အရှေ့ဘက်တောင်တန်းက တောကြောင်မိသားစု
Vol. 5 Ch. 41
ညအချိန်သို့ ရောက်ရှိလာသည်နှင့်အမျှ တောင်တန်းများနှင့် သစ်တောများသည် တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။
ချူလျန်သည် မြို့စွန်ရှိ ကျဉ်းမြောင်းသော တောလမ်းလေးအတိုင်း တစ်ယောက်တည်း လျှောက်လှမ်းလာခဲ့သည်။
အရှေ့ဘက်တောင်တန်းသည် သိပ်မကြီးမားသော်လည်း မြေမျက်နှာသွင်ပြင် ကြမ်းတမ်းပြီး အသွားအလာ နည်းပါးလှသည်။
ညလေပြည်တွင် အေးစက်စိုစွတ်သော အငွေ့အသက်များ ပါဝင်နေပြီး မိုးရွာတော့မည့် အရိပ်အယောင်များကို ပြသနေ၏။
ချူလျန်သည် ကျောက်စိမ်းအဆောင်ကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ အဆောင်မှ ထွက်ပေါ်နေသော ကြက်သွေးရောင် အလင်းတန်းသည် လမ်းပြမီးအိမ်သဖွယ် ဆောင်ရွက်ပေးနေပြီး အကြမ်းဖျင်း ဦးတည်ချက်နှင့် အကွာအဝေးကို ညွှန်ပြနေသည်။
မင်ကတော်၏ ခန္ဓာကိုယ်ပေါ်တွင် ထားရှိသော ခြေရာခံမန္တန်ကို စွမ်းအားကြီးမားသော မှော်ဆရာတစ်ဦးဦးက ဖျက်ဆီးမပစ်သရွေ့ သူမသည် ကျောက်စိမ်းအဆောင်၏ ခြေရာခံမှုကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
ချူလျန်သည် သတိကြီးစွာထားပြီး ခပ်မှန်မှန် လျှောက်လှမ်းလာခဲ့သည်။ လမင်းကြီး ကောင်းကင်အလယ်သို့ ရောက်ရှိချိန်တွင် သူသည် လျှို့ဝှက်သော ဂူစံအိမ်တစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။
ခြေရာခံမန္တန်က သူ့ကို ခေါ်ဆောင်လာသော နေရာသည် မတ်စောက်သော တောင်ကမ်းပါးယံများနှင့် သစ်တောအုပ်များ၏ နောက်ကွယ်တွင် ဖုံးကွယ်တည်ရှိနေသည်။ ခြေရာခံကိရိယာ၏ လမ်းညွှန်မှုသာ မပါဝင်ခဲ့ပါက သူသည် ဤနေရာကို ရှာဖွေတွေ့ရှိရန် အလွန် ခက်ခဲပေလိမ့်မည်။ အရာရှိမင်၏ ရှာဖွေမှုများ အရာမထင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ယခုအခါ မင်ကတော်ရှိသော နေရာကို ရှာဖွေတွေ့ရှိပြီ ဖြစ်သဖြင့် သူ စိတ်သက်သာရာ ရသွားတော့သည်။ သူသည် ပေါ့ပါးဖျတ်လတ်သော ခုန်ပျံမှုအချို့ ပြုလုပ်လိုက်ပြီး ဂူစံအိမ်၏ အဝင်ဝသို့ ရောက်ရှိသွားသည်။
ယဉ်ကျေးမှုကို ပြသသောအားဖြင့် သူသည် ချက်ချင်း ဝင်ရောက်ခြင်း မပြုဘဲ တံခါးကို ခေါက်လိုက်သည်။
ဒေါက်... ဒေါက်... ဒေါက်...
ဒေါက်... ဒေါက်... ဒေါက်...
ခေတ္တမျှ တံခါးခေါက်ပြီးနောက် သားရဲတစ်ကောင်၏ ဟိန်းသံနှင့် သမ်းဝေသော အသံရောနှောနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ မကြာမီ ကျောက်တံခါး ပွင့်သွားပြီး ကြီးမားသော ကြောင်ခေါင်းကြီးတစ်ခု ပေါ်လာလေသည်။
"ဘယ်သူလဲကွ..."
ထိုသတ္တဝါတွင် ထင်ရှားသော အမည်းကွက်များ ပါရှိသည့် ကြီးမားသော ကြောင်ခေါင်းတစ်လုံး ရှိပြီး မျက်နှာတွင် အိပ်ချင်မူးတူး အမူအရာ ဖြစ်ပေါ်နေသည်။ သူ၏ အမွေးများနှင့် အမြီးကို မြင်တွေ့နေရဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ လူသားပုံသဏ္ဌာန် ပြောင်းလဲထားပြီး အဝတ်ကြမ်းများကို ဝတ်ဆင်ထားသည်။
၎င်းသည် လူသားပုံသဏ္ဌာန် ယူနိုင်သော်လည်း ခေါင်းနှင့် အမြီးကို မပြောင်းလဲနိုင်သေးသော မိစ္ဆာငယ်တစ်ကောင် ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ချူလျန်က ပြုံး၍ ပြောလိုက်သည်။ "ကျွန်တော်က ရှုတောင်ဂိုဏ်းက တပည့်ပါ... ရှင်းကျိုးမြို့က မင်ကတော်ကို လာတွေ့တာပါ... ကျေးဇူးပြုပြီး သတင်းပို့ပေးပါဦး..."
"ရှုတောင်ဂိုဏ်းတဲ့လား..."
မိစ္ဆာငယ်သည် ပျင်းရိလေးတွဲ့စွာ လှည့်ထွက်သွားသည်။
ထို့နောက် သူ ရုတ်တရက် တောင့်တင်းသွားပြီး ခေါင်းကို ရုတ်တရက် မော့လိုက်ကာ အော်ဟစ်လိုက်သည်။ "ရှုတောင် ဟုတ်လား..."
"ဟုတ်ပါတယ်... ရှုတောင်ပါ..."
ချူလျန် ခေါင်းညိတ်လိုက်သည်။
"ဗုဒ္ဓေါ..." မိစ္ဆာငယ်သည် ထူးဆန်းသော အသံမြင့်ကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်ကျန်းခန့် အမြင့်သို့ ခုန်တက်သွားပြီး အသက်လုပြေးရသကဲ့သို့ ထိတ်လန့်တကြား နောက်ဆုတ်သွားလေသည်။
ထိုသို့ ပြေးလွှားရင်း သူ အော်ဟစ်နေသည်။ "ဘုရင်ကြီး... ဘုရင်ကြီး... ပြဿနာတက်ပြီ... ရှုတောင်ဂိုဏ်းက တပည့်တစ်ယောက် ရောက်လာတယ်... ညောင်..."
"ညောင်..."
"ဟေး..."
"ညောင်..."
ဂူစံအိမ် တစ်ခုလုံးတွင် ကြောင်အော်သံများ ဆူညံသွားလေသည်။
မိစ္ဆာ မည်မျှ အိပ်ရာမှ လန့်နိုးသွားကြသည် မသိပေ။
ဤအဆင့်နိမ့် မိစ္ဆာများသည် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့မှ ဂိုဏ်းသားများကို အလွန်အမင်း ကြောက်ရွံ့ကြလေသည်။
ချူလျန်သည် ဂူဝတွင် ရပ်နေပြီး ယဉ်ကျေးသိမ်မွေ့သော အမူအရာကို ဆက်လက် ထိန်းသိမ်းထားလိုက်သည်။ အချိန်အတန်ကြာပြီးနောက် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ဆံပင်စုတ်ဖွား အမျိုးသားတစ်ဦးသည် အဆင့်နိမ့်မိစ္ဆာ အခြွေအရံများနှင့်အတူ ထွက်ပေါ်လာသည်။ သူသည် မင်ကတော်နှင့် ရုပ်ချင်းဆင်တူသဖြင့် သူမ၏ အစ်ကိုဖြစ်မည်ဟု ချူလျန် ယူဆလိုက်သည်။
သူ့နောက်တွင် မိစ္ဆာငယ် တစ်ဒါဇင်ခန့် လိုက်ပါလာကြသည်။ သူတို့အများစုမှာ ကြောင်ခေါင်းနှင့် လူခန္ဓာကိုယ် ရှိကြပြီး လူသားပုံသဏ္ဌာန် အပြည့်အဝ မပြောင်းလဲနိုင်သေးပေ။ အချို့မှာ ကြောင်ပုံစံ အတိုင်းသာ ရှိနေသေးပြီး လိမ္မော်ရောင်၊ အဖြူရောင်နှင့် ပုံစံမျိုးစုံ ရှိကြသည်။
"ငါက ဒီနယ်မြေရဲ့ မိစ္ဆာဘုရင်ပဲ..." မိစ္ဆာဘုရင်က ထုတ်ဖော်ပြောလိုက်ပြီး ချူလျန်ကို စိုက်ကြည့်လိုက်သည်။
ထို့နောက် သူ မေးလိုက်သည်။ "မင်းက ဘာကိစ္စရှိလို့ ညကြီးမင်းကြီး ငါ့ရဲ့ ဂူစံအိမ်ကို ရောက်လာတာလဲ..."
"နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်..." ချူလျန် ပြန်ဖြေလိုက်သည်။ "ကျွန်တော်က ရှင်းကျိုးမြို့က မင်ကတော်ကို လာရှာတာပါ... သူမက ရှုတောင်ဂိုဏ်းကနေ ဘွဲ့ထူးရရှိထားသူ ဖြစ်ပေမယ့် မကြာသေးမီက ပျောက်ဆုံးသွားလို့ပါ... ကျွန်တော်က သူမကို ရှာဖွေဖို့ တာဝန်ယူထားပါတယ်..."
"ဘယ်က မင်ကတော်တွေ အမှောင်ကတော်တွေလဲ... ငါတို့ မသိဘူး..." ကြောင်ဘုရင်က ရန်လိုသော လေသံဖြင့် ပြန်ပြောလိုက်သည်။
(စကားချပ် - မင် 明 က အလင်း ဆိုတဲ့ အဓိပ္ပါယ်ပါ)
"အမ်..." ချူလျန်က ဖော်ရွေသော လေသံဖြင့် ဆက်ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ဂိုဏ်းက ခြေရာခံမန္တန်ကို အသုံးပြုထားပြီး အဲဒီမန္တန်က သူမ ဒီမှာရှိနေတယ်လို့ ညွှန်ပြနေပါတယ်..."
"မင်းရဲ့ ခြေရာခံမန္တန်က မှားနေတာ ဖြစ်မှာပေါ့..." ကြောင်ဘုရင်က မျက်မှောင်ကြုတ်ပြီး ပြန်ပြောသည်။ "ငါ ရှင်းရှင်းပဲ ပြောမယ်... ဒီဂူစံအိမ်ထဲက လူတိုင်းက မကောင်းမှု ဘာမှမလုပ်တဲ့ ကြင်နာတတ်တဲ့ မိစ္ဆာတွေချည်းပဲ... မင်းသာ ညကြီးအချိန်မတော် ပြဿနာ ဆက်ရှာနေမယ်ဆိုရင် ငါ ငြိမ်ခံနေမှာ မဟုတ်ဘူးနော်..."
"ကျွန်တော့်မှာ ပြဿနာရှာဖို့ ရည်ရွယ်ချက် မရှိပါဘူး... အဆင်ပြေမယ်ဆိုရင် ကျွန်တော် ဝင်ရောက်ရှာဖွေလို့ ရမလား..." ချူလျန် မေးလိုက်သည်။
"မရဘူး..." ကြောင်ဘုရင်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
ချူလျန် ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။ "ဪ... ဟုတ်လား..."
...
"ကယ်... ကယ်ကြပါဦး... သူရဲကောင်းလေး... ကျွန်တော့်ကို အသက်ချမ်းသာ ပေးပါဗျာ..."
ခဏအကြာတွင် ကြောင်ဘုရင်သည် မိစ္ဆာချုပ်ကြိုးဖြင့် လိပ်ခွံပုံသဏ္ဌာန် တုပ်နှောင်ခံထားရပြီး ကူကယ်ရာမဲ့ အော်ဟစ်လိုက်ရတော့သည်။
တောရိုင်းထဲတွင် ကြီးပြင်းလာသော သူရဲကောင်းဆန်သည့် မိစ္ဆာတစ်ကောင် ဖြစ်သည့်အားလျော်စွာ သူသည် ဖမ်းဆီးခံရခြင်း သို့မဟုတ် သေခြင်းတရားကို မည်သည့်အခါကမျှ မကြောက်ရွံ့ခဲ့ပေ။ သနားညှာတာဖို့ တောင်းပန်ခြင်းသည် သူ့အတွက် စဉ်းစားစရာပင် မဟုတ်ခဲ့ချေ။
သို့သော် မိမိ၏ လက်အောက်ငယ်သားများရှေ့တွင် ဤကဲ့သို့ ချည်နှောင်ခံရခြင်းက သူ့ကို လွန်စွာ ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
ယနေ့ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ အနည်းငယ်မျှ ပေါက်ကြားသွားပါက၊ ဤဒေသတဝိုက်တွင် ကြောင်ဘုရင်၏ ဂုဏ်သိက္ခာမှာ ပြန်လည် မဆယ်ယူနိုင်အောင် ပျက်စီးသွားမည် ဖြစ်ပြီး သူ ခေါင်းမော့ရဲတော့မည် မဟုတ်ပေ။
"ဒါဆို ကျွန်တော် နောက်တစ်ခါ ထပ်မေးမယ်... မင်ကတော်ကို ရှာဖွေခွင့် ပြုနိုင်မလား..." ချူလျန်က ယဉ်ကျေးစွာ မေးလိုက်သည်။
"သူရဲကောင်းလေးကို ငါ့ညီမလေးဆီ အခုချက်ချင်း ခေါ်သွားပေးလိုက်ကြ..." ကြောင်ဘုရင် ဟိန်းဟောက်လိုက်သည်။
အနားကပ်ရန် တွန့်ဆုတ်နေကြသော ဘေးပတ်လည်ရှိ သတ္တိနည်းသည့် မိစ္ဆာကောင်လေးများသည် ချူလျန်ကို ဂူထဲသို့ ချက်ချင်း လမ်းပြခေါ်ဆောင်သွားပြီး အတွင်းဘက်ရှိ ကျောက်ခန်းမဆောင်တစ်ခုသို့ ပို့ဆောင်ပေးလိုက်ကြသည်။
ဂူထဲသို့ ဝင်ရောက်သောအခါ ချူလျန်သည် ကြောင်ဘုရင်ကိုပါ တစ်ပါတည်း ဆွဲခေါ်သွားရန် မမေ့လျော့ခဲ့ပေ။
ကျောက်ခန်းမဆောင် တံခါးကို တွန်းဖွင့်လိုက်သောအခါ မင်ကတော်ကို တွေ့လိုက်ရသည်။ သူမသည်လည်း အလားတူ တုပ်နှောင်ခံထားရသော်လည်း မိစ္ဆာချုပ်ကြိုးကဲ့သို့ သေသပ်စွာ ချည်နှောင်ထားခြင်း မဟုတ်ဘဲ သူမ၏ လှုပ်ရှားမှုများကို အရိုင်းဆန်ဆန် ကန့်သတ်ထားခြင်းသာ ဖြစ်သည်။
မင်ကတော်သည် ချူလျန်ကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားသည်။
"သူရဲကောင်းလေးချူ..."
ဆန့်ကျင်ဘက် အနေဖြင့် ကြောင်ဘုရင်ကမူ သက်ပြင်းချလိုက်မိသည်။
"အရာရှိမင်က ခင်ဗျား မိဘတွေနဲ့ အစ်ကိုဆီ ပြန်သွားတယ်လို့ ပြောတယ်... ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ရှင်းပြနိုင်မလား..." မိစ္ဆာလေးများက မင်ကတော်ကို ကြိုးဖြေပေးနေစဉ် ချူလျန် မေးလိုက်သည်။
"ပြောရမှာတော့ အရှည်ကြီးပဲ..." မင်ကတော်က စကားစလိုက်ပြီး ကြောင်ဘုရင်ကို စိတ်ပျက်အားငယ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျွန်မတို့ မိသားစုက အရင်တုန်းက ဒီအရှေ့ဘက်တောင်တန်းမှာ သာမန် တောကြောင်မိသားစုလေး အနေနဲ့ နေထိုင်ခဲ့ကြတာပါ... လူသားတွေနဲ့လည်း မပတ်သက်ဖူးသလို ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးခဲ့ဖူးပါဘူး... ကျွန်မတို့ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြတယ်..." မင်ကတော်က ဖြည်းညှင်းစွာ ရှင်းပြသည်။
"ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ ပြန်ရောက်တော့ မိဘနှစ်ပါးစလုံး ဆုံးပါးသွားကြပြီ ဆိုတာ သိလိုက်ရတယ်... ပြီးတော့ ကျွန်မအစ်ကိုက... ဒီဂူစံအိမ်ကို တည်ထောင်ပြီး တောင်ဘုရင် ရာထူးကို ရယူထားတယ်လေ..."
"ကျွန်မ ပြန်ရောက်တုန်းက အိမ်နီးချင်းတောင်က မိစ္ဆာဘုရင် တစ်ပါးက အလည်ရောက်နေတယ်..." မင်ကတော် ဆက်ပြောသည်။ "ကျားဘုရင်က ကျွန်မကို မြင်မြင်ချင်း သူ့ဇနီးအဖြစ် ယူမယ်လို့ အတင်းအကျပ် ပြောတော့တာပဲ..."
"ကျွန်မက သဘောတူမယ့်အစား သေတာကမှ မြတ်သေးတယ်လို့ ပြောလိုက်တော့ ကျွန်မအစ်ကိုက ကျွန်မကို ကြိုးတုပ်ပြီး ဒီမှာ ပိတ်လှောင်ထားလိုက်တာ..." မင်ကတော် ရှင်းပြသည်။
"ဝိုး..." ချူလျန်သည် ကြောင်ဘုရင်ကို ကြည့်ပြီး မှတ်ချက်ချလိုက်သည်။ "ခင်ဗျားက ဘယ်လို အစ်ကိုမျိုးလဲဆိုတာ ကျွန်တော် နားလည်သွားပြီ..."
"ငါ အဲဒီလိုလူ မဟုတ်ဘူးကွ..." ကြောင်ဘုရင်က ဒေါသတကြီး ပြန်ပြောသည်။ "မင်းတို့နှစ်ယောက် ဘာမှ နားမလည်ပါဘူး..."
သူက မင်ကတော်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ "မိဘတွေ ဘယ်လိုဆုံးသွားလဲ ဆိုတာ ငါ နင့်ကို ရှင်းမပြခဲ့ဘူးလား... ဒီနှစ်တွေအတွင်း အခြားဒေသက မိစ္ဆာတွေ အရှေ့ဘက်တောင်တန်းကို ပိုပိုပြီး ပြောင်းရွှေ့လာကြတယ်... နေရာကျဉ်းကျပ်လာတော့ နယ်မြေနဲ့ အစာရေစာအတွက် ငါတို့ ယှဉ်ပြိုင်ခဲ့ကြရတယ်...
လူသားတွေရဲ့ မြို့တွေကို ပြောင်းရွှေ့ဖို့ကျတော့ အန္တရာယ်များလွန်းတယ်... အဲဒါကြောင့် ငါတို့အချင်းချင်း အရင်းအမြစ်တွေအတွက် တိုက်ခိုက်ခဲ့ရတာ... မိဘတွေက တခြား မိစ္ဆာတွေနဲ့ တိုက်ခိုက်ရင်း သေဆုံးခဲ့ကြရတာလေ..."
"ငါက ဒီတောင်ရဲ့ ဘုရင် ဖြစ်ချင်လွန်းလို့ ဖြစ်နေတယ် ထင်နေလား... ငါ ဒီဂူစံအိမ်ကို တည်ဆောက်ပြီး လေလွင့်ကြောင်တွေ အားလုံးကို လက်ခံခဲ့တာက အရှေ့ဘက်တောင်တန်းက ကြောင်တွေ နေစရာအိမ်လေး တစ်လုံး ရစေချင်လို့ဟ..."
ဝမ်းနည်းမှုနှင့် ဒေါသတို့ ရောပြွမ်းနေသော အသံဖြင့် ကြောင်ဘုရင်သည် မျက်ရည်များ ကျလာပြီး ဆက်ပြောသည်။ "ငါ ဂူစံအိမ် စတည်ထောင်တုန်းက လက်နက် ခုနစ်လက်၊ ရှစ်လက်လောက်နဲ့ မိစ္ဆာ တစ်ဒါဇင်လောက်ပဲ ရှိခဲ့တာ..."
"ငါ ဒီမှာ ရပ်တည်နိုင်ဖို့ နှစ်ပေါင်းများစွာ မနားမနေ ကြိုးစားခဲ့ရတယ်... ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စန်းလင်တောင်က ကျားဘုရင်နဲ့ လမ်းမှာ တွေ့ခဲ့တယ်... သူက ငါ့ထက် အများကြီး ပိုစွမ်းအားကြီးပြီး ဩဇာအာဏာ ရှိတယ်... ပြီးတော့ သူက ငါ့မျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ဖို့ လမ်းဖွင့်ပေးခဲ့တယ်...
သူ့ကို မိတ်ဆွေဖွဲ့ထားရင် ငါတို့ အရှေ့ဘက်တောင်တန်း နယ်မြေကို တခြား မိစ္ဆာတွေ ကျူးကျော်လာမှာ ကြောက်စရာ မလိုတော့ဘူးလို့ ငါ တွေးခဲ့တယ်... ဒါကြောင့် ငါက သူနဲ့မိတ်ဆွေဖြစ်ဖို့ အများကြီး ကြိုးစားခဲ့ပြီး ငါတို့ဂူကို စားသောက်ပွဲလုပ်ဖို့ ဖိတ်ခေါ်ခဲ့တာ..."
"အဲဒီအချိန်ကျမှ ငါ့ညီမလေး ပြန်ရောက်လာမယ်လို့ ဘယ်သူက ကြိုသိမှာလဲ..."
"အဲဒီ ကျားဘုရင်က ရမ္မက်ကြီးတယ်... ငါ့ညီမလေးရဲ့ အလှကို မြင်တာနဲ့ ချက်ချင်း စွဲလမ်းသွားပြီးတော့... ငါ့ညီမလေးသာ သူ့ကို လက်ထပ်ရင် အရှေ့ဘက်တောင်တန်း ကြောင်မျိုးနွယ်စုကို ထာဝရ ကာကွယ်ပေးမယ်လို့ ကြေညာလိုက်တယ်... ငါတို့ ငြင်းရင် သူက စစ်ခင်းဖို့ ဝန်လေးမယ့်ပုံ မပေါ်ဘူး..." ကြောင်ဘုရင်က အားကိုးရာမဲ့စွာ ရှင်းပြလေသည်။
"ဒါပေမဲ့ ခင်ဗျားညီမလေးမှာ ခင်ပွန်းရှိနေပြီ ဆိုတာကို ခင်ဗျား မပြောပြခဲ့ဘူးလား..." ချူလျန် မေးလိုက်သည်။
ကြောင်ဘုရင်က ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ "ငါ သေချာပေါက် ပြောပြခဲ့တာပေါ့..."
"ဒါဆို သူ ဘယ်လို တုံ့ပြန်လဲ..." ချူလျန် စုံစမ်းလိုက်သည်။
ကြောင်ဘုရင်က ပြန်ဖြေသည်။
"သူ ပိုတောင် စိတ်လှုပ်ရှားသွားသေးတယ်..."