← Chapters

အခန်း (၁၃၇)

Vol. 13 Ch. 137

အခန်း (၁၃၇)

Vol. 13 Ch. 137

အခန်း(၁၃၇)

နောက်သုံးရက်အကြာ၊ မွန်းလွဲပိုင်းအချိန်တွင် အမှတ် ၈၇ ခြံဝင်းအပြင်ဘက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်။ ထိုသူမှာ ဟန်ချန်း ဖြစ်သည်။

သားဖြစ်သူကို မတွေ့ရသည်မှာ ရက်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် ဟန်ချန်း အလွန် လွမ်းဆွတ်နေမိသည်။ ထိုနေ့နံနက်တွင် သူ့ဇနီးဖြစ်သူ ရုန်ကျင့်ယွမ် သားရဲသန့်စင်ဆေးလုံးများ ဖော်စပ်တော့မည်ဖြစ်ကြောင်း သိခဲ့ရသည်။ ရုန်ကျင့်ယွမ် ဂူထဲမှ ထွက်သွားပြီးနောက် ဟန်ချန်းသည်လည်း ဈေးသို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ဆေးလုံးတစ်သုတ် ဖော်စပ်ရန် အနည်းဆုံး နှစ်ရက်ခန့် ကြာမြင့်တတ်ရာ၊ ၎င်းမှာ သူ၏ မယားငယ်နှင့် သားလေးနှင့်အတူ အချိန်ဖြုန်းရန် လုံလောက်သော အချိန်ဖြစ်သည်။

သို့သော်လည်း ရောက်ရှိလာသောအခါ ကျင့်ယွီမှာ မတွေ့ရဘဲ၊ တံခါးမှာ သော့ခတ်ထားပြီး သတင်းအစအနလည်း မရခဲ့ပေ။ ဝင်ရောက်စစ်ဆေးရာ ခြံနှင့် အိမ်ထဲရှိ အရာအားလုံး ပုံမှန်အတိုင်း ရှိသော်လည်း၊ မီးဖိုချောင်ရှိ အကြွင်းအကျန်များနှင့် ဖုန်မှုန့်များကို ကြည့်ခြင်းအားဖြင့် ဤအိမ်ထဲ၌ လူမရှိသည်မှာ အနည်းဆုံး နှစ်ရက်ခန့် ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဟန်ချန်း၏ မျက်မှောင်များ ကြုတ်သွားသည်။ ကျင့်ယွီသည် အားနည်းသူတစ်ဦးဖြစ်ပြီး ကလေးနှင့်အတူ တစ်ယောက်တည်း နေထိုင်နေရသူဖြစ်ရာ၊ သူခိုးများ သို့မဟုတ် ကျင့်ကြံသူများ၏ ရန်ပြုမှုကို ခံလိုက်ရတာများလား။ ဟန်ချန်းလည်း တွေးလေ ပိုစိုးရိမ်လေ ဖြစ်လာသည်။ ထို့ကြောင့် အိမ်ကို မွှေနှောက်ပြီး သဲလွန်စ ရှာတော့သည်။ နောက်ဆုံးမှ တံခါးနောက်ဘက်ရှိ စာတစ်စောင်ကို ရှာတွေ့ခဲ့သည်။

လက်ရေးကို ကြည့်ခြင်းအားဖြင့် ထိုစာမှာ အမျိုးသားတစ်ဦး ရေးထားခြင်း ဖြစ်ကြောင်း သိသာသည်။ စာထဲတွင် ကျင့်ယွီနှင့် သူမ၏ ကလေးကို ပြန်ပေးဆွဲထားကြောင်းနှင့် ဟန်ချန်းကို ကျင့်ကြံသူများ သောက်စားရာ ဆိုင်တစ်ဆိုင်သို့ တစ်ယောက်တည်း လာခဲ့ရန် ဖော်ပြထားသည်။

ဟန်ချန်း၏ ကျင့်ယွီနှင့် သားဖြစ်သူအတွက် စိုးရိမ်မှုများမှာ ပြင်းထန်သော ဒေါသအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူ့လက်ထဲရှိ စာမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး လေထဲတွင် လွင့်စင်သွားတော့သည်။

............

ဟန်ချန်းလည်း အချိန်မဆိုင်းဘဲ အဆိုပါ ဆိုင်သို့ ဦးတည်သွားတော့သည်။ ထိုဆိုင်မှာ သေးငယ်ပြီး ခန်းမထဲတွင် စားပွဲ ငါးလုံး ခြောက်လုံးခန့်သာ ရှိသည်။ ထမင်းစားချိန် ကျော်သွားပြီဖြစ်ရာ ဆိုင်ထောင့်ရှိ စားပွဲတစ်ခုတွင် လက်ဖက်ရည် သောက်နေသော လူငယ်တစ်ဦးသာ ရှိတော့သည်။

ထိုလူငယ်မှာ ရွှီကျန့် ဖြစ်သည်။ ဟန်ချန်းသည် ရွှီကျန့်ထံသို့ အလျင်အမြန် လျှောက်သွားပြီး ဒေါသတကြီးဖြင့် “ကျင့်ယွီနဲ့ ငါ့သားကို ပြန်ပေးဆွဲတာ မင်းလား” ဟု မေးလိုက်သည်။

ရွှီကျန့်က ကြောက်ရွံ့မှုကို ထိန်းချုပ်ရင်း “ဟုတ်တယ်၊ ကလေးနဲ့ ကျင့်ယွီက ကျွန်တော်တို့ လက်ထဲမှာပါ” ဟု ပြန်ပြောလိုက်သည်။

အတည်ပြုချက်ကို ရရှိပြီးနောက် ဟန်ချန်းသည် သူ၏ ရင်ထဲမှ ဒေါသကို မထိန်းနိုင်တော့ပေ။ သူ့ရှေ့ရှိ စားပွဲနှင့် ကုလားထိုင်များမှာ “ဘုန်း” ဟူသော အသံနှင့်အတူ ပေါက်ကွဲကာ သစ်သားစများအဖြစ် လွင့်စင်ကုန်သည်။ ရွှီကျန့်သည်လည်း ဟန်ချန်း၏ အရှိန်အဝါကြောင့် နောက်သို့ လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်မိမှသာ ရပ်သွားတော့သည်။

“အကြီးအကဲဟန်၊ စိတ်မလိုက်ပါနဲ့။ ခင်ဗျား ကျွန်တော့်ကို သတ်လိုက်ရင် ကျင့်ယွီနဲ့ ကလေး ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။ ကျွန်တော် ပြန်မရောက်ရင် ကျွန်တော့်လူတွေက ကလေးကို သတ်ပစ်ဖို့ ဝန်မလေးကြဘူးနော်” ဟု ရွှီကျန့်က အော်ဟစ်လိုက်သည်။

ဟန်ချန်း၏ မြေပြင်ပေါ် လဲနေသော ရွှီကျန့်ကို စိုက်ကြည့်ရင်း စိတ်ထိန်းလိုက်ရသည်။

ရွှီကျန့်က အမြန်ဆက်ပြောသည်။

“ဝိညာဉ်ကျောက်တုံး တစ်သောင်း။ ဝိညာဉ်ကျောက်တုံး တစ်သောင်းပေးရင် ကျင့်ယွီနဲ့ ကလေး အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မယ်”

ဟန်ချန်းက ချက်ချင်းပင် “ကောင်းပြီ၊ ပြဿနာမရှိဘူး” ဟု ပြန်ပြောလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ရန် ပြင်လိုက်သည်။

ရွှီကျန့်က အမြန်တားလိုက်သည်။

“နေဦး၊ ဝိညာဉ်ကျောက်တုံးတွေကို ခင်ဗျားလက်ထဲကနေ မယူချင်ဘူး။ ခင်ဗျားက ဝိညာဉ်အမှတ်အသား တစ်ခုခု ခပ်ထားမှာ သေချာတယ်”

ဟန်ချန်းမှာ ဆွံ့အသွားသည်။ သူသည်လည်း ထိုသို့ လုပ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။ သူက “ဒါဆို မင်းက ဘာဖြစ်ချင်တာလဲ” ဟု မေးလိုက်သည်။

ရွှီကျန့်က “ဘေးနားက ဆေးဆိုင်က လေ့မိသားစု ပိုင်တာ။ အဲဒီမှာ ဝိညာဉ်ကျောက်တုံး တစ်သောင်းကို သွားလဲပေး။ ဝိညာဉ်ကျောက်တုံးတွေကို ခင်ဗျားလက်နဲ့ မထိဘဲ တိုက်ရိုက် ပေးရမယ်” ဟု ဆိုသည်။

ဟန်ချန်းသည် တိတ်ဆိတ်သွားပြီး၊ သားကောင်ကို ကြည့်နေသော သားရဲတစ်ကောင်ကဲ့သို့ ရွှီကျန့်ကို အကြာကြီး စိုက်ကြည့်နေသည်။ ထို့နောက် “ကောင်းပြီ”ဟု အေးစက်စွာ ပြောရင်း လှည့်ထွက်သွားခဲ့သည်။ ရွှီကျန့်လည်း အလျင်အမြန် လိုက်သွားသည်။

ဟန်ချန်းသည် ဘေးနားရှိ ဆေးဆိုင်သို့ ဝင်သွားပြီး ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ပြောလိုက်သည်။

“ငါ ဒီမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တွေ လဲချင်လို့”

ဝန်ထမ်းအမျိုးသမီးက ပြုံးလျက် “ကျွန်မတို့ ဆိုင်မှာ ဝိညာဉ်ကျောက်တုံး လဲလှယ်ပေးတဲ့ ဝန်ဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တစ်တုံးကို အဆင့်နိမ့်ကျောက် တစ်ရာပဲ လဲပေးနိုင်ပါတယ်။ ဘယ်လောက် လဲချင်လို့လဲရှင့်”

ပုံမှန်အားဖြင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးတွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာစာ ဝိညာဉ်စွမ်းအင် ပါဝင်သည်။ သို့သော် လဲလှယ်ရာတွင် အလယ်အလတ်အဆင့် တစ်တုံးလျှင် အဆင့်နိမ့်ကျောက် ၁၂၀ ခန့်အထိ ရတတ်သည်။ အကြောင်းမှာ အလယ်အလတ်အဆင့်မှာ ဝိညာဉ်စွမ်းအင် ပိုမို သိပ်သည်းသဖြင့် ကျင့်ကြံရာတွင် ပိုမြန်သလို၊ အစီအရင် အများအပြားမှာလည်း အလယ်အလတ်အဆင့်ကိုသာ လိုအပ်ခြင်းကြောင့် ဖြစ်သည်။

“အဆင့်နိမ့်ဝိညာဉ်ကျောက်တစ်သောင်း” ဟု ဟန်ချန်းက ပြောကာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာကို ပေးလိုက်သည်။

ဝန်ထမ်းအမျိုးသမီးက ဝိညာဥ်ကျောက်တုံးများကို ယူကာ “ခဏစောင့်ပါဦးရှင်”ဟု ပြောပြီး ဆိုင်နောက်ဘက်သို့ ဝင်သွားသည်။

ခဏအကြာတွင် သိုလှောင်အိတ် တစ်လုံးနှင့် ပြန်လာသည်။ သူမက ထိုအိတ်ကို ဟန်ချန်းထံ ပေးလိုက်ပြီး “အရေအတွက် မှန်၊ မမှန် စစ်ဆေးကြည့်ပါဦးရှင်” ဟု ဆိုသည်။

ဟန်ချန်းက ထိုအိတ်ကို မယူဘဲ သူ၏ နောက်ကွယ်ရှိ ရွှီကျန့်ဘက်သို့ လှည့်ပြောလိုက်သည်။

“မင်းအလှည့်”

ရွှီကျန့်သည် ရှေ့သို့ တက်လာပြီး သိုလှောင်အိတ်ကို ယူကာ ဝိညာဉ်အာရုံဖြင့် အထဲကို စစ်ဆေးလိုက်သည်။ များပြားသည့် ကျောက်တုံးများကို မြင်သောအခါ သူ့မျက်လုံးများ တောက်ပသွားသည်။

ရွှီကျန့်သည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ထိုအိတ်ကို ယူပြီး ဟန်ချန်းကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် နှစ်ယောက်သား ဆိုင်ထဲမှ ပြန်ထွက်လာသည်။

ဟန်ချန်းက “ကျင့်ယွီနဲ့ ကလေး ဘယ်မှာလဲဆိုတာ ပြောတော့” ဟု ဆိုသည်။

“စီနီယာ... အိမ်ပြန်သွားရင် မမလေးကို သေချာပေါက် တွေ့ရပါလိမ့်မယ်”

ဟန်ချန်းက ရွှီကျန့်၏ လမ်းကို ပိတ်လိုက်ပြီး “ကလေးကရော”ဟု မေးလိုက်သည်။

ရွှီကျန့်က “ကလေးကိုတော့ အခုချက်ချင်း မပေးနိုင်သေးဘူး။ ကျွန်တော် ကျောက်တုံးတွေကို ဘေးကင်းကင်းနဲ့ ယူသွားနိုင်မှ ကလေးကို ပြန်ပို့ပေးမှာ” ဟု ဆိုသည်။

“မင်း...”

ဟန်ချန်း၏ မျက်လုံးများမှာ ဒေါသကြောင့် တောက်လောင်နေပြီး ရွှီကျန့်ကို အပိုင်းပိုင်း ဖြတ်ပစ်ချင်နေပုံရသည်။

ရွှီကျန့်က ကြောက်သော်လည်း တည်ငြိမ်ယောင်ဆောင်ကာ “မစိုးရိမ်ပါနဲ့ စီနီယာ။ ကျွန်တော်တို့ ညီအစ်ကိုတွေက စည်းစိမ်ကိုပဲ လိုချင်တာပါ၊ လူအသက်ကို ရန်မရှာပါဘူး။ ကျွန်တော့်နောက်ကို လိုက်ဖို့ ဝိညာဉ်အမှတ်အသား ခပ်ဖို့လည်း မကြိုးစားပါနဲ့။ ကျွန်တော်တို့ ခေါင်းဆောင်ကလည်း အခြေတည်အဆင့် ကျင့်ကြံသူပဲ။ ခင်ဗျား အမှတ်အသား ခပ်လိုက်ရင် သူ ချက်ချင်း သိသွားလိမ့်မယ်၊ အဲဒီကျရင် ကလေးရဲ့ အသက် အန္တရာယ် ရှိသွားမယ်”ဟု ပြောပြီးနောက် လှည့်ထွက်သွားတော့သည်။

............

ဟန်ချန်းမှာ လက်သီးကို တင်းတင်းဆုပ်ကာ ရွှီကျန့် ထွက်သွားသည်ကို ကြည့်နေမိသည်။ ချီစုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူ၏ ခြိမ်းခြောက်မှုကို ခံရခြင်းမှာ သူ့ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

ထို့နောက် စိတ်ထိန်းပြီး ကျင့်ယွီကို ရှာရန် နေအိမ်သို့ အပြေးသွားတော့သည်။

ရွှီကျန့်မှာမူ ဈေးကွက်အတွင်း လမ်းကြားများထဲ၌ လှည့်ပတ်သွားလာပြီးနောက်၊ နောက်ဆုံးတွင် ဆိုင်းဘုတ်မရှိသော ဆိုင်ငယ်လေးတစ်ခုသို့ ဝင်သွားသည်။ ဆိုင်၏ စားပွဲတွင် မျက်လုံးမှိတ်ထားသော အဘိုးအိုတစ်ဦး ထိုင်နေသည်။ ထိုအဘိုးအိုထံတွင် ဝိညာဥ်ကျောက် ၅၀၀ ပေးချေပြီး သိုလှောင်အိတ်၊ ဝိညာ်ကျောက်အပြင် သူ့ကိုယ်ပေါ်တွင် ဝိညာဥ်အမှတ်အသား မရှိကြောင်း စစ်ဆေးအတည်ပြုပြီးမှ ပြန်ထွက်လာခဲ့သည်။

.............

ဟန်ချန်း ခြံထဲသို့ ပြန်ရောက်သောအခါ ကျင့်ယွီကို တွေ့လိုက်ရသဖြင့် စိတ်သက်သာရာ ရသွားသော်လည်း၊ ကလေး ပြန်မပါလာသေးသည်ကို မြင်သောအခါ စိုးရိမ်စိတ် ပြန်ဝင်လာပြန်သည်။

“ကျင့်ယွီ... သူတို့ မင်းကို ဘာလုပ်ကြသေးလဲ”

ကျင့်ယွီ၏ မျက်လုံးများမှာ နီမြန်းကာ ဖောရောင်နေပြီး၊ မျက်နှာမှာလည်း ဖြူဖျော့ကာ ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူမသည် အလွန်အမင်း ထိတ်လန့်မှုကို ခံစားခဲ့ရပုံရသည်။ ဟန်ချန်းကို မြင်သည်နှင့် ရင်ခွင်ထဲသို့ အပြေးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

“အရှင် ... ရှင် ရောက်လာပြီပဲ။ ကျွန်မတို့ ကလေးကို ကယ်ပေးပါဦး။ သူက အဲဒီ လူမိုက်တွေ လက်ထဲမှာ ရှိနေသေးတယ်...”

ဟန်ချန်းသည် ကလေးအတွက် စိုးရိမ်နေသော်လည်း တည်ငြိမ်စွာပင် သူမကို နှစ်သိမ့်လိုက်သည်။

“မစိုးရိမ်ပါနဲ့။ ငါ ကိုင်တွယ်ပါ့မယ်”

ကျင့်ယွီ၏ တုန်ယင်မှုများ လျော့ပါးသွားပြီး စိတ်တည်ငြိမ်စပြုလာသောအခါ ဟန်ချန်းက ဆက်မေးလိုက်သည်။

“မင်းကို ပြန်ပေးဆွဲသွားတာနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောပြပါဦး။ အဲဒီ လူမိုက်တွေ ဘယ်မှာ ပုန်းနေကြတာလဲ”

“လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်မ သားလေးကို အပြင်ခေါ်သွားဖို့ ပြင်နေတုန်းမှာ လူလေးငါးယောက် အိမ်ထဲကို အတင်းဝင်လာတယ်။ အော်ဟစ် အကူအညီတောင်းဖို့တောင် အချိန်မရလိုက်ဘဲ သတိလစ်သွားခဲ့တာပဲ။ ပြန်နိုးလာတော့ မှောင်မည်းနေတဲ့ မြေအောက်ခန်းတစ်ခုထဲ ရောက်နေပြီး ကျွန်မနဲ့ သားလေးပဲ ရှိတော့တယ်။ ကျွန်မတို့ကို နှစ်ရက်လုံး ပိတ်လှောင်ထားခဲ့တာ။ အစားအသောက်နဲ့ ရေ လာပေးတာကလွဲလို့ အဲဒီအခန်းထဲကို ဘယ်သူမှ ထပ်မဝင်လာခဲ့ဘူး။ အဲဒီလူတွေက ဝတ်ရုံနက်တွေ ခြုံထားတော့ သူတို့မျက်နှာတွေကို မမြင်ရဘူး၊ ပြီးတော့ သူတို့က စကားတစ်ခွန်းမှလည်း မပြောကြဘူး”

ကျင့်ယွီက ရှိုက်ကြီးတငင် ငိုကြွေးရင်း အဖြစ်အပျက်များကို ပြန်ပြောပြနေစဉ်၊ ဟန်ချန်းက အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေသည်။ ကျင့်ယွီနှင့် ကလေးကို ပြန်ပေးဆွဲခြင်းမှာ သူ့ကို တိုက်ရိုက် ရည်ရွယ်ခြင်း ဖြစ်သည်မှာ ရှင်းလှသည်။

“ဒီနေ့ရော .. ဘယ်လိုလွတ်လာတာလဲ”

ကျင့်ယွီက “အသေးစိတ်တော့ ကျွန်မလည်း သေချာမသိဘူး” ဟု ပြန်ဖြေသည်။ ပြီးမှ စဥ်းစာဟန်ပြုရင်း ဆက်ပြောသည်။ “ကျွန်မ မှတ်မိတာကတော့ ဝတ်ရုံနက်တစ်ယောက် အခန်းထဲဝင်လာပြီး ကျွန်မကို သတိလစ်အောင် လုပ်လိုက်တယ်။ ပြန်နိုးလာတော့ ကျွန်မ ဒီခြံထဲကို ပြန်ရောက်နေတာပဲ။ သားလေးကတော့ သူတို့လက်ထဲမှာ ရှိနေသေးတယ်။ အရှင်... သားလေးကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားပေးပါဦး”

ဟန်ချန်းက စိတ်ထဲမှ တွက်ချက်ကြည့်သည်။ ရွှီကျန့်ထံ ဝိညာဉ်ကျောက်တုံးများ ပေးအပ်ခဲ့ချိန်မှ အိမ်ပြန်ရောက်ချိန်ထိ ဆယ့်ငါးမိနစ်ခန့်သာ ရှိသေးသည်။ လူတစ်ယောက်ကို သယ်ဆောင်လာပို့ထားရသဖြင့် ထိုလူများသည် အဝေးကြီးသို့ ရောက်နိုင်ဦးမည် မဟုတ်ပေ။ မြေအောက်ခန်းမှာ အဝေးကြီးတွင် မဟုတ်ဘဲ ဈေးအတွင်းမှာပင် ဖြစ်နိုင်သေးသည်။ သို့သော်လည်း ဈေးတစ်ခုလုံးရှိ မြေအောက်ခန်းများကို ရှာဖွေရန်မှာ လွယ်ကူသောအလုပ် မဟုတ်ချေ။

ဟန်ချန်းက သူ့အတွေ့အကြုံကို ပြောပြသည်။

“လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်က ငါ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ဒါပေမဲ့ သူက ချီစုစည်းခြင်း တတိယအဆင့်ပဲ ရှိတဲ့ အောက်ခြေလူမိုက်လေး တစ်ယောက်ပါ။ သူက မင်းကို မလွှတ်ခင် ငါ့ဆီက ဝိညာဉ်ကျောက်တုံး တစ်သောင်း တောင်းသွားခဲ့တယ်”

ကျင့်ယွီသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး မျက်ရည်များကို သုတ်ကာ ဟန်ချန်း၏ လက်ကို ဆွဲကိုင်လိုက်သည်။

“ရှင် အဲဒီလူနောက်ကို လိုက်ဖို့ ဝိညာဉ်အမှတ်အသားလိုမျိုး တစ်ခုခု ခပ်မထားခဲ့ဘူးလား။ အဲဒီအမှတ်အသားနောက် လိုက်ရင် သူတို့ပုန်းနေတဲ့နေရာကို ရှာတွေ့နိုင်မှာလေ”

ဟန်ချန်းက ခေါင်းခါပြသည်။

“ငါ ဘာအမှတ်အသားမှ မခပ်ခဲ့ဘူး။ အမှတ်အသား ခပ်ရင် ကလေးကို သတ်ပစ်မယ်လို့ သူတို့က ခြိမ်းခြောက်ထားတာ။ ငါအဲဒီလို အန္တရာယ် မစွန့်စားရဲဘူး”

၎င်းစကားကို ကြားသောအခါ ကျင့်ယွီ ဝမ်းသာသွားသည်။ သူနှင့် ရွှီကျန့်တို့၏ အစီအစဉ်မှာ အတော်လေး အောင်မြင်နေပြီ ဖြစ်သည်။ အခု လုပ်ရမည်မှာ ဟန်ချန်းကို အချိန်ဆွဲထားပြီး ရွှီကျန့် ဈေးတွင်းမှ ဘေးကင်းကင်း ထွက်သွားနိုင်အောင် အချိန်ဆွဲပေးဖို့ပင် ဖြစ်သည်။ သူကိုယ်တိုင်က ဟန်ချန်း တောင်ပေါ် ပြန်တက်သွားချိန်မှ ထွက်ပြေးမည်ဟု စီစဥ်ထားသည်။

ကျင့်ယွီသည် သားကို စိုးရိမ်သော မိခင်တစ်ဦး၏ ဝေဒနာကို အသက်ဝင်လှအောင် သရုပ်ဆောင်ကာ ငိုကြွေးပြနေသည်။ ဟန်ချန်းက ကျင့်ယွီကို နှစ်သိမ့်ပြီး အခန်းထဲသို့ ပြန်ပို့ကာ နားခိုင်းပြီး ကလေးကို ကယ်တင်ရန် စဉ်းစားနေသည်။

ခဏတာ စဥ်းစားပြီး အသိတစ်ယောက်ထံ အကူအညီ တောင်းရန် အိမ်ထဲမှ ထွက်လာခဲ့သည်။ သို့သော် အခန်းထဲ၌ ဘာဖြစ်နေသည်ကို သူ မသိလိုက်ပေ။ စောင်အောက်တွင် ကျင့်ယွီသည် သတင်းပို့အဆောင်ကျောက်ပြားတစ်ခုကို ကိုင်ထားပြီး သတင်းပို့နေခဲ့သည်။

.............

All Chapters