← Chapters

ကျားအမြုတေအားဖြည့်ဆေးလုံး

Vol. 5 Ch. 47

ကျားအမြုတေအားဖြည့်ဆေးလုံး

Vol. 5 Ch. 47

ခေါင်စန်းမြို့။

ဤမြို့သည် မြင့်မားထည်ဝါလှသော ကျန်းနန်တောင်တန်းနှင့် ကပ်လျက်တည်ရှိသဖြင့် အရုဏ်ဦးနေရောင်ခြည်သည် တောင်ထိပ်များကို ကျော်ဖြတ်ကာ မြို့ထဲသို့ ကျရောက်ရန် အနည်းငယ် နောက်ကျတတ်သော်လည်း နေဝင်ချိန်မှာမူ အမြဲတစေ စောလွန်းလှလေသည်။

ယနေ့ နေဝင်ရီတရောအချိန်တွင် မြို့တံခါးများ မပိတ်မီလေးမှာပင် ထင်ရှားပေါ်လွင်သော လူငယ်နှစ်ဦး မြို့ထဲသို့ ဝင်ရောက်လာကြသည်။

တစ်ဦးမှာ သပ်ရပ်ချောမောပြီး နူးညံ့သိမ်မွေ့သော အပြုံးကို ဆင်မြန်းထားသည်။ အခြားတစ်ဦးမှာမူ အရပ်ရှည်ရှည်၊ ကြွက်သားအမြှောင်းမြှောင်းနှင့်ဖြစ်ပြီး ကျောပေါ်တွင် အဝတ်ဖြင့် ပတ်ထားသော ရှည်လျားသည့် လက်နက်တစ်ခုကို လွယ်ပိုးထားလေ၏။

သူတို့မှာ ရှုတောင်တပည့် ချူလျန်နှင့် မဟာကြယ်တာရာဂိုဏ်းတပည့် ယွမ်ချောင်ရှန်းတို့ပင် ဖြစ်ကြပေသည်။

မူလက ယွမ်ချောင်ရှန်းသည် မိစ္ဆာနတ်ဘုရားစေတမန်ကို အတူတကွ နှိမ်နင်းရန် ချူလျန်အား ဖိတ်ခေါ်ခဲ့စဉ်က ချူလျန် ငြင်းပယ်ရန် စဉ်းစားခဲ့ဖူး၏။

အဘယ်ကြောင့်ဆိုသော် ယွမ်ချောင်ရှန်းက ချူလျန်၏ ဓားတစ်သောင်းတံဆိပ် သိုင်းကွက်ကြောင့် သူ့အပေါ် လေးစားကြည်ညိုနေသော်လည်း ချူလျန်ကိုယ်တိုင်ကမူ မိမိအရည်အချင်း မည်သည့်အဆင့်တွင်သာ ရှိသည်ကို ကောင်းစွာ သိရှိထားသောကြောင့်ပင် ဖြစ်သည်။

ဤကဲ့သို့သော တိုက်ပွဲမျိုးမှာ သူ့အတွက် အနည်းငယ် မြင့်မားလွန်းနေသေး၏။

သို့သော် ယွမ်ချောင်ရှန်းက ဆက်တိုက် တိုက်တွန်းခဲ့ပြီး ကိစ္စပြီးမြောက်ပါက ရရှိသမျှ အကျိုးအမြတ် အားလုံးကို ချူလျန်အား ပေးမည်ဟု ကတိပြုခဲ့သည်။ သူကိုယ်တိုင်မှာမူ ဂိုဏ်းက ပေးအပ်ထားသော နတ်ဘုရားစေတမန်ကို သုတ်သင်ရန် တာဝန်ပြီးမြောက်လျှင် ကျေနပ်ပြီဟု ဆိုလေသည်။

ထိုသို့ ပြောလာသောအခါ ချူလျန် စိတ်လှုပ်ရှားသွားရပြန်ချေသည်။

မှန်ပေသည်၊ ၎င်းမှာ ယွမ်ချောင်ရှန်း၏ စေတနာကြောင့်သာ ဖြစ်ပြီး အခြားအကြောင်းကြောင့် မဟုတ်ပေ။

ဟုတ်ပေသည်။

အရင်က ဆရာသခင်ကို ဆင့်ခေါ်သည့် ကျောက်စိမ်းအဆောင်ကို အသုံးမပြုခဲ့ရသဖြင့် ယခုတိုင် သူ့ထံတွင် ဆင့်ခေါ်ခွင့် တစ်ကြိမ် ကျန်ရှိနေသေးသည်။ ဤမျှလောက် စွန့်စားရသည့် ကိစ္စမျိုးကို သူ မပါဝင်နိုင်စရာ အကြောင်းမရှိတော့ပေ။

'စမ်းကြည့်လိုက်တာပေါ့... ကံကောင်းရင် ဆုလာဘ်ကြီးကြီးမားမား ရနိုင်တာပဲ...'

သူသည် အရှေ့ဘက်တောင်တန်းရှိ တောကြောင်ဂူသို့ ဦးစွာ ပြန်သွားပြီး ကြောင်ဘုရင်ကြီးနှင့် မင်ကတော်တို့ မောင်နှမနှစ်ဦးကို တွေ့ဆုံကာ ဘေးကင်းကြောင်း အတည်ပြုပြီးမှ စိတ်အေးလက်အေး ထွက်ခွာလာခဲ့ခြင်း ဖြစ်၏။

ထိုအချိန်၌ စန်းလင်တောင်ရှိ မိစ္ဆာများမှာ ကျားဘုရင် သေဆုံးသွားပြီဖြစ်ကြောင်း ကြားသိရသည်နှင့် တပြိုင်နက် ဖရိုဖရဲ ထွက်ပြေးကုန်ကြသဖြင့် မောင်နှမနှစ်ဦးလည်း လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ နောင်အနာဂတ်တွင်လည်း ကျားဘုရင်က သူတို့ကို ဒုက္ခပေးနိုင်တော့မည် မဟုတ်ပေ။

မင်ကတော်သည် ချူလျန်အား အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုပြီးနောက် အရာရှိမင်နှင့်အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းရန် အိမ်သို့ ပြန်သွားခဲ့လေပြီ။

မိဘအိမ်သို့ ပြန်လာစဉ် ဒုတိယအကြိမ် အတင်းအကျပ် လက်ထပ်ပေးခံရလုနီးပါး ဖြစ်ခဲ့ရသဖြင့် သူမ၏ စိတ်နှလုံးထဲတွင် အိမ်သို့သာ အမြန်ဆုံး ပြန်လိုနေတော့၏။

သူတို့ ဘေးကင်းသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်မှသာ ချူလျန်သည် ယွမ်ချောင်ရှန်းနှင့်အတူ ခရီးဆက်ခဲ့ခြင်း ဖြစ်ပေသည်။

နတ်ဘုရားစေတမန်၏ တည်နေရာကို ယွမ်ချောင်ရှန်း မည်သို့ ရှာဖွေနိုင်သနည်း ဟူသော မေးခွန်းနှင့် ပတ်သက်၍မူ သူက တဟဲဟဲ ရယ်မောရင်း ပြောပြလေ၏။

"အစောပိုင်း ငါ သူ့ကို လက်သီးနဲ့ တစ်ချက်ထိုးလိုက်တုန်းက လှည့်ကွက်လေး တစ်ခု သုံးခဲ့တာလေ... သူ့ကိုယ်ပေါ်မှာ ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ကောင်းကင်အသံလှိုင်းကို ထည့်သွင်းထားခဲ့တယ်..."

"(၃)ရက်အတွင်းမှာ သူ့ရဲ့ အရိပ်အယောင်မှန်သမျှ ငါ့လက်ခုပ်ထဲမှာပဲ ရှိနေမှာ... ဒါပေမဲ့ ကောင်းကင်အသံလှိုင်းက တည်နေရာ အတည်ပြုဖို့အတွက် အသံပြန်လာတာကို စောင့်ရတော့ အချိန်နည်းနည်း ကြာတတ်တယ်... အဲဒါကြောင့် သူရှိတဲ့နေရာ ရောက်သွားတဲ့အချိန်မှာ သူ ထွက်သွားတာမျိုး ဖြစ်နိုင်တာပေါ့... ဒါပေမဲ့ သူ တစ်နေရာရာမှာ ခဏလောက် ရပ်နားလိုက်တာနဲ့ ငါ့လက်ထဲကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး..."

"အရင်တုန်းကလည်း ဒီနည်းစနစ်ကို သုံးပြီးတော့ပဲ စန်းလင်တောင်ကို ငါ ရှာတွေ့ခဲ့တာလေ... အခု နောက်ဆုံး အသံပြန်ကြားရတဲ့ နေရာက ဒီခေါင်စန်းမြို့နားမှာပဲ... တကယ်လို့ သူ မြို့ထဲကို ဝင်သွားခဲ့မယ်ဆိုရင် အလွယ်တကူနဲ့ ပြန်ထွက်ဦးမှာ မဟုတ်ဘူး... ဒီည ကုန်ဆုံးသွားတာနဲ့ သူ့ရဲ့ တိကျတဲ့ တည်နေရာကို ငါ ရှာတွေ့နိုင်လိမ့်မယ်..."

ထိုသို့ ပြောလိုက်စဉ် ယွမ်ချောင်ရှန်းသည် ယုံကြည်မှုရှိရှိ လက်သီးကို ဆုပ်ကိုင်လိုက်သည်။

ဤလူငယ်မှာ ဤမျှအထိ လိမ္မာပါးနပ်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ချူလျန်က ချီးကျူးလိုက်လေသည်။ "ညီအစ်ကိုယွမ်က တကယ်ကို ဉာဏ်ကောင်းတာပဲ..."

"ဒါပေါ့ကွာ..." ယွမ်ချောင်ရှန်းက ပါးစပ်ကို နားရွက်တက်ချိတ်မတတ် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ငါတို့ မဟာကြယ်တာရာဂိုဏ်းမှာ ငါက ဦးနှောက်အပြေးဆုံးပဲလေ..."

"မှန်တာပေါ့..." ချူလျန် ခေါင်းညိတ်လိုက်လေသည်။

တပြိုင်နက်တည်းမှာပင် မဟာကြယ်တာရာဂိုဏ်း၏ အနာဂတ်အတွက် ချူလျန်တစ်ယောက် တိတ်တဆိတ် စိုးရိမ်မိသွားတော့၏။

...

မြို့ထဲသို့ ဝင်ရောက်ပြီးနောက် မိုးချုပ်သွားပြီဖြစ်သဖြင့် သူတို့နှစ်ဦးသည် တည်းခိုခန်းတစ်ခု ရှာဖွေကာ အနားယူလိုက်ကြသည်။ အခန်းနှစ်ခန်း ယူလိုက်ပြီး နောက်တစ်နေ့ မနက်တွင်မှ ပြန်လည်ဆုံတွေ့ရန် ချိန်းဆိုလိုက်ကြလေ၏။

အခန်းထဲသို့ ရောက်သောအခါ ချူလျန် ကိုယ်လက်သန့်စင်ပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်၏။ နောက်ဆုံးတွင်မှ သူ အေးဆေးနားယူခွင့် ရရှိပြီး မိမိကိုယ်ကိုယ် ဆုချရန် အချိန်ရသွားတော့ပေသည်။

ကျားဘုရင်ကို သတ်ဖြတ်ခဲ့ပြီးနောက် ယခုအခါ စေတီတော်ဖြူအတွင်း၌ ကျားတစ်ကောင်၏ ရွှေရောင်ပုံရိပ်ယောင် နောက်တစ်ခု တိုးလာခဲ့ချေပြီ။

"သန့်စင်..." တုံ့ဆိုင်းမနေဘဲ သန့်စင်ခြင်းခလုတ်ကို ချက်ချင်း နှိပ်လိုက်လေသည်။

ဝုန်း...။

အလင်းတန်းများ ပွင့်ထွက်လာပြီးနောက် ချူလျန် ဖမ်းယူလိုက်သောအခါ ၎င်းသည် အဖြူရောင် ဆေးလုံးတစ်လုံး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။

[ ကျားအမြုတေအားဖြည့်ဆေးလုံး - သဘာဝအတိုင်း ရရှိသော ကျားရိုင်း၏ အမြုတေအနှစ်သာရများ ပါဝင်သည့် အဆင့်မြင့်ဆေးလုံး ဖြစ်သည်။ သောက်သုံးသူသည် ကျား(၁၀)ကောင်၏ အားအင်ကို ရရှိနိုင်မည့်အပြင် သွေးလေလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ အိပ်ပျော်စားဝင်စေခြင်းနှင့် ယောက်ျားတို့၏ စွမ်းဆောင်ရည်ကို ပြန်လည်နိုးကြားစေခြင်း တို့ကို ရရှိစေမည် ဖြစ်ပေသည်။ ]

"ဝိုး..." ဤဆေးလုံး၏ အစွမ်းကို သိလိုက်ရသောအခါ ချူလျန်တစ်ယောက် မအော်ဘဲမနေနိုင် ဖြစ်သွားရလေသည်။

တကယ့်ကို စွမ်းအားကြီးလှပါပေ၏။

အကျိုးသက်ရောက်မှု အမြောက်အမြား ရှိပုံရသော်လည်း အသုံးဝင်ဆုံးမှာမူ ကျား(၁၀)ကောင်အား တိုးပွားစေခြင်းပင် ဖြစ်ချေသည်။

ကျား(၁၀)ကောင်အား...။

လမ်းစဉ်ကြီး (၃)သွယ်မှ ကျင့်ကြံသူများသည် သိုင်းပညာကျင့်ကြံသူများနှင့် မတူညီကြပေ။ နယ်ပယ် (၃)ခုနှင့် အဆင့် (၉)ဆင့်အတွင်း ရုပ်ခန္ဓာကို အပြည့်အဝ လေ့ကျင့်ရသော အဆင့်မှာ ပထမအဆင့်ဖြစ်သော ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နှင့် ဆဋ္ဌမအဆင့်ဖြစ်သော သာလွန်အဆင့်တို့သာ ရှိလေသည်။

သို့သော် သာလွန်အဆင့်သည် သာမန်ရုပ်ခန္ဓာကိုယ်ကို ထူးခြားသော ဝိညာဉ်စွမ်းအင်များ အပ်နှင်းရန် ရည်ရွယ်ခြင်းသာဖြစ်ပြီး ခွန်အားသက်သက်ကို လေ့ကျင့်ခြင်း မဟုတ်ချေ။

ထို့ကြောင့် ကျင့်ကြံခြင်းလမ်းစဉ် တစ်လျှောက်လုံးတွင် အစပိုင်း၌သာ ရုပ်ခန္ဓာခွန်အားကို အများဆုံး တိုးမြှင့်နိုင်လေ့ ရှိကြ၏။

မှန်ပေသည်၊ ချီကြောများ ပွင့်သွားပြီးနောက် ကျင့်ကြံခြင်းအဆင့် မြင့်မားလာပါက အားအင်များ ပိုမိုကြီးမားလာမည် ဖြစ်သော်လည်း ၎င်းမှာ စစ်မှန်သော ရုပ်ခန္ဓာခွန်အား မဟုတ်ပေ။

ဥပမာအားဖြင့် တာအိုသိရှိခြင်းအဆင့်သို့ ရောက်ရှိထားသော အစွမ်းထက် ကျင့်ကြံသူတစ်ဦးသည် တောင်များကို လက်ဗလာဖြင့် မ,နိုင်သော်လည်း အတွင်းအားချီစွမ်းအင် စိုးစဉ်းမျှမသုံးဘဲ ရုပ်ခန္ဓာခွန်အားသက်သက်ဖြင့်ဆိုလျှင်မူ အစောပိုင်းအဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သာလွန်နေမည် မဟုတ်ပေ။

သို့သော် ဤကျား(၁၀)ကောင်အားမှာမူ စစ်မှန်သော ရုပ်ခန္ဓာခွန်အားအဖြစ် တိုက်ရိုက် ပေါင်းထည့်ပေးခြင်း ဖြစ်ပေသည်။

ဤဆေးလုံးကို သောက်သုံးပြီးနောက် ခွန်အားသက်သက်ဖြင့်ဆိုလျှင် ချူလျန်သည် သိုင်းပညာကျင့်ကြံသူ အများအပြားထက်ပင် ပိုမို သန်မာလာပေလိမ့်မည်။

အကယ်၍သာ သိုင်းပညာကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့လျှင် ဤကဲ့သို့ ခွန်အားကို တိုးစေသော ဆေးလုံးများကို သောက်သုံးရန် စဉ်းစားရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပြင်ပအားဖြင့် ရရှိသော ခွန်အားမှာ ထိန်းချုပ်ရန် ခက်ခဲသည့်အပြင် မိမိ၏ ပါရမီကိုလည်း ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ချူလျန်သည် သိုင်းပညာကျင့်ကြံသူ မဟုတ်သဖြင့် ဤကျား(၁၀)ကောင်အားမှာ သူ့အတွက် အလကားရသော ဆုလာဘ်ကဲ့သို့ ဖြစ်နေ၏။ အနာဂတ်တွင် ထပ်မံ တိုးပွားလာနိုင်ခြင်း ရှိမရှိကိုလည်း စိတ်ပူနေစရာ မလိုတော့ပေ။

ခဏတာ တွေးတောပြီးနောက် သူသည် တုံ့ဆိုင်းမနေဘဲ ဤကျားအမြုတေအားဖြည့်ဆေးလုံးကို သောက်သုံးလိုက်လေ၏။

ဝူး...။

ဆေးလုံး ဗိုက်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပူနွေးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားလေသည်။

ချူလျန်၏ ခန္ဓာကိုယ် အဆစ်အမြစ်များမှာ မထိန်းချုပ်နိုင်ဘဲ အသံများ ထွက်ပေါ်လာပြီး တဂျောက်ဂျောက် မြည်သံများ ဆက်တိုက် ထွက်ပေါ်နေချေ၏။ ခန္ဓာကိုယ်အတွင်း၌ ကျားရိုင်းတစ်ကောင် နိုးထလာပြီး အကြောဆန့်နေသည့်အလား ခံစားလိုက်ရလေသည်။

"အား..."

အချိန်အတော်ကြာပြီးနောက် ချူလျန် တိုးညှင်းသော ဟိန်းဟောက်သံတစ်ခု ပြုလုပ်လိုက်ပြီး မျက်လုံးများ ပွင့်လာ၏။

သေချာ အာရုံမခံစားကြည့်လျှင် ခန္ဓာကိုယ်အတွင်း၌ မည်သည့် အပြောင်းအလဲမျှ ရှိမနေသကဲ့သို့ပင် ဖြစ်သည်။

သို့သော် သူသည် အလွန်တရာ ပင်ပန်းနွမ်းနယ်နေပြီး တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်ကာ ရေငတ်သလို ခံစားနေရလေသည်။

ချူလျန် ထရပ်လိုက်ပြီး ရေတစ်ခွက် ငှဲ့ရန် ပြင်လိုက်၏။

သို့သော် ဘယ်လက်ဖြင့် ရေခွက်ကို ကိုင်လိုက်သည့် အခိုက်အတန့်၌ပင်...

ခွမ်း...။

ကြွေရေခွက်မှာ ချက်ချင်းပင် အမှုန့်အဖြစ် ပြောင်းလဲသွားပြီး ရေများမှာ ချူလျန်၏ ဘောင်းဘီပေါ်သို့ ဖိတ်စင်ကုန်တော့၏။

"အဲ..." သူ လက်ဖဝါးထဲရှိ ကွာခြားမှုကို ခံစားလိုက်ရသည်။ သူသည် ပုံမှန်အားဖြင့် ရေခွက်ကို ကိုင်လိုက်ခြင်း ဖြစ်သော်လည်း မမျှော်လင့်ဘဲ ရေခွက်ကို ချေမွပစ်လိုက်ခြင်း ဖြစ်ချေ၏။

ကြည့်ရသည်မှာ ဤဆေးလုံးမှ ရရှိသော ခွန်အားအသစ်ကို ထိန်းချုပ်နိုင်ရန် အချိန်တစ်ခု လိုအပ်ဦးမည် ဖြစ်ပေသည်။

ခဏလောက်တော့ သူ အသားကျအောင် နေထိုင်ရပေမည်။

အထူးသဖြင့် မျက်နှာသစ်သည့် အချိန်မျိုးတွင် အလွန် သတိထားရပေလိမ့်မည်။

ထိုသို့ တွေးနေစဉ်မှာပင် အပြင်ဘက်မှ စိုးရိမ်တကြီး မေးမြန်းသံကို ကြားလိုက်ရလေသည်။

"ညီအစ်ကိုချူ... ဘာဖြစ်လို့လဲ..."

ယွမ်ချောင်ရှန်းပင် ဖြစ်လေ၏။

"အမ်..." ချူလျန် တံခါးကို သွားဖွင့်ပေးလိုက်ပြီး မေးလိုက်လေသည်။ "ညီအစ်ကိုယွမ်... ဘာဖြစ်လို့လဲ..."

"စောစောက အထဲက ဟိန်းဟောက်သံ ကြားလိုက်သလိုပဲ... ဒါနဲ့ အခြေအနေ လာကြည့်တာ..." ယွမ်ချောင်ရှန်း စကားပြောရင်းနှင့် ချူလျန်၏ ပုံစံကို မြင်လိုက်ရသောအခါ ရပ်တန့်သွားရလေသည်။

သူသည် ဘေးအခန်းမှ ချူလျန်၏ တိုးညှင်းသော ဟိန်းဟောက်သံကို ကြားလိုက်သဖြင့် အခြေအနေ လာကြည့်ခြင်း ဖြစ်၏။

သို့သော် ယခု သူ မြင်တွေ့နေရသည်မှာ ချူလျန်တစ်ယောက် ချွေးများ ရွှဲနစ်နေပြီး၊ အသက်ရှူသံများ မြန်ဆန်ကာ၊ အလွန်တရာ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေခြင်းပင် ဖြစ်သည်။

ထို့အပြင် ဘောင်းဘီပေါ်တွင်လည်း အမည်မသိ အရည်များဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရလေ၏။

သူ ချက်ချင်း သဘောပေါက်သွားလေသည်။

ယွမ်ချောင်ရှန်း၏ မျက်နှာမှာ ရုတ်တရက် အနေရခက်သွားပြီး ပြောလိုက်၏။ "အားနာလိုက်တာ ညီအစ်ကိုချူ... ငါ အနှောင့်အယှက် ပေးမိပြီ ထင်တယ်..."

ထိုသို့ ပြောပြီးသည်နှင့် သူသည် နောက်လှည့်ကာ အလျင်အမြန် ထွက်ပြေးသွားတော့လေသည်။

"ဟေး..." ချူလျန် သူ့ကို လှမ်းခေါ်ရန် ပြင်လိုက်သော်လည်း မမီတော့ချေ။

'ဒီလူရိုးကြီးကတော့... ဘာကို အနှောင့်အယှက် ပေးမိတယ်လို့ ပြောတာတုန်းဟ...'

လက်ကို မြှောက်လိုက်သည့် အခိုက်အတန့်၌ပင် အိတ်ကပ်ထဲမှ တစ်စုံတစ်ခု တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။

ချူလျန် စိတ်လှုပ်ရှားသွားလေသည်။

ဝိညာဉ်ချုပ်တံဆိပ်ပြားက သတင်းပို့နေပြီ ဖြစ်လေ၏။

...

All Chapters