← Chapters

အလယ်အလတ်အဆင့် ဟွမ်ယွမ်

Vol. 28 Ch. 278

အလယ်အလတ်အဆင့် ဟွမ်ယွမ်

Vol. 28 Ch. 278

ရှန်းယီသည် အနည်းငယ်အက်ကွဲနေသော ရွှေရောင်ပုတီးစေ့ကိုထုတ်ယူလိုက်၏။

ချင်းဟွာကို အချိန်မရွေးရွှေခန္ဓာဓမ္မကိုယ်ထည်အဖြစ်ပြောင်းလဲနိုင်ရန် အသင့်အနေအထားဖြင့် အနီးတွင် စောင့်နေစေသည်။

ထို့နောက် သူသည် စနစ်ဘောင်ကွက်ကို ဖွင့်လိုက်ပြီး နတ်ဆိုးသက်တမ်းများကို အသုံးပြုကာ ကောင်းကင်ဝါးမြိုစွမ်းအင်ကျင့်စဉ်ထဲသို့ စတင် လောင်းထည့်လိုက်သည်။

ဝိညာဉ်အမြစ်ကိုသန့်စင်ရာတွင် အထူးလျှို့ဝှက်ချက်အချို့ ရှိကောင်း ရှိနိုင်၏။

ဥပမာအားဖြင့် ဆရာဖြစ်သူက တပည့်၏ဝိညာဉ်အမြစ်နှင့် တာအိုဝိညာဉ်ကို ကိုယ်တိုင် လေ့လာပြီးနောက် ၎င်းတို့အတွက် အထူးသီးသန့် သန့်စင်နည်းကို ဖန်တီးပေးခြင်းမျိုး ဖြစ်သည်။

သို့သော် ရှန်းယီအနေဖြင့် ထိုကဲ့သို့သော အခွင့်ထူးမျိုး ရရှိမည် မဟုတ်ကြောင်းကောင်းစွာသိသည်။

ဝူထုံတောင်ကနောက်ထပ် တပည့်လက်ခံရန် အစီအစဉ်မရှိသည်မှာ ရှင်းလင်းလှပြီး၊ ယခင်က ရွှမ်ကွမ်းဂူသည် ဖြစ်နိုင်ချေရှိသော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သော်လည်း သူကိုယ်တိုင် သူတို့၏နတ်ဘုရားအသွင်ပြောင်းအဆင့် တစ်ဦးနှင့် အဆင့်မြင့် ဟွမ်ယွမ်အဆင့် အရှင်သခင်နှစ်ဦးကို သတ်ဖြတ်လိုက်ပြီးနောက် ထိုလမ်းကြောင်းသည်လည်း လုံးဝ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

ဖြည်းဖြည်းချင်းကြိုးစားရုံသာ ရှိတော့လေ၏။

[ ပထမနှစ်တွင်၊သင်သည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး သင့်ကိုယ်တွင်းအမြုတေမှ မွေးဖွားလာသော ကောင်းကင်ဝါးမြိုနတ်ဆိုးဝိညာဉ် ကို ဂရုတစိုက် လေ့လာခဲ့သည်။ ယခုအခါ သင့်အသိစိတ်ဖြင့် အပြည့်အဝလွှမ်းမိုးထားပြီး သင့်အသက်စွမ်းအားနှင့် ဆက်နွှယ်နေသော ဤမိုးမြေသက်ရှိကို သင်သည် အလွန်အကျွမ်းနေပြီဟုဆိုနိုင်သည်။ ]

[ နတ်ဆိုးစွမ်းအင်များ စွန်းထင်းနေသော အစစ်မှန်သူရိယချီလင်ကျောက်တုံးသည် ကနဦးတွင် နတ်ဆိုးဝိညာဉ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ သို့သော် နတ်ဆိုးစွမ်းအင်များဖြင့် ညစ်နွမ်းသွားပြီးနောက် ၎င်းတို့နှစ်ခုသည် အတိုင်းအတာတစ်ခုအထိ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်နိုင်ခဲ့သည်။ ]

[ သင်သည် ၎င်းကိုပေါ့ပေါ့တန်တန် သဘောမထားဘဲ မတော်တဆမှုများမဖြစ်စေရန် အစစ်မှန်သူရိယချီလင်ကျောက်တုံးမှ ထွက်ပေါ်လာသော အရှိန်အဝါ အပြောင်းအလဲများကို ဂရုတစိုက် အာရုံခံခဲ့သည်။ ]

ရှန်းယီသည် နတ်ဆိုးသက်တမ်းများကုန်ဆုံးသွားသည်ကို ကြည့်နေရင်း စိတ်ထဲတွင်အလျင်လိုခြင်း၊ စိတ်မရှည်ခြင်း မရှိဘဲ တည်ငြိမ်နေ၏။

အသက်နှင့်ရင်းရမည့် ကိစ္စများတွင် နတ်ဆိုးသက်တမ်းမည်မျှပင် ကုန်ဆုံးပါစေ ထိုက်တန်သည်ဟု ယူဆသည်။

လက်ရှိတွင် သူ့ခန္ဓာကိုယ်မှာ သန်မာပြီး ငယ်ရွယ်နေသေးသော်လည်း၊တာအိုဝိညာဉ်တွင် တစ်စုံတစ်ရာ မှားယွင်းသွားပါက ရုပ်ခန္ဓာကိုယ်ကို ထိခိုက်မည်မဟုတ်ဟု မည်သူမျှ အာမမခံနိုင်ပေ။

ဟွမ်ယွမ်အဆင့် အရှင်သခင်တစ်ဦး၏ကျင့်ကြံခြင်းကာလသည် ရာစုနှစ်များနှင့် ချီပြီး တိုင်းတာလေ့ရှိသည်။

ကျောက်တုံးတစ်တုံးကို လေ့လာရုံသက်သက်နှင့်ပင် ရှန်းယီ၏နတ်ဆိုးသက်တမ်း ရာပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

[ ၆၃၀ နှစ်မြောက်တွင်၊ သင်၏ကိုယ်ပိုင်အရှိန်အဝါသည် အစစ်မှန်သူရိယချီလင်ကျောက်တုံးနှင့် ဆွဒငင်မှုရှိလာသည်။ သင်၏နတ်အာရုံတွင် ၎င်းသည် သက်မဲ့အရာဝတ္ထုတစ်ခုအဖြစ်မှ သင့်ကို အလွန်နှစ်သက်သဘောကျပုံရသော ကလေးငယ်တစ်ဦးကဲ့သို့ ပြောင်းလဲသွားသည်။ ]

နောက်တစ်ခဏတွင် ရှန်းယီသည် သူ၏လက်ဖဝါးပေါ်၌လောင်ကျွမ်းနေသော ခရမ်းရောင်ကျောက်တုံးမှာ ပူလောင်ခြင်း မရှိတော့သည်ကို ရုတ်တရက် တွေ့ရှိလိုက်၏။ ခရမ်းရွှေရောင် မီးတောက်များသည်သူ့ကို ရင်းနီးနေပုံရပြီး လက်ဖဝါးကို ရစ်ပတ်ထားသော်လည်း အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားသည်။

ထို့နောက် ကျောက်တုံးသည် သူ့အရေပြားထဲသို့ ဖြည်းညှင်းစွာ နစ်ဝင်သွားလေ၏။

ပြီးနောက် ချီပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။

ရှန်းယီသည် လက်မှကျန်ရှိနေသော မီးတောက်များကို ခါထုတ်လိုက်ပြီး သူ၏ မျက်နှာထားမှာ အလိုလို တင်းမာသွား၏။

လုံလောက်စွာ ဆက်သွယ်ပြီးပြီဖြစ်၍ သန့်စင်ခြင်းလုပ်ငန်းစဉ် စတင်ရန် အချိန်တန်ပြီဟု ဆိုလိုခြင်းလော။

သူ့အနေဖြင့် စနစ်၏သတိပေးချက်ကို လိုအပ်တော့မည် မဟုတ်ပေ။

ကောင်းကင်ဝါးမြိုနတ်ဆိုးဝိညာဉ်ပေါ်ရှိ အရှိန်အဝါသည် ရုတ်တရက်ပေါက်ကွဲထွက်လာပြီး အစစ်မှန်သူရိယချီလင်ကျောက်တုံးကို လုံးဝ လွှမ်းခြုံထားရန် ကြိုးစားနေသည့် အနီရောင်နွယ်ပင်များအဖြစ် ဖွဲ့စည်းလိုက်သည်။

အနီရောင်နွယ်ပင်များ ကျောက်တုံးကို ထိတွေ့လိုက်သည့်အချိန်တွင် ထူထဲသော အဖြူရောင်မြူခိုးများ တရှဲရှဲမြည်ကာ ထွက်ပေါ်လာလေ၏။

"အား..."

ရှန်းယီ၏မျက်နှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။သူ၏လက်ချောင်းထိပ်များကို အရာအားလုံးကိုချေမွပစ်နိုင်သောပြင်းထန်သည့်အားအင်များ ထွက်ပေါ်လာ၏။

သူသည် အာရုံလွှဲရန်ကြိုးစားနေခြင်း ဖြစ်လေ၏။

သို့သော် သူ၏ဝိညာဉ်မှ ထိုးဖောက်ဝင်ရောက်လာသောစူးရှသည့် နာကျင်မှုကြောင့် ချက်ချင်းပင် ချွေးများ ဒီးဒီးကျလာသည်။

ပူလောင်လိုက်တာ... လောင်ကျွမ်းနေသလိုပဲ။

သူ့ဝိညာဉ် အရည်ပျော်ကျတော့မည့်အလား ခံစားနေရလေ၏။

ကျောက်တုံးကို စွန်းထင်းနေသော နတ်ဆိုးစွမ်းအင်များအပြင် အစစ်မှန်သူရိယချီလင်ကျောက်တုံး၏ အနှစ်သာရမှာ အလွန်အမင်း ယန်ဓာတ်များပြီး ပူပြင်းသောအရာဝတ္ထုတစ်ခု ဖြစ်သည်။

ရှန်းယီ၏အရှိန်အဝါသည် နတ်ဆိုးစွမ်းအင်နှင့် ရောနှောနိုင်သော်လည်း ၎င်း၏ ပြင်းထန်သော ယန်ဓာတ်နှင့်မူ တိုက်ရိုက် ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

[ ၁၉၀၀ နှစ်မြောက်တွင်၊ သင်သည် လောင်ကျွမ်း‌နေသောငရဲခန်းထဲ ရောက်နေသကဲ့သို့ ခံစားရပြီး တာအိုဝိညာဉ်မှာ အရည်ပျော်ကျမည့် လက္ခဏာများ ပြသလာသည်။ သင့်အနေဖြင့် ကျောက်တုံးအတွင်းရှိ နတ်ဆိုးစွမ်းအင်ကို အသက်ပြင်းပြင်းရှူရင်း အဆက်မပြတ်ခံစားနေယုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။

အခြားတစ်ဖက်မှလည်း ၎င်း၏ပူပြင်းမှုကို အနည်းငယ် လျှော့ချပေးရန် မျှော်လင့်မိသည်။ ၎င်းသည် သင်၏စကားကို နားလည်ပုံရသည်၊ သို့မဟုတ် နှစ်ပေါင်းများစွာ သင်နှင့်ပေါင်းစပ်ပြီးနောက် နာကျင်မှု သက်သာသွားသည်ဟု သင် နောက်ဆုံးတွင် ခံစားလိုက်ရသည်။ ]

ချီပင်လယ်အတွင်း၌၊တာအိုဝိညာဉ်မှ ဖြာထွက်နေသော အနီရောင်နွယ်ပင်များသည် အစစ်မှန်သူရိယချီလင်ကျောက်တုံးကို တင်းကျပ်စွာ ချည်နှောင်ထားပြီးတဖြည်းဖြည်းချင်း ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းနေ၏။

ရှန်းယီ၏မျက်လုံးများမှ အနီရောင်မြူခိုးများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် အလင်းရောင်များ လှုပ်ရှားနေသည်။

ဤအရာမှာ တာအိုဝိညာဉ်၏သတိလစ်မေ့မြောသည်အထိ ပေးဆပ်မှုပင်။

ထိုအနီရောင်အလင်းတန်းများအကြားတွင် ခရမ်းရွှေရောင် မီးတောက်များ ညင်သာစွာ တောက်ပနေလေ၏။

ထိုအခိုက်အတန့်တွင် ရှန်းယီသည် မိုးနှင့်မြေကြားရှိ ရင်းနှီးသောအရှိန်အဝါအပေါ် အမြင်သစ်တစ်ခု ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ယခင်က ကြည်လင်သန့်ရှင်းသော မိုးမြေ၏ အသက်ရှူသံသည် ယခုအခါ သူ့အမြင်တွင် ရောနှောပြီး မသန့်ရှင်းသကဲ့သို့ ဖြစ်နေသည်။

သူသည် ယခင်က ၎င်းကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ကျောက်စိမ်းအရည်အဖြစ် ပြောင်းလဲကာ ကိုယ်တွင်းအမြုတေကို ဖွဲ့စည်းခဲ့ဖူးသော်လည်း ဤအချိန်ကျမှသာ ၎င်းတို့ကို အမှန်တကယ်သတိပြုမိလာခြင်း ဖြစ်လေ၏။

ဝိညာဉ်အမြစ် ရှိမှသာလျှင် မိုးမြေနှင့် ဆက်သွယ်နိုင်ပေသည်။

ရှန်းယီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင် မပေါ်လာပေ၊ အကြောင်းမှာ တစ်ခဏမျှအချိန်အတွင်း ပြင်းထန်သောပူလောင်နာကျင်မှုက သူ့ကိုလက်တွေ့ဘဝသို့ ပြန်ခေါ်ဆောင်သွားသောကြောင့်ပင်။

ထိုဉာဏ်အလင်းပွင့်သော အခိုက်အတန့်လေးမှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့သကဲ့သို့ပင်။

[ ၂၃၀၀ နှစ်မြောက်တွင်၊ သင်သည် နေအစစ်မှန်သူရိယချီလင်ကျောက်တုံးကို သင့်တာအိုဝိညာဉ်ထဲသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သန့်စင်ခြင်းလုပ်ငန်းစဉ်သည် ယခုမှ စတင်ခြင်းဖြစ်ကြောင်း သင် သိရှိလိုက်သည်။ ]

ရှန်းယီ၏ကြွက်သားများ တစ်ကိုယ်လုံး တုန်ခါနေပြီးတောင်များကို ခွဲနိုင်စွမ်းရှိသော သူ၏ခန္ဓာကိုယ်စွမ်းအားသည် ယခုအခါ အသုံးမဝင်တော့ပေ။

သူ လုပ်နိုင်သည်မှာ သည်းခံပြီး စောင့်ဆိုင်းခြင်းသာ။

ရွှေခန္ဓာကိုယ်ကို သန့်စင်ခြင်းသည် ဟွမ်ယွမ်အဆင့်သို့ ရောက်ရှိရန်ခက်ခဲကြမ်းတမ်းသော လမ်းခရီးနှင့် နှိုင်းယှဉ်လျှင် ပန်းခြံထဲလမ်းလျှောက်သကဲ့သို့ လွယ်ကူနေသည်။

သို့သော် ရှန်းယီသည် အမှန်တရားကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

ကျင့်ကြံသူဆိုသည်မှာ အဆုံးစွန်အားဖြင့် အခြားအရာများထံမှစွမ်းအားကို ငှားရမ်းအသုံးပြုသူများသာ ဖြစ်သည်။

ရွှေခန္ဓာကိုယ်သည် မဟာချန်မင်းဆက် သာမန်ပြည်သူများ၏စွမ်းအားကို ငှားရမ်းခြင်းဖြစ်ပြီး၊ တာအိုဝိညာဉ်သည် မိုးမြေ၏စွမ်းအားကို ငှားရမ်းခြင်း ဖြစ်သည်။

သေချာသည်မှာ မိုးမြေနှင့် နှိုင်းယှဉ်လျှင် သူ၏ ကျောထောက်နောက်ခံဖြစ်သော မဟာချန်မင်းဆက်သည် အလွန်အားနည်းပြီးအချိန်မရွေး ပျက်စီးသွားနိုင်သည့် အန္တရာယ် ရှိနေသည်။

အကယ်၍ မဟာချန်မင်းဆက် ပျက်စီးသွားပါက ရွှေခန္ဓာကိုယ်လည်း ပျက်စီးသွားပေလိမ့်မည်။

ရှန်းယီသည် သူ၏ကြိုးစားအားထုတ်မှုများ တစ်နေ့တွင် ပျောက်ကွယ်သွားမည်ကို မလိုလားပေ။

တာအိုဝိညာဉ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ယုံကြည်စိတ်ချရဆုံး ရွေးချယ်မှုဖြစ်လေ၏။

ဝိညာဉ်အမြစ်ကို သန့်စင်ခြင်းလုပ်ငန်းစဉ်သည် တကယ်တော့ အတော်လေးငြီးငွေ့စရာ ကောင်းလှသည်။

ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး အရေပြားထဲထည့်ကာ ကြွက်သားများဖြင့် ပွတ်တိုက်ပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်အထိ ဖြည်းဖြည်းချင်း လုပ်ဆောင်ရသကဲ့သို့ပင်။

ယခုအချိန်မှာတော့ အစစ်မှန်သူရိယချီလင်ကျောက်တုံးသည် တာအိုဝိညာဉ်နှင့် တဖြည်းဖြည်း တစ်သားတည်း ဖြစ်လာနေလေပြီ။

[ ၄၆၀၀ နှစ်မြောက်တွင်၊ ကောင်းကင်ဝါးမြို နတ်ဆိုးဝိညာဉ်နှင့် ခရမ်းရောင်ကျောက်တုံးတို့သည် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ သင်သည် ၎င်းကို နေရာချထားရန် စတင်လိုက်ပြီး သက်ရှိ ကိုယ်တွင်းကလီစာ ၅ မျိုးမှ တာအိုဝိညာဉ်၏နှလုံးသားကို ဖွဲ့စည်းလိုက်သည် နှလုံးသားကို မီးအဖြစ်သတ်မှတ်ကာ ဤချီလင်ကျောက်တုံးဖြင့် တာအိုဝိညာဉ်၏ နှလုံးသားကို ပုံဖော်ထုဆစ်လိုက်သည်။ ]

တစ်ခဏချင်းတွင် ထိုခဏတာ အတွေ့အကြုံလေးသည် ပြန်လည် ဝင်ရောက်လာ၏။

ရှန်းယီ၏ခန္ဓာကိုယ်သည် ချွေးများဖြင့် စိုရွှဲနေပြီး သူ မတ်တတ်ရပ်လိုက်သောအခါ ခြေထောက်များ အနည်းငယ် တုန်ရီနေသည်။

သူ၏အနီရောင်မျက်လုံးများကို ပြန်ဖွင့်ပြီး ဤရှုပ်ထွေးနေသော လောကကြီးကို အသစ်တစ်ဖန် ပြန်ကြည့်လိုက်သည်။

သူ့ရင်ထဲတွင် ချီလင်ကျောက်တုံးသည် လမ်းကြောင်းတစ်ခု ဖြစ်လာသကဲ့သို့ပင် သူ့အား မိုးမြေနှင့် ချိတ်ဆက်ပေးနေသည်။

[ ၅၃၀၀ နှစ်မြောက်တွင်၊ တာအိုဝိညာဉ်သည် ကျောက်တုံးကို နှလုံးသားအဖြစ် အသုံးပြုကာ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်ကို ဖွဲ့စည်းလိုက်ပြီးနောက် အလယ်အလတ်အဆင့် ဟွမ်ယွမ်သို့ ရောက်ရှိသွားသည်။ ]

[ လက်ကျန် နတ်ဆိုးသက်တမ်း - ၂၂၇၀၀ နှစ် ]

စနစ်၏သတိပေးသံ ရောက်လာချိန်တွင်တော့ ရှန်းယီ၏အရှိန်အဝါသည် ရုတ်တရက်ပြင်းထန်စွာ မြင့်တက်လာပြီး ခရမ်းရွှေရောင် မီးတောက်များအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ရွှေရောင်သည် အစစ်မှန်သူရိယချီလင်ကျောက်တုံး၏မူလအရောင်ဖြစ်ပြီး ခရမ်းရောင်မှာ နတ်ဆိုးစွမ်းအင်၏ အသွင်ပြောင်းလဲမှု ဖြစ်သည်။

သူသည် လက်ကို ဖြည်းညှင်းစွာဆုပ်လိုက်ပြီး ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

ခရမ်းရွှေရောင်မီးတောက်များသည် လျင်မြန်စွာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး နှလုံးသားရှိ ချီလင်ကျောက်တုံးမှတစ်ဆင့် အနီရောင် နတ်ဆိုးစွမ်းအားအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

ဝိညာဉ်အမြစ်သည် လွယ်ကူစွာပြောင်းလဲပေးနိုင်သော ကြားခံနယ်တစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။

"ပြောင်းလဲမှုရဲ့စွမ်းဆောင်ရည်နဲ့ အမြန်နှုန်းက ဝိညာဉ်အမြစ်ရဲ့ အရည်အသွေးနဲ့ ဆက်ဆိုင်နေတာလား"

ရှန်းယီသည် ချောမွေ့ပြီး အဆီးအတားမရှိသော ခံစားမှုကို ရရှိလိုက်ကာ ခုခံမှုတစ်စုံတစ်ရာကိုမျှ မခံစားရသလောက်ပင်။

အခြားသူများ၏တာအိုဝိညာဉ်များကို လေ့လာချက်အရ၊ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားခြင်းသည် အလယ်အလတ်အဆင့် ဟွမ်ယွမ် ဖြစ်ပြီး၊ အဆင့်မြင့် ဟွမ်ယွမ်မှာမူ ကိုယ်တွင်းကလီစာ ၅ ခုစလုံး သဟဇာတဖြစ်ကာ ကျန်းဇီရှန့်တို့ကဲ့သို့ ကျင့်ကြံသူများတွင်တွေ့ရသည့် အင်္ဂါတစ်ခုစီတွင် တူညီသောဂုဏ်သတ္တိရှိ ဝိညာဉ်အမြစ်များရှိကြသည်။

၅ ခုစလုံး ပေါင်းစပ်လိုက်လျှင် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိနိုင်လေ၏။

သို့သော် သူ့အခြေအနေကို စဉ်းစားကြည့်လျှင်၊

ဝိညာဉ်အမြစ်သည် နတ်ဆိုးစွမ်းအင်ကို သယ်ဆောင်ထားရမည်ဖြစ်ရာ၊ တူညီသော ဓာတ်သဘာဝရှိပြီး နတ်ဆိုးစွမ်းအင် စွန်းထင်းနေသော ဝိညာဉ်အမြစ် ၅ ခုကို ရှာဖွေခြင်းသည် အလွန် ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

အရာရာကိုတတ်ကျွမ်းသော်လည်း မည်သည့်အရာကိုမျှထူးချွန်ခြင်းမရှိသူ မဖြစ်စေရန်အတွက်၊

ဝိညာဉ်အမြစ် အမျိုးအစားတိုင်းသည် လုံလောက်သော အရည်အသွေး ယရှိရမည်ဖြစ်ပြီး၊ အခြားသူများ၏ ၅ ခုပေါင်းစပ်ထားသည်နှင့် ယှဉ်ပြိုင်နိုင်လောက်သည့် အရာမျိုးပင် ဖြစ်သင့်သည်။

ထိုသို့ဆိုလျှင် အဖြေက ရှင်းပေပြီ။ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်သာ လိုအပ်လေ၏။

All Chapters