← Chapters

ဆိုးယုတ်ခြင်းစွမ်းအင်ညစ်နွမ်းနေသည့် စွေ့ပင်

Vol. 28 Ch. 280

ဆိုးယုတ်ခြင်းစွမ်းအင်ညစ်နွမ်းနေသည့် စွေ့ပင်

Vol. 28 Ch. 280

[နှစ်ပေါင်း ၆၂၀၀ ပြည့်သောအခါတွင်၊ သင်၏ ကြာမြင့်ပြီး ခက်ခဲကြမ်းတမ်းသောကျင့်ကြံခြင်းအပြီးတွင် သင်သည် ရှေ့လူများထားရစ်ခဲ့သော အတွေ့အကြုံများကို လုံးဝနီးပါးချေဖျက် နားလည်သွားခဲ့သည်။ နတ်ဘုရားအသွင်ပြောင်းအဆင့် ပိုင်ဆိုင်သော စွမ်းရည်တစ်ခုဖြစ်သော်လည်း သင်သည် ၎င်းကိုအပြည့်အဝတတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။]

[လီမီးလျှံနှလုံးသားလောင်ကျွမ်းခြင်းကျင့်စဉ်၊ အထက်တွဲ - ပြီးပြည့်စုံခြင်း]

ရှန်းယီသည် မူလနေရာတွင်ပင် ရပ်နေဆဲ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကို လှိုင်းထနေသော ခရမ်းရွှေရောင်မီးလျှံများက ဖုံးလွှမ်းမထားတော့ပေ။ ၎င်းအစား ကြီးမားသောနေမင်းကိုးစင်းသည် သူ့ပတ်လည်တွင် လှည့်ပတ်နေ၏။

ထိုအရောင်မဲ့ပြီးပြင်းထန်သော နေမင်းကြီးများ၏ ပတ်လည်တွင် နုနယ်သောမြက်ပင်လေးများသည်ပင် အနည်းငယ်မျှထိခိုက်မှုမရှိဘဲတက်ကြွလန်းဆန်းနေဆဲပင်။

ကြောက်မက်ဖွယ်ကောင်းသော အပူရှိန် အားလုံးသည် နေမင်းများ၏အတွင်းပိုင်းတွင်သာ လုံးဝ ထိန်းချုပ်ထားသည်။

ဤအရာသည် စွမ်းအားအပေါ် အထွတ်အထိပ် ထိန်းချုပ်နိုင်စွမ်းပင်။

ရှန်းယီသည် လက်များကို ဖြည်းညှင်းစွာ ပြန်ရုပ်လိုက်ရာ နေမင်းကြီးကိုးစင်းသည် လျင်မြန်စွာ ကွယ်ပျောက်သွားပြီး ခရမ်းရွှေရောင်မီးလျှံများအဖြစ်ပြန်လည်ပြောင်းလဲကာ တာအိုဝိညာဉ် အတွင်းသို့ ဝင်ရောက်သွား၏။ ထို့နောက်ကုန်ခမ်းလုနီးပါးဖြစ်နေသော ကောင်းကင်ဝါးမြိုနတ်ဆိုးဝိညာဥ်ကို ယခင်အခြေအနေအတိုင်း ပြည့်ဝစွာ ပြန်လည် ဖြည့်ဆည်းပေးလိုက်သည်။

ဂူပိုင်ရှင်ထားရစ်ခဲ့သော မှတ်စုများအရ...နှလုံးသားလောင်ကျွမ်းခြင်းအခန်းကဏ္ဍသည် သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဟုသာ ယူဆနိုင်လေ၏။ ၎င်းကို အသုံးပြုမှသာလျှင် နတ်ဘုရားအသွင်ပြောင်းအဆင့်၏စွမ်းအားကို ကျော်လွန်သော အဖိုးတန် နည်းစနစ်တစ်ခုဟု သတ်မှတ်နိုင်မည်။

နှစ်ပေါင်း ၆၀၀၀မှာ ဟွမ်ယွမ် သိုင်းအရှင်သခင် တစ်ဦး၏သက်တမ်းနှစ်ခုစာနီးပါးပင်။

စစ်မှန်သော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူသာလျှင် ဤနည်းစနစ်ကို ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံရန်အရည်အချင်း ရှိပေသည်။

"မဆိုးပါဘူး၊ ဒါပေမဲ့ ကုန်ကျစရိတ်တော့ နည်းနည်းများတယ်"

ရှန်းယီသည် အသက်ရှူနှုန်းကို ထိန်းညှိလိုက်၏။ သူ၏ ကောင်းကင်ဝါးမြို နတ်ဆိုးဝိညာဉ်၏ အခြေခံအုတ်မြစ်သည် အခြားသောအဆင့်တူ ကျင့်ကြံသူများထက် များစွာသာလွန်နေသော်လည်းမီးလျှံလက်ဝါးကို တစ်ကြိမ်သာ ထုတ်ဖော်အသုံးပြုနိုင်ခဲ့သည်။

မိမိကိုယ်တွင်းမှစွမ်းအင်ကို ထုတ်ယူခြင်းသည်အဆုံးစွန်သောနည်းစနစ်အသေးစားတစ်ခုသာ ဖြစ်သည်။ ဤကဲ့သို့ နက်နဲသော နည်းစနစ်များ၏အစွမ်းသတ္တိ အပြည့်အဝကို ပြသရန်အတွက်မူ မိုးမြေကသာ လိုအပ်သော အထောက်အပံ့များကို ပေးစွမ်းနိုင်ပေလိမ့်မည်။

[ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၁၆၅၀၀ နှစ်]

အမှန်စင်စစ် နတ်ဆိုးသိုင်းကျင့်စဉ်ကို မထိတွေ့သရွေ့ သက်တမ်းသည် အတော်လေး ကြာရှည် ခံနိုင်ပေသည်။

ရှန်းယီသည် ရှစ်မျက်နှာ စားသောက်ခန်းမ ဆီသို့ လျှောက်လှမ်းလာခဲ့၏။

မြင့်မားသော အဆောက်အဦးကို မြင်လိုက်ရသည်နှင့် တပြိုင်နက် အားချင်းသည် တင့်တယ်စွာ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးနှင့်အတူ ထွက်လာသည်ကို သူ တွေ့လိုက်ရသည်။

"အစ်ကိုရှန်း... သူ အစ်ကိုနဲ့ ဆွေးနွေးစရာ ရှိတယ်တဲ့"

အားချင်းသည် အလျင်အမြန် ပြေးလာပြီး ရှန်းယီ၏ဘေးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

"သူပြောတာကတော့ မကောင်းဆိုးဝါး စွမ်းအင်နဲ့ ပတ်သက်တဲ့ သတင်းရှိတယ်တဲ့၊ဒါပေမဲ့ အဲဒါက ဝိညာဉ်အမြစ်ဟုတ်မဟုတ်ဆိုတာကိုတော့ အာမ မခံနိုင်ဘူးတဲ့။ သူ့ဈေးနှုန်းကတော့ အရမ်းကြီးတယ်... ကျွန်မ ဆုံးဖြတ်လို့ မရတော့ဘူး"

သူမ၏ဗဟုသုတသည် စာအုပ်များမှ လာခြင်းဖြစ်ပြီး စာအုပ်ထဲတွင်မပါသော အရာများနှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် အကျပ်ရိုက်သွားမိ၏။

အဘိုးအို၏ ကျင့်ကြံခြင်းအဆင့်မှာ မမြင့်မားလှပေ၊ အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် မျှသာ ရှိသည်။

သို့သော် သူသည် အလွန်ဈေးကြီးသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ကျောက်စိမ်းဆံထိုးထိုးထားကာ ဖြူဖွေးနေသော ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်ထားသဖြင့် အလွန် သပ်ရပ်သော ပုံပေါက်နေသည်။

အားချင်းတိုးတိုးလေး ရှင်းပြပြီးနောက် သူသည် ရှန်းယီကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်၏။

"ကျင်းပေဝမ် က စီနီယာကို ဂါရဝပြုပါတယ်"

မိတ်ဆက်ပြီးနောက် ကျင်းပေဝမ်က အနားသို့ တိုးကပ်လာပြီး တဲ့တိုးပင် ပြောလိုက်၏။

"ကျွန်တော့်ဈေးနှုန်း မြင့်မားတယ် ဆိုပေမယ့် ကျွန်တော်ကလေလုံးထွားနေတာ မဟုတ်ပါဘူး။ ကျွန်တော် ကြီးမားတဲ့အန္တရာယ်ကိုစိန်ခေါ်နေရတာပါ။စီနီယာကို ရိုးရိုးသားသားပြောရရင် အစစ်အမှန်ပုဂ္ဂုလ်ကျန်းသာ ဂူထဲမှာ ပိတ်မိမနေခဲ့ဘူးဆိုရင် ခင်ဗျား ဘယ်လောက်ပဲ ပိုက်ဆံပုံပေးပေး ကျွန်တော် ဒီသတင်းကို ရောင်းရဲမှာ မဟုတ်ပါဘူး"

အစစ်အမှန်ပုဂ္ဂုလ်ကျန်း သေဆုံးသွားပြီ ဖြစ်နိုင်ကြောင်း ကြေညာထားပြီး ဖြစ်သော်လည်း...

အတည်မပြုနိုင်သေးသရွေ့ အခြားသူများက သူ ဂူထဲတွင် ပိတ်မိနေသည်ဟုသာ ပြောဆိုနိုင်ကြသည်။

သို့မဟုတ်ပါက ရွှမ်ကွမ်းဂူကို စော်ကားခြင်းသည် မိမိမည်သို့ သေဆုံးသွားသည်ကို မသိဘဲဖြစ်ပေလိမ်မည်။

"..."

ရှန်းယီသည် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အားချင်းဘက်သို့ လှည့်ကာ ဂရုမစိုက်သလို ပြောလိုက်၏။

"ပေးလိုက်ပါ"

"အော်"

အသေးစိတ် အချက်အလက်များကို ထပ်မံ အတည်မပြုဘဲ ခွေးကို အသားပစ်ကျွေးသလို ပေးလိုက်ရခြင်းကို အားချင်း နားမလည်နိုင် ဖြစ်နေသော်လည်း သူမသည် သိုလှောင်အိတ်ထဲမှ မိုးမြေ ရတနာ အများအပြားကို ထုတ်ယူပြီး အဘိုးအိုလက်ထဲသို့ ထည့်ပေးလိုက်သည်။

ကျင်းပေဝမ်သည် လူငယ်၏အကြည့် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ရာ ကျောပြင်တစ်ခုလုံး အေးစက်သောချွေးများဖြင့် ရွှဲနစ်သွားလေ၏။

သူသည် အားချင်းလက်ထဲမှ ပစ္စည်းများကို စိုက်ကြည့်နေပြီး ခဏမျှတွန့်ဆုတ်နေပြီးမှ လက်ခံလိုက်သည်။

"စီနီယာကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက်ကို အရင် ပေးလိုက်ပါ့မယ်။ ပြီးမှတန်မတန် စီနီယာ ကိုယ်တိုင် ဆုံးဖြတ်ပါ"

သူ စကားမဆုံးခင်မှာပင် တစ်ဖက်လူက ပတ်ဝန်းကျင်ကိုလေ့လာနေပြီး သတ်ဖြတ်ရန် ပြင်ဆင်နေပြီ ဖြစ်လေ၏။

သောက်ကျိုးနည်း ဒီလူက ဘယ်လိုနတ်ဆိုးကျင့်ကြံသူမျိုးလဲ။ ဆိုတ်ခြင်းစွမ်းအင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို လိုက်ရှာနေတာ အံ့သြစရာ မဟုတ်တော့ဘူး။

"ခုနကတော့ ရှင် အဲဒီလို မပြောပါဘူး..." အားချင်း ကြောင်အမ်းသွားသည်။

ကျင်းပေဝမ် သူမကို ဂရုမစိုက်တော့ဘဲ ရှန်းယီဘက်သို့ လှည့်ကာ စကားလုံးများကို ဂရုတစိုက် ရွေးချယ် ပြောဆိုလိုက်၏။

"စီနီယာ... ဒီကိစ္စကို နားလည်ဖို့ဆိုရင် ကျွန်တော့် မိသားစုရဲ့နိမ့်ပါးတဲ့ အဆင့်အတန်းကနေ စပြောရပါလိမ့်မယ်။ ကျွန်တော့် ကျင်းမိသားစုက သေးငယ်တဲ့ ကျင့်ကြံရေးမျိုးနွယ်စု တစ်ခုဖြစ်ပြီး အကောင်းဆုံး အချိန်တုန်းကတောင် ကနဦးအဆင့် ဟွမ်ယွမ်တစ်ယောက်ပဲ ရှိခဲ့ဖူးတာပါ။ နောက်ပိုင်းမှာ ကျွန်တော်တို့ ကံကောင်းပြီး ကျန်းမိသားစု နဲ့ လက်ထပ်ထိမ်းမြားပြီး မဟာမိတ် ဖွဲ့နိုင်ခဲ့ပါတယ်"

အဘိုးအိုက ဆက်လက် ရှင်းပြ၏။ "အဲဒါက ရွှမ်ကွမ်းဂူနဲ့ ဆက်နွယ်နေတဲ့ ကျန်းမိသားစုပါပဲ။ မဟာချန်နဲ့ မသေမျိုးဂိုဏ်းပြီးရင် ဒုတိယ အကြီးဆုံး အင်အားစုလို့ ပြောလို့ရပါတယ်။ နှစ်တစ်ထောင်တိုင်းလိုလို ကျွန်တော်တို့မျိုးနွယ်စုဝင် တစ်ယောက် ရွှမ်ကွမ်းဂူကိုဝင်ခွင့်ရခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျွန်တော်တို့က အစစ်မှနိပုဂ္ဂိုလ်ကျန်းဇီရှန့်ရဲ့ အဆက်အသွယ်ကို အားကိုးနေရပါတယ်"

ထိုနေရာရောက်တော့ သူ ခဏ ရပ်လိုက်၏။သတင်းအချက်အလက်မှာ ရွှမ်ကွမ်းဂူနှင့် ပက်သက်နေကြောင်း သူ ရှင်းလင်းစွာ ပြောပြပြီးပြီ။

ဆက်နားထောင်မည်လောဆိုသည်တော့ တစ်ဖက်လူ၏သတ္တိနှင့် ဆုံးဖြတ်နိုင်စွမ်းအပေါ် မူတည်နေ၏။

"ဆက်ပြောပါ"

ရှန်းယီ ခေါင်းညိတ်လိုက်၏။

ဤအရာကို ကြားတော့ ကျင်းပေဝမ်က ဘေးပတ်ဝန်းကျင်ကို တချက်ကြည့်ပြီး ဘယ်သူမှ မရှိတာ သေချာမှ ဆက်ပြောလိုက်၏။

"ဒီအဘိုးကြီး ပြောချင်တာက ဆိုးယုတ်ခြင်းစွမ်းအင် ညစ်နွမ်းနေတဲ့ ရတနာဆိုတာ ကျန်းမိသားစုဆီရွှေ့ပြောင်း စိုက်ပျိုးထားတဲ့ စွေ့ပင် ပါပဲ"

"စွေ့ပင် ဆိုတာ ဘာလဲဆိုတာ ခင်ဗျား သိချင်မှ သိမှာပါ" သူ ပြောလိုက်၏။

ကျင်းပေဝမ် ခေါင်းခါလိုက်၏။ သူ့ကျင့်ကြံခြင်းအဆင့် နိမ့်သော်လည်း ကျန်းမိသားစုနှင့် ပတ်သက်မှုကြောင့် မသေမျိုးဂိုဏ်းနှင့် မဟာချန်တို့သာ သိသော လျှို့ဝှက်ချက်များကို သူ သိရှိထားသည်။

"အဲဒါက ဂူဗိမာန်အပျက်အစီးတွေကြားမှာ ကျန်ရစ်ခဲ့တဲ့ ရတနာပါ။ ဘယ်အဆင့်ပဲ ရှိရှိ အဲဒီအသီးကို စားရင် သက်တမ်းရှည်နိုင်တယ်... ကျန်းဇီရှန့်ရဲ့ ထူးချွန်တဲ့ စီနီယာသိုင်းဦးလေးဖြစ်သူ အစသ်အနှန်ပုဂ္ဂိုလ်ကျန်းက ဂူဗိမာန်ထဲက စွေ့ပင် တစ်ပင်ကို ကျန်းမိသားစုဆီ ရွှေ့ပြောင်းစိုက်ပျိုးခဲ့တာပါ။တကယ်တော့ ဒီကိစ္စကိုသိတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး" သူ ရှင်းပြသည်။

သူက အသံကို ထပ်မံနှိမ့်လိုက်ပြီး သူ ဆက်ပြော၏။ "ဒါပေမဲ့ ကျန်းမိသားစုက တခြားသူတွေကို မသိစေချင်တဲ့ အချက်၊ သူတို့ စွေ့ပင်ကို ဘေးအန္တရာယ်ဖြစ်တဲ့အထိ ပြုစုပျိုးထောင်လိုက်မိတယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှခင်ဗျားကို ပြောရဲမှာမဟုတ်ဘူး။ ကျွန်တော် အာမခံနိုင်တာက အဲဒီအပင်ဟာ သူတို့ရဲ့ပြုစုပျိုးထောင်မှုကြောင့် ပျက်စီးသွားပြီ ဆိုတာပါပဲ"

ထိုအရာကို ကြားလိုက်ရတဲ့အခါ တိတ်ဆိတ်စွာ နားထောင်နေတဲ့ အားချင်းက ရုတ်တရက် လက်ထောင်လိုက်၏။ ရှန်းယီက ခွင့်ပြုကြောင်း အမူအရာ ပြလိုက်မှ သူမ တိုးတိုးလေး ပြောလိုက်သည်။

"အဲဒါ အတုပါ။ ဝူထုံတောင်တောင်မှ စွေ့ပင်ကို ရွှေ့ပြောင်းစိုက်ပျိုးတဲ့ နည်းလမ်းကို မတတ်မြောက်သေးပါဘူး"

ရှန်းယီလည်း ဤအရာ အတုမှန်း သိလေ၏။

အမှန်ဖြစ်လျှင် ထိုအရာအားရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါက သိုင်းဘုံကျောင်းမှတပည့်များ အဘယ်ကြောင့် နတ်ဆိုးတစ်ထောင်ဂူ၏နယ်မြေထဲကို သက်စွန့်ဆံဖြားသွားနေကြတော့မည်နည်း။

"ဟာ ခင်ဗျားမယုံဘူးဆိုတာ ကျွန်တော် သိသားပဲ"

ကျင်းပေဝမ်က အားချင်းကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်၏။

"ကျွန်တော် ကျိန်ဆိုကျိန်ရဲတယ်။ အဲဒီ စွေ့ပင်က တကယ်ကို အသက်ရှင်နေတာပါ၊ကျွန်တော်က ကျန်းမိသားစုနဲ့ ဆွေမျိုးတော်တာပါ..."

"ပစ္စည်း ယူလိုက်"

ရှန်းယီက သူ့ကျိန်ဆိုမှုကို ဖြတ်ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် စီနီယာ"

ကျင်းပေဝမ်၏ မျက်နှာပေါ်မှ တည်ငြိမ်သော အမူအရာသည် ချက်ချင်းပင် ပျော်ရွှင်မှုဖြင့် ပြောင်းလဲသွားပြီး အားချင်းလက်ထဲမှ ရတနာများကိုအလျင်အမြန်ဆွဲယူကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

ထိုအချိန်တွင်ပင် သူ့မျက်နှာကို ပြောင်းလဲသွားစေမည့် စကားတစ်ခွန်းကို ကြားလိုက်ရသည်။

"ပစ္စည်း ယူပြီးပြီဆိုရင် ငါ့ကို ကျန်းမိသားစုဆီ ခေါ်သွားပေး"

အဘိုးအို၏လက်များ တုန်ရီသွားပြီး အလျင်အမြန် ငြင်းဆန်လိုက်၏။

"မဖြစ်ပါဘူး၊ ကျွန်တော်က ကျန်းမိသားစုရဲ့ဆွေမျိုးပါ။ သူတို့ရဲ့စွေ့ပင်ကို ရတနာတွေနဲ့ လဲလှယ်လိုက်တာက သူတို့ကိုလုံးဝပြစ်မှားလိုက်တာပါပဲ၊ကျွန်တော် ဘယ်လိုလုပ် သူတို့ဆီ သွားရဲတော့မှာလဲ"

သူ့စကား မဆုံးခင်မှာပင် လူငယ်က လက်ကို အနည်းငယ် မြှောက်လိုက်သည်ကို တွေ့လိုက်ရပြီး သာမန်ဟု ထင်ရသော နွယ်ပင်လက်ကောက်သည် ရုတ်တရက်လေထဲသို့ ပျံတက်သွားကာ အဘိုးအို၏အင်္ကျီလက်စထဲသို့ ဝင်ရောက်ပြီးလက်မောင်းပေါ်တွင် နေရာယူလိုက်၏။

"ဒီသတင်း အမှန် ဟုတ်မဟုတ် ငါ စစ်ဆေးဖို့ လိုတယ်"

ရှန်းယီသည် ရှစ်မျက်နှာ စားသောက်ခန်းမဘက်သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်၏။

ကျင်းပေဝမ်သည် သူ့လက်မောင်းပေါ်ရှိ လက်ကောက်မှ ဆူးချွန်လေးများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသဖြင့် ခါးသီးစွာ ပြုံးရုံသာ တတ်နိုင်တော့သည်။

"စီနီယာ ပြောတာ အကျိုးအကြောင်းသင့်ပါတယ်"

ထို့နောက် သူသည် ခေါင်းငိုက်စိုက်ချကာ လိုက်ပါသွားလေ၏။

အားချင်းသည် စူးစမ်းချင်စိတ်ဖြင့် ကြည့်ရှုနေပြီးနောက် စာအုပ်နှင့် ဘောပင်ကို ထုတ်ကာ ဤအဖိုးတန် အတွေ့အကြုံများကို သူမ၏မှတ်စုစာအုပ်တွင် ရေးမှတ်လိုက်သည်။

သူမ နောက်မှ လိုက်သွားရန် ပြင်လိုက်စဉ်မှာပင်...

ရုတ်တရက် လက်တစ်ဖက် သူမပခုံးပေါ်သို့ ရောက်ရှိလာ၏။

"..."

အားချင်း လှုပ်ရှား၍မရတော့ဘဲ ရှန်းယီ၏ပုံရိပ်သည် စားသောက်ကုန်တိုက် တံခါးပေါက်အတွင်းသို့ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေမိလေ၏။

ဒီလောက် နီးကပ်နေတာတောင် သူ ဘာမှ အာရုံမခံမိဘူးလား။

စိတ်လျော့လိုက်ပြီး သူမ လှည့်ကြည့်လိုက်ရာ သူမကို ဒေါသတကြီးစိုက်ကြည့်နေသော မျက်နှာတစ်ခုနှင့် ဆုံတွေ့လိုက်ရလေသည်။

All Chapters