← Chapters

အခန်း (၁၄၀)

Vol. 13 Ch. 140

အခန်း (၁၄၀)

Vol. 13 Ch. 140

အခန်း(၁၄၀)

ဟန်ချန်းနှင့် ရုန်ကျင့်ယွမ်တို့သည် စုန့်ဝမ် ပြောပြသည့်အတိုင်း ကလေးငယ်ကို ဂူအတွင်း၌ ရှာတွေ့ခဲ့ကြသည်။ ကလေးငယ်မှာ ကြိုးဖြင့် ချည်နှောင်ခံထားရပြီး ဆာလောင်မွတ်သိပ်ခြင်းနှင့် ပြင်းထန်သော ရေဓာတ်ခမ်းခြောက်ခြင်းကို ခံစားနေရပြီး သတိလစ်နေပြီ ဖြစ်သည်။ အကယ်၍ နာရီပိုင်းမျှ နောက်ကျခဲ့ပါက အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

သားဖြစ်သူ၏ ဆိုးရွားလှသော အခြေအနေကို မြင်လိုက်ရသောအခါ ဟန်ချန်းသည် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ထိန်းချုပ်မရ ထွက်ပေါ်လာသည်။ ရုန်ကျင့်ယွမ်ပင်လျှင် အလွန်အမင်း ဒေါသထွက်သွားသည်။

ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် သေခြင်း၊ ရှင်ခြင်းအပေါ် ပေါ့ပါ့ပါးပါးသာ သဘောထားတတ်ကြပြီး မိမိနှင့်မဆိုင်သော လူများ၏ အသက်ကို ဂရုမစိုက်တတ်ကြပေ။ သို့သော် သာမန်လူများကို အကြောင်းမဲ့ နှိပ်စက်၊ သတ်ဖြတ်လေ့မရှိကြပါ။ နတ်ဆိုးကျင့်ကြံသူများပင်လျှင် ကျင့်စဉ်အတွက် သာမန်လူကို သတ်လျှင် နာကျင်မှု သက်သာအောင် မြန်မြန်ဆန်ဆန်သာ သတ်လေ့ရှိကြသည်။ အငြိုးကြီးတစ္ဆေဖန်တီးသောအခါသာ တမင်သက်သက် ရက်စက်တတ်သည်။

ယခုကဲ့သို့ ကလေးငယ်ကို ကြိုးဖြင့် ချည်နှောင်ပြီး စွန့်ပစ်ခဲ့သည်ကို မြင်ရခြင်းက အလွန်တရာ ဒေါသထွက်စရာ ကောင်းနေသည်။

“အယုတ်တမာမကျင့်ယွီ မင်းကို အပိုင်းပိုင်း ဖြစ်အောင် ငါ လုပ်ပစ်မယ်” ဟု ဟန်ချန်းက အံကြိတ်၍ ပြောလိုက်သည်။

သားဖြစ်သူ၏ အခြေအနေကို မြင်သောအခါ ဟန်ချန်းသည် စုန့်ဝမ်၏ စကားများကို အကြွင်းမဲ့ ယုံကြည်သွားတော့သည်။

ရုန်ကျင့်ယွမ်က ဆေးလုံးတစ်လုံးကို ထုတ်ကာ ကျောက်စိမ်းဗူးထဲ လိုက်ပြီး၊ ရေအနည်းငယ်ထည့်၍ အရည်ဖျော်လိုက်သည်။ ထို့နောက် ကလေးငယ်ကို အနည်းငယ် တိုက်ကျွေးလိုက်ရာ ကလေး၏ အခြေအနေမှာ သိသိသာသာ ပြန်လည် ကောင်းမွန်လာသည်။

“သွားကြစို့။ ဟွာဖန်းဈေးထဲမှာ ရှိနေတဲ့ အဲဒီ လူယုတ်မာ နှစ်ယောက်ကို ရှာရမယ်”

ရုန်ကျင့်ယွမ်က ကလေးငယ်ကို ခေါ်ယူလာပြီး လှေပျံဖြင့် ပျံသန်းလာခဲ့ကြသည်။

အရုဏ်တက်ချိန် အမှတ် (၈၇) ခြံဝင်းသို့ ရောက်သောအခါ ကျင့်ယွီ မရှိတော့။ ရုန်ကျင့်ယွမ်သည် ဈေးလုံခြုံရေးအဖွဲ့ဆီ သွားပြီး အကြီးအကဲဝမ်ကို တွေ့ကာ တရားခံနှစ်ယောက်ကို ရှာပေးရန် တောင်းဆိုခဲ့သည်။

“စိတ်မကောင်းပါဘူး၊ လုံခြုံရေးအဖွဲ့ဆိုတာ ဈေးလုံခြုံရေး ထိန်းသိမ်းဖို့ ဖွဲ့ထားတာပါ၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက် မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ပုဂ္ဂလိကကိစ္စအတွက် လုပ်ပေးလို့ မရပါဘူး”

အကြီးအကဲဝမ်က ငြင်းဆိုလိုက်သည်။

ဟန်ချန်း ဒေါသထွက်သွားသော်လည်း ရုန်ကျင့်ယွမ်ကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ဂိုဏ်း၏ ဆင့်ခေါ်တံဆိပ်ပြားကို ထုတ်ယူ၍ အကြီးအကဲဝမ်ကို ပြလိုက်သည်။

“ဒီတံဆိပ်က စျေးလုံခြုံရေးအဖွဲ့ကို အမိန့်ပေးနိုင်လားလို့ ကျွန်မ မေးပါရစေ”

ဆင့်ခေါ်တံဆိပ်ပြားကို မြင်လိုက်ရသောအခါ အကြီးအကဲဝမ်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ချက်ချင်းပင် ဦးညွှတ် အရိုအသေပြုလိုက်ပြီး “ခန်းမအကြီးအကဲကို ဂါရဝပြုပါတယ်” ဟု ဆိုသည်။

အကြီးအကဲများတွင် အဆင့်အတန်း ကွဲပြားမှု ရှိသည်။ အကြီးအကဲဝမ်မှာ အဆင့်နိမ့် အကြီးအကဲသာ ဖြစ်ပြီး၊ ရုန်ကျင့်ယွမ်မှာ ပင်မဂိုဏ်း၏ ခန်းမအကြီးအကဲအဆင့် ရှိသူ ဖြစ်သည်။ ထို့အပြင် ဆင့်ခေါ်တံဆိပ်ပြားမှာ လိုအပ်လာလျှင် ရွှေအမြုတေအဆင့် အကြီးအကဲကိုပင် အကူအညီ တောင်းနိုင်သည် မဟုတ်ပါလား။

“ကျွန်တော် အခုချက်ချင်း စျေးလုံခြုံရေးအဖွဲ့နဲ့အတူ ခန်းမအကြီးအကဲကို အပြည့်အဝ ပူးပေါင်းကူညီပါ့မယ်”

ချက်ချင်းဆိုသလို အရှေ့ဟွာဖန်းစျေး၏ လုံခြုံရေးအဖွဲ့ စတင်လှုပ်ရှားတော့သည်။ ကျင့်ယွီ၏ ပုံတူပန်းချီဖြင့် ရွှီကျန့် တည်းခိုခဲ့သော တည်းခိုဆောင်ကို အလျင်အမြန် ခြေရာခံနိုင်ခဲ့သည်။ ရွှီကျန့် ထွက်သွားပြီ ဖြစ်သော်လည်း တည်းခိုဆောင်ပိုင်ရှင်ထံမှ သူ့ပုံတူကို ရရှိခဲ့သည်။

ထိုလူနှစ်ဦး၏ ပုံတူများဖြင့် ဈေးအတွင်းကို အင်အားသုံး၍ ရှာဖွေစေရာ၊ နာရီဝက်မပြည့်မီမှာပင် ခြေရာခံမိသွားသည်။

ရွှီကျန့်က ညဦးပိုင်းမှာပင် လှေပျံတစ်စင်းကို ဝယ်ယူပြီး၊ မိုးမလင်းမီ နှစ်ယောက်သား ဈေး၏မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း သိလိုက်ရသဖြင့် လုံခြုံရေးအဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့သည်။

နေမွန်းတည့်ချိန်တွင် ရှာဖွေဖမ်းဆီးမိခဲ့သည်။ သို့သော် ရွှီကျန့် တစ်ဦးတည်းကိုသာ အသက်ရှင်လျက် ခေါ်ဆောင်လာနိုင်ပြီး၊ ကျင့်ယွီမှာမူ အသက်မရှိတော့၊ အေးစက်နေသော အလောင်းအဖြစ်သာ ပြန်ပါလာခဲ့သည်။ သူမ၏ မျက်လုံးများမှာ မသေခင်တွင် မယုံနိုင်စရာ တစ်ခုခုကို ကြုံခဲ့ရသကဲ့သို့ ပြူးကျယ်နေသည်။

ကျင့်ယွီ၏ဝိညာဉ်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် ဟန်ချန်း၏ ဒေါသမှာ ရွှီကျန့်အပေါ် ပုံကျသွားပါတော့သည်။

...........

ဟန်ချန်းတို့ အလုပ်ရှုပ်နေချိန် စုန့်ဝမ်သည်လည်း မိုးမလင်းမီ အိမ်ပြန်ရောက်ပြီး ခြံအမှတ် ၃၆ ၏ မြေအောက်ခန်းတွင် အလုပ်ရှုပ်နေသည်။

ရှေးဦးစွာ မဟူရာသံချပ်ကာကူ အမတစ်ကောင်ကို ဆင့်ခေါ်ပြီး ငွေရောင်ဦးချိုမြက်များ ကျွေးမွေးသည်။

ထို့နောက် ရုန်ကျင့်ယွမ်၏ ဆေးဖော်စပ်နည်း မှတ်စုများကို စတင် လေ့လာသည်။ သူ့အနေဖြင့် သွေးချီဆေးလုံးဖော်စပ်နည်းသာ သိရှိပြီး အခြားဆေးများကို ဝယ်ယူသုံးစွဲရသဖြင့် ဆေးဖော်စပ်ခြင်းပညာရပ်တွင် ဗဟုသုတ နည်းပါးသည်။ ရုန်ကျင့်ယွမ်၏ အတွေ့အကြုံများဖြင့် ဆေးဖော်စပ်ခြင်း အသိပညာကို သိသာစွာ မြှင့်တင်နိုင်ခဲ့ပြီး သွေးချီဆေးလုံးအသစ်များ ဖော်စပ်ရန် လွယ်ကူသွားစေသည်။

သားရဲသန့်စင်ဆေးလုံးဖော်စပ်နည်းကို တွေ့သောအခါ စုန့်ဝမ် အလွန်တရာ ဝမ်းသာသွားသည်။ လောလောဆယ် သားရဲသန့်စင်ဆေးလုံး အတော်များများ ရထားသော်လည်း မကြာမီ ကုန်သွားမည် ဖြစ်သည်။ ကိုယ်တိုင် ဖော်စပ်နိုင်လျှင် အနာဂတ်တွင် ဆေးလုံးများ ခက်ခက်ခဲခဲ ရှာဖွေရန် လိုတော့မည် မဟုတ်ချေ။

သို့သော် သူ၏ လက်ရှိ ဆေးဖော်စပ်မှုစွမ်းရည်ဖြင့် အဆင့် ၅ ဆေးဖြစ်သော သားရဲသန့်စင်ဆေးလုံးကို ဖော်စပ်ရန် မဖြစ်နိုင်သေးပေ။

မှတ်စုများကို အကြိမ်ကြိမ် သေချာလေ့လာပြီးနောက်၊ ဆေးနည်းတစ်ခုစီရှိ ပါဝင်ပစ္စည်းများကို အဓိက အမျိုးအစား လေးမျိုး ခွဲခြားနိုင်ကြောင်း နားလည်သွားသည်။ ၎င်းမှာ နာမည်ကျော် မင်း၊ ဝန်၊ ကူ၊ သံ သဘောတရားပင် ဖြစ်သည်။

“မင်း”ဆိုသော မင်းကြီးဆေးမှာ ဖော်စပ်ရာတွင် အဓိကပါဝင်သော ဆေးအမယ်ဖြစ်ပြီး အစားထိုး၍မရ။ “ဝန်”ဆိုသော ဝန်ကြီးဆေးမှာ အဓိကဆေးအမယ်၏ အာနိသင်ကို ထောက်ပံ့မြှင့်တင်ပေးသော ဆေးအမယ် ဖြစ်သည်။ “ကူ”ဆိုသော အကူဆေးမှာ မင်းဆေးနှင့် ဝန်ဆေးတို့၏ ပြင်းထန်သော အာနိသင်ကို ထိန်းညှိပေးသည်။ “သံ”ဆိုသော သံတမန်ဆေးမှာ ဆေးလုံးကို အသက်သွင်းပြီး အာနိသင် အပြည့်အဝ ထွက်ပေါ်လာစေရန် အားပေးသည်။

စုန့်ဝမ်လည်း သွေးချီဆေးလုံး၏ ပါဝင်ဆေးအမယ်များအား ဤအမျိုးအစား လေးမျိုးခွဲခြား၍ ပြန်လည် ဆန်းစစ်ကာ၊ ပိုမိုအားကောင်းသော သွေးချီဆေးလုံးသစ်ကို ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ယခင် စမ်းသပ်မှု အတွေ့အကြုံများအပေါ် အခြေခံ၍ မတူညီသော ဆေးဖော်စပ်ပုံများ၊ ဆေးအမယ်များကို အုပ်စုခွဲကာ မှတ်တမ်းတင်ပြီး စတင်စမ်းသပ်တော့သည်။

ဆယ်ရက်ကျော်ကြာ မနားတမ်း စမ်းသပ်ပြီးနောက်၊ သွေးချီဆေးလုံးသစ် ၃ လုံး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ ထိုဆေးလုံး ၃ လုံးမှာ သွေးနီရောင် ရှိပြီး ယခင်ဆေးလုံးထက် သိသိသာသာ ပိုကြီးမားသည်။ ယခင်ဆေးလုံးများမှာ လက်သန်းခန့်သာ ရှိသော်လည်း ဤဆေးလုံး ၃ လုံးမှာ လက်မခန့် ကြီးမားကာ သာမန်ထက် ၃ ဆ ၄ ဆခန့် ပိုထူသည်။

လက်ထဲရှိ ဆေးလုံးများကို ကြည့်ရင်း မသောက်ရဲသေးဘဲ တုံ့ဆိုင်းနေမိသည်။ ပုံသဏ္ဌာန်နှင့် အနံ့အရ ပြဿနာ မရှိသော်လည်း၊ အရွယ်အစားကို ကြည့်ရင်း ကျိယင်နှင့် အခြားသူများ၏ ကြောက်စရာ အဆုံးသတ်ကို ပြန်သတိရကာ ကိုယ်တိုင် မစမ်းသပ်ဝံ့တော့ပေ။

ကျိယင် လုပ်ခဲ့သလို ဆေးစမ်းသပ်ဖို့ လူရှာရန် စိတ်ကူးပြီး ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ ဈေးထဲတွင် အချိန်မဖြုန်းဘဲ လူနေရပ်ရွာအပြင်သို့ ဦးတည်လိုက်သည်။

စုန့်ဝမ်၏ ဦးတည်ရာမှာ အရှေ့ဘက်တောင်တန်းများ ဖြစ်သည်။ ထိုနေရာတွင် မိစ္ဆာသားရဲများ ပေါများပြီး လေလွင့်ကျင့်ကြံသူများ အမဲလိုက်လေ့ရှိသော နေရာဖြစ်သည်။ လူဆိုးဓားပြလည်း ပေါများသည်။ လူကောင်း၊ လူဆိုးမရွေး တွေ့ရာလူဖြင့် မစမ်းသပ်ချင်သော စုန့်ဝမ်အတွက် ထိုနေရာက အသင့်တော်ဆုံး အမဲလိုက်ကွင်း ဖြစ်တော့သည်။

ရှေးဦးစွာ ထိုဆေးလုံးကို မိစ္ဆာသားရဲတစ်ကောင်ပေါ်တွင် စမ်းသပ်ရန် စီစဉ်ထားသည်။ တောထဲဝင်၍ မကြာမီမှာပင် မိစ္ဆာသားရဲမြေခွေးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုမြေခွေးမှာ ချီစုစည်းခြင်း သတ္တမအဆင့်ခွန်အား ရှိကာ တောဝက်ကို စားနေသည်။

စုန့်ဝမ် ရုတ်တရက် ပေါ်လာခြင်းက မြေခွေးကို လန့်သွားစေသည်။ ၎င်းမှာ ထွက်မပြေးသလို ချက်ချင်းလည်း တိုက်ခိုက်မလာဘဲ၊ ဟိန်းဟောက်ကာ စုန့်ဝမ်ကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေသည်။ သို့သော် အစာရထားသော မြေခွေးက တိုက်ခိုက်မှု မပြုဘဲ တောဝက်ကို ဆွဲကာ တဖြည်းဖြည်း နောက်ဆုတ်သွားသည်။

စုန့်ဝမ်လည်း အချိန်ဆွဲ မနေတော့၊ ဝိညာဉ်စွမ်းအင်ကို မသုံးဘဲ ကိုယ်ခန္ဓာ ခွန်အားသက်သက်ကိုသာ သုံး၍ လျင်မြန်စွာ လှုပ်ရှားပြီး မြေခွေး၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖမ်းလိုက်သည်။

မြေခွေးမှာ စုန့်ဝမ်၏ လက်ထဲတွင် အပြင်းအထန် ရုန်းကန်သော်လည်း ခွန်အားကွာနေသဖြင့် ရုန်းမထွက်နိုင်ပေ။ စုန့်ဝမ်လည်း အသစ်ဖော်စပ်ထားသော သွေးချီဆေးလုံးကို ထုတ်ကာ မြေခွေး၏ ပါးစပ်ကို အတင်းဖြဲ၍ ထည့်လိုက်သည်။ ဆေးလုံးကို မျိုချမိပြီဖြစ်ကြောင်း အတည်ပြုပြီးမှ မြေခွေးကို လွှတ်ပေးလိုက်သည်။

မြေခွေးသည် လွတ်သွားသည်နှင့် တောထဲသို့ အမြန် ထွက်ပြေးသွားတော့သည်။ ပေ ၅၀ ခန့် ပြေးပြီးနောက် မြေခွေးမှာ ရုတ်တရက် လဲကျသွားပြီး ခြေလက်များ တုန်ရီလာကာ၊ အတွင်းကလီစာများနှင့် အသားများကို တစ်စုံတစ်ခုက ဝါးမြိုနေသကဲ့သို့ ခန္ဓာကိုယ်မှာ ချက်ချင်း ပိန်ကျသွားသည်။

မကြာမီ မြေခွေး၏ ခန္ဓာကိုယ်မှာ ထက်ဝက်နီးပါး သေးငယ်သွားပြီး အရေပြားအောက်ရှိ အရိုးများကိုပင် ထင်ထင်ရှားရှား မြင်လာရသည်။ ထိုအချိန်တွင် မြေခွေး၏ ခန္ဓာကိုယ်မှာ တစ်စုံတစ်ဦးက လေထိုးသွင်းနေသကဲ့သို့ ရုတ်တရက် ပြန်လည် ဖောင်းကားလာသည်။

ထို့နောက် ....

“ဘုန်း”

ဖောင်းကားခြင်း အမြင့်ဆုံး ရောက်သောအခါ မြေခွေး၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီး အသားစပေါင်း မြောက်မြားစွာ လွင့်စင်သွားတော့သည်။

မြေပြင်ပေါ်ရှိ သွေးပျက်စရာ အသားစများကို ကြည့်ရင်း စုန့်ဝမ်၏ တွေးရခက်နေသည်။ ပြဿနာ ရှိသည်မှာ မှန်သော်လည်း ဆေးလုံးလား၊ သို့မဟုတ် လူသားသုံးဆေးက မိစ္ဆာသားရဲနှင့် မကိုက်ညီခြင်းကြောင့်လား ဆိုသည်ကို မသေချာပေ။

“လူသားတစ်ယောက်နဲ့ စမ်းကြည့်ဖို့ လိုနေပြီ ထင်တယ်”

စုန့်ဝမ် တီးတိုးရေရွတ် လိုက်မိသည်။

တစ်ခါတစ်ရံတွင် အဖြစ်အပျက်များမှာ တိုက်ဆိုင်သည်ဟု ဆိုရမည်လား၊ မိုးနတ်မင်းကြီး မစသည်ဟု ဆိုရမည်လား မသိ၊ အချိန်ကိုက် ဖြစ်ပေါ်လာတတ်သည်။

စုန့်ဝမ် တွေးနေစဥ်မှာပင် မျက်နှာချင်းဆိုင် တောအုပ်အတွင်းမှ ကြမ်းတမ်းသောပုံစံရှိသည့် လေလွင့်ကျင့်ကြံသူ နှစ်ဦး စုန့်ဝမ် ရှိရာသို့ ချဉ်းကပ်လာကြသည်။

စုန့်ဝမ်လည်း ထိုသားကောင်များ သူရှိရာသို့ လာသည်ကို ငြိမ်၍ စောင့်နေလိုက်သည်။ ခဏအကြာတွင် ထိုသူနှစ်ဦးမှာ သစ်ပင်များကြားမှ ရုတ်တရက် ခုန်ထွက်လာကြသည်။ တစ်ဦးက မန္တန်ရွတ်ဆိုလိုက်ရာ ၇ ပေရှည်သော ရေလှံ ၃ စင်း ပေါ်လာပြီး စုန့်ဝဆီသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။ အခြားတစ်ဦးက လက်ကို မြှောက်လိုက်ရာ အဆင့်မြင့်ဓားပျံ တစ်စင်းသည် စုန့်ဝမ်ဘေးမှ ဝိုက်၍ လည်ပင်းတည့်တည့်ဆီ ဦးတည်၍ ပျံသန်းလာသည်။

ထိုသူနှစ်ဦးမှာ စကားတစ်ခွန်းမှ မပြောဘဲ ရက်ရက်စက်စက် တိုက်ခိုက်လာခြင်း ဖြစ်သည်။ စုန့်ဝမ်၏ နှုတ်ခမ်းတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ ငဲ့ညှာရန် မလိုသော လူဆိုးသွမ်းများ ရောက်လာခြင်းသည် ဆေးလုံးစမ်းသပ်ရန် ကောင်းကင်ကပေးသော အခွင့်အရေးပင် မဟုတ်ပါလား။

ချက်ချင်းဆိုသလို စုန့်ဝမ်၏ ပုံရိပ်မှာ ဝေဝါးသွားပြီး သူတို့၏ အမြင်အာရုံထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။

“ဘုန်း... ဘုန်း”

အသံ နှစ်ချက် ထွက်လာပြီး လူမိုက်နှစ်ဦးစလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။

ငုံ့ကြည့်နေသော စုန့်ဝမ်၏ အပြုံးကို မြင်သောအခါမှ ယှဥ်တုမရသော စီနီယာတစ်ဦးနှင့် တိုးမိပြီဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော် သူတို့ကို ချက်ချင်း မသတ်သေးသဖြင့် သူတို့မှာ အသက်ရှင်ဖို့ မျှော်လင့်ချက်ကလေး ရှိနေသေးသည်။

“စီနီယာ... ကျွန်တော်တို့ မျက်စိမပါလို့ စီနီယာကို စော်ကားမိပါတယ်။ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါဦး”

“စီနီယာ... ကျွန်တော်တို့လည်း သားရဲသခင်ဂိုဏ်းရဲ့ နှိပ်စက်မှုကို ခံရလွန်းလို့ အခုလို လမ်းမှားရောက်ခဲ့ရတာပါ။ ဒါ ကျွန်တော်တို့ရဲ့ ပထမဆုံး အမှားမို့လို့ ခွင့်လွှတ်ပေးပါဗျာ”

လူမိုက် နှစ်ဦး ထပ်ခါတလဲလဲ ဦးညွှတ် တောင်းပန်နေသည်ကို ကြည့်ရင်း စုန့်ဝမ်က လိုရင်းကို ပြောလိုက်သည်။

“မင်းတို့ကို လွှတ်ပေးဖို့ ငါ စဉ်းစားပေးနိုင်ပါတယ်။ ငါ့မှာ ဆေးလုံး နှစ်လုံး ရှိတယ်၊ တစ်ယောက် တစ်လုံး စားရမယ်။ ဆေးကို သောက်ပြီးရင် မင်းတို့ သွားနိုင်ပြီ။ ခုနက ဖြစ်ခဲ့တာတွေကို ငါ မေ့ပေးလိုက်မယ်”

ချက်ချင်းပင် ကြီးမားသောဆေးလုံးနှစ်လုံး လူမိုက်များ၏ ရှေ့တွင် လွင့်ပျံလာသည်။

ထူးထူးခြားခြား ကြီးမားနေသော သွေးချီဆေးလုံးများကို ကြည့်ရင်း လူမိုက်များမှာ စိုးရိမ်စိတ်များ ဝင်လာသည်။ သာမန်ဆေးလုံး မဟုတ်သည်မှာ ရှင်းလှသည်။ ၎င်းကို သောက်လိုက်လျှင် ဘာဖြစ်လာမည်ကို သူတို့ မသိကြပေ။

သူတို့ တုံ့ဆိုင်းနေစဉ် စုန့်ဝမ်၏ အေးစက်သော အသံ ထွက်လာပြန်သည်။

“စိတ်မပူပါနဲ့။ ဒါက ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ ကျင့်စဉ်မြှင့်တင်ဆေးပဲ။ ငါ ပထမဆုံးအကြိမ် ဖော်စပ်တာ ဆိုပေမဲ့ ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပါဘူး။ ဒီဆေးကို သောက်ရင် မင်းတို့ အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်း ရှိလိမ့်မယ်။ ငြင်းမယ်ဆိုရင်တော့ မင်းတို့ကို အခု သတ်လိုက်ရုံပဲ”

“ကျွန်တော် သောက်ပါ့မယ်”

ဘယ်ဘက်မှလူက ဒူးထောက်လိုက်ပြီး ဆေးလုံးကို ယူကာ မျိုချလိုက်သည်။

သူ့သူငယ်ချင်း သောက်လိုက်သည်ကို မြင်သောအခါ အခြားတစ်ဦးလည်း ဆေးလုံးကို သောက်လိုက်တော့သည်။

ဆေးလုံး ဝမ်းဗိုက်ထဲ ရောက်သည်နှင့် နှစ်ဦးစလုံးမှာ ပြင်းထန်သော ဝမ်းဗိုက်နာကျင်မှုကို ခံစားရပြီး သူတို့၏ အသက်စွမ်းအင်များမှာ လျင်မြန်စွာ လျော့နည်းလာသည်။ မကြာမီ သူတို့ဝမ်းဗိုက်ထဲမှ ကြီးမားသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုစွမ်းအင်များမှာ သွေးကြောများကို ချိုးဖဲ့မတတ် အရှိန်ပြင်းစွာ စီးဆင်းလာသည်။

“အသက်အောင့်ထား၊ စိတ်ကို စုစည်းပြီး အဲဒီ ဝိညာဉ်စွမ်းအင်တွေကို သန့်စင်ဖို့ ကြိုးစားပါ။ မင်းတို့မှာ အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်း ရှိသေးတယ်”

စုန့်ဝမ်အသံက သူတို့၏ နားထဲတွင် ဟိန်းထွက်လာသည်။

လူမိုက်များမှာ မတုံ့ဆိုင်းရဲဘဲ စုန့်ဝမ် ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ကြသည်။

သို့သော် ဆေးလုံးက သူတို့၏ အသက်စွမ်းအင်ကို အလွန် လျင်မြန်စွာ စားသုံးပစ်သဖြင့် သူတို့၏ သွေးနှင့်ချီမှာ လျင်မြန်စွာ အားနည်းသွားသည်။

“ဘုန်း”

တစ်ဦးမှာ မခံနိုင်တော့ဘဲ လဲကျသေဆုံးသွားသည်။ သူ့အသက်စွမ်းအင်နှင့် သွေးများ ကုန်ခမ်းသွားသဖြင့် သွေးစုပ်လိုက်သကဲ့သို့ အလောင်းမှာ ခြောက်ကပ်နေသည်။

သူ့သူငယ်ချင်း သေသွားသည်ကို မြင်သောအခါ အခြားတစ်ဦး၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်သွားသည်။ သူ့အသက်စွမ်းအင်မှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး ဝမ်းဗိုက်နှင့် သွေးကြောများမှ နာကျင်မှုကြောင့် အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ပေ။

“တောင့်ခံထားစမ်း”

စုန့်ဝမ်က သူ့ကို စိတ်ဓာတ်မကျအောင် အော်ဟစ်လိုက်သည်။ သို့သော် အချည်းနှီးပင် ဖြစ်သည်။ ထိုလူမိုက်မှာလည်း သူငယ်ချင်းဖြစ်သူထက် အသက်ရှူကြိမ် အနည်းငယ် ပိုခံနိုင်ပြီးနောက် လဲကျသေဆုံးသွားခဲ့သည်။

အလောင်း နှစ်လောင်းကို ကြည့်ရင်း စုန့်ဝမ်က စိတ်ပျက်သွားသည်။ သူတို့၏ ဝိညာဉ်များကို ဝါးမြိုလိုက်ပြီး သိုလှောင်အိတ်များကို ယူကာ အလောင်းများကို မီးရှို့ဖျက်ဆီးပြီးနောက် ဈေးသို့ ပြန်ခဲ့သည်။

ထိုလူမိုက် နှစ်ဦးစလုံးမှာ ချီစုစည်းခြင်း သတ္တမအဆင့် ရှိကြသည်။ ဆေးသောက်ပြီးနောက် အမွှေးတိုင် တစ်တိုင် မကုန်မီ အချိန်အတွင်းမှာပင် သေဆုံးသွားခဲ့ကြသည်။ သေဆုံးရခြင်းမှာ အသက်စွမ်းအင် ပြင်းထန်စွာ ကုန်ခမ်းသွားခြင်းကြောင့် ဖြစ်သည်။ ၎င်းက သာမန် ချီစုစည်းခြင်း ကျင့်ကြံသူများမှာ ဤဆေးလုံး၏ ပြင်းထန်သော အာနိသင်ကို မခံနိုင်ကြောင်း ဖော်ပြနေသည်။

သို့သော်လည်း စုန့်ဝမ်သည် အသုံးဝင်သော အချက်အလက်တစ်ခု ရရှိခဲ့သည်။ အဆိပ်မိသော လက္ခဏာ မပြဘဲ သေဆုံးခြင်း ဖြစ်သဖြင့် ဤဆေးမှာ အဆိပ် မဟုတ်ပေ။

ထို့ကြောင့် နောက်တစ်ကြိမ်တွင် ကိုယ်တိုင်စမ်းသပ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

........

All Chapters