ကြောက်စရာကောင်းသော လူ့စိတ်သဘော
Vol. 14 Ch. 153
နေ့ဝက်ခန့်အကြာမှာတော့ ခုန်မင် ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားများ ကုန်ခမ်းလာသည့်ပမာ ခံစားရသဖြင့် ကျောက်ဂူနံရံရှိ အကာအကွယ်တစ်ခုအတွင်းသို့ဝင်ရောက်ကာ ကျင့်ကြံခြင်းပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ ဖြန့်ကျက်ထားသည့် "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" စွမ်းအားကို ပြန်လည်မရုပ်သိမ်းရသေးခင်မှာပင် အလွန်ပြင်းထန်သည့် မီးဒြပ်စင်စွမ်းအားလှိုင်းတစ်ခု ရုတ်တရက်တိုးဝင်လာကြောင်း အာရုံခံလိုက်မိသည်။
ဤသို့ပြင်းထန်သည့် မီးဒြပ်စင်စွမ်းအားလှိုင်းလုံးက တည်ငြိမ်သည့် မီးလျှံသလင်းကျောက်များထံမှ ထွက်ပေါ်လာခြင်း မဟုတ်သည်မှာ သေချာသည်။
တစ်စုံတစ်ယောက်သည်လည်း ခုန်မင်ကဲ့သို့ပင် မီးတောင်ဝမှဆင်းသက်လာပြီး ကိုယ်တွင်း မီးဒြပ်စင်စွမ်းအားကို ပြင်ပသို့ထုတ်လွှတ်ကာ မီးလျှံသလင်းကျောက်များ ရှာဖွေနေခြင်းပင် ဖြစ်ပေသည်။
ခုန်မင်က သူ၏တည်ရှိမှုကို မသိစေချင်သဖြင့် မီးလျှံဖီးနစ်လွင်ပြင်စွမ်းအားကို ချက်ချင်းရုပ်သိမ်းလိုက်ပြီး ဖုံးကွယ်ခြင်းအတတ်အသုံးပြုကာ မှောင်ရိပ်ထဲတွင် တိတ်တဆိတ် ပုန်းကွယ်နေလိုက်သည်။
ခုန်မင်က ပြင်ပဒြပ်စင်စွမ်းအားကိုသာ အသုံးပြုနေသည်ဖြစ်ရာ သူ၏စွမ်းအားက ကိုယ်ပိုင်ကျင့်စဉ်ဖြင့်သန့်စင်ထားသော ကိုယ်တွင်းစွမ်းအားဖြင့် တူညီခြင်းမရှိပေ။
ထို့ကြောင့် အပြင်လောကတွင် သဘာဝအလျောက်ဖြစ်တည်နေသည့် မီးဒြပ်စင်စွမ်းအားနှင့် မခြားလှပေ။
သို့ဖြစ်ရာ ခုန်မင် ထုတ်လွှတ်ထားသည့် ဒြပ်စင်စွမ်းအားကို အခြားသူက ထိတွေ့အာရုံခံမိပါက ခုန်မင်အနေဖြင့် တစ်ဖက်လူ၏တည်ရှိမှုကို သိရှိနိုင်သော်လည်း တစ်ဖက်လူကတော့ ခုန်မင်၏တည်ရှိမှုကို သတိပြုနိုင်ခြင်း မရှိပေ။
ခုန်မင်က သူ၏စွမ်းအားရောင်ဝါကို ချက်ချင်းဖုံးကွယ်လိုက်ပြီး ခဏမျှ ငြိမ်သက်စောင့်ဆိုင်းနေလိုက်သည်။
မကြာမီ လူငယ်တစ်ယောက်နှင့် မိန်းမပျိုနှစ်ယောက် သူ ပုန်းအောင်းနေသည့် ကျောက်နံရံအကာအကွယ်ရှေ့မှ ဖြတ်ကျော်ပြီး ကျောက်ဂူအတွင်းပိုင်းသို့ ထွက်ခွာသွားကြောင်း တွေ့ရသည်။
ထိုလူ(၃)ယောက်ကိုတွေ့တော့ ခုန်မင် အံ့အားသင့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ထို (၃)ယောက်လုံးကို သူ မှတ်မိသိရှိနေသောကြောင့်ပင်။
ရှေ့ဆုံးမှ ဦးဆောင်လမ်းလျှောက်ရင်း မီးဒြပ်စင်စွမ်းအားထုတ်လွှတ်ကာ မီးလျှံသလင်းကျောက်ရှာဖွေနေသူက ဖီနစ်နားခိုရာမျိုးနွယ်စု၏ ပါရမီရှင်(၃)ယောက်တွင် ထိပ်ဆုံးမှရပ်တည်နေသည့် မီးဒြပ်စင်စွမ်းအားကျင့်ကြံသူ လူငယ်ပင်ဖြစ်သည်။
ထူယာ့နှင့် ရင်းနှီးခဲ့ပြီးနောက် ထိုလူငယ်၏အမည်မှာ “ဂါ့ဒ်” ဖြစ်ကြောင်း ခုန်မင် သိခွင့်ရခဲ့သည်။
သူက ဖီးနစ်နားခိုရာမျိုးနွယ်စုတွင် အတော်ဆုံးလူငယ်ပါရမီရှင်အဖြစ် ချီးမြှောက်ခံထားရသူပင်။
သူ၏မီးဒြပ်စင်စွမ်းအားကျင့်ကြံမှုက အလွန်ပင်သန့်စင်ပြီး ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် အထွတ်ထိပ်သို့ရောက်ရှိရန်ပင် နီးကပ်နေပေပြီ။
သူသာ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်မှုခရီးစဉ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါက သိပ်မကြာမီမှာပင် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အကြီးအကဲများအားလုံးက ဂါ့ဒ်အပေါ် များစွာ မျှော်လင့်ချက်ထားကြလေသည်။
ဂါ့ဒ် နောက်တွင် လိုက်ပါလာသော မိန်းမပျိုနှစ်ယောက်ကတော့ အလွန်ပင်ဆွဲဆောင်မှုရှိကာ ချောမောလှပသူလေးများ ဖြစ်ကြသည်။
ဟုတ်ပေ၏။
သူတို့က ပြာလွင်တောင်ပံမျိုးနွယ်စု၏ မိန်းမပျို(၇)ယောက်အနက် (၂)ယောက် ဖြစ်သည်။
မီးတောင်ဝတွင် ဂါ့ဒ်နှင့် ဆုံတွေ့ရခြင်းက မထူးဆန်းသော်လည်း သူ့နံဘေးတွင် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက် ပါရှိနေခြင်းကတော့ အလွန်ပင် ထူးဆန်းလှသည်။
ပြာလွင်တောင်ပံမျိုးနွယ်စုက ဘယ်တုန်းကများ မီးလျှံသလင်းကျောက်ကို စိတ်ဝင်စားသွားကြပါသနည်း။
ဤမီးတောင်ဝက အလွန်ပူပြင်းခြောက်သွေ့သည်ဖြစ်ရာ အသားအရေ အလှအပကို ဦးစားပေးထိန်းသိမ်းသည့် မိန်းမပျိုလေးများနှင့် လုံးဝ သင့်တော်ခြင်း မရှိပေ။
အသက်ထက် အလှတရားကို ပိုမိုတန်ဖိုးထားကြသော ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းကလေးများအနေဖြင့် အထူးအကြောင်းရင်းမရှိဘဲ ဤကျောက်ဂူထဲသို့ ဝင်ရောက်လာကြမည် မဟုတ်ပေ။
ထိုမိန်းမပျိုနှစ်ယောက်ကိုကြည့်ရသည်မှာ ဂါ့ဒ်၏ အကာအကွယ်အောက်တွင် ခိုနားနေကြသော ငှက်ငယ်လေးများပမာ သူ့နောက်မှ ထပ်ကြပ်မကွာ ကနွဲ့ကလျဖြင့် လိုက်ပါလာနေကြသည်။
သူတို့(၃)ယောက်၏ရင်းနှီးကျွမ်းဝင်ပုံကိုကြည့်ရင်း ဆက်ဆံရေးက သာမန်မဟုတ်ကြောင်း ခုန်မင် ရိပ်မိလိုက်၏။
ဖီးနစ်နားခိုရာမျိုးနွယ်စုနှင့် ပြာလွင်တောင်ပံမျိုးနွယ်စု နှစ်ခုလုံးက တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် အဓိက အင်အားကြီးမျိုးနွယ်စု(၃)ခုတွင် ပါဝင်ကြသည်ဖြစ်ရာ အပြန်အလှန် မင်္ဂလာလက်ဆက်ကြခြင်းမှာ ထုံးစံပင် ဖြစ်သည်။
သို့သော် ဂါ့ဒ်၏အဆင့်အတန်းနှင့်ဆိုလျှင် နတ်မိမယ်လေး’နာ့ယီရှို့’ လို ထိပ်တန်းအလှပိုင်ရှင်ဖြင့်သာ တရားဝင် မင်္ဂလာကြောင်းလမ်းသင့်သည်။
ယခုကဲ့သို့ နာ့ယီရှို့လောက်ပင် ချောမောလှပခြင်းမရှိသည့် မိန်းမပျိုနှစ်ယောက်ဖြင့် ခိုးကြောင်ခိုးဝှက် တွဲခုတ်နေစရာ မလိုပေ။
ဟုတ်ပေ၏။
ဂါ့ဒ်က ယုံကြည်ချက်အပြည့်ရှိသည့် ပါရမီရှင်လူငယ်ဖြစ်လေရာ ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဆိုလျှင် မမှားပေ။ ထို့ကြောင့် လူပျိုလူလွတ်ဘဝတွင် မိန်းမပွေရှုပ်သည်မှာ သဘာဝကျပေ၏။
ခုန်မင်က ဤသို့သော အချစ်ရေးအရှုပ်တောင်ပုံများတွင် ပါဝင်ပတ်သက်ရန် ဆန္ဒမရှိပေ။
ထို့ကြောင့် ဂါ့ဒ်နှင့် မိန်းမပျိုနှစ်ယောက်ကို အရေးမစိုက်တော့ဘဲ သူ၏အသက်ရှူနှုန်းကိုထိန်းညှိကာ ဆက်လက်ကျင့်ကြံနေလိုက်သည်။
သို့သော် ခဏအကြာမှာတော့ ခုန်မင်တစ်ယောက် ထပ်မံအံ့အားသင့်သွားရပြန်သည်။
အဘယ်ကြောင့်ဆိုသော ဂါ့ဒ်နှင့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက်ဖြတ်သွားပြီး မကြာမီမှာပင် ခြေသံကိုလုံအောင်နင်း၍ နောက်မှ တိတ်တဆိတ်လိုက်ပါလာသူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။
ထိုသူကိုလည်း ခုန်မင် သိနေပြန်သည်။
ထိုသူက အခြားသူမဟုတ်။
ဖီးနစ်ပါရမီရှင် (၃)ယောက်ထဲမှ ဖြူဖျော့ပြီး အမြဲတမ်းခေါင်းငုံ့ထားတတ်သည့် ရေဒြပ်စင်စွမ်းအားကျင့်ကြံသူ လူငယ်လေးပင် ဖြစ်သည်။
သူ၏အမည်က ‘လော့ခ်’ ဖြစ်ကြောင်း ထူယာ့က ပြောပြဖူး၏။
သူ၏ ပါရမီက 'ဂါ့ဒ်' ထက် မနိမ့်ကျလှပေ။
သူ့အတွက် ကံမကောင်းသည့်အချက်မှာ ဖီးနစ်နားခိုရာမျိုးနွယ်စုက မီးဒြပ်စင်စွမ်းအား ကျင့်ကြံခြင်းကိုသာ ပိုမိုဦးစားပေးခြင်း ဖြစ်သည်။
ထို့ကြောင့် လော့ခ်ထက် ဂါ့ဒ်ကသာ မျိုးနွယ်စု၏ ဦးစားပေးခြင်းကိုခံရပြီး နံပါတ်(၁) ပါရမီရှင်ဟု သတ်မှတ်ခံထားရခြင်း ဖြစ်သည်။
ထူယာ့က သူများအကြောင်း စိတ်မဝင်စားတတ်လေရာ သူမသည်လည်း လော့ခ်နှင့် ဂါ့ဒ်အကြောင်း အပေါ်ယံမျှသာ သိရှိထားသည်။
ယခု လော့ခ်က ဂါ့ဒ်နောက်သို့ တိတ်တဆိတ် ချောင်းမြောင်းလိုက်ပါနေသည်ကိုကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခု မရိုးမသား ကြံစည်နေခြင်း ဖြစ်ဟန်တူသည်။
တောရိုင်းဒေသ လူမျိုးစုဝင်များက ပွင့်လင်းရိုးသားကြသော်လည်း ၊ သူတို့သည်လည်း လူသားများပင်ဖြစ်လေရာ လောဘ ဒေါသများဖြင့် မကင်းနိုင်ကြပေ။
ဂုဏ် ၊ ငွေ ၊ ကျော်ကြားမှုများကို မည်သူကများ မမက်မောဘဲ နေပါမည်နည်း။
အထူးသဖြင့် သာမန်ထက် ဉာဏ်ထက်သူများက စိတ်အလိုဆန္ဒ ပိုမိုပြင်းထန်ပြီး သူတစ်ပါးနောက်တွင် မကျန်ရစ်လိုသော စိတ်ဓာတ်များရှိတတ်ကြသည်။
ခုန်မင်ကတော့ နတ်ဘုရားတစ်ပါးသဖွယ် ထက်မြက်လှသည့် ဉာဏ်ရည်ကို ပိုင်ဆိုင်သူဖြစ်သည်။ သူနှင့် ဉာဏ်ရည်ချင်းယှဉ်နိုင်သူ ဤလောကတွင် အလွန်ရှားပါးသည်။
ယခုလည်း လော့ခ်က သူ့အပေါ် အမြဲတမ်း အသာစီးရနေသည့် ဂါ့ဒ်ကို အငြိုးအတေးထားနေဟန် ရှိသည်.
ထို့ကြောင့်ပင် စမ်းသပ်ပွဲခရီးစဉ်ကို အခွင့်ကောင်းယူကာ ဂါ့ဒ်ကို တိတ်တဆိတ်လုပ်ကြံရန် ကြံစည်နေခြင်း ဖြစ်နိုင်၏။
ဖီးနစ်နားခိုရာမျိုးနွယ်စုက မီးဒြပ်စင်ကို အထွတ်အမြတ်ထားသည်ဖြစ်ရာ ဂါ့ဒ်မရှိလျှင် လစ်လပ်သွားသည့်နေရာကို လော့ခ်အနေဖြင့် ဝင်ရောက်အစားထိုးနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ လူတစ်ယောက်စိတ်ထဲ မနာလိုမှုနှင့် နာကျည်းမှု အမြစ်တွယ်သွားပြီဆိုလျှင် မိမိအတွက် အကျိုးမရှိသည့်တိုင် သူတစ်ပါး ပျက်ဆီးရာပျက်ဆီးကြောင်း ပြုလုပ်ရန် ဝန်လေးမည် မဟုတ်ပေ။
လော့ခ်က အလွန်ပင် သတိထား၍ လှုပ်ရှားနေခြင်း ဖြစ်၏။
သူက ရေဒြပ်စင်စွမ်းအားကို အဓိကကျင့်ကြံသည်ဖြစ်ရာ “ဖုံးကွယ်ခြင်းအတတ်” ကဲ့သို့ ထူးခြားသောကျင့်စဉ်မျိုး မတတ်မြောက်သည့်တိုင် ရေဒြပ်စင်၏ သိမ်မွေ့သောသဘာဝကို အသုံးချကာ စွမ်းအားရောင်ဝါကို ခန္ဓာကိုယ်တွင်းသို့ အတိုင်းအတာတစ်ခုအထိ ပြန်လည်ရုတ်သိမ်းထားနိုင်သည်။
အထူးတလည် အာရုံမစိုက်ဘူးဆိုလျှင် လော့ခ်၏တည်ရှိမှုကိုရိပ်မိရန် အလွန်ခက်ခဲပေမည်။ ထို့ပြင် လော့ခ်က အထူးနည်းလမ်းတစ်ခုသုံးကာ ဂါ့ဒ်တို့အုပ်စုနောက်သို့ လိုက်ပါနေခြင်း ဖြစ်၏။
လော့ခ်က လမ်းခွဲတစ်ခုသို့ရောက်တိုင်း လေထုထဲမှ တစ်စုံတစ်ခုကို လက်လှမ်းဆုပ်ကိုင်ပြီး နှာခေါင်းဝသို့ယူဆောင်ကာ အနံ့ခံကြည့်ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် လော့ခ်က လမ်းကြောင်းအမှန်ကို အမြဲတမ်းရွေးချယ်နိုင်ခဲ့ပြီး ဂါ့ဒ်တို့အဖွဲ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားနိုင်ခြင်း ဖြစ်၏။
ဟုတ်ပေ၏။
ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက်က အမွှေးနံ့သာများ လိမ်းခြယ်ထားမည်ဖြစ်လေရာ သူတို့ထံမှ မွှေးရနံ့က သာမန်ထက် ပိုမိုစူးရှနေနိုင်သည်။
လော့ခ် အနေဖြင့် ထိုရနံ့ကို အဓိကထား၍ ခြေရာခံနေခြင်းလည်း ဖြစ်နိုင်ပေသည်။
ခုန်မင်လည်း ဂါ့ဒ်နှင့် လော့ခ်တို့၏ အခြေအနေကို စိတ်ဝင်စားသွားပြီး နောက်မှလိုက်ချောင်းရန် ဆုံးဖြတ်လိုက်တော့၏။
သူက ဖုံးကွယ်ခြင်းအတတ်ကိုအသုံးပြုပြီး စွမ်းအားရောင်ဝါကိုဖုံးကွယ်ကာ လော့ခ်နောက်မှ တိတ်တဆိတ်လိုက်ပါသွားလေသည်။
ဂါ့ဒ်က ရှေ့ဆုံးမှဦးဆောင်သွားရင်း ဒြပ်စင်စွမ်းအားကို မပြတ်ထုတ်လွှတ်ကာ လမ်းတစ်လျှောက်လုံး မီးလျှံသလင်းကျောက် ရှာဖွေလာခဲ့သည်။
မကြာမီ ကျောက်နံရံထဲတွင် နစ်မြုပ်နေသည့် မီးလျှံသလင်းကျောက်တစ်တုံးကို ရှာတွေ့သွားလေသည်။
သို့သော် ဂါ့ဒ်က ခုန်မင်ကဲ့သို့ မီးလျှံသလင်းကျောက်ကိုဆွဲထုတ်ယူနိုင်သည့် ကျောက်တုံးထိန်းချုပ်နည်းစနစ် တတ်ကျွမ်းခြင်း မရှိပေ။
ထို့ကြောင့် သူက ကျောက်နံရံကို လက်သီးဖြင့် အချက်ပေါင်းများစွာ တရစပ်ထိုးနှက်လိုက်ရာ ခဏတွင်း အပေါက်ကြီးတစ်ပေါက်ဖြစ်သွားပြီး နံရံထဲတွင်နစ်မြုပ်နေသည့် မီးလျှံသလင်းကျောက်ကို ထုတ်ယူလိုက်သည်။
ထို့နောက် ဂါ့ဒ်က မီးလျှံသလင်းကျောက်ကို လက်ထဲတွင်ကိုင်ကာ ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုလေးများကို ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြသလိုက်သည်။
“ဒီမှာကြည့်စမ်း...”
မိန်းမပျိုလေးများက လက်ခုပ်လက်ဝါးတီးလိုက်ရင်း ငှက်ငယ်လေးများပမာ တစာစာအသံလေးများဖြင့် ချီးကျူးစကားဆိုလိုက်ကြသည်။
“အစ်ကိုကြီး... အရမ်းတော်တာပဲ”
“ဟုတ်တယ်... ဒီလောကမှာ အစ်ကိုကြီးထက်တော်တဲ့သူ ရှိမှာမဟုတ်ဘူး”
အလှလေးများ၏ ချီးကျူးစကားကြောင့် ဂါ့ဒ်မှာ ပို၍ပင် ဘဝင်မြင့်သွားတော့သည်။
သူက လက်ထဲမှ မီးလျှံသလင်းကျောက်ကို မိန်းမပျိုလေးတစ်ယောက်ဆီသို့ လှမ်းပေးလိုက်ပြီး...
“ငါတို့က အတူတူခရီးသွားနေတဲ့သူတွေဆိုတော့... ရလာတဲ့ ရတနာတွေကိုလည်း အညီအမျှခွဲဝေယူသင့်တာပေါ့... ဒီ မီးလျှံသလင်းကျောက်က မင်းအတွက်ပဲ အလှလေး”
ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုလေးက တစ်ချက်မတုံ့ဆိုင်းဘဲ သလင်းကျောက်ကို လှမ်းယူလိုက်သည်။
ထိုအခါ ဂါ့ဒ်က သူမ၏ ချောမွေ့နေသောပါးပြင်လေးကို လက်ဖြင့်လိမ်ဆွဲပြီး အသားယူကာ ကျီစယ်လိုက်လေသည်။ မိန်းမပျိုလေးက ဂါ့ဒ်၏အပြုအမူကို စိတ်မဆိုးသည့်အပြင် မျက်စောင်းလေးချီကာပင် မူနွဲ့ပြလိုက်သေးသည်။
မိန်းမပျို၏ ကလူကျီစယ်မျက်နှာပေးကိုမြင်တော့ ဂါ့ဒ် ဂနာမငြိမ်ဖြစ်သွားရသည်။
သူ့မျက်ဝန်းများထဲတွင် စိတ်မထိန်းနိုင်သည့် အရိပ်အယောင်များထွက်ပေါ်လာပြီး တမင်တကာ သမ်းဝေပြရင်း စကားဆိုလိုက်သည်။
“ခရီးသွားရတာ နည်းနည်းပင်ပန်းလာသလိုပဲ... ငါတို့ တိတ်ဆိတ်တဲ့နေရာတစ်ခုလောက်ရှာပြီး ခဏလောက် အနားယူကြရင်မကောင်းဘူးလား အလှလေးတို့...”
ထိုစကားကြားတာ့ ကျန်ရှိသည့် မိန်းမပျိုလေးက စွဲမက်ဖွယ်ရာ တခစ်ခစ်ရယ်မောလိုက်ရင်း...
“နားလို့တော့ ရပါတယ် ၊ ဒါပေမဲ့... ရှင် လက်ကမြင်းလို့တော့ မရဘူးနော်”
ဂါ့ဒ်က မိန်းမပျိုလေးကို တပ်မက်စွာကြည့်ရင်း ခေါင်းတွင်တွင်ညိတ်ပြလိုက်သည်။
ဂါ့ဒ်ကိုကြည့်ရင်း မိန်းမပျိုလေးများက တခစ်ခစ်ရယ်မောလိုက်ကြပြန်သည်။
“လက်ကမြင်းလို့မရဘူး” ဆိုသော်လည်း သူတို့နှစ်ယောက်ကပင် ဂါ့ဒ်ကို လက်ကမြင်းလာအောင် တမင်ဆွဲဆောင်နေသည့်ပမာပင်။
ထိုအချိန်မှာပင် ဂါ့ဒ်၏ လူကြီးလူကောင်းဆန်သည့် ဟန်ပန်အမူအရာများ လုံးဝပျောက်ကွယ်သွားသည်။
သူက လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး မိန်းမပျိုလေးနှစ်ယောက်ကို ပွေ့ဖက်လိုက်ကာ ဘေးဘက်ရှိ ကျောက်ဂူငယ်လေးတစ်ခုအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ခဏအကြာမှာတော့ အမှောင်ထုထဲမှ ချစ်တင်းနှောသည့်အသံများနှင့် ပြင်းထန်သော အသက်ရှူသံများ ပျံ့လွင့်ထွက်ပေါ်လာလေသည်။
ဂါ့ဒ်နှင့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက်တို့မှာ ဤမျှအထိ အရှက်ကင်းမဲ့စွာ ချစ်ရည်လူးကြလိမ့်မည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။
ထိုအချိန်...
လော့ခ်နှင့် ခုန်မင်သည်လည်း ဂါ့ဒ်တို့ (၃)ယောက်ရှိနေသည့် ကျောက်ဂူနားသို့ ရောက်ရှိလာကြလေသည်။
ခုန်မင်က လော့ခ်ကို လှမ်းကြည့်လိုက်တော့ လူငယ်လေးက လက်သီးနှစ်ဖက်တင်းတင်းဆုပ်ထားပြီး ဖြူဖျော့သည့်မျက်နှာထက် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ထွက်ပေါ်နေကြောင်း တွေ့လိုက်ရသည်။
လော့ခ်က အခြားသူများ မဖွယ်မရာပြုသည်ကို ခိုးနားထောင်ရသဖြင့် စိတ်လှုပ်ရှားနေခြင်းမျိုး မဟုတ်ပေ။ သူက ဂါ့ဒ်ကို လုပ်ကြံသတ်ဖြတ်ရန် အခွင့်အရေးရပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားနေခြင်းသာ ဖြစ်သည်။
လူတစ်ယောက်က မည်သို့သောအချိန်မျိုးတွင် သတိအကင်းမဲ့ဆုံးအချိန် ဖြစ်ပါသနည်း။
ချစ်ရည်လူးနေချိန်တွင် ဖြစ်ပေသည်။
အထူးသဖြင့် စိတ်ဆန္ဒများပြည့်ဝပြီး အထွတ်ထိပ်သို့ရောက်ရှိသွားချိန် လူတစ်ယောက်၏စိတ်အာရုံက အပန်းပြေဆုံးနှင့် သတိကင်းမဲ့ဆုံး ဖြစ်နေတတ်သည် မဟုတ်လား။
ထိုအချိန်မျိုးတွင် အလစ်ချောင်းတိုက်ခိုက်ခံရပါက တုံ့ပြန်ရန်ပင် အချိန်မရဘဲ ကာမဂုဏ်ရေယဉ်ကြောတွင်နစ်မျောရင်း အသက်ပါပျောက်သွားရပေမည်။
ဂါ့ဒ်၏စိတ်ဆန္ဒများ အထွတ်ထိပ်သို့ရောက်ရှိသည်နှင့် တစ်ခါတည်းသတ်ဖြတ်ပစ်ရန် လော့ခ်က ချောင်းမြောင်းနေခြင်း ဖြစ်သည်။
လူတို့၏ အတွင်းစိတ်သည်ကား မြွေဆိုးမြွေဟောက်တစ်ကောင်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းလှပေသည်။