အခန်း (၁၃၅)
Vol. 13 Ch. 135
နတ်ဆိုးအင်မော်တယ်
စာစဥ်(၁၃)
အခန်း(၁၃၅)
ချင်ရှီ တဖြည်းဖြည်း တည်ငြိမ်သွားသောအခါ ချင်ကောက တိုးတိုးလေး ပြောလိုက်သည်။
“ထမင်းစားပြီးရင် ကျွန်တော် အရင်ထွက်သွားမယ်။ အမေက အိမ်မှာ ခဏနားပြီးမှ ထွက်လာခဲ့။ ကျွန်တော် ဈေးမြောက်ဘက်မှာ စောင့်နေမယ်။ ပြီးရင် ချင်းလျန်တောင်ကို အတူသွားကြမယ်”
အရှေ့ဟွာဖန်းဈေး မြောက်ဘက် မိုင်အနည်းငယ်အကွာတွင် ချင်းလျန်တောင်ဟု ခေါ်သော တောင်ကြီးတစ်တောင် ရှိသည်။ ချင်းလျန်တောင်ကို သားရဲသခင်ဂိုဏ်းမှ ထိန်းချုပ်ထားပြီး ဝိညာဉ်စွမ်းအင် ကြွယ်ဝသော ကျင့်ကြံခြင်းလိုဏ်ဂူများ ရှိသည်။ ထိုဂူများကို အခြေတည်အဆင့် ကျင့်ကြံသူများ၏ စစ်ဆေးမှုနှင့် တိုက်ခိုက်မှုများကိုပင် တားဆီးနိုင်သော အစီအရင်များဖြင့် ကာကွယ်ထားသည်။ ကျင့်ကြံသူများသည် တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး ၇၀ ဖြင့် ထိုဂူများအား ငှားရမ်းကျင့်ကြံနိုင်သည်။
ချင်ရှီက ခေါင်းညိတ်ပြီး သားဖြစ်သူ၏ အစီအစဉ်ကို သဘောတူလိုက်သည်။ ချင်ကော မတ်တတ်ရပ်ကာ တံခါးဖွင့်၍ အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် ဦးခေါင်းနောက်ဘက်မှ ပြင်းထန်သော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး သတိလစ်လဲကျသွားတော့သည်။ ချက်ချင်းဆိုသလို ချင်ရှီလည်း မူးမေ့သွားခဲ့သည်။
ချင်ရှီတို့သားအမိ မေ့လဲသွားသည်နှင့် တံခါးမှာ အလိုအလျောက် ပိတ်သွားပြီး တံခါးကြားမှ ကူပိုးကောင်လေးတစ်ကောင် တွားထွက်လာခဲ့သည်။
အိမ်ထဲတွင် ကျင့်ကြံနေသော စုန့်ဝမ်က ပြုံးလိုက်မိသည်။
“အုပ်ချုပ်ရေးမှူးချင်က ရိုးသားပုံမရဘူးပဲ”
……..
ချိန်းဆိုထားသော ညသန်းခေါင်ယံအချိန်တွင် ဂူငယ်လေး၏ အပြင်ဘက်တွင် အုပ်ချုပ်ရေးမှူးချင် ရောက်ရှိလာသည်။ ဂူထဲတွင် လူမရှိသည်ကို မြင်သောအခါ ဝတ်စုံနက်နှင့်လူ ရောက်မလာသေးကြောင်း သူ သိလိုက်ရသည်။ အုပ်ချုပ်ရေးမှူးချင် စိတ်မသက်မသာ ဖြစ်သွားသည်။ ထိုဝတ်စုံနက်နှင့်လူက တစ်ခုခုကို ရိပ်မိသွားပြီး မလာတော့တာများလားဟု တွေးလိုက်မိသည်။
အတန်ကြာ စောင့်ဆိုင်းပြီးနောက် မလှမ်းမကမ်းရှိ သစ်တောအစပ်တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ဝတ်စုံနက်နှင့်လူကို မြင်သောအခါ အုပ်ချုပ်ရေးမှူးချင်မှာ ထိတ်လန့်သွားပြီးနောက် ဟန်ဆောင်ပြုံးလိုက်ရသည်။
“တာအိုရောင်းရင်း .. ခင်ဗျား တော်တော် နောက်ကျတာပဲ”
စကားပြောရင်း အုပ်ချုပ်ရေးမှူးချင်၏ မျက်လုံးများမှာ သစ်တောဆီသို့ ခဏခဏ ဝေ့ကြည့်နေသည်၊ တစ်စုံတစ်ဦး ရောက်လာမည်ကို မျှော်လင့်နေပုံရသည်။
စုန့်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
“အုပ်ချုပ်ရေးမှူးချင်၊ ဟိုကြည့်ဒီကြည့် လုပ်မနေနဲ့တော့။ ခင်ဗျား ရှာနေတဲ့လူက ဒီလောကမှာ ဘယ်တော့မှ ထပ်ပေါ်လာတော့မှာ မဟုတ်ဘူး”
စုန့်ဝမ်သည် အရာတစ်ခုကို အုပ်ချုပ်ရေးမှူးချင်၏ ခြေရင်းသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။
ထိုအရာကို ကြည့်ပြီး အုပ်ချုပ်ရေးမှူးချင်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ပျက်ယွင်းသွားတော့သည်။ ထိုလုံးဝိုင်းသော အရာမှာ မျက်လုံးများ ပြူးလျက် သေဆုံးနေသော လူခေါင်းတစ်လုံး ဖြစ်သည်။ ထိုသူမှာ အုပ်ချုပ်ရေးမှူးချင်က သူ့ပိုင်ဆိုင်မှုအားလုံးကို ပုံအော၍ အကူအညီတောင်းခဲ့သော အကြီးအကဲဟွမ် ဖြစ်သည်။
အကြီးအကဲဟွမ်မှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဤလူသူကင်းဝေးသော တောထဲတွင် အကြောင်းရင်းမသိ သေဆုံးသွားခဲ့ရသည်။ သို့သော် အုပ်ချုပ်ရေးမှူးချင်မှာ တိုက်ပွဲဖြစ်သည့်အသံ မကြားခဲ့ရသလို၊ စွမ်းအင်အတက်အကျလည်း မခံစားခဲ့ရချေ။ သားရဲသခင်ဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဤမျှ လွယ်လင့်တကူ အသတ်ခံရခြင်းမှာ ထိတ်လန့်စရာ ကောင်းလှသည်။ တစ်ဖက်လူ၏ ကျင့်ကြံမှုက မည်မျှမြင့်မားနေသနည်း။
အုပ်ချုပ်ရေးမှူးချင်မှာ ထိတ်လန့်လွန်းသဖြင့် အသက်ရှူမှားသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ တစ်ဖက်လူသည် ချီစုစည်းခြင်း အဋ္ဌမအဆင့်သာရှိသော သူ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သလို၊ ငွေရောင်ဦးချိုမြက်နှင့် သားရဲသန့်စင်ဆေးလုံးများကို ဝယ်ယူရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူ၏ ကျင့်ကြံမှုမှာ ချီစုစည်းခြင်း အထွတ်အထိပ် သို့မဟုတ် အခြေတည်အဆင့် အစောပိုင်းသာ ရှိလိမ့်မည်ဟု သူ ခန့်မှန်းခဲ့သည်။
အမှန်စင်စစ် ငွေရောင်ဦးချိုမြက်မှာ ပထမအဆင့် သားရဲများအတွက်သာ အသုံးဝင်သည်ဖြစ်ရာ၊ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးက ပထမအဆင့် သားရဲကို မွေးမြူရန် ဤမျှ အားထုတ်လိမ့်မည် မဟုတ်ဟု တွေးခဲ့မိသည်။ ထို့ကြောင့်ပင် အခြေတည်အဆင့် အစောပိုင်းရှိ အကြီးအကဲဟွမ်ကို အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရလဒ်မှာ သူ့မျှော်လင့်ချက်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
အုပ်ချုပ်ရေးမှူးချင် မသိသည်မှာ သူတို့ မရောက်လာခင်ကပင် စုန့်ဝမ်သည် ကူပိုးကောင်များကို လွှတ်၍ မိုင်ပေါင်း ဆယ်ချီ ကျယ်ဝန်းသော ပတ်ဝန်းကျင်ကို ရှာဖွေခိုင်းထားခဲ့ခြင်း ဖြစ်သည်။ ချင်ရှီနှင့် သားဖြစ်သူ ထွက်ပြေးရန် ကြိုးစားသည်ကို သိပြီးကတည်းက၊ သတိကြီးသော စုန့်ဝမ်က အဘယ်ကြောင့် သတိမထားဘဲ နေပါမည်နည်း။
အုပ်ချုပ်ရေးမှူးချင်နှင့်အတူ စုစုပေါင်း လူသုံးယောက် လိုက်လာခြင်းဖြစ်သည်။ အကြီးအကဲဟွမ် အပြင် ချီစုစည်းခြင်း နဝမအဆင့် ကျင့်ကြံသူ နှစ်ဦးလည်း ပါဝင်သည်။ သူတို့လေးဦး၏ ချောင်းမြောင်းတိုက်ခိုက်ရန် နည်းဗျူဟာများ ဆွေးနွေးခြင်းနှင့် နေရာရွေးချယ်ခြင်းတို့ ပြုလုပ်ခဲ့သမျှမှာ စုန့်ဝမ်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့သည်။
မူလက စုန့်ဝမ်သည် အကြီးအကဲဟွမ်နှင့် ကျန်သူများကို နှိမ်နင်းရန် အားစိုက်ရလိမ့်မည်ဟု ထင်ခဲ့သော်လည်း၊ မထင်မှတ်ဘဲ ပုန်းကွယ်နေသော အဆင့်မြင့်ကူ၏ အလစ်ဖမ်းတိုက်ခိုက်မှုကြောင့် အကြီးအကဲဟွမ် အငိုက်မိကာ ချက်ချင်း သေဆုံးသွားခဲ့သည်။ အကြီးအကဲဟွမ် သေဆုံးသွားပြီးနောက် ကျန်ရှိသော ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို ကိုင်တွယ်ရန်မှာ စုန့်ဝမ်အတွက် အလွန် လွယ်ကူသွားခဲ့သည်။
အုပ်ချုပ်ရေးမှူးချင် မျက်နှာပျက်သွားပြီး နောက်ဆုံးတွင် သူကိုယ်သူ တည်ငြိမ်အောင် ထိန်းကာ မြေပြင်ပေါ်ရှိ အကြီးအကဲဟွမ်၏ ခေါင်းကို ကန်ထုတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာသည်။
“မိတ်ဆွေ၊ နောက်မနေပါနဲ့။ ဒီလူကို ကျွန်တော် မသိပါဘူး”
သူ့လုပ်ရပ်ကြောင့် စုန့်ဝမ်ပင် ဆွံ့အသွားသည်။ တစ်ဖက်လူ၏ လိမ်ညာမှု အတိုင်းအတာမှာ သူ၏ မျှော်လင့်သည်ထက် ကျော်လွန်နေသည်။ စုန့်ဝမ်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“ဒီလူက အုပ်ချုပ်ရေးမှူးချင် ငါ့ကိုသတ်ဖို့ ငှားလာတဲ့လူလို့ ထင်နေတာ။ ကြည့်ရတာ ငါ အထင်မှားသွားပုံပဲ”
အုပ်ချုပ်ရေးမှူးချင်က အလျင်အမြန် ခေါင်းညိတ်ပြီး “ဟုတ်တယ် .. ဟုတ်တယ်၊ ခင်ဗျား အထင်မှားသွားတာပါ” ဟု ကပျာကယာ ပြန်ဖြေလိုက်သည်။
“ဒါဆို ငါတို့ သဘောတူထားတဲ့ ငွေရောင်ဦးချိုမြက်နဲ့ သားရဲသန့်စင်ဆေးလုံးတွေကော ... ယူလာခဲ့ရဲ့လား”
“ဒါကတော့...”
“အုပ်ချုပ်ရေးမှူးချင် ယူမလာခဲ့ဘူး ထင်တယ်”
စုန့်ဝမ်အသံမှာ အေးစက်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်လာသည်။
“မိတ်ဆွေ၊ ခဏစောင့်ပါဦး၊ ကျွန်တော် ရှင်းပြပါရစေ...”
အုပ်ချုပ်ရေးမှူးချင် စကားမဆုံးခင်မှာပင် ရိပ်ခနဲ ဖြစ်သွားပြီး ဝတ်စုံနက်က သူ့ရှေ့ ရောက်ရှိလာသည်။ ခုခံရန် ပြင်လိုက်သော်လည်း၊ ကြီးမားသော အင်အားတစ်ခုက သူ့ဦးခေါင်းအား ဖိနှိပ်ထားသည်ကို ခံစားလိုက်ရပြီး၊ လှိုင်းလုံးကြီးကဲ့သို့သော ဝိညာဉ်စွမ်းအား အမြောက်အမြား သူ့အသိစိတ်ပင်လယ်ထဲ စီးဝင်လာကာ ချက်ချင်း ဝါးမြိုသွားတော့သည်။
ခဏအကြာတွင် ဝိညာဉ်ရှာဖွေခြင်း ပြီးဆုံးသွားသည်။ စုန့်ဝမ်လည်း အုပ်ချုပ်ရေးမှူးချင်၏ အသက်ကို အလွယ်တကူပင် အဆုံးသတ်လိုက်ပြီး ဝိညာဉ်နှင့် သွေးများကို ဝါးမြိုလိုက်သည်။
အုပ်ချုပ်ရေးမှူးချင်၏ မှတ်ဉာဏ်များအရ ထိုသူမှာ သားရဲသခင်ဂိုဏ်း၏ ဆေးဝါးတောင်မှ အပြင်စည်းတပည့် အုပ်ချုပ်ရေးမှူးငယ်တစ်ဦးသာ ဖြစ်ကြောင်း၊ သူသည် ငွေရောင်ဦးချိုမြက်နှင့် သားရဲသန့်စင်ဆေးလုံးများကို ရယူပိုင်ခွင့်မရှိဘဲ သူ့ပိုင်ဆိုင်မှုဖြင့်လည်း ထိုပစ္စည်းများကို အမြောက်အမြား ဝယ်ယူရန် မဖြစ်နိုင်ကြောင်း စုန့်ဝမ် သိလိုက်ရသည်။ အကြီးအကဲဟွမ်ကို ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီး ဖြစ်ရာ ရရှိသော အချက်အလက်မှာ အတူတူပင် ဖြစ်သည်။
သို့သော်လည်း အုပ်ချုပ်ရေးမှူးချင်၏ မှတ်ဉာဏ်များထဲမှ စိတ်ဝင်စားစရာ အခြေအနေတစ်ခုကို စုန့်ဝမ် ရှာတွေ့ခဲ့သည်။ သားရဲသခင်ဂိုဏ်း၏ ဆေးလုံးတောင်ရှိ ဝိညာဉ်ဆေးဥယျာဉ်တွင် ဟန်ချန်းဟု ခေါ်သော အတွင်းစည်း အကြီးအကဲတစ်ဦး ရှိသည်။ ထိုသူသည် ငွေရောင်ဦးချိုမြက် စိုက်ပျိုးရာ ဝိညာဉ်လယ်ကွင်းများကို စီမံခန့်ခွဲသူ ဖြစ်သည်။
ဟန်ချန်းမှာ အခြေတည်အဆင့် အလယ်အလတ် ကျင့်ကြံသူဖြစ်ပြီး၊ သူ့ဇနီးမှာ ဆေးဝါးခန်းမမှ အခြေတည်အဆင့် နှောင်းပိုင်းရှိ ဆေးဆရာမတစ်ဦး ဖြစ်သည်။ ခွန်အားနှင့် ရာထူးအရဆိုလျှင် ဟန်ချန်းမှာ သူ့ဇနီးထက် အဆင့်နိမ့်သည်။ မာနကြီးသော အမျိုးသမီးနှင့် နိမ့်ကျသော အမျိုးသား၊ ထို့ပြင် ဇနီးဖြစ်သူ၏ လွှမ်းမိုးချုပ်ကိုင်လိုသော စရိုက်ကလည်း ရှိနေသည်။ အချိန်ကြာလာသည်နှင့်အမျှ ပြဿနာများမှာ ရှောင်လွှဲမရဘဲ ဖြစ်လာသည်။
ဇနီးဖြစ်သူ၏ လွှမ်းမိုးမှုနှင့် ပြင်ပလူများက သူ့ကို ဇနီး၏ အရိပ်အောက်နေရသူဟု မြင်ခြင်းတို့ကြောင့် ဟန်ချန်းသည် တဖြည်းဖြည်း ဖိအားများလာကာ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးပြီး စိတ်ပျက်အားလျော့နေခဲ့သည်။ ထိုသို့ စိတ်ဓာတ်ကျမှုကို ဖြေဖျောက်ရန်အတွက် သူသည် ဈေးထဲတွင် လှပသော မယားငယ်တစ်ဦးကို တိတ်တဆိတ် ထားရှိခဲ့သည်။
ထိုမယားငယ်၏အမည်မှာ ကျင့်ယွီဖြစ်ပြီး လှပရုံသာမက စကားချိုသာကာ ကြင်နာတတ်သဖြင့် ဟန်ချန်းကို အမျိုးသားတစ်ဦးတွင် ရှိသင့်သော ဂုဏ်သိက္ခာကို ခံစားရစေသည်။ ထို့ကြောင့် ဟန်ချန်းသည် ကျင့်ယွီကို အလွန်ပင် ချစ်မြတ်နိုးသည်။ ကျင့်ယွီသည် မကြာသေးမီက သားလေးတစ်ယောက် ဖွားမြင်ပေးခဲ့သဖြင့် သူ့ကို မိသားစု၏ ပျော်ရွှင်မှုများ ပေးစွမ်းနိုင်ခဲ့သည်။
ဟန်ချန်းနှင့် သူ၏ ဇနီးသည် လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီ ဖြစ်သော်လည်း၊ ဇနီးဖြစ်သူမှာ ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်းတွင်သာ အာရုံစိုက်နေပြီး ဟန်ချန်းအတွက် ကလေးမမွေးပေးလိုပေ။ ၎င်းမှာ ဟန်ချန်းက ဇနီးဖြစ်သူကို မကျေမနပ်ဖြစ်ရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။ ကျင့်ယွီသည် ဈေးအရှေ့ဘက်ရပ်ကွက်ရှိ အမှတ် ၈၇ ခြံဝင်းငယ်လေးတွင် နေထိုင်သည်။
အသုံးဝင်နိုင်သည့် ထိုအချက်အလက်များအား စုန့်ဝမ် သေချာမှတ်သားခဲ့သည်။ ထို့နောက် သိုလှောင်ရတနာများ သိမ်းဆည်းကာ၊ အလောင်း ၄ လောင်းကို ပြာဖြစ်အောင် မီးရှို့လိုက်သည်။ ထို့နောက် လေပွေမန္တန်ကို သုံး၍ ပြာများ ရှင်းပစ်ခဲ့သည်။
အလောင်းများကို ရှင်းလင်းပြီးနောက် ပြန်ထွက်ခွာလာခဲ့သည်။ ၁၀ မိုင်ခန့် လမ်းလျှောက်ပြီးနောက် ပတ်ဝန်းကျင်တွင် လူမရှိကြောင်း အတည်ပြုပြီးမှ အကြီးအကဲဟွမ်ထံမှ ရရှိသော ဝိညာဉ်သားရဲအိတ်ကို ထုတ်ကာ အထဲမှ ဝိညာဉ်သားရဲကို လွှတ်လိုက်သည်။
၎င်းမှာ သမင်နှင့်တူသော ဝိညာဉ်သားရဲတစ်ကောင်ဖြစ်ပြီး ချီစုစည်းခြင်း နဝမအဆင့် ခွန်အား ရှိသည်။ ဝိညာဉ်သမင်သည် အိတ်ထဲမှ ထွက်လာသည်နှင့် ၎င်း၏ သခင် သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ပြီး စုန့်ဝမ်ကို တိုက်ခိုက်ရန် ကြိုးစားတော့သည်။ စုန့်ဝမ်က သမင်၏ ခေါင်းကို ရိုက်ချလိုက်ရာ ခေါင်းတစ်ခုလုံး ကြေမွသွားပြီး ချက်ချင်း အသက်ပျောက်သွားတော့သည်။
ဝိညာဉ်သမင်၏ အလောင်းကို ဖျက်ဆီးရန် ပြင်လိုက်စဉ် အဆင့်မြင့်ကူက ရုတ်တရက် ပေါ်လာပြီး ထိုသမင်ကို စားချင်ကြောင်း ပူဆာလာသည်။ နှမ်းစေ့ခန့်သာ ရှိသော အဆင့်မြင့်ကူနှင့် နွားအရွယ်ခန့်ရှိသော ဝိညာဉ်သမင်ကို စားမည်ဆိုလျှင် အချိန်မည်မျှ ပေးရမည်မသိ၊ လုံခြုံရေးအရ စိုးရိမ်ရန်လည်း ရှိသဖြင့် မဖြစ်နိုင်ကြောင်း ခေါင်းခါပြလိုက်သည်။
သို့သော် အဆင့်မြင့်ကူက အတင်းပင် ဝိညာဉ်သမင်၏ အလောင်းဆီသို့ ရုတ်တရက် ပြေးဝင်သွားပြီး ခေါင်းကို ကြက်ဥအရွယ်ခန့်အထိ ကြီးထွားစေကာ ကိုက်ဖောက်၍ ကိုယ်တွင်းသို့ တိုးဝင်သွားတော့သည်။ စုန့်ဝမ်လည်း သူ့စွမ်းဆောင်နိုင်စွမ်းကို သိချင်သဖြင့် ပြန်မခေါ်သေးဘဲ စောင့်ကြည့်နေခဲ့သည်။
ချက်ချင်းဆိုသလို သမင်၏ အရေခွံအောက်တွင် ကြက်ဥခန့်ရှိသော အဖုတစ်ခု ပေါ်လာပြီး လျင်မြန်စွာ ရွေ့လျားနေသည်။ ဝိညာဉ်သမင်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပိန်ချောင်သွားတော့သည်။ အသက်ရှူကြိမ် ၂၀ ခန့်အကြာတွင် ဝိညာဉ်သမင်၏ အရေခွံနှင့် အသားလွှာ ပါးပါးလေးသာ ကျန်တော့ပြီး၊ သွေး၊ အသား၊ အရိုးနှင့် အတွင်းကလီစာများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ အဆင့်မြင့်ကူမှာ ယခင်အရွယ်အစားသို့ ပြန်ပြောင်းကာ တွားထွက်လာသည်။
စုန့်ဝမ်သည် နှမ်းစေ့ခန့်ရှိသော ကူပိုးကောင်ကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။ နောက်မှ သတိဝင်လာပြီး အခြား ဝိညာဉ်သားရဲအိတ်တစ်ခုကို ထုတ်လိုက်သည်။ သားရဲသခင်ဂိုဏ်းရှိ ကျင့်ကြံသူတိုင်းက သားရဲ မွေးမြူနိုင်ကြသည် မဟုတ်သဖြင့် ၂ အိတ်သာ ရရှိခဲ့သည်။
ဝိညာဉ်သားရဲအိတ်ကို ဖွင့်လိုက်သောအခါ ချီစုစည်းခြင်း အဋ္ဌမအဆင့် ခွန်အားရှိ အပြာရောင်ဝံပုလွေတစ်ကောင် ထွက်လာသည်။ ဒီတစ်ကြိမ် စုန့်ဝမ်ပင် မလှုပ်ရှားလိုက်ရ၊ အဆင့်မြင့်ကူက စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်သွားပြီး ဝံပုလွေ၏ ပါးစပ်ထဲ တိုးဝင်ကာ ချက်ချင်း သတ်လိုက်သည်။ နောက်ထပ် အသက်ရှူအကြိမ် ၂၀ အကြာတွင် မြေပြင်ပေါ်၌ ဝံပုလွေအရေခွံ တစ်ခုသာ ကျန်တော့သည်။
ဝိညာဉ်သားရဲ နှစ်ကောင် ဆက်တိုက် စားပြီးနောက်တွင် အဆင့်မြင့်ကူမှာ ဗိုက်ပြည့်သွားပုံရပြီး စုန့်ဝမ်၏ ခန္ဓာကိုယ်ထဲ ပြန်ဝင်ကာ ပျောက်ကွယ်သွားသည်။ စုန့်ဝမ်လည်း မီးတောက်မန္တန်ဖြင့် သားရဲအရေခွံများကို မီးရှို့လိုက်သည်။ ထို့နောက် ဈေးသို့ ဦးတည်ပြေးသွားတော့သည်။ လမ်းတွင် ဝိညာဉ်သားရဲအိတ်များကို သားရဲတွင်းတစ်ခုထဲသို့ ပစ်ချခဲ့သည်။
...