ဒဏ်ရာကုသခြင်း
Vol. 14 Ch. 149
ရှန်ရှင်းယွင်က အပြင်ဒဏ်ရာများစွာရထားသော်လည်း အမှန်တကယ် အသက်အန္တရယ်ခြိမ်းခြောက်နေသည်က ရင်ဘတ်နှင့် နံရိုးကြားမှ ဒဏ်ရာတစ်ခုသာ ဖြစ်သည်။
ထိုနေရာကို တုံးသောအရာတစ်ခုခုနှင့် အားပြင်းပြင်းအထုခံထားရသည့် ပုံစံမျိုး ဖြစ်၏။
နံရိုးက အစိတ်စိတ်အမွှာမွှာ ကျိုးကြေနေပုံရပြီး နံရိုးအပိုင်းအစများက ကိုယ်တွင်းအင်္ဂါများထဲသို့ စူးဝင်ကာ ကိုယ်တွင်းသွေးယိုစီးမှု အကြီးအကျယ် ဖြစ်ပေါ်နေသည်။
ထို့ပြင် ရန်သူ၏တိုက်ခိုက်မှုတွင် အလွန်ပြင်းထန်သည့် ဒြပ်စင်စွမ်းအား ပါဝင်နေသဖြင့် ရှန်ရှင်းယွင် ခန္ဓာကိုယ်တွင်းမှ သွေးကြောဆုံချက်အများစုမှာလည်း ပျက်ဆီးသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးကဲကောင်းမွန်ခြင်း မရှိပါက ၊ သူ၏ကျင့်ကြံခြင်းအဆင့်သည်လည်း အလယ်ဆင့် ဆရာသခင် အထွတ်ထိပ်အဆင့် မဟုတ်ပါက ၊ ဤမျှအထိ တောင့်ခံနိုင်မည် မဟုတ်ဘဲ အစောကြီးကတည်းက အသက်ပျောက်နေလောက်ပေပြီ။
ရှန်ရှင်းယွင်၏ အစွမ်းအစနှင့်ဆိုလျှင် သူ့ကို ဤမျှအထိ ဒဏ်ရာရအောင် လုပ်နိုင်သူ အနည်းငယ်သာလျှင် ရှိနိုင်သည်။
သူရရှိခဲ့သည့်ဒဏ်ရာများက ဆံပင်တိုနှင့်မိန်းမပျိုကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော တောရိုင်းဒေသ မျိုးနွယ်စုဝင်များနှင့် ပတ်သက်နေနိုင်၏။
သို့သော် လက်ရှိတွင် ခုန်မင်အနေဖြင့် အသေးစိတ်အချက်အလက်များကို မေးမြန်းနေရန် အချိန်မရှိပေ။
သူက ရှန်ရှင်းယွင် ရင်ဘတ်ထက်သို့ လက်ဖဝါးကိုတင်လိုက်ပြီး 'စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်' ကို အသုံးပြုလျှက် အမြင့်ဆုံးအဆင့် သစ်သားဒြပ်စင်စွမ်းအားကို ခန္ဓာကိုယ်တွင်းသို့ စီးဝင်စေလိုက်သည်။
ဒြပ်စင်ငါးပါးတွင် သစ်သားဒြပ်စင်စွမ်းအားက ကုသခြင်းနှင့် ပြန်လည်သက်သာလာခြင်းတို့တွင် ထိပ်ဆုံးမှရပ်တည်သော စွမ်းအားဖြစ်သည်။
ထို့ပြင် စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်က ‘ထိပ်တန်းသခင်’ အဆင့် ကျင့်စဉ်တစ်ခုဖြစ်သည်။ ခုန်မင်က ထိုကျင့်စဉ်ကို အခြေခံမျှသာ အောင်မြင်ထားသေးသော်လည်း သူ၏ သစ်သားဝိညာဉ်ဒြပ်စင်ခန္ဓာစွမ်းအားကြောင့် ကုသနိုင်စွမ်းကို အမြင့်ဆုံးအထိ ထုတ်ဖော်နိုင်သည်။
ခုန်မင် ထည့်သွင်းပေးလိုက်သော သစ်သားဒြပ်စင်စွမ်းအားက ရှန်ရှင်းယွင်ခန္ဓာကိုယ်ထဲ စီးဝင်သွားပြီး ပျက်ဆီးနေသော သွေးကြောဆုံချက်များကို ပြန်လည်ကောင်းမွန်လာစေသည်။
ရှန်ရှင်းယွင် ခန္ဓာကိုယ်တွင်း ရပ်တန့်နေသည့် ဒြပ်စင်စွမ်းအားများမှာလည်း သွေးကြောဆုံချက်များတစ်လျှောက် ပြန်လည် စီးဆင်းလာခဲ့သည်။
ကျင့်ကြံသူတစ်ယောက်အဖို့ ခန္ဓာကိုယ်တွင်းရှိ ဒြပ်စင်စွမ်းအား ဆက်လက်လည်ပတ်နိုင်ပါက အသက်ကယ်နိုင်ပြီဟု ဆိုရပေမည်။
ရှန်ရှင်းယွင်၏ အသက်ရှူသံများ မှန်ကန်လာပြီး မျက်နှာထက် အနည်းငယ် သွေးရောင်လွှမ်းလာသည်။
ထိုအခါမှ ခုန်မင်လည်း စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်တော့၏။
ယခင်အချိန်က အဘိုးအို’လျဲ့နန်’ သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးစဉ်က ရှန်ရှင်းယွင်က ခုန်မင်အပေါ် အနည်းငယ် ငြင်းဆန်လိုစိတ် ရှိခဲ့ဖူးသည်။
သို့သော် တောရိုင်းဒေသတွင် အတူတကွ ခရီးနှင်ခဲ့ကြပြီးနောက် သူတို့နှစ်ယောက် မိတ်ဆွေရင်းများသဖွယ် ဖြစ်လာခဲ့သည်။
ရှန်ရှင်းယွင်က တစ်ကိုယ်တော်လှုပ်ရှားတတ်သူဖြစ်သော်လည်း ခုန်မင်၏ အရည်အချင်းများကို အသိအမှတ်ပြုပြီးနောက် ဖီးနစ်ကျဆုံးတောင်ကြားတွင် အတူတကွ စွန့်စားခန်းဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။
သူ့အနေဖြင့် ခုန်မင်ကို ညီငယ်တစ်ယောက်သဖွယ် သဘောထားကာ သူတို့နှစ်ယောက်၏ ခင်မင်မှုကိုလည်း ပို၍တန်ဖိုးထားလာခဲ့၏။
ရှင်ရှင်းယွင်က အပြင်ပန်း အေးစက်ဟန်ရှိပြီး ပေါင်းသင်းရခက်ပုံပေါက်သော်လည်း တကယ်တမ်း စိတ်ရင်းကောင်းသူ ဖြစ်သည်။
သူက လူတစ်ယောက်ကို ဆိုးတူကောင်းဖက် ညီရင်းအစ်ကိုပမာ သဘောထားလိုက်ပြီဆိုလျှင် ထိုသူအတွက် အသက်ပင် အသေခံရဲသည့် သူငယ်ချင်းကောင်း ဖြစ်လာပေမည်။
ခုန်မင်က သူနှင့်တွဲဖက်များအပေါ် ယုံကြည်မှုထားရမည်ဟု အမြဲခံယူထားသူ ဖြစ်သည်။
ရှန်ရှင်းယွင်က သူ့ကို သူငယ်ချင်းကောင်းပမာ သဘောထားသည်ဖြစ်ရာ သူကလည်း ရှန်ရှင်းယွင်ကို ညီအစ်ကိုပမာ သဘောထားလေသည်။
ထို့ကြောင့် ရှန်ရှင်းယွင် ဒဏ်ရာအပြင်းအထန်ရသည့်အခါ ခုန်မင် စိုးရိမ်သည်မှာ သဘာဝကျပေသည်။
ယခုတော့ ကံကောင်းစွာပင် ရှန်ရှင်းယွင်၏အသက်ကို ကယ်တင်နိုင်ခဲ့ပေပြီ။
သို့သော် ကျိုးကြေသွားသော နံရိုးများနှင့် ကိုယ်တွင်းအင်္ဂါးထိခိုက်ထားသည့် ဒဏ်ရာများကတော့ 'စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်' ၏ ကုသမှုစွမ်းအားနှင့် လုံးဝပျောက်ကင်းရန် မဖြစ်နိုင်ပေ။
ရှန်ရှင်းယွင်အနေဖြင့် အကောင်းပကတိ ပြန်လည်ကျန်းမာလာရန် အချိန်ယူပြီး ဂရုတစိုက် အနားယူရန် လိုအပ်ပေဦးမည်။
ခုန်မင်က သစ်သားဒြပ်စင်စွမ်းအားအသုံးပြုပြီး ဤမျှမြန်ဆန်ထိရောက်စွာ ဆေးကုသနိုင်ည်ကိုတွေ့ရှိသည့်အခါ ဘေးမှရပ်ကြည့်နေသည့် ဆံပင်တိုနှင့် မိန်းမပျိုမှာ အံ့အားသင့်သွားရပြန်သည်။
ခုန်မင်ကျင့်ကြံထားသော သစ်သားဒြပ်စင်ကျင့်စဉ်မှာလည်း သာမန်မဟုတ်သော အဆင့်မြင့်နည်းစနစ်တစ်ခုဖြစ်သည်မှာ ထင်ရှားသည်။
ဒြပ်စင်စွမ်းအား(၃)မျိုးကို တပြိုင်တည်း ကျင့်ကြံခြင်းကပင် အံ့သြစရာကောင်းလွန်းနေပြီဖြစ်ရာ အဆင့်မြင့်ကျင့်စဉ်များစွာကိုပါ တပြိုင်နက်တည်း ကျင့်ကြံထားခြင်းက ယုံကြည်နိုင်စရာပင် မရှိတော့ပေ။
ဤလူငယ်က တောရိုင်းဒေသမှ ဟုတ်ပါရဲ့လား...။
မိန်းမပျိုက ခုန်မင်၏နောက်ကြောင်းနှင့်ပတ်သက်၍ အတွေးပေါင်းစုံ စဉ်းစားခန်းဝင်မိသော်လည်း သူမက သူတစ်ပါးအကြောင်း စပ်စုတတ်သူ မဟုတ်လေရာ ဖွင့်ဟမေးမြန်းခြင်း မပြုလုပ်ခဲ့ပေ။
ခုန်မင်က ရှန်ရှင်းယွင်ကို ဆေးကုသပြီးသွားသည်နှင့် သူမက ဝတ်ရုံထဲမှ ဆေးပုလင်းငယ်တစ်လုံးထုတ်လိုက်သည်။ ထို့နောက် ဆေးပုလင်းထဲမှ ရွှေရောင်ဆေးလုံးတစ်လုံး ထုတ်ယူလိုက်ပြီး ရှန်ရှင်းယွင်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ဆေးလုံး၏ မွှေးပျံ့စူးရှသောရနံ့ကို ခံစားမိသည်နှင့် ခုန်မင်က အံ့အားသင့်သွားပြီး...
“ဒါက... သက်ဝင်ဆေးလုံးလား...”
မိန်းမပျိုက စကားမဆိုဘဲ ခေါင်းသာညိတ်ပြလိုက်ပြီး ရှန်ရှင်းယွင် ဆေးလုံးကိုမျိုချနိုင်ရန် သူ၏လည်ပင်းအနေအထားကို အနည်းငယ် ပြုပြင်ပေးလိုက်သည်။
“သက်ဝင်ဆေးလုံး” ဆိုသည်က အဆင့်မြင့်ဆေးလုံးများထဲမှာပင် ထိပ်တန်းအဆင့်ရှိသော ဆေးတစ်မျိုး ဖြစ်၏။
ထိုဆေးလုံး၏ စွမ်းအားမှာ အသက်ငင်နေသူတစ်ယောက် နောက်ဆုံးထွက်သက်သို့ မရောက်ရှိသေးပါက ဤဆေးလုံးသောက်သုံးရုံဖြင့် ပြန်လည် အသက်ဝင်ရှင်သန်လာမည်ဟု ပြောစမှတ်ရှိကြသည်။
ထို့ပြင် သက်ဝင်ဆေးလုံးတွင် ထူးခြားသော ဆေးကုသနိုင်စွမ်းလည်း ရှိသည်။
အတွင်းဒဏ်ရာ ၊ အပြင်ဒဏ်ရာ ၊ အဆိပ်မိခြင်း မည်သို့သော ရောဂါမျိုးဖြစ်ပါစေ ဤဆေးလုံးကို အသုံးပြုပြီး အသက်ကို ထိန်းထားနိုင်လေသည်။
ဒြပ်စင်စွမ်းအား ကျင့်ကြံသူများအတွက်တော့ “သက်ဝင်ဆေးလုံး” ဆောင်ထားခြင်းက အပိုအသက်တစ်ချောင်း ရထားသည်နှင့် တူညီပေသည်။
ဆံပင်တိုနှင့် မိန်းမပျိုက ရှန်ရှင်းယွင်ကို ကုသရန်အတွက် ဤမျှတန်ဖိုးကြီးသော သက်ဝင်ဆေးလုံးကို တစ်ချက်ပင် မတုံ့ဆိုင်းဘဲ အသုံးပြုခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမအတွက် ရှန်ရှင်းယွင်က မည်မျှအရေးပါကြောင်း သိရှိနိုင်သည်။
သို့ပေသိ ဤမိန်းကလေးနှင့် ရှန်ရှင်းယွင်တို့ကြား ဤမျှနီးကပ်သောဆက်ဆံရေးမျိုး မည်သည့်အချိန်က စတင်ဖြစ်ပေါ်ခဲ့ပါသနည်း။
ခုန်မင်၏ ဒြပ်စင်စွမ်းအားဖြင့် ကုသမှုကို ရရှိပြီးနောက် အံ့သြဖွယ်ကောင်းသော “သက်ဝင်ဆေးလုံး” ကိုပါ သောက်သုံးလိုက်ရသဖြင့် ရှန်ရှင်းယွင်မှာ အသက်အန္တရယ်စိုးရိမ်စရာမလိုဘဲ အချိန်တိုအတွင်း ပြန်လည်ကျန်းမာလာမည် ဖြစ်၏။
ရှန်ရှင်းယွင်၏အသက်ရှူသံ တဖြည်းဖြည်း ပိုမိုတည်ငြိမ်လာသည်ကိုမြင်တော့ ခုန်မင်က ဆံပင်တိုနှင့်မိန်းမပျိုအား လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“ကျုပ်အစ်ကိုကို သက်ဝင်ဆေးလုံးနဲ့ ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ၊ ကျုပ် ဒီကျေးဇူးကို အမြဲတမ်း မှတ်ထားပါ့မယ်”
မိန်းမပျိုက ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်...
“သူက အသက်နဲ့ရင်းပြီး ကျွန်မကို ကယ်ခဲ့တာပါ ၊ ဒါကြောင့် ဆေးလုံးတစ်လုံးက ဘာမှ မပြောပလောက်ပါဘူး ၊ တကယ်ဆို ကျွန်မအသက်နဲ့ ပြန်ပေးဆပ်ရမယ်ဆိုရင်တောင် တရားမျှတတဲ့လုပ်ရပ်ပါပဲ”
ပုံမှန်ဆိုလျှင် စကားနည်းသည့် မိန်းမပျိုက ရှန်ရှင်းယွင်နှင့်ပတ်သက်ပြီး စကားများကို အနည်းငယ် ပိုမိုရှည်လျားစွာ ပြောလိုက်မိသည်။
ခုန်မင် ခေါင်းညိတ်လိုက်ပြီး သူမနှင့် ရှန်ရှင်းယွင်ကြားမှ ပတ်သက်မှုကို ဆက်လက်မစပ်စုတော့ပေ။
သူက 'စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်' စွမ်းအားကို အသုံးပြုပြီး ရှန်ရှင်းယွင်၏ ခန္ဓာကိုယ်ထဲသို့ သစ်သားဒြပ်စင်စွမ်းအား ထပ်မံထည့်သွင်းပေးလိုက်သည်။
“သက်ဝင်ဆေးလုံး” အမှန်တကယ်ပင် အံ့သြဖွယ်ရာ ကုသနိုင်စွမ်း မြင့်မားသည်။
ဆေးသောက်ပြီးနောက် ရှန်ရှင်းယွင်၏ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအားများ ချက်ချင်းပင် နိုးထလာသည်။
ခုန်မင်က သန့်စင်သည့် သစ်သားဒြပ်စင်စွမ်းအားကို ဆက်လက်ထည့်သွင်းပေးလိုက်သည့်အခါ ထိုစွမ်းအားများက ဆေးစွမ်းနှင့်ပေါင်းစပ်လျှက် အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲသွားပြီး ရှန်ရှင်းယွင်၏ ပျက်ဆီးနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို လျှင်မြန်စွာ ပြန်လည်ပြုပြင်ပေးလိုက်သည်။
ယခုတစ်ကြိမ်မှာတော့ ရှန်ရှင်းယွင်၏ ပျက်ဆီးနေသော သွေးကြောဆုံချက်များသာမက ကျိုးကြေနေသော နံရိုးများနှင့် ဒဏ်ရာရထားသော ကိုယ်တွင်းအင်္ဂါများပါ မယုံကြည်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။
ရှန်ရှင်းယွင်၏ ပြန်လည်နားလန်ထူလာနှုန်းမှာ (၁၀)ဆမက ပိုမိုမြန်ဆန်လာခဲ့သည်။ ဤနှုန်းအတိုင်းသာ ဆက်သွားပါက (၃) (၄)ရက်အတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်ပေသည်။
ခုန်မင်လည်း စိတ်အေးသွားရပြီး ဆံပင်တိုနှင့် မိန်းမပျိုအား လှည့်ကြည့်လိုက်သည်။
“ဒီရှေ့နားမှာ ကျုပ်အစ်ကို အနားယူဖို့သင့်တော်တဲ့ လျှို့ဝှက်ကျောက်ဂူတစ်ခုရှိတယ် ၊ သူ့ကို အဲဒီကို ခေါ်သွားရအောင်”
မိန်းမပျိုက စကားပြန်မပြောဘဲ ခေါင်းသာညိတ်ပြလိုက်၏။
ထိုသို့ဖြင့် ခုန်မင်က ရှန်ရှင်းယွင်ကို ပွေ့ချီလိုက်ပြီး စောစောက သူ ပုန်းအောင်းနေခဲ့သော ကျောက်ဂူရှိရာသို့ မိန်းမပျိုနှင့်အတူ ထွက်ခွာလာခဲ့လေသည်။
ကျောက်ဂူထဲရှိ သန့်ရှင်းသော နေရာတစ်ခုတွင် သတိလစ်မေ့မျောနေသည့် ရှန်ရှင်းယွင်ကို ချထားလိုက်ပြီးနောက် ခုန်မင်က ဆံပင်တိုနှင့်မိန်းမပျိုကို ထပ်မံ၍ လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
“ကျုပ်အစ်ကိုကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ စောစောက မင်းသာ သူ့ကို ကာကွယ်မပေးဘူးဆိုရင် အခုချိန် သူ့ကိုကယ်ဖို့ အချိန်မီမှာ မဟုတ်ဘူး”
မိန်းမပျိုက ခေါင်းခါယမ်းရင်း...
“ကျွန်မ ပြောပြီးပြီလေ ၊ သူက ကျွန်မအသက်ကို ကယ်ခဲ့တဲ့သူပါ ၊ ကျွန်မအသက်နဲ့ ပြန်ပေးဆပ်ရရင်တောင် တန်ပါတယ်”
မိန်းကလေးက ဤသို့သာပြောသဖြင့် ခုန်မင် ပြုံးလျှက်သာ ခေါင်းညိတ်လိုက်ရတော့သည်။
သူမထံမှ ရှန်ရှင်းယွင်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ သိရှိနိုင်မည်မဟုတ်ကြောင်း နားလည်လိုက်သဖြင့် ခုန်မင်က ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။
ဘာပဲဖြစ်ဖြစ် ရှန်ရှင်းယွင်လည်း နေပြန်ကောင်းလာပြီဖြစ်ရာ သူ သတိပြန်ရလာမှသာ မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်၏။
ကျောက်ဂူထဲတွင် အသံများတိတ်ဆိတ်သွားသည်။
မိန်းမပျိုက ရှန်ရှင်းယွင်ကို စိုးရိမ်စွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
သူ၏အသက်ရှူသံ တည်ငြိမ်နေပြီး ပြန်လည်သက်သာလာသည့်လက္ခဏာမြင်တွေ့ရမှ စိတ်ချသွားဟန်ဖြင့် သူမက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ကုန်ဆုံးသွားသည့် ဒြပ်စင်စွမ်းအားများ ပြန်လည်ဖြည့်တင်းရန် စတင်ကျင့်ကြံလိုက်သည်။
အစောပိုင်းက ရန်သူ(၃)ယောက်ကို တစ်ယောက်တည်းရင်ဆိုင်ရသည့်အပြင် ဒဏ်ရာအပြင်းအထန်ရထားသည့် ရှန်ရှင်းယွင်ကိုပါ ကာကွယ်ပေးရသဖြင့် သူမ၏ ဒြပ်စင်စွမ်းအားများ အတော်လေး ကုန်ခမ်းသွားခဲ့ရသည်။
ယခုတော့ အသက်ရှူချောင်သွားပြီဖြစ်ရာ သူမလည်း စွမ်းအားပြန်လည်ဖြည့်တင်းရန် ကျင့်ကြံရတော့၏။
ထိုသို့ဖြင့် နေ့တစ်ဝက်ခန့်သောအချိန်က တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။
ခုန်မင်သည်လည်း ကျောက်ဂူထဲတွင် တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံနေသည်ဖြစ်ရာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
ထိုအချိန်...
ရှန်ရှင်းယွင်၏ ခန္ဓာကိုယ် ရုတ်တရက် လှုပ်ရှားသွားသည်။
“အင်း....”
သူက ညည်းတွားသံတစ်ချက်ပြုရင်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လာသည်။
ခုန်မင်က မျက်လုံးမှိတ်၍ ကျင့်ကြံနေသော်လည်း ရှန်ရှင်းယွင်၏ လှုပ်ရှားမှုကို တိတ်တဆိတ် အာရုံစိုက်နေသည်ဖြစ်ရာ ၊ သူ သတိရလာကြောင်းသိလိုက်သည်နှင့် ခုန်မင်က ချက်ချင်း ရှေ့တိုးသွားလိုက်၏။
“ဘယ်လိုလဲ... မင်း အခု ဘယ်လိုခံစားရသေးလဲ”
တစ်ချိန်တည်းမှာပင် ဆံပင်တိုနှင့် မိန်းမပျိုသည်လည်း မျက်လုံးများဖွင့်ကြည့်လာပြီး စိုးရိမ်ပူပန်သောအမူအရာဖြင့် ရှန်ရှင်းယွင်ကို လှမ်းကြည့်လိုက်သည်။
အချိန်ကြာမြင့်စွာ သတိလစ်နေရာမှ ပြန်လည်နိုးထလာခြင်းဖြစ်သဖြင့် ရှန်ရှင်းယွင်၏စိတ်အစဉ်က ကြည်လင်ပြတ်သားခြင်း မရှိသေးပေ။
သူက ခုန်မင်ကိုမြင်တော့ အံ့အားသင့်သွားပြီး...
“သူဌေးလေး... ဘာလို့ ကျွန်တော့်အနား ရောက်နေတာလဲ ၊ ဒါဖြင့်... ကျွန်တော်တို့ ဖီးနစ်ကျဆုံးတောင်ကြားက အပြင်ကိုထွက်လာပြီလား”
ခုန်မင်က ခေါင်းခါယမ်းရင်း...
“ဖီးနစ်ကျဆုံးတောင်ကြားက ထွက်ချင်ရင် စမ်းသပ်ပွဲပြီးမှ ထွက်လို့ရမှာပေါ့ ၊ အခုလောလောဆယ် အရေးကြီးတာက... မင်းရဲ့ဒဏ်ရာတွေ အမြန်ဆုံးသက်သာအောင် အနားယူဖို့ပဲ”
“ဒဏ်ရာတွေ” ဆိုသောစကားကိုကြားလိုက်ချိန် ရှန်ရှင်းယွင်က တစ်စုံတစ်ခု သတိရသွားဟန်ဖြင့်...
“ထူယာ့ရော... သူ ဘယ်မှာလဲ ၊ သူရော ဘာဖြစ်သွားသေးလဲ ၊ သူဌေးလေး.... ထူယာ့ကို တွေ့သေးလား”
ရှန်ရှင်းယွင်၏ ပြာယာခတ်နေသောပုံစံကိုကြည့်ခြင်းအားဖြင့် သူပြောသည့် “ထူယာ့” ဆိုသည်မှာ ဆံပင်တိုနှင့်မိန်းကလေး ဖြစ်သည်မှာ ထင်ရှားသည်။
ထိုအချိန်မှာပင် ဆံပင်တိုနှင့်မိန်းမပျိုက စကားလှမ်းပြောလိုက်သည်။
“ရှင် စိတ်အေးအေးထားပါ ၊ ကျွန်မ ဘာမှမဖြစ်ပါဘူး...”
ထူယာ့၏အသံကိုကြားတော့မှ ရှန်ရှင်းယွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ထို့နောက် သူက ခုန်မင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
သူနှင့် ထူယာ့ ဘေးကင်းလုံခြုံနေသည့်အပြင် ခုန်မင်ကပါ အနားတွင်ရှိနေသည်ကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ကို ကယ်တင်ခဲ့သူမှာ ခုန်မင်မှလွဲပြီး အခြားသူမဖြစ်နိုင်ပေ။
ခုန်မင်က ဘန်နီမျိုးနွယ်စုမှ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် “ဂယ်ရီ” ကိုပင် အလွယ်တကူ သတ်ဖြတ်ခဲ့သည်ဖြစ်ရာ ၊ သူ့အနေဖြင့် သူတို့နှစ်ယောက်ကိုကယ်တင်ရန်မှာ ခက်ခဲသည့်ကိစ္စမဟုတ်ကြောင်း ရှန်ရှင်းယွင် ယုံကြည်မိသည်ပင်။
သို့ပေသိ ခုန်မင်၏ ကျင့်ကြံခြင်းအဆင့်က ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်သို့တက်ရောက်သွားပြီး အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၂)ယောက်နှင့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၁)ယောက်တို့ကို တစ်ခဏအတွင်း လက်စဖျောက်သတ်ဖြတ်ခဲ့ကြောင်း သိရှိပါက ရှန်ရှင်းယွင်သည်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားနိုင်ပေ၏။