မူလနတ်မိုးကြိုး
Vol. 1-5 Ch. 65
အခန်း (၆၅) : မူလနတ်မိုးကြိုး
ဟုတ်ပေသည်။ သူ့ရောင်ဝါစက်ဝန်း အစိမ်းဖြစ်သွားလေပြီ။ ထို့ကြောင့် ရှန်ထျန်းခမျာ အရမ်းကို အံ့သြဝမ်းသာသွားလေ၏။
ကြေးမုံထဲက သူ့ပုံရိပ်မှာ အင်မတန် ချောမောခန့်ညားကာ ကြည့်ကောင်းနေဆဲ ဖြစ်သော်လည်း ဘယ်ကနေ ဘယ်လိုမှန်းမသိ သူ့နဖူးပေါ်တွင် အမှတ်အသားတစ်ခု ရောက်နေလေသည်။ ဒီအမှတ်အသား ပေါ်လာတာဟာ ကျန်းယွင်ရှီးဆီက အမွေအနှစ်ကျင့်စဉ်တွေ လက်ခံရရှိလိုက်လို့ ဖြစ်မည်ဟု ရှန်ထျန်းက ယုံကြည်သည်။
အမှတ်အသားမှာ ရွှေရောင်မိုးကြိုး၏ ပုံသဏ္ဍာန်ကို ဆောင်နေသည်။
သို့ပေမဲ့ ထိုအမှတ်အသားကို ရှန်ထျန်းက သိပ်ဂရုစိုက်မနေချေ။ သူ့အာရုံ အကုန်လုံးက ခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းဆီမှာသာ ရောက်နေလေရဲ့။
အမည်းကွက်လေး တစ်ကွက်တစ်လေလေးတောင် မကျန်တော့ဘူး… ကံမကောင်းတဲ့ အနက်ရောင်ကြီး နောက်ဆုံးတော့ မရှိတော့ဘူး…
ရောင်ဝါစက်ဝန်းလေးက ယခုဆို အပြင်ဘက်နားမှာ အစိမ်းကွက်လေး အနည်းငယ်နှင့် အဖြူရောင်အလင်းတစ်ခုကို ထုတ်လွှင့်နေပြီ ဖြစ်သည်။
အရမ်းကြီး မထင်ရှားသော်လည်း ဤသည်မှာ အလွန်ကောင်းသည့် အစကနဦး တစ်ခု ဖြစ်ပေသည်။ သူမွေးထားသည့် အကောင်တွေ တော်ဝင်ဥယျာဉ်ထဲမှာ ရေနစ်သေမှာတို့၊ သူ့အပင်တွေကို ကြုံရာကလေးငယ်တွေ လာဖျက်ဆီးမှာတို့ကို စိုးရိမ်နေစရာ မလိုတော့ပေ။ သူရဲကောင်းလုပ်မလို့ ကြိုးစားနေတုန်း ငှက်ပျောသီးအခွံပေါ် တက်နင်းမိပြီး ချော်လဲမှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူးလေ။
ငါက အရင်ကငါ မဟုတ်တော့ဘူး… ငါလေး ပြောင်းလဲသွားပြီကွ… ငါ့ရောင်ဝါစက်ဝန်းလေး စိမ်းသထက် စိမ်းလာဖို့ ငါလေး ဒီ့ထက်ပိုပြီး ကြိုးစားရမယ်…
ရှန်ထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် ပြုံးလိုက်၏။
“အရှင့်သား… ဘာကြောင့်များ ဒီလောက်တောင် ပြုံးပျော်နေရတာပါလဲ” ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က မေးလိုက်သည်။
“ဘာရယ်မဟုတ်ပါဘူး… ကိစ္စလေးတချို့ တွေးမိသွားလို့ပါ”
ထို့နောက် ရှန်ထျန်းက ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ကို ကြည့်လိုက်သည်။ ထိုအခါ အံ့သြမှင်သက်သွားသည်။ သူတို့နဖူးပေါ်မှာလည်း ရွှေရောင်မိုးကြိုး အမှတ်အသား ရှိနေသည်။ ရှန်ထျန်း နဖူးပေါ်ရှိ ပုံစံနှင့် တစ်ထေရာတည်း တူနေလေ၏။
သူတို့၏ ဆံပင်တွေမှာ ရှုပ်ပွနေကာ မျက်နှာများမှာလည်း မီးသွေးတုံးလို မည်းတူးနေလေရာ ရွှေရောင်အမှတ်အသားက သူတို့နှစ်ယောက်အား ပိုပြီး ဟာသမြောက်သွားစေသည်။
ရှန်ထျန်းတစ်ယောက် ဘေးဘီဝဲယာကို ပတ်ကြည့်လိုက်သောအခါ လျိုထိုက်ယီ၊ လျိုကျစ်ကျားနှင့် ရှုန်းမုန့်တို့တွင်လည်း တူညီသော အမှတ်အသား ရှိနေသည်ကို တွေ့လိုက်ရသည်။
သို့သော် သူ့အမှတ်အသား၏ အရောင်အဝါက အထင်ရှားဆုံး ဖြစ်သည်ဟု ရှန်ထျန်း ခံစားမိသည်။
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က ဒုတိယချိတ်ကာ ကျန်လူများမှာကား အရောင်အဝါက တော်တော်လေး မှေးမှိန်ဝေဝါးနေလေသည်။
အမှတ်အသား ပေါ်လာပြီးကတည်းက ရှန်ထျန်းကိုယ်ထဲမှ မီးစာစွမ်းအားက ပိုပိုပြီး တက်ကြွလာသည်မှာ ကလေးလေးတစ်ယောက်နှင့်ပင် တူနေလေ၏။
ခဏနေတော့ သူဌေးစုန့်လည်း နိုးလာသည်။
“… ကျုပ် ဘာဖြစ်သွားတာလဲ…”
သူက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူ့မျက်နှာက ကွေ့ကုန်းကုန်းတို့ထက်ပင် ပို၍ မည်းတူးနေလေ၏။ ထို့အပြင် သူ့ဆီမှာလည်း ရွှေရောင်အမှတ်အသား ရှိနေလေသည်။ သို့သော် သူ့ဟာက ကွေ့ကုန်းကုန်းတို့ထက် ပိုပြီး သိသာထင်ရှားသည်။
အားလုံး၏ ရောင်ဝါစက်ဝန်းများကို ကြည့်ရင်း ရှန်ထျန်းတစ်ယောက် အတွေးနက်သွားသည်။ အားလုံး၏ ရောင်ဝါစက်ဝန်းများမှာ ရွှေရောင်အမှတ်အသား ပေါ်လာပြီးသည့်နောက် ပြောင်းလဲသွားကြမှန်းကို သူ သတိထားမိလိုက်သည်။ ယခုဆို ရောင်ဝါများသည် အများကြီး ပိုပြီး တောက်ပကုန်ကြလေပြီ။
ယခင်က အစိမ်းဖျော့ဖျော့လေးသာ ဖြစ်နေသေးသည့် ရောင်ဝါစက်ဝန်းတွေက ယခုဆို အစိမ်းရင့်ရောင်လေး လင်းနေလေပြီ။ ယခင်က အစိမ်းရင့်ရောင်သာ ရှိသည့် ရောင်ဝါစက်ဝန်းတွေက ယခုဆို အနီကွက်လေးတွေ ပျောက်တိပျောက်ကြား ရှိလာလေပြီ။
အသိသာဆုံးတစ်ခုမှာ သူဌေးစုန့် ဖြစ်သည်။ သူ့နဂိုရောင်ဝါစက်ဝန်းက အစိမ်းဖျော့ရောင်သာ ရှိသော်လည်း ယခုမူ အနီကွက်တွေပါ ရှိလာပြီ ဖြစ်သည်။ သူ့ကံဇာတာက အံ့သြစရာကောင်းလောက်အောင် တရှိန်ထိုး တိုးတက်သွားလေ၏။
ရွှေရောင်အမှတ်အသားက ဆွဲပြားများနှင့် တစ်ခုခု ပတ်သက်နေရမည်ဟု ရှန်ထျန်း တွေးလိုက်သည်။
လူတိုင်း ကျန်းယွင်ရှီး၏ ကံအပြောင်းအလဲအခွင့်အရေးဆီမှ နည်းနည်းစီ ရလိုက်ကြလေသည်။ ထို့ကြောင့်သာ သူတို့၏ ကံဇာတာများ တိုးတက်လာခြင်း ဖြစ်သည်။
ရှန်ထျန်းက အလျင်စလို ပြောလိုက်သည် “အားလုံးပဲ… ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်မှာ ဘာဖြစ်သွားသေးလဲ ဆိုတာ စစ်ကြည့်လိုက်ကြပါဦး”
လူအုပ်က ချက်ချင်း သဘောမပေါက်ချေ။
နောက်ပြီးမှ သူတို့က အချင်းချင်း တစ်ယောက်နဖူးပေါ်မှ ရွှေရောင်မိုးကြိုး အမှတ်အသားကို တစ်ယောက် မြင်သွားကြလေ၏။
“သူဌေးစုန့်… ခင်ဗျားနဖူးပေါ်မှာ မိုးကြိုးအမှတ်ကြီး တစ်ခုဗျ”
“ဘာတွေပြောနေတာလဲ… မင်းကမှ အဲ့ဒီမိုးကြိုးအမှတ်ကြီးနဲ့ကွ”
“ခင်ဗျားတို့ရဲ့ အမှတ်အသားတွေက တော်တော် တူနေတယ်။ အယ်… ကျုပ်မှာလည်း အမှတ်ရှိတယ်ဗျို့”
.....................
ရုတ်တရက် သူဌေးစုန့်က တစ်ခုခုကို သတိရသွားဟန်ဖြင့် အလန့်တကြား ထအော်လိုက်သည် “ဒါက ယင်ယန်ဓာတ်နှော နတ်မိုးကြိုးကြောင့် ဖြစ်သွားတာများလား”
“ဘာရယ်… ယင်ယန်ဓာတ်နှော နတ်မိုးကြိုးဆိုတာက ဘာကြီးလဲဗျ” လျိုကျစ်ကျားက မေးလိုက်သည်။
သူဌေးစုန့်က စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်သည် “အဲ့ဒါက နတ်မိုးကြိုးစာရင်းမှာ အဆင့်(၈၈)ချိတ်တဲ့ ရတနာတစ်မျိုးကွ…
နတ်မိုးကြိုးစာရင်းရဲ့ ထိပ်ဆုံး (၁၀၀)ထဲကို ဝင်အောင် ကျင့်ကြံနိုင်တဲ့ တစ်ခုတည်းသော နတ်မိုးကြိုးပေါ့ကွာ”
သူဌေးစုန့်၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေလေသည်။
ကျင့်ကြံရေးလောကထဲတွင် ယင်ယန်ဓာတ်နှော နတ်မိုးကြိုးသည် ထုတ်လုပ်ယူရသည့် မိုးကြိုးအဖြစ် သတ်မှတ်ခံထားရသည်။ အကြောင်းမှာ ဟိုးရှေးရှေးခေတ်တွေကတည်းက သဘာဝအတိုင်း ဖြစ်ပေါ်သည့် ယင်ယန်ဓာတ်နှော နတ်မိုးကြိုးမှာ ပေါ်လာခဲသော ရတနာ ဖြစ်နေသောကြောင့် ဖြစ်၏။
အကယ်၍ ပေါ်လာခဲ့ပါက နတ်မိုးကြိုးစာရင်း၏ ထိပ်ဆုံး(၃)ခု အနက် တစ်ခုအဖြစ် အဆင့်ချိတ်နိုင်ပေသည်။
လူတို့ ပြုလုပ်ထုတ်ယူထားသည့်တိုင် ယင်ယန်ဓာတ်နှော နတ်မိုးကြိုးသည် ရန်သူများကို အလွယ်တကူ ကြောက်ရွံ့စေနိုင်သေးသည်။ အကြောင်းအရင်းမှာ လွန်စွာ ရိုးရှင်းလှ၏။ လုပ်ယူထားသည့် ယင်ယန်ဓာတ်နှော နတ်မိုးကြိုးကို အမြောက်အများ လက်ကား ထုတ်လုပ်နိုင်သောကြောင့် ဖြစ်သည်။
ဤမိုးကြိုးသည် လွန်ခဲ့သော နှစ်တစ်သောင်းတုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းကိုယ်စားပြု နတ်မိုးကြိုး ဖြစ်ခဲ့လေသည်။
ရှေးဟောင်းမှတ်တမ်းတွေအရ အကယ်၍ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲက မည်သူမဆိုသည် တော်ဝင်မိုးကြိုးကျမ်းကို အဆင့်တစ်ခုအထိ ရောက်ရှိအောင် ကျင့်ကြံနိုင်ပါက ယင်ဓာတ်နှင့် ယန်ဓာတ်ကို နတ်မိုးကြိုးဖြစ်အောင် ပေါင်းစည်းရောနှောနိုင်ပြီး ထိုနတ်မိုးကြိုးကို ယင်ယန်ဓာတ်နှော နတ်မိုးကြိုးဖြစ်အောင် သန့်စင်နိုင်လိမ့်မည် ဖြစ်သည်။
အဆင့်(၈၈)သာ ချိတ်သော်လည်း သူ့ပမာဏမှာမူ အင်မတန်များပြားနိုင်ပေသည်။
ထိုခေတ်ကာလတုန်းက နှစ်(၁၀၀)ရှိတိုင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူတော်စင်တစ်ယောက် မွေးထုတ်လိမ့်မည် ဖြစ်ကာ နှစ်(၁၀၀၀)ရှိတိုင်းတွင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်တစ်ယောက်ကို ရွေးကောက်မည် ဖြစ်သည်။ ထို့ကြောင့် နှစ်(၅၀၀၀)ကြာပြီးနောက် တော်ဝင်ကျမ်းကို သင်ယူပြီးသည့်သူမှာ လူအယောက်(၅၀)လောက် ဖြစ်သွားပေလိမ့်မည်။ သူတော်စင်တွေနှင့် ဂိုဏ်းချုပ်တွေ အားလုံးက တားမြစ်ကျင့်စဉ်များကို သင်ယူခွင့်ရှိကြပြီး သူတို့အားလုံးနီးပါးက ယင်ယန်ဓာတ်နှော နတ်မိုးကြိုးကို ထုတ်လုပ်အသုံးပြုနိုင်ကြလေသည်။
ဤနတ်မိုးကြိုးသည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ မိုးကြိုးအမျိုးအစား ဓမ္မဂါထာများနှင့် တွဲသုံးသည့်အခါတွင် အင်မတန် စွမ်းပကား ကြီးပေသည်။
အပြင်ဘက်မှလာသော မိစ္ဆာကောင်များ အားလုံးသည် ဤနတ်မိုးကြိုး၏ အစွမ်းကို သေလောက်အောင်ကြောက်ကြသည်။ သို့မဟုတ်ပါက သူတို့တွေအကုန် အင်အားပူးပေါင်းပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအား ဝင်ရောက်တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။
ရှန်ထျန်းကတော့ နဖူးပေါ်တွင် အမှတ်ပေါ်လာရသည့် တရားခံမှာ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားသာ ဖြစ်ရမည်ဟု ယုံကြည်ထားသည်။ ဆွဲပြားမှာ နှစ်တစ်သောင်းကျော် ကြာအောင် ပိတ်လှောင်ခံထားခဲ့ရသည်။ ဆွဲပြားထဲရှိ တာအိုအဆောင်က ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများကို အဆက်မပြတ် သန့်စင်နေခဲ့ပေလိမ့်မည် ဖြစ်သည်။ ထိုအဖြစ်သည် ကျင့်ကြံသူတစ်ယောက်က ယင်ယန်ဓာတ်နှော နတ်မိုးကြိုးကို သန့်စင်နေခြင်းနှင့် သွားတူနေပေလိမ့်မည်။
ထိုမျှအချိန်တွေ အကြာကြီး သန့်စင်ခံလာရသောအခါ ဆွဲပြားအနေနှင့် မူလနတ်မိုးကြိုး အများကြီး ထုတ်လုပ်နိုင်လိမ့်မည်မှာ ဓမ္မတာပင် ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို ပစ်လိုက်သော ကောင်းကင်မိုးကြိုးစမ်းသပ်ချက်များကြောင့် အထဲရှိ မူလနတ်မိုးကြိုးမှာ လွင့်စင်ကွဲထွက်သွားရသည်။ သည်လိုနှင့် လွင့်စင်လာသော စွမ်းအင်များက ရှန်ထျန်းကိုယ်ထဲသို့ ဝင်ရောက်စီးဆင်းသွားသည်။ တခြားသူများလည်း ထိုနည်းအတိုင်းပဲ ဖြစ်နိုင်ခြေ များလေ၏။
“ထူးဆန်းလိုက်တာ… ကျုပ်ရဲ့ အတွင်းအားက အခုကျ မိုးကြိုးဓာတ် ဖြစ်သွားပါကောလား” သူဌေးစုန့်က အလန့်တကြား ရေရွတ်လိုက်သည်။
သူက သူ့လက်ချောင်းကနေ အတွင်းအား ထုတ်ကြည့်ဖို့ ကြိုးစားလိုက်သောအခါ ငွေရောင်လျှပ်စီးကြောင်း ထွက်လာတာကို မြင်လိုက်ရလေသည်။ မိုးကြိုးလျှပ်စီးကြောင်းက ပြိုးပြိုးပြက်ပြက်နှင့် တလက်လက် တောက်ပနေလေသည်။
ထိုမြင်ကွင်းကြောင့် ရှန်ထျန်းပင်လျှင် အံ့သြသွားရ၏။
“ကျုပ်လည်း လုပ်ကြည့်ကြည့်မယ်” ရှုန်းမုန့်က အော်ပြောကာ သူ့ဝိညာဉ်ချီကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလို အဖြူရောင်လျှပ်စီးကြောင်းက သူ့ကို ဝန်းရံသွားလေ၏။ အခုလိုပုံစံနှင့် သူ့ကို ကြည့်ရသည်မှာ နှင်းဝက်ဝံဖြူကြီး တစ်ကောင်နှင့်ပင် တူနေလေသည်။
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ကလည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အတွင်းအားများကို နိုးထစေလိုက်သည်။
သူတို့နှစ်ယောက်နောက်တွင် ကြီးမားသော နတ်ဆိုးနေကြာပန်းကြီး နှစ်ပွင့် ဖြစ်ပေါ်လာသည်။ ကြည့်ရသည်မှာ ကျောချမ်းစရာ ကောင်းလှ၏။ အံ့သြစရာကောင်းစွာပင် စိမ်းပြာရောင် လျှပ်စီးကြောင်းက သူတို့၏ နတ်ဆိုးနေကြာပန်းများကိုလည်း ဝန်းရံထားပြန်သည်။ ထိုကြောင့် အဖြူရောင်လျှပ်စီးကြောင်းလိုမျိုး ခမ်းနားထည်ဝါနေရုံသာမကဘဲ ကြောက်မက်ဖွယ် ကျောချမ်းစရာလည်း ကောင်းနေလေ၏။
ကွေ့ကုန်းကုန်းက သူ့နေကြာပန်းကိုယ်ဖော့ပညာကို ရုတ်တရက် ထုတ်သုံးလိုက်သည်။ ခရမ်းနီရောင် အရိပ်တစ်ခု ဖျက်ခနဲ ပြေးထွက်သွားသည်။ တစ်ခဏအတွင်း၌ ကွေ့ကုန်းကုန်းက မီတာအနည်းငယ် အကွာတွင် ပေါ်လာလေသည်။
သူ့မျက်နှာမှာ အံ့အားသင့်ဝမ်းသာမှုတို့နှင့် ပြည့်နှက်သွားလျက် သူက ရေရွတ်လိုက်၏ “ကျွန်တော်မျိုးရဲ့ အလျင်နှုန်းက နှစ်ဆတိုးသွားပြီ”
ငါတို့မင်းသားလေး ကြုံရာသတ္တုရိုင်းတုံးကို ရွေးပေးလိုက်ရင်း နောက်ထပ် ရတနာ ထပ်ရလာလိမ့်မယ်ဆိုတာ ဘယ်သူများ သိမှာလဲလေ…
နောက်ဆုံးတော့ ငါ့မင်းသားလေးရဲ့ ကံဇာတာလည်း တိုးတက်လာခဲ့ပြီပဲ… ကိုယ်လုပ်တော်လန်သာ သိရင် သိပ်ပျော်သွားရှာမှာ…