ခေါင်စန်းမြို့ လူသတ်မှု
Vol. 5 Ch. 49
ခေါင်စန်းမြို့၏ မနက်ခင်းသည် မိုးမလင်းသေးဘဲ မှိန်ဖျော့ဖျော့ ရှိနေသေးသည်။ ချူလျန်နှင့် ယွမ်ချောင်ရှန်းတို့ စောစီးစွာ ထွက်ခွာလာခဲ့ကြပြီး၊ နေမထွက်မီမှာပင် မြို့အစွန်ရှိ ကြီးမားသော ခြံဝင်းတစ်ခု အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
မြင့်မားသော ခြံစည်းရိုးနံရံပေါ်တွင် သံဆူးကြိုးများ ရစ်ပတ်ထားပြီး ဆူးခြုံများကဲ့သို့ ဖြစ်နေကာ၊ အပြင်ဘက်မှကြည့်လျှင် ခေါင်မိုးစွန်း တစ်နေရာကိုသာ မြင်တွေ့ရသည်။
ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး တံခါးမကြီး ပိတ်ထားလေသည်။
"ကောင်းကင်အသံလှိုင်းရဲ့ ပဲ့တင်သံက အထဲမှာပဲ... ကျုပ်တို့ အခု ဝင်စီးပြီး အလစ်ဝင်တိုက်ကြမယ်..." ယွမ်ချောင်ရှန်းက စိတ်မရှည်စွာ ပြောလိုက်သည်။
"နေဦး..." ချူလျန်က သူ့ကျောပေါ်ရှိ ပုဆိန်လှံကို လှမ်းဆွဲလိုက်ပြီး အလောသုံးဆယ် တားလိုက်သည်။
"ဟမ်..." ယွမ်ချောင်ရှန်း ကြောင်သွားသည်။ "အစ်ကိုချူ... ခင်ဗျား ဘာလို့ ကျုပ်ပုဆိန်လှံကို ဆွဲထားတာလဲ..."
"..." ချူလျန် ခဏတာ စကားမပြောနိုင် ဖြစ်သွားပြီး အသက်ပြင်းပြင်း ရှူကာ ရှင်းပြလိုက်သည်။ "ပတ်ဝန်းကျင်က အရမ်း တိတ်ဆိတ်လွန်းနေတယ်... တစ်ခုခု မှားနေသလို ခံစားရတယ်..."
"ဒီအချိန်ဆိုရင် တိတ်ဆိတ်နေတာ ပုံမှန်ပဲ မဟုတ်ဘူးလား..." ယွမ်ချောင်ရှန်းက သံသယဖြစ်နေသည်။
ချူလျန် ခေါင်းခါလိုက်သည်။ "ကျွန်တော် ဝိညာဉ်အာရုံနဲ့ ခြံဝင်းအရှေ့ပိုင်း တစ်ခုလုံးကို စစ်ဆေးကြည့်ပြီးပြီ... ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေတာ... သိပ်ပုံမှန် မဟုတ်ဘူး..."
သူ၏ ဝိညာဉ်အာရုံက အိမ်ရှေ့ဝင်းအထိသာ ရောက်ရှိနိုင်ပြီး အိမ်ရှေ့ဝင်းတစ်ခုလုံးတွင် လူအရိပ်အယောင် မတွေ့ရပေ။ လူမရှိရုံသာမက အင်းဆက်ပိုးမွှား၊ ငှက်များပင် တစ်ကောင်မှ မရှိသဖြင့် အလွန် ထူးဆန်းသည်ဟု ခံစားရစေသည်။
"ဒါဆို ဘယ်လိုလုပ်မလဲ..." ယွမ်ချောင်ရှန်း နားမလည်သော်လည်း ချူလျန်၏ စကားကို နားထောင်လိုက်သည်။
"အရင်ဆုံး စောင့်ကြည့်ကြတာပေါ့..."
ထိုသို့ပြောပြီးနောက် ချူလျန်သည် ယွမ်ချောင်ရှန်းကို ခေါ်ဆောင်ကာ ဘေးဘက်လမ်းကြားတစ်ခုတွင် ပုန်းအောင်းလိုက်ပြီး၊ ကိုယ်ကိုနှိမ့်ချကာ ထိုခြံဝင်းကို စောင့်ကြည့်လိုက်သည်။
ခဏအကြာတွင် ခြေသံများ အလျင်အမြန် ထွက်ပေါ်လာပြီး၊ လေခွင်းသံများလည်း ပါလာသည်။
လှည့်ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ် ဓားကိုင်အရာရှိတစ်ဖွဲ့ လမ်းထိပ်မှ ပြေးဝင်လာကြသည်ကို တွေ့လိုက်ရသည်။ အရှိန်အဟုန် ပြင်းထန်လှချေသည်။
ခေါင်စန်းမြို့၏ ဖမ်းဆီးရေးအရာရှိများသည် ဒုတိယအဆင့် သိုင်းပညာရှင်များ ဖြစ်ကြပြီး၊ ဦးဆောင်လာသော ခေါင်းဆောင်မှာ တတိယအဆင့် သိုင်းပညာရှင် ဖြစ်ကာ မြို့ထဲတွင် ကျွမ်းကျင်သူတစ်ဦးဟု သတ်မှတ်နိုင်သည်။
သာမန် နယ်စပ်မြို့လေး တစ်မြို့အနေဖြင့် ပုံမှန်အားဖြင့် ထိုအဆင့်အတန်းသာ ရှိတတ်သည်။
ထိုအရာရှိအဖွဲ့သည် အလျင်အမြန် ပြေးဝင်လာပြီး၊ ချက်ချင်းပင် လူနှစ်ယောက်က တံခါးကို ကန်ဖွင့်လိုက်ကာ လူအများအပြားက ခြံစည်းရိုးပေါ် ကျော်တက်ပြီး ခြံဝင်းထဲသို့ ဝင်ရောက်သွားကြသည်။
တစ်ယောက်ယောက် အိမ်ရှေ့ဝင်းထဲသို့ ခြေချလိုက်သည်နှင့် မိစ္ဆာအငွေ့အသက်များ လှိုင်းထသွားသည်ကို ခံစားလိုက်ရသည်။
ရွှီ...
အိမ်ရှေ့ဝင်းရှိ မြက်ပင်သစ်ပင်များ ရုတ်တရက် ရှည်ထွက်လာပြီး၊ ကြိုးများ နွယ်ပင်များအဖြစ် ပြောင်းလဲကာ ဝင်ရောက်လာသော အရာရှိများကို ရစ်ပတ်လိုက်ပြီး လေထဲတွင် ယမ်းခါပစ်လိုက်သည်။
ကျင့်ကြံခြင်းအဆင့် နိမ့်သူအချို့မှာ အတော်လေး ဒုက္ခရောက်သွားကြသော်လည်း၊ နောက်မှ ဝင်ရောက်လာသော အရာရှိများက ကူညီပြီး ထိုမြက်ပင်များကို ဓားဖြင့် ခုတ်ဖြတ်လိုက်ကြသည်။
"ထင်တဲ့အတိုင်းပဲ ထူးဆန်းနေတယ်..." အပြင်ဘက်မှ ဝိညာဉ်အာရုံဖြင့် စစ်ဆေးနေသော ချူလျန်က တီးတိုး ပြောလိုက်သည်။
ထိုမြက်ပင်သစ်ပင်များသည် မိစ္ဆာများ မဟုတ်ဘဲ မိစ္ဆာသိုင်းကွက် စီရင်ခံထားရခြင်း ဖြစ်သည်။ အစီအရင်တစ်ခုကဲ့သို့ လူဝင်လာသည်နှင့် အသက်ဝင်လာပြီး ဝင်ရောက်လာသူများကို ဒုက္ခပေးရန် ဖြစ်သည်။
ထို့နောက် အရာရှိများသည် အိမ်နောက်ဖေးသို့ ဝင်ရောက်သွားကြသည်။
သွေးညှီနံ့များ ချက်ချင်း ပျံ့လွင့်လာချေသည်။
အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး၊ (၁၀)လောင်းကျော် ရှိကာ အားလုံးမှာ ဆိုးရွားစွာ သေဆုံးနေကြပြီး သွေးများ မြစ်ချောင်းသဖွယ် စီးဆင်းနေသည်။
"တကယ်လို့ ကျွန်တော်တို့သာ စောစောက ဝင်သွားခဲ့ရင်... အိမ်ရှေ့ဝင်းက အစီအရင်ကြောင့် တိုင်ပတ်သွားမှာ... အိမ်နောက်ဖေးလည်း ရောက်ရော ဒီအရာရှိတွေနဲ့ တည့်တည့်တိုးရောဖြစ်မှာ..."
ချူလျန်တစ်ယောက် ယခုမှသာ ထိုအစီအစဉ်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
"အဲဒီအချိန်ကျရင် အဲဒီမိစ္ဆာကောင်က လွတ်သွားနိုင်သလို... ကျွန်တော်တို့ကိုလည်း အပြစ်လွှဲချနိုင်လိမ့်မယ်..."
ထိုအရာရှိများသည် သူတို့နှစ်ယောက်ကို ဖမ်းဆီးထားနိုင်မည့် စွမ်းရည် မရှိသော်လည်း၊ လူသတ်မှုဖြစ်ပွားရာ နေရာတွင် တွေ့ရှိခံရခြင်းက သူတို့အတွက် အတော်လေး ပြဿနာတက်စေနိုင်သည်။
အကယ်၍ နေခဲ့လျှင် ရှင်းပြရခက်မည်ဖြစ်ပြီး အမှန်တရား ပေါ်ပေါက်လာသည်အထိ အချိန်အတန်ကြာ အချုပ်ကျခံရနိုင်သည်။
အကယ်၍ အတင်းထွက်ခွာသွားလျှင်လည်း နောက်ဆုံးတွင် ဂိုဏ်းသို့ လိုက်ရှာကြမည်ဖြစ်ပြီး၊ နန်းတွင်းမှ ဖိအားများက မဟာကြယ်တာရာဂိုဏ်းနှင့် ရှုတောင်ဂိုဏ်းအပေါ် ကျရောက်လာမည် ဖြစ်သည်။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း အနေဖြင့်လည်း ဂိုဏ်းသားများ ဥပဒေချိုးဖောက်ခြင်းကို သည်းခံမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူတို့ ကိစ္စများကို ရှင်းလင်းပြီးချိန်တွင်၊ ထိုနတ်ဘုရားစေတမန် မိစ္ဆာကောင်သည် မြို့ထဲမှ အေးဆေးစွာ ထွက်ခွာသွားပြီး ဖြစ်ပေလိမ့်မည်။
"ကောက်ကျစ်လိုက်တာ..." ယွမ်ချောင်ရှန်း အခြေအနေကို သဘောပေါက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ "အစ်ကိုချူသာ ဉာဏ်မကောင်းရင် ကျွန်တော် ထောင်ချောက်မိသွားပြီပဲ..."
"အဲတာမလို့ ကြုံလာသမျှ ကိစ္စတိုင်းမှာ တည်ငြိမ်တာ ကောင်းပါတယ်..." ချူလျန် ပြုံးရုံသာ ပြုံးလိုက်သည်။
"ဒါပေမဲ့..." ယွမ်ချောင်ရှန်း စဉ်းစားမရ ဖြစ်နေပြန်သည်။ "သူ့ရဲ့ အစီအစဉ်က ကျွန်တော်တို့အတွက် သီးသန့် ပြင်ဆင်ထားသလို ဖြစ်နေတယ်..."
"ဟုတ်လောက်တယ်..." ချူလျန် ပြောလိုက်သည်။ "စန်းလင်တောင်က ကိစ္စကို အဲဒီ နတ်ဘုရားစေတမန် သေချာပေါက် သတင်းရပြီးလောက်ပြီ... ခင်ဗျား စန်းလင်တောင်အထိ လိုက်ရှာနိုင်တယ် ဆိုကတည်းက... သူ့ကိုယ်ပေါ်မှာ ခင်ဗျားထားခဲ့တဲ့ တန်ခိုးစွမ်းရည် ရှိနေမှန်း သူရိပ်မိသွားတာ မဆန်းပါဘူး... ဒီလို ကောက်ကျစ်တဲ့ ရန်သူမျိုးကို နည်းလမ်းတစ်ခုတည်းနဲ့ နှစ်ခါဖမ်းဖို့ ခက်တယ်..."
"ဟင်..." ယွမ်ချောင်ရှန်း အခုမှ သဘောပေါက်သွားသည်။ "ကျွန်တော့်ရဲ့ ကောင်းကင်အသံလှိုင်း ဖြေဖျောက်ခံလိုက်ရပြီလား... တောက်... ဒီလိုဆို သူ့ကို ဖမ်းလို့မရတော့ဘူးပေါ့..."
"မလောပါနဲ့... အရင် ပြန်ကြရအောင်..." ချူလျန် လှည့်ထွက်လိုက်သည်။
...
သူတို့နှစ်ဦး တည်းခိုခန်းသို့ ပြန်ရောက်ပြီး မကြာမီမှာပင် အာဏာပိုင်များ၏ ကြေညာချက် ထွက်ပေါ်လာသည်။
မနေ့ညက မြို့ထဲတွင် အလွန်ဆိုးရွားသော မိသားစုလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ မိသားစုဝင် (၁၇)ယောက်လုံး အသတ်ခံခဲ့ရကာ တရားခံမှာ ထွက်ပြေးလွတ်မြောက်နေသည်။
သေဆုံးသူများသည် ခေါင်စန်းမြို့မှ ဆေးကုန်သည်များ ဖြစ်ကြပြီး၊ နေအိမ်မှ တန်ဖိုးကြီး ဆေးဖက်ဝင်ပစ္စည်း အချို့ ပျောက်ဆုံးသွားခဲ့သည်။ ထိုအထဲတွင် တန်ဖိုးအကြီးဆုံးမှာ ငရဲပင်လယ်ရွှေကြာပန်း တစ်ပွင့် ဖြစ်သည်။
ကနဦးသုံးသပ်ချက်အရ ပစ္စည်းလိုချင်၍ လူသတ်ခြင်းဖြစ်ပြီး၊ အာဏာပိုင်များက ခေါင်စန်းမြို့ကို ချက်ချင်း ပိတ်ဆို့လိုက်ကာ၊ တရားခံနှင့် ငရဲပင်လယ်ရွှေကြာပန်း သဲလွန်စအတွက် ဆုကြေးငွေ အများအပြား ထုတ်ပြန်ထားသည်။
ခေါင်စန်းမြို့သည် ကျန်းနန်တောင်တန်းနှင့် နီးကပ်သဖြင့်၊ ကျန်းနန်တောင်တန်းထဲတွင် စွန့်စားပြီး ဆေးရှာဖွေသူများ နှစ်စဉ် အများအပြား ရှိတတ်သည်။ ရှာဖွေရရှိသော သဘာဝရတနာများကို မြို့ထဲတွင် ပြန်လည်ရောင်းချကြသည်။
ထို့ကြောင့် ခေါင်စန်းမြို့ထဲတွင် သေဆုံးသူကဲ့သို့သော ဆေးကုန်သည် အများအပြား ရှိကြပြီး၊ ယခုကဲ့သို့ အမှုကြီး ဖြစ်ပွားလာသဖြင့် မြို့ထဲရှိ လူတိုင်း စိုးရိမ်ထိတ်လန့်နေကြသည်။
အာဏာပိုင်များ၏ အလေးထားမှုလည်း မြင့်မားသည်။
"ငရဲပင်လယ်ရွှေကြာပန်း..."
ချူလျန် ကြေညာချက်ကို ဖတ်ပြီးနောက် ထိုနာမည်ကို ရေရွတ်လိုက်သည်။
‘အရင်တုန်းက ဝိညာဉ်ဘုံနယ်ပယ်ထဲမှာ "မိစ္ဆာ" ပြောဖူးသလိုပဲ... သူ ဓာတ်ကြီးငါးပါးနယ်ပယ် တတိယအဆင့်ကို ကျင့်ကြံဖို့အတွက် ယင်ဓာတ်၊ ရေဓာတ်ပါတဲ့ သဘာဝရတနာတွေ လိုအပ်တယ်တဲ့... အဲဒီအထဲမှာ ငရဲပင်လယ်မိစ္ဆာပစ္စည်းတွေက ရွေးချယ်စရာကောင်း တစ်ခုပဲ...’
‘ဒီ ငရဲပင်လယ်ရွှေကြာပန်းက အဲဒီအထဲက တစ်ခုပဲ ဖြစ်မယ်’
‘ပဉ္စမအဆင့် ကျင့်ကြံသူကို အဆင့်တက်လှမ်းစေနိုင်တယ် ဆိုတော့ကာ တကယ်ကို တန်ဖိုးကြီးတဲ့ ရတနာပဲ ဖြစ်ရမယ်…’
‘ပြီးတော့ ဒီပစ္စည်းက တောင်ပိုင်းဒေသရဲ့ တောင်ဘက်အစွန်ဆုံး၊ အရမ်းဝေးကွာတဲ့ ငရဲပင်လယ်ထဲမှာ ပေါက်ရောက်တာဆိုတော့... ကျန်းနန်တောင်တန်းနားမှာ တော်တော် ရှားပါးတယ်လို့ ပြောလို့ရတယ်..’
"ကျွန်တော် သူ့ရဲ့ ခြေရာကို လုံးဝ ရှာမတွေ့တော့ဘူး..." ယွမ်ချောင်ရှန်းတစ်ယောက် နောက်ထပ် အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း၊ ကောင်းကင်အသံလှိုင်းက ဘာတုံ့ပြန်မှုမှ မရှိတော့ပေ။
အစောပိုင်း လူသတ်မှုဖြစ်ပွားရာ နေရာမှ ပဲ့တင်သံသည် နတ်ဘုရားစေတမန်က တမင်သက်သက် ထောင်ချောက်ဆင်ထားခြင်းသာ ဖြစ်လေသည်။
"ကိစ္စမရှိပါဘူး... သူ ဒီတစ်ခါတော့ ဉာဏ်အကောင်းလွန်ပြီး ကိုယ့်ရှူးကိုယ်ပတ်သွားပြီ..." ချူလျန် သုံးသပ်ပြလိုက်သည်။
"သူက လူသတ်ပြီးတာနဲ့ ကိုယ်တိုင် အာဏာပိုင်တွေကို တိုင်ကြားလိုက်တာ ဖြစ်လောက်တယ်... မူလက ခင်ဗျားကို အပြစ်လွှဲချပြီး အာဏာပိုင်တွေရဲ့ အာရုံစိုက်မှုကို လွှဲပြောင်းချင်တာ... ပြီးရင် သူက ခင်ဗျားရဲ့ ခြေရာခံမှုကို ဖျောက်ဖျက်ပြီး ရှုပ်ထွေးနေတုန်း ထွက်ပြေးမလို့လေ... ဒါပေမဲ့... ကျွန်တော်တို့က သူ့ထောင်ချောက်ထဲ မဝင်ခဲ့ဘူး... အာဏာပိုင်တွေက သံသယရှိသူကို မဖမ်းမိတော့ မြို့ကို ချက်ချင်း ပိတ်ဆို့လိုက်တယ်..."
"အမှုဖြစ်တဲ့အချိန်က မြို့တံခါး မဖွင့်သေးတော့ သူ ထွက်ပြေးဖို့ အခွင့်အရေး မရှိဘူး... အဲဒီ နတ်ဘုရားစေတမန် အခု မြို့ထဲမှာ ပိတ်မိနေလောက်ပြီ..."
"တကယ်လို့ သူက ခေါင်စန်းမြို့ကနေ အတင်းအကျပ် ထွက်ပြေးမယ်ဆိုရင်... လျှို့ဝှက်လမ်းကြောင်း တစ်ခုခု မရှိရင်တော့ အာဏာပိုင်တွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ခံရမှာပဲ... သူက မိစ္ဆာတစ်ကောင် ဖြစ်နေတော့... ယွီမင်းဆက်ရဲ့ နယ်မြေထဲမှာ အဲဒီလောက် စွန့်စားရဲမှာ မဟုတ်ဘူး... အဲဒီမတိုင်ခင် ကျွန်တော်တို့ သူ့ကို မြို့ထဲမှာ ဖမ်းမိဖို့ အခွင့်အရေး ရှိသေးတယ်..."
ယွမ်ချောင်ရှန်း နွားမျက်လုံးကြီးများ ပြူးကျယ်လျက် တည်ငြိမ်စွာ ပြောပြနေသော ချူလျန်ကို ကြည့်နေမိတော့သည်။ တစ်ခွန်းလောက် လွတ်သွားသည်နှင့် ဘာပြောနေမှန်းပင် နားမလည်တော့ပေ။
သို့သော်ငြား ချူလျန် ပြောပြီးသောအခါ သူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "အစ်ကိုချူ ပြောတာ မှန်တယ်... ကျွန်တော် တွေးထားတာနဲ့ အတူတူပဲ..."
ထို့နောက်တွင်မူ ခေါင်းငုံ့ကာ အကြာကြီး စဉ်းစားနေပြီးနောက် မနေနိုင်ဘဲ မေးလိုက်သည်။ "ဒါဆိုရင်... ကျွန်တော်တို့ သူ့ကို ဘယ်မှာသွားဖမ်းကြမလဲ..."
"စဉ်းစားပါရစေဦး... နည်းလမ်း ရှိမှာပါ..." ချူလျန် တည်ငြိမ်စွာ ပြောလိုက်သည်။
ယွမ်ချောင်ရှန်း ထွက်သွားပြီးနောက်၊ သူ ကိုယ်တိုင် အသည်းအသန် စဉ်းစားမနေတော့ဘဲ ဝိညာဉ်ထိန်းချုပ်တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
အာဏာပိုင်များ ဖြစ်စေ၊ သူတို့ပင်ဖြစ်စေ လမ်းမှန်ဘက်က အင်အားစုများဟု ဆိုနိုင်ပေသည်။
အမြင်များသည် အကန့်အသတ် ရှိတတ်သည် မဟုတ်ပါလော။
ဤသို့သော ကိစ္စမျိုးကို စုံစမ်းချင်လျှင်မူ၊ အမှောက်ဘက်ခြမ်းမှ ညီအစ်ကိုများကို မေးမြန်းကြည့်ရပေမည်။
ထို့ကြောင့် သူသည် ဝိညာဉ်အာရုံကို ဝိညာဉ်ချုပ်တံဆိပ်ပြားထဲသို့ ထည့်သွင်းလိုက်ပြီး စာတစ်စောင် ပေးပို့လိုက်သည်။
[ ၅၈ ] : "အရှင်မိစ္ဆာ... လက်အောက်ငယ်သားက ငရဲပင်လယ်မိစ္ဆာပစ္စည်းတွေအကြောင်း သတင်းတချို့ စုံစမ်းမိပါတယ်... လက်ရှိအချိန်မှာ ငရဲပင်လယ်ရွှေကြာပန်းတစ်ပွင့် ခေါင်စန်းမြို့ထဲမှာ ရှိနေတယ်လို့ သိရပါတယ်... ဒါပေမဲ့ တည်နေရာအတိအကျကို မသိရသေးလို့... ဂိုဏ်းတူတွေဆီကနေ အကူအညီ တောင်းခံလို့ ရနိုင်မလားခင်ဗျာ..."