လီမီးလျှံနှလုံးသားလောင်ကျွမ်းခြင်းကျင့်စဉ်(လီဟော်ဖန်ရှင်းကျင့်စဉ်)
Vol. 28 Ch. 279
နတ်ဘုရားအသွင်ပြောင်းအဆင့် ဆီသို့ ခြေတစ်လှမ်း ပိုမိုနီးကပ်လာခဲ့လေပြီ။
ရှန်းယီ၏ရင်ထဲမှ ဖိအားများမှာ နောက်ဆုံးတွင် အတော်အတန် လျော့ပါးသွားခဲ့သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ပြီး သူ၏ရွှေရောင်ကိုယ်ခန္ဓာနှင့် ပေါင်းစပ်လိုက်နိုင်သရွေ့ သူတစ်ယောက်တည်းဖြင့်ပင် စစ်မြေပြင်နှစ်ခုလုံးကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်စွမ်း ရှိလာပေလိမ့်မည်။
ထိုစွမ်းအားနှစ်ခု ပေါင်းစပ်လိုက်လျှင် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော နတ်ဆိုးများကိုပင် စိန်ခေါ်နိုင်ပေလိမ့်မည်။
"သခင်ကြီးရဲ့ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးတက်လာတဲ့အတွက် ဂုဏ်ယူပါတယ် အရပ်ရှစ်မျက်နှာအားလုံးကို အံ့သြမှင်သက်သွားစေမယ့် နေ့ရက်တွေက လက်တစ်ကမ်းမှာပါပဲ"
ချင်းဟွာသခင်မက အချိန်ကိုက် ဂုဏ်ပြုစကား ဆိုလိုက်၏။
"..."
ရှန်းယီ သူမကိုဆွံအစွာဖြင့် တစ်ချက်ကြည့်လိုက်၏။
သူနောက်ဆုံးတော့ နားလည်သွားပြီ။သူ စိတ်နည်းနည်းလွတ်သွားတိုင်း၊သာယာသွားတိုင်း ဤအမျိုးသမီးကထွက်လာပြီး ရေအေးတစ်ပုံးဖြင့် လောင်းချလိုက်သလိုမျိုး အမြဲတမ်းသတိပေးတတ်သည်။
အလယ်အလတ်အဆင့်ဟွမ်ယွမ် ကဲ့သို့သော ကျင့်ကြံခြင်းအဆင့်သည် အခြားနေရာများတွင် လွှမ်းမိုးနိုင်ကောင်း လွှမ်းမိုးနိုင်လိမ့်မည်။ သို့သော် ဝူထုံတောင် နှင့် နတ်ဆိုးတစ်ထောင်ဂူ ကဲ့သို့သော အင်အားကြီးများနှင့် ရင်ဆိုင်ရာတွင်မူ လုံးဝ မလုံလောက်သေးပေ။
ခဏမျှ တွေးတောပြီးနောက် သူသည် သိုင်းဘုံကျောင်း၏သင်္ကေတဖြစ်သော ရွှေရောင်စာအုပ်ငယ်ကို ထုတ်ယူလိုက်သည်။
"ဒါကို ယူသွားလိုက်၊ မဟာချန်ကို ပြန်ပြီး ရွှေရောင်ကိုယ်ခန္ဓာကို သွားပြန်ပြင်လိုက်ပါ"
"ချင်းဟွာ..."
ချင်းဟွာသခင်မ တုန့်ဆိုင်းသွားလေ၏။ သူမ၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေပြီး သခင်ဖြစ်သူ၏ဘေးမှ နှင်ထုတ်ခံရလောက်အောင် မည်သည့်စကားများ မှားပြောမိသည်ကိုမသိပေ။
သူမ၏သခင်သည် အမွှေးဖြူနတ်ဆိုးဧကရာဇ်ကို ယခုလေးတင် သတ်ဖြတ်ခဲ့ပြီး လူစားလဲလှယ်ရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း သူမ ကောင်းစွာ သိ၏။
သို့သော် သူမငြင်းဆန်ရန် ရည်ရွယ်ချက် မရှိဘဲ နာခံမှုရှိစွာ ခေါင်းငုံ့လိုက်၏။
"ချင်းဟွာ ချက်ချင်း ပြန်လိုက်ပါ့မယ်... သခင်ကြီးအနေနဲ့ချင်းဟွာကို မဟာချန်မှာ တပ်စွဲပြီး စောင့်ကြပ်နေစေချင်တာလား"
ထိုစကားကို ကြားလိုက်ရသောအခါ ရှန်းယီ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် တိုးညှင်းစွာ ပြောလိုက်၏။
"မလိုပါဘူး၊ ခရီးတိုလေးပဲ သွားလိုက်ပါ"
တစ်နည်းနည်းဖြင့် သူသည် အခြေအနေအရပ်ရပ်၏အရေးပါမှုကို ဦးစားပေးပြီး ယာယီ ဆုံးရှုံးမှုများကို သည်းခံတတ်သော သိုင်းဘုံကျောင်းမှ တပည့်များကဲ့သို့ ဖြစ်လာခဲ့ပြီလော။
ရှန်းယီသည် အခြေအနေအရပ်ရပ် ဆိုသည်ကို အရေးမပါဟုသာ ယူဆသည်။
အကယ်၍ မဟာချန်သာ နတ်ဆိုးတစ်ထောင်ဂူ၏ လက်ချက်ဖြင့်တဖြည်းဖြည်းချင်း သေဆုံးခြင်းဆီသို့ ဆွဲခေါ်ခံရပါက အလောင်းများ ပြန့်ကျဲနေသော အပျက်အစီးများသာ ကျန်ရစ်မည်ဖြစ်ပြီး ကျိုကျိုး နယ်မြေကြီးသည် နတ်ဆိုးများလက်အောက်သို့ ကျရောက်သွားမည်ကိုသာ သူ သိသည်။
ထိုအချိန်ကျမှ ကလဲ့စားချေရန် ကြိုးစားခြင်း သို့မဟုတ် အခြား မည်သည့်အရာမဆို... အမှန်တကယ်မှာ အဓိပ္ပာယ်မရှိတော့ပေ။
သူသည် ရွှေရောင်ခန္ဓာကိုယ်ကို အသုံးချ၍ လျင်မြန်စွာသန်မာလာရန် လိုအပ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ အမြန်ဆုံး ထိုးဖောက်နိုင်ရန် ကြိုးစားရမည်။ နတ်ဆိုးတစ်ထောင်ဂူအတွင်းသို့ နက်ရှိုင်းစွာထိုးဖောက်ဝင်ရောက်ပြီး ခံစစ်အစား ထိုးစစ်ဆင်ခြင်းသည်သာ တစ်ခုတည်းသော ရှင်သန်ရာလမ်း ဖြစ်သည်။
ယခင်က ရွှေရောင်ခန္ဓာကိုယ်ကို ဖွဲ့စည်းခြင်းနှင့် ယခု ပြန်လည်ပြုပြင်ခြင်းတို့သည် စီနီယာအစ်ကိုဝူ၏ဝေစုဖြစ်သော ယုံကြည်မှုစွမ်းအား၏ ၈၀ သို့မဟုတ် ၉၀ ရာခိုင်နှုန်းခန့်ကို ကုန်ဆုံးသွားစေလိမ့်မည်။
ကျန်ရှိသော ဝေစုများအနက် စီနီယာအစ်ကိုကျူးကျွယ်ကိုယ်တိုင်လည်း သူ၏ရွှေရောင်ခန္ဓာကိုယ်အားဖွဲ့စည်းရန် ယုံကြည်မှုစွမ်းအား လိုအပ်နေသေးပြီး၊အခြား ဝေစုသုံးခုကိုမူ သူ့အား လိုလိုလားလား ပေးလိမ့်မည် မဟုတ်ပေ။
လူတိုင်းတွင် မဟာချန်၏အရန်သိုလှောင်မှု အားလုံးကို လောင်းကြေးတစ်ခုတည်းအပေါ် ပုံအောရဲသည့် စီနီယာအစ်ကိုဝူကဲ့သို့ သတ္တိမျိုး မရှိကြပေ။
ယုံကြည်မှုစွမ်းအားသည် ပြန်လည် ဖြည့်ဆည်းရန် အချိန်ယူရသည်။
မဟာချန်တွင် ယခင်က သာလွန်ထူးကဲခြင်းကျင့်ကြံသူ ၁၃ ဦး ရှိခဲ့ဖူးသည် ဆိုသော်လည်း သူတို့အားလုံး တစ်ပြိုင်နက်တည်း ထိုးဖောက်ကျော်လွန်ခဲ့ကြသည် မဟုတ်ပေ။
လက်ရှိခန့်မှန်းချက်အရ သိုင်းဘုံကျောင်း၏ အရန်သိုလှောင်မှုအားလုံးသည် တပည့်များကို သုံးကျန်း အမြင့်ရှိ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် ၅ ခု သို့မဟုတ် ၆ ခုခန့်သာ ဖွဲ့စည်းပေးနိုင်ရန် လုံလောက်၏။
၎င်းတွင် ဒဏ်ရာရပြီးနောက် ရွှေရောင်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခြင်း မပါဝင်သေးပေ။
တစ်နည်းအားဖြင့် ပြောရလျှင် ရှန်းယီအနေဖြင့် အမွှေးဖြူနတ်ဆိုးဧကရာဇ်နှင့် တိုက်ခိုက်စဉ်ကကဲ့သို့ အကြိမ်တိုင်းတွင် မဆင်မခြင် ပြုမူနေမည်ဆိုပါက ၁၀ ကြိမ်ခန့်သာ ခံနိုင်ရည် ရှိမည်ဖြစ်ပြီး သိုင်းဘုံကျောင်း၏ စုဆောင်းငွေများကို ကုန်ခမ်းသွားစေလိမ့်မည်ဟု သူ ခံစားမိသည်။
အခြားအရာများကို ထည့်မပြောလျှင်ပင် အကယ်၍ ယုံကြည်မှုစွမ်းအား မရှိတော့ပါက ထို သာလွန်ထူးကဲခြင်းအဆင့် ရွှေရောင်ခန္ဓာကိုယ်ထည်အလောင်းကောင်များကိုပင် ထိန်းချုပ်နိုင်တော့မည် မဟုတ်ဘဲ မဟာချန်တစ်ခုလုံးသည် လုံးဝကာကွယ်မဲ့ အခြေအနေသို့ ရောက်သွားပေလိမ့်မည်။
အတင်းအဓမ္မယူဆောင်ခြင်းနှင့် ပတ်သက်၍မူ...
ရှန်းယီ ထိုသို့ လုပ်နိုင်မလား ဆိုသည့်အချက်ကို ထားလိုက်ဦး၊ သိုင်းဘုံကျောင်း အတွင်းရှိ ရှေးဟောင်းဘိုးဘေးကြီးသည် ဇရာထောင်းနေသည်သာ ရှိပြီး မသေသေးပေ။ ခြောက်ကျန်း အမြင့်ရှိ ရွှေရောင်ကိုယ်ခန္ဓာကြီး၏ရှေ့မှောက်တွင် သိုင်းဘုံကျောင်းမှ ယုံကြည်မှုစွမ်းအားများကို လုယူခြင်းတော့ မဖြစ်နိုင်ပေ။
အခြား ယုံကြည်မှုစွမ်းအားဝေစုများကို လိုချင်ပါကခိုင်လုံသော အကြောင်းပြချက် ပေးနိုင်သည့် လုပ်ရပ်များကို မလွဲမသွေ လုပ်ဆောင်ရန် လိုအပ်ပေလိမ့်မည်။
ဤအချက်က စီနီယာအစ်ကိုဝူကို အဆိုပြုချက် တင်သွင်းရန် ယုံကြည်မှု အချို့ ပေးခဲ့သည်။
ဥပမာအားဖြင့် မဟာချန်မှ ဟွမ်ယွမ် သိုင်းအရှင်သခင်အားလုံးကို နေရပ်ပြန်ပို့ခြင်းကဲ့သို့သော ကိစ္စမျိုးပင်။
မဟာမိတ်အဖွဲ့သည် အခြေခံအားဖြင့် ဝူထုံတောင်အတွက် အလုပ်လုပ်ပေးနေခြင်း ဖြစ်ပြီး ချင်းဖုန်းကျန်းရမ်ကိုယ်တိုင်ကလည်း ချန်ကျုံးကို မကြာခင် ပြန်ရန် ပြောကြားထားပြီး ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဤလူများကို သူတို့ဆန္ဒမပါဘဲ မဟာချန်မှ ထွက်ခွာသွားရန် ဖိအားပေးမည် မဟုတ်ပေ။
သူတို့သည် ရွှမ်ကွမ်းဂူကိစ္စကို ဖြေရှင်းရန်သာ လိုအပ်သည်။
"ချင်းဟွာကို သွားခွင့်ပြုပါဦး"
ချင်းဟွာသခင်မ လေးစားစွာဦးညွှတ်လိုက်ပြီးနောက် ယင်ဝိညာဉ်အတွင်းသို့ ဝင်ရောက်ကာ ရွှေရောင်ပုတီးစေ့ကို သယ်ဆောင်လျက် မဟာချန် ရှိရာ ဘက်သို့ ထွက်ခွာသွားလေ၏။
"..."
ရှန်းယီသည် ရွှေရောင်ပုတီးစေ့ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ရင်ထဲတွင် ထူးဆန်းသော ခံစားချက် တစ်ခု ပြည့်နှက်လာသည်။
ထို့နောက် သူသည် မိမိကိုယ်ကို သရော်ကာ
ရယ်မောလိုက်၏။
ယခင်က သူမည်သူ့အကာအကွယ်ဖြင့် အသက်ရှင်ခဲ့ဖူးသနည်း။
ယခု ဟွမ်ယွမ်သိုင်းအရှင်သခင်တစ်ယောက် ဖြစ်လာမှ အဘယ်ကြောင့်ကလေးတစ်ယောက်လို ခံစားနေရသနည်း။ ရွှေရောင်ခန္ဓာကိုယ်အနားမှမရှိတော့သည်နှင့် နေမထိထိုင်မသာဖြစ်လာရသနည်း။
ကျင့်ကြံခြင်းအဆင့်မြင့်မားလေ သတ္တိကြောင်လာလေဖြစ်နေသည်လော။
ထိုအတွေးနှင့်အတူ ရှန်းယီသည် သူ၏သိုလှောင်ရတနာထဲမှ လီဟော်ဖန်ရှင်းကျင့်စဉ် နှင့် ဂူပိုင်ရှင် ထားရစ်ခဲ့သော စာအုပ်အထူကြီးကို ထုတ်ယူလိုက်၏။
သူ တစ်ဖန် ပြန်လည် ဖတ်ရှုလိုက်သည်။
စိတ်ဝိညာဉ်သာလွန်ထူးကဲခြင်းအဆင့် နည်းစနစ် (ဒီအဆင့်က နတ်ဘုရားအသွင်ပြောင်းအဆင့်နဲ့အတူပါ) သည် အလွန်နက်နဲသိမ်မွေ့လှပြီး ရှင်းလင်းချက် မှတ်စုများသည်ပင် ခေါင်းကိုက်စရာ ကောင်းလှ၏။
သို့သော် စာအုပ်အထူကြီးကို စနစ်ဘောင်ကွက် ထဲတွင်ထည့်သွင်း၍ မရသောကြောင့် သူကိုယ်တိုင် ဖြည်းဖြည်းချင်း ဖတ်ရှုရုံသာ ရှိတော့သည်။
စာအုပ်၏အများစုမှာ နှလုံးသားလောင်ကျွမ်းခြင်း အခန်းကဏ္ဍ(ဖန်ရှင်း) နှင့် ပတ်သက်သော မှန်းဆချက်များ ဖြစ်လေ၏။
အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဂူပိုင်ရှင်၏လီမီးလျှံအခန်းကဏ္ဍ(လီဟော်) အပေါ် အကျဉ်းချုံးသုံးသပ်ချက် ဖြစ်သည်။
ရှန်းယီသည် ထိုအရာအားလုံးကို အလွတ်ကျက်မှတ်လိုက်ပြီးနောက် နတ်ဆိုးသက်တမ်းကို အသုံးပြု၍ စတင်သုံးသပ်ဆင်ခြင်လိုက်၏။
[စိတ်ဝိညာဉ်သာလွန်ထူးကဲခြင်းအဆင့် (ရတနာ) လီမီးလျှံနှလုံးသားလောင်ကျွမ်းခြင်းကျင့်စဉ်၊ အထက်အတွဲ - မစတင်ရသေး]
[ပထမနှစ်တွင် သင်သည် လီမီးလျှံအခန်းကဏ္ဍကို စတင် နားလည်လာခဲ့သည်။ ရှေ့လူများ၏ အတွေ့အကြုံများသည် သင့်စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ၎င်းသည် ဟွမ်ယွမ်အဆင့် ရှိသူများစွမ်းဆောင်နိုင်သော အရာမဟုတ်သော်လည်း ဝိညာဉ်အမြစ်၏အကူအညီဖြင့် သင်သည် ဤစွမ်းအားကို ဆုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။]
[ဂူပိုင်ရှင်၏မှတ်စုများအရ နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် ဟွမ်ယွမ်အဆင့်တို့၏ ကွာခြားချက်ကို သင် တဖြည်းဖြည်း နားလည်လာခဲ့သည်။]
[နတ်ဘုရားအသွင်ပြောင်းအဆင့်သည် လူသားဘဝ သံသရာမှ လုံးဝလွတ်မြောက်သွားပြီး ဖြစ်သည်။ သူတို့၏ဖြစ်တည်မှုသည် မိုးနှင့်မြေ၏အနှစ်သာရကို ထင်ဟပ်စေပြီး၊ ဝိညာဉ်အမြစ်သည် ခန္ဓာကိုယနှင့်ပေါင်းစပ်သွားကာ မိုးနှင့်မြေ၏အနှစ်သာရကို လွယ်ကူစွာ စုစည်းအသုံးပြုနိုင်သည်။ ဤနယ်ပယ်သည် ဟွမ်ယွမ်သိုင်းအရှင်သခင်တစ်ဦးအနေဖြင့် လုံးဝ နားမလည်နိုင်သော နယ်ပယ်တစ်ခု ဖြစ်သည်။]
နတ်ဆိုးသက်တမ်းများလျင်မြန်စွာ ကုန်ဆုံးသွားသည်နှင့်အမျှ ရှန်းယီ မျက်လုံးများကို မှိတ်ထားပြီး ရရှိလာသော ထိုးထွင်းသိမြင်မှုများကို ကြေညက်အောင် ပြုလုပ်နေ၏။
ဟွမ်ယွမ် သိုင်းအရှင်သခင်တစ်ဦးသည် မိုးနှင့်မြေ၏အနှစ်သာရကို စုစည်း အသုံးပြုနိုင်ခြင်း မရှိပေ။ ဥပမာအားဖြင့် မူလခရမ်းရွှေမီးလျှံကို စုစည်းလိုပါက တာအိုဝိညာဉ်၏အခြေခံအုတ်မြစ်မှ ထုတ်ယူပြီး ဝိညာဉ်အမြစ်တဆင့် ပြောင်းလဲရမည် ဖြစ်သည်။
၎င်းတို့နှစ်ခု စီမံခန့်ခွဲနိုင်သော ပမာဏသည် သဘာဝကျစွာပင် မိုးနှင့်မြေ ကွာခြားပေလိမ့်မည်။
သို့သော် ထိုအချက်က အရေးမကြီးပေ။ရှန်းယီသည် သူ၏ခါးရှိ သိုလှောင်ရတနာကို ကြည့်လိုက်၏။
ထိုနေရာတွင် သူ လမ်းတစ်လျှောက် စုဆောင်းထားသော နတ်ဆိုးအမြုတေအားလုံးကို သိမ်းဆည်းထားသည်။
၎င်းတို့အနက် အထွတ်အထိပ်အဆင့် နတ်ဆိုးဘုရင်များထံမှရရှိသော နှစ်ခုနှင့် အမွှေးဖြူ နတ်ဆိုးဧကရာဇ်ထံမှ ရရှိသော တစ်ခုတို့လည်း ပါဝင်သည်။
ထို့အပြင် ကောင်းကင်ဝါးမြိုနတ်ဆိုးဝိညာဉ်၏ ထူးခြားချက်များကြောင့် ယခုအခါ သူသည် ပြင်ပ အမြုတေကို မှီခိုနေစရာ မလိုတော့ဘဲ နတ်ဆိုးအမြုတေအတွင်းရှိ ကျင့်ကြံခြင်းကိုတိုက်ရိုက် ချေဖျက်ပြီး မိမိကိုယ်ကိုဖြည့်ဆည်းနိုင်ပြီ ဖြစ်သည်။
သူ၏ကိုယ်ပိုင် ကျင့်ကြံခြင်းအခြေခံသည် သာမန် ဟွမ်ယွမ်အဆင့် တစ်ယောက်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
"ဖြည်းဖြည်းချင်း သင်ယူရုံပေါ့" သူ ပြောလိုက်၏။
ရှန်းယီ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။ ဂူပိုင်ရှင် ထားရစ်ခဲ့သော ရှေးဟောင်း စာအုပ်များကြောင့် သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ဆရာတစ်ဦး ရှိနေသကဲ့သို့ ဖြစ်နေသည်။ မှတ်စုများမှာ ကိုယ်တိုင် သင်ကြားပြသပေးခြင်းထက် မလျော့ပေ။
သူ၏ကိုယ်ပိုင် ဉာဏ်ပညာ မလုံလောက်လျှင်ပင် လမ်းပြရန်နှင့် နှိုင်းယှဉ်ရန် ရှင်းလင်းသော လမ်းကြောင်းရှိနေသရွေ့ သူ ဆက်လက် လျှောက်လှမ်းနေရန်သာ လိုအပ်သည်။
[၉၃၆ နှစ် မြောက်တွင်၊ သင်သည် ဆိုးယုတ်ခြင်း စွမ်းအင်များပြည့်နှက်နေသည့် မူလယန်သူရိယရွှေမီးလျှံကို အရောင်မဲ့ပြီးမြင်နိုင်စွမ်း မရှိသော အထွတ်အထိပ် ယန်လီမီးလျှံအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး အရေးကြီးဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။]
[လီမီးလျှံနှလုံးသားလောင်ကျွမ်းခြင်းကျင့်စဉ်၊ အထက်အတွဲ - စတင်ခြင်းအဆင့်]
ရှန်းယီသည် မြင့်မားသော တောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေ၏။ သူ၏လက်ဖဝါး လှုပ်ရှားမှုများသည် လှည့်လည်သွားလာနေသော နဂါးတစ်ကောင်ကဲ့သို့ ချောမွေ့ပြေပြစ်ပြီး ခန္ဓာကိုယ်တစ်ဝိုက်ရွေ့လျားနေပုံမှာ ခန့်မှန်းရ ခက်ခဲလှသည်။
အရောင်မဲ့ပြီးမြင်နိုင်စွမ်း မရှိသော လီမီးလျှံများသည် သူ၏လက်ချောင်းထိပ်များတွင် ရစ်ပတ်နေသည်။
ဝိညာဉ်အမြစ်ကို ရရှိပြီးပြီးချင်း သူ လေ့ကျင့်နေသောနည်းစနစ်သည် ဟွမ်ယွမ်အဆင့်ကို လုံးဝ ကျော်သွားပြီး သာမန်နတ်ဘုရားအသွင်ပြောင်းအဆင့်နည်းစနစ်များကိုပင် ကျော်လွန်သွားခဲ့၏။
နောက်ဆုံးတော့ သူသည် ဂိုဏ်းကြီးတစ်ခု၏စစ်မှန်သော အမွေဆက်ခံမှုကို ပိုင်ဆိုင်ရခြင်း၏ အရသာကို မြည်းစမ်းခွင့် ရရှိသွားခဲ့ပြီ။
ထိုအတွေ့အကြုံကို အရသာခံပြီးနောက် ရှန်းယီသည် နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများမှ အကြမ်းပတမ်းလှုပ်ရှားမှုများဆီသို့ ရုတ်တရက် ပြောင်းလဲလိုက်လေ၏။ လက်ဖဝါးတစ်ချက် တွန်းထုတ်လိုက်ရာ လီမီးလျှံများပေါက်ကွက်သွားပြီး လေနှင့် ထိတွေ့သည်နှင့် ကြီးထွားလာကာ သူ၏ ဘေးတွင် ပူပြင်းသော နေမင်းတစ်စင်းကဲ့သို့ ဖြစ်လာသည်။
အနက်ရောင်ဝတ်ဆင်ထားသော သူသည် တောက်လောင်နေသော နေမင်းကြီး၏အလယ်တွင် ရပ်နေလေ၏။
အတောင်ပံဖြန့်ထားသော ရွှေရောင် ကျီးကန်းတစ်ကောင် ကဲ့သို့ပင်။
နတ်ဆိုးသက်တမ်းနှစ်ပေါင်း သုံးထောင်နီးပါးသည် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားသည်။
[လီမီးလျှံနှလုံးသားလောင်ကျွမ်းခြင်းကျင့်စဉ်၊ အထက်အတွဲ - သေးငယ်သောအောင်မြင်မှု]
သက်တမ်းများဆက်လက် လျော့နည်းသွားပြီး သူ၏ကျင့်စဉ်အဆင့်သည်လည်း တားဆီးမရနိုင်အောင် မြင့်တက်လာတော့သည်။