← Chapters

သေအတူရှင်မကွာ ချစ်ခြင်းမေတ္တာ

Vol. 14 Ch. 151

သေအတူရှင်မကွာ ချစ်ခြင်းမေတ္တာ

Vol. 14 Ch. 151

"မိုးတိမ်နဂါးဆေးရည်" ကဲ့သို့ အလွန်ရှားပါးသည့် ရတနာပစ္စည်းကို ပိုင်ဆိုင်ခွင့်ရမည်ဟု ရှန်ရှင်းယွင်ရော ထူယာ့ပါ မျှော်လင့်မထားခဲ့ကြပေ။

ပြီးတော့ သူတို့တွေ့ရှိခဲ့သည့် ဆေးရည်ပမာဏက နည်းနည်းနောနော မဟုတ်ပေ။

ကြွေပုလင်းငယ်ထဲတွင် ထည့်ထားသည်ဆိုသော်လည်း အနည်းဆုံး လူ(၁၀)ယောက် သောက်သုံးရန် လုံလောက်သည်။

အကယ်၍ ဤ “မိုးတိမ်နဂါးဆေးရည်” ပုလင်းသာ အပြင်လောကသို့ သယ်ဆောင်သွားနိုင်မည်ဆိုပါက နှစ်ပေါင်း(၁၀၀၀)အတွင်း ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲတွင် ရရှိခဲ့သမျှ အဖိုးတန်ဆုံးများထဲမှတစ်ခု ဖြစ်လာပေမည်။

ရှန်ရှင်းယွင်နှင့် ထူယာ့တို့ ပြောနေစရာပင်မလိုဘဲ သူတို့တွေ့ရှိသည့် ရတနာပစ္စည်းများနှင့် မိုးတိမ်နဂါးဆေးရည်ကို အညီအမျှ တစ်ဝက်စီခွဲယူရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် သူတို့ရှိရာနေရာသို့ နောက်ထပ်လူတစ်စု ရောက်ရှိလာကြလေသည်။

ရောက်ရှိလာသည့်အုပ်စုက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်(၂)ယောက် ၊ အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၃)ယောက် ဖြစ်သည်။

ဤနှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် နှစ်ယောက်က တောရိုင်းဒေသမျိုးနွယ်စုတစ်ရာတွင် အင်အားကြီးမျိုးနွယ်စုတစ်ခုဖြစ်သည့် ‘ဝဇီရ’ မျိုးနွယ်စုမှ ဖြစ်ကြပြီး ညီအစ်ကိုရင်းများလည်း ဖြစ်ကြသည်။

သူတို့နှစ်ယောက်က မတူညီသည့်အသုတ်များဖြင့် လူခွဲပြီး ဝင်ရောက်လာကြခြင်ဖြစ်သော်လည်း တူညီသည့် စွမ်းအားလမ်းကြောင်းဝင်ပေါက်မှ ရောက်ရှိလာခဲ့ကြသည်။

ဤသည်က မယုံကြည်နိုင်စရာ ကံကောင်းမှုပင်။

သူတို့နောက်မှလိုက်ပါလာသည့် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်(၃)ယောက်ကတော့ ဤညီအစ်ကိုနှစ်ယောက်က အတင်းအကျပ်ခြိမ်းခြောက်စေခိုင်းပြီး သူတို့နောက်လိုက် လုပ်ခိုင်းထားခြင်း ဖြစ်၏။

သူတို့က ရှန်ရှင်းယွင်နှင့် ထူယာ့နောက်သို့ ခြေရာခံလိုက်လာကြခြင်း ဖြစ်သည်။

ယခု မထင်မှတ်စွာ ရှန်ရှင်းယွင်တို့က ရတနာပစ္စည်းများရရှိသွားသည်ကို တွေ့ရသည့်အခါ သူတို့က သတ်ဖြတ်လုယက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ဒါတောင်မှ ဤလူစုက ရှန်ရှင်းယွင်တို့လက်ထဲတွင် “မိုးတိမ်နဂါးဆေးရည်” ရှိနေကြောင်း မသိရှိခဲ့ကြပေ။ သိရှိသွားပါက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကြပေမည်။

ဝဇီရမျိုးနွယ်စုက တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် အင်အားကြီးမျိုးနွယ်စုတစ်ခု ဖြစ်သည်။

ထိုမျိုးနွယ်စုမှ ကျွမ်းကျင်သူများက မည်သို့သော ဒြပ်စင်စွမ်းအားကို ကျင့်ကြံပါစေ သူတို့၏ တိုက်ခိုက်စွမ်းအားက ပြင်းထန်လွန်းပြီး အနိုင်ကျင့်ဗိုလ်ကျသည့်အသွင်သို့ ပြောင်းလဲသွားတတ်သည်။

ဤညီအစ်ကိုနှစ်ယောက် ပူးပေါင်းတိုက်ခိုက်မှုက အဆမတန်ပြင်းထန်သည်ဖြစ်ရာ ရှန်ရှင်းယွင်နှင့် ထူယာ့တို့သည်ပင် သူတို့ကိုမယှဉ်နိုင်ခဲ့ပေ။

တိုက်ပွဲစတင်ပြီး မကြာခင်မှာပင် ရှန်ရှင်းယွင်နှင့် ထူယာ့တို့ ခုခံရင်း နောက်ဆုတ်ပေးလာရသည်။

ရန်သူအုပ်စုက ရှန်ရှင်းယွင်ကို သိပ်အလေးမထားဘဲ ထူယာ့တစ်ယောက်တည်းကိုသာ ဦးတည်တိုက်ခိုက်ကြသည်။

သူတို့က အတွေ့အကြုံရင့်ကျက်သူများဖြစ်သဖြင့် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်ရှိသော ထူယာ့ကို အလဲထိုးနိုင်လျှင် ရှန်ရှင်းယွင်ကိုပါ အလွယ်တကူ အနိုင်ရမည်ဖြစ်ကြောင်း သိရှိထားကြသည်။

ဝဇီရမျိုးနွယ်စု၏ ညီအစ်ကိုနှစ်ယောက်ထဲမှ တစ်ယောက်က လေးလံကြီးမားသော သံတူကြီးတစ်လက်ကိုင်ဆောင်ထားပြီး နောက်တစ်ယောက်ကတော့ ကွင်းကိုးကွင်းပါရှိသည့် ဓားမော့တစ်လက် ကိုင်ဆောင်ထားသည်။

သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်စွမ်းအားက အလွန်အင်အားကြီးပြီး ရက်စက်ကြမ်းတမ်းသည်ဖြစ်ရာ ၊ သူတို့၏တိုက်ကွက်ထိမှန်သည်နှင့် အရိုးများကြေမွပြီး သွေးကြောများ ပြတ်တောက်သွားနိုင်၏။

အချိန်အတော်ကြာအောင် တိုက်ပွဲပြင်းထန်နေခဲ့ပြီး နောက်ဆုံးမှာတော့ ဝဇီရညီအစ်ကိုထဲမှ သံမဏိတူကိုင်ဆောင်ထားသူက အခွင့်အရေးတစ်ခုရသွားခဲ့သည်။

သူက ထူယာ့၏ဟာကွက်ကို ရှာတွေ့သွားပြီး ကြီးမားသောတူကြီးဖြင့် မိန်းမပျို၏ကျောပြင်ကို အားကုန်လွှဲကာ ရိုက်ချလိုက်လေသည်။

ထိုအချိန်မှာပဲ ရှန်ရှင်းယွင်က ရှေ့သို့တိုးဝင်ပြီး ထူယာ့ကို ထိမှန်မည့်ရိုက်ချက်ကို သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ပါးလွှာသည့်ဓားရှည်ဖြင့် သံမဏိတူကိုင်ဆောင်ထားသူထံသို့ ပစ်ပေါက်လိုက်လေသည်။

သို့သော် သံမဏိတူကိုင်ဆောင်ထားသူက ဓားချက်ကို ရှောင်တိမ်းလိုက်ရာ ဘေးနားမှ တိုက်ခိုက်ရန်ကြိုးစားနေသည့် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ထံသို့ တည့်တည့်စိုက်ဝင်သွားပြီး အသက်ပျောက်သွားစေခဲ့သည်။

ရှန်ရှင်းယွင်က သူမကို အသက်ပေးပြီး ကယ်တင်လိုက်သည်ကိုတွေ့မြင်သည်နှင့် ထူယာ့ရင်ထဲ ထိတ်လန့်တုန်လှုပ်သွားသလို စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်သွားသည်။

တစ်ချိန်တည်းပင် ဒေါသမီးများလည်း ဟုန်းဟုန်းတောက်လောင်လာပြီး သူမ၏ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

တစ်ချိန်တည်းပင် ထူယာ့လက်ထဲတွင် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖြစ်သော ရေကဲ့သို့ကြည်လင်သည် လှံရှည်တစ်လက် ထွက်ပေါ်လာသည်။

ရှန်ရှင်းယွင် ပစ်လွှတ်လိုက်သည့်ဓားချက်ကိုရှောင်တိမ်းလိုက်ရသဖြင့် ဟန်ချက်ပျက်သွားသည့် သံမဏိတူကိုင်ဆောင်ထားသူထံသို့ သူမက လှံရှည်ဖြင့် တည့်တည့်မတ်မတ် ထိုးစိုက်ချလိုက်သည်။

ထူယာ့က ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ကို အစောကြီးကတည်းက ထုတ်မသုံးဘဲ ဝှက်ဖဲအဖြစ်ထားရှိကာ အချိန်ကောင်းစောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ယခုတော့ ဒေါသထွက်လွန်းသဖြင့် သူမက လှံရှည်ကိုထုတ်သုံးလိုက်ခြင်း ဖြစ်လေသည်။

လှံရှည်၏ထိုးနှက်ချက်က နတ်နဂါးတစ်ကောင်၏ တိုက်ခိုက်မှုအလား ပြင်းထန်အားကောင်းလွန်း၏။

တောက်ပသည့် ရွှေရောင်လှံရိပ်များကြားတွင် အစစ်အမှန်နှင့် အတုယောင်ကို ခွဲခြားရခက်လွန်းသည်ဖြစ်ရာ သံမဏိတူကိုင်ဆောင်ထားသူမှာ လှံရှည်၏ထိုးနှက်မှုကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

လှံရှည်က ထိုသူ၏နှလုံးသားနေရာတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သံမဏိတူကိုင်ဆောင်ထားသူမှာ ထူယာ့၏တိုက်ခိုက်မှုက ထိုမျှပြင်းထန်မည်ဟု ထင်မထားသဖြင့် မယုံကြည်နိုင်သောမျက်လုံးများဖြင့် မိန်းမပျိုကိုကြည့်ရင်း မြေပြင်ထက်သို့ လဲကျသေဆုံးသွားတော့သည်။

ဝဇီရမျိုးနွယ်စုများက ရုပ်ခန္ဓာစွမ်းအားကို အသားပေးသည့်ကျင့်စဉ်ကို ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ခန္ဓာကိုယ်များက ကြံ့ခိုင်သန်စွမ်းကြပြီး အရေခွံသည်လည်း ထူထဲလှသည်။

ထို့ကြောင့် ပြင်ပတိုက်ခိုက်မှုဒဏ်ကို ကောင်းစွာခံနိုင်ရည် ရှိ၏။

သို့သော် သံမဏိတူကိုင်ဆောင်ထားသူမှာ သာမန်မဟုတ်သည့် ထူယာ့၏ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ကိုတော့ တောင့်ခံနိုင်ခြင်းမရှိဘဲ အသက်ပျောက်သွားရတော့သည်။

တစ်ခဏအတွင်း တိုက်ပွဲအခြေအနေက ရုတ်ချည်းပြောင်းလဲသွားသည်ဖြစ်ရာ ကျန်လူများအားလုံး ခဏမျှမှင်တက်သွားရသည်။

ထိုအခွင့်အရေးကို အမိအရယူကာ ထူယာ့က ဒဏ်ရာအပြင်းအထန်ရကာ သတိလစ်နေသော ရှန်ရှင်းယွင်ကို ကျောပိုးလိုက်ပြီး တိုက်ပွဲထဲမှ ထိုးဖောက်ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ဓားမော့ကိုင်ဆောင်သူမှာ သူ၏ညီအစ်ကို သေဆုံးသွားကြောင်း တွေ့မြင်လိုက်သည်နှင့် အလွန်အမင်း ဒေါသထွက်သွားပြီး ထူယာ့ကို လွယ်လွယ်နှင့် အလွတ်ပေးရန် စိတ်ကူးမရှိတော့ပေ။

သူက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် ကျင့်ကြံသူနှစ်ယောက်နှင့်အတူ ထူယာ့ကို မရပ်မနား လိုက်လံတိုက်ခိုက်လေသည်။

ရှန်ရှင်းယွင်ကို ကျောပိုးထားရသည်ဖြစ်ရာ ထူယာ့၏အရှိန်အဟုန်က သိပ်ပြီးမြန်ဆန်ခြင်း မရှိတော့ပေ။

ထို့ကြောင့် သူတို့အုပ်စု တိုက်ခိုက်ရင်း ဆုတ်ခွာရင်းဖြင့် နောက်ဆုံး ခုန်မင် ခိုအောင်းနေသည့် ကျောက်ဂူအနားသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေ၏။

ဤသည်ကပင် ရှန်ရှင်းယွင်နှင့် ထူယာ့တို့အတွက် ကံကောင်းသည်ဟု ဆိုရပေမည်။

နောက်ဆုံး ခုန်မင်၏ကယ်တင်မှုဖြင့် သူတို့နှစ်ယောက်လုံး သေဘေးမှ သီသီလေးလွတ်မြောက်ခဲ့ရသည် မဟုတ်ပါလား။

***

ရှန်ရှင်းယွင်ပြောပြသည့် ဇာတ်လမ်းအစအဆုံး နားထောင်ပြီးသည်နှင့် ခုန်မင်က ရယ်မောရင်း လက်မထောင်ပြလိုက်သည်။

“ကံကောင်းလိုက်တာ ရှန်တာ့... ဖီးနစ်ကျဆုံးတောင်ကြားထဲမှာ မိုးတိမ်နဂါးဆေးရည်လည်းရှာတွေ့တယ် ၊ ချစ်သူတစ်ယောက်လည်းရတယ်ဆိုတော့... ငါတောင် အရမ်းမနာလိုဖြစ်နေမိပြီ”

ရှန်ရှင်းယွင်က ရယ်မောလိုက်ရင်း...

“သေတော့မလိုဖြစ်တာကိုလည်း ထည့်ပြောဦးလေ သူဌေးလေး...”

မည်သို့ပင်ဖြစ်စေ သေခြင်းရှင်ခြင်းကို အတူတကွ ရင်ဆိုင်ခဲ့ကြပြီးနောက် ရှန်ရှင်းယွင်နှင့် ထူယာ့တို့နှစ်ယောက်ကို မည်သည့်အရာက ကွဲကွာအောင် လုပ်ဆောင်နိုင်ပါတော့မည်နည်း။

ထိုသို့ဖြင့်...

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး (၅)ရက်ဆိုသောအချိန် ကုန်ဆုံးသွားလေသည်။

ရှန်ရှင်းယွင်သည်လည်း ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခဲ့ပေပြီ။

နောက်တစ်ချက်မှာ သေခြင်းရှင်ခြင်း စမ်းသပ်မှုကို ကြံ့ကြံ့ခံဖြတ်ကျော်ပြီးနောက် ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်သို့ ရောက်ရှိပြီးဖြစ်သော ရှန်ရှင်းယွင်က ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့တက်ရောက်ရန် လက္ခဏာများ စတင်ပြသလာတော့သည်။

ဤသည်က ရှန်ရှင်းယွင်အတွက် လက်လွှတ်မခံသင့်သော အခွင့်အရေးကောင်း ဖြစ်သည်။

ထို့ကြောင့် ခုန်မင်က...

“ဒါဖြင့် မင်း ငါ့နောက် မလိုက်နဲ့တော့ ၊ ဒီကျောက်ဂူထဲမှာပဲ တံခါးပိတ်ကျင့်ကြံရင်း ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်ကို တက်ရောက်ဖို့ ကြိုးစားတော့”

ထို့နောက် ခုန်မင်က သူရရှိထားသော အဆင့်ဖြတ်ကျော်ဆေးလုံးတစ်လုံးကို ရှန်ရှင်းယွင်အား လက်ဆောင်ပေးလိုက်သည်။

ထို့ကြောင့် ရှန်ရှင်းယွင်အနေဖြင့် မိုးတိမ်နဂါးဆေးရည်ကို အသုံးပြုရန် မလိုအပ်ဘဲ ကျင့်ကြံခြင်းအဆင့် လွယ်ကူစွာ တက်လှမ်းနိုင်ပေမည်။

မိုးတိမ်နဂါးဆေးရည်ကဲ့သို့သော ရတနာပစ္စည်းမျိုးက ဒြပ်စင်စွမ်းအား အရှင်သခင်အဆင့် ကျွမ်းကျင်သူများအတွက် ချန်ထားပေးသင့်သည် မဟုတ်လား။

ထိုသို့သောအဆင့်သို့ရောက်ရှိမှသာ ဤသို့သော ရတနာပစ္စည်း၏ အစစ်အမှန်တန်ဖိုးကို အပြည့်အဝ ထုတ်ဖော်ပေးနိုင်မည် ဖြစ်သည်။

ခုန်မင်၏စကားကိုကြားတော့ ရှန်ရှင်းယွင် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ သူဌေးလေး... ဒါဖြင့် လမ်းခရီးမှာ ဂရုစိုက်ပါ”

ထို့နောက် သူက ထူယာ့ဘက်သို့ လှမ်းကြည့်လိုက်ပြီး...

“ထူယာ့... မင်း ရတနာပစ္စည်းတွေ ရှာချင်သေးတယ်ဆိုရင် သူဌေးလေးနဲ့ ချောက်နက်ထဲကို လိုက်သွားပါလား”

ထိုစကားကြားတော့ ထူယာ့က ခေါင်းခါယမ်းလိုက်သည်။

“ကျွန်မလည်း တောင်ကြားထဲ ခရီးမဆက်တော့ဘူး ၊ ရှင် ဘေးကင်းကင်းနဲ့ ကျင့်ကြံခြင်းအဆင့်တက်နိုင်အောင် စောင့်ရှောက်ပေးမယ်”

ဟုတ်ပေ၏။

ထူယာ့အနေဖြင့် မိုးတိမ်နဂါးဆေးရည် ရရှိထားပြီးဖြစ်ရာ သူမ၏တာဝန်က ရည်မှန်းထားသည်ထက်ပင် ပိုမိုအောင်မြင်နေပေပြီ။

ဤရှားပါးရတနာကိုသာ သူမ၏မျိုးနွယ်စုထံသို့ ယူဆောင်သွားနိုင်ပါက အကြီးအကဲများ အလွန်ကျေနပ်ကြမည်ဖြစ်ပြီး ‘ထူယာ့’ အပေါ်တွင် တစ်ချက်ပင်အပြစ်တင်ကြမည် မဟုတ်ပေ။

ရှန်ရှင်းယွင်နှင့် ထူယာ့တို့ ‌အေးအတူပူအမျှ ကံကြမ္မာတစ်ခုတည်းကိုသာ ဆုပ်ကိုင်ထားချင်သော ချစ်သူများအဖြစ် ကျေနပ်နေကြသည်ဖြစ်ရာ ခုန်မင်က သူတို့ကို အနှောက်အယှက်မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။

သူတစ်ယောက်တည်းသာ ချောက်နက်ထဲသို့ဝင်ပြီး ဖီးနစ်ကျဆုံးတောင်ကြား ဗဟိုချက်ဒေသအား ရှာဖွေရန် စိတ်ပိုင်းဖြတ်လိုက်၏။

သူ၏ရည်မှန်းချက်အမှန်က ဖီးနစ်ငှက် ပြန်လည်မွေးဖွားလာရာ “ဖီးနစ်ငှက်ဥ” ကို ရယူရန်ဖြစ်ကြေင်းကိုတော့ ခုန်မင်က ရှန်ရှင်းယွင်အပါအဝင် မည်သူ့ကိုမှ ပြောမပြခဲ့ပေ။

အမှန်တော့ ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံအပြည့်အစုံသာ မရှိလျှင် ထိုဧရာမ ဖီးနစ်နားခိုရာသစ်ပင်ကြီးကို ရှာဖွေတွေ့ရှိရန်မှာ လုံးဝ မဖြစ်နိုင်သည့်ကိစ္စသာပင်။

ခုန်မင်က ရှန်ရှင်းယွင်နှင့် ထူယာ့ကို နှုတ်ဆက်ပြီး တောင်ကြားထဲတွင် ခရီးဆက်ခဲ့သည်။

သူက ချောက်နက်အစွန်းသို့ တန်းတန်းမတ်မတ်သွားရောက်ပြီးနောက် ချောက်နက်အတွင်းသို့ ဆင်းသက်လိုက်လေသည်။

နေ့လည်ဘက် အချိန်စောသေးသည့်တိုင် ချောက်နက်ထဲသို့ နေရောင်ခြည် တိုက်ရိုက်မကျရောက်သဖြင့် အတော်လေး မှေငာ်မိုက်လျှက် ရှိသည်။

ခုန်မင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော်လည်း မည်သည့်ထူးခြားချက်မှ မတွေ့သဖြင့် လမ်းကြောင်းတစ်ခုရွေးချယ်ပြီး လျှင်မြန်စွာပင် ရှေ့ဆက်တိုးသွားလိုက်၏။

သူ၏ဦးတည်ရာကတော့ ချောက်နက်ကြီး၏ အနက်ရှိုင်းဆုံး အလျှို့ဝှက်ဆုံးနေရာတွင်ရှိသော မြေအောက်နန်းတော်ဆီသို့ပင် ဖြစ်လေသည်။

All Chapters