သူက ငါ့ရဲ့အစ်ကိုတော်
Vol. 1-5 Ch. 67
အခန်း (၆၇) : သူက ငါ့ရဲ့အစ်ကိုတော်
ရုတ်တရက် ရှန်းထျန်း အကြံကောင်းတစ်ခု ရသွားသည်။ သူက ကျန်းယွင်ရှီး ပေးခဲ့သည့် ဇာမဏီငှက်မွေး မျက်နှာဖုံးကို ထုတ်ယူပြီး တပ်လိုက်၏။
အရွယ်အစားက အနေတော်ပဲဟု ပြောရမည်။ ထို့အပြင် ရနံ့သင်းသင်းလေးတစ်ခုလည်း ဆွဲထင်နေသေးသည်။
ဟုတ်သွားပြီ… အခုတော့ ငါ့မျက်နှာကို မျက်နှာဖုံးက အပြည့်အဝ ဖုံးကွယ်လိုက်ပြီလေ။ အနည်းဆုံးတော့ အစ်ကိုတော်(၆) ငါ့ကို မမှတ်မိလောက်တော့ဘူး…
မျက်နှာဖုံး တပ်ပြီးနောက် ရှန်ထျန်းက ကြေးမုံကို ထုတ်ကာ ကြည့်ကြည့်လိုက်သောအခါ မနေနိုင်ဘဲ တအံ့တသြ ရေရွတ်မိလိုက်သည် “လုံးဝကို ပြီးပြည့်စုံနေတဲ့ ရုပ်ဖျက်မှုပဲ”
ထို့နောက် သူက သူဌေးစုန့်နောက်မှ ဆက်လိုက်သွားကာ ကောင်းကင်ဝိညာဉ်ပြခန်း၏ လျို့ဝှက်အလုံပိတ်အခန်းထဲသို့ ဦးတည်သွားလိုက်သည်။
တံခါးပွင့်သွားသောအခါ တံခါးဘေးတွင် အိပ်ငိုက်နေသည့် သူဌေးလေးစုန့်ကို တွေ့လိုက်ရ၏။ တစ်ဖက်တွင်လည်း ရှန်အောင်းမျက်နှာပေါ်က လက်ဝါးရာများနှင့် ဒဏ်ရာများ၏ အရေအတွက်မှာလည်း ယခင်ကထက် ပိုမို များပြားလာပုံပေါက်သည်။
လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ် ခံထားရပြီး လက်ဝါးကပ်တိုင်ပေါ်တွင် ကြိုးချည်ခံထားရသော အဖြစ်ဆိုးနေသည့် ရှန်အောင်းကို မြင်လိုက်ရသောအခါ ရှန်ထျန်းတစ်ယောက် ပါးစပ်တွန့်သွားရ၏။
“ကျွတ် ကျွတ်… ခင်ဗျားတို့က သူ့မျက်နှာကိုချည်း အဓိက ရိုက်ထားကြတာပဲကိုး”
အစောပိုင်းတွင် ရှန်အောင်း ကြည့်ရသည်မှာ စိတ်လျော့ထားပုံပေါ်သည်။ သို့သော် ရှန်ထျန်း၏ စကားကို ကြားလိုက်ရသောအခါ ရှန်အောင်း မျက်လုံးများက ချက်ချင်း အသိပြန်ဝင်လာလေ၏။ သူက ရှန်ထျန်းကို စိုက်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို သူ့မျက်လုံးများထဲတွင် အကြောက်တရားတို့ ကြီးစိုးသွားလေသည်။
“ဒီအသံ… ဒီအသံကို အရမ်း ရင်းနှီးနေသလိုပဲ… မဟုတ်မှ… ညီတော်(၁၃)… မင်းလား…”
လခွမ်း… ငါ့အသံလေး ကြားရုံနဲ့တင် သူက ငါ့ကို မှတ်မိသွားတယ်လား…
ရှန်ထျန်းခမျာ ကျောရိုးထဲထိ စိမ့်သွားလေ၏။ အင်မတန် အံ့သြနေမိသော်လည်း သူက အလျင်အမြန်ပင် ခေါင်းခါပြလိုက်ကာ “ဟင့်အင်း… မဟုတ်ပါဘူး။ မဟုတ်က ဟုတ်ကတွေ လျှောက်မပြောပါနဲ့ဗျ”
ရှန်အောင်းကတော့ ရှန်ထျန်းအား ကြာကြာ စိုက်ကြည့်မိလေလေ၊ သူ့မျက်လုံးထဲက အကြောက်တရားတို့က ပိုပိုတိုးလာလေလေပင်။
သြော်… ဒါ့ကြောင့်ကိုး… ငါက ဘယ်လိုလုပ်ပြီး ဒီလောက် ကံဆိုးနိုင်ရမှာလဲ… အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲကို ခြေတစ်ဖက် ချမိရုံပဲ ရှိသေးတယ်၊ ထူးထူးဆန်းဆန်း ချက်ချင်းပဲ ပြန်ပေးဆွဲခံလိုက်ရတယ်… လက်စသတ်တော့ အကြောင်းအရင်းက ငါ့ရဲ့ ကံဆိုးလွန်းတဲ့ ညီတော်(၁၃)ကလည်း ဒီရောက်နေလို့ကိုး…
ဒီလိုမှန်းသာ စောစော သိခဲ့ရင် ငါ ဒီနေရာကို မလာရဲပါဘူးကွာ… ဟင်း… ငါ့ကံကလည်းနော်…
ရှန်အောင်းက ရှန်ထျန်းအား ခေါင်းအစခြေအဆုံး သေသေချာချာ စိုက်ကြည့်ပြီးသည့်နောက် ခါးသီးစွာ ပြုံးရင်း ပြောလိုက်၏ “ညီတော်(၁၃)… လိမ်မနေပါနဲ့တော့။ မင်းဝတ်ထားတဲ့ ဖိနပ်ကို မင်း ပြန်ကြည့်လိုက်ဦး။ အဲ့ဒါတွေက တော်ဝင်မိသားစုအတွက်ပဲ သီးသန့်ချုပ်ထားတဲ့ဟာတွေ”
အံ့သြသွားသည့် ရှန်ထျန်းက ငုံ့ကြည့်လိုက်ပြီး ဖိနပ်ကို သေသေချာချာ ကြည့်ကြည့်လိုက်သည်။ အမှန်ပင် သူ ဝတ်ထားသည်မှာ ရွှေချည်ထိုးထားသည့် အနက်ရောင် ဖိနပ်တစ်စုံ ဖြစ်နေလေ၏။ ဘွတ်ဖိနပ်၏ ဘေးဘက်၌ စိမ်းပြာရောင် ကျောက်စိမ်းဆွဲပြားတစ်ခုပုံကို ထိုးထားကာ ထိုဆွဲပြားပုံပေါ်တွင် “၁၃” ဟူသည့် နံပါတ်ကို ရေးထိုးထားလေသည်။
ကျစ် ကျစ်… အစ်ကိုတော်(၆)ကတော့ တကယ့်အစ်ကိုတော်(၆)ပါပဲ… သူက ငါတို့မီးတိုင်းပြည်ရဲ့ ရာစုနှစ်တစ်စုနေမှ တစ်ခါပေါ်လာတဲ့ ရှားပါးပါရမီရှင် ပီသပါပေတယ်။ မျက်လုံး မဖွင့်နိုင်တော့လောက်အောင်အထိ သူ့မျက်နှာက ဖူးယောင်နေပေမဲ့ သူ့အမြင်ကတွေ ထုံးစံအတိုင်း စူးရှနေဆဲပဲကိုး…
သူ့ရင်ထဲ ရှန်အောင်းအား ဘယ်လောက်ပဲ လေးစားနေနေ၊ သူ့သရုပ်အမှန်ကိုတော့ အဖော်မခံနိုင်ပေ။ ထို့ကြောင့် ရှန်ထျန်းက အသံကို နိမ့်ပြောကာ ရှန်အောင်းဆီသို့ ဖြည်းဖြည်းချင်း လှမ်းသွားလိုက်သည် “ခင်ဗျား ဘာတွေပြောနေတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး”
“ရပ်… ရတယ် ရတယ်… ကိစ္စမရှိဘူး။ မင်း နားမလည်ဘူးဆိုရင်တောင် အဲ့နားလေးကနေပဲ ပြောလည်း ရပါတယ်” ရှန်အောင်းက အမြန် ပြောလိုက်သည် “ငါ နားလည်ပြီ… မင်းက ငါ့ရဲ့ ညီတော်(၁၃) မဟုတ်ဘူးကိုး။ မင်းက ကြေးစားလူသတ်သမား တစ်ယောက်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”
နောက်တော့ ရှန်အောင်းက ကူကယ်ရာမဲ့စွာ ဆက်ပြောလိုက်သည် “ညီတော်ရယ်… မင်း ဘာကြောင့် ငါ့ကို ပြန်ပေးဆွဲတာလဲ ဆိုတာ ပြောပြနိုင်မလားဟင်… ပထမဆုံးအနေနဲ့ ငါက ထီးနန်းအရိုက်အရာအတွက် တိုက်ခိုက်ဖို့ စိတ်ကူးမရှိပါဘူး။ ဒုတိယအနေနဲ့ ငါ မင်းကို အရင်တုန်းက အနိုင်မကျင့်ခဲ့ဖူးဘူးလေကွာ။ ပြီးတော့… မင်း ငါ့ကို သတ်လိုက်ရင်တောင်မှ မင်းအတွက် ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူးလေ”
လက်ရှိအခြေအနေ၌ ရှန်အောင်း၏ အသက်ရှင်လိုမှုက မထင်ထားလောက်အောင်အထိ ပြင်းထန်နေသည်။ ထို့ကြောင့် သူက ရှန်ထျန်းအား ရင်တွင်းဖြစ် စကားလုံးတွေနှင့် ဖျောင်းဖျဖို့ ကြိုးစားလိုက်လေ၏။ သူက အခု သူတို့ရှိနေသည့် နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားပြီး ဒီနေရာနှင့် ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွားဖို့ရန် မစောင့်နိုင်ဘဲ ဖြစ်နေမိသည်။
သည်လိုနေရာမျိုး နောင်ဘယ်တော့မှ သူ လာတော့မည် မဟုတ်ပေ။
အမှန်အတိုင်း ပြောရရင် ငါ့မှာလည်း အပြစ်ရှိတယ်… ဟိုအရင် ရက်အနည်းငယ်လောက်တုန်းက ညီတော်(၁၃)နဲ့ တွေ့ခဲ့မိတဲ့ဟာကို ငါ ဘာဖြစ်လို့ နန်းတော်ကနေ ထွက်လာဖို့ ရွေးချယ်ခဲ့သေးတာလဲ…
အခုတော့ သွယ်ဝှိက်ထိတွေ့တာ မဟုတ်တော့ဘူး… မျက်နှာချင်းဆိုင် တည့်တည့်ကို ထိတွေ့နေရပြီ။ ဒီအခန်းထဲကနေ လမ်းလျှောက်ပြီးတော့တောင် ပြန်မထွက်နိုင်လောက်ဘူးလို့ ငါဘာကြောင့် ရုတ်တရက်ကြီး ခံစားမိရတာပါလိမ့်…
ရှန်ထျန်းက မင်းသား(၆)၏ ထိတ်လန့်ခြောက်ခြားနေသည့် မျက်နှာကို သတိပြုမိသောအခါ မတတ်နိုင်သည့်အဆုံး သက်ပြင်းသာ ချလိုက်မိတော့သည်။
အစ်ကိုတော်(၆)ရယ်… အစ်ကိုက ကျွန်တော့်ကို ငတုံး မှတ်နေတာလားဗျ… ပြောတော့ ကျွန်တော်က မင်းသား(၁၃) မဟုတ်တာ ယုံပါတယ်ဆိုပြီး ဟော ခဏနေကျ ကျွန်တော့်ကို ညီတော်ဆိုပြီး လာခေါ်တယ်ပေါ့လေ ဟုတ်လား… အဆင့်မြှင့်ထားတဲ့ ကျွန်တော့်ရုပ်ဖျက်မှုကို အစ်ကို သိနေတယ်ဆိုတာ အရှင်းကြီးပဲဗျာ…
ဒါကို ကျွန်တော်က အစ်ကို့ကို ဘယ်လိုလုပ် စိတ်ချလက်ချနဲ့ ပြန်လွှတ်ပေးရဲမှာလဲ… ပြန်လွှတ်ပေးပြီးတဲ့ နောက်ပိုင်းကျ မတော်လို့ အငြိုးထားပြီး ကျွန်တော့်ကို နောက်ကျောကနေ ဓားနဲ့ထိုးရင် ဘယ်လိုလုပ်မလဲဗျ…
ရောင်ဝါစက်ဝန်းက အခုဆို စိမ်းနေပြီမို့လို့ အရင်ကလောက် ကံမဆိုးတော့ဘူး ဆိုပေမဲ့… ဆိုရိုးတောင် ရှိသေးတယ်လေ… ဘာတဲ့… “သူခိုးတစ်ယောက်ရဲ့ အတွေးက သူ့လုပ်ရပ်ထက် ပိုပြီး ကြောက်စရာကောင်းတယ်” တဲ့…
အစိမ်းနှင့် အနီရောင် ရောင်ဝါစက်ဝန်းရှိသော ပါရမီရှင်တစ်ယောက်၏ အငြိုးထားခံရမှုကို တွေးကြည့်ရုံနှင့်တင် ရှန်ထျန်းတစ်ယောက် ကြောက်မိပါသည်။
ထိုစဉ် ဘေးမှာရပ်နေသည့် သူဌေးစုန့်က အခြေအနေကို အကြမ်းဖျင်း နားလည်သွားလေပြီ။ သူက ဂရုတစိုက်နှင့် မေးလိုက်၏ “ဒါဆို... ဆရာနတ်မင်း… ဆရာက ရှန်အောင်း မဟုတ်ဘဲ ရှန်ထျန်းလား”
ရှန်ထျန်းက စိတ်ပေါက်ပေါက်နှင့် မျက်ဖြူလှန်ပြကာ “ခင်ဗျား ဘယ်လိုထင်လဲ”
“အော်… ဒါကြောင့်ကိုး… ကျုပ် အခုတော့ နားလည်သွားပါပြီ” သူဌေးစုန့်တစ်ယောက် ပါးစပ်တွန့်သွားရ၏။ ထို့နောက် သူက နောက်လှည့်ကာ သားဖြစ်သူ၏ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်လေသည်။
“မင်း ဘာမှသုံးစား မရတဲ့ကောင်… အရိုက်ခံပြီးတာတောင် မမှတ်သေးဘူး” သူက ဟိန်းဟောက်လိုက်ကာ “ဆရာနတ်မင်းက မင်းကို ရိုက်ပြီးသွားတော့ သူက မင်းသား(၁၃) ရှန်ထျန်းပါလို့ သေသေချာချာ ပြောခဲ့ရဲ့သားနဲ့… ဒါကို ဘယ်လိုကနေ ဘယ်လို နားကြားမှားပြီး ဆရာ့ကို မင်းသား(၆)လို့ ထင်နေရတာလဲ… ဟမ်… မင်းဟာလေ ဟိုဘက်အိမ်က သူဌေးဝမ်ထက်တောင် နားပိုလေးနေပါ့လားကွ”
အရိုက်ခံလိုက်ရသဖြင့် သူဌေးလေးစုန့်မှာ အူကြောင်ကြောင် ဖြစ်သွားသည်။ သူက ရှန်ထျန်းအား တွေတွေကြီး ငေးကြည့်ရင်း ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားကြည့်လိုက်သည်။ ဆရာနတ်မင်းက သူ့ကိုယ်သူ မင်းသား(၆)လို့ သေသေချာချာ ပြောခဲ့တာကို သူ မှတ်မိသည်။
“ကျွန်တော် မှတ်မိတာကတော့ ကျွန်တော် နားကြားမလွဲဘူးလားလို့ပါ။ မဟုတ်မှ ခေါင်းကို အရိုက်ခံရတာ များသွားလို့ ထင်ယောင်ထင်မှားတွေ ကြားနေတာများလား”
အံ့သြနေသည့် ရှန်ထျန်းက ခပ်ဖွဖွ ရယ်လိုက်သည်။ ထို့နောက် သူက ချောင်းတစ်ချက် အသာဟန့်ပြီးနောက် သူဌေးလေးစုန့်အား ခပ်တည်တည်ကြည့်ကာ “ဘယ်လိုထင်လဲ”
သူဌေးလေးစုန့်ခမျာ ကြောက်လန့်သွားရှာသည်။
သွားပြီ… ငါတော့ ဆရာနတ်မင်း စိတ်ဆိုးအောင် လုပ်မိသွားပြီ…
သူက ရှက်ကာ ချက်ချင်းပဲ ခေါင်းငုံ့လိုက်ပြီး ပြောလိုက်သည် “ဖြစ်နိုင်တာက ကျွန်တော် နားကြားလွဲသွားတယ်နဲ့ တူတယ်”
“ဒါဆိုရင် ဒီလူက…”
“မဟုတ်မှလွဲရော် တကယ့်မင်းသား(၆)များလား”
ထိုဖြစ်နိုင်ခြေကို တွေးမိသည်နှင့် သားအဖနှစ်ယောက်သား ထိတ်လန့်ဗျာများသွားလေတော့သည်။
တစ်ချိန်တည်းမှာ သူဌေးလေးစုန့်၏ စကားများကြောင့် ရှန်အောင်းခမျာ ပိုပြီးတော့ပင် အဖြစ်ဆိုးသွားသည်ဟု ခံစားလိုက်ရသည်။ သူ ထင်နေတာက… သူက မီးတိုင်းပြည်၏ ရှားပါးပါရမီရှင်လေး တစ်ယောက် ဖြစ်နေ၍ သူ့ကို ပြန်ပေးဆွဲပြီး အရေးတော်ပုံအကြီးကြီး ကြံစည်နေသည်ပေါ့။
ဒီဆိုင်ရှင်အငယ်က သဲသဲကွဲကွဲ မကြားလိုက်မိလို့ ငါ့မှာ ဒီလိုဝေဒနာတွေ ခံစားရလိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာလဲလို့… ဟမ်… ဒီတော့ ငါ ခံစားခဲ့ရသမျှ နာကျင်မှုတွေ အားလုံးနဲ့ ငါ သည်းခံခဲ့ရတဲ့ လက်ဝါးချက်တွေ အကုန်လုံးက အလကားဖြစ်သွားပြီပေါ့ ဟုတ်လား…
ညီတော်(၁၃)နဲ့ ပတ်သက်လိုက်မိတာနဲ့ ကောင်းတာတွေ ဘာမှ ဖြစ်မလာတော့ဘူး ဆိုတာ တကယ်ပဲကိုး…
အီးဟီးဟီး… ငါလေး သတိ ကြီးကြီး မထားမိခဲ့တာပါ… အစကတည်းက နန်းတော်ကနေ ထွက်ပြီး ဒီနေရာကို မလာခဲ့သင့်ဘူး… မဟုတ်ရင် ဒီလို လူမဆန်တဲ့ အပြုအမူမျိုးတွေ ငါလေး ခံစားရမှာ မဟုတ်ဘူး… အီးဟီးဟီး…
သေသေချာချာ တွေးကြည့်ပြီးသည့်နောက် ရှန်အောင်းက မျက်နှာငယ်လေးနှင့် ဆိုလာသည် “ဒါတွေ အားလုံးက အထင်လွဲလို့ ဖြစ်သွားတာတွေ ဆိုတော့လည်း ရှိပါစေတော့… ညီတော်(၁၃)… အစ်ကို့ကို လွှတ်ပေးဖို့ သူတို့ကို ပြောလိုက်ပါကွာ။ ဒီကိစ္စအတွက် ရန်ငြိုးမထားဘူးလို့ အစ်ကိုတော် ကတိပေးတယ်”
ရှန်အောင်း၏ ကတိစကားကြောင့် သူဌေးလေးစုန့်က မျက်လုံးများ အရောင်လက်သွားကာ မေးလိုက်သည် “ဆရာနတ်မင်း… အဖေ… မင်းသား(၆)က အငြိုးမထားဘူးလို့ ကတိပေးတယ်ဆိုတော့ ကျွန်တော်တို့ သူ့ကို လွှတ်ပေးလိုက်ကြရအောင်ပါလား”
သူဌေးစုန့်က ရှန်ထျန်းကို ကြည့်ပြီး မေးလိုက်သည် “ဆရာနတ်မင်း… ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ ဆရာ ထင်ပါသလဲခင်ဗျာ”
ရှန်ထျန်းက ရှန်အောင်း တကယ်ပြောတာ ဟုတ်မဟုတ်ကို ဆန်းစစ်သည့်အလား ရှန်အောင်းအား စေ့စေ့ကြည့်လိုက်သည်။ ထို့နောက် သူက သူဌေးစုန့်၏ အမေးကို နောက်မေးခွန်း တစ်ခုနှင့် ပြန်ဖြေလိုက်၏ “သူဌေးစုန့်… ကျွန်တော့် အစ်ကိုတော်(၆)က အငြိုးမထားလောက်ဘူးလို့ ခင်ဗျား ထင်သလား”
ရှန်ထျန်း၏ အဖြေကို ကြားသောအခါ သူဌေးစုန့်က “ပေါက်ပြီ သဘောပေါက်ပြီ” ဟူသည့် မျက်နှာပေး ချက်ချင်း ဖြစ်သွားလေ၏။
ထို့နောက် သူက အသက်ပြင်းပြင်း ရှူလိုက်ပြီးမှ ရှန်အောင်းဆီသို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်သည်။
“ကျုပ် နားလည်ပါတယ်။ ဒီလိုတွေ ဖြစ်ပျက်ပြီးပြီ ဆိုမှတော့ တစ်ဖက်လူ ရန်ငြိုးမထားဖို့ မျှော်လင့်နေမယ့်အစား ကျုပ်တို့ကိုယ်တိုင် စာရင်းရှင်းလိုက်တာက ပိုကောင်းလိမ့်မယ်။
ဆရာနတ်မင်း ဆိုလိုတာက… ကျုပ်တို့တွေ အမှားလုပ်ပြီးသွားပြီ ဆိုမှတော့ အကျိုးဆက်က ဘာပဲဖြစ်နေနေ ဆက်သွားဖို့ပဲ ရှိတော့တယ်…
ဥပမာ… ဒီကိစ္စကို သိတဲ့သူ ဘယ်သူမှ မရှိသေးတာကို အခွင့်ကောင်းယူပြီး ကျုပ်တို့ သူ့ကို တစ်ခါတည်း သတ်ပစ်လိုက်သင့်တယ်… ဟုတ်တယ်မလား… မဟုတ်ရင် အနာဂတ်မှာ ဆရာနတ်မင်း ထီးနန်းလုဖို့ ကြိုးစားတဲ့အချိန်ကျ သူက ဆရာရဲ့ ဆန့်ကျင်ဘက်မှာ နေပြီး ထီးနန်းပြိုင်လုမှာကို စိုးရတယ်လေ”
ထိုစကားကို ကြားသောအခါ ရှန်အောင်း တစ်မျက်နှာလုံး သွေးဆုတ်ဖြူဖျော့သွားကာ အကြောက်တရားတို့ အပြည့်ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပဲ ရှန်ထျန်းက မျက်ဖြူလှန်လိုက်ကာ သူ့မျက်နှာပေါ်တွင်လည်း စိတ်လေမှုတွေ အတိုင်းသား မြင်လိုက်ရ၏။
မေးခွန်းလေး တစ်ခု… ငါမေးလိုက်တာ မေးခွန်းလေး တစ်ခုသက်သက်ရယ်ပါ…
လခွမ်းနဲ့မှ သူ့ကို သတ်ချင်နေတဲ့ ပုံစံမျိုး တွေးမိရအောင် ခင်ဗျားကြီး ဘယ်လိုနားနဲ့များ ကြားလိုက်တာတုန်းဗျ…
ငါလေးက ဘယ်လိုလုပ်ပြီး ရက်ရက်စက်စက်နဲ့ ငါ့ရဲ့ ချစ်လှစွာသော အစ်ကိုတော်(၆)ကို သတ်ပစ်ဖို့ ခိုင်းရက်ပါ့မလားလို့… အဲ့ဒါက ငါ့ရဲ့ အချစ်ရဆုံး အစ်ကိုတော်ကွ…