကောင်းတာပေါ့ဗျာ… လိုချင်တာပေါ့လို့…
ဒါပေမဲ့ ပြဿနာက ဒီဟာတွေကို သူ့အတွက်သူ မယူထားရဲတာပဲ…
အကယ်၍ ကျောက်စိမ်းဆွဲပြားများကို ရှန်ထျန်းတစ်ယောက်တည်းကသာ ရှာတွေ့ခဲ့မည်ဆိုလျှင် သူက ထိုဆွဲပြားများကို သိမ်းယူထားမည် ဖြစ်သည်။ ထိုသို့မလုပ်လျှင်မှ တုံးရာကျပေလိမ့်မည်။
ကံမကောင်းစွာနှင့်ပဲ ဒီရတနာက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ ရှိနေကြောင်းကို အဆုံးမဲ့ဝိညာဉ်ဥယျာဉ် တစ်ခုလုံးနှင့် အနီးအနားက ကျင့်ကြံသူများက သိသွားကြလေပြီ။
သည်လိုအခြေအနေမျိုးတွင် ဆွဲပြားများကို ရှန်ထျန်း မယူရဲပါချေ။
သူ့၏ နည်းနည်းလေး ဖြူနေပြီဖြစ်သည့် ရောင်ဝါစက်ဝန်းနှင့် ဒီရတနာပစ္စည်းကို သူ သေချာပေါက် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ အလွန်ဆုံး ပစ္စည်းများ၏ ကောင်းချီးမင်္ဂလာများကို မျှဝေယူရုံသာ သူ တတ်နိုင်သည်။
အကယ်၍ ပစ္စည်းများကို သူ့အတွက်သူ ယူထားရန် ကြိုးစားလိုက်ပါက “အခေါင်းအက” သီချင်းကို သူ့အတွက် ဖွင့်ပေးရပေလိမ့်မည်သာ။
ထို့အပြင် အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို အသက်သွင်းရန်အတွက် အထူးဂါထာ ရွတ်ဆိုပြီး ဂါထာစွမ်းအားကို ဆွဲပြားထဲ ဝင်ရောက်သွားအောင် လုပ်ဖို့ လိုအပ်လေသည်။ ထို့ကြောင့် ရှန်ထျန်းလက်ထဲတွင် ဆွဲပြားများက သုံးစားရမည် မဟုတ်ပေ။
သို့ဖြစ်ရာ အကောင်းဆုံး ရွေးချယ်မှုမှာ ကျောက်စိမ်းဆွဲပြားများကို ကျန်းယွင်ရှီးကို ပေးလိုက်ရန် ဖြစ်၏။ သူတို့က သူမအတွက် အသုံးဝင်ပါက သူမအနေနှင့် သူ့အပေါ် ကျေးဇူးအကြီးကြီး တင်သွားမည် ဖြစ်သည်။ ထိုအတွက်ကြောင့် သူလည်း အနာဂတ်တွင် အကျိုးကျေးဇူးတွေ အများကြီး ရရှိလာပေလိမ့်မည်။
ရှန်ထျန်းက ထိုအချက်ကို ကောင်းကောင်းနားလည်သည်။ ကျင့်ကြံရေးလောကထဲက ဘယ်နေရာမှာမဆို အန္တရာယ် ရှိနေသည်။ သူ့ဆီတွင် အင်အားနှင့် ကံတရား လုံလုံလောက်လောက် မရှိပါက ဖြည်းဖြည်းနှင့် မှန်မှန်လေး ကျင့်ကြံသည်ကသာ သူ့အတွက် ပိုကောင်းလိမ့်မည်။ တကယ်တမ်းကျ ယုန်နှင့်လိပ် အပြေးပြိုင်ပွဲမှာ နောက်ဆုံးမှာ အနိုင်ရသွားတာက လိပ်ကလေးပဲလေ။