ဒါက သက်သက်မဲ့ အနိုင်ကျင့်တာပဲ
Vol. 6 Ch. 71
"ကောင်းပြီ... တခြားကိစ္စ မရှိတော့ရင် မင်းတို့ ပြန်လို့ ရပြီ..." ဖုန်းရှူဖူက ခေါင်းညိတ်ပြလိုက်ပြီး အိမ်ထဲသို့ ပြန်လှည့်ဝင်သွားသည်။
“ဂျူနီယာညီလေး... မင်း စတင် လေ့လာလိုက်တော့... မေးစရာ ရှိရင် ငါ့ဆီ အချိန်မရွေး လာခဲ့လို့ ရတယ်... မေးစရာ မရှိရင်လည်း လာထိုင်လည်လို့ ရတာပဲ..."
ကော်လင်ရှန်းက ရိုးသားဖြူစင်သော အပြုံးတစ်ခုနှင့် ချန်ဖေး၏ ပခုံးကို အားပါပါ ပုတ်လိုက်ပြီး လှည့်ထွက်သွားသည်။
ချန်ဖေး အနည်းငယ် ဦးညွှတ်လိုက်ပြီး သူ၏ နေအိမ်သို့ ပြန်ရန် ပြင်ဆင်လိုက်၏။ အချိန်အရ ဆိုလျှင် ချီတာဖုန်း ရောက်ရှိနေလောက်ပြီ ဖြစ်သဖြင့် သွားရောက် တွေ့ဆုံရမည် ဖြစ်သည်။
"ဂျူနီယာညီလေး... ဒီမှာ... ငါ ဒီမှာ..."
ချန်ဖေး အဝေးကြီး မရောက်သေးခင်မှာပင် အနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ချန်ဖေး လှည့်ကြည့်လိုက်ရာ လော့ကျွင်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“စီနီယာအစ်ကိုလော့..." သစ်ပင်ပေါ်တွင် ပုန်းနေသော လော့ကျွင်းကို ချန်ဖေး ကြည့်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ခုနက ဆရာ ပြောလိုက်တာက... ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မေးစရာ ရှိရင် ဂရိတ်မာစတာ (စီနီယာအစ်ကိုကြီး) ဆီ သွားမေးလို့ ပြောလိုက်တာ မဟုတ်လား..."
လော့ကျွင်းက သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်ကာ ပြုံး၍ မေးလိုက်သည်။
ချန်ဖေး ခေါင်းညိတ်လိုက်သော်လည်း လော့ကျွင်း ဘာပြောချင်မှန်း နားမလည်ပေ။
"ငါလည်း အဲဒီတုန်းက အဲဒီလိုပဲ ဖြစ်ခဲ့တာ... နောက်ကျရင် ဂရိတ်မာစတာဆီ သွားလည်တဲ့အခါ လက်ဆောင်ပစ္စည်း တစ်ခုခု ယူသွားဖို့ သတိရနော်... ငါ့တုန်းက ဘယ်သူမှ မပြောပြကြလို့ အချိန်အကြာကြီး ဖယ်ကြဉ်ခံထားရတယ်... အဲဒီ ခံစားချက်က တကယ်ကို မကောင်းဘူး..." လော့ကျွင်းက လျှို့ဝှက်သော လေသံဖြင့် ပြောလိုက်သည်။
ချန်ဖေး၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။ လက်ဆောင် ပေးရမည် ဟုတ်လား... မပေးရင် အဖွဲ့တစ်ခုလုံးရဲ့ ဖယ်ကြဉ်ခြင်းကို ခံရမည်ပေါ့…
"ဘယ်လောက်လောက် ပေးဖို့ လိုမလဲ..." ချန်ဖေး စပ်စုလိုက်သည်။
“အနည်းဆုံး ငွေတုံး တစ်ရာပဲ... အဲဒီထက် နည်းရင် ဂရိတ်မာစတာက မင်းကို ဂိုဏ်းတူတပည့်ချင်းပဲ... ပေးစရာ မလိုပါဘူး လို့ ပြောလိမ့်မယ်... အဲဒီလို ပေးတာက သူ့ကို စော်ကားရာ ရောက်တယ် ပေါ့..." လော့ကျွင်းက ပမာဏကို ပြောပြရင်း နာကျင်နေသည့်ဟန် ပေါက်နေ၏။
ချန်ဖေး မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ လက်ဆောင်က ငွေတုံး တစ်ရာ တောင်လား... နောက်ပိုင်း ကျင့်စဉ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးရင်ရော မေးခွန်းတစ်ခုချင်းစီ အတွက် ပိုက်ဆံ ပေးရဦးမှာလား…
"ဒီကိစ္စကို ဆရာ သိလား..." ချန်ဖေး တိုးတိုးလေး မေးလိုက်သည်။
ငါလည်း မသိဘူး... ဆရာ ဒီကိစ္စကို သိလား မသိလား ဆိုတာ... ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ အခေါက်တုန်းက ငါ သွားပေးတော့ ဂရိတ်မာစတာက အကြာကြီး တွန့်ဆုတ်နေပြီးမှ မလိုချင်သလိုလိုနဲ့ လက်ခံလိုက်တယ်... ငါ့အတွက် အရင် သိမ်းထားပေးမယ် လို့ ပြောတာပဲ…
လော့ကျွင်းက "မင်း သဘောပေါက်ပါတယ်" ဟူသော အကြည့်ဖြင့် ချန်ဖေးကို ကြည့်လိုက်သည်။
ချန်ဖေး၏ မျက်ခမ်းများ အနည်းငယ် လှုပ်ရှားသွား၏။ "သိမ်းထားပေးမယ်" ဆိုသော စကားလုံးကို အတော်လေး သင့်လျော်စွာ သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။
ကော်လင်ရှန်း၏ မျက်ခုံးမွှေး ထူထူ၊ မျက်လုံး ကြီးကြီးနှင့် ရိုးသားသော ပုံပန်းသွင်ပြင်ကို ကြည့်ပြီး သူ အကဲဖြတ် မှားခဲ့လိမ့်မည်ဟု ချန်ဖေး လုံးဝ မထင်မှတ်ထားခဲ့ပေ။
"ငါ ပြောပြတယ်လို့ ဘယ်သူ့ကိုမှ မပြောနဲ့နော်..."
လော့ကျွင်းက ချန်ဖေးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး "ငါ သွားတော့မယ်... နောက်တစ်ခါကျရင် ရောင်နီဝိုင်မျှော်စင်ကို အတူတူ သွားကြတာပေါ့..." ဟု ပြောလိုက်သည်။
ချန်ဖေးက လော့ကျွင်း ထွက်ခွာသွားသည်ကို ကြည့်ပြီး ခေတ္တမျှ ရပ်တန့် တွေးတောနေပြီးမှ ချီတာဖုန်းကို သွားရောက် ကြိုဆိုလိုက်သည်။
ဆေးလုံးများနှင့် ဆေးဖက်ဝင် အပင်များကို လဲလှယ်ပြီးနောက် ချန်ဖေးက ဈေးဆိုင်၏ အခြေအနေကို မေးမြန်းလိုက်သည်။ ကံကောင်းထောက်မစွာပင် မကြာသေးမီက ချီတာဖုန်း နောက်သို့ မည်သူမျှ လိုက်ပါခြင်း မရှိခဲ့ပေ။
"ဒီရက်ပိုင်း အဲဒီလမ်းမှာ ဆေးလုံး ရောင်းတဲ့ ဆိုင်တွေ နည်းနည်း ပိုများလာတယ်... ငါ သွားကြည့်လိုက်တော့ သူတို့ ရောင်းတဲ့ ဆေးလုံးတွေက တော်တော် စုံပေမဲ့ အားလုံး ကြည့်ကောင်းတဲ့ ပုံစံတွေချည်းပဲ..."
"ဒါက ငါတို့အတွက် အကျိုးမယုတ်ပါဘူး..." ချန်ဖေး မနေနိုင်ဘဲ ရယ်မောလိုက်သည်။
ဆေးလုံး ရောင်းချသူ အရေအတွက် များပြားလာခြင်းသည် ရောင်းအားကို ထိခိုက်နိုင်ပြီး ဆေးလုံး ဈေးနှုန်းများကိုပင် သက်ရောက်မှု ရှိနိုင်ပုံ ရသော်လည်း ချန်ဖေးကမူ ထိုကဲ့သို့ ဆိုင်များ များပြားလာခြင်းကို နှစ်သက်လေသည်။ အဘယ်ကြောင့်ဆိုသော် ချီတာဖုန်းကို သူများ သတိထားမိနိုင်ခြေ လျော့နည်းသွားစေသောကြောင့် ဖြစ်၏။
ထို့အပြင် ချန်ဖေး၏ ဝိညာဉ်အလင်း ဆေးလုံးသည် အသွင်အပြင်နှင့် ထိရောက်မှု အပိုင်းတွင် အကောင်းဆုံးနီးပါး ဖြစ်သည်။ တစ်ကြိမ် ဝယ်ယူဖူးသူတိုင်း ၎င်း၏ သာလွန်ကောင်းမွန်သော အရည်အသွေးကို အသိအမှတ်ပြုနိုင်ကြသည်။
ထို့ကြောင့် ချန်ဖေး နေ့စဉ် ထုတ်လုပ်သော ဆေးလုံးများသည် ချောချောမွေ့မွေ့ပင် ရောင်းကုန်နေဆဲ ဖြစ်သည်။
ချီတာဖုန်း ပြန်သွားပြီးနောက် ချန်ဖေးသည် ဆေးလုံးများ သန့်စင်ရန် သုံးနာရီခန့် အချိန်ယူလိုက်သည်။ အများစုမှာ ဝိညာဉ်အလင်း ဆေးလုံးများ ဖြစ်ပြီး အချို့မှာ အသက်ရှည်ဆေးလုံးများ ဖြစ်ကာ အဓိကအားဖြင့် ချန်ဖေး ကိုယ်တိုင် သောက်သုံးရန် ဖြစ်သည်။
ချန်ဖေး အိမ်ထဲမှ ထွက်လာပြီး ကောင်းကင်ကို တစ်ချက်ကြည့်ကာ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ကော်လင်ရှန်း၏ အိမ်ဘက်သို့ လျှောက်သွားလိုက်သည်။
ကော်လင်ရှန်း၏ နေအိမ်သည် တပည့်သစ် ချန်ဖေး၏ နေရာထက် များစွာ သာလွန်ကောင်းမွန်သည်။ ကော်လင်ရှန်းသည် ချန်ဖေး ရောက်လာသည်ကို တွေ့သောအခါ အနည်းငယ် အံ့သြသွားသော်လည်း နွေးထွေးစွာပင် အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
တစ်နာရီခန့် အကြာတွင် ကော်လင်ရှန်းသည် ချန်ဖေးကို အိမ်အပြင်သို့ လိုက်လံ ပို့ဆောင်ပေး၏။
“ညီလေး... မင်းရဲ့ နားလည်နိုင်စွမ်းက တကယ်ကို ထူးခြားလွန်းတယ်... ထုံယွမ် ကျင့်စဉ်ကို အချိန်အကြာကြီး မလေ့ကျင့်ဖူးတဲ့ ဘယ်သူမှ သတိမထားမိနိုင်တဲ့ အခက်အခဲတွေကို မင်းက တစ်ညတည်းနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်..."
ကော်လင်ရှန်းက ချန်ဖေးကို အံ့သြမှုနှင့် နှမြောတသ ဖြစ်မှုတို့ ရောထွေးနေသော အကြည့်ဖြင့် ကြည့်လိုက်သည်…
"မင်းရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်က နည်းနည်း နိမ့်နေတာ တစ်ခုပဲ ရှိတာ... မင်း အရိုးသန့်စင်ခြင်း အဆင့်ကို ခုမှ ဝင်ရောက်တာ ဆိုတော့... ခြင်ဆီသန့်စင်ခြင်း အဆင့်ကို အမြန်ဆုံး ချိုးဖျက်ဝင်ရောက်နိုင်အောင် ပိုပြီး ကြိုးစားရလိမ့်မယ်... ဒါမှမဟုတ်ရင် နောက်ပိုင်း ကျင့်ကြံရတာ ပိုပိုပြီး ခက်ခဲလာလိမ့်မယ်..."
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... စီနီယာအစ်ကို..." ချန်ဖေးက လက်သီးဆုပ် ဦးညွှတ်လိုက်ပြီး "စီနီယာအစ်ကို... လိုက်ပို့စရာ မလိုတော့ပါဘူး..." ဟု ပြောလိုက်သည်။
"ဩော်... ဟုတ်သားပဲ... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... နောက်ရက်နည်းနည်း ကြာရင် ငါတို့ ဌာနခွဲကို တာဝန်ပေးထားတဲ့ ဂိုဏ်းတွင်း မစ်ရှင်တစ်ခု ရှိတယ်... ဂျူနီယာညီလေး... မင်းက လူသစ် ဖြစ်နေပေမဲ့ လိုက်ပါရလိမ့်မယ်... ငါ အချိန်ရရင် အသေးစိတ် ရှင်းပြပေးမယ်..." ကော်လင်ရှန်းက ရုတ်တရက် ပြောလိုက်သည်။
"မစ်ရှင် ဟုတ်လား..." ချန်ဖေး အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။
"ဂရုစိုက် ပြန်ပါ... ဂျူနီယာညီလေး..." ကော်လင်ရှန်းက ပြုံး၍ ပြောလိုက်သည်။
ချန်ဖေး လက်ပြနှုတ်ဆက်ပြီး သူ့အိမ်ဘက်သို့ လျှောက်လာခဲ့သည်။
လက်ဆောင်လည်း မပါ၊ ခက်ခဲသော မေးခွန်းများလည်း မပါ၊ ဆင်ခြေများလည်း မပါ။ ချန်ဖေးသည် ကော်လင်ရှန်း မေးသော မေးခွန်းများကို ကော်လင်ရှန်း အဖြေသိသရွေ့ ဖြေကြားပေးခဲ့သည်။
ချန်ဖေးက ဒေသထွက် လက်ဆောင်ပစ္စည်း အချို့ ယူလာခဲ့သင့်ကြောင်း အကြံပြုသောအခါ ကော်လင်ရှန်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူသည် မည်သည့် မတရားမှုကိုမျှ သည်းမခံနိုင်သော လူတစ်ယောက် ဖြစ်သည်။
"လော့ကျွင်း... သူ ဘာလိုချင်တာလဲ... ငါ့ကို စီနီယာအစ်ကိုကော်ရဲ့ ရိုက်နှက်တာ ခံရစေချင်လို့လား..."
ထိုမနက်က လော့ကျွင်း ပြောခဲ့သော စကားများကို ပြန်စဉ်းစားမိရင်း ချန်ဖေး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ အကယ်၍ သူသာ တကယ်ပဲ လက်ဆောင် အတင်းပေးခဲ့မည် ဆိုလျှင် ကော်လင်ရှန်းက သူ့ကို အိမ်ပေါက်ဝမှ ကန်ထုတ်လိုက်လောက်သည်။
ချန်ဖေးသည် ထိုညတွင်ပင် လော့ကျွင်းနှင့် စကားပြောရန် ဆုံးဖြတ်လိုက်သည်... ဤကဲ့သို့သော အပြုအမူမျိုးသည် လက်ခံနိုင်စရာ မရှိပေ။
ညအချိန် ရောက်လေပြီ။
ဒေါက် ဒေါက် ဒေါက်…
"ဘယ်သူလဲ... ဒီလောက် ညကြီးမိုးချုပ်..."
လော့ကျွင်း၏ စိတ်မရှည်သော အသံ ထွက်ပေါ်လာသည်။ သူ တံခါးဖွင့်လိုက်သော်လည်း ဘယ်သူဘယ်ဝါမှန်း မမြင်ရသေးခင်မှာပင် မည်းနက်သော အရိပ်တစ်ခုက သူ၏ ပါးပြင်ဆီသို့ ခုန်အုပ်လာလေသည်။
လော့ကျွင်း လန့်ဖျပ်သွားပြီး အလိုအလျောက် ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအရိပ်မည်းကြီးက သူ၏ တုံ့ပြန်မှုကို ကြိုတင် မျှော်လင့်ထားသကဲ့သို့ လှုပ်ရှားမှု အနည်းငယ် ပြောင်းလဲလိုက်ပြီး သူ၏ လက်မောင်းကို ရှောင်တိမ်းလိုက်သည်။
"ဘုန်း..."
လော့ကျွင်းသည် သူ၏ ပါးပြင်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်မှာ အနောက်သို့ လဲကျသွားသည်။ သူ ပြန်မထနိုင်သေးခင်မှာပင် အပေါ်မှ အိတ်တစ်လုံး ပြုတ်ကျလာပြီး သူ့ကို စွပ်ချလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ တံခါး ဆောင့်ပိတ်သံကို လော့ကျွင်း ကြားလိုက်ရသည်။ လော့ကျွင်း၏ စိတ်နှလုံးထဲတွင် ထိတ်လန့်သွားမိ၏။ ဒါ လူသတ်ဖို့ ကြံစည်နေတာလား…
"ဘယ်သူလဲ... ဘယ်သူလဲ... မင်း ဘယ်လိုလုပ် ယွမ်ချန် ဓားဂိုဏ်းထဲမှာ လူလာရိုက်ရဲတာလဲ... မင်း ရူးနေပြီလား..."
လော့ကျွင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အိတ်ကို ဆွဲဖြဲရန် ကြိုးစားသကဲ့သို့ လက်များကို ဝှေ့ယမ်းလိုက်သည်။ သို့သော် နောက်တစ်ခဏတွင် တရစပ် တိုက်ခိုက်မှုများက သူ့အပေါ်သို့ မိုးရွာသလို ကျဆင်းလာတော့သည်။
လော့ကျွင်းမှာ တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ဘဲ အရိုက်ခံရပြီး မြေကြီးပေါ်တွင် လူးလိမ့်နေရသည်။
"မရိုက်နဲ့တော့... မရိုက်နဲ့တော့... မင်း ဘယ်သူလဲ... ငါ မင်းကို ဘာမှ မလုပ်ဖူးပါဘူး... မရိုက်ပါနဲ့တော့..."
အစပိုင်းတွင် လော့ကျွင်းက ခေါင်းမာစွာဖြင့် ဆဲဆိုနေသော်လည်း ခဏအကြာတွင် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ဤတိုက်ခိုက်သူသည် အရှက်မဲ့လွန်းလှပြီး သူ၏ ဦးခေါင်းနှင့် မျက်နှာကိုသာ အဓိကထား ပစ်မှတ်ထားနေသည်။ ဒဏ်ရာများမှာ မပြင်းထန်သော်လည်း အလွန်တရာ နာကျင်လွန်းလှသဖြင့် လော့ကျွင်းမှာ မနေနိုင်ဘဲ အသနားခံလိုက်ရတော့သည်။
အစပိုင်းတွင် လော့ကျွင်း ကျယ်လောင်စွာ အော်ဟစ်ခဲ့သော်လည်း နောက်ဆုံးတွင် သူ အလွန်အမင်း အရိုက်ခံရသဖြင့် အော်ဟစ်ရန် ခွန်အားပင် မရှိတော့ပေ။ သူသည် အကြိမ်ကြိမ် သတိလစ်သွားပြီး နာကျင်မှုကြောင့် ပြန်လည် နိုးထလာရသည်။
အချိန် မည်မျှ ကြာသွားသည် မသိ၊ လော့ကျွင်း ဖြည်းညင်းစွာ သတိပြန်ဝင်လာပြီး အလိုအလျောက် ကျုံ့ဝင်သွားသော်လည်း လက်သီးနှင့် ခြေကန်ချက်များ ရပ်တန့်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
လော့ကျွင်းသည် မခံမရပ်နိုင်အောင် နာကျင်မှုဖြင့် လူးလိမ့်ရင်း သူ့ကို အုပ်ထားသော အိတ်ကို ဖယ်ရှားလိုက်ရာ သူ့အမေရင်း တောင် မှတ်မိမည် မဟုတ်သော ရုပ်ပျက်ဆင်းပျက် မျက်နှာကို ဖော်ပြလိုက်လေသည်။
"ဘယ်သူလဲ... ဘယ်သူလဲ... ဒါ တရားမမျှတဘူး..."
လော့ကျွင်းသည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် မျက်ရည်များ ထိန်းချုပ်မရဘဲ စီးကျလာသည်။ မျက်ရည်များက သူ၏ ဒဏ်ရာပေါ်သို့ စီးကျသွားသဖြင့် လော့ကျွင်း၏ ပါးပြင်များ နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ခါသွားပြီး မျက်နှာသွင်ပြင်များ တွန့်လိမ်သွားတော့သည်။
တကယ် နာတယ်ဟ။