← Chapters

အစစ်အမှန်သူရိယချီလင်ကျောက်တုံး ဝိညာဉ်အမြစ်

Vol. 28 Ch. 275

အစစ်အမှန်သူရိယချီလင်ကျောက်တုံး ဝိညာဉ်အမြစ်

Vol. 28 Ch. 275

ရှစ်မျက်နှာစားသောက်ခန်းမအတွင်း၌...

တိမ်တိုက်များကိုစီးနင်းကာ ချက်ချင်း ထွက်ခွာသွားသော ကျန်းချန်းလင်မှလွဲ၍ ကျန်ရှိနေသော သူအားလုံးသည် မိန်းကလေးမေ့၏ နောက်သို့ လိုက်ပါကာ ဤနေရာသို့ ပြန်ရောက်လာကြလေ၏။

အမှန်စင်စစ် လူအရေအတွက်မှာ သိပ်မပြောင်းလဲလှပေ။ အကြောင်းမှာ အများစုသည် ဂူဗိမာန်အတွင်းသို့ မဝင်ရောက်ခဲ့ကြသောကြောင့် ဖြစ်သည်။ လူအယောက် သုံးလေးဆယ်ခန့်သာ သေဆုံးခဲ့ရသည်။

သို့သော် လေထုအခြေအနေမှာမူ မိုးနှင့်မြေ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ စည်ကားသိုက်မြိုက်နေခြင်းမျိုး မဟုတ်တော့ပေ။

ရှန်းယီသည် ပုံမှန်အတိုင်းပင် ထောင့်တစ်နေရာ၌ ဝင်ထိုင်လိုက်လေ၏။ သို့သော် ယခုတစ်ကြိမ်တွင် ချန်ကျုံးနှင့် အားချင်းတို့ပါ သူနှင့်အတူ ရှိနေကြသည်။

လက်ဖက်ရည်ခွက်ကို ကိုင်ထားရုံမျှဖြင့်ပင် သူသည် အရိပ်ထဲမှမရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်နိုင်နေပြီဖြစ်သည်။

စောစောက ချင်းဖုန်းကျန်းရမ် ရှိနေစဉ်ကတည်းက ထိုလူငယ်လေးသည် လူတိုင်း၏အာရုံစိုက်မှုကို ခံခဲ့ရပြီး ဖြစ်သည်။ ယခု ချင်းဖုန်းကျန်းရမ် အပေါ်ထပ်သို့တက်သွားပြီ ဖြစ်သော်လည်း ကျန်ရှိနေသော သူများအကြားတွင် ဟွမ်ယွမ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့်အတူ ထွက်ပေါ်လာသော ထိုပုံရိပ်သည် သိချင်စိတ်များကို မလွဲမသွေ နှိုးဆွနေတော့သည်။

သူသည် တိမ်တိုက်များကို စီးနင်းလျက် ရောက်ရှိလာသဖြင့် ဟွမ်ယွမ်အဆင့် အရှိန်အဝါကို ထုတ်ဖော်ပြသခဲ့သော်လည်း ကနဦးအဆင့် တွင်သာ ရှိနေသေး၏။

အသက်ရှင် ကျန်ရစ်သော သိုင်းအရှင်သခင် အားလုံးနီးပါးက သူ့ကို အကြီးအကဲတစ်ယောက်လို လေးစားသမှုဆက်ဆံရလောက်အောင် ဂူဗိမာန်ထဲတွင် ဘာတွေများ ဖြစ်ပျက်ခဲ့သနည်း။

နတ်ဆိုးဘုရင်သုံးပါး၏လက်မှ လူတိုင်း၏ အသက်ကို ကယ်တင်ပေးခဲ့သည်ဟု ပြောကြသည်လော။ သူကပင် ထိုနတ်ဆိုးများကို သတ်ဖြတ်ခဲ့သည်လော။

ထိုအချက်ကို တွေးကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ရှန်းယီ ထိုင်နေသည့် နေရာသည် ထောင့်ကျကျ နေရာလေးတစ်ခုသာ ဖြစ်သော်လည်း ကျင့်ကြံသူများ နေရာယူထားပုံအရ ၎င်းသည် အဓိက ထိုင်ခုံဖြစ်သွားသကဲ့သို့ပင်။

အနီးအနားမှ ဆွေးနွေးသံများကို နားထောင်ရင်း မျက်နှာတွင်မှဲ့နက်ပါသော အမျိုးသားတစ်ဦးသည် မျက်လုံးကိုလှိမ့်ကြည့်လိုက်ပြီး ရုတ်တရက် ဝိုင်အကောင်းစား တစ်ခွက်ကို ငှဲ့ကာ ခွက်ကို ကိုင်လျက် ထိုထောင့်နေရာသို့ လျှောက်သွားလိုက်၏။

"အကြီးအကဲ... ကျွန်တော်က..."

သူသည် ဝိုင်ခွက်ကို လေးစားစွာ ကမ်းပေးလိုက်သည်။ သို့သော် စကားမဆုံးခင်မှာပင် ချန်ကျုံးက မတ်တတ်ရပ်ကာ သူ့လမ်းကို ပိတ်ဆို့လိုက်ပြီး တီးတိုး သတိပေးလိုက်၏။

"အရမ်းကပ်မလာပါနဲ့"

အကြီးအကဲရှန်းသည် ဒဏ်ရာ အပြင်းအထန် ရထားသဖြင့် သတိထားရန် လိုအပ်နေသေးသည်။

"အော်... အော် ကျွန်တော် စည်းကမ်းကို နားလည်ပါတယ်"

မှဲ့နက်နှင့် လူသည် အနေခက်စွာ ရယ်မောလိုက်ပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်း အလျင်အမြန် ဆုတ်ခွာလိုက်၏။ ထို့နောက် ဝိုင်ခွက်ကို မြှောက်ကာ ဆုတောင်းစကားဆိုပြီး မော့သောက်လိုက်၏။

"ဂျူနီယာ မာကွမ်းရှန်းက တိုက်ခိုက်ရေးမှာ မကျွမ်းကျင်ပေမယ့် ရှားပါးရတနာတွေကို စုဆောင်းရတာ နှစ်သက်ပါတယ်။ အကြီးအကဲ အနေနဲ့ အနာဂတ်မှာ တစ်စုံတစ်ရာ လိုအပ်ခဲ့ရင် ကျွန်တော့်ကို အမိန့်ပေးခိုင်းစေနိုင်ပါတယ်"

သူ့စကားဆုံးသည်နှင့် အနီးအနားမှ အခြားအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။

"အကြီးအကဲ... ဒီလူက စုဆောင်းရတာပဲ ကြိုက်တာပါ၊ ဒါပေမဲ့ သူ့အကြည့်တွေက သိပ်ညံ့ဖျင်းလွန်းတော့ မကြာသေးခင်ကပဲ အလိမ်ခံထားရတာ၊ အခု သူ့ရဲ့တန်ဖိုးမရှိတဲ့ အဖိုးတန် ကိရိယာတွေကို နေရာတကာ လိုက်ရောင်းထုတ်ဖို့ ကြိုးစားနေတာပါ။ သူ့ရဲ့ ချိုသာတဲ့ စကားလုံးတွေအောက်မှာ အလိမ်မခံရပါစေနဲ့"

ဆိုရိုးစကား ရှိသည့်အတိုင်းပင်

တစ်စုံတစ်ယောက်၏ ဥစ္စာဓနကို လုယူခြင်းသည် ထိုသူ၏မိဘကို သတ်ဖြတ်ခြင်းနှင့် တူညီလေ၏။

ထိုကဲ့သို့သော ယုတ်မာသည့် လုပ်ရပ်မျိုးသည် ရှစ်မျက်နှာစားသောက်ခန်းမတွင် ရှားပါးလှသည်။

မှဲ့နက်နှင့်လူသည် ဒေါသတကြီး လှည့်ကြည့်လိုက်သော်လည်း စကားပြောလိုက်သူမှာ သူ့ထက် ကျင့်ကြံခြင်းအဆင့် များစွာမြင့်မားသော ဟွမ်ယွမ် သိုင်းအရှင်သခင်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မကြောက်မရွံ့ ပြန်ကြည့်ရုံသာ တတ်နိုင်တော့သည်။

ထိုလူက အေးစက်စွာနှာမှုတ်လိုက်ပြီးနောက် ရှန်းယီကို လေးစားစွာ ပြုံးပြလိုက်၏။ လူငယ်လေး၏ ကယ်တင်မှုကြောင့် အသက်ရှင်ခဲ့ရသော သူတို့သည် ထိုလူငယ် အလိမ်ခံရမည့်အရေးကို လက်ပိုက်ကြည့်မနေနိုင်ကြပေ။

"သတိပေးတာ ကျေးဇူးပါပဲ"

ရှန်းယီက ခေါင်းညိတ် တုံ့ပြန်လိုက်ပြီးနောက် သူ့ဘေးမှ မာကွမ်းရှန်းကို မော့ကြည့်လိုက်လေ၏။

အမှန်တော့ သူ ဤလူကို မှတ်မိပေသည်။

အစောပိုင်းက ဤလူလှောင်ပြောင်ခံနေရသော မြင်ကွင်းကို ချင်းဟွာပင် သွားကြည့်ခဲ့သေး၏။

"ထိုင်ပါဦး"

ရှန်းယီက လက်ဟန်ပြ၍ ဖိတ်ခေါ်လိုက်၏။ ယခုအခါ သူ့တွင် ဥစ္စာဓနများ ပြည့်နှက်နေသော သိုလှောင်အိတ်များစွာ ရှိနေပြီ ဖြစ်သည်။

တကယ်လို့ ပစ္စည်းကောင်းများ ရှိနေလျှင် သူ ကြည့်ရှုရသည်ကို ဝန်လေးမည် မဟုတ်ပေ။

အလိမ်ခံရမည့် ကိစ္စအတွက်ဆိုလျှင်တော့... နယ်ပယ်တိုင်းမှာ ကျွမ်းကျင်သူတွေ ရှိစမြဲပင်။ သူသည် အားချင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ဟုတ်ကဲ့"

အားချင်းသည် ချက်ချင်း ခါးမတ်မတ်ထိုင်ကာ သူမ၏ဝတ်ရုံကို သပ်ရပ်အောင် ပြုလုပ်ရင်း မျက်လုံးများကို ပွတ်သပ်လိုက်၏။

ဤအရာကို မြင်လိုက်ရတဲ့အခါ မာကွမ်းရှန်း ရုတ်တရက် ထိတ်လန့်သွား၏။

ခရီးသွားတဲ့အခါ ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူကိုပါ ခေါ်ဆောင်သွားရအောင် ဘယ်လောက်တောင် ချမ်းသာကြွယ်ဝတဲ့သခင်လေးမို့လို့ လုပ်နိုင်ရတာလဲ။

သို့သော် စကားက ပြောပြီးသွားပြီ ဖြစ်၍ ယခုမှ ထွက်ခွာသွားလျှင် လူလိမ်ဟူသော ဂုဏ်ပုဒ်ကို အတည်ပြုလိုက်သလို ဖြစ်သွားလိမ့်မည်။

ခါးသီးသော အပြုံးဖြင့် သူသည် သိုလှောင်အိတ်ကို ထုတ်ယူပြီး စားပွဲပေါ်သို့ လှုပ်ခါလိုက်၏။

"ခွင့်လွှတ်ပါ အကြီးအကဲ၊ အရင်တုန်းကတော့ ကျွန်တော့်မှာပစ္စည်းကောင်းတွေ အများကြီး ရှိခဲ့ဖူးပါတယ်၊ မှော်ရတနာတွေနဲ့တောင် အရောင်းအဝယ် လုပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုတော့ အခြေအနေ နည်းနည်း ကျပ်တည်းနေလို့ပါ။ ကျွန်တော် အကြီးအကဲကို မလှည့်စားရဲပါဘူး။ ဒါက ကျွန်တော့်မှာ ကျန်တဲ့ တစ်ခုတည်းသော ပစ္စည်းပါပဲ။ အကယ်၍ အကြီးအကဲ သဘောကျတယ်ဆိုရင် ကြိုက်တဲ့ဈေး ပေးနိုင်ပါတယ်"

ကျောက်စိမ်းသေတ္တာ တစ်လုံး အိတ်ထဲမှ ပြုတ်ကျလာသည်။

မာကွမ်းရှန်း သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်ရာ လက်မအရွယ်အစားခန့် ရှိသော သာမန် ခရမ်းရောင် ကျောက်တုံးတစ်တုံး ပေါ်ထွက်လာလေ၏။

သူ ရှင်းပြရန် ပြင်လိုက်စဉ်မှာပင်...

အားချင်းက လက်ကာပြလိုက်ပြီး ကျောက်တုံးကို ခေတ္တမျှ အလေးအနက် လေ့လာလိုက်သည်။ ထို့နောက် လှည့်၍ တိုးတိုးလေး ပြောလိုက်၏။

"အဆင့်မြင့် ဝိညာဉ်အမြစ်ဖြစ်တဲ့ အစစ်အမှန်သူရိယချီလင်ကျောက်တုံး ပါ၊ ဒါပေမဲ့ နှမြောစရာကောင်းတာက ဆိုးယုတ်ခြင်းစွမ်းအင်တွေ ညစ်ညမ်းနေပြီးမအောင်မြင်တဲ့ သန့်စင်ဖို့ ကြိုးစားထားတဲ့ခြေရာတွေ ကျန်နေတယ်။ အဲဒီအပေါ်က ကျိန်စာအမှတ်က ရွှမ်ရှီတောင် ဟွမ်မိသားစုဆီက လာတာပါ"

သူမ ပြောလိုက်သည့် စကားတစ်ခွန်းချင်းစီတိုင်းတွင် မာကွမ်းရှန်း၏ ပါးစပ်မှာ ပို၍ပို၍ ဟသွားရသည်။

ချန်ကျုံးပင် ကြောင်အမ်းသွားလေ၏။

"တန်ဖိုးရှိလား" ရှန်းယီက ထိုအချက်ကိုသာ ဂရုစိုက်သည်။

"တန်ဖိုးမရှိပါဘူး" အားချင်းက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

ထိုစကားကြောင့် မာကွမ်းရှန်းမှာ စိုးရိမ်လွန်းသဖြင့် ခုန်ပေါက်လုမတတ် ဖြစ်သွားရလေ၏။

"မင်းက ဗဟုသုတ ကြွယ်ဝပြီး တတ်ကျွမ်းတယ် ဆိုပေမယ့် ဈေးကို ဒီလောက်ကြီးနှိမ်လို့မရဘူးလေ"

"ကောင်းပြီလေ၊ နည်းနည်းတော့ တန်ဖိုးရှိပါတယ်"

အားချင်းက မတုန်မလှုပ် ပြောလိုက်၏။

"အမှန်အတိုင်းပဲ ပြောလိုက်ပါ" ရှန်းယီက ဘေးကိုကြည့်ရင်း ဂရုမစိုက်သလို ပြောလိုက်သည်။

သူ လိုအပ်သည့် အရာများ များပြားလွန်းသဖြင့် ဤကဲ့သို့သော အသေးအဖွဲကိစ္စလေးများကြောင့် သူ၏ဂုဏ်သိက္ခာကို အထိခိုက်ခံစရာ မလိုပေ။ အနီးနားရှိ လူတစ်ယောက်ယောက်၏သိုလှောင်အိတ်ထဲတွင် သူ ရှာဖွေနေသော ရတနာများ ပါဝင်နေမည်လော မည်သူသိနိုင်မည်နည်း။

အမြတ်ထုတ် မခံရသလို၊ သူများကိုလည်း အမြတ်မထုတ်သင့်ပေ။

ထိုကဲ့သို့သော အထင်အမြင်မျိုး ထားရစ်ခဲ့မှသာ အခြားသူများက ရှေ့ထွက်လာပြီး သူတို့၏ ရတနာများကို သူ့အား ထုတ်ပြချင်စိတ် ရှိကြပေလိမ့်မည်။

"အော်..."

အားချင်းက ခေါင်းညိတ်လိုက်ပြီး သဘောပေါက်သွားပုံရသည်။ ထို့နောက် သူမ ဆက်ပြောလိုက်၏။

"တကယ်တော့ ဒီလို အဖိုးတန်ကိရိယာမျိုးကို တန်ဖိုးဖြတ်ရတာ တော်တော် ခက်ခဲပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက အသိဉာဏ်ပွင့်လင်းလာတဲ့ အဆင့်မြင့်ဝိညာဉ်အမြစ် မဟုတ်ဘဲ အညစ်အကြေးတွေ စွန်းထင်းနေတဲ့ အရာမို့လို့ပါ။ ဒါပေမဲ့ သန့်စင်ဖို့ အခွင့်အရေးတော့ ရှိပါသေးတယ်"

"သူက ဟွမ်မိသားစုအနေနဲ့ ဒီအပေါ်က ဆိုးယုတ်ခြင်းစွမ်းအင်ကို သန့်စင်ပေးနိုင်မလားဆိုတာ လောင်းကြေးထပ်ဖို့ မျှော်လင့်ခဲ့ပုံရတယ်"

"ပြီးတော့ သူ အဲဒီလောင်းကြေး ရှုံးသွားခဲ့တာပေါ့" သူမက ဆက်ပြောလိုက်၏။

ဤအရာကို ကြားလိုက်ရလျှင် မာကွမ်းရှန်း ရင်ဘတ်ကို တူဖြင့်ထုလိုက်သလို ခံစားလိုက်ရပြီး လေးလံစွာ သက်ပြင်းချလိုက်မိသည်။

"ကျွန်တော် တကယ်ပဲ ပိုပြီး အစွမ်းထက်တဲ့ အဖွဲ့အစည်းတွေကို မသိတော့ပါဘူး။ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်တစ်ခုခုနဲ့ လဲမယ်ဆိုရင် ကျွန်တော် သဘောတူပါတယ်"

အဆင့်မြင့် ဝိညာဉ်အမြစ်နှင့် အလယ်အလတ်အဆင့် တစ်ခုကြား ကွာခြားချက်သည် ဆယ်ဆမက ရှိလေ၏။ ကြည့်ရသည်မှာ သူ တကယ်ပင် မျှော်လင့်ချက်မဲ့နေသော အခြေအနေသို့ ရောက်နေပုံရသည်။

"သူ့ရဲ့ဝတ်ရုံနဲ့ လည်ပင်းက ဆွဲကြိုးကိုပါ ထည့်လိုက်မှတန်ဖိုးချင်း ညီမျှလောက်မယ်... ဒါပေမဲ့ အစ်ကိုရှန်းမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ မရှိဘူးဆိုရင်တော့ သူနဲ့ အရောင်းအဝယ်လုပ်ဖို့ ကျွန်မ အကြံမပေးချင်ဘူး"

အားချင်းသည် မှဲ့နက်နှင့်လူကို စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် ရှန်းယီဘက်သို့ လှည့်ကာ ပြောလိုက်၏။

"ဒီတစ်ခါတော့ အမှန်အတိုင်း ပြောတာပါ"

မာကွမ်းရှန၏ မျက်နှာထားသည် အလီလီ ပြောင်းလဲသွားပြီးနောက် အံကိုကြိတ်ကာ သူ၏ အပေါ်ဝတ်ရုံများကို အလျင်အမြန် ချွတ်လိုက်ရာ အတွင်းခံ အင်္ကျီအဖြူသာ ကျန်တော့သည်။

ထို့နောက် ပြတ်သားမြန်ဆန်သော လှုပ်ရှားမှုဖြင့် ဆွဲကြိုးကို ဆွဲဖြုတ်ပြီး စားပွဲပေါ်သို့ ရိုက်ချလိုက်လေ၏။

ဟွမ်ယွမ် သိုင်းအရှင်သခင်တစ်ယောက် လူများစွာ၏ရှေ့မှောက်တွင် ဤကဲ့သို့သော မျှော်လင့်ချက်မဲ့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။

ဘေးမှ ကြည့်နေသူများမှာ ရယ်မောချင်စိတ်ကို မနည်း ထိန်းထားရ၏။

"..."

ရှန်းယီသည် ကျောက်စိမ်းသေတ္တာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏သိုလှောင်ရတနာထဲသို့ လက်နှိုက်ကာ နဂါးမီးလျှံကျောက်စိမ်းလင်ရှီး(မှို) တစ်ခုကိုထုတ်ယူ၍ ကမ်းပေးလိုက်သည်။

"ကျွန်တော့်အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ"

မာကွမ်းရှန်းသည် တုန်ရီနေသော လက်များဖြင့် ၎င်းကို ကိုင်ထားလိုက်ရာ အပူရှိန်ကြောင့် အရေပြားများ ပူလောင်သွားသော်လည်း အံကြိတ်ကာ သူ့သိုလှောင်ရတနာထဲသို့ အမြန် သိမ်းဆည်းလိုက်လေ၏။

သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် နောက်ကျောဘက်မှတိုးညှင်းသော အသံတစ်သံကို ကြားလိုက်ရသည်။

"မင်း အဝတ်တွေ ပြန်ယူသွားလိုက်ပါ၊ ငါ့ဆီကနေ ခေတ္တငှားထားတယ်လို့ သဘောထားလိုက်၊ နောက်တစ်ခါမှ ရှင်းကြတာပေါ့"

ထိုစကားကြောင့် မာကွမ်းရှန်း တောင့်တင်းသွားပြီးနောက်လှည့်၍ သူ့အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ အားပါးတရ ခေါင်းညိတ်လိုက်သည်။ သူ၏ အသံမှာ အနည်းငယ် တုန်နေသော်လည်း စစ်မှန်သော ကျေးဇူးတင်ရှိမှုများ ပါဝင်နေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ...

အခြားသူများ အနည်းငယ် ကြောင်အမ်းသွားကြ၏။

ဆိုတ်ခြင်းစွမ်းအင်ညစ်နွမ်းနေသော အဆင့်မြင့် ဝိညာဉ်အမြစ် တစ်ခုသည် တန်ဖိုးရှိသည်မှာ မှန်သော်လည်း မည်သူကမျှ အမှန်တကယ် မလိုချင်ကြပေ။ ရောင်းမထွက်ဘဲ စိတ်ပျက်စရာ ကောင်းသော ပစ္စည်းမျိုး ဖြစ်သည်။

မင်ရောင်ဝတ်ရုံနှင့် လူငယ်လေးသည် ၎င်းကို ဝယ်ယူလိုက်ရုံသာမက ဈေးပင် မဆစ်ခဲ့ပေ။

နောက်တစ်ခါဟုပင် ပြောလိုက်သေးသည်လော။

သူ့ဘေးတွင် ထူးကဲသော အမြင်အာရုံရှိသည့် ရတနာကျွမ်းကျင်သူ တစ်ဦး ရှိနေသော်လည်း...

ဤကဲ့သို့ ဥပဒေမဲ့သော နေရာမျိုးတွင် တရားမျှတသော ကုန်သွယ်မှုမျိုး ရှိခြင်းသည် အလွန်အမင်း ရှားပါးလှလေ၏။

တစ်ခဏချင်းမှာပင် လူများစွာသည် သူတို့၏ကံကို စမ်းကြည့်ရန် စိတ်အားထက်သန် လာကြတော့သည်။

All Chapters