စကားဝှက်
Vol. 5 Ch. 44
"နတ်ဘုရား" ဆိုသည်မှာ မိစ္ဆာများက ရှေးဟောင်း ဖြစ်တည်မှုတစ်ခုကို ရည်ညွှန်းရာတွင် အသုံးပြုသော အခေါ်အဝေါ် ဖြစ်သည်။
လူ့လောကတွင် ကျင့်ကြံခြင်းလမ်းစဉ်ကို အဆင့်သုံးဆင့် ခွဲခြားထားပြီး၊ အဆင့်တစ်ခုစီတွင် နယ်ပယ်သုံးခု ပါဝင်သည်။ ကိုးခုမြောက်နယ်ပယ်ဖြစ်သော နက်နဲအဆင့်သည် ဒဏ္ဍာရီလာ နယ်ပယ်တစ်ခုအဖြစ် အမြဲတမ်း တည်ရှိခဲ့သည်။ ဤနယ်ပယ်သို့ ရောက်ရှိသူများသည် အမှန်တကယ်ပင် နှစ်တစ်ထောင်မှ တစ်ကြိမ်သာ ပေါ်ထွန်းလေ့ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က၊ မိစ္ဆာများ၏ ပြိုင်ဘက်ကင်း မိစ္ဆာဧကရာဇ်တစ်ပါးသည် ဤပြိုင်ဘက်ကင်းသော အဆင့်သို့ ရောက်ရှိခဲ့ပြီး၊ နက်နဲအဆင့်သို့ ရောက်ရှိသည့် ကမ္ဘာ့ပထမဆုံး မိစ္ဆာ ဖြစ်လာခဲ့သည်။ သူသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော မိစ္ဆာနတ်ဘုရား ဖြစ်လာပြီး၊ နက်နဲအဆင့်တွင် ရှိသော လူ့လောက၏ တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
ဤအရာသည် လူ့လောကရှိ ကျင့်ကြံသူများအတွက် ဘေးအန္တရာယ်တစ်ခုကို ဆောင်ကြဉ်းလာခဲ့သည်။
မိစ္ဆာနတ်ဘုရားသည် အရပ်မျက်နှာ အနှံ့အပြားတွင် သတ်ဖြတ်မှုများ စတင်ခဲ့သည်။
အင်မော်တယ်ဂိုဏ်းများမှ အဖွဲ့ဝင်အများအပြားသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြသော်လည်း၊ မည်သူကမျှ မိစ္ဆာနတ်ဘုရား၏ ချီတက်မှုကို မတားဆီးနိုင်ခဲ့ပေ။
ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခုနှင့် ရင်ဆိုင်ရသောအခါ၊ လူအင်အား မည်မျှပင် ရှိစေကာမူ လုံလောက်မှု မရှိပေ။ မိစ္ဆာနတ်ဘုရား၏ ဦးဆောင်မှုအောက်တွင် မိစ္ဆာများသည် ပြည်နယ်ကိုးခုနှင့် ပင်လယ်လေးစင်းကို သိမ်းပိုက်တော့မည့်အလား ထင်မှတ်ရသည်။
ဤအကျပ်အတည်းကို ရင်ဆိုင်ရာတွင်၊ ကောင်းကင်မူလအဆင့်သို့ ရောက်ရှိထားကြသော ရှုတောင်ဂိုဏ်း၏ အကြီးအကဲခုနစ်ဦးသည် မိစ္ဆာနှိမ်စေတီဟု လူသိများသော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရားလက်နက်ဖြင့် ထွက်ပေါ်လာကြသည်။
သူတို့သည် မိမိတို့ထဲမှ ခြောက်ဦးကို စတေးပြီး ကြီးမားသော ပေးဆပ်မှုဖြင့် မိစ္ဆာနတ်ဘုရားကို စေတီ၏ အကျဉ်းချရာ နေရာအတွင်းတွင် နောက်ဆုံး၌ ချိပ်ပိတ်နိုင်ခဲ့ကြသည်။
ထိုတိုက်ပွဲသည် မိစ္ဆာနှိမ်စေတီကို လူ့လောကတွင် အဆင့်အမြင့်ဆုံး ရတနာအဖြစ် မြှင့်တင်ပေးခဲ့သော အရာပင် ဖြစ်ပေသည်။
အကြောင်းပြချက်မှာ ရှင်းလင်းလှသည်။
နက်နဲအဆင့်ရှိ ကျင့်ကြံသူများကို နတ်ဘုရားများအဖြစ် သတ်မှတ်ကြသည်။ နတ်ဘုရားများနှင့် အခြား သက်ရှိသတ္တဝါ အားလုံးကြားတွင် ဖြတ်ကျော်၍ မရနိုင်သော ကွာဟချက်ကြီး တစ်ခု ရှိနေသည်။
နတ်ဘုရားများသည် ထိတွေ့၍ မရနိုင်၊ အနိုင်ယူ၍ မရနိုင်၊ ကျော်လွှား၍ မရနိုင်သော သူများ ဖြစ်ကြသည်။
သို့သော်၊ မိစ္ဆာနှိမ်စေတီ၏ တည်ရှိမှုသည် ဤကွာဟချက်ကို ပေါင်းကူးပေးခဲ့သည်။
၎င်းသည် ဤစွမ်းဆောင်ရည်ကို လုပ်ဆောင်နိုင်သော တစ်ခုတည်းသော လက်နက်အဖြစ် ရပ်တည်နေပြီး၊ ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်အဖြစ် ၎င်း၏ အဆင့်အတန်းကို ရရှိစေခဲ့သည်။
ဤအချက်သည် လူတိုင်း အသိအမှတ်ပြုထားသော ငြင်းမရနိုင်သည့် အမှန်တရားပင် ဖြစ်၏။
သို့သော်၊ ဒဏ္ဍာရီတစ်ခု ရှိနေသည်မှာ၊ မိစ္ဆာနှိမ်စေတီသည် မိစ္ဆာနတ်ဘုရားကို မသတ်နိုင်ဘဲ၊ ချိပ်ပိတ်ရုံသာ ပြုလုပ်နိုင်သည် ဟူ၍ ဖြစ်သည်။
ထို့ကြောင့်၊ ရာစုနှစ်များစွာ ကြာအောင် မိစ္ဆာမျိုးနွယ်ဝင်များသည် စေတီကို ဖွင့်ပြီး ယခင် မိစ္ဆာနတ်ဘုရားကို လွှတ်ပေးရန် မျှော်လင့်ချက်ဖြင့် ရှုတောင်ဂိုဏ်းသို့ မနားမနေ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။
ဝမ်းနည်းစရာမှာ၊ ပေါ်ပေါ်ထင်ထင်ဖြစ်စေ၊ ခိုးကြောင်ခိုးဝှက်ဖြစ်စေ ကြိုးစားခဲ့ကြသော မိစ္ဆာများသည် မိစ္ဆာနှိမ်စေတီအတွင်းတွင် ပိတ်မိသွားခဲ့ကြရသည်။
လွန်ခဲ့သော နှစ်ပေါင်းငါးရာကမှ မိစ္ဆာနှိမ်စေတီ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ရှုတောင်ဂိုဏ်းသည် တိကျသော ရှင်းပြချက် တစ်စုံတစ်ရာ မပေးသေးပေ။ သူတို့ ကိုယ်တိုင်လည်း မသိရှိကြခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
ပထမတွင်၊ မိစ္ဆာနတ်ဘုရားသည် မိစ္ဆာနှိမ်စေတီကို ဖျက်ဆီးပြီး လွတ်မြောက်သွားသည် ဟူသော ကောလာဟလတစ်ခု သိုင်းလောကတွင် ထွက်ပေါ်ခဲ့သေးသည်။ ရှုတောင်ဂိုဏ်းသည် လူ့လောကတွင် ကျယ်ပြန့်သော ထိတ်လန့်မှုကို ဖြစ်စေနိုင်မည် စိုးရိမ်သောကြောင့် ဤသတင်းအချက်အလက်ကို ထုတ်ဖော်မပြောရန် ရွေးချယ်ခဲ့သည်။
သို့သော်၊ ထိုအချိန်မှစ၍ နှစ်ပေါင်းငါးရာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး၊ မိစ္ဆာနတ်ဘုရား ပြန်လည်ရောက်ရှိလာကြောင်း သတင်းအစအန မရှိခဲ့ပေ။ ထို့ကြောင့်၊ ဤကောလာဟလများသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
နှစ်ပေါင်းသုံးထောင် ဆိုသည်မှာ အလွန် ကြာမြင့်သော ကာလတစ်ခု ဖြစ်သဖြင့်၊ ယနေ့ခေတ် လူသားများသည် ထိုကြောက်မက်ဖွယ်ကောင်းသော ခေတ်ကာလအကြောင်းကို အများအားဖြင့် မေ့လျော့နေကြပြီ ဖြစ်သည်။
သို့သော်… မိစ္ဆာများသည်မူ ဘယ်သောအခါမျှ မမေ့လျော့ခဲ့ကြချေ။
သူတို့သည် မိစ္ဆာမျိုးနွယ်က ကမ္ဘာကြီးကို အုပ်စိုးပြီး၊ လူသားမျိုးနွယ်က ကြောက်ရွံ့တုန်လှုပ်နေရသော ထိုခေတ်ကာလကို နက်နက်ရှိုင်းရှိုင်း တောင့်တနေကြသည်။
အနောက်ဘက်ဒေသများ၏ အနောက်ဘက်တွင် ကျယ်ပြောပြီး လူသူကင်းမဲ့သော အနောက်ဘက် အစွန်အဖျားဒေသ ရှိသည်။ ထိုကြမ်းတမ်းပြီး ခက်ထန်သော မြေသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး မိစ္ဆာအင်အားစု တည်ရှိရာ နေရာဖြစ်သည်။
ဤအင်အားစုကို မိစ္ဆာနတ်ဘုရား၏ လက်ကျန်အင်အားစုများ မနားမနေ လိုက်လံတိုက်ခိုက်ခံရပြီးနောက် အနောက်ဘက် အစွန်အဖျားအထိ ထွက်ပြေးလွတ်မြောက်သွားခဲ့သော မဟာမိစ္ဆာဘုရင် ခုနစ်ပါးက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ထိုနေရာကို ဘုရင်ခုနစ်ပါးတောင်တန်းဟု ခေါ်ဆိုကြသည်။
ဘုရင်ခုနစ်ပါးတောင်တန်းသည် မိစ္ဆာများ ပြန်လည်နိုးထလာရေးအတွက် အမြဲတမ်း မျှော်မှန်းလျက်ရှိပြီး၊ မိစ္ဆာနတ်ဘုရားကို ပြန်လည်ကြိုဆိုရန် မျှော်လင့်ချက်ကို ဘယ်သောအခါမျှ လက်မလွှတ်ခဲ့ပေ။
လူသားတိုင်းပြည်များ၏ နယ်မြေများတွင် နေထိုင်ကြသော မိစ္ဆာများအတွက်၊ ဘုရင်ခုနစ်ပါးတောင်တန်းသည် ဝေးကွာပြီး အထွတ်အမြတ်ထားရသော မြင့်မြတ်သည့် နေရာတစ်ခုနှင့် ပိုတူနေသည်။
ယနေ့ ဤနေရာတွင် ရှိနေသော နတ်ဘုရားစေတမန်သည် ဘုရင်ခုနစ်ပါးတောင်တန်းမှ လာခြင်းဖြစ်သည်။
အခန်းထဲတွင် ထိတ်လန့်မှုနှင့် အံ့ဩမှုတို့ကြောင့် အာမေဋိတ်သံများ ချက်ချင်း ပြည့်နှက်သွားပြီး၊ ချူလျန်သည်လည်း အတော်လေး အံ့အားသင့်သွားရသည်။
သူသည် အချစ်ရေး အငြင်းပွားမှုတစ်ခုကို ဖြေရှင်းရန် လာခဲ့ခြင်းဖြစ်သည်။ ဤမျှ မမျှော်လင့်ထားသော ဖွင့်ဟဝန်ခံချက်မျိုး ရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
'မိစ္ဆာနတ်ဘုရားက မကြာခင် ပြန်လာတော့မယ်တဲ့လား...'
'ဒီသတင်းသာ မှန်မယ်ဆိုရင် ပြည်နယ်ကိုးခုနဲ့ ပင်လယ်လေးစင်းကို တုန်ခါသွားစေဖို့ လုံလောက်တယ်...'
နတ်ဘုရားစေတမန်သည် သစ္စာရှိမှုအပြည့်ပါသော အသံဖြင့် ဆက်လက်ပြောကြားပြီး၊ လက်များကို ဖြန့်ကားလိုက်သည်။
"ငါတို့ ဘုရင်ခုနစ်ပါးတောင်တန်းက လူသားနယ်မြေအတွင်း ငါတို့ရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ ကျားဘုရင်ကို စေလွှတ်ခဲ့တယ်... နတ်ဘုရား အမှန်တကယ် ပြန်လာမယ့်နေ့ကို စောင့်ဆိုင်းရင်း... လူသားနယ်မြေတွေရဲ့ နယ်နိမိတ်အတွင်းမှာ ငါတို့ရဲ့ ကိုယ်ပိုင် အင်အားစုတွေကို စုဆောင်းနေခဲ့ကြတာ...”
“ဒါက သူ့ရဲ့ခေါ်သံကို ငါတို့ ပြန်ဖြေကြားရမယ့် အခိုက်အတန့်ပဲ...”
“နတ်ဘုရားရဲ့ ခြေရာအတိုင်း လိုက်ပါဖို့ ဆန္ဒရှိတဲ့သူတွေ... စန်းလင်တောင်ကို ပူးပေါင်းကြပါ... သေချာတာကတော့... မင်းတို့ ဆန္ဒမရှိရင် ငါတို့ အတင်းအကျပ် မလုပ်ပါဘူး... နတ်ဘုရားက မိစ္ဆာမျိုးနွယ်ဝင်တိုင်းကို ချစ်မြတ်နိုးပါတယ်..."
...
သူ အများကြီး မပြောခဲ့သော်လည်း၊ သူ၏ စကားများသည် အခန်းထဲတွင် တုန်လှုပ်ချောက်ချားမှုများကို ဖြစ်ပေါ်စေခဲ့သည်။
သူတို့၏ နတ်ဘုရား မကြာမီ ပြန်လာတော့မည်...
ကျားဘုရင်၏ အင်အားစုများနှင့် ပူးပေါင်းခြင်းအားဖြင့်၊ တစ်စုံတစ်ယောက်သည် မိစ္ဆာနတ်ဘုရား၏ စစ်တပ်နှင့် ကြိုတင် မဟာမိတ်ဖွဲ့ပြီးသား ဖြစ်နေပေလိမ့်မည်။ ချက်ချင်းပင် တက်ရောက်လာကြသော မိစ္ဆာဘုရင်အများအပြား စိတ်လှုပ်ရှားသွားကြသည်။
ကျားဘုရင် လှည့်လည်သွားလာပြီး သူတို့၏ အင်အားစုများနှင့် ပူးပေါင်းရန် စည်းရုံးသိမ်းသွင်းနေစဉ်က၊ မိစ္ဆာဘုရင်အများအပြားတွင် သံသယများ ရှိခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ကျားဘုရင်၏ ဩဇာလွှမ်းမိုးမှု ကြီးမားသော်လည်း၊ သူတို့သည် သက်တောင့်သက်သာ ဘဝများကို နေထိုင်နေကြရသည်။
ကျားဘုရင်၏ လက်အောက်ငယ်သားများ ဖြစ်လာရန် မလိုအပ်ပေ။
သို့သော် နတ်ဘုရား၏ အမည်နာမ ပါဝင်လာသောအခါ၊ အခြေအနေများသည် အလွန် ကွာခြားသွားပြီ ဖြစ်သည်။
တွန့်ဆုတ်နေခဲ့သော သို့မဟုတ် ကမ်းလှမ်းမှုကို ငြင်းပယ်ရန် ရည်ရွယ်ထားသော မိစ္ဆာဘုရင်အများအပြားသည် ဤအခိုက်အတန့်တွင် သူတို့၏ စိတ်ကို ပြောင်းလဲသွားနိုင်ခြေ ရှိသည်။
ကြောင်ဘုရင်ပင်လျှင် အသက်ရှူ မဝသကဲ့သို့ ဖြစ်နေ၏။
သူ ရုတ်တရက် မိစ္ဆာများအတွက် ဇာတိမာန်များ ဖြစ်ပေါ်လာပြီး ထုတ်ဖော်လိုက်ရန် မတ်တပ်ရပ်လိုက်မည်ကို စိုးရိမ်သဖြင့်၊ ချူလျန်သည် သူ့ကို အနည်းငယ် စိုးရိမ်သောအကြည့်ဖြင့် ကြည့်လိုက်မိသည်။
ကျေးဇူးတင်စရာမှာ၊ ကြောင်ဘုရင်၏ စိတ်သည် ကြည်လင်နေဆဲ ဖြစ်ပုံရပြီး၊ ဤစစ်ဆင်ရေး၏ ရည်ရွယ်ချက်ကို မမေ့လျော့သေးပေ။
အခန်းထဲတွင် မိစ္ဆာအားလုံးက နတ်ဘုရားစေတမန်၏ စကားများကို ဆွေးနွေးရင်း ပြန်လည် ဆူညံလာသောအခါ၊ ကြောင်ဘုရင်က ကိုင်းညွှတ်ပြီး ပြောလိုက်သည်။ “သူရဲကောင်းလေးချူ... ငါတို့ မြန်မြန်လုပ်မှ ဖြစ်မယ်... ငါတို့သာ ဆက်စောင့်နေရင်... ကျားဘုရင်က မင်္ဂလာအိပ်ခန်းထဲကို ပြန်ရောက်သွားလိမ့်မယ်...”
မိစ္ဆာများ၏ မင်္ဂလာပွဲတွင် လူသားမင်္ဂလာပွဲများကဲ့သို့ ထုံးတမ်းစဉ်လာများ များပြားမည် မဟုတ်ပေ။ နတ်ဘုရားစေတမန် စကားပြောပြီးသောအခါ၊ သူသည် လက်ရှိ လုပ်ဆောင်စရာ ကိစ္စများ ရှိနေသဖြင့် သူ့လက်အောက်ငယ်သားများနှင့်အတူ အလျင်အမြန် ထွက်ခွာသွားသည်။
သူ ထွက်ခွာသွားပြီးနောက်၊ ကျားဘုရင်သည် လက်ဝှေ့ယမ်းပြီး စားသောက်ပွဲ စတင်ကြောင်း ကြေညာလိုက်သည်။ ထို့နောက် သူသည် ကြီးမားသော ဝိုင်အိုးကြီးကို မ,ယူလိုက်ပြီး စားပွဲတစ်လုံးပြီးတစ်လုံး လိုက်လံကာ၊ ဂုဏ်ပြုစကားပြောပြီး အားရပါးရ သောက်သုံးနေလေသည်။
ချူလျန်သည် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ထိုင်ခုံမှ ထလိုက်သည်။
သူတို့ ရေးဆွဲထားသော အစီအစဉ်အရ၊ မင်္ဂလာအိပ်ခန်းထဲတွင် စောင့်ဆိုင်းနေပြီးဖြစ်သော မင်ကတော်သည် ဖယောင်းတိုင်များနှင့် ဝိုင်ထဲတွင် အဆိပ်ခတ်ထားရမည် ဖြစ်သည်။ ကျားဘုရင် မူးယစ်နေချိန်တွင်၊ သူမသည် အဆိပ်ခတ်ထားသော ဝိုင်ကို သောက်စေရန် လှည့်ဖြားရမည် ဖြစ်သည်။
ထို့နောက်၊ အရိပ်ထဲတွင် ပုန်းအောင်းနေသော ချူလျန်သည် သူ့ကို သတ်ဖြတ်ရန် ဓားဖြင့် ရုတ်တရက် တိုက်ခိုက်မည် ဖြစ်သည်။
အကယ်၍ စတုတ္ထ သို့မဟုတ် ပဉ္စမအဆင့် ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ပါက၊ ချူလျန်သည် ဤကဲ့သို့ ပြုမူမည် မဟုတ်ပေ။ သို့သော် ဤအရာသည် ပိုမိုမြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိသည့် မိစ္ဆာဖြစ်နေသဖြင့်၊ စိန်ခေါ်ရကျိုး နပ်ပေသည်။
အကယ်၍ တစ်စုံတစ်ရာ လွဲချော်သွားပါက၊ သူသည် ကျောက်စိမ်းအဆောင်ကို ရိုးရှင်းစွာ ချိုးဖျက်လိုက်ရုံဖြင့် သူ၏ ဆရာသခင်ကို ဆင့်ခေါ်နိုင်လေသည်။
ချူလျန်သည် တိနွီဖုန့်အကြောင်း ကောင်းကောင်းသိထားပြီး၊ ဤအချိန်တွင် သူမ အရက်အလွန်အကျွံ သောက်ထားလိမ့်မည် မဟုတ်ဟု ယူဆရသည်။ လက်ဖက်ရည်တစ်ခွက် ဖျော်ချိန်အတွင်း သူမ အပြေးရောက်လာနိုင်သည်။ ဤစိတ်ချရမှုက သူ့ကို ဤမျှ အန္တရာယ်များသော အစီအစဉ်ကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်စေခြင်းပင် ဖြစ်သည်။
ကျားဘုရင် မင်္ဂလာအိပ်ခန်းထဲသို့ မပြန်မီ၊ ချူလျန်သည် အတွင်းသို့ ခိုးဝင်ပြီး ပုန်းအောင်းနေရန် လိုအပ်သည်။
ထို့ကြောင့်၊ သူ ထရပ်လိုက်ပြီး ဂူ၏ အနောက်ဘက်သို့ တိတ်တဆိတ် ရွေ့လျားသွားလိုက်သည်။
နောက်ဘက်ခန်းမသည် စန်းလင်တောင်အတွင်းရှိ ကျားဘုရင်နှင့် အကြီးတန်းမိစ္ဆာအချို့ နေထိုင်ရာနေရာဖြစ်ပြီး၊ ချမ်းသာသော အိမ်ထောင်စုတစ်ခု၏ နောက်ဖေးခြံဝင်းနှင့် အတော်လေး တူသည်။ မင်္ဂလာအိပ်ခန်းသည်လည်း ထိုနေရာတွင် ရှိ၏။
ပုံမှန်အားဖြင့်၊ မိစ္ဆာဂူများသည် လုံခြုံရေး တင်းကျပ်လေ့ မရှိသဖြင့်၊ ပေါ့ပေါ့ပါးပါး သွားလာခြင်းသည် ပြဿနာ မဟုတ်ပေ။
သို့သော်၊ ကျားဘုရင်သည် သူ၏ နယ်မြေအပေါ် အနည်းငယ် ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုကို ထားရှိပြီး၊ နောက်ဘက်ခန်းမတွင် ကင်းလှည့်နေသော မိစ္ဆာငယ် အတော်များများ ရှိနေလေသည်။
ထိုအချိန်တွင်၊ ပတ်ဝန်းကျင်ရှိ မိစ္ဆာငယ်အားလုံးသည် အတော်လေး မူးနေကြပြီး၊ အစောင့်များသည် အာရုံစိုက်မှု သိပ်မရှိကြသဖြင့်၊ ချူလျန်သည် နောက်ဘက်ခန်းမထဲသို့ ခိုးဝင်နိုင်တော့မည့်ပုံ ပေါက်နေသည်။
သို့သော်၊ ခေါင်းပေါ်တွင် ချိုကြီးနှစ်ချောင်းပါရှိသော နွားမိစ္ဆာတစ်ကောင်က ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာပြီး၊ ချူလျန်၏ ပခုံးကို ပုတ်ကာ တောင်းဆိုလိုက်သည်။
"စကားဝှက်..."
"အမ်..." ချူလျန် ရင်ထိတ်သွားရသည်။
‘သောက်ကျိုးနည်း… စကားဝှက် ရှိတယ်တဲ့လား...’
ဘုရင်ခုနစ်ပါးတောင်တန်းမှ လာသော ကျားဘုရင်သည် စန်းလင်တောင်အတွင်း၌ လုံခြုံရေးကို အမှန်တကယ်ပင် တင်းကျပ်စွာ အကောင်အထည် ဖော်ထားခဲ့သည်။
ချူလျန်သည် ဘယ်ဘက်လက်ရှိ ဓားပျံလက်ကောက်ကို မထိဘဲ မနေနိုင်တော့ဘဲ ကြုံရာကျပန်း ပြောလိုက်သည်။ "ကောင်းကင်ဘုရင်က မြေကမ္ဘာကျားကို လွှမ်းမိုးတယ်..."
တစ်ဖက်လူက သူ့ကို စိန်ခေါ်သည်နှင့်တစ်ပြိုင်နက် ဓားဖြင့် လှုပ်ရှားရန် သူ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် မိစ္ဆာတစ်ကောင်ကို ချက်ချင်း ခုတ်ပိုင်းပစ်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိ ဆရာသခင်ကို ဆင့်ခေါ်လိုက်မည် ဖြစ်သည်။
သို့သော်…
ရလဒ်သည်ကား မမျှော်လင့်ထားသော အရာ ဖြစ်နေချေသည်…။
အံ့သြစရာ ကောင်းလောက်အောင်ပင်၊ နွားမိစ္ဆာသည် စကားဝှက်ကို ကြားပြီးနောက်၊ ခေါင်းညိတ်ကာ ချူလျန်ကို ဂရုမစိုက်ဘဲ ကျော်သွားလေသည်။
ဟင်...
ချူလျန် ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားမိသည်။ သူ စကားဝှက်ကို မှန်အောင် ခန့်မှန်းနိုင်ခဲ့သည်လော။ အကယ်၍ မှန်ခဲ့လျှင်၊ ၎င်းသည် အတော်လေး ရယ်စရာ ကောင်းနေပေလိမ့်မည်။
သူ အလွန် အံ့သြသွားသောကြောင့်၊ နွားမိစ္ဆာ၏ ကျောပြင်ကို အနည်းငယ် ကြာအောင် စိုက်ကြည့်မနေဘဲ မနေနိုင်တော့ပေ။ နွားမိစ္ဆာသည် နောက်ဘက်ခန်းမထဲသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်သွားပြီး လမ်းတွင် ကင်းလှည့်နေသော မိစ္ဆာငယ်နှစ်ကောင်နှင့် တွေ့ဆုံသည်ကို သူ သတိပြုမိလိုက်သည်။
မိစ္ဆာတစ်ကောင်က သူ့ကို လှမ်းအော်မေးလိုက်သည်။ "စကားဝှက်..."
ထို့နောက်၊ နွားမိစ္ဆာက ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။ "ကောင်းကင်ဘုရင်က မြေကမ္ဘာကျားကို လွှမ်းမိုးတယ်..."
မိစ္ဆာနှစ်ကောင်သည် ချက်ချင်းပင် လက်နက်များကို ဆွဲထုတ်လိုက်ပြီး အော်ဟစ်လိုက်ကြသည်။ "သူလျှိုဗျို့..."
ထိုအချိန်တွင်၊ နွားမိစ္ဆာသည် ချူလျန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ တုံ့ဆိုင်းသွားပြီး ခေါင်းကို စောင်းလိုက်ရာ သူ၏ချိုများထဲမှ တစ်ချောင်းသည် တစ်ဝက်ခန့် ပြုတ်ထွက်လာလေသည်။
ထိုမျက်နှာထားသည် စာမေးပွဲဖြေဆိုစဉ်က သူ၏ အဖြေမှားများကို ကူးချမိသော အတန်းဖော်တစ်ဦး၏ မျက်နှာထားနှင့် ဆင်တူနေ၏။
သူ၏ မျက်လုံးများထဲရှိ အကြည့်သည် လှည့်ဖြားခံလိုက်ရသကဲ့သို့ ဇဝေဇဝါဖြစ်ခြင်းနှင့် အံ့သြမှင်သက်ခြင်းတို့ ရောပြွမ်းနေလေတော့သည်။
(စကားချပ် - ယခင်က ဆန်းကြယ်အဆင့်ကို နက်နဲအဆင့် လို့ ပြောင်းလဲသုံးပါမယ်။
"ကောင်းကင်ဘုရင်က မြေကမ္ဘာကျားကို လွှမ်းမိုးတယ်” ဆိုတာက တရုတ်အွန်လိုင်းလောကမှာ လူလိမ်တွေအချင်းချင်း ပြန်ဂျင်းတာမျိုးမဖြစ်ရအောင် တစ်ယောက်က “ကောင်းကင်ဘုရင်” လို့ဆိုရင် နောက်တစ်ယောက်က “မြေကမ္ဘာကျား” လို့ ပြန်ပြောတာမျိုးပါ။ ဒီကလိုဆို ကျားဖြန့်တွေအချင်းချင်း တိုင်ပင်ခေါ်တဲ့သဘောပေါ့ဗျာ။)