← Chapters

ကမ္ဘာဦးရတနာ

Vol. 14 Ch. 156

ကမ္ဘာဦးရတနာ

Vol. 14 Ch. 156

လော့ခ်က ခပ်တိုးတိုး ရယ်မောလိုက်ရင်း...

"ဖီးနစ်နားခိုရာမျိုးနွယ်စုက မီးလျှံဖီးနစ်ကို အရာရာထက်ပိုပြီး ဦးထိပ်ထားကိုးကွယ်ကြတယ်လေ ၊ ဒီတော့ ရတနာပစ္စည်းမှန်သမျှကို အဲဒီနာမည်ပဲပေးတာပေါ့”

သူက ဆက်ပြောလိုက်သည်။

“စဉ်းစားကြည့်လေ... ဒီတောရိုင်းဒေသ တစ်ခုလုံးမှာ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဆိုလို့ ဘယ်နှစ်ခုရှိလို့လဲ ၊ မီးလျှံဖီးနစ်ငှက်မွှေးအကြောင်းကို သိပ်ပြီးလူသိမများပေမယ့် ဒါက ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်တစ်ခုပဲ ၊ တကယ့် ကျွမ်းကျင်သူတစ်ယောက်ရဲ့လက်ထဲမှာဆိုရင် ဒီလက်နက်က တောင်တွေကိုဖြိုခွင်း ပင်လယ်ကိုမှောက်လှန်ပစ်နိုင်လောက်အောင် အစွမ်းရှိတယ် ၊ ဒါပေမဲ့...”

ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုက တခစ်ခစ်ရယ်မောလိုက်ရင်း...

“ဒါပေမဲ့... အသုံးမကျတဲ့ကောင်ရဲ့လက်ထဲမှာတော့ အမှိုက်တစ်ခုသာသာပဲ မဟုတ်လား”

ထိုစကားကြားတော့ လော့ခ်က ရယ်မောလိုက်ရင်း...

“မင်းကလေ... သိပ်ကို အကင်းပါးတဲ့ကောင်မလေးပဲ ၊ ငါစိတ်ကျေနပ်အောင် ဘယ်လိုပြောရမလဲ အမြဲတမ်းနားလည်တယ် ၊ မင်းကို လက်လွှတ်ရမှာတောင် နှမျောမိတယ်”

မိန်းမပျိုလေးက လော့ခ်ရင်ခွင်ထဲ တိုးဝင်လိုက်ရင်း...

“အစ်ကိုကြီး’‌လော့ခ်’ က ကျွန်မကိုမခွဲနိုင်ဘူးဆိုရင်... ကျွန်မနဲ့အတူနေဖို့ အချိန်တွေအများကြီး ထပ်ပေးပေါ့လို့”

လော့ခ်က ခေါင်းတစ်ချက်ညိတ်ရင်း ပြုံးလိုက်သည်။

“ဖြစ်နိုင်ရင်... မင်းတို့နှစ်ယောက်လုံးကို ငါ့အနားမှာ ထာဝရရှိနေစေချင်တာပါ”

ပြောရင်း လော့ခ်က မိန်းမပျိုလေး၏ ချောမွေ့သည့်ပါးပြင်လေးကို အသာအယာ လိမ်ဆွဲလိုက်သည်။

မိန်းမပျိုလေးက ကိုလူပျိုကို စိတ်လှုပ်ရှားစေမည့် ရယ်သံလေးဖြင့် မခို့တရို့ရယ်မောလိုက်ပြီး လော့ခ်၏ရင်ခွင်ထဲသို့ ပို၍တိုးဝင်လိုက်သည်။

သို့သော်...

ရုတ်တရက်ပင် ယောကျ်ားပျိုတိုင်းကိုဖမ်းစားနိုင်သည့် သူမ၏ဆွဲဆောင်မှုရှိသော အပြုံးက မျက်နှာထက်တွင် အေးခဲတောင့်တင်းသွားသည်။

အဘယ်ကြောင့်ဆိုသော် လော့ခ်၏လက်ထဲတွင် ကိုင်ဆောင်ထားသည့် (၂)ပေရှည်သော မီးလျှံဖီးနစ်ငှက်မွှေးက သူမ၏ကျောဘက်မှ ရင်ဝဆီသို့ ဖောက်ထွက်သွားသောကြောင့်ပင်။

အခြားသောမိန်းမပျိုလေးမှာလည်း လုံးဝ မယုံကြည်နိုင်သည့်ပမာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

လော့ခ်၏ နောက်လက်တစ်ဖက်မှ ဘယ်အချိန်က ထွက်ပေါ်လာမှန်းမသိသည့် အပြာရောင်ဆူးချွန်တစ်ခုက သူမ၏နှလုံးသားတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော စက္ကန့်ပိုင်းကပင် သူမတို့အပေါ် ချစ်သူများပမာ ပြုမူပြောဆိုနေသည့်’လော့ခ်’ က ယခုလို ရုတ်တရက်သတ်ဖြတ်ပစ်မည်ဟု အိပ်မက်ပင် မက်မထားခဲ့‌ပေ။

ဒါက...

ကမ္ဘာကြီးပျက်ဆီးသွားတာလား...။

ဒါမှမဟုတ် စိတ်ရဲ့လှည့်စားမှုတွေပဲလား....။

မိန်းမပျိုနှစ်ယောက်စိတ်ထဲ မေးခွန်းများစွာ ထွက်ပေါ်လာသည့်တိုင် အဖြေမရှာနိုင်ခင်မှာပင် သူတို့၏အသက်ဓာတ်စွမ်းအားများ ချုပ်ငြိမ်းသွားကြပေပြီ။

လော့ခ်က အလွန်တရာ နူးညံ့သိမ်မွေ့သည့် ချစ်သူတစ်ယောက်ပမာ ခပ်ပါးပါးတစ်ချက်ပြုံးလိုက်ပြီး မီးလျှံဖီးနစ်ငှက်မွှေးနှင့် အပြာရောင်ဆူးချွန်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက် သူ့ရှေ့တွင် ခွေခေါက်လဲကျသွားလေသည်။

လော့ခ်က မိန်းမပျိုနှစ်ယောက်၏ အလောင်းများကိုကြည့်လိုက်ပြီး တိုးလျသည့်လေသံဖြင့်...

“မင်းတို့နှစ်ယောက်က အသုံးတော့ဝင်ပါသေးတယ် ၊ ဒါပေမဲ့... ဂါ့ဒ်လိုအမှိုက်ကောင် ငါ့လက်ချက်နဲ့သေသွားတယ်ဆိုတဲ့သတင်းက အပြင်ကိုပေါက်ကြားသွားလို့မဖြစ်ဘူး ၊ အခုချိန်မှာ ငါ့ရဲ့တန်ခိုးစွမ်းအားက အထွတ်ထိပ်ကိုမရောက်သေးတော့ မျိုးနွယ်စုထဲက အဘိုးကြီးတွေကို သွားပြီး ရန်စလို့ မဖြစ်သေးဘူး ၊ သူတို့ရဲ့ အသည်းကျော်လေး ငါ့လက်ချက်နဲ့ အသက်ပျောက်သွားတယ်ဆိုတာ သိသွားလို့ကတော့ တစ်ခါတည်း မိုးမီးလောင်သွားမှာပဲ”

သူက နှမျောတသဟန်ဖြင့် ခေါင်းခါယမ်းလိုက်ရင်း...

“အင်း... စကားများတဲ့ မင်းတို့နှစ်ယောက်က လျှို့ဝှက်ချက်ကို လုံအောင်ထိန်းနိုင်ကြမှာ မဟုတ်ဘူး ၊ ဒါကြောင့် မင်းတို့ကို သတ်လိုက်ရတာပဲ”

အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသည့် ခုန်မင်ကတော့ ဖြစ်ပျက်သမျှအလုံးစုံကို အစအဆုံး တွေ့မြင်နေခဲ့သည်ပင်။

လော့ခ်က ပင်ကိုယ်သည်းခံနိုင်စွမ်းမြင့်မားပြီး လုပ်ရပ်များက ရက်စက်ကြမ်းကြုတ်သည်။

ဤသို့သောလူမျိုးက လူယုတ်မာလမ်းစဉ်ကို လျှောက်လှမ်းမည်ဆိုလျှင် ပတ်ဝန်းကျင်မှလူများအတွက် ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခု ဖြစ်လာပေမည်။

ဤသို့သောလူစားမျိုးကို အသက်ချမ်းသာပေးသင့်သလား သို့မဟုတ် သုတ်သင်ပစ်သင့်သလား။

ခုန်မင်က ကောင်းကင်ဘုံကိုယ်စား တရားစီရင်ပေးမည့် သူရဲကောင်းတစ်ဦး မဟုတ်ပေ။

လော့ခ် မည်မျှပင် ယုတ်မာဆိုးသွမ်းပါစေ သူ၏လုပ်ရပ်က ခုန်မင်ကိုလာရောက်မထိခိုက်သရွေ့ သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

သို့သော် ဖီးနစ်ကျဆုံးတောင်ကြားတွင် တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ပြီး ရတနာပစ္စည်းများရယူကြသည်က သဘာဝပင် ဖြစ်သည်။

လော့ခ်သည်ပင် ဂါ့ဒ်ကိုသတ်ဖြတ်ပြီး ရတနာပစ္စည်းများကို လုယူသေးလျှင် ခုန်မင်ကလည်း လော့ခ်ကိုသတ်ဖြတ်ပြီး ရတနာပစ္စည်းများကို မယူနိုင်စရာ အကြောင်းမရှိပေ။

ထို့ကြောင့် ခုန်မင်က တိုက်ခိုက်ရန်အသင့်ပြင်ရင်း သူ၏ အသက်ရှူသံကို ထိန်းညှိလိုက်သည်။

လော့ခ်ကတော့ အမှောင်ထဲတွင်ချောင်းမြောင်းနေသည့် ခုန်မင်ကို လုံးဝ မရိပ်မိပေ။ သူက ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုနှစ်ယောက်ကိုရှင်းပစ်လိုက်ပြီးနောက် စိတ်အေးသွားဟန် ရှိသည်။

သူက မြေကြီးထက်လဲကျနေသည့် ဂါ့ဒ်၏အလောင်းကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဒီလိုအမှိုက်ကောင်ကို ဟိုအဘိုးကြီးတွေက ဒီလောက်မျက်နှာသာပေးနေကြတာ ၊ ကြည့်ရတာ... မင်းက သူတို့ထဲကတစ်ယောက်ယောက်ရဲ့ တိတ်တိတ်ပုန်းသားများလား မသိဘူး ၊ ဟွန်း... ငါနဲ့ ဟို ခေါင်းမာတဲ့ ထူယာ့ကတော့ ဘယ်တုန်းကမှ မင်းလောက်အခွင့်အရေး မရခဲ့ကြဘူး ၊ ဒီလို ရှေးရိုးစွဲတွေလက်ထဲမှာဆိုရင် ဖီးနစ်နားခိုရာမျိုးနွယ်စုက ရှေ့လျှောက် ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး”

လော့ခ်၏စကားများထဲတွင် အမှန်တရားအချို့ရှိနိုင်ကြောင်း ခုန်မင် တွေးလိုက်မိသည်။

ဂါ့ဒ်က ဖီးနစ်နားခိုရာမျိုးနွယ်စုမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ယောက်နှင့် အထူးပတ်သက်မှုမရှိပါက သူ့အနေဖြင့် မည်မျှပင်ပါရမီထူးခြားပါစေ ဤမျှများပြားသောရတနာများကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

အထူးသဖြင့် “မီးလျှံဖီးနစ်ငှက်မွှေး” ဖြစ်သည်။

လော့ခ်ပြောသည့်အတိုင်းဆိုလျှင် “မီးလျှံဖီးနစ်ငှက်မွှေး” က ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် ဖြစ်၏။

ခုန်မင်အနေဖြင့် ဤမျှအဆင့်မြင့်သည့်လက်နက်မျိုးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။

ခုန်မင်က လော့ခ်လက်ထဲမှ မီးလျှံဖီးနစ်ငှက်မွှေးနှင့် ရေခဲပြာဆူးချွန်ကို လှမ်းကြည့်လိုက်ပြီး ထိုပစ္စည်းနှစ်မျိုးကို အရင်ဆုံး အကဲဖြတ်ကြည့်ရန် စဉ်းစားလိုက်သည်။

ခုန်မင်က “‌နောက်ဆုံးထွက်သက်ထိအောင် အစွမ်းကုန်ကြိုးစားအားထုတ်မည်” ဆိုသောစိတ်ဓာတ်ဖြင့် တည်ကြည်စွာနေထိုင်ခဲ့သည့် ရှူဟန့်ပြည်မှ အမတ်ချုပ်ကြီးအနေဖြင့်ဆိုပါက ဤသို့ ကလေးကလားဆန်သည့်လုပ်ရပ်မျိုးကို လုံးဝပြုလုပ်မည် မဟုတ်ပေ။

ရှင်းပစ်ရမည့်သူကို အမြန်ဆုံး အပြတ်ရှင်းပစ်ရန်သာ စဉ်းစားပေမည်။

သို့သော် ယခု ခုန်မင်၏ဝိညာဉ်က ကမ္ဘာသစ်တစ်ခုသို့ကူးပြောင်းလာပြီး လူငယ်လေး”ခုန်မင်” ၏ဝိညာဉ်နှင့် ပေါင်းစည်းသွားခဲ့ရာ တခါတလေ ကလေးဆန်သည့်အပြုအမူများ ပြုလုပ်တတ်လာသည်။

ထို့ကြောင့်ပင် သူက “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” တန်ခိုးစွမ်းအားကိုထုတ်ဖော်လိုက်လေသည်။ ခရမ်းရောင်အလင်းတန်းများက လော့ခ်လက်ထဲမှ လက်နက်နှစ်ခုထက်သို့ ဖြန့်ကျက်ကျရောက်သွားသည်။

ထူးခြားသော နတ်မျက်စိစွမ်းအားအောက်တွင် ရတနာပစ္စည်းများအကြောင်း ထင်ရှားစွာပင် ထွက်ပေါ်လာသည်။

[ရေပြာဆူးချွန် - ရေဒြပ်စင် ၊ ကနဦးအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် ၊ တန်ဖိုး - မပြောပလောက်ပါ]

ဤ ရေပြာဆူးချွန်၏ပုံစံက အရိပ်ဓားမျိုးနွယ်စု ကြေးစားလူသတ်သမားထံမှ ခုန်မင် ရရှိထားသည့် သံမဏိရေခဲဆူးချွန်(၂)ချောင်းနှင့် ဆင်တူသည်။

ဤဆူးချွန်က သံမဏိရေခဲဆူးချွန်များထက် ပို၍ အဆင့်မြင့်လေသည်။ သို့သော် မီးလျှံဖီးနစ်ငှက်မွှေးနှင့်ယှဉ်လျှင်တော့ အလွန်ပင် အဆင့်အတန်းကွာခြားလှ၏။

ထူယာ့ ကိုင်ဆောင်သည့် အလယ်ဆင့် သတ္တုဒြပ်စင်ဝိညာဉ်လက်နက်ဖြစ်သော နဂါးအကြေးခွံလှံရှည်နှင်ယှဉ်လျှင်ပင် အများကြီးလိုနေပေသေးသည်။

လော့ခ်အနေဖြင့် ဖီးနစ်နားခိုရာမျိုးနွယ်စုအပေါ် အာဃာတကြီးမားနေသည်မှာ အံ့သြစရာ မရှိတော့ပေ။

မီးဒြပ်စင်ကိုသာအလေးထားသည့် ဖီးနစ်နားခိုရာမျိုးနွယ်စုတွင် လော့ခ်ကဲ့သို့ ရေဒြပ်စင်ပါရမီရှင်တစ်ယောက် မွေးဖွားလာခြင်းမှာ ကံကြမ္မာ၏ ရက်စက်သော ပြက်လုံးတစ်ခုသာ ဖြစ်၏။

နတ်မျက်စိစွမ်းအားက မီးလျှံဖီးနစ်ငှက်မွှေးကို အကဲဖြတ်လိုက်သည့်ရလဒ်ကတော့ ခုန်မင်ကို အမှန်ပင် တုန်လှုပ်သွားစေသည်။

[မီးလျှံဖီးနစ်ငှက်မွှေး - ထိပ်တန်းအဆင့် မီးဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက် ၊ ကမ္ဘာဦးရတနာအစုအဝေး၏ အစိတ်အပိုင်းတစ်ခု ၊ တန်ဖိုး - အတိုင်းအဆမရှိမြင့်မားသည်]

မီးလျှံဖီးနစ်ငှက်မွှေးက ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖြစ်သောကြောင့် “တန်ဖိုး - အတိုင်းအဆမရှိမြင့်မားသည်” ဆိုခြင်းမှာ ဖြစ်သင့်ပေသည်။

သို့သော် “ကမ္ဘာဦးရတနာအစုအဝေး၏ အစိတ်အပိုင်းတစ်ခု” ဆိုသော မှတ်ချက်က မည်သည့်အဓိပ္ပါယ်နည်း။ ထိုအရာနှင့် "ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်" တို့အကြား မည်သို့သော ပတ်သက်မှု ရှိနေသနည်း။

မီးလျှံဖီးနစ်ငှက်မွှေးက “ကမ္ဘာဦးရတနာအစုအဝေး၏ အစိတ်အပိုင်းတစ်ခု” မျှသာဖြစ်သည့်တိုင် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်အဖြစ် သတ်မှတ်ခံရလေရာ ၊ အစစ်အမှန်ကမ္ဘာဦးရတနာပစ္စည်းဆိုပါက ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ထက် များစွာသာလွန်သော တည်ရှိမှုမျိုး ဖြစ်နိုင်သည်။

ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဆိုသည်က အလွန်ရှားပါးပြီး ထူးခြားသောစွမ်းရည်များရှိကြလေရာ ထျန်းယွမ်ကုန်းမြေမှ ကျင့်ကြံသူတိုင်း လိုချင်တပ်မက်ကြသည်။

“ကမ္ဘာဦးရတနာ” ဆိုသည်က ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ထက် ပိုမိုအဆင့်မြင့်သော လက်နက်ဖြစ်သည်ဆိုပါက အဘယ့်ကြောင့် ခုန်မင် တစ်ခါမှ မကြားဖူးခဲ့ပါသနည်း။

"ပန်းပဲပညာကျမ်း" တွင်ပင် ထိုရတနာနှင့်ပတ်သက်ပြီး တစ်လုံးတစ်ပါဒမျှ ဖော်ပြထားခြင်း မရှိပေ။

သို့မဟုတ် ကမ္ဘာဦးရတနာဆိုသည်က သာမန်လူတို့၏အသိဉာဏ်ကိုကျော်လွန်သွားသည့် ဒဏ္ဍာရီလာရတနာပစ္စည်းမျိုး ဖြစ်နေသည်လား။

ဥပမာ - ကျင့်ကြံခြင်းတွင် “သူတော်စင်” အဆင့်၏အထက်တွင် များစွာသာလွန်သော အဆင့်မြင့်နယ်ပယ်တစ်ခု ရှိနေသေးသည်။

သို့သော် လူအများအနေဖြင့် ထိုအဆင့်ကို မည်သို့ခေါ်ဆိုသတ်မှတ်ရမည်မှန်း မသိရှိကြပေ။

သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ယောက်သည်ပင် ဒဏ္ဍာရီဖြစ်နေပြီဆိုလျှင် ထိုဒဏ္ဍာရီထက် ပိုမိုမြင့်မားသော အဆင့်မှာ မည်သို့သောအဆင့်ဖြစ်နိုင်ပါသနည်း။

ထျန်းယွမ်ကုန်းမြေတွင် ခုန်မင် မသိသေးသော လျှို့ဝှက်ချက်များစွာ ရှိနေပေသေးသည်။ သူ၏ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလာမှသာ ထိုလျှို့ဝှက်ချက်များကို ထိတွေ့နိုင်ပေမည်။

ထိုအချိန်...

“ဘယ်သူလဲ... စောစောက ဘယ်လိုထူးဆန်းတဲ့လှည့်ကွက် သုံးလိုက်တာလဲ ၊ အခုချက်ချင်းထွက်လာစမ်း... မဟုတ်လို့ကတော့ ငါ့လက်ချက်နဲ့ အသက်ပျောက်သွားမယ်”

လော့ခ်၏ စူးရှသောအသံထွက်ပေါ်လာသဖြင့် ခုန်မင်၏အတွေးများ ပြတ်တောက်သွားရသည်။

ခုန်မင်က “နတ်မျက်စိဖြင့်သုံးသပ်ခြင်းစွမ်းအား” ကိုအသုံးပြုပြီး ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်(၂)ခုကို အကဲဖြတ်လိုက်ခြင်းအား လော့ခ် ရိပ်မိသွားခြင်း ဖြစ်ပေ၏။

သူ၏အကြည့်များက ခုန်မင် ပုန်းကွယ်နေသည့်နေရာသို့ စူးစိုက်ကြည့်နေလေသည်။

လော့ခ်၏တုံ့ပြန်မှုက ခုန်မင်ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေသည်။

လော့ခ်သည်လည်း မော့ယွဲ့ကဲ့သို့ပင် “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” တန်ခိုးစွမ်းအားမှ ထွက်ပေါ်လာသည့် ခရမ်းရောင်အလင်းတန်းကို တွေ့မြင်နိုင်စွမ်း ရှိနေသည်လား။

ထိုခရမ်းရောင်အလင်းတန်းကို လူအချို့ တွေ့မြင်နိုင်ကြောင်း သိရှိပြီးကတည်းက ခုန်မင် အထူးသတိထားခဲ့သည်။ လူအများရှေ့တွင် ပေါ့ပေါ့ဆဆ အသုံးပြုခြင်း မပြုလုပ်တော့ပေ။

ယခု လော့ခ်တစ်ယောက်တည်းရှိနေသဖြင့် ခုန်မင်က နတ်မျက်စိစွမ်းအားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

တိုက်ဆိုင်စွာပင် မော့ယွဲ့ပြီးလျှင် လော့ခ်က ခရမ်းရောင်အလင်းတန်းကိုမြင်နိုင်သည့် ဒုတိယမြောက်လူ ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။

ခုန်မင်က ‘ဖုံးကွယ်ခြင်းအတတ်’ ကို အသုံးပြုထားသည်ဖြစ်ရာ လော့ခ်အနေဖြင့် ခုန်မင်၏တည်ရှိမှုကို လုံးဝ ရိပ်မိမည် မဟုတ်ပေ။

ယခု ခရမ်းရောင်အလင်းတန်းကြောင့်သာ လော့ခ်က သတိပြုမိသွားခြင်း ဖြစ်၏။

ခုန်မင် ပခုံးတစ်ချက်တွန့်လိုက်သည်။

လော့ခ် သိရှိသွားတော့ရော ဘာအရေးလဲ...။

ခုန်မင်က နဂိုကတည်းကပင် လော့ခ်ကိုလွှတ်ပေးရန် ရည်ရွယ်ချက်မရှိသဖြင့် ပုန်းကွယ်နေရာမှ ခပ်တည်တည်ပင် ထွက်လာလိုက်သည်။

သူက တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း လက်ခုပ်တီးလိုက်ပြီး...

“မင်းက တကယ်တော်တဲ့သူပဲ ၊ သည်းခံနိုင်စွမ်းမြင့်မားသလို ရက်စက်တဲ့နေရာမှာလည်း ပြိုင်စံရှားတယ် ၊ ဒီလိုအရည်အချင်းရှိတဲ့သူက တောရိုင်းဒေသလိုနေရာမျိုးမှာ ပုန်းကွယ်နေရတာ နှမျောစရာပဲ...”

လော့ခ်က အစပိုင်းတွင် အနည်းငယ် ထိတ်လန့်သွားဟန်ရှိသော်လည်း ခုန်မင် ထွက်လာသည်နှင့် တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။

“တကယ်တော့ ငါက မင်းကိုချီးကျူးရမှာပါ ၊ မင်း တစ်ချိန်လုံး ငါ့နောက်လိုက်လာပြီး ငါ့လုပ်ရပ်တွေကိုကြည့်နေတာ... ငါ လုံးဝ သတိမထားမိခဲ့ဘူး...”

သူက ခုန်မင်ကို တစ်ချက်အကဲခတ်ရင်း ဆက်ပြောလိုက်သည်။

“မင်းက အရိပ်ဓားမျိုးနွယ်စုကလား... ငါကြားဖူးတာတော့ အရိပ်ဓားမျိုးနွယ်စုကလူတွေက သူတို့အလုပ်ရှင်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဘယ်တော့မှ အပြင်ကိုထုတ်ဖော်မပြောတတ်ဘူးလို့ ကြားဖူးတယ်”

လော့ခ်က အမှန်တကယ် ထက်မြက်သူပင်။

ခုန်မင်က သူ့နောက်သို့ တိတ်တဆိတ်လိုက်ပါလာနိုင်သည်ကိုကြည့်ပြီး အရိပ်ဓားမျိုးနွယ်စုမှ ကြေးစားလူသတ်သမား ဖြစ်နိုင်သည်ဟု ချက်ချင်းပင် ကောက်ချက်ချနိုင်ခဲ့သည်။

ခုန်မင်ကတော့ လော့ခ်၏စကားကို ဝန်ခံခြင်းလည်းမရှိသလို ငြင်းဆိုခြင်းလည်း မပြုခဲ့ပေ။

သူက အေးဆေးစွာဖြင့်...

“မင်းက ငါ့ရဲ့အလုပ်ရှင်မှမဟုတ်တာ”

လော့ခ်၏ဖြူဖျော့သည့်မျက်နှာထက် အပြုံးတစ်ခု ဖျတ်ခနဲပေါ်လာသည်။

“အရင်က အလုပ်ရှင်မဟုတ်ပေမယ့် အခုတော့ ဖြစ်လာနိုင်တယ်လေ ၊ မင်းက သာမန်လူတစ်ယောက် မဟုတ်ဘူး ၊ ဒီတော့ ငါတို့ ပူးပေါင်းမယ်ဆိုရင် သိပ်ကိုတောက်ပတဲ့ အနာဂတ်တစ်ခုကို အတူတူဖန်တီးနိုင်မယ်လို့ မထင်ဘူးလား”

ခုန်မင်က တည်ငြိမ်စွာဖြင့်...

“ငါတော့ မင်းကို မယုံရဲဘူး ၊ ကိုယ့်မျိုးနွယ်စုဝင်တစ်ယောက်ကိုရော... ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မိန်းကလေးတွေကိုရော မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်ပစ်ရဲတဲ့သူနဲ့ ဘယ်သူက ပူးပေါင်းရဲမှာလဲ”

All Chapters