ငါ ရုပ်ဖျက်ထားတာကို သူ သိတယ်ဟ
Vol. 1-5 Ch. 66
အခန်း (၆၆) : ငါ ရုပ်ဖျက်ထားတာကို သူ သိတယ်ဟ
တခြားတစ်ဖက်တွင်ကား….
သူဌေးစုန့်က သူ့လက်ချောင်းများပေါ်မှာ ပြေးလွှားခုန်ပေါက်နေသည့် လျှပ်စီးလှိုင်းများကို စိုက်ကြည့်နေရာမှ ရှန်ထျန်းဆီသို့ လှမ်းကြည့်လိုက်၏။
မီးဝင်းဝင်းတောက်နေသည့် အကြည့်က မကြုံစဖူး ပြင်းထန်နေသည်။
“ဆရာနတ်မင်း… လက်စသတ်တော့ ဆရာက ဒီလို ရလဒ်အကျိုးဆက်ကို ကြိုမြင်ထားပြီးသားကိုးဗျ”
ဟေ… ဒီရလဒ်ကို ငါလေးက ကြိုမြင်ပြီးသား ဟုတ်လား… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…
လောလောဆယ်တွင် ရှန်ထျန်းက တခြားသူ၏ ကံအပြောင်းအလဲအခွင့်အရေးကို သူတို့ရောင်ဝါထဲက ရုပ်ပုံကနေသာ မြင်တွေ့နိုင်သေးသည်။
အကယ်၍ သူ ဝင်ပါလိုက်လို့ အနာဂတ်က ပြောင်းလဲသွားသည် ဆိုပါက ထိုအနာဂတ်အသစ်ကို ရှန်ထျန်းအနေနှင့် မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ဥပမာအားဖြင့် ကွေ့ကုန်းကုန်း ဟရူးဂါနတ်ဆိုးကျမ်းကို ရရှိလိုက်စဉ်အခါက ထိုအဖြစ်မှာ ကွေ့ကုန်းကုန်းအတွက် ကြီးမားသော ကံအပြောင်းအလဲအခွင့်အရေး တစ်ခု ဖြစ်သွားသည်မှာ မှန်၏။ သို့သော် ထိုကဲ့သို့ ကွေ့ကုန်းကုန်းအား ဟရူးဂါနတ်ဆိုးကျမ်း ပေးလိုက်ခြင်း ဆိုသည့် အနာဂတ်ကို ရှန်ထျန်းက ကြိုတင်မမြင်နိုင်ခဲ့ပေ။
အကြောင်းအရင်းကို ပြောရလျှင် အနာဂတ်မှာ ဖြစ်ပျက်သွားနိုင်ခြေတွေ အများကြီး ရှိနေကာ ရှန်ထျန်းကလည်း ထိုဖြစ်နိုင်ခြေတွေထဲမှ ပြောင်းလဲကိန်းတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။
သူ၏ စိတ်ကူးပေါက်ရာ ဆုံးဖြတ်ချက်များကြောင့် တခြားသူများကို အခွင့်အရေးတွေ ရရှိသွားအောင် သူက ကူညီပံ့ပိုးပေးသလို ဖြစ်သွားခဲ့ရသည်။ သည်လိုအနာဂတ်မျိုးကို သူ ကိုယ်တိုင်တောင် ကြိုတင်သိမြင်နိုင်လိမ့်မည် မဟုတ်ပေ။
ဒီကံအပြောင်းအလဲအခွင့်အရေးကို သူဌေးစုန့်နှင့် တခြားသူများ၏ ရောင်ဝါစက်ဝန်းများပေါ်တွင် ရှန်ထျန်းက မမြင်ထားမိပေ။ ဖြစ်နိုင်သည်မှာ နဂိုအနာဂတ်အတိုင်းသာ ဖြစ်ပျက်ခဲ့မည် ဆိုပါက သူတို့တွေလည်း မူလနတ်မိုးကြိုးကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်… ကမ္ဘာ့တစ်နေရာမှ လိပ်ပြာတောင်ပံ တစ်ချက်ခတ်လိုက်စဉ် ကြားထဲမှ အကျိုးဆက် အဆင့်ဆင့်ကြောင့် ကမ္ဘာ့နောက်နေရာတွင် လေမုန်တိုင်းကြီး တိုက်သွားရသည့် အဖြစ်မျိုးလိုပင် ရှန်ထျန်း လုပ်လိုက်သည့် ကိစ္စသေးသေးလေးကြောင့် အဆုံးသတ်ရလဒ်များက ပြောင်းလဲသွားရလေသည်။
သူ ဝင်ပါလိုက်မိသောကြောင့် ဖြစ်ပေါ်လာသည့် တခြားသူများ၏ ထပ်တိုး ကံအပြောင်းအလဲအခွင့်အရေး အသစ်များကို ခန့်မှန်းနိုင်စွမ်း ရှန်ထျန်းမှာ မရှိပါချေ။
သို့သော် ဒီလိုမျိုး အခွင့်ကောင်းကို ရရှိနေလျက်သားနှင့် အနာဂတ်ကို သူ မခန့်မှန်းနိုင်ပါဘူးဟု ရှန်ထျန်းက ဝန်ခံပါလိမ့်မလား..
ရှန်ထျန်းက နှုတ်ခမ်းမွေးအတုကို ခပ်စစ ဆွဲကိုင်ရင်း ပြုံးကာ “ဘယ်လိုထင်လဲ”
သူ့စကားကြောင့် ချက်ချင်းဆိုသလို သူဌေးစုန့်က ဆရာနတ်မင်းအား ပိုလို့ပင် ယုံကြည်အားကိုးသွားလေ၏။
အမှန်ပဲ… ငါသာ စိတ်မယိမ်းယိုင်ဘဲ ဆရာနတ်မင်းကို အမိအရ အပိုင် ပေါင်းထားလိုက်သရွေ့ ဆရာကလည်း ငါ့ကို သေချာပေါက် ကောင်းကောင်းဆက်ဆံမှာပဲ…
တော်သေးတာပေါ့… ဟိုသူငယ်မနဲ့ လောင်းတုန်းက ငါ နောက်မဆုတ်လိုက်တာ… မဟုတ်ရင် ဒီမူလနတ်မိုးကြိုးကို ငါ ဘယ်လိုလုပ် ရနိုင်ပါ့မလဲ…
အယ်… ဒါနဲ့ ဟိုသူငယ်မလေး ဘယ်ရောက်သွားတာတုန်း…
သူဌေးစုန့်တစ်ယောက် အနည်းငယ် ကြောင်အသွားပြီး “ဆရာနတ်မင်း… ဟိုသူငယ်မလေး ဘယ်ထွက်သွားတာလဲဗျ”
ရှန်ထျန်းက အသာပြုံးကာ “သူငယ်မလေးတဲ့လား… သူဌေးစုန့်… သူမကို အဲ့လို ခေါ်ရဲတာ ခင်ဗျား တကယ် သတ္တိရှိတာပဲ”
သူဌေးစုန့်က တုံ့ပြန်လိုက်၏ “ဆရာနတ်မင်းရဲ့ ရွေးချယ်မှုကို လာပြီး မေးခွန်းထုတ်ရဲတယ်ဆိုတော့… အဲ့သူငယ်မလေးရဲ့ နောက်ခံဇာစ်မြစ်က ဘာများလဲဗျ”
ထိုအခါ ရှန်ထျန်းက ညစ်ကျယ်ကျယ်လေး ပြုံးလိုက်ပြီး “သူမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မ ကျန်းယွင်ရှီးလေ”
ရှန်ထျန်း စကားဆုံးသည်နှင့် သူဌေးစုန့်ခမျာ ဒူးများ ပျော့ခွေလာပြီး ချက်ချင်း မြေပြင်ပေါ် လဲကျသွားလေ၏။
ဘုရားရေ… အဲ့ဒီသူငယ်မလေးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မလား…
အမယ်လေး… ငါ မူးတောင် မူးလာသလိုပဲ…
သူဌေးစုန့်က ရှန်ထျန်းအား အားကိုးတကြီး ကြည့်လိုက်ကာ “ဆရာနတ်မင်း… ဆရာ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းဖို့အတွက်ကြောင့် ကျုပ်က သူတော်စင်မကို ပြန်ခံပြောခဲ့တာလေဗျာ။ ဆ… ဆရာ ကျုပ်ကို ဒီအတိုင်း ပစ်မထားရဘူးနော်… နော်လို့”
သူဌေးစုန့်တစ်ယောက် စိတ်တွေပူပြီး ငိုတော့မလို ဖြစ်နေသည်ကို မြင်သောအခါ ရှန်ထျန်းမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။
သူက ပြုံးကာ ပြောလိုက်သည် “စိတ်ချပါဗျာ။ ခင်ဗျားက ကျုပ်ရဲ့လူဆိုတော့ သူမက ခင်ဗျား အကျပ်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး”
ရှန်ထျန်း မြင်ရသလောက်တော့ ကျန်းယွင်ရှီးသည် စိတ်သဘောထား သေးသိမ်သည့်သူ ဖြစ်ဟန် မပေါ်ပေ။
ထို့ထက်ကို ဒီတစ်ခေါက် ကောင်းကင်ဝိညာဉ်ပြခန်းကနေ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို သူမ ရရှိနိုင်ခဲ့သည်။ သည်ကိစ္စက သူမတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ဒီနှစ်တစ်သောင်းအတွင်း ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေအနက် အကောင်းဆုံးကိစ္စ ဖြစ်သည်။
သည်ဟာက သမိုင်းတွင်မည့် ဖြစ်ရပ်တစ်ခု ဖြစ်နေလေရာ ဘယ်သူ့ဆီမှာများ သူဌေးစုန့်လိုမျိုး သာမညလူတစ်ယောက်ကို ဂရုစိုက်နေချိန် ရှိပါ့မည်နည်း။
မည်သို့ပင်ဆိုစေကာမူ သတ္တုရိုင်းတုံးကို ဖြတ်ပေးသည့်အတွက် ရရှိရမည့် အကျိုးအမြတ်၏ (၁၀)ရာခိုင်နှုန်းကိုတော့ သူဌေးစုန့်တစ်ယောက် ရနိုင်ခြေ မရှိသလောက် ဖြစ်နေလေပြီ။ အကယ်၍ သူသာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီသို့ သွားတောင်းပါက အကျိုးအမြတ်တချို့ ရရှိနိုင်လောက်မည် ဖြစ်သည်။ သို့သော် မေးစရာ ရှိသည်မှာ သူ သွားရဲသလား ဆိုတာသာ ဖြစ်၏။
ငါက ဆရာနတ်မင်းရဲ့ လူဆိုတော့ သူမက ငါ့ကို အကျပ်တွေ့အောင် လုပ်မှာ မဟုတ်ဘူးတဲ့လား…
ရှန်ထျန်း၏ သာမန်ကာလျှံကာ အဖြေက သူဌေးစုန့်အား မှင်သက်သွားစေသည်။
ဆရာနတ်မင်းကတော့ တကယ့်ဆရာနတ်မင်းပါပဲ… သူရဲ့အဆင့်အတန်းက သူတော်စင်မနဲ့ တစ်တန်းတည်း အတူတူ ဖြစ်နေပါလား… ပြီးတော့ သူမကတောင် ဆရာ့ကို မျက်နှာသာ ပေးရသေးတယ်…
ကျန်းယွင်ရှီးသည် လောင်းကြေးထပ်ဖို့ သဘောတူစဉ်က ထွက်လာသည့်ပစ္စည်းက ဝိညာဉ်ကျောက်တုံး ငါးသိန်းထက် ပိုပြီး တန်ကြေးရှိနေပါက ဆရာနတ်မင်းအား အလကားပေးမည်ဟု ပြောခဲ့သည်ကို သူဌေးစုန့်တစ်ယောက် ရုတ်တရက်ကြီး ပြန်အမှတ်ရသွားလေ၏။
ဒါဆို စောစောတုန်းက သူတော်စင်မက ဆရာနတ်မင်းကို တမင်သက်သက် မြှောက်ပင့်ဖားယားနေတာလား…
ဝိုး… မဟုတ်မှ သူတော်စင်မရဲ့ အဆင့်အတန်းက ဆရာနတ်မင်းရဲ့ အဆင့်အတန်းအောက် ပိုနိမ့်နေတာများလား…
သူဌေးစုန့်တစ်ယောက် သူ့အတွေးနှင့်သူ မနေနိုင်ဘဲ အံ့သြပြီးရင်း အံ့သြနေလေတော့သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူတော်စင်မ တစ်ယောက်ကတောင် ဆရာနတ်မင်း ကျေနပ်ကြည်ဖြူအောင် ငါတို့နဲ့ လာပြိုင်နေတာမျိုးလား… သူမနဲ့ ယှဉ်ရင် ငါတို့ ဘယ်လိုလုပ် နိုင်နိုင်ပါတော့မလဲ…
အဖြစ်အပျက်တစ်ခုလုံးကို သေသေချာချာ အကဲဖြတ်ဆန်းစစ်ပြီးနောက် သူဌေးစုန့်က နောက်ထပ် စောင့်မနေနိုင်တော့ဘူးဟု ခံစားမိလိုက်သည်။
အစောပိုင်း၌ သူက ဆရာနတ်မင်း အယောင်ဆောင်ကို မေးမြန်းစစ်ဆေးပြီးမှ ဆရာနတ်မင်းဆီကို ပေးအပ်ဖို့ စဉ်းစားထားခဲ့သည်။ သို့သော် ယခုပုံစံအတိုင်းဆို ဆရာနတ်မင်းကို ဖြစ်နိုင်သမျှ မြန်မြန် စောစောစီးစီးသာ အပိုင်ကပ်နိုင်မှ ဖြစ်တော့မည် ထင်သည်။
မတော်လို့ သူတော်စင်မက ဆရာနတ်မင်း၏ အာရုံစိုက်မှုကို ရရှိရန်အတွက် သူတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက သူဌေးစုန့်က ဘယ်လိုလုပ်ပြီး သူ့အကြီးအကဲမှူးရာထူးကို ဆက်ထိန်းထားနိုင်ပါတော့မည်နည်း။
သို့ဖြစ်၍ သူဌေးစုန့်က အလျင်စလို ပြောလိုက်၏ “ဆရာနတ်မင်း… ဆရာ့ကို ပြောပြစရာ ကိစ္စတစ်ခု ရှိနေပါတယ်”
သူက ရှန်ထျန်းအား ဘေးနားလေးသို့ ဆွဲခေါ်သွားပြီး လျို့လျို့ဝှက်ဝှက်နှင့် ပြောလိုက်သည် “ဒီလိုပါ ဆရာနတ်မင်း… ဆရာ့အယောင်ဆောင်ထားတဲ့ သူခိုးတစ်ယောက်ကို ကျုပ်ဖမ်းမိထားတယ်ဗျ”
ငါ့အယောင်ဆောင်ထားတယ် ဟုတ်လား…
ရှန်ထျန်းတစ်ယောက် အံ့သြသွားသည်။ သူ ဆရာနတ်မင်းပုံစံနှင့် ရက်အနည်းငယ်သာ နေရသေးသည်ကို ဆရာနတ်မင်းပုံစံ အယောင်ဆောင်တဲ့သူက ပေါ်လာပြီလား…
ဒီလိုကျင့်ကြံရေးကမ္ဘာထဲမှာတောင်မှ ခိုးချတဲ့နှုန်းက ဒီလောက် မြန်တယ်ပေါ့…
သူဌေးစုန့်က တံဆိပ်ပြားတစ်ခု ထုတ်ယူလိုက်ပြီး ရှန်ထျန်းဆီ ပေးလိုက်သည် “ကြည့်ကြည့်လိုက်ပါဦး ဆရာနတ်မင်း”
ရှန်ထျန်းလည်း တံဆိပ်ပြားကို စစ်ကြည့်လိုက်သည်။ သူ့ပုံစံကြည့်ရသည်မှာ ချက်ချင်းပဲ စိတ်ဝင်စားသွားဟန် ရှိသည်။
သူက ချောင်းတစ်ချက် ဟန့်ပြီးမှ မေးလိုက်၏ “ဒီတံဆိပ်ပြားက…”
သူဌေးစုန့်က မဲ့ကာ ပြောလိုက်သည် “ဒါက အဲ့ဒီသူခိုးပေါ်ကနေ တွေ့တာပါ။ သူကများ သူ့ကိုယ်သူ မီးတိုင်းပြည်ရဲ့ မင်းသား(၆) ရှန်အောင်းပါဆိုပြီး ပြောရတယ်ရှိသေး”
ရှန်ထျန်းက မလုံမလဲနှင့် မေးလိုက်၏ “သူက မင်းသား(၆) ရှန်အောင်းပုံစံ ဟန်ဆောင်တာနဲ့ ကျွန်တော် ရှန်အောင်းထျန်းနဲ့ ဘာဆိုင်လို့လဲဗျ”
သူဌေးစုန့်လည်း ခဏတော့ ကြောင်သွားသေးသည်။ ထို့နောက် သူက ခပ်တိုးတိုးလေး ပြောလိုက်သည် “ဆရာနတ်မင်း… ဆရာ့ရဲ့ သရုပ်အမှန်ကို ဖော်ပြလို့ အဆင်မပြေဘူးလားဟင်”
ရှန်ထျန်းမှာ ပါးစပ် နည်းနည်းတွန့်သွားရကာ “သူဌေးစုန့်… ခင်ဗျား နည်းနည်းလေးမှ မတွေးမိဘူးလား… ဒီရှန်အောင်းက… တကယ့်မင်းသားအစစ် ဖြစ်နေနိုင်ခြေကိုလေ”
သူဌေးစုန့်က ပြုံးရယ်ကာ တုံ့ပြန်လိုက်သည်။
“ဆရာနတ်မင်းကလည်း နောက်နေပြန်ပြီ။ ကျုပ်သားက ကျုပ်ကို အကုန်လုံး ပြောပြပြီးသားပါဗျာ။
ကျုပ်သား မိန်းကလေးလင်းအာကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေတုန်း ဆရာနဲ့တွေ့လို့ ဆရာက သူ့ကို သင်ခန်းစာ ပေးခဲ့တယ်လေ… အဲဒါနဲ့ သူက ကံကောင်းပြီး ဆရာနတ်မင်းရဲ့ တကယ့်သရုပ်အမှန်ကို သိခွင့်ရခဲ့တာပါ။ အခု ဆရာက ဒီမှာ ရှိနေတဲ့ဟာ ဟိုရှန်အောင်းက ဘယ်လိုလုပ် အစစ် ဖြစ်နိုင်တော့မှာလဲဗျ”
သူဌေးစုန့် ပြောပြလိုက်သည့် စကားကြောင့် ရှန်ထျန်းမှာ အံ့သြသွားရ၏။
မဖြစ်နိုင်တာ… ငါရုပ်ဖျက်ထားတာကို သူသိတယ်ဟ…
ရှန်ထျန်းက ဘေးမှာ ရပ်နေသည့် ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်၏။ ထို့နောက် သူက သဘောပေါက်သွားလေသည်။
မထူးဆန်းတော့ပါဘူး… ဒါကြောင့်ကိုး… ငါ့သရုပ်အမှန် ပေါ်သွားရတာ ငါ့နောက် အမြဲလိုက်နေတဲ့ ဦးလေးကွေ့နဲ့ ချင်ကောင်းတို့ကြောင့်ကိုး… ငါ တော်တော်လေး ပေါ့ဆမိသွားတာပဲ…
သူဌေးလေးစုန့်ကို ရိုက်နှက်ခဲ့တဲ့လူက ဦးလေးကွေ့လေ… ဦးလေးကွေ့ ငါ့နောက် လိုက်လာတာကို မြင်မှတော့ သူဌေးလေးစုန့်က သူနဲ့ငါ့ကို ဘယ်လိုလုပ် မဆက်စပ်မိဘဲ နေတော့မှာတုန်း…
ဒါ့အပြင် ငါလေးရဲ့ ထူးခြားပေါ်လွင်တဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းမွေးအတု တပ်ပြီး ရုပ်ဖျက်ထားရင်တောင် ငါ့ချောမောမှုကို မလျော့သွားစေနိုင်ဘူးလေ။ ဒီတော့ ငါလေးက သိသာနေဦးမှာပဲ…
ဒီကြောင့်လည်း သူဌေးလေးစုန့်က ငါ့ကို သူတွေ့ခဲ့တဲ့ ရှန်အောင်းမှန်း မှတ်မိသွားတာပေါ့…
ထိုသို့တွေးနေရင်းက တကယ့်ရှန်အောင်းအစစ်ကို ရှန်အောင်းအတု သူက သွားတွေ့ရမည့် သည်အဖြစ်ကြောင့် ရှန်ထျန်းတစ်ယောက် ဘာလုပ်ရမှန်းပင် မသိတော့ချေ။
သို့သော် ရှန်ထျန်းမှာ ရှန်အောင်းကို မျက်နှာလွှဲပြီး ဒီအတိုင်းလည်း မထားခဲ့နိုင်ချေ။ ပြောရမည်ဆိုလျှင် သူတို့တွေက ညီအစ်ကိုတွေပဲလေ။
တစ်ချိန်တည်းမှာ အရင်တုန်းက ရှန်းအောင်းက သူ့ကို မျက်နှာသာ ပေးပြီး ချင်ကောင်းကို လွှတ်ပေးခဲ့သည့် ကိစ္စလည်း ရှိသေးသည်။ ထို့ကြောင့် ရှန်ထျန်းက မျက်နှာလွှဲပြီး ထားခဲ့ပါက ရှန်အောင်းအပေါ် မတရားဘူး ဖြစ်သွားပေလိမ့်မည်။
ပြီးတော့ စုန့်သားအဖကလည်း ရှန်အောင်းအား အတုအယောင်ဟု တထစ်ချ ယုံကြည်နေ၏။ မတော်လို့ သူတို့ သူ့ကို သတ်ပစ်လိုက်ရင် ဘယ်နှယ့်လုပ်မလဲ။ ဒါကြောင့် ရှန်ထျန်းက အရင်ဆုံး သွားပြီး အခြေအနေ ကြည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူဌေးစုန့် ဖမ်းမိထားသည့်လူက တကယ့်အတုအယောင် ဖြစ်နေခဲ့လျှင် ရှန်ထျန်းက သူ့ကိုယ်သူ ရှန်အောင်းအဖြစ် ဆက်လက်ဟန်ဆောင်နေဦးမည် ဖြစ်သည်။
မတော်လို့ သူတို့ ဖမ်းမိထားတာ အစ်ကိုတော်(၆) ဖြစ်နေခဲ့ရင်ကော… ဟင်း… တွေးမိတာနဲ့တင် ငါ့မှာ ခေါင်းခြောက်နေရပြီ…
“သူဌေးစုန့်… အဲ့ဒီ့အယောင်ဆောင်ကို ကြည့်ကြည့်ရအောင် ကျွန်တော့်ကို ခေါ်သွားပေးဗျာ”
ထို့နောက် ရှန်အောင်း သူ့ကို မှတ်မိသွားမှာစိုး၍ ရှန်ထျန်းက ကွေ့ကုန်းကုန်းတို့အား သူ့နောက် မလိုက်လာခဲ့ရန် အမိန့်ပေးလိုက်သည်။
သည်လိုနှင့် ရှန်ထျန်းလေးတစ်ယောက် သူဌေးစုန့်နောက်မှ ဆိုင်အတွင်းဘက်ရှိ အလုံပိတ်လျို့ဝှက်ခန်း တစ်ခုဆီသို့ လိုက်ဝင်သွားလိုက်၏။ မျက်နှာပေါ်မှာမှ နှုတ်ခမ်းမွေးအတုကို သပ်ရင်း စိတ်ထဲမှာလည်း စိုးရိမ်မှုအပြည့်နှင့်ပေါ့။
ကွေ့ကုန်းကုန်းကြောင့် သူဌေးလေးစုန့်က ငါ့ကို မှတ်မိသွားတယ် ဆိုပေမဲ့လည်း… အဲ့ဒါက ရုပ်ဖျက်ထားတာက ငါရဲ့ ချောမောမှုကို အပြည့်အဝ ဖုံးကွယ်ထားနိုင်တယ်လို့ မဆိုလိုနေပြန်ဘူး။
ဟင်း… ငါလေး ဘာများတတ်နိုင်မှာလဲ… စိတ်ရှုပ်စရာကောင်းလိုက်တာကွာ…