မီးလျှံသလင်းကျောက်
Vol. 14 Ch. 152
ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံအပြည့်အစုံကိုသာ မသိခဲ့လျှင် မိုးထိတိုင်မြင့်မားသည့် ဖီးနစ်နားခိုရာသစ်ပင်ကြီးက မြေအောက်နန်းတော်တစ်ခုထဲတွင် လျှို့ဝှက်တည်ရှိနေသည်ဟု မည်သူမှ ထင်မှတ်ကြမည် မဟုတ်ပေ။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ဒဏ္ဍာရီများအရတော့ ဤမြေအောက်နန်းတော်က ဖီးနစ်ငှက် အပန်းဖြေအနားယူရာနန်းတော်ကြီးဖြစ်ပြီး ဖီးနစ်ငှက်သေဆုံးသွားချိန်မှာတော့ ဖီးနစ်ငှက်နှင့်အတူ မြေအောက်သို့နစ်မြုပ်သွားသည်ဟု ဆိုကြသည်။
ခုန်မင်ကတော့ ထိုဒဏ္ဍာရီအပေါ် သိပ်ပြီး အယုံအကြည်မရှိပေ။
ဤဖီးနစ်ငှက်က မည်မျှပင် တန်ခိုးစွမ်းအားကြီးမားပါစေ မှောင်ဝင်သားရဲတစ်ကောင်သာ ဖြစ်လေရာ လူသားများကဲ့သို့ နန်းတော်တစ်ခုတည်ဆောက်ပြီး စံမြန်းနေထိုင်မည်မဟုတ်ဟု ခုန်မင်က တွေးထင်ထားသည်။
ဟုတ်ပေ၏။
ဖီးနစ်ငှက်ဥနှင့် ဆက်စပ်နေသည့် ဖီးနစ်နားခိုရာသစ်ပင်ကြီးက ဤမြေအောက်နန်းတော်တွင် လျှို့ဝှက်စွာတည်ရှိနေသည်ဆိုသောအချက်ကတော့ အလွန်ပင် ထူးခြားလှသည်။
ထို့ပြင် ချောက်နက်ကြီးထဲတွင် မြေအောက်နန်းတော်တင်မဟုတ်ဘဲ ရှာဖွေစူးစမ်းချင်စရာ အခြားသော နေရာများ ၊ ရတနာပစ္စည်းများလည်း ရှိနေသေးသည်။
ဥပမာ - ဤချောက်နက်ထဲတွင် ရှားပါးတွင်းထွက်ပစ္စည်းများက ပြင်ပကမ္ဘာမှာထက် (၁၀)ဆမက ပိုမိုများပြားနေခြင်းမျိုး ဖြစ်သည်။
နောက်တစ်ချက်မှာ နှစ်ပေါင်းများစွာအတွင်း စမ်းသပ်ပွဲတွင်ပါဝင်သူ အမြောက်အမြားသည်လည်း ဤချောက်နက်ကြီးထဲမှာပင် သေဆုံးခဲ့ကြသည်ဖြစ်ရာ ထိုသူများထံမှ ကျန်ရစ်ခဲ့မည့် ရတနာပစ္စည်းများကလည်း အလွန်တရာပေါများပေမည်။
သို့ပေသိ အကျိုးအမြတ်များလျှင် အန္တရယ်လည်းများနိုင်ကြောင်း သိထားရမည်ပင်။
အမှန်တော့ ဤချောက်နက်ကြီးက မှော်ဝင်သားရဲများအတွက် နိဗ္ဗန်ဘုံ အသိုက်ကြီးဖြစ်သည်။
ဤနေရာတွင်နေထိုင်သည့်သားရဲများက မြူခိုးတိမ်တိုက်တောင်တွင်နေထိုင်သည့် သားရဲများထက်ပင် ပိုမိုများပြားပေသည်.
စွမ်းအားကြီးမားသည့် မှော်ဝင်သားရဲတစ်ကောင်၏နယ်မြေထဲသို့ မတော်တဆ ကျူးကျော်ဝင်ရောက်မိသွားမည်ဆိုပါက မည်သည့်အကျိုးအမြတ်မှ အဖတ်မတင်ဘဲ အရင်ဆုံး အသက်ပျောက်သွားပေမည်။
ခုန်မင်ကတော့ ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံအပြည့်အစုံကို ကိုင်ဆောင်ထားသဖြင့် ဤချောက်နက်ထဲမှ မသွားသင့်သော တားမြစ်နယ်မြေများကို အတိအကျ သိရှိထားသည်။
ထို့ကြောင့် ဘေးကင်းကင်းဖြင့် ခရီးနှင်နိုင်ပေသည်။
ဤချောက်နက်ထဲတွင်နေထိုင်သော မှော်ဝင်သားရဲအများစုက သူတို့၏ကိုယ်ပိုင်နယ်မြေ အသီးသီးရှိကြသည်။
သို့သော် အဆင့်(၆) မှော်ဝင်သားရဲနှစ်ကောင်ကတော့ သီးခြားလှည့်လည်သွားလာနေတတ်ပြီး သူတို့၏လှုပ်ရှားမှုက ခန့်မှန်းရခက်သလို မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း အတိအကျ မသိရှိနိုင်ပေ။
သို့သော် ချောက်နက်ကြီးက အလွန်ကျယ်ပြန့်သည်ဖြစ်ရာ ခရီးသွားရင် ထိုအဆင့်(၆)သားရဲနှစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံနိုင်ခြေကတော့ အလွန်ပင်နည်းပါးသည်။
မရေရာလှသော အဆင့်(၆) မှော်ဝင်သားရဲနှစ်ကောင်ကို ဘေးဖယ်လိုက်မည်ဆိုလျှင် ချောက်နက်ကြီးထဲမှ အခြားသော ဘေးအန္တရယ်များကို ကောင်းစွာကိုင်တွယ်နိုင်မည်ဟု ခုန်မင်က ယုံကြည်ထားသည်။
ချောက်နက်ကြီး၏ နေရာအနှံ့အပြားတွင် မြေအောက်နန်းတော်သို့ဝင်ရောက်နိုင်သည့် ဝင်ပေါက်များစွာ ရှိနေသည့်တိုင် ခုန်မင်က အလျင်စလို မလှုပ်ရှားသေးပေ။
ခုန်မင်က အေးဆေးစွာပင် ချောက်နက်ထဲ ဖြတ်သန်းသွားလာရင်း လမ်းတွင်တွေ့သည့် ဆေးဘက်ဝင်ပစ္စည်းများကို ရှာဖွေစုဆောင်းနေခဲ့သည်။
အမှန်တော့ ဤချောက်နက်ကြီးက ရတနာသိုက်ကြီးပမာ ဖြစ်သည်။
ဤနေရာတွင် သဘာဝ သယံဇာတများ စုပြုံနေရုံတင်မက ပြင်ပလောကတွင်မရှိသော ရတနာပစ္စည်းများလည်း မြောက်မြားစွာ ရှီနေသည်။
အထူးသဖြင့် မြေပုံတွင် အမှတ်အသားပြထားသည့် သီးသန့်နေရာများတွင်ဆိုလျှင် အလွန်တရာရှားပါးသည့် ရတနာပစ္စည်းများ ရှိနေပေသည်။
ထို့ကြောင့် ခုန်မင်က အခွင့်အရေးရတုန်း တတ်နိုင်သမျှ ယူဆောင်သွားရန် စိတ်ကူးထားသည်။
ဤပစ္စည်းများက နောင်တွင် ဆေးလုံးဖော်စပ်သည်ပဲဖြစ်ဖြစ် ၊ ဝိညာဉ်လက်နက်သွန်းလုပ်သည်ပဲဖြစ်ဖြစ် အလွန်ပင် အသုံးဝင်လာပေမည်။
ထိုသို့ဖြင့် အချိန် (၃)ရက် ကြာသွားလေသည်။
ခုန်မင် ချောက်နောက်ကြီးထဲ လှည့်လည်သွားလာရင်း အဖိုးတန် ရှားပါးရတနာပစ္စည်း(၁၀)မျိုးကျော်ကို စုဆောင်းနိုင်ခဲ့၏။
ဖီးနစ်ကျဆုံးတောင်ကြားတွင် အချိန်တိုအတွင်း ဤမျှများပြားသည့် ရတနာပစ္စည်းများ စုဆောင်းနိုင်ခြင်းမှာ ရှားပါးလုပ်ရပ်ဟု သတ်မှတ်နိုင်သည်။
လက်ရှိမှာတော့ ခုန်မင်က ချောက်နက်ကြီး၏ အနောက်တောင်ဘက် ထောင့်စွန်းနားသို့ ရောက်ရှိနေသည်။
မြေပုံပေါ်မှ အမှတ်အသားများအရ ရှေ့နားမလှမ်းမကမ်းတွင် မြေအောက်မီးတောင်ဝတစ်ခုရှိနေပြီး ထိုနေရာတွင် “မီးလျှံသလင်းကျောက်” ဟုခေါ်သည့် ထူးခြားသော သတ္တုရိုင်းတစ်ခု ထွက်ရှိသည်။
မီးလျှံသလင်းကျောက်ဆိုသည်က မီးတောင်မှထွက်သည့်ချော်ရည်များမှ မီးဒြပ်စင်စွမ်းအားကို စုပ်ယူပြီး ဖြစ်တည်လာသည့် တွင်းထွက်ပစ္စည်းဖြစ်သည်။
ထိုကျောက်တုံးများတွင် မီးဒြပ်စင်စွမ်းအား ကြွယ်ဝစွာ ပါဝင်နေပြီး ၊ ကျောက်တုံးများ၏ ဖွဲ့စည်းတည်ဆောက်ပုံက မှော်ဝင်သားရဲများ၏ ပုံဆောင်ခဲအမြုတေနှင့် အနည်းငယ်ဆင်တူသည်။
သို့သော် မီးလျှံသလင်းကျောက်တွင်ပါဝင်သည့် ဒြပ်စင်စွမ်းအားက အမြုတေများတွင်ပါဝင်သည့် ဒြပ်စင်စွမ်းအားထက် ပိုမိုသန့်စင်သည်။
မီးလျှံသလင်းကျောက်က ဆေးလုံးဖော်စပ်ရာတွင်ရော ဝိညာဉ်လက်နက်သွန်းလုပ်ရာတွင်ပါ အလွန်တန်ဖိုးရှိ၏။
မီးတောက်မီးလျှံ၏စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိပြီး ပြုပြင်ရခက်ခဲသော ထူးခြားပစ္စည်းများကို အရည်ကျိုရာတွင်လည်း အသုံးပြုနိုင်သည်။
မီးဒြပ်စင် ဝိညာဉ်လက်နက်များကို သွန်းလုပ်မည်ဆိုလျှင်လည်း မီးလျှံသလင်းကျောက်က အကောင်းဆုံး အထောက်အကူပြုပစ္စည်း ဖြစ်ပေသည်။
ခုန်မင်က ထိုမျှအဖိုးတန်သောပစ္စည်းကို မရရအောင်ယူရန်ဆုံးဖြတ်ထားသည်ဖြစ်ရာ မီးတောင်ဝဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ချောက်နက်ကြီးထဲသို့ နေရောင်ခြည် တိုက်ရိုက်မကျရောက်သည်ဖြစ်ရာ နေရာအများစုက အေးစိမ့်မှောင်မိုက်နေတတ်သည်။
သို့သော် မီးတောင်ဝရှိသည့်နေရာကတော့ ချွင်းချက် ဖြစ်၏။
မီးတောင်ဝနှင့်နီးကပ်လာလေ လေထုထဲမှ အပူရှိန်က ပြင်းထန်လာလေ ဖြစ်သည်။ ပတ်ဝန်းကျင်သည်လည်း အနီရောင်ဖျော့ဖျော့သမ်းလျှက် ရှိသည်။
ဤသို့ဖြစ်ရသည်မှာ မြေပြင်ထက်တွင်စီးဆင်းနေသည့် ချောရည်စီးကြောင်းများကြောင့်ဖြစ်ပြီး ချော်ရည်များထဲတွင် မီးတောက်မီးလျှံများ၏ ရောင်ပြန်ဟပ်မှုကို တွေ့မြင်နေရသည်။
မီးတောင်ဝဆိုသည်က ကြီးမားနက်ရှိုင်းသည့် ချိုင့်ခွက်ကြီးတစ်ခုဖြစ်သည်။
မီးတောင်ဝအစွန်းတွင်ရပ်ပြီး အောက်သို့ငုံ့ကြည့်လိုက်မည်ဆိုလျှင် အဆင့်ဆင့်နိမ့်ဆင်းသွားသည့် စက်ဝိုင်းပုံစံ ကမ်းပါးယံအထပ်ထပ်ကို တွေ့မြင်ရမည်ဖြစ်သည်။
ပေပေါင်း(၃၀၀၀)ကျော်အနက်မှာတော့ ကျယ်ပြောလှသည့် ချော်ရည်ကန်ကြီးတစ်ခု ရှိနေပေသည်။
ထိုမျှမြင့်မားသည့်အနေအထားကပင်လျှင် ပြင်းထန်သည့် အပူလှိုင်းများက အပေါ်သို့ ရိုက်ခတ်နေဆဲပင်။
မတော်တဆ ထိုချော်ရည်ကန်ထဲသို့ ပြုတ်ကျသွားခဲ့ပါက အစအနပင် ရှာမရတော့အောင် ပျောက်ကွယ်သွားမည်မှာ သေချာပေသည်။
မီတောင်ဝကို ဝန်းရံထားသည့် စက်ဝိုင်းပုံစံကမ်းပါးယံများက အရင်က မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့်ချော်ရည်များ အေးခဲသွားရာမှ ဖြစ်တည်လာခြင်း ဖြစ်သည်။
ထိုကမ်းပါးယံများတွင် ပင့်ကူအိမ်ပမာ တစ်ခုနှင့်တစ်ခုဆက်နွယ်နေသည့် ကျောက်ဂူပေါင်းများစွာ ရှိနေသဖြင့် ထိုနေရာ၏ မြေမျက်နှာသွင်ပြင် အတိအကျကို သိရှိရန် မဖြစ်နိုင်ပေ။
ဖီးနစ်ငှက်မွှေးမြေပုံမှာပင် မြေအောက်နန်းတော်နှင့် ချိတ်ဆက်ထားသည့် ကျောက်ဂူအနည်းငယ်ကိုသာ အမှတ်အသားပြုထားပြီး ကျောက်ဂူအားလုံး၏ တည်နေရာကို အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။
“မီးလျှံသလင်းကျောက်” က ထိုဂူများထဲတွင် ထွက်ရှိခြင်းဖြစ်ပြီး မည်သည့်နေရာတွင်ရှိတတ်သည်ကတော့ ပုံသေသတ်မှတ်၍ မရပေ။
ထို့ကြောင့် ကျောက်ဂူတစ်ခုချင်းစီသို့ဝင်ရောက်ပြီး ကိုယ့်အားကိုယ်ကိုးကာ ရှာဖွေမှသာ ဖြစ်နိုင်ပေမည်။
ခုန်မင်ကတော့ မီးလျှံသလင်းကျောက်ရှာဖွေရင်း မြေအောက်နန်းတော်နှင့် ဆက်နွယ်နေသည့် ကျောက်ဂူများသို့ လှည့်ပတ်သွားရောက်ရန် စိတ်ကူးထားသည်။
နောက်ဆုံး ထိုကျောက်ဂူများမှတစ်ဆင့် မြေအောက်နန်းတော်ထဲသို့ဝင်ရန် ရည်ရွယ်လေသည်။
ခုန်မင်က မီးတောင်ဝတွင် မတ်တတ်ရပ်လျှက် ခဏမျှလေ့လာလိုက်ပြီးနောက် ကိုယ်ဖော့ပညာအသုံးပြုပြီး အောက်သို့ခုန်ချလိုက်ရာ မီးတောင်အတွင်းပိုင်းနံရံရှိ ကျောက်စွန်းတစ်ခုထက်သို့ ဆင်းသက်မိသွားသည်။
သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို အသာကိုင်းလိုက်ပြီး မှောင်မည်းနေသည့် ဂူပေါက်တစ်ခုအတွင်းသို့ လျှင်မြန်စွာပင် တိုးဝင်လိုက်၏။
ကျောက်ဂူနံရံအတွင်းပိုင်း မီးလောင်ကျွမ်းထားသည့်နှယ် မည်းနက်နေပြီး အပြင်ဘက်မှ တိုးဝင်လာသည့် ခပ်မှိန်မှိန် မီးအလင်းရောင်မှတပါး အခြားအလင်းရောင် မရှိပေ။
မီးလျှံသလင်းကျောက်များက အနီရောင်အလင်းတန်းများ ထုတ်လွှတ်နိုင်သဖြင့် ကျောက်နံရံများတွင် အလွယ်တကူ ထွက်ပေါ်နေတတ်သည်။
ထို့ကြောင့် ရှာဖွေတွေ့ရှိရန် လွယ်ကူပေသည်။
သို့သော် နှစ်ပေါင်းများစွာအတွင်း ဤမီးတောင်ဝသို့ လူပေါင်းများစွာရောက်လာပြီး မီးလျှံသလင်းကျောက် ရှာဖွေခဲ့ကြသည်။
အထူးသဖြင့် ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များပင် ဖြစ်၏။
ပြာလွင်တောင်ပံမျိုးနွယ်စုက မြူခိုးမြက်ပင်များကို မရမက ရယူလိုကြသကဲ့သို့ပင် ဖီးနစ်နားခိုရာမျိုးနွယ်စုသည်လည်း မီးလျှံသလင်းကျောက် အမြောက်အမြားကို ရယူလိုကြသည်။
ထို့ကြောင့် လက်ရှိမှာတော့ အပြင်ဘက်တွင်ထွက်ပေါ်နေသည့် မီးလျှံသလင်းကျောက်သတ္တုရိုင်းများကို တွေ့ရှိနိုင်ခြေ အလွန်နည်းသွားခဲ့သည်။
ကျောက်နံရံများအတွင်း နက်ရှိုင်းစွာ နစ်မြုပ်နေသည့် မီးလျှံသလင်းကျောက်များသာလျှင် ကျန်ရှိတော့သည်။ သို့ပေသိ ထိုကဲ့သို့ နစ်မြုပ်နေသော သလင်းကျောက်များကို ရှာဖွေတူးဖော်ရသည်ကလည်း ခက်ခဲသည့်အလုပ် မဟုတ်ပေ။
ခန္ဓာကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားကို ကျောက်နံရံအတွင်းပိုင်းသို့ ပို့လွှတ်စိမ့်ဝင်စေပြီး မီးလျှံသလင်းကျောက်များ၏ စွမ်းအားလှိုင်းများကို အာရုံခံရှာဖွေနိုင်ပေသည်။
ထိုနည်းလမ်းဖြင့် မီးလျှံသလင်းကျောက် တည်ရှိရာနေရာကို အတိအကျ သိရှိနိုင်ပေသည်။
သို့ပေသိ ဤသို့ရှာဖွေသည်က ကျင့်ကြံသူတစ်ယောက်၏ ဒြပ်စင်စွမ်းအား ထိန်းချုပ်နိုင်စွမ်းအပေါ် မူတည်ပေသည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်လာသူများက ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
သူတို့အနေဖြင့် ဒြပ်စင်စွမ်းအားကို ပြင်ပသို့ ထုတ်လွှတ်နိုင်စွမ်းရှိကြသော်လည်း ထိုထုတ်လွှတ်လိုက်သော စွမ်းအားကို စိတ်တိုင်းကျ ကျွမ်းကျင်ပိုင်နိုင်စွာထိန်းချုပ်ရန် လူတိုင်းမတတ်နိုင်ကြပေ။
ထို့ပြင် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားက အကန့်အသတ် ရှိသည်။
ဒြပ်စင်စွမ်းအားများကို ဆက်တိုက်ထုတ်လွှတ်နေပါက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်သည်ပင် ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် မီးလျှံသလင်းကျောက်များကို ခဏမျှရှာဖွေလိုက် အနားယူလိုက် ပြုလုပ်ရသည်။ သို့မဟုတ် လူအများစုပေါင်းကာ တစ်လှည့်စီ စွမ်းအားထုတ်လွှတ်ပြီး အလှည့်ကျ ရှာဖွေကြရလေသည်။
မီးလျှံသလင်းကျောက်ရှာဖွေရာတွင် ဟန်ချက်အညီဆုံး အသုံးချနိုင်သည့် ဒြပ်စင်စွမ်းအားကတော့ မီးဒြပ်စင်စွမ်းအားပင် ဖြစ်သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာအတွင်း မီးလျှံသလင်းကျောက် ရှာဖွေရာတွင် ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များကသာ အသာစီးရခဲ့ကြပြီး မီးလျှံသလင်းကျောက် အမြောက်အမြားကို တူးဖော်နိုင်ခဲ့ကြသည်။
ခုန်မင်ကတော့ တစ်ကိုယ်တော် ရောက်လာခြင်းဖြစ်သည့်တိုင် ထိပ်တန်းသခင်အဆင့် ရှိသော "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကို ကျင့်ကြံထားသူဖြစ်သည်။
သူက မီးဒြပ်စင်စွမ်းအားကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်ရုံသာမက စွမ်းအားများကိုပင် ပုံဖော်ထိန်းချုပ်နိုင်သူ ဖြစ်သည်။
ဤသည်က ဆရာသခင်အဆင့်ကိုကျော်လွန်ပြီး အရှင်သခင်အဆင့်နှင့်ပင် နီးစပ်နေပြီ ဖြစ်၏။
ထို့ကြောင့် သူ့အနေဖြင့် မီးလျှံသလင်းကျောက်များကို အာရုံခံရှာဖွေရာတွင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် တစ်ယောက်ထက်ပင် အဆပေါင်းများစွာ ပိုမိုသာလွန်ပေမည်။
ကျောက်ဂူထဲသို့ရောက်သည်နှင့် ခုန်မင်က "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကို ထုတ်ဖော်ကာ ပြင်ပမီးဒြပ်စင်စွမ်းအားများကို ကျောက်နံရံများအတွင်းသို့ စိမ့်ဝင်စေလျှက် မီးလျှံသလင်းကျောက်များကို စတင်ရှာဖွေလိုက်သည်။
ပြင်ပမီးဒြပ်စင်စွမ်းအားကို အသုံးပြုရှာဖွေခြင်းက ခန္ဓာကိုယ်တွင်းမှ ဒြပ်စင်စွမ်းအား ထုတ်လွှတ်ရှာဖွေခြင်းထက် စွမ်းအားကုန်ဆုံးမှု ပိုမိုနည်းပါးသည်။
ခုန်မင်၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အနည်းဆုံး နေ့ဝက်ခန့်အထိ မနားတမ်း ရှာဖွေနိုင်မည် ဖြစ်သည်။
ခုန်မင်အတွက်တော့ ဤကဲ့သို့ရှာဖွေခြင်းက "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုကိုတိုးတက်လာစေရန် လေ့ကျင့်ခြင်းတစ်မျိုးလည်း ဖြစ်နေပြန်၏။
ကျောက်ဂူအတွင်း ပေ(၃၀၀)ခန့် ဝင်ရောက်ပြီးသည်နှင့် ကျောက်ဂူနံရံ၏ ပေ(၃၀)ခန့် အနက်တွင် အလွန်တည်ငြိမ်သည့် မီးဒြပ်စင်စွမ်းအားလှိုင်းတစ်ခု အာရုံခံမိလိုက်သည်။
ထူးခြားဖြစ်စဉ်မရှိပါက ဤသည်က မီးလျှံသလင်းကျောက်တစ်ခု ဖြစ်ရပေမည်။
ခုန်မင်က ချက်ချင်းပင် လက်ဖဝါးတစ်ဖက်ကို ကျောက်နံရံထက်သို့တင်လိုက်ပြီး ‘ကျောက်တုံးထိန်းချုပ်နည်းစနစ်’ ကို ထုတ်ဖော်လိုက်ရာ ကျောက်နံရံတွင် ပေ(၃၀)အနက်ရှိသော အပေါက်တစ်ခုပွင့်သွားပြီး အတွင်းဘက်မှ မီးလျှံသလင်းကျောက်ကို အပြင်သို့ဆွဲယူလိုက်သည်။
ထိုမီးလျှံသလင်းကျောက်က လက်သီးဆုပ်ခန့်ရှိပြီး စူးရှတောက်ပသော မီးလျှံအလင်းတန်းများ ထွက်ပေါ်နေသည်။ အလွန်ပင် အရည်အသွေးကောင်းမွန်ဟန် ရှိ၏။
ထို့နောက်မှာတော့ ခုန်မင်က ကျောက်ဂူအတွင်းပိုင်းသို့ ဆက်လက်တိုးဝင်ရင်း မီးလျှံသလင်းကျောက်များကို တစိုက်မတ်မတ် ရှာဖွေလာခဲ့ရာ သူဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မီးလျှံသလင်းကျောက်များအားလုံး ပြောင်သလင်းခါသွားတော့၏။
ကျောက်ဂူလမ်းကြောင်းများက အလွန်ရှုပ်ထွေးပြီး လမ်းခွဲများလည်း များပြားလေသည်။
ခုန်မင်က ကွေ့ကောက်သောလမ်းများအတိုင်း ကျောက်ဂူအနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်သွားပြီး နေ့ဝက်ခန့်အကြာမှာတော့ မီးလျှံသလင်းကျောက်တုံး (၄၀)ကျော်ခန့် စုဆောင်းမိပြီ ဖြစ်လေသည်။