ကျင့်ကြံသူများ၏ အရောင်းအဝယ်
Vol. 5 Ch. 48
သတင်းအချက်အလက် တစ်စုံတစ်ရာ လွတ်သွားမည်ကို စိုးရိမ်သလို၊ သူတစ်ပါး သံသယဖြစ်မည်ကိုလည်း ကြောက်ရွံ့သဖြင့်၊ ချူလျန်သည် ယွမ်ချောင်ရှန်းကို ဂရုမစိုက်နိုင်တော့ဘဲ တံခါးပိတ်ကာ ဝိညာဉ်ချုပ်တံဆိပ်ပြားကို ထုတ်ယူပြီး စစ်ဆေးလိုက်သည်။
သူ၏ ဝိညာဉ်အာရုံသည် ဝိညာဉ်ဘုံနယ်ပယ်ထဲသို့ ဝင်ရောက်သွားပြီး၊ တောက်ပသော ရွှေရောင်စာလုံးများကို တွေ့လိုက်ရသည်။
[ ၅၉ ] : "ကျုပ် ရှေးဟောင်းလူဝံအမြုတေ တစ်ခု ရထားတယ်... ကိုယ်တိုင်တော့ သုံးဖို့မလိုဘူး... တခြားရတနာတွေနဲ့ လဲလှယ်ချင်တယ်... လိုချင်တဲ့သူ ရှိလား..."
အိုး...
ဒီအဖွဲ့က အရောင်းအဝယ်လုပ်ဖို့ပါ အသုံးဝင်တာကိုး…။
ထို့နောက် 'မိစ္ဆာ' ထံမှ မှတ်ချက်တစ်ခု ချက်ချင်း တက်လာသည်။
[ မိစ္ဆာ] : "ရှေးဟောင်းလူဝံအမြုတေ ဆိုတာ တော်တော် ရှားတယ်... အချိန်အခါနဲ့ နေရာဒေသ သင့်မြတ်မှသာ ဖြစ်ပေါ်လာတတ်တာ... တိုက်ခိုက်ရေးအမျိုးအစား သရဲတစ္ဆေတွေနဲ့ မိစ္ဆာတွေကို ကျွေးလိုက်ရင် သူတို့ရဲ့ တိုက်ခိုက်စွမ်းရည် အဆင့်အတန်း တစ်ခုလုံး မြင့်တက်သွားစေနိုင်တယ်... မင်းရဲ့ အမြုတေက နှစ်ဘယ်လောက် သက်တမ်းရှိပြီလဲ..."
[ ၅၉ ] : "နှစ်(၃၀၀)ဝန်းကျင်လောက်ပါ..."
[မိစ္ဆာ ] : "ဒါဆိုရင် တော်တော် တန်ဖိုးရှိတာပဲ... သူတို့နှစ်ယောက် လိုချင်လား အရင်မေးကြည့်လိုက်... တကယ်လို့ မလိုဘူးဆိုရင် တခြား ဝိညာဉ်ဘုံနယ်ပယ်တွေကို ငါ ကူမေးပေးမယ်..."
[ ၅၉ ] : "ကျေးဇူးတင်ပါတယ် အရှင်မိစ္ဆာ..."
သူ၏ ရှင်းပြချက်က အတော်လေး အသေးစိတ်ကျသဖြင့်၊ ချူလျန်တစ်ယောက် ထိုပစ္စည်း၏ အသုံးဝင်ပုံကို ချက်ချင်း နားလည်သွားသည်။
သရဲတစ္ဆေများတွင် အရေခွံခြယ်သရဲ၊ ဝိညာဉ်နှုတ်သရဲကဲ့သို့ အသွင်ပြောင်းလဲတတ်သော အမျိုးအစားများ ရှိသလို၊ ဓားကိုင်သရဲ၊ ရက္ခသာသရဲကဲ့သို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်သော အမျိုးအစားများလည်း ရှိသည်။
ဤရှေးဟောင်းလူဝံအမြုတေသည် သရဲများအတွက် ကျားအမြုတေအားဖြည့်ဆေးလုံးကဲ့သို့ပင်၊ ၎င်းတို့၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ပုံ ရသည်။
မည်သို့ပင်ဖြစ်စေ သရဲများအား ကျွေးမွေးရုံသက်သက်ဆိုလျှင် သူ သေချာပေါက် အသုံးလိုမည် မဟုတ်ပေ။
သို့သော် ယခု သူက "၅၈" အဖြစ် ဟန်ဆောင်နေရသဖြင့်၊ ဆုံးဖြတ်ရခက်နေရသည်။ သူ အသုံးပြုရန် လိုအပ်သည်၊ မလိုအပ်သည်အား မည်သူ သိနိုင်မည်နည်း။
ထို့ကြောင့် ဘာမှ ဝင်မပြောဘဲ နေလိုက်သည်။
မကြာမီ နောက်ထပ် အကြောင်းပြန်စာတစ်ခု ပေါ်လာသည်။
[ ၆၀ ] : "ကျုပ် လိုချင်တယ်... ဘာနဲ့ လဲချင်လဲ..."
[ ၅၉ ] : "ကျုပ်လည်း မစဉ်းစားရသေးဘူး... တန်ဖိုးချင်း ညီမျှပြီး ကျုပ်အတွက် အသုံးဝင်ရင် ရပြီ..."
[ ၆၀ ] : "ဒါဆိုရင် မိလော်ရွက်စိမ်း နှစ်ရွက်နဲ့ လဲမလား..."
[ မိစ္ဆာ ] : "မိလော်ရွက်စိမ်းက သရဲအများကြီးကို သိမ်းဆည်းထားနိုင်တယ်... ငါတို့ ပုံမှန်သုံးနေကျ ပုလင်းထဲထည့်သိမ်းတဲ့နည်းစနစ်ထက် အများကြီး ပိုအဆင်ပြေတယ်... ပြီးတော့ သရဲတွေ အဲဒီထဲမှာ နေထိုင်ရင် သူတို့ကိုယ်သူတို့ ပြုစုပျိုးထောင်နိုင်ပြီး ကျင့်ကြံခြင်းကို တိုးတက်စေနိုင်တယ်... အကျိုးကျေးဇူး အများကြီး ရှိတယ်... မိလော်ရွက်စိမ်း နှစ်ရွက်ဆိုရင်တော့ ရှေးဟောင်းလူဝံအမြုတေနဲ့ လဲလှယ်ဖို့ လုံလောက်ပါတယ်..."
[ ၅၉ ] : "အရှင်မိစ္ဆာ ဒီလိုပြောမှတော့ သေချာပေါက် ရတာပေါ့... ခင်ဗျား ဘယ်မှာလဲ... အနီးအနားမှာ တောက်ထျယ်ခန်းမ ရှိလား..."
[ ၆၀ ] : "ရှိတယ်... နန်ကွမ်းမြို့ တောက်ထျယ်ခန်းမ..."
[ ၅၉ ] : "ဒါဆို ခင်ဗျားက မိလော်ရွက်စိမ်းကို ပိုင်ဟွာမြို့ တောက်ထျယ်ခန်းမဆီ ပို့လိုက်... ကျုပ် ဒီဘက်ကနေ ရှေးဟောင်းလူဝံအမြုတေကို နန်ကွမ်းမြို့ဆီ ပို့ပေးမယ်..."
[ ၆၀ ] : "ကောင်းပြီ..."
စကားအနည်းငယ် ပြောဆိုပြီးနောက် အရောင်းအဝယ်တစ်ခု ပျော်ရွှင်စွာ ပြီးဆုံးသွားလေသည်။
ထိုအချိန်ကျမှ ချူလျန် ပေါ်လာသည်။
[ ၅၈ ] : "အိုက်ယား... နှမြောစရာပဲ... သူ လက်ဦးသွားတယ်..."
[ ၅၉ ] : "ဟားဟား... စီနီယာ... နောက်တစ်ခေါက်မှပဲပေါ့..."
[ ၅၈ ] : "ကောင်းပြီလေ..."
ရိုးရှင်းစွာ အပေါ်ယံဆားဖြူး စကားဝင်ပြောပြီးနောက် သူ ပြန်လည် ပျောက်ကွယ်သွားကာ အောင်မြင်စွာ ဆုတ်ခွာလိုက်သည်။
ရိုးရှင်းသော ရတနာ အရောင်းအဝယ်တစ်ခု ဖြစ်သည့်အတွက် အပြန်အလှန် ပြောဆိုမှု သိပ်မများလှပေ။ သို့သော် ချူလျန်သည် ထိုအထဲမှ အထူးသတင်းအချက်အလက် အချို့ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။
ပထမဦးစွာ ဤဝိညာဉ်ထိန်းချုပ်သူ (၇၂)ဦးကြား ဆက်ဆံရေးသည် အတော်လေး လျော့ရဲပုံရသည်။
မိစ္ဆာလမ်းစဉ်ဂိုဏ်းများ၏ ထုံးစံအတိုင်း ဂိုဏ်းတူအချင်းချင်း ကောက်ကျစ်စွာ အန္တရာယ်ပြုတတ်ကြသည်။ ထို့ကြောင့် ဂိုဏ်းတူများ ဖြစ်လင့်ကစား သူတို့သည် အချင်းချင်း သတိထားနေကြရသည်။
အရောင်းအဝယ်လုပ်ရာတွင် မျက်နှာချင်းဆိုင် မတွေ့ဘဲ တောက်ထျယ်ခန်းမမှတဆင့် ပြုလုပ်ကြခြင်းက သူတို့ အချင်းချင်း မယုံကြည်ကြကြောင်း၊ တစ်ခါမှပင် မတွေ့ဆုံဖူးကြကြောင်း ပြသနေသည်။
၎င်းသည် အတွင်း၌ ပုန်းအောင်းနေသော ချူလျန်အတွက် သတင်းကောင်းပင် ဖြစ်သည်။
ထို့အပြင် သူတို့၏ ဖလှယ်မှုက ချူလျန်ကို အတွေးတစ်ခု ရစေသည်။
နောင်တွင် စေတီတော်ဖြူမှ သူ သိပ်မကြိုက်သော ဆုလာဘ်များ ရရှိလာပါက ဤကဲ့သို့ ရောင်းထုတ်ပြီး မိမိလိုအပ်သော ပစ္စည်းများနှင့် လဲလှယ်နိုင်ပေသည်။
ရှုတောင်ပေါ်တွင်လည်း တပည့်များ ဆိုင်ခင်းရောင်းချနိုင်သော ဈေးတန်းလေးတစ်ခု ရှိသော်လည်း၊ ထိုနေရာတွင် သာမန်ပစ္စည်းများသာ ရှိပြီး တန်ဖိုးကြီးရတနာများ ရှားပါးသည်ဟု ကြားဖူးသည်။ ချူလျန် တစ်ခါမျှ သွားမကြည့်ဖူးသော်လည်း နောက်တစ်ခေါက် သွားကြည့်သင့်သည်ဟု တွေးမိသည်။
ရှုတောင်အပြင်ဘက်အတွက်မူ စောစောက သူတို့ပြောသော တောက်ထျယ်ခန်းမ ရှိပေသည်။
ကမ္ဘာလောကရှိ တောက်ထျယ်ခန်းမအားလုံးသည် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းဝင် မြောက်ပိုင်းဒေသမှ တောက်ထျယ်မြို့၏ လက်အောက်ခံများ ဖြစ်ကြသည်။
...
လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က တောက်ထျယ်မြို့သည် သာမန် တတိယတန်းစား အင်မော်တယ်ဂိုဏ်းတစ်ခုသာ ဖြစ်ခဲ့ပြီး၊ သမိုင်းကြောင်းအရ မိစ္ဆာမျိုးနွယ်ကို တိုက်ထုတ်ရန် တည်ဆောက်ထားသော ခံတပ်မြို့တစ်ခု ဖြစ်သည်။ မိစ္ဆာမျိုးနွယ်များ ဆုတ်ခွာသွားပြီးနောက် ၎င်းသည် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
မြို့သည် ခြောက်သွေ့သော မြောက်ပိုင်းမြေပြင်တွင် တည်ရှိပြီး၊ မြေနေရာကျယ်ဝန်းသည်မှလွဲ၍ အခြား ထူးခြားချက်မရှိပေ။
ဂိုဏ်း တဖြည်းဖြည်း ကျဆင်းလာချိန်တွင် ထိုစဉ်က မြို့စားသစ်သည် ထူးခြားသော အကြံဉာဏ်တစ်ခု ရရှိခဲ့သည်။
နေရာကျယ်ဝန်းသည်ကို အခွင့်ကောင်းယူပြီး သူသည် ကျင့်ကြံခြင်းလောကမှ လူအပေါင်းကို တောက်ထျယ်မြို့သို့ လာရောက်ပြီး စီးပွားရေးလုပ်ရန် ဖိတ်ခေါ်စာများ ဖြန့်ဝေခဲ့သည်။
မှန်ပေသည်... ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းပင်။
လူများကို တောက်ထျယ်မြို့သို့ လာရောက်ပြီး အရောင်းအဝယ် လုပ်ကြရန် ဆွဲဆောင်ခြင်း ဖြစ်သည်။
ကျင့်ကြံသူများ၏ ထူးခြားသော သဘာဝကြောင့် ယနေ့ခေတ်တိုင်အောင် အရောင်းအဝယ် အများစုသည် ပစ္စည်းချင်း ဖလှယ်သည့် စနစ်ဖြင့်သာ လည်ပတ်နေကြသည်။
မိမိလိုအပ်သည်ကို တခြားပစ္စည်းတစ်ခုခုနှင့် လဲလှယ်ရပြီး၊ ငွေကြေးသည် ပုံမှန်အားဖြင့် အသုံးမဝင်ပေ။
သို့သော် ပစ္စည်းချင်းဖလှယ်ရာတွင် အကြီးမားဆုံး ပြဿနာမှာ သတင်းအချက်အလက် ကွာဟချက်ပင် ဖြစ်သည်။
တောင်ပိုင်းဒေသမှ ကျန်းစန်း လိုချင်သော ပစ္စည်းသည် မြောက်ပိုင်းဒေသမှ လီစစ် လက်ထဲတွင် ရှိနေနိုင်ပြီး၊ မြောက်ပိုင်းဒေသမှ လီစစ် လိုချင်သော ပစ္စည်းသည် အရှေ့ပိုင်းဒေသမှ ဝမ်ဝူ လက်ထဲတွင် ရှိနေနိုင်သည်။
သို့သော် သူတို့အချင်းချင်း ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း မရှိသဖြင့် မည်သူမျှ မိမိလိုချင်သော ပစ္စည်းကို မရရှိနိုင်ကြပေ။
ထိုသတင်းအချက်အလက် ကွာဟချက် ဖြစ်ပေါ်စေရသည့် အခြား အကြောင်းရင်းတစ်ခုမှာ ကျင့်ကြံသူ အများအပြားသည် မိမိတို့၏ ရတနာများကို ထုတ်ဖော်ပြသရန် မဝံ့ရဲကြခြင်းကြောင့် ဖြစ်သည်။
သာမန်လူတစ်ယောက်က အပြစ်မရှိသော်လည်း ရတနာပိုင်ဆိုင်ထားခြင်းက အပြစ်ဖြစ်လာတတ်သည်။
လူတစ်ယောက်က မိမိတွင် ဘာရတနာရှိကြောင်း၊ ဘာနှင့် လဲလှယ်ချင်ကြောင်း ကမ္ဘာအနှံ့ လိုက်လံကြေညာနေပါက၊ သူ စောင့်မျှော်နေသောသူမှာ စီးပွားရေးသမား မဟုတ်ဘဲ ဓားပြ ဖြစ်လာနိုင်ခြေ များသည်။
အတိုချုပ်ရလျှင် ကန့်သတ်ချက် အမျိုးမျိုးကြောင့် ထိုအချိန်က ကျင့်ကြံသူများ၏ အရောင်းအဝယ်သည် အတော်လေး အဆင်မပြေ ဖြစ်ခဲ့ရသည်။
တောက်ထျယ်မြို့ ပေါ်ပေါက်လာခြင်းက ထိုပြဿနာကို ဖြေရှင်းပေးမည့် နေရာတစ်ခု ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ကမ္ဘာတစ်ဝှမ်းမှ ကျင့်ကြံသူများသည် မိမိတို့ ပိုင်ဆိုင်သော ပစ္စည်းများနှင့် လိုအပ်သော ပစ္စည်းများကို မြို့တွင် စာရင်းတင်ထားနိုင်ပြီး၊ ရှင်းလင်းမြင်သာ၊ လွယ်ကူမြန်ဆန်စေသည်။
တောက်ထျယ်မြို့၏ ဂုဏ်သိက္ခာကို အာမခံချက်အဖြစ် ထားရှိပြီး၊ အရောင်းအဝယ်ပြုလုပ်သူ အားလုံး၏ သတင်းအချက်အလက်များကို တင်းကျပ်စွာ လျှို့ဝှက်ထားသည်။ နှစ်ဖက်စလုံးက အရောင်းအဝယ် ပစ္စည်းများကို တောက်ထျယ်မြို့သို့ ပေးအပ်ရပြီး၊ တောက်ထျယ်မြို့က အမှန်ကန်စစ်ဆေးပြီးမှသာ နှစ်ဖက်စလုံးကို လွှဲပြောင်းပေးအပ်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးသည် ရိုးရှင်းပြီး လုံခြုံသည်။ တောက်ထျယ်မြို့သည် ဝန်ဆောင်ခ အများအပြား ကောက်ခံသော်လည်း၊ ထိုအချိန်မှစ၍ လိမ်လည်ခံရမည့် ပြဿနာကို စိုးရိမ်စရာ မလိုတော့ပေ။ ကျင့်ကြံသူ အများစုသည် ထိုငွေကို လိုလိုလားလား ပေးဆောင်ကြသည်။
အမှန်စင်စစ်အားဖြင့် ချူလျန်ကဲ့သို့ မြင့်မြတ်ဂိုဏ်းများ၊ မြေကမ္ဘာဂိုဏ်းများမှ ဆင်းသက်လာသော အဓိက ကျင့်ကြံသူများသည် ထိုလိုအပ်ချက်ကို ကိုယ်တိုင်ကိုယ်ကျ သိပ်ပြီး နားလည်ခံစားနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းကြီးများအတွင်း၌ အရင်းအမြစ်များ ပေါကြွယ်ဝပြီး လူဦးရေ များပြားသဖြင့်၊ ဂိုဏ်းအတွင်း၌ပင် လည်ပတ်မှု လုံလောက်နေပြီ ဖြစ်သည်။ ရှုတောင်၏ ဓားလဲလှယ်ရေးခန်းမနှင့် ခန်းမဆောင်လေးခုကဲ့သို့ပင်၊ ထိုအရင်းအမြစ် လည်ပတ်မှုတာဝန်ကို ထမ်းဆောင်ပေးထားသည်။
ထို့အပြင် ဂိုဏ်းကြီးများ၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် ပြင်ပလူများနှင့် အရောင်းအဝယ် လုပ်လျှင်ပင် အလိမ်ခံရမည်ကို စိုးရိမ်စရာ မလိုပေ။
သို့သော် အရေအတွက် ပိုမိုများပြားသော သာမန် ကျင့်ကြံသူများအတွက်မူ ဤအရာများသည် အလွန် ခက်ခဲသော ပြဿနာများ ဖြစ်ကြပြီး၊ တောက်ထျယ်မြို့ ပေါ်ပေါက်လာခြင်းသည် ကယ်တင်ရှင် ရောက်လာသကဲ့သို့ ဖြစ်သည်။
သေချာသည်မှာ ထိုကဲ့သို့သော ယုံကြည်မှုကို တည်ဆောက်ရန်မှာ တစ်ရက်တည်းနှင့် ဖြစ်လာသည် မဟုတ်ပေ။
တောက်ထျယ်မြို့မှ မျိုးဆက်ပေါင်းများစွာ ရာစုနှစ်ချီ ကြိုးစားအားထုတ်ပြီးနောက်မှသာ၊ ကမ္ဘာ့ကျင့်ကြံသူများ အသိအမှတ်ပြုသော အရောင်းအဝယ် နေရာတစ်ခု ဖြစ်လာခဲ့ပြီး၊ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း စာရင်းဝင် ဖြစ်လာခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း တောက်ထျယ်မြို့သည် မိမိတို့ ဂိုဏ်းအပြင်ဘက်သို့ပါ လုပ်ငန်းများ တိုးချဲ့လာခဲ့သည်။
ယင်းမှာ မြို့ကြီးများတွင် တောက်ထျယ်ခန်းမများ ဖွင့်လှစ်ခြင်း ဖြစ်သည်။
နှစ်ဖက်စလုံးသည် မည်သည့်နေရာတွင်မဆို အမည်မဖော်ဘဲ အရောင်းအဝယ် ပြုလုပ်နိုင်ပြီး၊ တောက်ထျယ်ခန်းမမှ ပို့ဆောင်ပေးသဖြင့် နောက်ဆက်တွဲကိစ္စများကို စိုးရိမ်စရာ မလိုတော့ပေ။
ဤလုပ်ငန်းများကို ဆောင်ရွက်နေစဉ် တောက်ထျယ်မြို့သည် မိမိတို့၏ အမွေအနှစ်ကိုလည်း မေ့လျော့မထားခဲ့ပေ။ ရရှိလာသော ငွေကြေးအမြောက်အမြားဖြင့် ဂိုဏ်းကို အင်အားဖြည့်တင်းခဲ့ပြီး၊ ဂိုဏ်းသားများလည်း ပိုမို သန်မာလာခဲ့သည်။
ယခုအခါ တောက်ထျယ်မြို့မှ တပည့်များသည် ပစ္စည်းကိရိယာ အားကိုးသူများအဖြစ် ကျော်ကြားသည်။
ထင်ရှားသည်မှာ ချမ်းသာကြွယ်ဝခြင်းပင် ဖြစ်သည်။
အခြား အင်မော်တယ်ဂိုဏ်းများက နည်းစနစ်နှင့် စွမ်းရည်များကို ယှဉ်ပြိုင်နေကြချိန်တွင်၊ သူတို့သည် ယုံကြည်မှု တည်ဆောက်ခြင်း၊ အဆက်အသွယ် ဖန်တီးခြင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ဆောင်ခြင်းတို့မှ ရရှိသော အကျိုးအမြတ်များဖြင့် စွမ်းအားကို တိုးမြှင့်ကာ၊ မိမိတို့၏ ခံတပ်ကို တည်ဆောက်ခဲ့ကြသည်။
တောက်ထျယ်မြို့၏ ကြီးပွားတိုးတက်လာပုံ လုပ်ငန်းစဉ်တစ်ခုလုံးကို ချူလျန် အမြင်အရ ပြောရလျှင် “ဉာဏ်ကောင်းလှသည်” ဟူ၍သာ ပြောနိုင်ပေသည်။
...
ထိုညတွင် စကားမပြောဖြစ်ကြဘဲ၊ နောက်တစ်နေ့ နံနက်စောစောတွင် ချူလျန်သည် ကိုယ်လက်သန့်စင်ပြီးနောက် ဘေးခန်းရှိ ယွမ်ချောင်ရှန်းကို သွားရှာလိုက်သည်။
အခန်းထဲမှ ဟူး... ဟား... အသံများကို ကြားလိုက်ရပြီး၊ ထိုလူသည် အင်္ကျီဗလာဖြင့် အခန်းထဲတွင် သိုင်းကွက် လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။
ချူလျန် စိတ်ထဲမှ ကျိတ်ပြီး ဝေဖန်လိုက်မိသည်။
ကြွက်သားအဖုအထစ် ရှိတဲ့ကောင်တွေက အင်္ကျီဝတ်ရတာ မကြိုက်ကြဘူးလား...
မနေ့က ထိုလူ စန်းလင်တောင်တွင် အင်္ကျီပြဲထွက်သွားပြီးနောက်၊ ခေါင်စန်းမြို့သို့ ရောက်သည်အထိ အင်္ကျီဗလာဖြင့် လာခဲ့ခြင်း ဖြစ်သည်။ အပေါ်ပိုင်းဗလာကျင်းပြီး လက်နက်ကိုင်ဆောင်ထားသဖြင့် မြို့စောင့်စစ်သည်များ၏ တားဆီးခြင်းကို ခံခဲ့ရသေးသည်။ သူသည် အဝတ်အစားအရင်ဝယ်၊ ပုဆိန်လှံကို ထုပ်ပိုးပြီးမှသာ မြို့ထဲသို့ ဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
"အစ်ကိုချူ... နိုးပြီလား..." ယွမ်ချောင်ရှန်းက ချူလျန် ဝင်လာသည်ကို မြင်သောအခါ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားကို လာခေါ်မလို့ လုပ်နေတာ... ကောင်းကင်အသံလှိုင်းရဲ့ တည်နေရာကို ကျွန်တော် ခြေရာခံမိပြီ... သွားပြီး အဲဒီကောင်ကို သတ်ကြစို့..."
"ကောင်းပြီ..." ချူလျန် ပြုံးလိုက်သည်။ ခဏရပ်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။ "အစ်ကိုယွင်... ခင်ဗျားဆီမှာ ရိုးရှင်းပြီး သင်ယူရလွယ်တဲ့ သိုင်းပညာတွေ ရှိလား... ကျွန်တော့်ကို တစ်ကွက်၊ နှစ်ကွက်လောက် သင်ပေးလို့ ရမလား..."
ရုတ်တရက် ကျားအင်အား(၁၀)ဆ တိုးလာသဖြင့်၊ ရုပ်ခန္ဓာစွမ်းအားသက်သက် ရှိနေခြင်းက အနည်းငယ် နှမြောစရာ ကောင်းနေသည်။ ယွမ်ချောင်ရှန်းထံမှ အမြန်တတ်မြောက်နိုင်သော သိုင်းပညာအချို့ သင်ယူနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အကယ်၍ အဆင့်မြင့် ကျင့်စဉ်များသာ ဆိုလျှင် သူ သေချာပေါက် အလွယ်တကူ မေးမြန်းမည် မဟုတ်ပေ။ သို့သော် လေ့လာသူအသစ်များအတွက် ရိုးရှင်းသော သိုင်းကွက်များ ဆိုလျှင်တော့ ယွမ်ချောင်ရှန်းအနေဖြင့် သင်ပေးရန် ဝန်လေးမည် မဟုတ်ဟု ယူဆသည်။
"ဟေ..." ယွမ်ချောင်ရှန်းလည်း အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်သွားသည်။ "အစ်ကိုချူက ဘာလို့ ရုတ်တရက် သိုင်းပညာ သင်ချင်ရတာလဲ..."
"ဘာလို့လဲဆိုတော့... မနေ့က စန်းလင်တောင်မှာ အစ်ကို့ရဲ့ ရဲရင့်ပြတ်သားတဲ့ ပုံစံကို မြင်ပြီး အရမ်း အားကျသွားလို့ပါ... ဒါကြောင့် သင်ချင်စိတ် ဖြစ်သွားတာပါ..." ချူလျန်က ရိုးသားသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
"အဟီး..." ယွမ်ချောင်ရှန်း ထိုစကားကို ကြားလိုက်ရသောအခါ အပြုံးကို မထိန်းနိုင်တော့ဘဲ လက်ကာပြလိုက်သည်။ "မြှောက်လွန်းနေပါပြီ... မြှောက်လွန်းနေပါပြီ... ခင်ဗျားက သိုင်းပညာ မလေ့ကျင့်ဖူးဘူး ဆိုတော့ အခြေခံအဆင့် နှစ်ကွက်လောက် သင်ပေးဖို့က လွယ်ပါတယ်... ခင်ဗျား ပုံမှန် ဘယ်လက်နက်ကို သုံးရတာ အားအသန်ဆုံးလဲ..."
ချူလျန် တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။
"အုတ်ခဲ..."
“…” ယွမ်ချောင်ရှန်းတစ်ယောက် ဆွံ့အသွားရတော့သည်။