အခန်း (၁၃၆)
Vol. 13 Ch. 136
အခန်း(၁၃၆)
နောက်တစ်နေ့ နံနက်တွင် ချင်ရှီနှင့် သူမသားချင်ကောတို့ နေအိမ်တွင် ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး ခန္ဓာကိုယ်များမှာလည်း အပိုင်းပိုင်း ဖြတ်တောက်ကာ ဟိုတစ်စ ဒီတစ်စ ပစ်ထားခံရသည်ကို အိမ်နီးချင်းများ တွေ့ရှိခဲ့ကြသည်။
သူတို့၏ သွေးများဖြင့် နံရံပေါ်တွင် စာရေးထားသည်ကိုလည်း တွေ့လိုက်ကြရသည်။
“ငါ့သူငယ်ချင်း ဟူယွမ်နဲ့ သမီးအတွက် တရားမျှတမှု ပြန်ယူခဲ့သည်”
သြဇာရှိသော မိသားစုများစွာ နေထိုင်သည့် ဈေး၏ အရှေ့ဘက်ရပ်ကွက်တွင် ဖြစ်ပွားသော ဤသတ်ဖြတ်မှုမှာ ဈေးလုံခြုံရေးအဖွဲ့၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိခဲ့သည်။ ဂိုဏ်းသို့ ဆက်သွယ်ပြီးနောက် ချင်ရှီနှင့် သားဖြစ်သူ သေဆုံးကြောင်း အုပ်ချုပ်ရေးမှူးချင်ကို အသိပေးရန် ကြိုးစားကြသော်လည်း၊ အုပ်ချုပ်ရေးမှူးချင်၏ ဝိညာဉ်အမှတ်အသားမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ချင်မိသားစု သုံးယောက်လုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရခြင်း ဖြစ်သည်။
သားရဲသခင်ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးဌာနက စုံစမ်းစစ်ဆေးရာတွင် အုပ်ချုပ်ရေးမှူးချင်သည် ဂိုဏ်းမှ ပြန်ထွက်မသွားမီ အကြီးအကဲဟွမ်နှင့် ချီစုစည်းခြင်း နဝမအဆင့် ကျင့်ကြံသူ နှစ်ဦးကို အတူတူ သွားရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ သူတို့ ဘယ်ကို သွားသလဲဆိုသည်ကို မည်သူမျှ မသိသော်လည်း လေးဦးစလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
စည်းကမ်းထိန်းသိမ်းရေးဌာန အကြီးအကဲ လော့လျန်ကုန်းမှာ အတော်ပင် ပျာယာခတ်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ရွှေအမြုတေအဆင့် ကျင့်ကြံသူ ချယ်ဝမ်ရင်၏ တိုက်ရိုက်တပည့် နှစ်ဦးမှာလည်း ထူးဆန်းစွာ သေဆုံးခဲ့သည်။ ၎င်းဖြစ်စဥ်မှာ လေ့မိသားစုမှ လေ့ထျန်းယုနှင့် နီးကပ်စွာ ဆက်နွှယ်နေနိုင်သည်ဟု သံသယရှိခဲ့သည်။ သို့သော် လေ့မိသားစုကို ပြစ်တင်စွဲချက်တင်ရန် ခိုင်လုံသော သက်သေ မရှိပေ။
နောက်ပိုင်းတွင် လေ့မိသားစုဝင်များကို လာဘ်ထိုး၍ စုံစမ်းရာမှ လေ့ထျန်းယုပါ အသတ်ခံလိုက်ရကြောင်း သိလိုက်ရသည်။ ဤအခြေအနေမှာ စုံစမ်းစစ်ဆေးမှုကို ပိုမို ရှုပ်ထွေးသွားစေသည်။ တိုက်ရိုက်တပည့် နှစ်ဦး တပြိုင်တည်း သေဆုံးသွားပြီး တရားခံကို ရှာမတွေ့ခြင်းကြောင့် ချယ်ဝမ်ရင်တစ်ယောက် စည်းကမ်းထိန်းသိမ်းရေးဌာနတွင် အကြိမ်ပေါင်းများစွာ လာရောက် ဆူပူသောင်းကျန်းခဲ့ပြီး ဖြစ်သည်။
ယခုအခါ အုပ်ချုပ်ရေးမှူးချင်နှင့် သူ၏ မိသားစု သေဆုံးမှုက အခြေအနေကို ပို၍ ဆိုးရွားစေခဲ့သည်။ ဂိုဏ်းတပည့်များ ထူးဆန်းစွာ ပျောက်ဆုံးခြင်း သို့မဟုတ် သေဆုံးခြင်းများ နှစ်စဉ် ရှိတတ်သော်လည်း၊ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် သုံးဦးနှင့် အခြေတည်အဆင့် အကြီးအကဲ တစ်ဦး တပြိုင်တည်း သေဆုံးခြင်းမျိုးမှာ အလွန် ရှားပါးလှသည်။
..........
ချင်မိသားစု၏ နေအိမ်အပြင်ဘက်တွင် လေလွင့်ကျင့်ကြံသူ အမြောက်အမြား စုရုံးနေကြသည်။ ထိုလူအများစု၏ မျက်နှာတွင် ဝမ်းသာမှုများ ဖုံးလွှမ်းနေပြီး၊ ဤသတင်းကောင်းကို သူငယ်ချင်းများနှင့် မိသားစုများထံ ဖြန့်ဝေရန် အလျင်အမြန် ထွက်ခွာသွားကြသည်။
နာရီဝက်မပြည့်မီမှာပင် ချင်ရှီနှင့် သားဖြစ်သူတို့၏ ကြောက်မက်ဖွယ် သေဆုံးမှုသတင်းမှာ ဈေးတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
စုန့်ဝမ်သည်လည်း လူအုပ်ထဲတွင် ပါဝင်နေပြီး ချင်မိသားစု၏ နေအိမ်ကို စောင့်ကြည့်နေသည်။ သို့သော် သူ၏ အကြည့်မှာ မသိမသာဖြင့် လမ်း၏ အခြားတစ်ဖက်ရှိ အမှတ် ၈၇ ခြံဝင်းငယ်လေးဆီသို့ ဦးတည်နေသည်။
မကြာမီမှာပင် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ရှိပြီး၊ ပန်းတစ်ပွင့်ကဲ့သို့ လှပသော အမျိုးသမီးတစ်ဦး ကောင်လေးတစ်ယောက်ကို ချီထားရင်း အိမ်ပြင် ထွက်လာသည်။ ဤအမျိုးသမီးမှာ အကြီးအကဲဟန်ချန်း၏ မယားငယ်ကျင့်ယွီပင် ဖြစ်သည်။
ကျင့်ယွီသည် ချင်မိသားစု အိမ်ရှေ့ရှိ လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး အခြားဖက်သို့ ထွက်သွားခဲ့သည်။ ထို့နောက် စျေးထဲ လှည့်လည်ရင်း အလှကုန်ဆိုင်များနှင့် အဝတ်အထည်ဆိုင် အမျိုးမျိုးကို စိတ်ဝင်တစား ကြည့်ရှုနေသည်။ ဆိုင်တစ်ဒါဇင်နီးပါးကို ဝင်ထွက်ပြီးနောက် တည်းခိုခန်းတစ်ခုသို့ ဝင်သွားသည်။
ထိုတည်းခိုခန်းမှာ အတော်လေး ကြီးမားပြီး အထဲတွင် ခြံဝင်းငယ် အများအပြား ရှိသည်။ ကျင့်ယွီက လမ်းပြမလိုဘဲ တည်းခိုခန်းအတွင်းရှိ လမ်းကြားလေးများထဲ၌ ကျွမ်းကျင်စွာ သွားလာနေသည်။ မကြာမီ ခြံဝင်းငယ်တစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး တံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည်။
ခဏအကြာတွင် ပိန်ပိန်ပါးပါးနှင့် ခပ်ချောချော လူငယ်တစ်ဦးက တံခါးဖွင့်လာသည်။ ထိုလူငယ်သည် အပြင်တွင် ရပ်နေသော ကျင့်ယွီကို မြင်သောအခါ ဝမ်းသာသွားသည်။
“ယွီမေ ... ရောက်လာပြီလား။ မြန်မြန် ဝင်ခဲ့”
ကျင့်ယွီလည်း ကလေးကို ချီလျက် ခြံထဲသို့ ဝင်သွားသည်။ လူငယ်က တံခါးကို ပိတ်လိုက်ပြီး ကျင့်ယွီ၏ သွယ်လျသော ခါးလေးကို ကိုင်ရန် လက်လှမ်းလိုက်သည်။
လက်မရောက်ခင်မှာပင် ကျင့်ယွီက ကျွမ်းကျင်စွာ ရှောင်လိုက်ပြီး “ကလေး ရှိနေသေးတယ်လေ” ဟု အပြစ်တင်သလို ပြောလိုက်သည်။
လူငယ်က ကောင်လေးကို ခြံထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်သို့ ခေါ်သွားသည်။ ထိုနေရာတွင် အရုပ်ငယ်လေးများစွာ ထည့်ထားသော သစ်သားသေတ္တာကြီး တစ်လုံး ရှိသည်။ ကောင်လေး၏ မျက်လုံးများမှာ တောက်ပသွားပြီး အရုပ်များနှင့် စတင် ကစားတော့သည်။
လူငယ်သည် လှည့်ထွက်လာပြီး ကျင့်ယွီ၏ ဘေးသို့ လျှောက်သွားကာ သူမ၏ လုံးဝန်းသော တင်ပါးများကို လှမ်းကိုင်ရင်း အိမ်ထဲသို့ ဝင်သွားကြသည်။ မကြာမီ သူတို့၏ ချစ်တင်းနှောသံများမှာ အခန်းအတွင်း ပျံ့လွင့်လာပြီး ဆယ့်ငါးမိနစ်ကျော် ကြာမြင့်ခဲ့သည်။
ကျေနပ်နေသော ကျင့်ယွီသည် လူငယ်၏ ရင်ခွင်ထဲတွင် လှဲလျောင်းနေပြီး ရင်ဘတ်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ကျန့်ကော ... ကျွန်မကို အဝေးဆုံးကို ခေါ်သွားပေးပါတော့။ ကျွန်မ ဟန်ချန်းကို ထပ်ပြီး အသုံးတော်မခံချင်တော့ဘူး။ သူ ကျွန်မကို ထိတိုင်း ကျွန်မ ကိုယ်ကိုယ်ကို ညစ်ပတ်တယ်လို့ ခံစားရပြီး ရှင့်အပေါ် အပြစ်ရှိသလို ခံစားနေရတယ်...”
…………….
ချောမောသော လူငယ်လေး ရွှီကျန့်မှာ ကျင့်ယွီ၏ ငယ်သူငယ်ချင်း ဖြစ်သည်။ သူတို့သည် အတူတူ ကြီးပြင်းလာခဲ့ကြပြီး နက်ရှိုင်းသော သံယောဇဉ် ရှိခဲ့ကြသည်။ သို့သော် ဤလှပသော အချစ်ဇာတ်လမ်းမှာ ကျင့်ယွီ၏ ဖခင်ထံမှ သဘောတူညီမှု မရရှိခဲ့ပေ။ ကျင့်ယွီ၏ဖခင် ကြိုတင် မြင်ခဲ့သလို ရွှီကျန့်မှာ ကိုယ်ကျင့်တရားလည်း မကောင်းသလို ထူးခြားသော ပါရမီလည်း မရှိပေ။ သို့သော် ဂိုဏ်းကြီးများထဲ ဝင်ရောက်ရန်၊ အခြေတည်အဆင့် ရောက်ရှိရန်နှင့် လူအများ လေးစားရသောသူ ဖြစ်လာရန်ဟူသည့် ကြီးကျယ်သော ရည်မှန်းချက်များကိုသာ အမြဲ ကိုင်စွဲထားတတ်သည်။ စီနီယာကျသော လေလွင့်ကျင့်ကြံသူများကို အထင်သေးတတ်သည်။
ကျင့်ယွီ၏ဖခင်က သမီးဖြစ်သူကို ရွှီကျန့်နှင့် လက်ထပ်ခွင့် မပြုနိုင်ကြောင်း အတိအလင်း ပြောကြားပြီးနောက်၊ ရွှီကျန့်သည် ဒေါသနှင့် အရှက်ရမှုတို့ကြောင့် အပြစ်ကင်းသော ကျင့်ယွီကို ချိုသာသော စကားများဖြင့် လှည့်ဖျားခဲ့သည်။ သူတို့နှစ်ဦးသည် ဘဝကို အတူတူ ဖြတ်သန်းရန် ကတိပြုခဲ့ကြပြီး ပိုမိုကောင်းမွန်သော အနာဂတ်ကို ရှာဖွေရန် ထွက်ခွာလာခဲ့ကြသည်။ သူတို့ ကြီးပြင်းလာခဲ့သည့် လေလွင့်ကျင့်ကြံသူဈေးလေးမှ ထွက်ခွာလာပြီး သားရဲသခင်ဂိုဏ်းထဲ ဝင်ရောက်နိုင်ရန် မျှော်လင့်ချက်ဖြင့် အရှေ့ဟွာဖန်းစျေးသို့ ရောက်လာခဲ့ကြသည်။
အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် သားရဲသခင်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် ရွှီကျန့်၏ပါရမီမှာ ညံ့ဖျင်းလှသဖြင့် အနိမ့်ဆုံးအဆင့်ဖြစ်သော အစေခံတပည့်သာ ဖြစ်ခဲ့သည်။
သူ့ထက်ပင် ပါရမီ ပိုနည်းသော ကျင့်ယွီမှာ ဂိုဏ်းဝင်ခွင့်ပင် မရဘဲ အရှေ့ဟွာဖန်းဈေးတွင် လေလွင့်ကျင့်ကြံသူအဖြစ် နေထိုင်ခဲ့ရသည်။ ထိုအချိန်တွင် ဟန်ချန်း ပေါ်လာပြီး လှပသော ကျင့်ယွီကို သဘောကျသွားခဲ့သည်။ အချစ်ကို အလေးထားသော ကျင့်ယွီက ဟန်ချန်း၏ မယားငယ်ဖြစ်ရန် အစက သဘောမတူနိုင်ခဲ့ပေ။ သို့သော် လောကဓံ၏ ထိုးနှက်မှုကို လိမ့်နေအောင် ခံစားနေရသော ရွှီကျန့်၏ အမြဲမပြတ် ဖျောင်းဖျမှုကြောင့် နောက်ဆုံးတွင် ကျင့်ယွီသည် ဟန်ချန်း၏ မယားငယ် ဖြစ်လာခဲ့ရသည်။
ဟန်ချန်းမှာမူ ရွှီကျန့်နှင့် ပတ်သတ်မှုကို မသိရှိဘဲ ကျင့်ယွီမှာ ဤဈေးသို့ အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်တည်း ရောက်ရှိလာသည့် လေလွင့်ကျင့်ကြံသူဟုသာ ထင်မှတ်နေခဲ့သည်။ သူသည် ဆယ်ရက်မှ တစ်ကြိမ်ခန့်သာ ဈေးသို့ လာလေ့ရှိရာ၊ ၎င်းမှာ ကျင့်ယွီနှင့် ရွှီကျန့်တို့ လျှို့ဝှက်စွာ တွေ့ဆုံရန်နှင့် ဟန်ချန်း ပေးထားသော ဝိညာဉ်ကျောက်တုံးများကို သုံး၍ သူတို့၏ သံယောဇဉ်ကို ပြန်လည် တည်ဆောက်ရန် အခွင့်အရေး ဖြစ်ခဲ့သည်။
...
အရှေ့ဟွာဖန်းဈေးကွက်မှ ထွက်ခွာသွားရန် ကျင့်ယွီ၏ တောင်းဆိုမှုကို ကြုံရသောအခါ ရွှီကျန့်၏ မျက်လုံးများတွင် တုံ့ဆိုင်းမှုများ ပေါ်လာသည်။ ယခုအချိန်တွင် သူသည် ကျင့်ယွီ၏ ထောက်ပံ့မှုအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရခြင်း ဖြစ်သည်။ အကယ်၍ ထွက်သွားပါက မည်သည့် အထောက်အပံ့မျှ မရှိသော လေလွင့်ကျင့်ကြံသူများ ပြန်ဖြစ်သွားပေလိမ့်မည်။
ရွှီကျန့်၏ စိုးရိမ်မှုကို ကျင့်ယွီက ရိပ်မိသည်။
“ကျွန်မ ဝိညာဉ်ကျောက်တုံးတွေ စုထားခဲ့တာ တစ်ထောင်ကျော် ရှိပြီ။ အဲဒါက ကျွန်မတို့ နှစ်အတော်ကြာ သုံးစွဲဖို့ လုံလောက်တယ်။ တကယ်လို့ အဆင်မပြေခဲ့ရင်တောင် ကျွန်မတို့ သာမန်လူတွေလို နေထိုင်လို့ ရတာပဲ”
ဝိညာဉ်ကျောက်တုံး တစ်ထောင်ရှိသည်ဟု ပြောလိုက်ချိန်တွင် ရွှီကျန့်၏ မျက်လုံးထဲ၌ ခဏတာ ဖြတ်ပြေးသွားသော လောဘ အရိပ်အယောင်ကို ကျင့်ယွီ သတိမထားမိလိုက်ပေ။
ရွှီကျန့်က အခက်တွေ့နေသည့် မျက်နှာဖြင့် “ဒါပေမဲ့ သာမန်လူသားတွေကမ္ဘာကို သွားရမယ့် ခရီးက အရမ်းဝေးသလို အန္တရာယ်လည်း များတယ်။ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်လေးနဲ့၊ အဲဒီကို ဘေးကင်းကင်းနဲ့ ရောက်နိုင်မှာ မဟုတ်ဘူး”
ရွှီကျန့်၏ ကျင့်ကြံမှုမှာ ချီစုစည်းခြင်း တတိယအဆင့် ဖြစ်ပြီး၊ ကျင့်ယွီမှာမူ ဟန်ချန်း ပေးထားသော ဆေးကောင်းများကြောင့် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျင့်ယွီက ဝမ်းနည်းစွာဖြင့် “ကျွန်မတို့မှာ လှေပျံ တစ်စင်းသာ ရှိရင် ကောင်းမှာပဲ” ဟု ဆိုသည်။ စျေးအချိုဆုံး လှေပျံပင်လျှင် ဝိညာဉ်ကျောက်တုံး လေးထောင်ခန့် ပေးရသဖြင့် သူတို့နှစ်ဦး မဝယ်နိုင်သော အရာဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရွှီကျန့်သည် ပြတ်သားသော အကြည့်ဖြင့် မတ်တတ်ထိုင်လိုက်ပြီး “ငါတို့ ဟန်ချန်းဆီကနေ ဝိညာဉ်ကျောက်တုံးတွေ ရအောင် ယူရမယ်” ဟု ပြောလိုက်သည်။
ကျင့်ယွီသည် စိတ်ဝင်တစားဖြင့် မျက်လုံးများ တောက်ပသွားကာ “ရှင့်မှာ အစီအစဉ် ရှိလို့လား?” ဟု မေးလိုက်သည်။
“ကလေးလေ ... ဒီကလေးက ဟန်ချန်းရဲ့ တစ်ဦးတည်းသော သားပဲ၊ ဟန်ချန်းက သူ့ကို အသက်ထက်ချစ်တာ။ သူနဲ့ ခြိမ်းခြောက်ရင် ဟန်ချန်းက ငါတို့ ပြောတဲ့အတိုင်း လုပ်ပေးရမှာ”
ကျင့်ယွီ တွေဝေသွားသည်။ “ကျွန်မ ဒီကလေးကို သဘောမကျဘူး ဆိုပေမဲ့ သူက ကျွန်မရဲ့ သွေးသားပဲ။ သူ့ကို နာကျင်အောင်တော့ မလုပ်ရက်ဘူး” ဟု ဆိုသည်။
ရွှီကျန့်က “မစိုးရိမ်ပါနဲ့။ သူ့ကို နာကျင်အောင် မလုပ်ပါဘူး၊ ဟန်ချန်းကို ခြိမ်းခြောက်ဖို့ပဲ သုံးမှာပါ” ဟု ပြန်ပြောသည်။
အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ကျင့်ယွီသည် နောက်ဆုံးတွင် ရွှီကျန့်၏အကြံကို လက်ခံလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် တိုးတိုးလေး တိုင်ပင်ကာ အစီအစဉ်များ စတင်ဆွဲကြတော့သည်။ အပြစ်ကင်းသော ကောင်လေးမှာမူ သူ့မိခင်နှင့် သူမ၏ ရည်းစားတို့က သူ့ကို အသုံးချရန် ကြံစည်နေသည်ကို လုံးဝ မသိရှိဘဲ ခြံထဲတွင် ပျော်ရွှင်စွာ ကစားနေရှာသည်။
စုန့်ဝမ်သည် ကူပိုးကောင်မှတစ်ဆင့် ဤအရာအားလုံးကို မြင်တွေ့ခဲ့ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။ မထွက်ခွာမီ လူကြီးနှစ်ဦးနှင့် ကလေးပေါ်တွင် ဝိညာဉ်အမှတ်အသား ၃ ခု ခပ်နှိပ်ထားခဲ့သည်။ စုန့်ဝမ်သည်လည်း ထိုလူနှစ်ဦးကို သုံး၍ ဟန်ချန်းကို မျှားထုတ်ရန်နှင့် ငွေရောင်ဦးချိုမြက်၊ သားရဲသန့်စင်ဆေးလုံးများ ရယူရန် စီစဉ်နေခြင်း ဖြစ်သည်။
.........