ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်
Vol. 14 Ch. 155
ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက်က အနည်းငယ် ကိုယ်ရှိန်သတ်လိုက်ပြီး မြေပြင်ထက်တွင် ပြန့်ကျဲနေသည့် သူတို့၏အဝတ်အစားများကိုကောက်ယူကာ ပြန်ဝတ်လိုက်ကြသည်။
လော့ခ်က ဂါ့ဒ်ချွတ်ပစ်ထားသည့် အဝတ်အစားပုံထဲတွင် တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေလေသည်။
ခဏအကြာမှာတော့ သူက သိုလှောင်အိတ်တစ်ခုကိုရှာတွေ့သွားပြီး မိန်းမပျိုလေးများဘက်သို့လှည့်ကြည့်ကာ မြှောက်ပြလိုက်သည်။
"ငါတို့ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အတော်ဆုံးတပည့်ကြီးမှာ ဘာလျှို့ဝှက်ရတနာတွေများရှိနေမလဲ မင်းတို့ မသိချင်ကြဘူးလား”
ထိုစကားကြားတော့ မိန်းမပျိုနှစ်ယောက်လုံး ညှို့ဓာတ်ပြင်းစွာဖြင့် ပြုံးလိုက်ကြသည်။
မိန်းမပျိုတစ်ယောက်က ကနွဲ့ကလျ ပုံစံလေးဖြင့်...
“အစ်ကို’လော့ခ်’ မဆိုးနဲ့နော်... အဲဒီအသေကောင် ဘာရတနာတွေများစုဆောင်းထားလဲဆိုတာ ကျွန်မတို့ အရမ်းသိချင်နေပြီ”
လော့ခ်က ခပ်ဟဟ ရယ်မောလိုက်ပြီး သိုလှောင်အိတ်ကိုဖွင့်ကာ မှောက်ချလိက်သည်။
အိတ်ထဲမှပစ္စည်းများအားလုံး မြေပြင်ထက်ကျလာသည်နှင့် မိန်းမပျိုနှစ်ယောက် အံ့အားသင့်သွားရသည်။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အတော်ဆုံးပါရမီရှင်ဖြစ်သော ဂါ့ဒ်၏ သိုလှောင်အိတ်ထဲမှ ရတနာပစ္စည်းများကတော့ မည်သူမဆို တပ်မက်စိတ်ဖြစ်လောက်အောင် များပြားလွန်းလေသည်။
ထိုပစ္စည်းများထဲတွင် မီးလျှံသလင်းကျောက်(၁၀)ခုကျော်လည်း ပါဝင်နေသည်။
သို့သော် ထိုမီးလျှံသလင်းကျောက်များက ဂါ့ဒ်၏သိုလှောင်အိတ်ထဲမှ အခြားသော ရတနာပစ္စည်းများနှင့်ယှဉ်လျှင်တော့ ဘာမှမပြောပလောက်တော့ပေ။
သိုလှောင်အိတ်ထဲတွင် ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များသာ နားလည်နိုင်သည့် ထူးဆန်းသည့်အမှတ်အသားများ ကပ်ထားသော ဆေးပုလင်းပေါင်း ရာနှင့်ချီပြီး ရှိနေလေသည်။
လော့ခ်က ထိုပစ္စည်းများကို အမြန်စစ်ဆေးကြည့်ပြီးနောက် မကျေမနပ်ဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။
“မျိုးနွယ်စုထဲက အဘိုးကြီးတွေက တကယ်မျက်နှာလိုက်တာပဲ ၊ ဖီးနစ်သူရဲကောင်း(၃)ယောက်ဆိုတဲ့နာမည်က တကယ်တော့ ရယ်စရာကြီးပဲ ၊ ငါနဲ့ ခေါင်းမာတဲ့ ထူယာ့တောင်မှ သက်ဝင်ဆေးလုံးတစ်လုံးစီနဲ့ ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေး တစ်ပုလင်းစီပဲရကြတာ...”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီအသုံးမကျတဲ့ ဂါ့ဒ်ကျတော့ သက်ဝင်ဆေးလုံး (၅)လုံးတောင် ရှိနေတယ် ၊ ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးကလည်း (၁၀)ပုလင်းတောင်ကျော်နေသေးတယ် ၊ ဟွန်း... ဘယ်လောက်ပဲ ကောင်းတဲ့ဆေးတွေရှိရှိ အသက်ပျောက်သွားရင်တော့ အလကားပဲ ၊ ဒါကိုကြည့်ရင် ငါတို့မျိုးနွယ်စုက အကြီးအကဲတွေ ဘယ်လောက်တောင် မျက်စိကန်းနေလဲဆိုတာ အရမ်းသိသာတယ်”
ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုတစ်ယောက်က သူမ၏သွယ်လျသည့် ခြေထောက်လေးဖြင့် ထူးဆန်းသောပုံသဏ္ဌန်ရှိသည့် ကြွေဆေးပုလင်းအချို့ကို ကစားစရာသဖွယ် ကန်ထုတ်လိုက်သည်။
ထို့နောက် သူမက မခို့တရို့ဖြင့် တခစ်ခစ် ရယ်မောလိုက်ပြီး...
"ရှင်တို့ ဖီးနစ်နားခိုရာမျိုးနွယ်စုက အဘိုးကြီးတွေကတော့ တကယ်ကို မျက်စိကန်းနေတာပဲ ၊ ခုနလေးတင်ပဲ ဒီသေနာက ကာမစိတ်ကြွဆေးတွေသောက်ပြီး ကျွန်မတို့နဲ့ အားရပါးရ ပျော်ပါးနေတာလေ ၊ ဒီလောက် နှာဘူးထတဲ့ကောင်ကို အတော်ဆုံးပါရမီရှင်ဆိုပြီး ပျိုးထောင်ပေးနေတာကတော့... ရယ်စရာကောင်းလွန်းတယ်”
လော့ခ်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ရင်း...
"ဒီလို အမှိုက်ကောင်မျိုးက သေတာတောင် နည်းသေးတယ်..."
ထို့နောက် လော့ခ်က မြေပြင်ထက်ရှိ ပစ္စည်းပုံထဲ ထပ်မံမွှေနှောက် ရှာဖွေလိုက်ရာ သော့ခတ်ထားသည့် သတ္တုသေတ္တာငယ်လေးတစ်လုံးကို တွေ့လိုက်ရသည်။
သူက သော့ကိုရိုက်ချိုးဖွင့်လှစ်လိုက်ရာ မှော်ဝင်သားရဲ အမြုတေများစွာကို တွေ့လိုက်ရသည်။
စုစုပေါင်း အခု (၁၀၀)ကျော်ခန့်ပင် ရှိနေသည်။
အနည်းဆုံး အဆင့်(၃)မှော်ဝင်သားရဲ အမြုတေများ ဖြစ်ကြသည်။ အမြုတေများမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်နေလေရာ အားလုံးက မီးဒြပ်စင်သားရဲများဆီမှ ရရှိထားခြင်းဖြစ်ကြောင်း သိသာနိုင်သည်။
ဟုတ်ပေ၏။
အမြုတေများကြားတွင် အဆင့်(၅) မှော်ဝင်သားရဲ အမြုတေ(၂)ခုပင် ပါရှိနေသေးသည်။
ကျင့်ကြံခြင်းလောကတွင် သားရဲအမြုတေများက အလွန်တရာ တန်ဖိုးကြီးမားသည်ဖြစ်ရာ ဂါ့ဒ်တွင် ဤမျှများပြားသည့် အမြုတေများ ရှိနေသည်ကိုကြည့်ခြင်းအားဖြင့် ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အတော်ဆုံးတပည့်ဆိုသည့် ဂုဏ်ပုဒ်နှင့် လိုက်ဖက်ညီလှပေသည်။
ဒြပ်စင်စွမ်းအားအမြုတေတစ်ခုတွင် ကိန်းအောင်းနေသည့် ဒြပ်စင်စွမ်းအားဆိုသည်က မှော်ဝင်သားရဲတစ်ကောင်၏ မွေးရာပါ ပါရမီမှတစ်ဆင့် ခန္ဓာကိုယ်တွင်း စုစည်းဖြစ်တည်လာခြင်းမျိုး ဖြစ်သည်။
ထို့ကြောင့် ဒြပ်စင်စွမ်းအား အမြုတေများက အဂ္ဂိရတ်ပညာနှင့် ပန်းပဲပညာရပ်များတွင် အသုံးဝင်ရုံသာမက ကျင့်ကြံခြင်းတွင်လည်း အလွန်ကျယ်ပြန့်စွာ အထောက်အကူ ပြုသည်။
အထူးသဖြင့် အဆင့်မြင့်သားရဲများ၏ အမြုတေများထဲတွင်ရှိသော ဒြပ်စင်စွမ်းအားများ၏ သန့်စင်မှုက ပတ်ဝန်းကျင်မှ စုပ်ယူရရှိသည့် ဒြပ်စင်စွမ်းအားများထက် အဆပေါင်းများစွာ သာလွန်သည်။
ဂါ့ဒ်က ဤမျှများပြားသော အရည်အသွေးမြင့် မီးဒြပ်စင်အမြုတေများကို စုဆောင်းထားခြင်းမှာ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်ထားခြင်း ဖြစ်နိုင်သည်။
ကြည့်ရသည်မှာ စမ်းသပ်ပွဲခရီးစဉ်အပြီးတွင် တံခါးပိတ်ကျင့်ကြံရန် စီစဉ်ထားခြင်း ဖြစ်နိုင်၏။
အဆင့်(၅) မှော်ဝင်သားရဲအမြုတေ (၂)ခုနှင့် ဤမျှများပြားသည့် အမြုတေများကို အသုံးချနိုင်မည်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်တက်ရန်အခွင့်အရေးက အတော်လေး မြင့်မားနေခဲ့သည်။
သို့သော် ယခုတော့ ကံဆိုးစွာဖြင့် ထိုမျှော်လင့်ချက်များအားလုံး အလကားဖြစ်သွားခဲ့ရပေပြီ။
လော့ခ်က နောက်တစ်ကြိမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း...
“ဒီအဘိုးကြီးတွေ တကယ်မျက်နှာလိုက်တာပဲ ၊ ဒီလောက်ကောင်းတဲ့ ရင်းမြစ်ပစ္စည်းတွေကို ဒီကောင့်ကိုချည်း ပုံပေးထားကြတယ် ၊ ဟွန်း... ငါကတော့ မီးဒြပ်စင်အမြုတေတွေကို သုံးလို့မရဘူး ၊ ဒီတော့ မင်းတို့ညီအစ်မနှစ်ယောက်ပဲ ခွဲယူလိုက်ကြ ၊ အပြင်ရောက်ရင် ဒါတွေကို တန်ဖိုးရှိတဲ့ပစ္စည်းအတော်များများနဲ့ လဲယူလို့နိုင်တယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူ့ကိုမှ အသိမပေးကြနဲ့ ၊ ငါတို့မျိုးနွယ်စုက အဘိုးကြီးတွေ သိသွားလို့ သူတို့အချစ်ဆုံးတပည့် မင်းတို့လက်ချက်နဲ့ သေသွားတယ်လို့ ရိပ်မိသွားရင် ငါလည်း မင်းတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
အရည်အသွေးမြင့် အမြုတေ အခုတစ်ရာကျော်ဆိုသည်က ခန့်မှန်းမရလောက်အောင် တန်ဖိုးကြီးလွန်းလှသည်။
ထိုအမြုတေများအားလုံးကို သူတို့ရရှိမည်ဆိုသည့်စကားကိုကြားသည်နှင့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက် အလွန်တရာ ဝမ်းသာသွားကြသည်။
မိန်းမပျိုတစ်ယောက်က...
“အိုး... ဒီပစ္စည်းတွေအားလုံး ကျွန်မတို့ ယူရမှာလား ၊ ရှင်က အရမ်းရက်ရောတာပဲ အစ်ကိုကြီး’လော့ခ်’...”
လော့ခ်က ရယ်မောလိုက်ရင်း...
“မင်းတို့ကို ဆုလာဘ်တွေအများကြီး ပေးပြီးပြီနောက်... နောက်ထပ် ရတနာပစ္စည်းတွေ ထပ်တွေ့ရင်တော့ အဲဒါ ငါ့အပိုင်ပဲ...”
မိန်းမပျိုတစ်ယောက်က ချွဲနွဲ့သည့် လေသံဖြင့်...
“ကျွန်မတို့က အစ်ကိုကြီး’လော့ခ်’ ရဲ့ အပိုင်ပါနော် ၊ အစ်ကိုကြီး ဘာပြောပြော ကျွန်မတို့က နားထောင်မှာပါ”
နောက်တစ်ယောက်...
“အင်းလေ... ပြောနေစရာလိုသေးလို့လား”
လော့ခ်က ပြုံးလိုက်ပြီး ပစ္စည်းပုံထဲ ဆက်လက်မွှေနှောက် ရှာဖွေလိုက်သည်။ ခဏအကြာမှာတော့ သာမန်ဆန်သော သေတ္တာအနက်လေးတစ်လုံးကို တွေ့ရလေသည်။
ထိုသေတ္တာကို ဖွင့်ကြည့်လိုက်တော့ အနီရင့်ရောင်အဖုံးရှိသည့် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။
လော့ခ်က စာအုပ်ကိုဆွဲယူလိုက်ပြီး အောင်နိုင်သူတစ်ယောက်ပမာ ရယ်မောလိုက်သည်။
“ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်... ဒါ တကယ်ပဲ ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်ပဲ ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဒီကျင့်စဉ်က နောက်ဆုံးတော့ ငါ့လက်ထဲ ရောက်လာပြီပဲ ၊ မျက်စိကန်းနေတဲ့ အဘိုးကြီးတွေ... ငါ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက မီးဒြပ်စင်ကျင့်စဉ်တွေနဲ့ မကိုက်ညီရင်တောင်မှ ငါသာ ဒီကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်ကို နားလည်သွားမယ်ဆိုရင် ရေဒြပ်စင်ရော မီးဒြပ်စင်ကိုပါ ကျင့်ကြံနိုင်မှာ”
သူက ဆက်ပြောလိုက်သည်။
“အဲဒီအချိန်ကျ... ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေထဲမှာ ဘယ်သူက ငါ့ကို ယှဉ်နိုင်ဦးမှာလဲ ၊ ဟွန်း... ခေါင်းမာပြီး ရှေးရိုးစွဲနေတဲ့ အသုံးမကျတဲ့ အဘိုးကြီးတွေ ၊ လောကမှ ရှေးရိုးစဉ်လာတွေကိုဖက်တွယ်ထားလို့ ဘာထူးမှာလဲ ၊ တကယ်တော့... စွမ်းအားကြီးမားဖို့ပဲလိုတယ် ၊ အရေးကြီးတာက စွမ်းအားကြီးမားဖို့ပဲ ၊ ကိုယ့်မှာသာ လုံလောက်တဲ့စွမ်းအား ရှိမယ်ဆိုရင် မီးဒြပ်စင်ပဲဖြစ်ဖြစ် ၊ ရေဒြပ်စင်ပဲဖြစ်ဖြစ် ၊ ဘာဒြပ်စင်ပဲဖြစ်ဖြစ် နောက်ဆုံးမှာ စွမ်အားကြီးတဲ့သူက အနိုင်ရမှာပဲ”
လော့ခ်၏ စကားများက သူ့ရင်ထဲမှ ခံစားချက်အစစ်အမှန်များ ဖြစ်သည်။
သူ ဂါ့ဒ်ကို ပစ်မှတ်ထားရခြင်းက ဂါ့ဒ်ကို အမှန်တကယ် မကျေနပ်သောကြောင့် မဟုတ်ပေ။
သူ့စိတ် အနက်ရှိုင်းဆုံးနေရာတွင် ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ရိုးရာဓလေ့နှင့် ထုံးတမ်းစဉ်လာများအပေါ် အထင်သေးစိတ်များ ကိန်းအောင်းနေသောကြောင့်ပင်။
လော့ခ်က သေချာပေါက် ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်လေသည်။
သို့သော် ဖီးနစ်နားခိုရာမျိုးနွယ်စုက မီးဒြပ်စင်ကိုသာ အရာရာထက် ဦးစားပေးကိုးကွယ်သည့် ရိုးရာဓလေ့ကြောင့် သူက မျိုးနွယ်စုထဲတွင် ရသင့်ရထိုက်သည့် အသိအမှတ်ပြုမှုကို တစ်ခါမှ ရရှိခဲ့ခြင်း မရှိပေ။
လော့ခ်က မာနကြီးပြီး ရည်မှန်းချက်လည်းကြီးမားသည်ဖြစ်ရာ ဤသို့ ခွဲခြားဆက်ဆံသည်ကို မည်သည့်နည်းနှင့်မှ သည်းခံနိုင်ခဲ့ခြင်း မရှိပေ။
သူက ဂါ့ဒ်ကို မုန်းတီးရုံတင်မဟုတ်ဘဲ ဖီးနစ်နားခိုရာမျိုးနွယ်စု တစ်ခုလုံးကိုပါ ရွံရှာနေခြင်း ဖြစ်သည်။
လော့ခ်၏အမြင်မှာတော့ ဖီးနစ်နားခိုရာမျိုးနွယ်စုဝင် တစ်ယောက်ချင်းစီတိုင်းက အလွန်ပင် တုံးအမိုက်မဲလွန်းကြသည်။
သူတို့က အဓိကမျိုးနွယ်စုကြီး (၃)ခုတွင် တစ်ခုအပါအဝင်ဖြစ်သည့်တိုင် အဓိပ္ပါယ်မရှိသည့်ဒဏ္ဍာရီတစ်ခုကို တစ်ဖက်ပိတ်စွာ စွဲကိုင်ထားကြသည်။
စစ်မှန်သည့်စွမ်းအားဆိုသည်က ရူးမိုက်သည့်ယုံကြည်ကိုးကွယ်မှုမျိုးမဟုတ်ဘဲ လက်တစ်ဖက်တည်းဖြင့် ကမ္ဘာကိုကိုင်လှုပ်နိုင်သည့် အကြွင်းမဲ့စွမ်းအားကြီးခြင်းကိုသာ ခေါ်ဆိုသည်။
တစ်နေ့ကျလျှင်တော့ သံချေးတက်နေသည့် ထိုအကြီးအကဲများကို မည်သူ၏အတွေးအခေါ်ကမှန်ကန်ကြောင်း သက်သေပြနိုင်အောင်ကြိုးစားမည်ဟု လော့ခ် စိတ်ပိုင်းဖြတ်ထားသည်။
“ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်” ဆိုသည်က ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အခြေခံအကျဆုံး ရတနာတစ်ပါးဖြစ်သလို တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာရှိ အဓိကမျိုးနွယ်စုကြီး (၃)ခုနေရာတွင် သူတို့၏ရပ်တည်မှုအတွက် အာမခံချက်ပေးထားသည့် အကြီးမားဆုံး အားကိုးရာလည်း ဖြစ်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုတွင် စုဆောင်းထားသည့် မီးဒြပ်စင်ကျင့်စဉ်များတွင် အဆင့်နိမ့် ၊ အလယ်ဆင့်နှင့် အဆင့်မြင့်ကျင့်စဉ်ပေါင်း ရာနှင့်ချီပြီးရှိသော်လည်း ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်ကတော့ အထွတ်ထိပ်တွင် ရပ်တည်နေလေသည်။
ထိုကျင့်စဉ်၏ ကနဦးအစက မီးလျှံဖီးနစ်နှင့် ဆက်နွယ်နေသည်ဟုဆိုကြသော်လည်း လော့ခ်ကတော့ ထိုဒဏ္ဍာရီများကို အရေးမစိုက်လှပေ။
သို့သော် ကျင့်စဉ်က အဆင့်အတန်းမြင့်မားလေ ကျင့်ကြံရခက်ခဲလေ ဖြစ်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ နှစ်ပေါင်းသောင်းနှင့်ချီသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဤကျင့်စဉ်ကို အထွတ်ထိပ်အဆင့်ထိ အောင်မြင်အောင်ကျင့်ကြံနိုင်သူဆို၍ လက်ချိုးရေ၍ပင် ရနိုင်သည်။
ပြောရမည်ဆိုလျှင် မျိုးနွယ်စုတွင် ဤကျင့်စဉ်ကို အထွတ်ထိပ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်သည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာရန် နှစ်ပေါင်းထောင်နှင့်ချီပြီး စောင့်ရတတ်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ပင်မတပည့်အဖြစ် အသိအမှတ်ပြုခံရသော ပါရမီရှင်များသာ “ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်” ကို သင်ယူခွင့် ရရှိကြသည်။
ဂါ့ဒ်က မျိုးနွယ်စုအကြီးအကဲများကိုယ်တိုင် လက်ခံထားသည့် ထိပ်တန်းတပည့်ဖြစ်လေရာ ဤကျင့်စဉ်ကို ကျင့်ကြံခွင့်ရသည်မှာ မဆန်းပေ။
ယခုတော့ လော့ခ်၏လက်ထဲသို့ ရောက်ရှိသွားခဲ့ပေပြီ။
ထိုအချိန် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုတစ်ယောက်က ချိုမြသည့်လေသံလေးဖြင့်...
“အစ်ကိုကြီး’လော့ခ်’ က အရမ်းတော်တာပဲ ၊ အခု ဒီကျင့်စဉ်ကို ရပြီဆိုတော့ တစ်နေ့ကျရင် ဖီးနစ်နားခိုရာမျိုးနွယ်စုမှာ အထွတ်ထိပ်အဆင့်ကို ရောက်လာမှာ အမှန်ပဲ ၊ အဲဒီအခါကျ ဟို မျက်လုံးကန်းနေတဲ့ အဘိုးကြီးတွေလည်း အကြီးအကျယ် နောင်တရကုန်ကြလိမ့်မယ်”
လော့ခ်က ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲကတော့ လှောင်ပြုံးပြုံးလိုက်၏။
“ဖီးနစ်နားခိုရာမျိုးနွယ်စုကို အုပ်စိုးရတာက ဘာများကောင်းတာရှိလို့လဲ ၊ ဒီလောကကြီးက အတိုင်းအဆမရှိအောင် ကျယ်ပြောလွန်းတယ် ၊ ဘယ်သူမှမရောက်ဖူးသေးတဲ့ အမြင့်ဆုံးအဆင့်ကိုရောက်နိုင်မှာ ငါ့အတွက် စိတ်ကျေနပ်မှုရနိုင်မှာ ၊ ဒီလို အဆင့်မရှိတဲ့ ကောင်မစုတ်လေးတွေက ဘာများနားလည်မှာ မို့လို့လဲ”
မိန်းမပျိုလေးနှစ်ယောက်ကတော့ လော့ခ်က သူတို့နှစ်ယောက်ကို အမှိုက်လောက်ပင် တန်ဖိုးမထားသည်ကို မသိရှိဘဲ ပစ္စည်းများကြား ဆက်လက်မွှေနှောက် ရှာဖွေနေကြသည်။
ရုတ်တရက် မိန်းမပျိုတစ်ယောက်က မှိန်ဖျော့ဖျော့ အနီရောင်အလင်းတန်းများထွက်ပေါ်နေသည့် ပစ္စည်းတစ်ခုကိုဆွဲထုတ်လိုက်ပြီး လော့ခ်ထံသို့ ယူလာပြလေသည်။
"အစ်ကိုကြီး’လော့ခ်’... ဒီပစ္စည်းထဲက ဒြပ်စင်စွမ်းအားလှိုင်းတွေက အရမ်းသိပ်သည်းနေသလိုပဲနော် ၊ ဒါက ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ ထူးခြားတဲ့ ရတနာတစ်ခုများ ဖြစ်နေမလားဟင်။
သူမလက်ထဲတွင် ကိုင်ထားသည်က (၂)ပေခန့်ရှည်သည့် တောကြက်မြီးနှင့်တူသော အနီရောင်အမွှေးအတောင်တစ်ခု ဖြစ်သည်။
ထိုပစ္စည်းမှ ထွက်ပေါ်နေသည့်အလင်းရောင်က မှိန်ဖျော့လွန်းသဖြင့် ပစ္စည်းပုံထဲတွင် သိပ်ပြီး သတိမထားမိစရာ ဖြစ်နေသည်။
သို့ပေသိ ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုပြောသကဲ့သို့ပင် ထိုပစ္စည်းမှ ထူးခြားပြင်းထန်သည့်စွမ်းအားများ ထွက်ပေါ်နေလေသည်။
လော့ခ်က မိန်းမပျို၏လက်ထဲမှ အမွှေးအတောင်ကိုလှမ်းယူလိုက်ပြီး ဝမ်းသာသွားသည့်အမူအရာဖြင့်...
“ဒါ ဖီးနစ်ငှက်မွှေးပဲ ၊ တကယ်ပဲ... ဖီးနစ်ငှက်မွှေးပဲ ၊ ဟိုအဘိုးကြီးတွေက အတော်ရက်ရောကြတာပဲ ၊ ဒီအသုံးမကျတဲ့ကောင်ကို ကောင်းကင်ကိုးထပ်ဇာမဏီကျင့်စဉ်ရော ဖီးနစ်ငှက်မွှေးကိုပါ ပေးထားတာပဲ ၊ ဟွန်း... ဒီလို ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်မျိုးက ဒီလိုအသုံးမကျတဲ့ကောင်လက်ထဲ ရောက်နေတာ တကယ်ကို နှမြောစရာပဲ"
ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုလေးက အံ့အားသင့်သွားဟန်ဖြင့်...
“ဖီးနစ်ငှက်မွှေး... ဟုတ်လား... အစ်ကိုကြီး’လော့ခ်’ ... ဖီးနစ်နားခိုရာမျိုးနွယ်စုမှာ ဒီလို ဝိညာဉ်လက်နက်ရှိတယ်လို့ ကျွန်မတို့ တစ်ခါမှ မကြားဖူးပါဘူး"