← Chapters

နောက်ဆုံးတော့ ငါလေး စိမ်းသွားပြီဟေ့

Vol. 1-5 Ch. 64

နောက်ဆုံးတော့ ငါလေး စိမ်းသွားပြီဟေ့

Vol. 1-5 Ch. 64

အခန်း (၆၄) : နောက်ဆုံးတော့ ငါလေး စိမ်းသွားပြီဟေ့

“ ဒီလို လုပ်လို့ ဘယ်ဖြစ်ပါ့မလဲရှင့်။ ကျွန်မက ပြောပြီးသားစကားကို ဘယ်တော့မှ ပြန်မပြင်ဘူး။ လောင်းကြေးထပ်ဖို့ သဘောတူထားပြီးသားကို ကျွန်မက ကတိမတည်တဲ့ လူညံ့တစ်ယောက်တော့ အဖြစ်မခံနိုင်ပါဘူး”

ရှန်ထျန်းက သူမအား ကျောက်စိမ်းဆွဲပြားများ ယူနိုင်ကြောင်း ပြောလိုက်သောအခါ ကျန်းယွင်ရှီးက ရှက်သွားလေ၏။ သူမသည် ငယ်စဉ်ကတည်းက ကိုယ်ထူးကိုယ်ချွန် လုပ်ကိုင်တတ်ကာ အင်မတန် သန်မာသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ ထို့အပြင် တခြားသူတွေ၏ အမိန့်ကို နာခံရန်လည်း ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ပေ။

သည်တစ်ကြိမ်မှာ ရှန်ထျန်းအား မယုံသင်္ကာဖြစ်မိကာ သူဌေးစုန့်နှင့် လောင်းကြေးထပ်မိသည်က သူမ အမှားဖြစ်၏။ ထို့ကြောင့် သူမက အရှုံးကို လက်ခံပြီး ဆွဲပြားများကို ရှန်ထျန်းအား ပေးနိုင်သည်။

သူမ လုပ်ချင်သည်မှာ ထိုကျောက်စိမ်းဆွဲပြားများနှင့် လဲလှယ်ရန်အတွက် တခြားအရာ တစ်ခုခုကို သုံးချင်မိခြင်းသာ။

ကျန်းယွင်ရှီးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ထို့နောက် ရှန်ထျန်းအား စိုက်ကြည့်ကာ “လူကြီးမင်းရှန်… ကျေးဇူးပြုပြီး ကျွန်မကို သိက္ခာမချပါနဲ့။ လောင်းကြေးအတိုင်းဆို အခု ဒီကျောက်စိမ်းဆွဲပြားတွေက ရှင့်အပိုင်ပါ။ လူကြီးမင်းရှန်က မေတ္တာရှေ့ထားပြီး ဒီဆွဲပြားတွေကို ကျွန်မနဲ့ အပေးအယူလုပ် လဲလှယ်ပေးဖို့ကိုပဲ ကျွန်မ မျှော်လင့်မိတာပါ။ ဘာမဆို လိုက်လျောပေးဖို့ ဆန္ဒရှိပါတယ်ရှင်။ ရှင်လိုချင်တာကိုသာ ပြောလိုက်ပါ”

သူမ၏ တောင်းဆိုချက်ကြောင့် ရှန်ထျန်းတစ်ယောက် ပြောစရာ စကားမရှိ ဆွံ့အသွားရလေ၏။

ဒီကောင်မလေး ရူးများနေသလား… ဘာမှ ပေးစရာ မလိုဘူး၊ ဆွဲပြားတွေ ယူသွားလို့ ရတယ်လို့ ပြောပြီးပြီလေ… ဒါကို မင်းက ဘာဖြစ်လို့ ဒီဆွဲပြားတွေအတွက် တခြားပစ္စည်းကို လာလဲမယ် ဖြစ်နေရတာလဲ… အချိန်တွေ ကုန်လွန်းလို့ပါဆိုကွာ…

ရှန်ထျန်းက ပြတင်းပေါက်ကနေ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ကောင်းကင်မှာ တိမ်များ ကင်းသွားလေပြီ။

အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲက ထူးဆန်းသည့် အတိတ်နိမိတ်တို့က အားကောင်းသည့်သူများကို သေချာပေါက် ဆွဲဆောင်လိမ့်မည် ဖြစ်လေရာ ဖြစ်နိုင်သမျှ မြန်မြန် ဒီဆွဲပြားများကို ပေးပစ်မှ ဖြစ်မည်။

သူက ကျန်းယွင်ရှီးအား ကြည့်ကာ တစ်ခဏမျှ စဉ်းစားလိုက်သည်။

“ဘာမဆို ရတာ သေချာလား”

ကျစ်… တကယ်ကြီးလား… အခု သူက တကယ်ကြီး ငါ့ကို သူနဲ့ လက်ထပ်ဖို့ တောင်းဆိုတော့မလို့လား… ဒါပေမဲ့… ဒီဆွဲပြားတွေက အရမ်းအရေးပါနေတယ်။ ဟင်း… ဘယ်တတ်နိုင်ပါ့မလဲလေ… တခြားနည်းမှ မရှိတာ…

ကျန်းယွင်ရှီးက သက်ပြင်းချကာ ပြန်ဖြေလိုက်သည် “သေချာပါတယ်”

ထိုအခါ ရှန်ထျန်းက ပြုံးသွားပြီး ပြောလိုက်သည် “ဒါဆိုရင် ကျွန်တော် ယူမှာက… နတ်မိမယ်ကျန်းရဲ့ မျက်နှာဖုံးပဲ”

ကျန်းယွင်ရှီး တပ်ထားသည့် မျက်နှာဖုံးမှာ ကြည့်လိုက်သည်နှင့် အင်မတန် အဖိုးတန်ပုံ ပေါ်နေသည်။ ထို့အပြင် ရှားပါးရတနာတစ်ခုလည်း ဖြစ်ကိုဖြစ်လိမ့်မည်။

ရှန်ထျန်းက ဤနေရာမှ အမြန်ထွက်ခွာရန် လိုသဖြင့် အချိန်မရှိတော့ဘူး ဖြစ်နေသည်။

ရှန်ထျန်း၏ ကမ်းလှမ်းမှုကြောင့် ကျန်းယွင်ရှီးမှာ ဆွံ့အမှင်သက်သွားရ၏။ သူမက အသက်ပြင်းပြင်း ရှူကာ မေးလိုက်သည် “တကယ် သေချာပြီလား လူကြီးမင်းရှန်”

ရှန်ထျန်းက ခေါင်းငြိမ့်ပြလိုက်၏။

ဇာမဏီငှက်မွေး မျက်နှာဖုံးအောက်တွင် ကျန်းယွင်ရှီးတစ်ယောက် ရှက်သွေးဖြာသွားလေသည်။

ငါ သူ့ကို အထင်လွဲမိပြန်ပြီ။ သူက ငါတွေးနေသလိုမျိုး မကောင်းတဲ့လူ မဟုတ်ဘူးပဲ။ ဒါနဲ့… သူက ဘာဖြစ်လို့ ငါ့မျက်နှာဖုံးကို လိုချင်နေရတာလဲ… ငါဘယ်လိုပုံစံလဲ ဆိုတာ သိချင်လို့များလား… ဒါမှမဟုတ် ငါလေးကို လွမ်းတိုင်း အလွမ်းပြေ ထုတ်ကြည့်ရအောင် ငါ့မျက်နှာဖုံးလေးကို သိမ်းထားချင်တာမျိုးလား…

ဤမျက်နှာဖုံးသည် ကျန်းယွင်ရှီးအတွက် အလွန်အရေးပါလေ၏။ ဒီဟာက သူမ၏ ဆရာ ကြက်သွေးရောင် ငှက်မွေးတောင် အဆီအနှစ်အသျှင်က သူမအား လက်ဆင့်ကမ်း ဆက်ခံစေခဲ့သည့် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်း ဖြစ်သည်။

မျက်နှာဖုံးသည် စစ်ဆေးခြေရာခံမှု မျိုးစုံကို တားဆီးကာကွယ်နိုင်သည့်အပြင် ဝတ်ဆင်သူ၏ ကျင့်ကြံဆင့် အစစ်အမှန်ကို တခြားသူများ မသိအောင် ထိန်းချုပ်ဖုံးကွယ်ပေးနိုင်လေသည်။

သည်မျက်နှာဖုံးကို လက်ခံရရှိပြီးကတည်းက ကျန်းယွင်ရှီးက သူမ မျက်နှာအစစ်အမှန်ကို လုံးဝ မဖော်ပြတော့ပေ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ အတွင်း၌ပင် လူနည်းနည်းလေးကသာ ကျန်းယွင်ရှီး ဘယ်လိုပုံစံရှိသလဲကို သိကြလေ၏။

ယခု ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားအတွက် သူမ မျက်နှာဖုံးကို တောင်းနေချေပြီ။

သည်လို မမျှတသည့် အလဲအလှယ်မျိုးကို ရှန်ထျန်း ဘာကြောင့် လုပ်ချင်နေရသလဲ ဆိုတာ ကျန်းယွင်ရှီး နားမလည်ပေ။

ငါ့မျက်နှာကို တစ်ခါလောက် မြင်ဖူးချင်ရုံလေးလား… ဒီအချိန်တိုလေး အတွင်းမှာတောင် သူ ငါ့ကို ကြွေသွားပြီလား…

သူ့အတွေးနှင့်သူ ကျန်းယွင်ရှီးတစ်ယောက် ရှက်သွေးဖြာသွား၏။

သူမက အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည် “ရတယ်လေ… ကိစ္စမရှိဘူး”

ထို့နောက် သူမ၏ အားကောင်းသော အရှိန်အဝါတို့ ရုတ်ခြည်း ထွက်ပေါ်လာကာ သူမတို့နှစ်ယောက်ကို ကျားသဏ္ဍာန် လျှပ်စီးကြောင်းတွေထဲ ဖုံးကွယ်သွားစေလိုက်သည်။

သူမ၏ အရှိန်အဝါက ကျန်လူအားလုံးကို သူမတို့အား မကြည့်နိုင်၊ မကြားနိုင်အောင် ပိတ်ဆို့ကာဆီးထားလိုက်သည်။ ထိုအချိန်ကျမှသာ ကျန်းယွင်ရှီးက သူမ မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ဆွဲချွတ်လိုက်လေ၏။

သူမအသားအရေလေးမှာ နှင်းသဖွယ် ဖြူစွတ်နေကာ သူမမျက်ဝန်းများမှာလည်း ကောင်းကင်ထက်မှ ကြယ်စင်လေးများအလား တလက်လက် တောက်ပနေသည်။ ဝိညာဉ်နတ်မိမယ်လေး၏ နှစ်လိုဖွယ်ကောင်းပုံ၊ လီလျန်အား၏ ချစ်စဖွယ်ကောင်းပုံနှင့် ကျိုးအာ၏ သနားကြင်နာဖွယ်ကောင်းပုံတို့နှင့် မတူဘဲ ကျန်းယွင်ရှီးသည်ကား ခပ်တည်တည်လေးနှင့် အထင်ကြီးစေသည့်ပုံစံဘက်သို့ ပိုရောက်သည်။ သူမဆီမှာ လွတ်လပ်ပြီး သီးခြားဆန်သည့် အမျိုးသမီးတစ်ဦး၏ ပုံစံမျိုး ရှိနေသည်။

သူမကို ကြည့်ရသည်မှာ အင်မတန် စွဲဆောင်မှု ရှိသော်လည်း ဘယ်သူကမှ သူမအပေါ် မဖွယ်မရာအတွေးမျိုး တွေးမိကြလိမ့်မည် မဟုတ်ပေ။ သူမသည်ကား တခြားအမျိုးသားတွေထက် အားမနည်းသည့် အမျိုးသမီးတိုက်ခိုက်သူ တစ်ဦး ဖြစ်ပေသည်။

ရှန်ထျန်းက သူမလိုမျိုး ခံစားချက်ပေးသည့် ရှေးခေတ်အမျိုးသမီး သူရဲကောင်းတချို့ကို အမှတ်ရမိသွားသည်။ ထိုသူတို့မှာ သူမဖခင်အစား စစ်ပွဲ၌ ပါဝင်ဆင်နွှဲတိုက်ခိုက်ခဲ့သည့် မူးလန်နှင့် သူမခေတ်တွင် စစ်သေနာပတိချုပ် ဖြစ်ခဲ့သည့် မူကွေ့ရင်တို့ ဖြစ်သည်။

ကျန်းယွင်ရှီး စကားပြောလိုက်သည့်အခါ ရှန်ထျန်းအတွေးတို့ ပြတ်တောက်သွားရ၏။

“ဒီလို တောင်းဆိုတာက ရှင် ဘာကိုဆိုလိုနေသလဲ ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မမှာ အရေးတကြီး လုပ်စရာလေး ရှိနေလို့ ကျွန်မကို သွားခွင့်ပြုပါ။ အခုအချိန် ကျွန်မ ရှင့်အနားမှာ မနေပေးနိုင်သေးဘူး။

ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားက ကျွန်မတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အမွေအနှစ်ရတနာ တစ်ခုပါ။ အခု ကောင်းကင်ပေါ်မှာ ပေါ်လာတဲ့ အတိတ်နိမိတ်ဆန်းတွေကို အားလုံး မြင်သွားကြပြီလေ… ဒါကြောင့် ကျွန်မ ဒီကျောက်စိမ်းဆွဲပြားတွေကို အထွတ်အမြတ်မြေဆီကို ပြန်ယူသွားဖို့ လိုအပ်နေပြီ။

တကယ်လို့ ကျွန်မ ဒီကျောက်စိမ်းဆွဲပြားတွေကို ပြန်ပို့နိုင်ခဲ့ပြီး တာဝန်ပြီးဆုံးအောင် လုပ်နိုင်ခဲ့တယ်ဆိုရင် ကျွန်မ ရှင့်ဆီကို အရောက် ပြန်လာခဲ့မှာပါ။ အဲ့ဒီအချိန်ကျရင်တော့ ရှင့်တောင်းဆိုချက်ကို ကျွန်မ လက်ခံပါ့မယ်။

ဒါပေမဲ့… တကယ်လို့များ ကျွန်မ အထွတ်အမြတ်မြေဆီကို ပြန်မသွားနိုင်ဘဲ အသက်တိုခဲ့ရင်တော့… ကျေးဇူးပြုပြီး ယွင်ရှီးကို တစ်ခု ကူညီပေးဖို့ တောင်းဆိုပါရစေရှင်”

ရှန်ထျန်းတစ်ယောက် ကျန်းယွင်ရှီး ဘာတွေပြောနေသလဲ ဆိုတာကို နားမလည်နိုင်ဘဲ ဖြစ်နေ၏။

ငါဘာကိုဆိုလိုသလဲကို မင်းသိတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ… ငါက မျက်နှာဖုံးလေးပဲ တောင်းမိတာပါ… ဘာအတွက်ကြောင့် ဒီလောက်ထိ ဖြေရှင်းချက်တွေ ပေးနေရတာတုန်း…

တကယ်တော့ ကျန်းယွင်ရှီး၏ တောင်းဆိုချက်နှင့် ပတ်သက်၍ ရှန်ထျန်းက သိပ်တော့ မစိုးရိမ်မိချေ။ အကယ်၍ ကျောက်စိမ်းဆွဲပြားများကို ရှန်ထျန်းသာ ယူလိုက်ပါက သူ တစ်ခုခု ဖြစ်သွားမှာ သေချာပေါက် ကြိမ်းသေသည်။ သို့သော်လည်း ဒီကံအပြောင်းအလဲအခွင့်အရေးမှာ အစကတည်းက ကျန်းယွင်ရှီး၏ အခွင့်အရေး ဖြစ်သဖြင့် သူမ ဘေးဆိုးတစ်ခုခုနှင့် ကြုံတွေ့ရတာမျိုး ဖြစ်နိုင်ခြေ လုံးဝ မရှိပေ။ ထို့ကြောင့် ဒီတောင်းဆိုချက်ကို လက်ခံလိုက်လည်း ရှန်ထျန်းအနေနှင့် ဘာမှလုပ်ပေးစရာ လိုလိမ့်မည် မဟုတ်ပေ။

ရှန်ထျန်းက ခိုင်ခိုင်မာမာ ပြောလိုက်၏ “နတ်မိမယ်ကျန်း… ပြောပါဗျာ။ ကျွန်တော် ကူညီပေးပါ့မယ်”

ကျန်းယွင်ရှီးက ပြုံးပြကာ ပြောလိုက်သည် “ကျွန်မ ဘာကို ကူညီခိုင်းမှာလဲ ဆိုတာကိုတောင် ရှင် နားမထောင်တော့ဘူးလား”

ရှန်ထျန်းက တွေဝေမနေဘဲ ချက်ချင်း တုံ့ပြန်လိုက်သည် “ကျွန်တော်တို့ကြားမှာ ကံပါနေတယ်လေ။ ကျွန်တော်တတ်နိုင်သမျှ ကူညီပေးရမှာပေါ့”

ရှန်ထျန်း၏ စကားများကြောင့် ကျန်းယွင်ရှီးတစ်ယောက် ရင်ထဲ ဝမ်းသာကြည်နူးသွားလေ၏။

သူမက အသက်ပြင်းပြင်း တစ်ချက်ရှူပြီး သူမ လက်ချောင်းသားကို ဖြတ်လိုက်သည်။ သွေးစက်နီနီတို့က အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားပေါ်သို့ ကျသွားကာ အစုပ်ယူခံလိုက်ရသည်။ ထို့နောက် ကျန်းယွင်ရှီးက လက်သင်္ကေတများစွာကို ပြုလုပ်ကာ ဆွဲပြားတွေထဲသို့ ဂါထာမန္တန်များ မန်းမှုတ်ထည့်သွင်းလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားက တစ်ဖန်ထပ်မံ လင်းလက်လာပြီးနောက် ရွှေရောင်အလင်းတန်း သုံးခုက ရှန်ထျန်းနဖူးဆီသို့ ပြေးဝင်ပျောက်ကွယ်သွားလေ၏။

အကြောင်းအရာအသစ်တွေက သူ့အသိစိတ်ထဲ ပြည့်လျှံနေသည်ကို ရှန်ထျန်း ခံစားမိလိုက်သည်။ ထိုအကြောင်းအရာသစ်တို့မှာ နတ်မိုးကြိုးငါးပါး ကျင့်စဉ်၊ မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ် နှင့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် အမွေအနှစ် တားမြစ်ကျင့်စဉ် ဖြစ်သော ကပ်ဘေးတဖန်ကျင့်စဉ် ဆိုသည့် ဆန်းကြယ်အမွေအနှစ်ကျင့်စဉ် သုံးခု ဖြစ်နေလေသည်။

ကျင့်စဉ်များကို ပေးပြီးသွားသောအခါ ကျန်းယွင်ရှီး၏ မျက်နှာမှာ ဖြူဖျော့သွား၏။

သူမက ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒီအံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားထဲက အမွေအနှစ်ကျင့်စဉ် သုံးခုစလုံးရဲ့ မူပွားကို ရှင့်ဆီ လက်ဆင့်ကမ်း လွှဲအပ်ပေးလိုက်ပြီနော်။

မတော်လို့ ကျွန်မ တစ်ခုခု ဖြစ်သွားပြီး ဒီဆွဲပြားကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပြန်မယူသွားနိုင်ခဲ့ရင်… ကျေးဇူးပြုပြီး ရှင်ကိုယ်တိုင် အထွတ်အမြတ်မြေဆီ သွားပြီး ဒီအမွေအနှစ်ကျင့်စဉ်တွေကို ပေးပေးဖို့ ကျွန်မကို ကူညီပေးပါ။

ရှင့်ရဲ့ စေတနာ၊ မေတ္တာတွေကို ယွင်ရှီး နောက်ဘဝကျမှ ကျေးဇူးဆပ်ပါ့မယ်…”

နောက်ဆုံးစကားကို ပြောပြီးသည်နှင့် သူတို့အား ဝန်းရံထားသည့် မိုးကြိုးကျား အငွေ့အသက်က ပျောက်ကွယ်သွားလေ၏။ ဓမ္မစွမ်းအားနှင့် မျက်နှာဖုံးတု တစ်ခု ထပ်လုပ်ကာ သူမမျက်နှာကို ပြန်ဖုံးလိုက်သည်။

ထို့နောက် ကျန်းယွင်ရှီးက အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို ကိုင်ဆောင်လျက် ပျံသန်းထွက်ခွာသွားလေသည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ လက်ရှိဂိုဏ်းချုပ်ဆီသို့ ဆွဲပြားများ ပေးအပ်ရန် မိုင်ပေါင်းများစွာ ခရီးနှင်ရမည် ဖြစ်သည်။ ဒီအလုပ်ကို အဆုံးထိ ပြီးအောင် လုပ်ပြီးမှသာ သူမ တာဝန် ပြီးဆုံးမည် ဖြစ်သည်။

ရှန်ထျန်းက ဒီအဖြစ်အပျက်ပုံစံမျိုးနှင့် အရမ်းကို ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ လီလျန်အာတုန်းကလည်း သည်လိုပဲ မဟုတ်ပါလော။

သူမကို စိတ်ပူနေမယ့်အစား ငါလေး ကိုယ့်အတွက်ကိုယ် ပိုပြီး စိတ်ပူသင့်တယ်လေ…

ဆွဲပြားများကို ရရှိပြီးသည့်နောက် ကျန်းယွင်ရှီး၏ ရောင်ဝါစက်ဝန်းသည် နေလုံး တစ်လုံးလိုမျိုးကို လင်းလက်တောက်ပသွားလေပြီ။

သူမ၏ ပြည့်လျှံထွက်နေသည့် ကံကောင်းမှုမျိုးဖြင့် ဘယ်သူကများ သူမအား လုယက်တိုက်ခိုက်ရဲလိမ့်မည်နည်း။ လာတိုက်သူတိုင်းကိုတောင် သူမက အလွယ်လေး ပြန်သတ်ပစ်နိုင်လိမ့်မည် ဖြစ်သည်။

ရှန်ထျန်းက ပြုံးရင်း ဇာမဏီငှက်မွေး မျက်နှာဖုံးကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူက ကြေးမုံကို ထုတ်ကာ သူ့ပုံရိပ်ကို ကြည့်ကြည့်လိုက်သည်။

အံ့သြဝမ်းသာလွန်းသဖြင့် ရှန်ထျန်းတစ်ယောက် အကျယ်ကြီး ထအော်လိုက်လေ၏ “အစိမ်းရောင်လေး… နောက်ဆုံးတော့ ငါလေး စိမ်းသွားပြီဟေ့”

All Chapters