နတ်ဘုရားစေတမန်
Vol. 5 Ch. 43
"စန်းလင်တောင်က လုံခြုံရေး အရမ်းတင်းကျပ်တယ်... သူတို့ရဲ့ ဂူထဲမှာ ကြုံသလို လျှောက်သွားလို့ မရဘူး... ချူလျန်... မင်း နောက်ကျရင် သတိထားသင့်တယ်..." ကြောင်ဘုရင်က ချူလျန်ကို ရင်တဖိုဖိုဖြင့် ပြောလိုက်သည်။
မင်္ဂလာပွဲကို တောင်ဝမ်းဗိုက်ထဲရှိ ကျောက်ဂူထဲတွင် ကျင်းပနေခြင်း ဖြစ်သည်။ အတွင်းဘက် နေရာလွတ်သည် ကျယ်ဝန်းသော်လည်း မင်္ဂလာခန်းမနှင့် များပြားလှသော မင်္ဂလာဧည့်သည်များအတွက် နေရာထိုင်ခင်းများ စီစဉ်ပြီးနောက် တောင်ပေါ်တွင် နေထိုင်ကြသော ကျန်ရှိသည့် မိစ္ဆာများအတွက် နေရာလုံလောက်မှု မရှိတော့ပေ။
ထို့ကြောင့် စွမ်းရည်နိမ့်ပါးသော မိစ္ဆာငယ်များသည် အပြင်ဘက်တွင်သာ ထိုင်နေကြရသည်။
ထိုနေရာချထားမှု စည်းမျဉ်းများအရ အားနည်းသော အရှေ့ဘက်တောင်တန်း ကြောင်မျိုးနွယ်စုသည် တောင်ခြေရှိ မြောင်းထဲတွင်သာ ထိုင်သင့်ပေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် သတို့သမီး၏ မိသားစုအဖြစ် ဂုဏ်ပြုခံရသောကြောင့် အတွင်းဘက် သီးသန့်သတ်မှတ်ထားသော နေရာ၌ ထိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့ပတ်လည်တွင် သွားလာနေကြသော မိစ္ဆာများသည် ကြောင်ဘုရင် ပုံမှန် ရိုသေလေးစားရသော မိစ္ဆာကြီးများ ဖြစ်ကြသည်။ ထို့ကြောင့် သူသည် အလွန် ကြောက်ရွံ့ပြီး စိတ်လှုပ်ရှားနေမိသည်။
အထူးသဖြင့် သူ၏ အဖွဲ့ထဲမှ တစ်စုံတစ်ယောက်သည် ဤနေရာသို့ ပြဿနာရှာရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာကြောင်း သိထားသောကြောင့် ပို၍ စိုးရိမ်နေရရှာသည်။
"ကျွန်တော် အခြေအနေကို ကြည့်ပြီး လုပ်ပါ့မယ်..." ချူလျန်က စူးစမ်းချင်ယောင်ဆောင်ပြီး ဘေးဘီဝဲယာကို ကြည့်ရင်း တီးတိုး ပြောလိုက်သည်။ "ခင်ဗျား အရမ်း စိတ်လှုပ်ရှားနေတယ်... ခင်ဗျားမှာ ဖုံးကွယ်ထားတာ တစ်ခုခု ရှိနေတယ် ဆိုတာကို ဘယ်သူမဆို တစ်ချက်ကြည့်လိုက်ရုံနဲ့ ပြောနိုင်တယ်... နည်းနည်းလောက် လျှော့ပါဦး..."
"အိုး... ကောင်းပါပြီ..." ကြောင်ဘုရင်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
ထို့နောက် သူသည် ခါးပတ်ကို စတင် ဖြည်လိုက်လေသည်။
"ဟေး... ဟေး... ဟေး... အစ်ကိုကြီး..." ချူလျန်က ကြောင်ဘုရင်၏ လက်မောင်းကို ဆွဲထားလိုက်သည်။ "စိတ်လျှော့တာနဲ့ အဝတ်လျှော့တာ မတူဘူးလေဗျာ..."
"မဟုတ်ပါဘူး... ကျားဘုရင်ကို နောက်ကျရင် ပေးမယ့် မင်္ဂလာလက်ဖွဲ့ကို ထုတ်မလို့ပါ..." ကြောင်ဘုရင်က ရှင်းပြသည်။
သူသည် အဝတ်အစားကြားထဲတွင် အတော်ကြာ ရှာဖွေပြီးနောက် ကြက်ဥအရွယ်အစားခန့် ရှိသော ပုလဲကောင်းတစ်လုံးကို နောက်ဆုံးတွင် ထုတ်ယူလိုက်သည်။
တန်ဖိုးကြီးမည့်ပုံ ပေါက်လေသည်။
အရှေ့ဘက်တောင်တန်း ကြောင်မျိုးနွယ်စု၏ နေထိုင်မှု အဆင့်အတန်းကို ထည့်သွင်းစဉ်းစားပါက၊ ဤကဲ့သို့သော ရတနာမျိုး ရရှိရန်မှာ သူတို့အတွက် လွယ်ကူမည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းသည် မိသားစုအမွေအနှစ် တစ်ခု ဖြစ်လောက်သည်။ ကြောင်ဘုရင် နာကျင်နေသကဲ့သို့ ဖြစ်နေခြင်းမှာ အဆန်းမဟုတ်ပေ။
သူသည် သူခေါ်လာသော ကြောင်မိစ္ဆာငယ် အချို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ခဏနေ ဧည့်ခံပွဲကျရင် မင်းတို့တွေ ပုံမှန်ထက် ပိုစားကြ... ဗိုက်ပြည့်အောင် စားကြ... မကုန်ရင်လည်း ကျန်တာတွေ ထုပ်ယူသွားကြ... ဘာမှ မချန်ထားခဲ့နဲ့..."
အခြား မင်္ဂလာဧည့်သည်များလည်း လက်ဆောင်ပစ္စည်း အများအပြား ယူဆောင်လာကြသည်။ တောင်ပေါ်တွင် နေထိုင်ကြသော မိစ္ဆာမျိုးနွယ်စု အများစုမှာ ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း၊ တက်ရောက်လာကြသော မိစ္ဆာများသည် ဒေသတွင်းတွင် လေးစားခံရပြီး ဩဇာအာဏာရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသဖြင့် သူတို့သည် သိပ်တော့ မဆင်းရဲကြပေ။
ဘေးဘက်တွင် ခေါင်းပေါ်၌ ဦးထုပ်လေး ဆောင်းထားသော မြေခွေးမိစ္ဆာအဘိုးအို တစ်ဦး ရှိနေပြီး၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်နေသည်။ မင်္ဂလာလက်ဆောင်နှင့် ပေးပို့သူကို မှတ်တမ်းတင်တိုင်း၊ လက်ဆောင်ပစ္စည်းက မည်သည့်အရာဖြစ်ကြောင်းနှင့် မည်သည့် မိစ္ဆာဘုရင်ထံမှ ဖြစ်ကြောင်း အသံကျယ်ကျယ်ဖြင့် ကြေညာလေသည်။
လက်ဆောင်ပစ္စည်းများ အထဲတွင် ပုလဲ၊ ကျောက်စိမ်းနှင့် သန္တာကျောက်နီ ကဲ့သို့သော အဖိုးတန် ပစ္စည်းများစွာ ပါဝင်သည်။ ဤသည်မှာ လူသားများ နှစ်သက်သော အရာများကို မိစ္ဆာများလည်း တန်ဖိုးထားကြောင်း ချူလျန် ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်း ဖြစ်သည်။
ကျားဘုရင်သည် သတို့သမီးကို သွားရောက်ကြိုဆိုကာ ခေါ်ဆောင်လာပြီးနောက်၊ အဝတ်အစားလဲရန် ခန်းမဆောင် အနောက်ဘက်သို့ သွားလိုက်သည်။
ချူလျန် ကျားဘုရင်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသောအခါ၊ စေတီတော်ဖြူထဲတွင် သူ ထားခဲ့သော ကြက်သွေးရောင်ကွပ်မျက်သူ လှုပ်ရှားလာသည်ကို အာရုံခံမိလိုက်သည်။ တရားမျှတခြင်း၏ ဓားသည် သွေးညှီနံ့လွှမ်းသော အရှိန်အဝါဖြင့် ဖုံးလွှမ်းနေသည့် မကောင်းဆိုးဝါး တစ်ကောင်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားသကဲ့သို့ ဖြစ်နေသည်။
ကြက်သွေးရောင်ကွပ်မျက်သူ ကွပ်မျက်လိုသော လူသတ်သမားတစ်ဦး ရှိနေချေပြီ။
ကျားဘုရင်သည် အမှန်တကယ်ပင် မကောင်းမှုပြုသူတစ်ဦး ဖြစ်နေကြောင်း ပေါ်လွင်သွားသည်။ ဤအချက်က ချူလျန်ကို သူ၏ အစီအစဉ်အပေါ် ယုံကြည်မှု ပိုရှိလာစေသည်။
စကားပြောသံများဖြင့် ကျွက်ကျွက်ညံနေသော မြင်ကွင်းအလယ်တွင်၊ ဂူအဝင်ဝမှ ကြေညာသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဂုဏ်သရေရှိ နတ်ဘုရားစေတမန် ရောက်ရှိလာပါပြီ..."
ဂူထဲရှိ မိစ္ဆာများအားလုံး ချက်ချင်း တိတ်ဆိတ်သွားကြပြီး အသံတစ်သံမျှ မကြားရတော့ပေ။ မိစ္ဆာတိုင်း အဝင်ဝသို့ အကြည့်ပြောင်းလိုက်ကြသည်။
ထိုနေရာတွင် အနက်ရောင်ဝတ်ရုံခြုံထားပြီး ကြေးညိုရောင်မျက်နှာဖုံး တပ်ဆင်ထားသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ရပ်နေချေသည်။
"အဲဒါ ဘယ်သူလဲ..." ချူလျန်က ကြောင်ဘုရင်ကို တီးတိုး မေးလိုက်သည်။
"ငါ မသိဘူး..." ကြောင်ဘုရင်က ခေါင်းခါရင်း ပြန်ဖြေသည်။
"ဒါဆို ခင်ဗျားက ဘာလို့ ရုတ်တရက်ကြီး စကားပြော ရပ်သွားတာလဲ..." ချူလျန်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။
"လူတိုင်း စကားပြော ရပ်သွားတော့... ငါ ကြောက်သွားလို့လေ..." ကြောင်ဘုရင်က ရိုးသားသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။
"..."
ထိုအရာကို ကြားလိုက်ရသောအခါ၊ သူ၏ စာသင်ခန်း အနောက်ပြတင်းပေါက်တွင် ကြောက်မက်ဖွယ်ကောင်းသော လူမျက်နှာတစ်ခု ပေါ်လာခဲ့စဉ်က အဖြစ်အပျက်ဟောင်းတစ်ခုကို ချူလျန် ပြန်လည်အမှတ်ရသွားမိသည်။
တစ်စုံတစ်ယောက် စကားပြောနေရင်း ရုတ်တရက် တိတ်ဆိတ်သွားသည်နှင့်တပြိုင်နက် ကျန်လူများလည်း လိုက်လံ တိတ်ဆိတ်သွားကြသည်။ သို့သော် သူတို့အများစုမှာ ဘာဖြစ်ခဲ့သည်ကိုပင် မြင်လိုက်ရခြင်း မရှိပေ။
နတ်ဘုရားစေတမန်ဟု ခေါ်ဆိုသော အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူသည် ဂူထဲသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။ သူ့နောက်တွင် မိစ္ဆာငယ် လေးကောင် လိုက်ပါလာသည်။
သူတို့သည် ပခုံးဖြင့် ထမ်း၍ အနီရောင်ပိုးသားဖြင့် ဖုံးအုပ်ထားပြီး ကြက်သွေးရောင်ပန်းကုံးဖြင့် စည်းနှောင်ထားသော အလွန်ရှည်လျားသည့် အရာဝတ္ထုတစ်ခုကို ဝိုင်းဝန်း သယ်ဆောင်လာကြရာ၊ ဘာပစ္စည်းဖြစ်ကြောင်း ခွဲခြားသိမြင်ရန် ခက်ခဲနေချေသည်။
"ဘုရားရေ... သခင်က... ကျွန်တော်တို့ကို ဂုဏ်ပြုပေးတာပါပဲ... စောစောက ထွက်မကြိုမိတဲ့အတွက် နှိမ့်ချစွာ တောင်းပန်ပါတယ်... ဂုဏ်သရေရှိ နတ်ဘုရားစေတမန်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ..." ကျားဘုရင်က ခန်းမဆောင်အနောက်ဘက်မှ ချက်ချင်း ပြေးထွက်လာပြီးနောက် ပြောလိုက်သည်။
သူသည် ယခင်ကကဲ့သို့ မောက်မာရိုင်းစိုင်းသော အမူအရာ လုံးဝမရှိဘဲ၊ အလွန်အမင်း ရိုသေလေးစားသော သဘောထားဖြင့် မိမိကိုယ်ကို ဖော်ပြနေချေသည်။
"မင်း ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး ကျားဘုရင်..." နတ်ဘုရားစေတမန်က အနည်းငယ် ပြုံးရင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ဒီနေ့ မင်း မင်္ဂလာဆောင်တယ်လို့ ကြားတာနဲ့ ငါ မင်းကို လက်ဆောင်တစ်ခု လာပေးတာ... လာ... ကြည့်လိုက်ပါဦး..."
နတ်ဘုရားစေတမန်က လက်ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှ မိစ္ဆာငယ်များသည် လက်ဆောင်ပစ္စည်းပေါ်မှ အနီရောင်ပိုးသားကို ရွှစ်ခနဲ ဆွဲဖယ်လိုက်ကြသည်။
အနီရောင်ပိုးသားအောက်တွင် ရှိနေသည်မှာ နက်ရွှေရောင် တောက်ပနေသည့် ၁.၈ဇန် ရှည်လျားသော ပုဆိန်လှံကြီးတစ်လက် ဖြစ်သည်။ ၎င်းတွင် ရှေးဟောင်းအငွေ့အသက်များ ရှိနေသည်။
ကြက်သီးထဖွယ် ထက်ရှသော ဓားသွားများနှင့်အတူ၊ ပုဆိန်လှံရှည်ကြီးသည် ဖော်ပြ၍မရနိုင်သော နတ်ဘုရားကျက်သရေတစ်မျိုး ရှိနေလေသည်။
(စကားချပ် - Halberd ဆိုတာက လှံကိုမှ ပုဆိန်လို အသွားလည်း ပါတဲ့လက်နက်ပါ)
"ဝိုး..." မိစ္ဆာအုပ်ကြီး ဆူညံသွားသည်။
မည်သည့်မိစ္ဆာမဆို ဤအရာသည် အလွန်စွမ်းအားကြီးသော လက်နက်တစ်ခု ဖြစ်ကြောင်း ပြောနိုင်ပေသည်။
၎င်းသည် ရှေးဟောင်း နတ်ဘုရားလက်နက် တစ်ခုဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။
"ဒါက..." ကျားဘုရင်၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားသည်။ "ဒါက တကယ့်ကို နတ်ဘုရားလက်နက်ပဲ..."
"ဟုတ်တယ်... ဒါက လောကလွှမ်းမိုးပုဆိန်လှံပဲ... လူ့လောက ရတနာတစ်သောင်းစာရင်းမှာ အဆင့် ၁၄၀ ချိတ်တဲ့ ရှေးဟောင်းနတ်ဘုရားလက်နက်ပဲ..." နတ်ဘုရားစေတမန်က ပြုံး၍ ပြောလိုက်သည်။
"ကျားဘုရင်... ခေတ်သစ်ရဲ့ သူရဲကောင်းတစ်ယောက်အနေနဲ့... မင်းက လောကကြီးကို လွှမ်းမိုးနိုင်ဖို့ ဒီနတ်ဘုရားလက်နက်ကို ကိုင်ဆောင်သင့်တယ်..."
‘လောကလွှမ်းမိုးပုဆိန်လှံတဲ့လား...’
ဤနတ်ဘုရားလက်နက်သည် အဘယ်ကြောင့် ရင်းနှီးနေသည်ဟု ခံစားရကြောင်း ချူလျန် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ အကြောင်းမှာ သူသည် လူ့လောက ရတနာတစ်သောင်းစာရင်းတွင် ၎င်းကို မြင်ဖူးသောကြောင့် ဖြစ်ပေသည်။
သို့သော်၊ ဤလက်နက်သည် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းအနက် တစ်ခုဖြစ်သော မဟာကြယ်တာရာဂိုဏ်း ပိုင်ဆိုင်ကြောင်း စာရင်းတွင် ဖော်ပြထားသည်ကို သူ ရှင်းလင်းစွာ မှတ်မိနေသည်။
‘ဒီနတ်ဘုရားစေတမန်က မဟာကြယ်တာရာဂိုဏ်းဆီကနေ အဲဒီနတ်ဘုရားလက်နက်ကို ဘယ်လိုများ ခိုးယူနိုင်ခဲ့တာလဲ... တော်တော်လေး စဉ်းစားစရာပဲ...’
"ဒီနတ်ဘုရားလက်နက်ကို... သခင် ဘယ်လို ရယူခဲ့တာလဲ..." ကျားဘုရင် မေးလိုက်သည်။
သေချာသည်မှာ ရှေးဟောင်းလက်နက်တစ်ခုကို ပိုင်ဆိုင်ခြင်းက သူ၏စွမ်းအားကို အဆမတန် တိုးမြှင့်ပေးနိုင်ကြောင်း ကျားဘုရင် သိရှိထားသည်။ သူသည် လှံရှည်၏ ရိုးတံကို ပွတ်သပ်ရင်း အလွန် နှစ်သက်လွန်းသဖြင့် လက်ကမချချင်ပင် ဖြစ်နေမိသည်။
"ဟဟ... တကယ်တော့ အတော်လေး တိုက်ဆိုင်သွားတာပါ... ငါ ဒီကို လာတဲ့လမ်းမှာ အရည်အချင်းရှိပေမယ့် ဉာဏ်သိပ်မကောင်းတဲ့ သေမျိုးတစ်ယောက်နဲ့ မတော်တဆ တွေ့ခဲ့တယ်... ငါ လှည့်ကွက်လေး နည်းနည်းသုံးပြီး သူ့လက်နက်ကို လုယူလိုက်တာပဲ... ဒီရတနာကို မြင်တော့ မင်းအတွက် ပြီးပြည့်စုံတဲ့ မင်္ဂလာလက်ဖွဲ့ ဖြစ်လိမ့်မယ်လို့ ငါ တွေးမိတယ်လေ..." နတ်ဘုရားစေတမန်က ဖြေကြားလိုက်သည်။
"ကောင်းလိုက်တာ... ကျေးဇူးတင်ပါတယ်... ဂုဏ်သရေရှိ နတ်ဘုရားစေတမန်..."
ကျားဘုရင်သည် အားစိုက်ထုတ်ပြီး လောကလွှမ်းမိုးပုဆိန်လှံကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်သည်။ သူသည် လှံရှည်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ လေထုကို ခွဲဖြတ်သွားပြီး ဝုန်းခနဲမြည်သံ ထွက်ပေါ်လာသည်။
ရောက်ရှိနေကြသော မိစ္ဆာများအားလုံးသည် နတ်ဘုရားလက်နက်မှ အေးစက်သော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် တုန်လှုပ်သွားကြရသည်။
ဒုန်း...။
ကျားဘုရင် ကျေနပ်သွားသောအခါ လှံရှည်ကို မတ်မတ်အနေအထားဖြင့် မြေကြီးပေါ်သို့ ပြင်းထန်စွာ ထောက်လိုက်သည်။ ဤရိုးရှင်းသောလုပ်ရပ်ကပင် လေပြင်းမုန်တိုင်းများနှင့် မိုးကြိုးမုန်တိုင်းများ၏ ကြီးမားသောအရှိန်အဝါကို သယ်ဆောင်လာချေသည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ဤသည်မှာ ရှေးဟောင်း နတ်ဘုရားလက်နက်၏ ကြီးမားသော စွမ်းပကားပင် ဖြစ်၏။
"ဒါဆိုရင်... အခွင့်အရေးယူပြီး တခြားသတင်းတစ်ခုကိုပါ ကြေညာလိုက်ရင် ဘယ်လိုလဲ..." ကျားဘုရင်က နတ်ဘုရားစေတမန်ကို ကြည့်ရင်း မေးလိုက်သည်။
"ဟုတ်တယ်... အဲဒါက ငါ ဒီကို ရောက်လာတဲ့ တခြားအကြောင်းရင်းပဲ..." နတ်ဘုရားစေတမန်က ခေါင်းညိတ်ရင်း ပြန်ဖြေသည်။
"ကောင်းပါပြီ..." ကျားဘုရင် အာမေဋိတ်သံ ပြုလိုက်သည်။ သူ စင်မြင့်ပေါ်သို့ လျှောက်သွားပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ "ငါ့ရဲ့ မိစ္ဆာရဲဘော်တို့... ငါ့မင်္ဂလာပွဲကို ဂုဏ်ပြုတာအပြင်... ဒီနေ့ ငါတို့ ဒီမှာစုဝေးရတဲ့ တခြားအကြောင်းရင်း တစ်ခု ရှိသေးတယ်... ငါ မျှဝေစရာ အရေးကြီးသတင်း တစ်ခု ရှိတယ်..."
"မကြာသေးခင်က ငါ တောင်အသီးသီးကို သွားပြီး မင်းတို့အားလုံးကို ငါ့မျိုးနွယ်စု၊ စန်းလင်တောင်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး မိစ္ဆာဘုရင် အများအပြားနဲ့ စကားပြောခဲ့တယ်..."
ကျားဘုရင်၏ အကြည့်သည် ပရိသတ်အပေါ် ကြီးစိုးသော ဖိအားဖြင့် လွှမ်းမိုးသွားရာ စင်အောက်ရှိ မိစ္ဆာများသည် သူ့ကို မျက်လုံးချင်း မဆုံရဲကြပေ။
"ငါ့ကို ခေါင်းဆောင်အဖြစ် ထားပြီး ငါတို့ ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်တယ်..."
"အခု... ဒီကြီးကျယ်ခမ်းနားတဲ့ အရာက ဘာလဲဆိုတာ မင်းတို့ကို ပြောပြရမယ့် အချိန်ရောက်ပြီ..." ကျားဘုရင် ပြောလိုက်ပြီး ရုတ်တရက် ဘေးဘက်သို့ လှည့်လိုက်သည်။
သူ ဦးညွှတ်ပြီး နတ်ဘုရားစေတမန်ကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်လိုက်ကာ စင်မြင့်ကို လွှဲပေးလိုက်လေသည်။
နတ်ဘုရားစေတမန်သည် စင်မြင့်ပေါ်သို့ တက်သွားပြီး ဂုဏ်သိက္ခာရှိကာ ခန့်ညားသော အရှိန်အဝါဖြင့် ရပ်နေလိုက်သည်။
"ငါ့ရဲ့ မိစ္ဆာရဲဘော်တို့... ငါက အနောက်ဘက်ဒေသရဲ့ အနောက်ဘက်မှာရှိတဲ့ ဘုရင်ခုနစ်ပါးတောင်တန်းက လာတယ်ဆိုတာ မင်းတို့ထဲကတချို့ သိကောင်းသိကြလိမ့်မယ်... ငါနဲ့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် စေတမန်တွေက မင်းတို့အားလုံးဆီ သတင်းစကားတစ်ခု ပေးပို့ဖို့ သေမျိုးလောကအနှံ့ ခရီးသွားနေကြတာပဲ...
"နတ်ဘုရား... ပြန်လာတော့မယ်..."