အခန်း (၃၂၁-၃၂၂)
Vol. 30 Ch. 321-322
အခန်း(၃၂၁)။
“သူ ဘယ်ရောက်သွားလဲ။
“ဘာတွေ ဖြစ်ကုန်တာလဲ။”
နယ်နိမိတ်ပိုင်းခြားခြင်း၏ ကြည်လင်သော အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက်၊ တောက်ပသော လရောင်သည် ကောင်းကင်ယံထက်၌ တစ်ဖန် ပြန်လည် ထွန်းလင်းလာခဲ့ ၏။
ကောင်းကင်နှင့် မြေကြီးကြားတွင် ငြိမ်းချမ်းခြင်း အငွေ့အသက်များ ပြန်လည်စိုးမိုးသွား လေပြီ။ ကျောက်စိမ်းနဂါးတောင်ပေါ်တွင် လေပြေအေးများ တိုက်ခတ်နေပြီး ဝေးကွာသော နေရာမှ ထင်းရှူးတောများဆီမှ လေတိုးသံများ ထွက်ပေါ်နေသည်။ လေပြေ၊ လရောင်နှင့် ထင်းရှူးပင်တို့၏ မြည်သံသဲ့သဲ့သည် တကယ့်ကို သာယာလှပသော မြင်ကွင်းတစ်ခုပင် ဖြစ်နေတော့သည်။
ဤကျောက်စိမ်းနဂါးတောင်၏ နက်ရှိုင်းသော နေရာ၊ တောင်ထိပ်ပေါ်ရှိ တာအို ကျောင်းတော်၌ ခုနလေးတင်က ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်ဟု မည်သူ ထင်လိမ့်မည်နည်း။
ဟုန်ယွိ၏ နယ်နိမိတ်ပိုင်းခြားခြင်း နည်းလမ်းသည် ဤတောင်ကုန်းလေးကို ပြင်ပကမ္ဘာ၏ လှုပ်ရှားမှုအားလုံးမှ သီးခြားခွဲထုတ်ထားခဲ့ခြင်း ဖြစ်သည်။ ဤတောင်ပေါ်၌ မည်သို့သော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်ကို မည်သူမျှ မမြင်နိုင်သလို၊ သိုင်းသူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် မည်သည့်သဲလွန်စကိုမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ထိုအခိုက်၌ ဤနယ်မြေတစ်ခုလုံးတွင် ဖန်ရှင်းတာအိုဂိုဏ်း၏ တစ္ဆေအင်မော်တယ်များ ဖြစ်ကြသော ရှောင်အန်ရန်နှင့် ရှောင်ယွန်ဖုန်းတို့နှစ်ဦးသာ ကျန်ရစ်တော့သည်။
ဖန်ရှင်းတာဂိုဂိုဏ်း၏ ကျွမ်းကျင်သူများဆိုသည်မှာလည်း ဤတစ္ဆေအင်မော်တယ် နှစ်ဦး ပင် ဖြစ်၏။ ဤတာအိုဂိုဏ်းသည် ဆေးလုံးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနှင့် စက်မှုယန္တရားများ ဖန်တီးခြင်း၌သာ အထူးပြုလေ့လာကြသည်။ သူတို့၏ လက်ရာများမှာ သေသပ်လှပသော်လည်း တာအိုကျင့်စဉ်ပိုင်း၌မူ နက်နဲခြင်း မရှိလှပေ။ သူတို့အတွက် မိုးကြိုးကပ်ဘေးအဆင့်သို့ ရောက်ရှိရန်မှာ အလွန်ခဲယဉ်းလှသလို၊ တစ္ဆေအင်မော်တယ် အဆင့်သို့ပင်လျှင် ကံကောင်းထောက်မပြီး မတော်တဆ ဉာဏ်အလင်းပွင့်မှုများကြောင့် ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ထိုကျွမ်းကျင်သူနှစ်ဦးသည် ငလျင်လှုပ်ထားသကဲ့သို့ အစအနမကျန် ပျက်စီးနေ သော တာအိုကျောင်းတော်ကို ကြည့်ရင်း၊ ဆွံ့အလျက် အချင်းချင်း စိုက်ကြည့်ပြီး တိတ်ဆိတ်သွားကြသည်။
“ငါတို့ ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမလဲ။ ချန်ပီယံမြို့စားက သူ့မိန်းမကို စောင့်ရှောက်ဖို့ ငါတို့ကို အပ်ထားခဲ့တာ။ အခုတော့ သူမကို မစောင့်ရှောက်နိုင်ရုံတင်မကဘူး၊ နတ်လင်း ယုန်ဘုရင်တောင် အသတ်ခံလိုက်ရပြီ။ ဒီကမ္ဘာကြီးရဲ့ မဟာနတ်ဆိုး အင်မော်တယ် ရှစ်ပါးထဲက တစ်ဦးဖြစ်တဲ့ နတ်လင်းယုန်ဘုရင်လည်း ကြက်ဥတစ်လုံးလို ပေါက်ကွဲပြီး သေဆုံးသွားပြီ…”
ခဏတာ တိတ်ဆိတ်နေပြီးနောက် ရှောင်ယွန်ဖုန်းက အလွန်အမင်း ထိတ်လန့်နေသော ကြက်ဖကြီးတစ်ကောင်ကဲ့သို့ အက်ရှရှအသံဖြင့် ပြောလိုက်သည်။
“ဒီကျွမ်းကျင်သူက ချန်ပီယံမြို့စားရဲ့ ရန်သူတော်ဆိုတာ ထင်ရှားတယ်။ သူ ဘယ်က လာသလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့လို ကြားညှပ်နေတဲ့ လူတွေအတွက် အသက်ရှင်ဖို့ တကယ်ခက်လိမ့်မယ်။ သတိမထားရင် ကျွန်တော်တို့ တစ်ဂိုဏ်းလုံး အမြစ်ပြတ်သွားနိုင်တယ်။ ဦးလေး… အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဒီလူက ဒိုင်ဇင် ဘုရားကျောင်းက အတိတ်အမိတ္တဘကျမ်းကို ကျင့်ထားတာဆိုတော့၊ သူက ပြန်လည် ထွက်ပေါ်လာတဲ့ ဒိုင်ဇင်ဘုရားကျောင်းက ကျွမ်းကျင်သူ ဖြစ်ရမယ်။ ဒီကိစ္စကို ကျွန်တော်တို့ နန်းတော်ကို အကြောင်းကြားသင့်လား။”
အင်ပါယာနန်းတော်၌ ဗုဒ္ဓဘာသာနှင့် တာအိုဂိုဏ်းအားလုံးကို အုပ်ချုပ်သည့် မှတ်တမ်းတင် ထိန်းသိမ်းခြင်းဟူသည့် အုပ်ချုပ်ရေးဌာန ရှိသည်။ ဘုန်းတော်ကြီးများနှင့် တာအိုကျင့်ကြံသူ များသည် နန်းတော်မှ ခွင့်ပြုချက် လက်မှတ်ရှိရပေမည်။ မဟုတ်ပါက နတ်ဆိုးများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး၊ သူတို့ကို ဖမ်းမိပါက ဆုလာဘ်ပင် ချီးမြှင့်လိမ့်မည်။
ယခုကဲ့သို့ ကိစ္စကြီး ပေါ်ပေါက်လာရာ အင်ပါယာနန်းတော်မှ ဘွဲ့ထူးဂုဏ်ဆောင် အပ်နှင်းခံ ထားရသော ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဖန်ရှင်းတာအိုဂိုဏ်းချုပ်၏ ပထမဆုံး အတွေးမှာ နန်းတော်သို့ တိုင်တန်းရန်ပင် ဖြစ်သည်။
“တူတော် ဂိုဏ်းချုပ်… မင်း ရူးနေလား။” ရှောင်ယွန်ဖုန်းက ဆိုသည်။ “ဒီကိစ္စမှာ ငါတို့ ဝင်မပါတာ အကောင်းဆုံးပဲ။ မဟုတ်ရင် သူတို့ လက်စားချေတဲ့အခါ ငါတို့ ဘယ်သူမှ အလွတ်ပေးမှာ မဟုတ်ဘူး။ ချန်ပီယံမြို့စားနဲ့ ပတ်သက်ရင်လည်း ငါတို့ တတ်နိုင်သ လောက် ရှောင်နေရမယ်။”
“ဘာဖြစ်လို့လဲ။ ချန်ပီယံမြို့စားက ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆောင်ထားသူ၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓားရဲ့ အရှင်သခင်ပဲလေ။ ကျွန်တော်တို့ ဖန်ရှင်းတာအိုဂိုဏ်းက သူ့နောက်လိုက်ရင် အနာဂတ်မှာ သန့်စင်တဲ့နယ်မြေတစ်ခု ဖြစ်လာနိုင်တယ်လေ။” ရှောင်အန်ရန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“သန့်စင်တဲ့နယ်မြေ မဖြစ်ခင် ငါတို့ ဝိညာဉ်တွေ အရင် ပျက်စီးသွားမှာ စိုးရတယ်။ ပြီးတော့ ချန်ပီယံမြို့စားက သူ့မိန်းမတွေကိုပဲ ကာကွယ်တာ၊ ငါတို့ကို ဂရုစိုက်တာ မဟုတ်ဘူး။ ရှောင်ရှောနန် သေသွားတုန်းက ကြည့်လေ။ သူက ငွေငါးမန်းဘုရင်မနဲ့ ပတ်သက်တယ်လို့ ပြောပေမဲ့ ငါတို့အတွက် တရားမျှတမှု ရှာမပေးခဲ့ဘူး။ အဲဒီအစား ငွေငါးမန်းဘုရင်မရဲ့ အလှအပကိုပဲ သူ မက်မောနေတာ…” ရှောင်ယွန်ဖုန်း၏ အသံမှာ တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သည့်အလား အလွန်တိုးလှပေသည်။
“အဲဒီလိုဆိုရင်တော့ ဖန်ရှင်းတာအိုဂိုဏ်းနဲ့ ချန်ပီယံမြို့စားရဲ့ ဆက်ဆံရေးကို ကျွန်တော် သေသေချာချာ ပြန်စဉ်းစားရတော့မယ်။ ဒီကိစ္စကို ချန်ပီယံမြို့စားကို အကြောင်းမကြားနဲ့ ဦး။ ကျွန်တော်တို့ နန်းတော်ကို သွားပြီး ဧကရာဇ်မယ်တော်အတွက် ‘သက်ရှည်ဆေးလုံး’ သွားပြီး ဆက်သကြစို့။ ချန်ပီယံမြို့စားက ကျွန်တော်တို့အပေါ် အပြစ်တင်ရင်တောင်၊ ကျွန်တော်တို့ကို သတ်ဖို့ နန်းတော်ထဲအထိ လိုက်လာရဲမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။” ရှောင်အန်ရန်က အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်ပါသည်။
“အင်း… ဧကရာဇ်မယ်တော်အတွက် သက်ရှည်ဆေးလုံး ဆက်သတဲ့အချိန်ကို အသုံးချပြီး ဒီဘေးကနေ ခဏ ရှောင်နေကြတာပေါ့။” ရှောင်ယွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။
“ဒါ ဘယ်နေရာလဲ။”
ယောင်ယွမ်ရူနှင့် ယောင်ယွဲ့ရှင်းတို့သည် ကြည်လင်သော အလင်းတန်းတစ်ခုအတွင်း၌ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြရ၏။ တစ်ချိန်တည်းမှာပင် သူတို့ကို ချည်နှောင်ထား သော စွမ်းအားများ ပြေလျော့သွားပြီး ခြေဖဝါးသည် လှိုင်းထနေသော မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်။
“ညီမလေး… ဒါ ကမ္ဘာငယ်လေးတစ်ခုပဲ။ တကယ့်ကို တန်ခိုးစွမ်းအား ကြီးမားတဲ့ လူတစ်ယောက် ဖန်တီးထားတဲ့ တည်ငြိမ်တဲ့ အသေးစားစကြဝဠာငယ်လေး တစ်ခုပဲ။”
ယောင်ယွဲ့ရှင်းက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ထူထပ်သော လရောင်အလင်းအလွှာ တစ်ခုက သူမတို့ကိုယ်ကို ဖုံးလွှမ်းသွားသည်။ သူမတို့နှစ်ဦးသည် လရောင်စက်လုံးကြီး တစ်ခုအတွင်း ပိတ်မိနေသကဲ့သို့ ဖြစ်နေပြီး အလွန်ခိုင်မာပုံရသည်။
၎င်းသည် ယောင်ချီဂိုဏ်း၏ အဆင့်မြင့် အကာကွယ် တာအိုပညာဖြစ်သည့် "မဟာယင် လျှို့ဝှက်ဝိညာဉ်ဒိုင်း"ပင် ဖြစ်သည်။ ထိုပညာသည် လရောင်ကို စုစည်း၍ ကျင့်ကြံရခြင်း ဖြစ်ပြီး အောင်မြင်သွားပါက မည်သည့်မှော်ပညာမဆို ဖောက်ထွင်းရန် ခဲယဉ်းလှသည်။
ခုနက ကြီးမားသော နေမင်းကြီးနှင့် အတွေးတို့၏ ဖမ်းဆုပ်မှုကို ခံရစဉ်မှာ ယောင်ချီဂိုဏ်း ၏ ပါရမီရှင် တစ္ဆေအင်မော်တယ် ယောင်ယွဲ့ရှင်းသည် ဤနည်းလမ်းကို သုံးကာ သူမနှင့် သူမ၏ ညီမကို မထိခိုက်စေရန် ကာကွယ်ခဲ့ခြင်း ဖြစ်၏။
သူမတို့သည် ချိပ်ပိတ်ထားမှုကို ချိုးဖျက်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဟုန်ယွိ၏ အတွေးများမှာ အလွန်သန်မာလွန်းနေသဖြင့် သူမတို့၏ တိုက်ခိုက်မူများသည် အရာမထင် ခဲ့ကြပေ။
“ဟုတ်တယ်၊ ဒါ ကမ္ဘာငယ်လေးပဲ။ ငါ မမှားဘူးဆိုရင်, ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ စကြဝဠာအိတ်ပဲ ဖြစ်ရမယ်။”
ထို့နောက် ယူလူလက်၊ မင်းသားရှီဒီနှင့်အတူ ထူထပ်သော ယင်စွမ်းအင်များ ဖုံးလွှမ်းနေ သည့် ရွှေပင့်ကူဘုရင်တို့လည်း ရောက်ရှိလာကြသည်။
သို့သော် ဤရွှေပင့်ကူဘုရင်မှာမူ ပုံတူကိုယ်ပွားခန္ဓာကိုယ်တစ်ခုသာ ဖြစ်သည်မှာ ထင်ရှား လှပေသည်။ ကျန်ရှိသော ပုံတူကိုယ်ပွား ခန္ဓာကိုယ် ၆ ခုမှာမူ မည်သည့်နေရာသို့ ထွက်ပြေး သွားမှန်း မသိရပေ။ ဤကောက်ကျစ်သော ရွှေပင့်ကူဘုရင်သည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို မည်သည့်အခါမျှ အဖမ်းခံမည် မဟုတ်သည်မှာ သေချာလှသည်။
“ရွှေပင့်ကူဘုရင်က တကယ့်ကို ရွှေပင့်ကူဘုရင်ပါပဲ။ တာအိုပညာတွေအကြောင်း အများ ကြီး သိတာပဲ။ ဒါက စကြဝဠာအိတ် ဆိုတာကိုတောင် သိနေပါလား။”
ဟုန်ယွိ၏ အသံက ထွက်ပေါ်လာ၏။
သူတို့ ငါးဦးလုံး စူးစိုက်ကြည့်လိုက်သောအခါ မြူဆိုင်းနေသည့် အလင်းတန်းများထဲမှ ပညာရှင် လူငယ်တစ်ဦးကဲ့သို့ ဝတ်စားထားသည့် လူငယ်တစ်ဦး ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ သူသည် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်၌ ငွေရောင် သရဖူကို ဆောင်းထားသည်။ သရဖူတွင် ကျောက်စိမ်းများနှင့် ပုလဲများ စီခြယ်ထားပြီး အလွန် ကြည်လင်တောက်ပကာ ခန့်ညားလှပလှပေသည်။
၎င်းသည် ဟုန်ယွိ၏ စိတ်ဝိညာဉ်အသွင်အပြင်ပင် ဖြစ်တော့သည်။
ယခုအခါ၌ စကြဝဠာအိတ် တစ်ခုလုံးကို မြူဆိုင်းနေသော အလင်းများ ဖုံးအုပ်ထားသဖြင့် မနက်ခင်း မြူထူများကြား ရောက်ရှိနေသကဲ့သို့ မည်သည့်အရာကိုမျှ သေသေချာချာ မမြင်နိုင်ပေ။
ရွှေပင့်ကူဘုရင်၏ သဘာဝလွန် တန်ခိုးစွမ်းအားနှင့်ပင် လေးငါးမိုင် အကွာအဝေးကိုသာ မြင်နိုင်ပြီး သူ၏အတွေးများသည် အပြင်ဘက်သို့ ထိုးထွက်၍ မရတော့ပေ။
ထိုအချိန်လေးအတွင်းမှာပင် ဟုန်ယွိသည် ကြီးမားအစွမ်းထက်လှသော မှော်စွမ်းအင်ကို အသုံးပြု၍ သူ၏အတွေးများဖြင့် သူတို့ငါးဦးလုံးကို ကောင်းကင်ယံသို့ မတင်လျက် စကြဝဠာအိတ်အတွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် စကြဝဠာအိတ်ထဲ၌ လျှို့ဝှက်ချက်များစွာ ရှိနေလေသည်။ ဥပမာအားဖြင့် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတောင်များ၊ ချန်ယင်းရှာ၏ ဝိညာဉ်ယဇ်ပလ္လင် စသည်တို့ ဖြစ်၏။ သူသည် ဤလူများကို ထိုအရာများအား မမြင်စေလိုပေ။ ထို့ကြောင့် ဟုန်ယွိသည် တာအိုနည်းလမ်း ကို အသုံးပြုကာ စကြဝဠာအိတ်အတွင်း မိုင်အနည်းငယ်ခန့်ရှိသော နေရာတစ်ခုကိုသာ ကန့်သတ် ချိပ်ပိတ်ထားလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ, စကြဝဠာအိတ်သည် မိုင်ပေါင်းရာချီ ကျယ်ဝန်းလှပြီး ခရိုင်တစ်ခုစာခန့် ရှိနေပေသည်။
“ရွှေပင့်ကူဘုရင်… ခင်ဗျားရဲ့ ဒီပုံတူကိုယ်ပွား ခန္ဓာကိုယ်ကို ကျုပ်ရဲ့ စကြဝဠာအိတ်ထဲ အဖမ်းခံလိုက်တာဆိုတော့, ခင်ဗျားက တကယ့်ကို သဘောထားကြီးတာပဲ။ ဒီခန္ဓာကိုယ် ပျက်စီးသွားရင် ခင်ဗျားရဲ့ စွမ်းအားတွေ အများကြီး ဆုံးရှုံးသွားမှာကို သိမှာပါနော်။ ခင်ဗျားရဲ့ စွမ်းအားနဲ့ဆိုရင် ထွက်ပြေးလို့ ရနိုင်သားနဲ့။”
ဟုန်ယွိသည် မြူထူများကြားမှ ပေါ်ထွက်လာပြီး ရွှေပင့်ကူဘုရင်ကို ပြောလိုက်၏။
“မင်းက ဘယ်လိုလူလဲဆိုတာ ငါ သိချင်လို့ပါ။ စကြဝဠာအိတ်ဟာ တောရိုင်းဒေသက စုန်းတစ္ဆေဂိုဏ်းချုပ်ရဲ့ လက်ထဲမှာ အမြဲတမ်း ရှိနေခဲ့တာ။ ပြီးခဲ့တဲ့နှစ် သူတို့ ရတနာ လုကြတုန်းက တစ်စုံတစ်ယောက်က လုယူသွားပြီး ငါ့ကို အပြစ်ပုံချခဲ့ကြတယ်။ ငါ့ကို အပြစ်တင်ခံရအောင် လုပ်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာ ငါလည်း သိချင်တာပေါ့။ ဒါကြောင့် ပုံတူကိုယ်ပွား ခန္ဓာတစ်ခုလောက် စတေးရတာကို ငါ ဂရုမစိုက်ဘူး။ ပြီးတော့ ငါ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက မိုးကြိုးကပ်ဘေးကို ဆွဲဆောင်နိုင်တဲ့အဆင့်အထိ ဖြစ်နေပြီဆို တော့၊ ကိုယ်ပွားခန္ဓာကိုယ်တစ်ခု စတေးလိုက်တာက ငါ့ရဲ့ ယင်စွမ်းအင်ကို လျှော့ချရာ လည်း ရောက်သွားတာပေါ့။”
ရွှေပင့်ကူဘုရင်က ဟုန်ယွိကို စိုက်ကြည့်ရင်း ပြောလေသည်။
ထိုအခိုက်၌ ဟုန်ယွိ၏ လက်ထဲတွင် ငှက်မွေးယပ်တောင်တစ်လက် ရှိနေ၏။ ၎င်းမှာ ဉဒေါင်းဘုရင်၏ အသက်နှောင်ဖွဲ့ရတနာ ကောင်းကင်ယပ်တောင်ပင် ဖြစ်သည်။
ကောင်းကင်ယပ်တောင်သည် အခုနကမှ ဟုန်ယွိ၏ ဓားချက်ဖြင့် ဖြတ်ပိုင်းပြီး သိမ်းပိုက် ခံလိုက်ရခြင်း ဖြစ်သည်။ ဤအစွမ်းထက်လှသော ယပ်တောင်သည် ယခုအခါ၌ သဘာဝ အတိုင်း ဟုန်ယွိ ပိုင်ဆိုင်သွားလေပြီ။
ယခုအခါ ဟုန်ယွိသည် ငွေရောင်သရဖူနှင့် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ ယပ်တောင်ကို ကိုင်ထားပုံမှာ တကယ့်ကို ခန့်ညားထည်ဝါလှပြီး အရာရာကို အေးဆေး တည်ငြိမ်စွာ တွက်ချက်ဖန်တီးနိုင်သော ပညာရှင်တစ်ဦးကဲ့သို့ ဖြစ်တော့သည်။
“နတ်လင်းယုန်ဘုရင်ကတော့ အမှိုက်ပဲ။ ဒါကြောင့် သူ ချန်ပီယံမြို့စားဆီမှာ အညံခံခဲ့တာ မဆန်းပါဘူး။ ဒါပေမဲ့ ရွှေပင့်ကူဘုရင်… ခင်ဗျားကတော့ လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရ ခက်တယ်။ ခင်ဗျားဟာ “ကောင်းကင်ရှောင်တိမ်း အသွင်ပြောင်းလဲခြင်းခုနစ်မျိုး” နည်းလမ်းကို ပိုင်ဆိုင်ထားပြီး၊ ကိုယ်ပွားခန္ဓာကိုယ် ၇ ခု ခွဲနိုင်တာပဲလေ။ ဘယ်သူမှ ခင်ဗျားကို အပြည့်အဝ မသတ်နိုင်ပါဘူး၊ ဒါနဲ့တောင် ခင်ဗျားက ဘာလို့ ချန်ပီယံမြို့စားရဲ့ အမိန့်ကို နားထောင်နေရတာလဲ။”
ဟုန်ယွိသည် ရွှေပင့်ကူဘုရင်၏ ပုံတူကိုယ်ပွား ခန္ဓာကိုယ်ကို မေးလိုက်၏။
“ချန်ပီယံမြို့စားက အစွမ်းထက်ပေမဲ့ ငါက သူ့စကားကို နားထောင်နေတာ မဟုတ်ဘူး။ ငါကိုယ်တိုင်က သူ့ကို စိတ်ဝင်စားလို့ပဲ။ ပြီးတော့ ဒါက ဟုန်ရွှန်ကျီရဲ့ ကိစ္စလည်း ပါတာပေါ့။ တော်ဝင်ချန် ဧကရာဇ်က ငါ့ကို ရိုရန်နိုင်ငံ ကိုယ်စားလှယ်အဖြစ် နိုင်ငံတော်ကိစ္စတွေ ဆွေးနွေးဖို့ သူ့ကို အမိန့်ပေးထားတာ။ ယူလူလက်က ငါတို့ ရိုရန်နိုင်ငံရဲ့ မင်းသမီးပဲလေ။ ရိုရန်နိုင်ငံရဲ့ နိုင်ငံတော်ဆရာ တစ်ယောက်အနေနဲ့ သူမကို ကာကွယ်ဖို့ ငါ့မှာ တာဝန်ရှိ တယ်။” ရွှေပင့်ကူဘုရင်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသော်လည်း သူသည် တည်ငြိမ်နေဆဲပင်။ သူ တည်ငြိမ်စွာ နေနိုင်ရခြင်း၏ အကြောင်းရင်းကလည်း အလွန်ဆုံးရှိ သူ့ပုံတူကိုယ်ပွား ခန္ဓာကိုယ်တစ်ခုသာ ဆုံးရှုံးရမည် ဖြစ်သောကြောင့်ပင်။
စကားလမ်းကြောင်းကို ပြောင်းလိုက်ရင်း ရွှေပင့်ကူဘုရင်က ယောင်ယွမ်ရူ ဘက်ကို လက်ညှိုးထိုးပြကာ ပြောသည် - “ဒီမိန်းကလေး နှစ်ယောက်က ဟုန်ရွှန်ကျီရဲ့ သမီးတွေပဲ။ မင်း သူမတို့ကို ဖမ်းထားရင် ဟုန်ရွှန်ကျိကို စော်ကားရာ ရောက်လိမ့်မယ်။ သူ မင်းကို သတ်ချင်ရင် မင်းရဲ့ တာအိုနည်းလမ်းတွေ ဘယ်လောက် အစွမ်းထက်နေပါစေ လွတ်မှာ မဟုတ်ဘူး။ လူသားအင်မော်တယ်တွေဟာ သူတို့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ပြီး တစ္ဆေသရဲတွေလို သွားလာနိုင်ကြတယ်။ တစ္ဆေအင်မော်တယ်တွေအနေနဲ့ သူတို့ကို ခြေရာခံဖို့ ခက်တယ်။ ပြီးတော့ ဟုန်ရွှန်ကျိဟာ ဖန်တီးခြင်းကျမ်းနဲ့ အထွဋ်ထိပ်အဂ္ဂိရတ် ကျမ်းတို့ကို ပေါင်းစပ်ပြီးပြီ။ သူ အတားအဆီးကို ဖြတ်ကျော်ပြီးနောက် သူရဲ့ တိုးတက်မှုက နတ်ဘုရားတစ်ပါးလိုပဲ။ သူက လေဟာနယ်ကိုတောင် ရိုက်ခွဲနိုင်တယ်။ အဲဒီအချိန်ကျရင် မင်း ဒီစကြဝဠာအိတ်ထဲမှာ ပုန်းနေရင်တောင်၊ သူ လက်သီးတစ်ချက် ထိုးလိုက်ရုံနဲ့ ဒီကမ္ဘာငယ်လေးတစ်ခုလုံး ပေါက်ထွက်သွားလိမ့်မယ်။ မင်း သူ့ကို ဒေါသ မထွက်အောင် လုပ်တာ အကောင်းဆုံးပဲ။”
“ဟုန်ရွှန်ကျိလား။ ကျုပ် သူနဲ့ တိုက်ဖူးပါတယ်။ သူ အစွမ်းထက်တာ မှန်ပေမဲ့ ကျုပ်ကိုတော့ ဘာမှ မလုပ်နိုင်ပါဘူး။”
ဟုန်ယွိက ခပ်အေးအေးပင် ပြုံးလိုက်ပြီး ရွှေပင့်ကူဘုရင်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှု လိုက်၏။ “ပြီးတော့ ဒီမိန်းကလေးနှစ်ယောက်နဲ့ ကျုပ်က ပတ်သက်မှု အချို့ ရှိနေတယ်။ ကျုပ် သူမတို့ကို နာကျင်အောင် လုပ်ဖို့ စိတ်ကူးမရှိပါဘူး။ သူမတို့က ချန်ပီယံမြို့စားကို မကူညီတော့ပါဘူးလို့ ကတိပေးရင် ကျုပ် သူမတို့ကို ပြန်လွှတ်ပေးမှာပါ။”
“မင်းက တကယ်ပဲ ဘယ်သူလဲ။ ငါရွှေပင့်ကူဘုရင်ဟာ လောကအနှံ့ လှည့်လည်ခဲ့တာ။ မင်းအကြောင်း တစ်ခါမှ မကြားဖူးဘူး။ မင်းရဲ့ တာအိုကျင့်စဉ်မျိုးနဲ့ဆိုရင် နာမည်ကြီး နေသင့်တာ ကြာလှပြီ။” ရွှေပင့်ကူဘုရင်က ထပ်မံ မေးမြန်းလေသည်။
“ကျုပ် ဘယ်သူလဲဆိုတာ မအရေးကြီးပါဘူး။ ပြီးတော့ ရွှေပင့်ကူဘုရင်… ကျုပ်က ခင်ဗျား ရဲ့ ဒီပုံတူကိုယ်ပွား ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ စိတ်ကူးမရှိဘူး။ ခင်ဗျားနဲ့ မဟာမိတ်ဖွဲ့ပြီး ကိစ္စကြီးတစ်ခု လုပ်ချင်လို့ပါ။” ဟုန်ယွိက ဆိုသည်။
“ဘာကိစ္စကြီးလဲ။”
“အခု အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းမှာ ကမောက်ကမတွေ ဖြစ်နေပြီး အင်အားစု အမျိုးမျိုး လှုပ်ရှားနေကြပြီ။ ကျုပ်က ညို့ငင်မြေခွေးဘုရင်မ၊ မျောက်ဝံဖြူဘုရင်၊ ငွေငါးမန်း တို့နဲ့ မဟာမိတ်ဖွဲ့ပြီး မျောက်ဝံဖြူဘုရင်ကို ဂိုဏ်းချုပ်နေရာရအောင် ကူညီနေတာ။ ခင်ဗျားလည်း ကျုပ်တို့နဲ့ ပူးပေါင်းပြီး ဂိုဏ်းချုပ်နေရာကို လုယူနိုင်ရင်၊ အဲဒီ မြင့်မြတ် နယ်မြေက တာအိုနည်းလမ်းတွေ၊ ရတနာတွေနဲ့ အရင်းအမြစ်အားလုံးကို ခင်ဗျားလည်း ခံစားခွင့်ရမှာပါ။”
ဟုန်ယွိက ပြောပြီးနောက် ယောင်ယွမ်ရူနှင့် ယောင်ယွဲ့ရှင်းတို့ဘက် လှည့်လိုက်ပြန်သည် “ခင်ဗျားတို့ နှစ်ယောက်လုံးက ပါရမီရှင်တွေပဲ။ တစ်ယောက်က တစ္ဆေအင်မော်တယ်၊ တစ်ယောက်က သိုင်းသူတော်စင်နယ်ပယ်ထဲ ဝင်ရောက်နေပြီ။ ခင်ဗျားတို့လည်း အများ ကြီး ကူညီနိုင်မှာပါ။ ဘယ်လိုသဘောရလဲ။”
ယောင်ယွမ်ရူက ရုတ်တရက် ပြုံးလိုက်ပြီး “ကျွန်မတို့ သဘောမတူရင်ရော ဘာဖြစ်မလဲ။” ဟု မေးမြန်းသည်။
ယောင်ယွမ်ရူနှင့် ယောင်ယွဲ့ရှင်းတို့သည် ယောင်ချီဂိုဏ်း၏ အလှပန်းနှစ်ပွင့် ဖြစ်ကြသည်။ ယောင်ယွဲ့ရှင်းမှာ လရောင်ကဲ့သို့ အေးစက်နေသော်လည်း ယောင်ယွမ်ရူမှာမူ ပို၍ နူးညံ့ပြီး နောက်ပြောင်တတ်ပုံရသည်။
ဤသည်မှာ ဟုန်ယွိ နှစ်သစ်ကူးမတိုင်မီ သူမတို့နှင့် သိုင်းပညာ ယှဉ်ပြိုင်စဉ်ကတည်းက ခံစားမိခဲ့သော အချက်ပင် ဖြစ်၏။
“သဘောမတူဘူး ဟုတ်လား။” ဟုန်ယွိက ရယ်မောလိုက်ပြီး ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။ ဘုန်း…၊ ကောင်းကင်ယံမှ ကြည်လင်သော အလင်းလုံးကြီး ကျဆင်းလာပြီး သူမတို့၏ လျှို့ဝှက်ဝိညာဉ်ဒိုင်း ပေါ်သို့ ကျရောက်သွား၏။
ဖျစ်… ခိုင်မာလှပါသည်ဆိုသော ဒိုင်းလွှာမှာ ခဏချင်းအတွင်း အပိုင်းပိုင်း ကွဲထွက်သွားလေ တော့သည်။
ယောင်ယွဲ့ရှင်း၏ မျက်နှာ ပျက်သွားပြီး သူမမျက်လုံးများမှ အေးစက်သော အလင်းများ ထွက်ပေါ်လာသည်။ သူမက ဟုန်ယွိကို စိုက်ကြည့်၍ “တော်တော် အစွမ်းထက်တာပဲ။” ဟု ပြောလိုက်၏။
“ခင်ဗျားတို့ သဘောမတူရင် ဒီနေရာမှာပဲ ခင်ဗျားတို့ကို မြှုပ်နှံထားလိုက်မိမှ ကျုပ်ကို အပြစ်မတင်နဲ့။ တစ်ချိန်တည်းမှာပဲ ကျုပ်က ယောင်ချီဂိုဏ်းကိုလည်း အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်မယ်။ ယောင်ချီဂိုဏ်း တစ်ခုလုံး ကြက်ကလေး ခွေးကလေးကအစ ကျုပ်လက်ကနေ လွတ်မှာ မဟုတ်ဘူး။” ဟုန်ယွိက အေးအေးဆေးဆေးပင် ပြောလိုက် သည်။
သူက ခြိမ်းခြောက်ရုံ သက်သက်ဆိုသော်လည်း၊ သူပိုင်ဆိုင်သည့် အဆုံးမဲ့ စွမ်းအားများ ကြောင့် သူပြောသည့်အတိုင်း တကယ်ဖြစ်လာလိမ့်မည်ဟု လူတိုင်း ယုံကြည်နေကြ၏။
“ရှင်က တကယ် တော်ပါပေတယ်။” ယောင်ယွမ်ရူက သူမ၏ မျက်တောင်လေးများကို လက်ဖြင့် ပွတ်ရင်း အညံခံသောပုံစံဖြင့် ပြောလိုက်လေသည်။
“မင်းသမီး ယူလူလက်… မင်းကရော ဘယ်လိုလဲ။” ဟုန်ယွိက ယူလူလက်ကို ကြည့်လိုက်ပြန်သည် “မင်းက ချန်ပီယံမြို့စားရဲ့ လူလို့ ဆိုပေမဲ့၊ အပျိုစင်ဘဝအတိုင်း ရှိနေသေးတာကို ကျုပ် မြင်နေရတယ်။ သူ မင်းကို အခွင့်ရေးယူထားရင်တောင် အပြည့်အဝ တော့ မဟုတ်သေးဘူး။ မင်း သူ့အတွက်နဲ့ ဘာကိုမှ စောင့်ထိန်း နေစရာ မလိုဘူး။ ပြီးတော့ လွင်ပြင်ဒေသရဲ့ ဓလေ့ထုံးစံအချို့ကိုလည်း ကျုပ် သိထားတယ်။ မင်းတို့ဆီမှာ လင်နောက် လိုက်ရမယ်ဆိုတဲ့ ဥပဒေမျိုး မရှိဘူး။ ချန်ပီယံမြို့စားက မိန်းမလိုက်စားပြီး အရှက်မရှိတဲ့ သူဆိုတာ မင်းလည်း သိမှာပါ။ သူက အလှပဂေးတွေကို သူ့လက်အောက်ခံအဖြစ်ပဲ ထားချင်တာလေ။ အခု အချိန်မီ ပြန်လှည့်ရင် မနောက်ကျသေးဘူး။ မင်းကိုယ်မင်း မြင့်မြတ်တဲ့ ယူနီကွန်အဖြစ် ရှိနေသင့်တယ်။ မင်းရဲ့စိတ်ဝိညာဉ်ကို လွတ်လပ်ခွင့် ပေးလိုက် တာက ပိုကောင်းမှာပါ။”
“မြို့စားက ခန့်မှန်းရခက်တဲ့သူပါ။ သူ့ရဲ့ လျှို့ဝှက်အင်အားတွေ ပေါက်ကွဲလာရင် ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ ငါ သူ့ကို သစ္စာဖောက်မိရင် သူ့ဒေါသကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူးလေ။” ယူလူလက်က တိုးတိုးလေး ဆိုသည်။
“ဟင့်၊ ဒီအစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာလုပွဲမှာ သူ့အသက်ကို ယူမယ့် သူတွေ အများကြီး ရှိလိမ့်မယ်။ ခင်ဗျားတို့ အခု ပြန်လှည့်လို့ မရသေးရင်လည်း ဒီကမ္ဘာငယ် လေးထဲမှာ ခဏနေပြီး စဉ်းစားကြပေါ့။ မင်းတို့ ညီအစ်မနှစ်ယောက်လည်း ဒီမှာ ရက်အနည်းငယ်လောက် နားနေကြဦး။” ဟုန်ယွိက ပြောလိုက်သည်။
“ငါတို့ စားဖို့ သောက်ဖို့နဲ့ တခြား လိုအပ်တာတွေကရော။” ယောင်ယွမ်ရူက ရုတ်တရက် မေးမြန်းသည် “ဒီစကြဝဠာအိတ်ထဲမှာ ဘာမှ မရှိဘူးလေ။ ငါတို့ကို အငတ်ထားမလို့လား။”
“ဒါက ကိစ္စမရှိပါဘူး။”
ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားလေတော့ သည်။ သူတို့အနားတွင် အိမ်တစ်လုံး ပေါ်လာ၏။ “ဒီအိမ်က ငါ့ရဲ့ ဖန်တီးမှုဆိုပေမဲ့ မူလ အိမ်တွေနဲ့ ဘာမှ မခြားပါဘူး။ စားသောက်ဖို့အတွက်လည်း အစေခံမိန်းကလေးတွေ ရှိလိမ့်မယ်။ ဒါပေမဲ့ တစ်ခုခုလုပ်ဖို့တော့ မကြိုးစားနဲ့။ ရက်အနည်းငယ်လောက် ဒီမှာ ငြိမ်ငြိမ်လေး နေပါ။ ကျုပ် လုပ်စရာလေးတွေ ရှိသေးတယ်။”
“ငါကရော။” ရွှေပင့်ကူဘုရင်က မျက်လုံးများကို မှေး၍ မေးလေသည်။
“မစိုးရိမ်ပါနဲ့ ရွှေပင့်ကူဘုရင်… ကျုပ် ခင်ဗျားကို ပြစရာ တစ်ခု ရှိသေးတယ်။” ဟုန်ယွိက နောက်တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်ရာ လေဟာနယ်က ပြောင်းလဲသွားပြီး ရွှေပင့်ကူ ဘုရင်သည် စကြဝဠာအိတ်၏ အခြားတစ်နေရာသို့ ရောက်ရှိသွားလေသည်။
“ဟီ..၊ ဟီ… အဘိုးတောင် အဖမ်းခံထားရတာလား။”
ရွှေပင့်ကူဘုရင်၏ ပုံတူကိုယ်ပွား ခန္ဓာကိုယ်သည် အိတ်၏ အခြားထောင့်သို့ ရောက်ရှိသွား သောအခါ ရွှေပင့်ကူ၏ အသံကို ရုတ်တရက် ကြားလိုက်ရပါတော့သည်။
အခန်း (၃၂၂)။
“ကျင်းရွှမ်အာ… နင်ပါလား…”
ကမ္ဘာမဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးအနက် စတုတ္ထမြောက် အစွမ်းထက်ဆုံးဖြစ်သည့် ရွှေပင့်ကူဘုရင်သည်ပင် မြူထူများထဲမှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည့် အခါ သူ၏ တည်ငြိမ်မှုများ ပျက်ပြား၍ တုန်လှုပ်သွားရလေသည်။
“ဟီ…၊ ဟီ…။”
ရွှေပင့်ကူသည် ရယ်မောလျက် ကြည်လင်သော အလင်းတန်းများထဲမှ တိုးထွက်လာ၏။ ထို့နောက် သူမသည် ဟုန်ယွိ၏ ပုခုံးပေါ်သို့ ခုန်တက်ထိုင်လိုက်ပြီး သူမ၏ ဖြူဖွေးသော ခြေထောက်လေးနှစ်ချောင်းကို လေထဲတွင် လွှဲယမ်းနေတော့သည်။
“နင်… နင့်ရဲ့ ဝိညာဉ်ထဲမှာ ဘာလို့ သန့်စင်တဲ့ ယန်စွမ်းအင်တွေ ရှိနေတာလဲ။ နင်က တစ္ဆေအင်မော်တယ် ဖြစ်သွားပြီး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်လိုက်တာလား။ မဖြစ်နိုင်တာ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အော်… ဟုတ်ပြီ၊ နင် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်ရဲ့ သန့်စင်တဲ့ ယန်အတွေးတွေကို ဝါးမြိုလိုက်တာ ဖြစ်ရမယ်။ ဒါပေမဲ့ မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူရဲ့ အတွေးတွေက အင်မတန် ခိုင်မာတာလေ၊ နင်က ဘယ်လိုလုပ်ပြီး အဲဒါတွေကို သန့်စင်သွားအောင် ချေဖျက်နိုင်တာလဲ…။”
ရွှေပင့်ကူဘုရင်၏ အမြင်အာရုံဖြင့်ဆိုလျှင် ကျင်းရွှမ်အာထံမှ ထွက်ပေါ်နေသော အတွေး လှိုင်းများကို သေချာပေါက် မြင်နိုင်ပေသည်။ ၎င်းတို့သည် သူ၏ စွမ်းအားလောက် မပြင်းထန်သော်လည်း သူမထံ၌ ရှိနေသည့် ယန်သဘာဝမျိုးမှာမူ သူ့ထံ၌ မရှိပေ။
“ဒါက အထွေအထူး မဟုတ်ပါဘူး။ ကျုပ် တောရိုင်းဒေသမှာ စကြဝဠာအိတ်ကို လုယူတုန်း က သူတော်စင် တူယွမ်ကို သတ်ပြီး သူ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖမ်းခဲ့တာ။ အဲဒီနောက် သူ့နတ်ဘုရား စိတ်ဝိညာဉ်ကို သန့်စင်ပြီး ကျင်းရွှမ်အာကို ပေါင်းစပ်ခိုင်းလိုက် တယ်။ ပြီးတော့ သူမကို နတ်ဆိုးနတ်ဘုရားရဲ့သွေး တစ်စက်တောင် တိုက်ထားသေးတာ။ အခုဆို သူမက တစ္ဆေအင်မော်တယ် အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ တစ္ဆေအင်မော်တယ် ဖြစ်သွားတာနဲ့ သူမက မိုးကြိုးကပ်ဘေးတစ်ပိုင်းအဆင့် အင်မော်တယ်တစ်ပါး ဖြစ်လာမှာပဲ။”
ဟုန်ယွိသည် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါကို ဟန်ပါပါ ထုတ်ဖော်လျက် ပြောဆိုလိုက်၏။
“အဘိုး… အာ…” ကျင်းရွှမ်အာသည် 'အာယွိ' ဟု ခေါ်မိတော့မည့်ဆဲဆဲတွင် အကြံရသွား ကာ စကားလုံးပြောင်းလိုက်သည် - “အဘိုး… ဒီအင်မော်တယ်အစ်ကိုကြီး နောက်လိုက်ပြီး အလုပ်လုပ်ရတာက ချန်ပီယံမြို့စားနောက် လိုက်ရတာထက် အများကြီး ပိုကောင်းတယ်။ အဘိုးသာ ဒီအင်မော်တယ်အစ်ကိုကြီးနဲ့ မဟာမိတ်ဖွဲ့ပြီး အလုပ်ကြီးတွေ လုပ်မယ်ဆိုရင် ကောင်းတာတွေ အကုန်ရမှာ။ အဲဒီ ချန်ပီယံမြို့စားက တော်တော် မောက်မာတာ၊ အခုတော့ သူ့ရဲ့ ရတနာတွေရော၊ မိန်းမတွေပါ ဒီအင်မော်တယ်အစ်ကိုကြီးဆီ ပါကုန်ပြီ လေ။ သူသာ ဒီသတင်းကို သိရင် ဘယ်လောက်တောင် ဒေါသထွက်နေမလဲ မသိဘူး၊ ဒါပေမဲ့ သူ ဒေါသထွက်တော့ရော ဘာတတ်နိုင်မှာလဲ။”
“ကျင်းရွှမ်အာ… နင်က ရိုရန်နိုင်ငံကနေ ခိုးထွက်ပြီး လျှောက်ဆော့နေတာ၊ အခုလို တွေ့ကြုံမှုမျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။” ရွှေပင့်ကူဘုရင်သည် သူ၏ ရွှေရောင် ဝတ်ရုံကို ခါယမ်းလိုက်ပြီး သူ့မျက်နှာတွင် “မယုံကြည်နိုင်ခြင်း” အမူအရာများ ထင်ဟပ် နေလေသည်။
“ဟီ…၊ ဟီ…။ အဘိုး… ငါသာ တစ္ဆေအင်မော်တယ် အဆင့်ကို ချိုးဖြတ်နိုင်သွားရင်၊ ကမ္ဘာ့ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးစာရင်းမှာ အဘိုးက ငါ့နောက် ရောက်သွားနိုင်တယ် နော်။” ကျင်းရွှမ်အာက သူမပုံစံအတိုင်း ပေါ့ပေါ့ပါးပါးပင် ရယ်မောလျက် နောက်ပြောင်နေ တော့သည်။
ကမ္ဘာ့မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးအနက်, အကယ်၍ ကျင်းရွှမ်းအာသာ တစ္ဆေ အင်မော်တယ် ဖြစ်သွားပါက၊ သူမသည် မိုးကြိုးကပ်ဘေး တစ်ပိုင်းအဆင့်ရှိ ကျွမ်းကျင်သူ ဖြစ်လာမည် ဖြစ်သည်။ မိုးကြိုးကပ်ဘေး မဖြတ်ကျော်ရသေးဘဲ စိတ်ဝိညာဉ်အတွေးများ တွင် ယင်စွမ်းအင်သာ ရှိနေသေးသည့် ရွှေပင့်ကူဘုရင်နှင့် နှိုင်းယှဉ်လျှင် သူမသည် သာလွန်သွားမည် ဖြစ်သည်။
“ရွှမ်အာ… နင် တကယ်ပဲ သူတော်စင် တူယွမ်ရဲ့ ဝိညာဉ်ကို ဝါးမြိုပြီး နတ်ဆိုးနတ်ဘုရားရဲ့ သွေးကို သောက်ထားတယ် ဟုတ်လား… နင်တော့ ဒီတစ်ခါ ဘယ်လောက်တောင် ပြဿနာကြီးအောင် လုပ်လိုက်မိလဲ သိရဲ့လား။” ရွှေပင့်ကူဘုရင်က ပြောဆိုရင်း သူ၏ အကြည့်ကို ဟုန်ယွိထံသို့ လွှဲလိုက်ကာ ရှင်းပြသည့် လေသံဖြင့် ဆိုသည် “အနှစ်သာရ နတ်ဘုရားကျောင်းက အနောက်ဘက်ဒေသ တစ်ခုလုံးကို စိုးမိုးထားတာ။ အနောက်ဘက် ဒေသက ကောင်းကင်နိုင်ငံနဲ့ အလယ်ပိုင်းလွင်ပြင်ထက်တောင် ပိုကျယ်သေးတယ်။ အဲဒီမှာရှိတဲ့ ဘုရင်ရာပေါင်းများစွာဟာ အနှစ်သာရ နတ်ဘုရားကျောင်းက လူတွေရဲ့ ကောင်းချီးပေးတာနဲ့ ဘိသိက်ခံတာကို ရရှိမှပဲ တကယ့်ဘုရင်လို့ သတ်မှတ်ခံရတာ။ အင်အားအကြီးဆုံး ဟွာလျိုဧကရာဇ်တောင်မှ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးရဲ့ ဘိသိက်ပေးမှုကို ခံယူရတယ်။ အနှစ်သာရ နတ်ဘုရားကျောင်းဆိုတာ နှစ်ပေါင်း ၄၀၀၀ ကျော် တည်ရှိခဲ့တဲ့ အထွတ်အမြတ် နေရာတစ်ခုပဲ။ သူတို့မှာ အရင်းအမြစ်တွေ အများကြီး ရှိသလို၊ ဒိုင်ဇင်ဘုရားကျောင်းနဲ့ ဆန်းကြယ်ကောင်ကင်ဘုံခန်းမထက်တောင် ပိုပြီး အင်အားကြီးသေးတယ်။ သူတော်စင် တူယွမ်ဆိုတာ အဲဒီကျောင်းတော်ရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ မင်းက သူ့ကို သတ်လိုက်ရုံတင်မကဘူး၊ နတ်ဆိုးနတ်ဘုရားရဲ့ သွေးကို ခိုးယူပြီး သူ့စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်တော့ သူ ဘယ်တော့မှ လူပြန်မဝင်စားနိုင် တော့ဘူး။ အဲဒီကျောင်းတော်က ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးဟာ ဆန်းကြယ် ကောင်ကင်ဘုံခန်းမရဲ့ ခန်းမသခင်ထက်တောင် ပိုအစွမ်းထက်တယ်လို့ ဆိုကြတယ်။ အထူးသဖြင့် သူက နှစ်ပေါင်း ၆၀ လောက် တံခါးပိတ်ကျင့်နေတာဆိုတော့ မိုနိုဂိုတာရီလို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေနဲ့တောင် ယှဉ်နိုင်လိမ့်မယ်။ ငါသာ မင်းနဲ့ မဟာမိတ်ဖွဲ့ရင် ဘာအကျိုးအမြတ်မှ မရဘဲ ပြဿနာတွေပဲ ရလာမှာ မဟုတ်လား…။”
“ဟား…၊ ဟား…၊ ဟား…၊ ဟား…” ဟုန်ယွိသည် ထိုစကားကို ကြားသောအခါ ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်လေသည် “ရွှေပင့်ကူဘုရင်… ကျုပ်က အနှစ်သာရ နတ်ဘုရား ကျောင်းအကြောင်းနဲ့ အနောက်ဘက်ဒေသရဲ့ သမိုင်းကြောင်းကို ခင်ဗျားထက်တောင် ပိုသိပါသေးတယ်။ ငါ့ကို လာစမ်းမနေပါနဲ့။ ကျုပ်က ကျင်းရွှမ်အာဆီက သင်ထားတဲ့ အနန္တ တန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တကျမ်းကို သုံးပြီး ခင်ဗျားကို အပြစ်ပုံချခဲ့သူလေ။ အခုဆိုရင် အနှစ်သာရ နတ်ဘုရားကျောင်းက သူတော်စင် တူယွမ် သေတဲ့ကိစ္စကို ခင်ဗျားရဲ့ လက်ချက်လို့ပဲ ထင်နေကြမှာ… ကျုပ်အကြောင်းကိုတော့ ဒီလောကမှာ ဘယ်သူ သိမှာလဲ။”
“အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တကျမ်းကို ငါ တစ်ယောက်ပဲ သိတာလေ။ ကျင်းရွှမ်အာ… နင်က ဒီတာအိုနည်းလမ်းကို သူ့ကို သင်ပေးရုံတင်မကဘူး၊ ကိုယ့်အဘိုးကို အပြစ်ပုံချအောင်ပါ လုပ်ခိုင်းတယ်ပေါ့။ နင်… နင် ဒီအဘိုးကို ဘယ်လောက် ဒုက္ခရောက် အောင် လုပ်လိုက်လဲ သိရဲ့လား။ နင့်ကို ငယ်ငယ်လေးကတည်းက စာသင်ပေးတယ်၊ လူကြီးသူမ စကားနားထောင်ဖို့ သင်ပေးတယ်။ အဲဒီ လူမှုနီတိကျင့်ဝတ်တွေ ဘယ်ရောက် ကုန်ပြီလဲ။”
ရွှေပင့်ကူဘုရင်၏ မျက်နှာပေါ်ရှိ အသားစများမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ယင် နေတော့သည်။ ဤပုံတူကိုယ်ပွား ခန္ဓာကိုယ်သည် စိတ်အတွေးများဖြင့် ဖန်တီးထားခြင်း ဖြစ်သော်လည်း အသက်ဝင်လှသဖြင့် စိတ်ခံစားမှုတိုင်းကို ထင်ထင်ရှားရှား ပြသနိုင်လေ သည်။
“ငါ ဂရုမစိုက်ဘူး… အခု ငါ့အစ်ကိုကြီး ပြောတာပဲ နားထောင်တော့မယ်။ ပြီးတော့ သူက ငါ့ကို တစ္ဆေအင်မော်တယ် ဖြစ်အောင် ကူညီပေးထားတာလေ။ တစ္ဆေအင်မော်တယ် ဖြစ်ဖို့ နဲ့ အဘိုး… ဘယ်သူက ပိုအရေးကြီးလဲ။ သေချာပေါက် တစ္ဆေအင်မော်တယ် ဖြစ်ဖို့က ပိုအရေးကြီးတာပေါ့။” ကျင်းရွှမ်အာက နှာခေါင်းရှုံ့လျက် ပြောသည် “ပြီးတော့ ငါက ပင့်ကူလေ၊ လူမှ မဟုတ်တာ။ အဲဒီ လူသားတွေရဲ့ ကျင့်ဝတ်နီတိတွေကို ငါက ဘာလို့ သင်ရမှာလဲ။”
“နင်…” ရွှေပင့်ကူဘုရင်သည် သူ့မြေးမလေးကို ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်သွားရ၏။
“ကဲပါ… ကျင်းရွှမ်အာ။” ဟုန်ယွိသည် သူ့ပုခုံးကို လှုပ်ယမ်းလျက် သူမကို ဖယ်ထုတ် လိုက်သည် “ကိုယ့်အဘိုးကို ရိုင်းရိုင်းစိုင်းစိုင်း မပြောရဘူးလေ။”
“ဟုတ်ကဲ့… အဲဒါဆို ငါ သွားဆော့တော့မယ်နော်။”
ကျင်းရွှမ်အာသည် ကြည်လင်သော အလင်းတန်းများထဲသို့ ခုန်ဝင်သွားတော့သည်။
ဟုန်ယွိသည် ကျင်းရွှမ်အာကို ကြည့်လျက် ပြုံးကာ ခေါင်းခါလိုက်မိ၏။
“မင်း ငါနဲ့ မဟာမိတ်ဖွဲ့ချင်ရင်၊ မင်းဘက်က တစ်ခုခု ပြန်ပေးရလိမ့်မယ်။” ကျင်းရွှမ်အာ ထွက်သွားပြီးနောက် ရွှေပင့်ကူဘုရင်က သူ့မျက်လုံးကို မှေးကာ ခေတ္တ စဉ်းစားပြီးမှ ပြောလိုက်သည် “တော်ဝင်ချန် နန်းတော်က ငါ့ကို ဆွဲဆောင်ချင်လို့ နန်းတွင်း စာကြည့် တိုက်နဲ့ စာအုပ်အကုန်လုံးကို ဖတ်ခွင့်ပေးမယ်လို့ ကမ်းလှမ်းထားတယ်။ ကောင်းကင် ဧကရာဇ်ဆိုတဲ့အတိုင်း သူက တကယ့်ကို ရက်ရောတယ်။ မင်းကရော အဲဒီထက် သာတာ ဘာပေးနိုင်မလဲ။”
“အို… နန်းတော်က ခင်ဗျားကို ဆွဲဆောင်နေတာလား။ ဒါက ခင်ဗျားဆီမှာ စကြဝဠာအိတ် ရှိနေတယ်ဆိုတဲ့ သတင်းအမှားကြောင့်ပဲ ဖြစ်ရမယ်။ တကယ်လို့, ခင်ဗျားဆီမှာ စကြဝဠာ အိတ် မရှိမှန်း နန်းတော်က သိသွားရင်, ခင်ဗျား ဘာဖြစ်သွားမယ် ထင်လဲ။” ဟုန်ယွိက ခန့်မှန်းပြောဆိုလိုက်ရာ နန်းတော်က ရွှေပင့်ကူဘုရင်ကို ဆွဲဆောင်နေသည့် အကြောင်း အရင်းကို သူ နားလည်သွားလေသည် “တကယ်လို့, ခင်ဗျား ကျုပ်ဆီက တစ်ခုခု လိုချင်တယ်ဆိုရင်တော့ အခုလောလောဆယ် ကျုပ်ဆီမှာ ဘာမှမရှိဘူးလို့ပဲ အတိအလင်း ပြောပါရစေ။ ကျုပ်အနေနဲ့ ခင်ဗျားလို ကောက်ကျစ်တဲ့ ရွှေပင့်ကူဘုရင်ကို ယုံဖို့လည်း ခက်တယ်။ ဒါကြောင့် အလကားတော့ ဘာမှ မပေးနိုင်သေးဘူး။ ဒါပေမဲ့ ကျုပ်၊ မျောက်ဖြူဝံဘုရင်၊ ညှို့ငင်မြေခွေးဘုရင်မနဲ့ ငွေငါးမန်းတို့ကို အစစ်အမှန် ခုနှစ်စဉ်ကြယ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာ လုယူနိုင်အောင် ခင်ဗျား ကူညီပေးမယ်ဆိုရင်၊ ကျုပ် ဒီ ကောင်းကင်ယပ်တောင်ကို ခင်ဗျားကို ပေးမယ်။ ဘယ်လိုသဘောရလဲ။ ဒီယပ်တောင်ကို ရရင် ခင်ဗျားရဲ့ စွမ်းအားက သေချာပေါက် အများကြီး တိုးလာမှာပဲ။”
ဟုန်ယွိက သူ၏ လက်ထဲရှိ ကောင်းကင်ယပ်တောင်ကို ဝှေ့ယမ်းပြလိုက်၏။
“ကျုပ် ဒီယပ်တောင်ကို ကျင်းရွှမ်အာကို အရင်ပေးထားမယ်။ သူမ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင်ပေါ့။” ဟုန်ယွိက ပြောသည် “အဘိုးတစ်ယောက်က ကိုယ့်မြေးမလေး ကို ကာကွယ်ဖို့ တစ်ခုခု ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပေါ့။”
“ကောင်းပြီလေ၊ မင်းက မျောက်ဝံဖြူဘုရင်ကို ဂိုဏ်းချုပ်နေရာရအောင် ကူညီချင်တယ် ဆိုရင် ငါလည်း ကူညီပေးပါ့မယ်။ ကျင်းရွှမ်အာရဲ့ အခုလို တိုးတက်မှုတွေက မင်းကြောင့် ဆိုတော့ ငါတို့လည်း မိသားစုလို ဖြစ်သွားပါပြီ။ အဲဒီတော့ ငါ့ရဲ့ ဒီပုံတူကိုယ်ပွား ခန္ဓာကိုယ် ကို လွှတ်ပေးတော့လေ။” ရွှေပင့်ကူဘုရင်သည် ခေတ္တမျှ တွေဝေသွားပြီးမှ ရုတ်တရက် ပြောလိုက်လေသည်။
“သေချာတာပေါ့။”
ဟုန်ယွိသည် ပြုံးလျက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ကမ္ဘာကြီးသည် ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး ရွှေပင့်ကူဘုရင်သည် ရွက်လွှင့်နေသော သင်္ဘော တစ်စင်း၏ ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွား၏။
ဝုန်း! လေထုထဲက တုန်ခါသွားပြီး တံခါးတစ်ခု ပွင့်လာလေသည်။
ရွှေပင့်ကူဘုရင်သည် ထိုတံခါးကို မြင်သောအခါ အော်ဟစ်လျက် အပြင်သို့ ပြေးထွက် လိုက်၏။ သူသည် ကျင်းရွှမ်အာကို တစ်ဖန် ပြန်လည် မြင်တွေ့ရပြီး သူမ၏ လက်တစ်ဖက် တွင် အိတ်ကြီးတစ်လုံးနှင့် အခြားတစ်ဖက်တွင် ကောင်းကင်ယပ်တောင်ကို ကိုင်ထားသည် ကို တွေ့လိုက်ရသည်။
“ကဲ… သခင်ကျင်း။ အခု ခင်ဗျား ယွမ်တူးကို သွားပြီး မျောက်ဝံဖြူဘုရင်နဲ့ ဆက်သွယ် လိုက်ပါ၊ အခြေအနေတွေကို ထိန်းထားနိုင်အောင် ကူညီပေးပါ။ ကျုပ်လည်း မကြာခင် ယွမ်တူးကို လိုက်လာခဲ့မယ်။ ပြီးတော့ ချန်ပီယံမြို့စားကိုလည်း စောင့်ကြည့်ပေးထားပါ ဦး။” ဟုန်ယွိက ပြောသည်။
“ကျင်းရွှမ်အာ… ကြိုးစားကျင့်ကြံနေ။ အမြန်ဆုံး တစ္ဆေအင်မော်တယ် ဖြစ်အောင်လုပ်။ အဲဒီကျရင် နင် လူပြန်ဖြစ်နိုင်ပြီ။” ရွှေပင့်ကူဘုရင်သည် သူမကို ကြည့်ကာ ပြောဆိုပြီး နောက် တိမ်တိုက်များထဲသို့ ခုန်တက်၍ ပျောက်ကွယ်သွားတော့သည်။
ထိုနေရာသည် အနောက်ဘက် တောင်တန်း၏ နက်ရှိုင်းသော နေရာပင် ဖြစ်၏။
“ကျင်းရွှမ်အာ… သွားကြစို့။” ဟုန်ယွိသည် ရွှေပင့်ကူဘုရင် ပျောက်ကွယ်သွားသော ဘက် သို့ ကြည့်ကာ ပြောလိုက်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ဦးလုံး စကြဝဠာ အိတ်ထဲသို့ ဝင်သွားကြသည်။ စကြဝဠာအိတ်သည် လေဟာနယ်ကို ဖောက်ထွက်ကာ အစအနမကျန် ပျောက်ကွယ်သွားလေတော့သည်။
ဟုန်ယွိ ထွက်ခွာသွားပြီးနောက်၌ ရွှေပင့်ကူဘုရင်သည် မြေပြင်အောက်မှ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
“ဒါက ကျောက်စိမ်းမြို့တော် အပြင်ဘက်က အနောက်ဘက် တောင်တန်းရဲ့ နက်ရှိုင်းတဲ့ နေရာပဲ။ ဒီတာအိုသခင်က ဘယ်သူလဲ။ သူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်သလို၊ မှော်စွမ်းအားကလည်း တော်တော်ကို မြင့်မားတာပဲ။ သူက စကြဝဠာအိတ်ကို သုံးပြီး လေဟာနယ်ကို ဖြတ်ကျော် သွားလာနိုင်တာလား။ ကျင်းရွှမ်အာက ဘယ်လိုလုပ်ပြီး ဒီလို အစွမ်းထက်တဲ့လူနဲ့ သိခဲ့တာလဲ။ ငါ အရင်ဆုံး ယွမ်တူးကို သွားပြီး မျောက်ဝံဖြူဘုရင်ဆီက နေ သတင်းစုံစမ်းကြည့်တာ အကောင်းဆုံးပဲ။”
ပြောဆိုပြီးနောက် ရွှေပင့်ကူဘုရင်သည် လှုပ်ရှားလိုက်ရာ မျက်စိတစ်မှိတ်အတွင်း၌ပင် အစအနမကျန် ပျောက်ကွယ်သွားလေတော့သည်။
ထို့နောက် အမွှေးတိုင် တစ်ဝက်စာခန့် ကြာသောအခါ၌ ရုတ်တရက် ကောင်းကင်ယံမှ လေပြင်းတစ်ချက် တိုက်ခတ်လာ၏။ ဤလေပြင်းသည် အလွန်အမင်း ပူပြင်းလှပေသည်။ ၎င်းသည် သဲကန္တာရ အလယ်ခေါင်မှ တိုက်ခတ်လာသော လောင်မြိုက်သည့် လေပြင်းကဲ့သို့ မြေပြင်ပေါ်သို့ တိုက်ခတ်လိုက်သည့်အခါ မြက်ခင်းစိမ်းများပင်လျှင် လောင်ကျွမ်းသည့် အနံ့များ ထွက်ပေါ်လာတော့သည်။
ထို့နောက် ဤပူပြင်းသော လေသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရာ လူတစ်ဦး ပေါ်လာ ၏။
ထိုသူသည် အလွန်တရာ ခန့်ညားထည်ဝါသော လူငယ်တစ်ဦး ဖြစ်သော်လည်း သူ၏ ဆံပင်များမှာ အညိုရောင်ရှိပြီး မျက်ဝန်းတစ်စုံမှာမူ တည်ငြိမ်နေသော ရေကန်ကြီးအလား ပြာလဲ့နက်ရှိုင်းနေ၏။ ဤလူငယ်သည် တော်ဝင်ချန် အင်ပါယာမှ မဟုတ်ဘဲ အနောက်ဘက်ဒေသမှ လာသော အဆင့်မြင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း ထင်ရှားလှ ပေသည်။
“ဟွန့်… ဒီရွှေပင့်ကူဘုရင်ကတော့ တကယ့်ကို 'ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းဘုရင် တစ်ဆူပဲ။ ငါ 'မိုင်သောင်းချီ ဝိညာဉ်ချိတ်ပိတ်ခြင်း' နည်းလမ်းနဲ့ သူ့နောက်ကို လိုက်ခဲ့တာ တောင် သူ့နေရာကို အတိအကျ မသိရသေးဘူး… ဒီတစ်ခါ တူယွမ် အသတ်ခံလိုက်ရတော့ ယဇ်ပုရောဟိတ်ကြီးက အနောက်ဘက်ဒေသ နိုင်ငံအားလုံးကို တော်ဝင်ချန်ကို တိုက်ဖို့ 'ဓမ္မစစ်ပွဲ' ဆင်နွှဲဖို့ အမိန့်ပေးလိုက်ပြီ။ တစ်ချိန်တည်းမှာပဲ ငါတို့ အဆင့်မြင့်ဘုန်းကြီး သုံးပါးကို ရွှေပင့်ကူဘုရင်နောက် လိုက်ဖို့ လွှတ်လိုက်တာ။”
ထိုအနောက်ဘက်ဒေသမှ လူငယ်၏ မျက်လုံးများမှာ အရောင်တောက်နေပြီး သူ တစ်ကိုယ် တည်း စကားပြောနေပုံမှာ, သူသည် အနှစ်သာရ နတ်ဘုရားကျောင်း၌ သူ၏ အဆင့်အတန်း မြင့်မားမှုကို ဖော်ပြနေလေသည်။
“ဒါက တော်ဝင်ချန်ရဲ့ ကျောက်စိမ်းမြို့တော်လား။ ကမ္ဘာ့နံပါတ်တစ် မြို့တော်ဆိုတဲ့အတိုင်း တကယ့်ကို ခန့်ညားထည်ဝါလှတာပဲ။”
သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ပူပြင်းသော အတွေးတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွား၏။ သူသည် မိုင် ၇၀၊ ၈၀ ခန့် ဝေးကွာသော ကျောက်စိမ်းမြို့တော်ကို သူ၏ အတွေးဖြင့် လေ့လာနေခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
“ဟွန့်… ဒီမြို့တော်က မကြာခင် ငါတို့ ကျောင်းတော်ရဲ့ လက်အောက်ကို ရောက်လာမှာပဲ။ ဒီတစ်ခါ ငါတို့ အနှစ်သာရ နတ်ဘုရားကျောင်းက ဓမ္မစစ်ပွဲ စတင်လိုက်ပြီ၊ နယ်စားပေါင်း ၈၀ ကျော်နဲ့ စစ်သည်တော် သန်းပေါင်းများစွာကို စုစည်းထားပြီးပြီ။”
အလွန်ခန့်ညားသော ထိုလူငယ်သည် ယုတ်မာစွာ ပြုံးလိုက်ပြီး ကန့်နံ့များပါသော လေပြင်း တစ်ခုအဖြစ် ပြောင်းလဲလျက် ကျောက်စိမ်းမြို့တော်ရှိ လမ်းမတစ်ခုပေါ်သို့ ရောက်ရှိသွား တော့သည်။ သူ ဆင်းသက်လိုက်သည့်အခါ 'လေဟာနယ် ပုံရိပ်ယောင်ကမ္ဘာ' နည်းလမ်းကို အသုံးပြုထားသဖြင့် သာမန်လူများမှာ သူ့ကို လုံးဝ မမြင်နိုင်ကြပေ။
“အနှစ်သာရ နတ်ဘုရားကျောင်းမှာ အဆင့်မြင့်ဘုန်းကြီး လေးပါး ရှိတယ်။ သူတော်စင် တူယွမ်၊ သူတော်စင်ဘား၊ သူတော်စင်နော့စ်နဲ့ သူတော်စင် တောက်ဖူ… ခင်ဗျားက ဘယ်သူလဲ။”
အလွန်ခန့်ညားသော ထိုလူငယ်သည် ကျောက်စိမ်းမြို့တော် လမ်းကြားထဲသို့ ဆင်းသက် လျက် အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် လမ်းကြား၏ အဆုံးမှ အသံတစ်သံက ရုတ်တရက် ဟည်းထွက်လာလေတော့သည်။
“ဘယ်သူလဲ။”
ထိုအနောက်ဘက်ဒေသမှ လူငယ်သည် အသံလာရာဘက်သို့ ကြည့်လိုက်သော်လည်း ထိုနေရာမှာ ဗလာဖြစ်နေလေသည်။
“အော်… ခင်ဗျားက ခင်ဗျားရဲ့ စိတ်ဝိညာဉ်နဲ့ ရုပ်လုံးဖော်ပြီး လာတာဆိုတော့ ကျုပ်ကို မမြင်နိုင်တာ မဆန်းပါဘူး။ တကယ်လို့, ခင်ဗျားမှာသာ အသွေးအသား ခန္ဓာကိုယ်ရှိနေရင်, ကျုပ်ကို မြင်နိုင်မှာပါ။ ကျုပ်က တော်ဝင်ချန်ရဲ့ ဧကရာဇ်အကြံပေးတစ်ဦးအနေနဲ့ ဒီနိုင်ငံကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ခင်ဗျားရဲ့ အတွေးတွေက ဒီကျောက်စိမ်းမြို့တော် အပေါ် မှာ တစ်နာရီလုံးလုံး ရစ်ဝဲနေတာလေ။ ကျုပ်သာ ဒါကို သတိမထားမိရင် လူသား အင်မော်တယ်လို့ ခေါ်ဆိုဖို့ မထိုက်တန်တော့ဘူးပေါ့။”
ထိုအသံသည် အေးအေးဆေးဆေးပင် ရှင်းပြနေ၏။ အနောက်ဘက်ဒေသမှ လူငယ်သည် လေထဲသို့ ခုန်တက်လိုက်သော်လည်း နောက်ကျသွားလေပြီ။ လူရိပ်တစ်ခုသည် သူ၏ ရှေ့၌ ရုတ်တရက် ပေါ်လာလေသည်။ ထိုလူရိပ်သည် ခရမ်းရွှေရောင် သရဖူကို ဆောင်းထားပြီး နတ်ဘုရားများ၏ ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားလှသည်။ သူသည် လောက၌ အကြောက်စရာအကောင်းဆုံး စွမ်းအားကို လက်ထဲတွင် ဆုပ်ကိုင်ထားလျက် လူငယ်ထံသို့ လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်လေတော့သည်။
ဘုန်း…။
အနောက်ဘက်ဒေသမှ လူငယ်၏ စိတ်ဝိညာဉ်သည် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားလေ တော့သည်။ လူသားအင်မော်တယ် တစ်ဦး၏ လက်သီးချက် တိုက်ရိုက်ထိမှန်ခြင်း ဖြစ်ရာ၊ အတိတ်ကျမ်းကို ကျင့်ကြံထားသည့် ဟုန်ယွိပင် ဖြစ်စေဦးတော့ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ အခြားလူများဆို ပြောစရာပင် မလိုပါချေ။