မိုးတိမ်နဂါးဆေးရည်
Vol. 14 Ch. 150
ရှန်ရှင်းယွင်က ဒဏ်ရာအလွန်ပြင်းထန်သော်လည်း သက်ဝင်ဆေးလုံးကို သောက်သုံးလိုက်ရသည့်အပြင် ခုန်မင်ကလည်း သေချာစွာ ဆေးကုသပေးသဖြင့် မြန်ဆန်စွာပင် သက်သာလာခဲ့သည်။
သူ့စိတ်များ ကြည်လင်ရှင်းလင်းလာသည်နှင့် ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိလာပြီးနောက် ကြုံတွေ့ခဲ့ရသည်များကို ခုန်မင်အား ပြောပြလိုက်သည်။
ရှန်ရှင်းယွင်နှင့် ထူယာ့က တောင်ကြားထဲသို့ မတူညီသည့်အုပ်စုများဖြင့် ဝင်ရောက်လာခဲ့သော်လည်း သူတို့ရောက်ရှိလာသည့် စွမ်းအားလမ်းကြောင်းဝင်ပေါက်က တူညီနေခဲ့သည်။
ထိုဝင်ပေါက်က ချောက်နက်ကြီး၏ မနီးမဝေးတွင် ရှိလေသည်။
အစပိုင်းတွင် သူတို့နှစ်ယောက်က သူစိမ်းများပမာ ကိုယ့်လမ်းကိုယ်သွားကြခြင်းဖြစ်သော်လည်း စွမ်းအားလမ်းကြောင်းဝင်ပေါက်မှ အခြားသူများထပ်မံဝင်ရောက်လာပြီး မမျှော်လင့်ဘဲ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
ထပ်မံဝင်ရောက်လာသူများထဲတွင် ဖီးနစ်ကျဆုံးတောင်ကြားနှင့် ရန်ငြိုးဟောင်းရှိသူများပါဝင်သလို ထူယာ့ပိုင်ဆိုင်သည့် ရတနာပစ္စည်းများကို လိုချင်သူများလည်း ပါဝင်သည်။
သူမက ဖီးနစ်နားခိုရာမျိုးနွယ်စုမှ နာမည်ကြီးတစ်ယောက်ဖြစ်သလို နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်လည်း ဖြစ်လေရာ ဝိုင်းဝန်းပစ်မှတ်ထားခြင်း ခံရတော့၏။
နောက်ဆုံး စွမ်းအားလမ်းကြောင်းဝင်ပေါက်မှ ဝင်ရောက်လာသည့် လူ(၁၀)ယောက်ကျော်ပူးပေါင်းပြီး သူမကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။
ရှန်ရှင်းယွင်က ထိုသို့ရှုပ်ထွေးသောတိုက်ပွဲထဲသို့ ဝင်ရောက်စွက်ဖက်လိုစိတ် အလျဉ်းမရှိခဲ့ပေ။
ရှန်ရှင်းယွင်အနေဖြင့် ထိုကဲ့သို့ ရှုပ်ထွေးသည့်တိုက်ပွဲထဲသို့ ဝင်ရောက်စွက်ဖက်လိုစိတ် အလျဉ်းမရှိခဲ့ပေ။
သို့သော် မိန်းကလေးတစ်ယောက်အား အောက်တန်းကျစွာ ဝိုင်းဝန်းတိုက်ခိုက်နေကြသည့်အုပ်စုကို ရွံရှာမိသဖြင့် သူက ထူယာ့ဘက်မှ ဝင်ကူခဲ့ခြင်း ဖြစ်၏။
နောက်ဆုံး သွေးချောင်းစီးတိုက်ပွဲကြီးတစ်ခုဆင်နွှဲခဲ့ပြီး ရှန်ရှင်းယွင်နှင် ထူယာ့တို့ တိုက်ပွဲတွင် အနိုင်ရခဲ့ကြသည်။
ရှင်ရှင်းယွင် ခန္ဓာကိုယ်ထက်မှ မပြောပလောက်သည့် အပြင်ဒဏ်ရာများက ထိုတိုက်ပွဲမှ ရရှိခဲ့ခြင်းသာပင်။
ရှန်ရှင်းယွင်အနေဖြင့် အဘယ့်ကြောင့် ထူယာ့ဘက်မှ ဝင်ကူညီပေးရန် ရွေးချယ်ခဲ့သနည်းဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် ပြတ်ပြတ်သားသား အဖြေမထုတ်နိုင်ခဲ့ပေ။
မိန်းကလေးတစ်ယောက်ကို လူအများ ဝိုင်းဝန်းတိုက်ခိုက်သည်က တရားမျှတခြင်းမရှိဟု ခံစားရသောကြောင့်လည်း ဖြစ်နိုင်သည်။
ပြီးတော့ အေးစက်စက်နှင့် သီးသန့်ဆန်သော ထူယာ့၏ အငွေ့အသက်များက တစ်ကိုယ်တော်လှုပ်ရှားရသည်ကို သဘောကျသော ရှန်ရှင်းယွင်၏ စိတ်နေစိတ်ထားနှင့် ထပ်တူကျသွားခြင်းလည်း ဖြစ်နိုင်၏။
နောက်တစ်ချက်မှာ ထူယာ့နှင့် ရှန်ရှင်းယွင် နှစ်ယောက်လုံးက သတ္တုဒြပ်စင်ကျင့်ကြံသူများဖြစ်ကြလေရာ အပြန်အလှန် ရင်းနှီးမှုကို ခံစားရခြင်းလည်း ဖြစ်နိုင်သည်။
အတိုချုပ်ဆိုရလျှင်တော့ ရှန်ရှင်းယွင်နှင့် ထူယာ့တို့ကြားမှ ဆက်နွယ်မှုကို “ရေစက်” ဆိုသည့် စကားလုံးဖြင့်သာ ဖော်ပြရပေမည်။
သူတို့နှစ်ယောက်လုံး လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူများ မဟုတ်ကြသော်လည်း နှစ်ယောက်ဆုံမိသည့်အခါမှာတော့ မိတ်ဆွေဟောင်းများ ပြန်ဆုံသည့်ပမာ ခံစားကြရပြီး တိုက်ပွဲတစ်လျှောက် အတော်လေး အပေးအယူမျှခဲ့ကြသည်။
ဤသည်ကိုမှ ရေစက်ဆုံသည်ဟုမပြောလျှင် မည်သည်ကိုပြောနိုင်ပါမည်နည်း။
ရှန်ရှင်းယွင်ရော ထူယာ့ရောက လူမှုဆက်ဆံရေးအားနည်းကြသလို ခံစားချက်ကို ထုတ်ဖော်ရန်လည်း ခက်ခဲကြသူများ ဖြစ်သည်။
သို့သော် တိုက်ပွဲပြီးဆုံးသည်နှင့် သူတို့နှစ်ယောက်လုံး သံယောဇဉ်ဖြစ်သွားကြပြီး ဖီးနစ်ကျဆုံးတောင်ကြားတွင် အတူတကွ ခရီးထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့ကြားတွင် စကားအပြန်အလှန်ပြောဆိုခြင်း များများစားစား မရှိခဲ့ကြသော်လည်း ဤသို့ ခရီအတူထွက်ခြင်းက သူတို့နှစ်ယောက်လုံးအတွက် တန်ဖိုးမဖြတ်နိုင်သည့် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့သည်။
တိုက်ပွဲတစ်ခုမှ စတင်ဖြစ်တည်လာသော သံယောဇဉ်က နှောင်ကြိုးတစ်ခုပမာ သူတို့ကို တွယ်နှောင်ရစ်ငင် သွားခဲ့သည်။
“ငါ မင်းကို ချစ်တယ်” ဆိုသည့် ဖွင့်ဟဝန်ခံစကားမျိုး သို့မဟုတ် ထာဝရလက်တွဲသွားမည်ဆိုသော ကတိကဝတ်များ မရှိခဲ့ကြသည့်တိုင် တစ်ယောက်အတွက် တ်စယောက်က အသက်ပေးရန် အသင့်ဖြစ်ခဲ့ကြသည်။
အမှန်တကယ်လည်း သူတို့သည် ထိုအတိုင်းပင် အနစ်နာခံခဲ့ကြပေသည်။
သူတို့နှစ်ယောက် ခရီးအတူဆက်ခဲ့ကြပြီးနောက် ကောင်းကင်ဘုံမှ ကောင်းချီးပေးသည့်အလားထင်မှတ်ရအောင် အလွန်ကြီးမားသော အခွင့်အရေးတစ်ခု ကြုံတွေ့ခဲ့ရသည်။
ချောက်ကမ်းပါးကြီးနှင့် မနီးမဝေးတွင်ရှိသော တောင်တန်းငယ်တစ်ခုထဲတွင် ရှေးယခင်က ကျင့်ကြံသူတစ်ယောက်၏ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းပင်။
ထိုရုပ်ကြွင်းပိုင်ရှင်က အတိတ်တစ်ချိန်က ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲတွင် ပါဝင်ခဲ့သည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ထိုသူ၏ဇာစ်မြစ်ကို မသိရှိရသည့်တိုင် အလွန်ထူးချွန်သည့် ပါရမီရှင်ဖြစ်ကြောင်း လက်ခံရပေမည်။
အဘယ်ကြောင့်ဆိုသော် သူက ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်ဖြင့် ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ခဲ့သော်လည်း စမ်းသပ်ပွဲကာလမှာပင် ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်သို့ အဆင့်တက်လှမ်းနိုင်ခဲ့သောကြောင့်ပင်။
ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်မှ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်ရောက်ခြင်းမှာ ကျင့်ကြံသူအများစုအတွက် အခက်ခဲဆုံးအဆင့်တစ်ခု ဖြစ်၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တစ်ဘဝလုံးကြိုးစားအားထုတ်ပြီး ဒြပ်စင်စွမ်းအားဖြည့်တင်းဆေးများ ၊ ဝိညာဉ်ဆေးရည်များဖြင့် ကြိုးစားခဲ့ကြသော်လည်း ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်၏ အတားအဆီးကို ကျော်ဖြတ်နိုင်ခြင်း မရှိကြပေ။
ဆရာသခင်အဆင့်ကို မကျော်ဖြတ်နိုင်ပါက ကျင့်ကြံခြင်းလောက၏ ထိပ်တန်းအဆင့်သို့ မရောက်ရှိနိုင်ဘဲ အောက်ခြေအဆင့်မှာပင် ကျန်ရစ်နေပေမည်။
ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲမှ အသက်ရှင်လျက် ပြန်ထွက်လာရန် (၃၀)ရာနှုန်းသာ အခွင့်အရေးရှိသည်။
ဤမျှ အန္တရယ်များပြားသည်ဆိုလျှင် မျိုးနွယ်စုအသီးသီးမှ လူငယ်ပါရမီရှင်များ အဘယ့်အကြောင့် စမ်းသပ်ပွဲတွင်ပါဝင်ရန် တိုးဝှေ့နေကြပါသနည်း။
ဤသည်က ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို အရယူရန်အတွက်သာ ဖြစ်ပေ၏။
ပုံမှန်ဆိုလျှင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်အနေဖြင့် ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အချိန်ယူပြီး ကျင့်ကြံခြင်းစွမ်းအားစုဆောင်းရမည် ဖြစ်သည်။
ကျ့င်ကြံခြင်းအဆင့်တက်မည့်အချိန်ကာလရောက်မှသာ စုဆောင်းထားသည့် ကျင့်ကြံခြင်းစွမ်းအားများဖြင့် အတားအဆီးကို တဟုန်ထိုးကျော်ဖြတ်ပြီး အဆင့်တက်ရောက်နိုင်ပေမည်။
သို့ဖြစ်ရာ လအနည်းငယ်ဖြင့် အဆင့်တက်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် ရှန်ရှင်းယွင်နှင့် ထူယာ့တို့ ရှာဖွေတွေ့ရှိခဲ့သည့် ပါရမီရှင်ကတော့ မဖြစ်နိုင်သည်ကို ဖြစ်အောင်လုပ်ပြခဲ့သည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ မဝင်ရောက်မီက ဤပါရမီရှင်မှာ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် အထွတ်ထိပ်သို့ပင် မရောက်ရှိသေးချေ။
သို့သော် သူက ကံကြမ္မာကောင်းများဖြင့် တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရပြီး မိုးမြေရတနာအဆင့်ရှိသော ဝိညာဉ်ဆေးရည်အချို့ကို ရရှိခဲ့သည်။
ထိုဆေးရည်များကြောင့်ပင် သူက ကျင့်ကြံခြင်းအတားအဆီးများကို လျှင်မြန်စွာ ချိုးဖျက်နိုင်ခဲ့ပြီး ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်သို့ တန်းပြီးတက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။
အပြင်လောကတွင်ဆိုလျှင် ဤသို့သော ထူးခြားမှုမျိုးက မိုးကောင်းကင်မှ မုန်းများကျလာသည့်ပမာ မယုံနိုင်စရာ ကံကောင်းမှုကြီး ဖြစ်ပေမည်။
သို့သော် ဖီးနစ်ကျဆုံးတောင်ကြားတွင် ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာတိုးတက်သွားခြင်းက အနိဋ္ဌာရုံတစ်ခုနှင့် အလားတူပေသည်။
အဘယ်ကြောင့်ဆိုသော် ဤတောင်ကြားတွင် အဆင့်မြင့်ကျင့်ကြံသူများကို စိတ်ဖောက်ပြန်သွားစေသည့် မိစ္ဆာချီများ ပြည့်နက်နေသောကြောင့်ပင်.
တောင်ကြားဖွင့်လှစ်ချိန်တွင် ဤကြောက်မက်ဖွယ်ရာ မိစ္ဆာချီများက အဆင့်နိမ့်ကျင့်ကြံသူများကို ဒုက္ခပေးမည်မဟုတ်သော်လည်း အဆင့်မြင့်ကျင့်ကြံသူများအတွက်တော့ သေဒဏ်ပေးခံရသည်နှင့်မခြားအောင် ပြင်းထန်လှသည်။
သူက ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်သို့ တက်လှမ်းလိုက်သည့် တစ်ခဏမှာပင် ဒြပ်စင်စွမ်းအားဖြင့် ပြည့်လျှံနေသည့် ကျင့်ကြံသူရုပ်ခန္ဓာထဲသို့ မိစ္ဆာချီများ စိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။
ကျင့်ကြံခြင်းအဆင့်တက်ရောက်ပြီးနောက် အခြေခိုင်အောင်ပင် မလုပ်ဆောင်ရသေးခင် မိစ္ဆာချီများက သူ၏စိတ်အာရုံကို ဖျက်ဆီးပစ်လိုက်သည်။
ထိုပါရမီရှင်၏စိတ်အာရုံများ ရှုပ်ထွေးနောက်ကျလာပြီး ၊ သူက လုံးဝ သိစိတ်ပျောက်ကွယ်မသွားခင် မိမိကိုယ်ကို ကျောက်ဂူတစ်ခုထဲတွင် အလုံပိတ်ထားလိုက်သည်။
သူ အသိဉာဏ်များဆုံးရှုံးပြီး အရူးတစ်ယောက်ပမာ အပြင်လောကသို့ ထွက်ပြေးသောင်းကျန်းမည်ကို ကာကွယ်ရန်အတွက် ဖြစ်၏။
ထိုသို့သာဖြစ်ခဲ့ပါက သူ၏ရုပ်အလောင်း တစ်စစီဖြစ်သွားပြီး သဂြိုဟ်ရန်ပင် ကျန်ရှိမည် မဟုတ်ပေ။
နောက်ဆုံး ထိုပါရမီရှင်မှာ သူကိုယ်တိုင်ပိတ်ဆို့ထားသည့် ကျောက်ဂူထဲမှာပင် စိတ်ကိုထိန်းချုပ်ရင်း တင်ပျဉ်ခွေအနေအထားဖြင့် သေဆုံးသွားခဲ့သည်။
သူ သိစိတ်လွတ်မသွားခင်မှာပ်င နောင်လာနောက်သားများအတွက် သတိပေးချက်အနေဖြင့် သူ၏အတွေ့အကြုံများကို အသေးစိတ်မှတ်တမ်းတင်ထားခဲ့သည်။
ဖီးနစ်ကျဆုံးတောင်ကြားမှ မိစ္ဆာချီများက အမှန်တကယ်ပင် အဆင့်မြင့်ကျင့်ကြံသူများ ခုခံနိုင်စွမ်းမရှိအောင် ကြောက်မက်ဖွယ်ကောင်းလှကြေငာ်း ၊ ဤတောင်ကြားတွင် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်လှမ်းခြင်းမှာ ဘေးအန္တရာယ်တစ်ခုသာဖြစ်ပြီး မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားနားကြောင်း သူက ရေးသားခဲ့သည်။
ထိုပါရမီရှင်၏ ကံကြမ္မာက ရင်နာစရာကောင်းလှသည်။
သို့သော် သူက သတိပေးချက်တစ်ခုတည်းသာ ချန်ထားခဲ့ခြင်း မဟုတ်ပေ။
သူ့ဘဝတစ်သက်တာ စုဆောင်းထားသည့် ရတနာပစ္စည်းများနှင့်အတူ အလွန်ရှားပါးသည့် မိုးမြေဝိညာဉ်ရတနာတစ်ခုကိုလည်း ချန်ထားခဲ့သည်။
ပါရမီရှင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်၏ စုဆောင်းမှုများမှာ ပြောမပြနိုင်အောင် တန်ဖိုးရှိလှသည် အမှန်ပင်။
သို့သော် မိုးမြေဝိညာဉ်ရတနာနှင့်နှိုင်းယှဉ်ပါက ထိုစုဆောင်းမှုများသည်ပင် မှေးမှိန်သွားရပေသည်။
ထိုပါရမီရှင် အချိန်တိုအတွင်း ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ကံအလွန်ကောင်းပြီး မိုးမြေဝိညာဉ်ရတနာ (၃)မျိုးကို ဆက်တိုက်ရရှိခဲ့သောကြောင့် ဖြစ်၏။
ထိုရတနာ(၃)မျိုးမှ (၂)မျိုးကို အကုန်အစင်သုံးစွဲခဲ့သော်လည်း တတိယမြောက်နှင့် အဖိုးတန်ဆုံးဖြစ်သည့် ရတနာပစ္စည်းကတော့ ကျန်ရှိနေသေးပြီး ရေစက်ဆုံသူရရှိရင် တိတ်တဆိတ် စောင့်ကြိုနေခဲ့သည်။
ထိုရတနာပစ္စည်းက နာမည်ကျော်ကြားလှသော “မိုးတိမ်နဂါးဆေးရည်” ပင် ဖြစ်၏။
ကျင့်ကြံသူများအတွက်တော့ “မိုးတိမ်နဂါးဆေးရည်” မှာ လက်တွေ့အကျဆုံးနှင့် အဖိုးတန်ဆုံး မိုးမြေဝိညာဉ် ရတနာပစ္စည်း ဖြစ်သည်။
ထိုဆေးရည်ကို ရှားပါးဝိညာဉ်ဆေးပင်တစ်မျိုးဖြစ်သည့် “မိုးတိမ်နဂါးမှို” မှ အဆင့်ဆင့်သန့်စင် ထုတ်ယူထားခြင်း ဖြစ်သည်။
ထိုဆေးရည်၏အာနိသင်က ကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို ချိုးဖျက်နိုင်ကာ တန်းပြီးကျင့်ကြံခြင်းအဆင့် တက်သွားနိုင်သည်။
ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် မိုးတိမ်နဂါးမှို၏ သက်တမ်းအပေါ်မူတည်ပြီး မိုးတိမ်နဂါးဆေးရည်ကို အဆင့်နှစ်ဆင့် ခွဲခြားနိုင်သည်။
တစ်မျိုးမှာ သက်တမ်းရင့် နှစ်တစ်ထောင် မိုးတိမ်နဂါးမှိုမှ သန့်စင်ထားသည့် "သာမန်မိုးတိမ်နဂါးဆေးရည်" ဖြစ်ပြီး ၊ ကျန်တစ်မျိုးကတော့ ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်သလောက် ရှားပါးသည့် သက်တမ်းရင့် နှစ်တစ်သောင်း မိုးတိမ်နဂါးမှိုမှ သန့်စင်ထုတ်ယူထားသော "ထိပ်တန်းအဆင့် မိုးတိမ်နဂါးဆေးရည်" ဖြစ်သည်။
သာမန် မိုးတိမ်နဂါးဆေးရည်က ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် သို့မဟုတ် ထိုအဆင့်အောက် မည်သည့်ကျင့်ကြံသူမဆို ဆေးရည်ကိုသုံးစွဲပါက ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် (၃၀)ရာနှုန်းမှ (၅၀)ရာနှုန်းအထိ မြှင့်တင်ပေးနိုင်သည်။
မည်သည့်အဆင့်တွင်မဆို အကျိုးသက်ရောက်မှု ရှိပေသည်။
ထိပ်တန်းအဆင့် မိုးတိမ်နဂါးဆေးရည်ကတော့ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူများအတွက် သီးသန့်ရည်ရွယ်ထားခြင်းဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် (၃၀)ရာနှုန်းမှ (၅၀)ရာနှုန်းအထိ မြှင့်တင်ပေးသည်။
ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းအဆင့်မြင့်မားလေ အတားအဆီးများကိုချိုးဖျက်ရန် ပိုမိုခက်ခဲလာလေ ဖြစ်သည်။
အထူးသဖြင့် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် သို့မဟုတ် ထိုထက်မြင့်သောအဆင့်များသို့ ရောက်ရှိသွားချိန်တွင် ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို ကျော်ဖြတ်ရန် (၁၀)ရာနှုန်းခန့် သေချာမှုရှိခြင်းကပင် အလွန်တရာ ရှားပါးသည့်အခွင့်အရေးဟု သတ်မှတ်နိုင်သည်။
သို့သော် မိုးတိမ်နဂါးဆေးရည်ကတော့... အဆင့်တက်ရန်အတွက် (၃၀)ရာနှုန်းအထိ မြှင့်တင်ပေးနိုင်သည်ဖြစ်ရာ အမှန်တကယ်ပင် မိုးကောင်းကင်ကိုဆန့်ကျင်သော အစွမ်းသတ္တိဟု ဆိုရပေမည်။
သို့ရာတွင် မိုးတိမ်နဂါးမှိုဆိုသည်က အလွန်တရာရှားပါးသည့် ဝိညာဉ်ဆေးပင်တစ်မျိုး ဖြစ်သည်။
နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော မိုးတိမ်နဂါးမှိုကိုပင် တွေ့ရှိရန် ခဲယဉ်းလွန်းလေရာ နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိသော မိုးတိမ်နဂါးမှိုကတော့ ဒဏ္ဍာရီထဲမှာသာရှိပြီး အမှန်တကယ် တွေ့မြင်ဖူးသူ မရှိသလောက် ရှားပါး၏။
ဤပါရမီရှင် ချန်ရစ်ခဲ့သော မိုးတိမ်နဂါးဆေးရည်က နှစ်တစ်ထောင်အဆင့်သာ ရှိသော်လည်း တန်ဖိုးမဖြတ်နိုင်သည့် ရတနာဖြစ်လေသည်။
အထူးသဖြင့် အင်အားကြီးအုပ်စုများအတွက် နှစ်တစ်ထောင် မိုးတိမ်နဂါးဆေးရည်ကိုအသုံးပြုပြီး အလယ်ဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်များကို နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်များအဖြစ် အုပ်စုလိုက် အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်ရာ စုစုပေါင်း အင်အားမြင့်တက်လာခြင်းက အလွန်အရေးပါမည်မှာ မလွဲဧကန်ပင်။