စန်းလင်တောင်
Vol. 5 Ch. 42
ချူလျန်သည် နားမလည်နိုင် ဖြစ်သွားပြီး သူ့နဖူးပေါ်တွင် မေးခွန်းသင်္ကေတတစ်ခု ပေါ်နေသည့်အလား ခံစားလိုက်ရသည်။
ကောင်းလေစွ... သူတို့သည် မိစ္ဆာလောက၏ ချောင်မန်ဒယ်နှင့် ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။
(ချောင်မန်ဒယ် ဆိုတာ ချောင်ချောင်းလို့ လူသိများတဲ့ စစ်ဘုရင်ပါ။ ရမ္မက်ကြီးတယ်လို့ ဆိုပါတယ်)
"ဒါက ငါ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး... စန်းလင်တောင်က အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လို့ ငါ အလျှော့ပေးလိုက်ရတာပဲ..." ကြောင်ဘုရင်က ရှင်းပြသည်။
"ငါ့ညီမလေးကို ငါ အတင်းအကျပ် မစေခိုင်းချင်ပါဘူး... ဒါပေမဲ့ ကျားဘုရင် မပြန်ခင်မှာ သူ စန်းလင်တောင်ကို ပြန်ရောက်တာနဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်မှုတွေ စလုပ်တော့မယ်လို့ ပြောသွားတယ်... ပြီးတော့ သုံးရက်အတွင်း ငါ့ညီမလေးနဲ့ လက်ထပ်ဖို့ ဒီကို လာလိမ့်မယ်... သူမကို ဒီမှာ မတွေ့ရင် သူ ဒေါသထွက်လိမ့်မယ်..."
ချူလျန်က မင်ကတော်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။ "ခင်ဗျားက ရှုတောင်ဂိုဏ်းကနေ ဘွဲ့ထူး ရရှိထားတယ် ဆိုတာကို ထုတ်မပြောခဲ့ဘူးလား..."
"ငါ့ညီမလေးက ရှုတောင်ဂိုဏ်းဆီကနေ အကူအညီ တောင်းခံနိုင်တယ်လို့ အကြံပြုခဲ့ပေမယ့်... ငါက သွားတောင်းဖို့ ကြောက်နေခဲ့တာ..." ကြောင်ဘုရင် ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။
"တောင်ပေါ်မှာ နေထိုင်ကြတဲ့ ငါတို့လို အဆင့်နိမ့် မိစ္ဆာတွေက မင်းတို့လို ကျင့်ကြံသူတွေကို အကြောက်ဆုံးပဲ... ငါတို့က လူသားတွေကို ဒုက္ခပေးဖို့ မပြောနဲ့... တောင်ပေါ်မှာ လမ်းပျောက်နေတဲ့သူ၊ ဒဏ်ရာရနေတဲ့သူ၊ ဒုက္ခရောက်နေတဲ့သူ တွေ့ရင်တောင် ငါတို့က အပြေးအလွှား သွားကူညီပေးကြတာ... တကယ်လို့ တောင်ပေါ်မှာ တစ်ယောက်ယောက် သေသွားရင် လူသားတွေက မိစ္ဆာတွေကို မတရား စွပ်စွဲပြီး ငါတို့ကို လိုက်လံသတ်ဖြတ်ကြမှာ စိုးရိမ်လို့လေ..."
ချူလျန်သည် သူ၏ အကျပ်အတည်းကို အတိုင်းအတာ တစ်ခုအထိ စာနာနားလည်ပေးနိုင်လေသည်။
လူသားအများစု၏ အမြင်တွင် မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကို ရန်သူအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပြီး တွေ့ရှိသည်နှင့် ချက်ချင်း သတ်ဖြတ်လေ့ ရှိကြသည်။
ထို့အပြင် မသမာသော ကျင့်ကြံသူအချို့သည် မိစ္ဆာများကို ဆေးဖော်စပ်ရန်၊ ဝိညာဉ်သန့်စင်ရန်နှင့် အခြား ရည်ရွယ်ချက် အမျိုးမျိုးအတွက် ကုန်ကြမ်းပစ္စည်းများအဖြစ် သတ်မှတ်ကာ မတရား သတ်ဖြတ်လေ့ ရှိကြသည်။
လူသားများ၏ အသက်ကို သတ်ဖြတ်ခြင်းသည် ဥပဒေနှင့် မလွတ်ကင်းသော်လည်း မိစ္ဆာများ၏ အသက်အတွက်မူ ဥပဒေအရ ကာကွယ်မှု မရှိပေ။
ဤဖြစ်ရပ်များက မိစ္ဆာများ၏ ကျင့်ကြံသူများအပေါ် ကြောက်ရွံ့မှုကို ပိုမို တိုးပွားစေခဲ့သည်။ သို့သော် လူသားမျိုးနွယ်၏ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများအပေါ် ကြောက်ရွံ့မှုသည်လည်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည် မဟုတ်ပါလော။
အဖွဲ့အစည်းတစ်ခုအတွင်းရှိ လူအနည်းစု၏ မှားယွင်းသော လုပ်ရပ်များသည် အဖွဲ့အစည်းတစ်ခုလုံးနှင့် သက်ဆိုင်သွားတတ်ပြီး အဖွဲ့အစည်းတစ်ခုလုံးက အကျိုးဆက်ကို ခံစားရလေ့ ရှိသည်။
အရှေ့ဘက်တောင်တန်း ကြောင်မျိုးနွယ်စုကဲ့သို့သော မိစ္ဆာအများအပြားသည် ရှင်သန်ရပ်တည်ရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။
"တခြားဂိုဏ်းတွေအကြောင်းတော့ ကျွန်တော် မသိဘူး... ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တို့ ရှုတောင်ဂိုဏ်းက အကျိုးအကြောင်း သင့်မြတ်ပါတယ်..." ချူလျန် ထိုမျှသာ ပြောနိုင်လေသည်။
"ဟူး..." ကြောင်ဘုရင် ခေါင်းခါလိုက်ပြန်သည်။ "ဒီည ငါ့ညီမလေးကို ခေါ်ပြီး ထွက်သွားလိုက်ပါတော့... မနက်ဖြန် ကျားဘုရင်ရဲ့ မင်္ဂလာဆောင်ယာဉ်တန်း ရောက်လာရင် အရှေ့ဘက်တောင်တန်း ကြောင်မျိုးနွယ်စု သေချာပေါက် အသတ်ခံရတော့မှာ... တကယ်လို့ မင်းက ငါတို့ကို တကယ် ကူညီချင်တယ်ဆိုရင် ငါ့ညီမလေးကို ခေါ်ပြီး အမြန်ဆုံး ထွက်သွားပေးပါ... ငါတို့ ထွက်ပြေးဖို့ အချိန်နည်းနည်းလောက် ပိုရကောင်း ရနိုင်ပါတယ်..."
သူ ခေါင်းမော့လိုက်ပြီး သူ့နောက်မှ လက်အောက်ငယ်သားကို ကြည့်ကာ ပြောလိုက်သည်။ "ငါတို့ ဒီနယ်မြေကနေ ထွက်ခွာသွားပြီးရင် အသက်ရှင်နိုင်ပါ့မလား ဆိုတာတော့ မသေချာဘူး..."
ချူလျန် တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်သွားရသည်။
လူသားများအတွက်မူ မိမိတို့၏ ဇာတိမြေနှင့် ရင်းနှီးကျွမ်းဝင်သော ပတ်ဝန်းကျင်ကို စွန့်ခွာရခြင်းသည် စိတ်ခံစားမှုပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုသာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော် မိစ္ဆာများအတွက်မူ နေထိုင်ရာ နေရာသစ် ရှာဖွေခြင်းသည် သွေးထွက်သံယို စစ်ပွဲများ ဆင်နွှဲရမည့် အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပြီး အလွန်အမင်း အန္တရာယ်များလှသည်။
သူတို့သည် အစာရေစာ၊ နေထိုင်စရာနှင့် သင့်လျော်သော ပတ်ဝန်းကျင် လိုအပ်သည်။ သူတို့အနေဖြင့် တောရိုင်းထဲတွင် ဖြစ်သလို ရှင်သန်နေထိုင်၍ မရနိုင်ပေ။
ထို့အပြင်...
ချူလျန် ရုတ်တရက် မေးလိုက်သည်။ "ကျားဘုရင်မှာ လက်အောက်ငယ်သား အများကြီး ရှိလား..."
ကြောင်ဘုရင်က ဖြေသည်။ "စန်းလင်တောင်က ရှင်းကျိုးမြို့ရဲ့ လီတစ်ရာ ပတ်လည်အတွင်းမှာ အင်အားအကြီးဆုံး မိစ္ဆာတပ်ဖွဲ့ကို ပိုင်ဆိုင်ထားတာ..."
"ကျားဘုရင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ..." ချူလျန် မေးလိုက်သည်။
"သူ့မှာ နှစ်ပေါင်း ခုနစ်ရာ၊ ရှစ်ရာလောက်ရှိတဲ့ ကျင့်ကြံခြင်း သက်တမ်း ရှိတယ်... လူသားတွေရဲ့ သတ်မှတ်ချက်အရ ဆိုရင်တော့ စတုတ္ထ ဒါမှမဟုတ် ပဉ္စမအဆင့် မိစ္ဆာလို့ သတ်မှတ်လို့ ရလောက်တယ်..." ကြောင်ဘုရင်က ရှင်းပြသည်။
"တကယ်လို့..." ချူလျန်က ဖြည်းညှင်းစွာ စကားစလိုက်သည်။ "တကယ်လို့ ကျွန်တော်က ကျားဘုရင်ကို နှိမ်နင်းရာမှာ ခင်ဗျားကို ကူညီပေးမယ်ဆိုရင် ခင်ဗျားတို့ရဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားမလား..."
"အာ..." ကြောင်ဘုရင်သည် အံ့သြသွားပုံရပြီး သံသယဝင်နေသည့်အလား ချူလျန်၏ ရည်ရွယ်ချက်ကို မဝေခွဲနိုင် ဖြစ်နေသည်။
ချူလျန်သည် ကြောင်ဘုရင်ကို အနိုင်ယူနိုင်လောက်အောင် သန်မာကောင်း သန်မာနိုင်သော်လည်း ကျားဘုရင်၏ စွမ်းအားကို ယှဉ်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
သိသာထင်ရှားသည်မှာ ချူလျန်သည် မိမိအသက်ကို မဆင်မခြင် စွန့်စားရန် ရည်ရွယ်ချက် မရှိပေ။
သူ ဤအစီအစဉ်ကို စဉ်းစားရဲရသည့် အဓိက အကြောင်းရင်းမှာ သူ့ဆရာသခင် ပေးထားသော ကျောက်စိမ်းအဆောင်ကြောင့် ဖြစ်သည်။
သူ တိနွီဖုန့်ကို ဆင့်ခေါ်နိုင်သရွေ့ ကျားဘုရင်တွင် လက်အောက်ငယ်သား မည်မျှပင် ရှိသည်ဖြစ်စေ ကိစ္စမရှိ။ သူသည် ကျားဘုရင်ကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်ပြီး ထွက်ပြေးလွတ်မြောက်ခွင့် မရှိအောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်သည်။
ဤခရီးစဉ်မှ ချူလျန် မည်သည့်အကျိုးအမြတ်မှ ရရှိမည် မဟုတ်ပေ။ ဤသည်မှာ တာဝန်တစ်ခု မဟုတ်သလို သူ မည်သည့်မိစ္ဆာကိုမျှ သတ်ဖြတ်ခဲ့ခြင်းလည်း မရှိသေးပေ။
အရှေ့ဘက်တောင်တန်း ကြောင်မျိုးနွယ်စုဝင်များသည် ကြင်နာတတ်သော မိစ္ဆာများ ဖြစ်ကြသဖြင့် ချူလျန်အနေဖြင့် ဆုလာဘ်ရရန်အတွက် သူတို့ကို မဆင်မခြင် သတ်ဖြတ်၍ မရနိုင်ပေ။
ဆိုလိုသည်မှာ သူ၏ ခရီးစဉ်သည် အချိန်ဖြုန်းသကဲ့သို့ ဖြစ်နေပေမည်။
မင်ကတော်ကို ခေါ်ထုတ်သွားခြင်းသည်လည်း ဤကြောင်မိစ္ဆာလေးများကို သွယ်ဝိုက်သောနည်းဖြင့် ထိခိုက်စေရာ ရောက်ပေလိမ့်မည်။
ဤအချက်များ အားလုံးကို ထည့်သွင်းစဉ်းစားလိုက်သောအခါ စန်းလင်တောင်သို့ တိုက်ရိုက်သွားရောက်ပြီး ထိုနေရာရှိ မိစ္ဆာများကို ရှင်းလင်းပစ်ခြင်းက ပိုမို သင့်လျော်မည့်ပုံ ပေါက်နေသည်။
သူတို့သည် ဗိုလ်ကျစိုးမိုးသော အပြုအမူများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားကြသဖြင့် အကယ်၍ သူသာ ဆုလာဘ်ရရန်အတွက် ယင်းတို့အနက် အချို့ကို သတ်ဖြတ်နိုင်ခဲ့လျှင် ဤခရီးစဉ်သည် အကျိုးမဲ့ ဖြစ်တော့မည် မဟုတ်ပေ။
သေချာသည်မှာ ဆုလာဘ်သည် အရေးအကြီးဆုံး အရာ မဟုတ်ပေ။ အဓိက ရည်ရွယ်ချက်မှာ မကောင်းမှုကို အပြစ်ပေးပြီး ကောင်းမှုကို မြှင့်တင်ရန်သာ ဖြစ်၏။
အဟင်း… ဘုရားစူးရပါစေရဲ့…။
ထိုအတွေးများဖြင့် သူသည် ကြောင်ဘုရင်ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်က ဒီလို ပြောလာမှတော့ သူ့ကို ကိုင်တွယ်ဖို့ ယုံကြည်ချက် ရှိလို့ပေါ့... ခင်ဗျားသာ ကျွန်တော့်ကို ကူညီဖို့ ဆန္ဒရှိရင် ကျွန်တော်တို့ ခင်ဗျားညီမလေးကို ကယ်တင်နိုင်မှာပါ... ဘယ်လို သဘောရလဲ..."
"ကျွန်တော် ဆန္ဒရှိပါတယ်..." ချူလျန်၏ တည်ငြိမ်အေးဆေးသော အမူအရာကို မြင်လိုက်ရသဖြင့် ကြောင်ဘုရင်သည် ဤလူကို ယုံကြည်စိတ်ချရသူဟု ယူဆလိုက်သည်။ မျက်လုံးများထဲတွင် လေးနက်သော ကျေးဇူးတင်ရှိမှုများဖြင့် သူ ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်ပြီး ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ သူရဲကောင်းလေး... ကြိုးတွေကို အရင် ဖြေပေးလို့ ရမလား..."
...
စန်းလင်တောင်တွင်...။
ရှင်းကျိုးမြို့၏ အရှေ့ဘက် လီတစ်ရာ့နှစ်ဆယ်ခန့် အကွာတွင် တည်ရှိသော ဤတောင်တန်းဒေသသည် မြင့်မားသော တောင်ထွတ်များ၊ နက်ရှိုင်းသော ချိုင့်ဝှမ်းများနှင့် ထူထပ်သော သစ်တောများကြောင့် ကျော်ကြားသည်။ ကာကွယ်ရန် လွယ်ကူသော်လည်း တိုက်ခိုက်ရန် ခက်ခဲသော နေရာတစ်ခု ဖြစ်သည်။
ယခင်ကာလများက ၎င်းသည် ဓားပြများနှင့် ဝရမ်းပြေးများ ခိုလှုံရာနေရာ ဖြစ်ခဲ့သည်။ သို့သော် အနီးနားရှိ လမ်းများ တဖြည်းဖြည်း လူသူကင်းမဲ့လာသည်နှင့်အမျှ တောင်ပေါ်တွင် နေထိုင်ကြသော စွမ်းအားကြီးသူများလည်း စတင် လူစုကွဲသွားကြသည်။ နောက်ပိုင်းတွင် ၎င်းသည် မိစ္ဆာများနှင့် မကောင်းဆိုးဝါး အမျိုးမျိုး စုဝေးရာနေရာ ဖြစ်လာခဲ့သည်။
ယနေ့တွင် ဤကျယ်ပြောသော တောင်တန်းကြီး၏ နက်ရှိုင်းသော နေရာ၌ ဆူညံပွက်လောရိုက်နေသော အငွေ့အသက်များ လွှမ်းမိုးနေပြီး ဗုံသံ၊ မောင်းသံများမှာ အစွန်အဖျား ဒေသများအထိ ပဲ့တင်ထပ်နေလေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် မတ်စောက်သော တောင်ကုန်းအတိုင်း တောင်ထွတ်ပေါ်သို့ တက်သွားမည်ဆိုလျှင် အောက်ဘက်ရှိ ကျယ်ဝန်းသော မြေကွက်လပ်တွင် ရာပေါင်းများစွာသော ဆူညံအော်ဟစ်နေသည့် မိစ္ဆာငယ်များကို မြင်တွေ့ရပေလိမ့်မည်။ သူတို့ထဲမှ အချို့သည် ပွဲလမ်းသဘင်သုံး အနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဗုံများနှင့် မောင်းများကို သယ်ဆောင်ထားကြသည်။
မြင်ကွင်းသည် ပျော်ရွှင်မှုများ၊ အောင်ပွဲခံမှုများဖြင့် ပြည့်နှက်နေချေသည်။
စန်းလင်တောင်မှ မိစ္ဆာငယ်များသာ ရှိနေခြင်း မဟုတ်ဘဲ၊ ကျားဘုရင်နှင့် ဆက်ဆံရေးကောင်းမွန်သော လီတစ်ရာပတ်လည်အတွင်းရှိ မိစ္ဆာဘုရင်များလည်း ဂုဏ်ပြုရန် ရောက်ရှိနေကြပုံရသည်။
မည်သို့ပင်ဖြစ်စေ ယနေ့သည် စန်းလင်တောင်မှ ကျားဘုရင် မင်္ဂလာဆောင်သောနေ့ ဖြစ်ပေသည်။
ကျားဘုရင်သည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားပြီး နှစ်အနည်းငယ်အတွင်း အနီးအနားတဝိုက်တွင် လွှမ်းမိုးမှုအရှိဆုံး မိစ္ဆာဘုရင် ဖြစ်လာခဲ့သည်။
သူသည် အမျိုးသမီးများကို ပြန်ပေးဆွဲခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး သူ၏ နေရာတွင် ဇနီးသည် ဒါဇင်ပေါင်းများစွာ စုဆောင်းထားပြီး ဖြစ်သော်လည်း၊ ဤတစ်ကြိမ်တွင် သူသည် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲကို စီစဉ်နေခြင်း ဖြစ်သည်။
အနီးနားရှိ မိစ္ဆာဘုရင်များသည် ကျားဘုရင်က မကြာသေးမီက လှည့်လည်သွားလာပြီး အနီးနားရှိ ပြန့်ကျဲနေသော မိစ္ဆာအင်အားစုများကို စုစည်းရန် ကြိုးပမ်းနေကြောင်း သိရှိထားကြသည်။
ဤစုဝေးမှုသည် မင်္ဂလာပွဲဆိုသည်ထက် ကျားဘုရင်၏ အင်အားကို ပြသခြင်းသာ ဖြစ်ပေသည်။
မကြာမီ ခမ်းနားသော ယာဉ်တန်းတစ်ခု ချဉ်းကပ်လာသည်။
ရှေ့ဆုံးတွင် ဦးခေါင်းပေါ်၌ အနီရောင်ပန်းပွင့်ကြီး တပ်ဆင်ထားသော ဧရာမ ဆင်ကြီးတစ်ကောင် ဦးဆောင်လာသည်။ ဆင်ကျောပေါ်တွင် အရပ်ဆယ်ပေကျော် မြင့်မားပြီး ကြမ်းတမ်းသော မုတ်ဆိတ်မွေးများနှင့် လူ့ဘီလူးကြီးတစ်ဦး ထိုင်နေသည်။
သူသည် သတို့သားဝတ်စုံ ဝတ်ဆင်ထားသော်လည်း သူထံမှ ထွက်ပေါ်နေသော ခြိမ်းခြောက်နေသည့် အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ဤသူမှာ ကျားဘုရင် ကိုယ်တိုင်ပင် ဖြစ်ချေသည်။
ဆင်ကြီး၏ နောက်တွင် တူရိယာများ တီးမှုတ်နေကြသော မိစ္ဆာငယ် အတန်းနှစ်တန်း လိုက်ပါလာသည်။ ယာဉ်တန်း၏ အလယ်တွင် မိစ္ဆာငယ် (၈)ကောင်က ကြီးမားသော အနီရောင် သတို့သမီးဝေါယာဉ်ကို ထမ်းပိုးထားကြသည်။
သတို့သမီးဝေါယာဉ်အတွင်းတွင် အရှေ့ဘက်တောင်တန်း ကြောင်မျိုးနွယ်စုမှ ကြောင်မိစ္ဆာမလေး ဖြစ်သည်ဟု ကောလာဟလ သတင်းထွက်နေသော သတို့သမီး ထိုင်နေသည်။ သို့သော် တက်ရောက်လာသူများထဲမှ မည်သူမျှ ဤအရှေ့ဘက်တောင်တန်း ကြောင်မျိုးနွယ်စုအကြောင်း ကြားဖူးနားဝ မရှိကြပေ။
မင်္ဂလာယာဉ်တန်း၏ နောက်ဆုံးတွင် လိုက်ပါလာသော မိစ္ဆာအနည်းငယ်သည် သတို့သမီး၏ မိသားစု ဖြစ်ပုံရပြီး အရှေ့ဘက်တောင်တန်းမှ ဖြစ်ပေလိမ့်မည်။ အဖွဲ့ခေါင်းဆောင် ကြောင်ဘုရင်သည် အတော်လေး စိတ်ဓာတ်ကျနေပုံရပြီး သူ့နောက်မှ လိုက်ပါလာသူများမှာမူ ထူးခြားမှု မရှိလှပေ။
သူတို့သည် နာမည်မရှိသော မိစ္ဆာငယ်များ ဖြစ်လောက်ပေသည်။
သို့သော်... အရှေ့ဘက်တောင်တန်း ကြောင်မျိုးနွယ်စုမှ မိစ္ဆာငယ်များအနက် တစ်ကောင်မှာ ကျန်သူများနှင့်မတူ ထူးခြားနေသည်။
သူသည် သပ်ရပ်ပြီး မတ်မတ်ရပ်နေကာ တူညီသော အမွေးများနှင့် ကြောင်ကဲ့သို့ အသွင်အပြင် ရှိသည်။ သို့သော် သူ လှုပ်ရှားလိုက်သောအခါ ဆန်းပြားပြီး ဖော်ရွေသော လေထုကို ထုတ်လွှတ်နေသည်။
ထို့အပြင်... ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာများကို ကြည့်သော သူ၏အကြည့်သည် အခြားကြောင်မိစ္ဆာများ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှု၊ လေးစားမှုနှင့် အံ့ဩမှုတို့နှင့် လွန်စွာ ကွာခြားနေသည်။
ရတနာတစ်ခုအား ကြည့်နေသကဲ့သို့ သူ၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပနေလေ၏။