← Chapters

အခန်း (၁၄၁)

Vol. 13 Ch. 141

အခန်း (၁၄၁)

Vol. 13 Ch. 141

အခန်း(၁၄၁)

စုန့်ဝမ် အိမ်ပြန်ရောက်ပြီး ဆေးများ ဆက်လက် ဖော်စပ်သည်။ ပိုမိုကျွမ်းကျင်လာသဖြင့် ယခုတစ်ကြိမ်တွင် ဆေးလုံး ၅ လုံး ရရှိခဲ့သည်။

လက်ထဲရှိ ဆေးလုံးများကို အတော်ကြာ ကြည့်ရှုပြီးနောက် စုန့်ဝမ်သည် စိတ်တင်းပြီး တစ်လုံးကို သောက်လိုက်သည်။ ကြီးမားသော ဆေးအာနိသင်မှာ သူ့ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲထွက်လာပြီး၊ သွေးများကို လျင်မြန်စွာ စားသုံးကာ ကြီးမားသော ဝိညာဉ်စွမ်းအင်များကို ထုတ်ပေးလိုက်သည်။

ယခင် လူမိုက်နှစ်ဦး ခံစားရသော ဝမ်းဗိုက်နာကျင်မှုကို စုန့်ဝမ် လုံးဝ မခံစားရ။ ဆေးလုံးက စားသုံးလိုက်သော အသက်စွမ်းအင် ပမာဏမှာ သူ့အတွက် ဘာမျှ မပြောပလောက်ပေ။ စုန့်ဝမ်လည်း စိတ်ကို စုစည်းကာ သက်ရှည်ကျင့်စဉ်ကို လည်ပတ်စေပြီး ထွက်လာသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူသန့်စင်လိုက်သည်။

“ဖောက်”

သူ၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ အသံသံခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။

၎င်းမှာ သက်ရှည်ကျင့်စဉ်သည် ချီစုစည်းခြင်း ပဥ္စမအဆင့်မှ ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ဆေးအာနိသင် မကုန်သေးသဖြင့် ဆက်လက် သန့်စင်နေခဲ့သည်။ တစ်နာရီအကြာ ဆေးအာနိသင် ချေဖျက်ပြီးစီးမှ ကျင့်စဉ်ကို အဆုံးသတ်လိုက်သည်။

ယခုအခါ စုန့်ဝမ်တစ်ယောက် အလွန်တရာ စိတ်ကြည်လင်ပြီး ကျေနပ်နေသည်။ ပိုမိုအားကောင်းသော သွေးချီဆေးလုံး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်ပြီး ယခင်ဆေးထက် ၁၀ ဆကျော် ပိုမို ပြင်းထန်သည်။

စုန့်ဝမ်သည် မရပ်နားဘဲ ဆေးများကို ဆက်လက် စားသုံးကာ သန့်စင်နေသည်။ ဆေးလုံး ၅ လုံးစလုံးကို သန့်စင်ပြီး၍ အနားယူနေချိန်တွင် အပြင်ဘက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ခြံတံခါးကို ဖွင့်လိုက်သောအခါ မိတ်ဆွေကြီး အိုက်ခွင်းကို တွေ့လိုက်ရသည်။ မတွေ့ရသည်မှာ တစ်လခန့်သာ ရှိသေးသော်လည်း အိုက်ခွင်းမှာ ဆယ်နှစ်စာခန့် အိုမင်းသွားသကဲ့သို့ ဖြစ်နေသည်ကို သတိထားမိလိုက်သည်။

“မတွေ့ဖြစ်တာ တစ်လပဲ ရှိသေးတယ်၊ ခင်ဗျား ဘာလို့ ဒီလောက်တောင် အိုသွားရတာလဲ”

“ကောင်းကင်စမ်းရေဂေဟာကို ခဏခဏ သွားမိလို့နေမှာပါ”

“လျှော့ဦးမှပေါ့ ဘိုးတော်ရာ”

“ဒီအဖိုးကြီးမှာ ဒီဝါသနာလေး တစ်ခုပဲ ရှိတာပါ။ အဲဒါကိုပါ ဖြတ်လိုက်ရင် သေတာနဲ့ ဘာထူးတော့မှာလဲ”

ပြောနေရင်း စုန့်ဝမ်၏အော်ရာကို သတိပြုမိပြီး အံ့အားသင့်သွားသည်။

“မင်း ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ကို တက်သွားပြီလား”

စုန့်ဝမ်လည်း ယခုမှ သူ့ကျင့်စဉ်အဆင့်ကို ပြန်ဖုံးကွယ်ထားရန် မေ့သွားကြောင်း သတိပြုမိလိုက်သည်။ အိုက်ခွင်း ရိပ်မိသွားပြီ ဖြစ်သဖြင့် ဆက်မဖုံးကွယ်တော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်၊ မကြာခင်ကမှ အဆင့်တက်သွားတာပါ”

“ငါမှတ်မိသလောက် မင်း ဒီဈေးကို စရောက်တုန်းက စတုတ္ထအဆင့်ပဲ ရှိသေးတာ။ မကြာသေးဘူး၊ အခု ဆဋ္ဌမအဆင့်တောင် ရောက်နေပြီ။ ဘာလို့ ဒီလောက် မြန်မြန် တိုးတက်နေရတာလဲ”

စုန့်ဝမ်က “ကျွန်တော် စရောက်တုန်းက စတုတ္ထအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတာဆိုတော့ နောက်တစ်ဆင့်တက်ဖို့က သိပ်မခက်ပါဘူး” ဟု ရှင်းပြလိုက်သည်။

“ဒါဆို မင်းက အားအင်တွေ စုဆောင်းထားပြီးမှ အရှိန်နဲ့ တိုးတက်သွားတာပေါ့။ ငါလည်း ပြည့်တန်ဆာအိမ်တွေ သွားတာကို လျှော့မှ ဖြစ်တော့မယ်၊ ဒါမှ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရှိမှာ”

ခဏတာ စကားပြောပြီးနောက် အိုက်ခွင်း ထွက်ခွာသွားသည်။

အိုက်ခွင်း ထွက်သွားပြီး မကြာမီ စုန့်ဝမ်သည်လည်း ခြံပြင်သို့ ထွက်ခဲ့သည်။ ဈေးထဲတွင် လှည့်ပတ်သွားလာပြီးနောက်၊ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ရုပ်ဖျက်ကာ အမှတ် (၃၆) ခြံဝင်းထဲသို့ ဝင်ခဲ့သည်။ ခြံထဲရောက်သည်နှင့် မြေအောက် လျှို့ဝှက်ခန်းသို့ သွားလိုက်သည်။

အိုက်ခွင်းနှင့် စကားပြောနေစဉ်ကပင် သူ့ကိုယ်တွင်းရှိ ကူပိုးကောင်များ၏ ပြောင်းလဲမှုကို ခံစားမိခဲ့သည်။ ငွေရောင်ဦးချိုမြက်များ ကျွေးထားသော ကူပိုးကောင်သည် လွန်ခဲ့သော ၁၀ ရက်ကျော်က ပိုးအိမ်ဖွဲ့ခဲ့ပြီး၊ ယခုအချိန်တွင် ပိုးအိမ်ထဲမှ ထွက်လာမည့် လက္ခဏာများ ပြနေသည်။

ထို့ကြောင့် ပိုးအိမ်ကို ထုတ်ယူကာ ကူအိုးထဲ ထည့်ထားလိုက်သည်။ တစ်နာရီခန့်အကြာတွင် ပိုးအိမ်ကို ဖောက်၍ ကူပိုးကောင် ထွက်ပေါ်လာသည်။ စုန့်ဝမ်လည်း သားရဲသန့်စင်ဆေးလုံး တစ်လုံး ချကျွေးလိုက်သည်။ စားပြီးနောက် သွေးအနှစ်တစ်ပုလင်း ဖြည်းဖြည်းချင်း တိုက်ကျွေးလိုက်သည်။

လဝက်ခန့် ကြာသောအခါ ကူကောင်အသစ်၏ ကျင့်စဉ်အဆင့်မှာ တည်ငြိမ်သွားပြီ ဖြစ်သည်။ စုန့်ဝမ်လည်း အဆင့်မြင့်ကူနှစ်ကောင် မိတ်လိုက်စေပြီး မျိုးဆက်ပွားများရန် ပြင်ဆင်တော့သည်။ သို့သော် အခြေအနေမှာ မျှော်လင့်သလောက် မချောမွေ့ခဲ့ပေ။ ကူနှစ်ကောင် အောင်မြင်စွာ မိတ်လိုက်နိုင်သော်လည်း၊ အမမှာ ဥဥမည့် လက္ခဏာ မပြပေ။

သုံးလတိုင်တိုင် ကြိုးစားပြီး၊ နောက်ဆုံးတွင် ကူအမမှာ ဥများ စတင်သန္ဓေတည်လာသည်။ တစ်လအကြာတွင် အောင်မြင်စွာ အုချနိုင်ခဲ့သော်လည်း ဥတစ်လုံးတည်းသာ ရှိသည်။ နောက်ထပ် လဝက်ခန့်အကြာတွင် ထိုဥမှ အောင်မြင်စွာ သားပေါက်လာသည်။ အဆင့်မြင့်ကူတစ်ကောင် အောင်မြင်စွာ မွေးဖွားလာပြီ ဖြစ်သည်။

နှစ်လအကြာတွင် စုန့်ဝမ်သည် အဆင့်မြင့်ကူ ၆ ကောင်ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့သည်။ လိုရမယ်ရ သုံးရန် ချန်ထားသော မယူရာသံချပ်ကာကူ ၂ ကောင်မှအပ ကျန်ကူများကို အဆင့်မြင့်ကူများ၏ အစာအဖြစ် ကျွေးပစ်လိုက်သည်။

ပထမအဆင့်ကူများမှာ ခွန်အားနည်းသလို၊ အော်ရာလည်း မရှိသလောက် နည်းပါးသဖြင့် အရေးပေါ်အခြေအနေတွင် သတင်းထောက်လှမ်းရန် ချန်ခဲ့ခြင်း ဖြစ်သည်။ ပထမအဆင့်ကူများ မွေးမြူရန် ဝိညာဉ်ကျောက် အနည်းငယ်သာ ကုန်ကျသဖြင့် မပြောပလောက်ပေ။

ဤနှစ်လအတွင်း စုန့်ဝမ်သည် သွေးချီဆေးလုံးအသစ်များကို အဆက်မပြတ် သောက်သုံးခဲ့သဖြင့် သက်ရှည်ကျင့်စဉ်မှာ သိသိသာသာ တိုးတက်လာပြီး ချီစုစည်းခြင်း နဝမအဆင့် ရောက်ရှိသွားကာ၊ အထွတ်အထိပ်အဆင့် ရောက်ရန် မဝေးတော့ပေ။ သူ့တွင် အခြေတည်ဆေးလုံးတစ်လုံးနှင့် ကောင်းကင်ဝိညာဉ်သစ်သီး ၄ လုံး ရှိသည်။ အထွတ်အထိပ် အခြေအနေ ရောက်သည်နှင့် အခြေတည်အဆင့် တက်ရောက်နိုင်တော့မည် ဖြစ်သည်။

ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက် ပျင်းသလို ခံစားလာရသဖြင့် လတ်ဆတ်သော လေကောင်းလေသန့် ရှူရင်း လမ်းလျှောက်ထွက်ခဲ့သည်။ လမ်းလျှောက်ရင်း ကျောက်တာဖန်း၏ ခြံဆီသို့ လှည့်ဝင်လိုက်သည်။

ခြံတံခါးကို ခေါက်ပြီး ခဏအကြာတွင် ကျောက်တာဖန်း ထွက်လာသည်။

စုံ့ဝမ်သည် ဝိညာဉ်ကျောက် ၃၀ ကို ပေးလိုက်ပြီးဟ“ဒါက သုံးလစာ အိမ်လစာပါ” ဟု ပြောလိုက်သည်။

ကျောက်တာဖန်းက ခေါင်းညိတ်ပြကာ လက်ခံရယူပြီး ဘာမှမပြောဘဲ တံခါးကို ပြန်ပိတ်လိုက်သည်။ ကျောက်တာဖန်းသည် မိမိညီအရင်းကိုပင် ဖုတ်ကောင်အဖြစ် သန့်စင်နေကြောင်း သိရှိခဲ့ကတည်းက ဘာလုပ်မည်ဆိုသည်ကို သိချင်သောကြောင့် လက်စားမချေသေးဘဲ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ကျောက်တာဖန်း၏ညီမှာ အလောင်းချီစွမ်းအင်များ၏ ဒဏ်ကို ခံရလွန်းသဖြင့် လူပုံပင် မပေါက်တော့သော်လည်း မသေသေးသည်မှာ အတော်ပင် အံသြစရာ ကောင်းသည်။

သာမန်လူသားတစ်ဦးသည် နှစ်လကျော်တိုင်အောင် အလောင်းချီ၏ဒဏ်ကို ခံနေရသော်လည်း မသေဆုံးသလို၊ ဖုတ်ကောင်အဖြစ်လည်း ပြောင်းမသွားသေးပေ။ ၎င်းမှာ အလွန်ထူးဆန်းနေသည်။ အလောင်းရုပ်သေးအဖြစ် ပြောင်းမသွားသေးသော ဖုတ်ကောင်မှာ တိုက်ခိုက်ရေးစွမ်းအား မရှိသလောက် ဖြစ်သည်။ ၎င်းက ကျောက်တာဖန်း ဘာလုပ်နေသည်ကို စူးစမ်းလိုစိတ် ပို၍ တိုးစေခဲ့သည်။

စုန့်ဝမ်ကို ဇဝေဇဝါ ဖြစ်စေသည့် အချက်မှာ၊ ဖုတ်ကောင်မွေးမြူခြင်းသည် လမ်းမှန်ဂိုဏ်းများတွင် တင်းကြပ်စွာ တားမြစ်ထားသောအချက် ဖြစ်သည်။ ကျောက်တာဖန်း လနှင့်ချီ၍ ဖုံးကွယ်ထားနိုင်သည်မှာ စဉ်းစားစရာ ဖြစ်နေသည်။ သို့မဟုတ် တစ်စုံတစ်ယောက်က သိနေသော်လည်း ထုတ်မပြောဘဲ ဖုံးဖိပေးထားခြင်းပေလော။ စုန့်ဝမ်သည် ကျောက်တာဖန်းကို သတ်ပြီး ဝိညာဉ်ရှာဖွေရန် စဉ်းစားမိခဲ့သည်။ ဈေးအတွင်း၌ သားရဲသခင်ဂိုဏ်း တပည့်တစ်ဦးကို သတ်ခြင်းမှာ အန္တရာယ်များသဖြင့် ထိုအတွေးကို စွန့်လွှတ်ခဲ့ရသည်။

ကျောက်တာဖန်း၏ အိမ်မှ ထွက်လာပြီးနောက် ဈေးထဲတွင် လှည့်လည်ကာ ဝိညာဥ်ဆေးပင် အချို့ကို ဝယ်ယူခဲ့သည်။ ဟန်ချန်းတို့ဆီမှ ရရှိခဲ့သော သားရဲသန့်စင်ဆေးလုံးများမှာ လွန်ခဲ့သောလကပင် ကုန်သွားပြီ ဖြစ်သည်။ ထိုမတိုင်မီကပင် သားရဲဆေးလုံးများကို ကိုယ်တိုင်ဖော်စပ်ရန် ပြင်ဆင်နေခဲ့သည်။ အခြေတည်အဆင့် ဝိညာဉ်အာရုံကြောင့် အဆင့် ၇ ဆေးလုံးများကို ဖော်စပ်ရန် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။

ဆေးဖော်စပ်ရန်အတွက် ဦးစွာ လိုအပ်သော ဆေးပင်များကို ပြင်ဆင်ရမည်။ အများစုမှာ သာမန်ပင် ဖြစ်သော်လည်း၊ အဆင့် ၇ ဝိညာဥ်ဆေးပင် နှစ်မျိုးကို ရှာရခက်နေသည်။ ထိုဆေးပင် နှစ်မျိုးကို ဈေးကွက်အတွင်းရှိ ဆေးဆိုင်များတွင် မရောင်းပေ။

ရံဖန်ရံခါတွင် လေလွင့်ကျင့်ကြံသူများ၏ ဆိုင်ခန်းများတွင် အနည်းငယ် တွေ့ရတတ်သော်လည်း လိုအပ်သလောက် မရပေ။ ထို့ကြောင့် တစ္ဆေဈေးမှသာ စျေးကြီးပေးပြီး ဝယ်ယူခဲ့ရသည်။

သားရဲသန့်စင်ဆေးလုံး ဖော်စပ်ခြင်းမှာ သွေးချီဆေးလုံးထက် ပိုမို ရှုပ်ထွေးသည်။ စုန့်ဝမ်သည် နတ်ဆိုးစွမ်းအင်ကို မသုံးဝံ့သောကြောင့် သက်ရှည်ကျင့်စဉ်၏ ဝိညာဉ်စွမ်းအင်ကိုသာ သုံးနေရသဖြင့် လုပ်ငန်းစဉ်မှာ နှေးကွေးအားနည်းနေသည်။ တစ်ကြိမ်လျှင် ဆေးတစ်သုတ်သာ ဖော်စပ်နိုင်ပြီး ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားတတ်သဖြင့် ပြန်လည် ဖြည့်တင်းရသည်။ လိုအပ်ချက် ပြည့်မီစေရန် လနှင့်ချီ အချိန်ယူ ဖော်စပ်ရသည်။ ထိုဆေးလုံးများ ရရှိပြီးနောက်တွင်မူ ကူပိုးကောင်များ၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်နိုင်ခဲ့သည်။

ဈေးတွင် လိုအပ်သော ပစ္စည်းများကို ဝယ်ယူပြီး အိပ်ပြန်လာစဥ် ခြံတံခါးအပြင်ဘက်တွင် ရပ်နေသော အိုက်ခွင်းကို တွေ့လိုက်ရသည်။

စုန့်ဝမ်လည်း အိုက်ခွင်းထံသို့ အပြေးအလွှား သွားလိုက်ပြီး “စီနီယာအိုက် ... ကျနော့်ကို စောင့်နေတာလား၊ ဘာကိစ္စ ရှိလို့လဲ” ဟု မေးလိုက်သည်။

အိုက်ခွင်းသည် လွန်ခဲ့သော နှစ်နှစ်အတွင်း အပျော်အပါးတွင် အထိန်းအကွပ်မဲ့ နစ်မွန်းခဲ့သဖြင့် ပို၍ပင် အားနည်းနေပြီ ဖြစ်သည်။ ကျင့်ကြံသူတစ်ဦး၏ တက်ကြွမှုပင် မရှိတော့ဘဲ သာမန် အဖိုးအိုတစ်ဦးကဲ့သို့ ခါးကုန်းကာ နွမ်းလျနေတော့သည်။

စုန့်ဝမ်လည်း ခြံတံခါးကို ဖွင့်ပေးပြီး အိုက်ခွင်းကို ခြံထဲသို့ ခေါ်ဆောင်ကာ ထိုင်ခိုင်းလိုက်သည်။

အိုက်ခွင်းက ထိုင်ပြီးသည်နှင့် “ငါဒီဈေးမြို့ကနေ ထွက်သွားတော့မယ်။ မင်းကို နှုတ်ဆက်ဖို့ လာတာပါ” ဟု စိတ်မကောင်းဟန်ဖြင့် ဆိုလာသည်။

စုန့်ဝမ် အံ့အားသင့်သွားပြီး “ဘာလို့ ရုတ်တရက်ကြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရတာလဲ” ဟု မေးလိုက်မိသည်။

အိုက်ခွင်းကသည် နောင်တရဟန်ဖြင့် သက်ပြင်းချရင်း ဖြေလာသည်။

“ဒီနှစ်နှစ်အတွင်း ငါ့ကျန်းမာရေးက ပိုဆိုးလာတယ်။ အဆောင်တွေ ရေးဖို့ ပိုပိုပြီး ခက်ခဲလာတယ်၊ ဒီဈေးမှာ နေဖို့ မသင့်တော်တော့ဘူး။ အနားယူဖို့ နေရာတစ်ခု ရှာရမယ့်အချိန် ရောက်ပြီ။ ဒါက ငါ့အပြစ်ပါပဲ၊ ဟယ်ဟွမ်ဂိုဏ်းက မိန်းကလေးတွေ လှည့်ဖျားတာကို ငါ မတွန်းလှန်နိုင်ခဲ့ဘူး၊ မင်းက ငယ်သေးတယ်၊ အခြေတည်အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရှိသေးတယ်။ ငါ့လမ်းကို မလိုက်မိစေနဲ့၊ အလိုရမ္မက်တွေထဲမှာ နစ်မွန်းပြီး အချိန်တွေကို မဖြုန်းပါနဲ့”

ပြောရင်း မောနေသဖြင့် စုန့်ဝမ်က ရေတစ်ခွက် ချပေးသည်။ အိုက်ခွင်းက ရေသောက်ပြီး ဆက်ပြောပြန်သည်။

“ငါလည်း တချိန်က ရည်မှန်းချက်တွေ အပြည့်နဲ့ ကြိုးစားရင်း ဒီဈေးက လေလွင့်အဆောင်ဆရာတွေထဲမှာ နေရာတစ်ခု ရခဲ့တယ်၊ ငွေရွှင်တာပေါ့ကွာ။ အဲ့လိုနဲ့ ဘယ်အချိန်က စမှန်းမသိဘူး၊ အပျော်အပါးထဲ နစ်မွန်းသွားပြီး ပြန်မရုန်းထွက်နိုင်တော့ဘူး။ ငါ့ကျင့်ကြံမှုလည်း ရပ်တန့်သွားခဲ့တယ်။ အတိတ်ကို ပြန်ဆင်ခြင်ကြည့်ရင် တကယ့်ကို ဝမ်းနည်းစရာ ကောင်းပါတယ်ကွာ”

အိုက်ခွင်း၏ ခံစားချက်အပြည့် ပြောနေသော စကားများကို စုန့်ဝမ်က ကြားဖြတ်မပြောဘဲ တိတ်တဆိတ် နားထောင်ပေးနေခဲ့သည်။ ၎င်းမှာ ဤအဖိုးကြီးအတွက် လုပ်ပေးနိုင်သော တစ်ခုတည်းသော အရာဖြစ်သည်။

အိုက်ကွန်း စကားဆုံးသောအခါမှ စုန့်ဝမ်က “စီနီယာအိုက်... ဘယ်သွားပြီး အနားယူဖို့ စိတ်ကူးထားလဲ” ဟု မေးလိုက်သည်။

“ငါ ငယ်ငယ်တုန်းက ချင်းဖျင်တောင်က စုမိသားစုမှာ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက ငါ့ကို အဆောင်ဆရာအဖြစ် လာပူးပေါင်းဖို့ အကြိမ်ကြိမ် ဖိတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ စုမိသားစုဘိုးဘေးက ရွှေအမြုတေအဆင့်ဆိုတော့၊ ငါ့လို ချီစုစည်းခြင်း အလယ်အလတ်အဆင့် အဆောင်ဆရာတစ်ယောက်ကို တန်ဖိုးထားမှာ မဟုတ်ဘူး ထင်ပြီး ငြင်းခဲ့တယ်။ ဒါပေမယ့် မကြာသေးခင်က ငါ့ကို ထပ်ဖိတ်ပြန်တယ်၊ သူတို့ မိသားစုရဲ့ မျိုးဆက်သစ်တွေကို အဆောင်ရေးဆွဲနည်း သင်ပေးဖို့ပေါ့။ ငါ့ရဲ့ လက်ရှိ အခြေအနေအရဆို စုမိသားစုမှာ အနားယူရတာ ကံကောင်းခြင်းတစ်ခုပဲလေ။ ဒါကြောင့် ဖိတ်ခေါ်ချက်ကို လက်ခံလိုက်ပြီ”

စုန့်ဝမ်လည်း အဖိုးကြီးအတွက် စိတ်အေးသွားရသည်။

“ဒါဆို အဆင်ပြေတာပေါ့။ ဂုဏ်ယူပါတယ် စီနီယာအိုက်”

အိုက်ခွင်း လက်ကာပြရင်း “ငါ့ကို စီနီယာအိုက်လို့ ခေါ်စရာ မလိုပါဘူး။ မင်းကျင့်စဉ်အဆင့်က ငါ့ထက် မနိမ့်တော့ဘူး၊ မင်း ချီစုစည်းခြင်း သတ္တမအဆင့် ရောက်တော့မယ် မဟုတ်လား”

စုန့်ဝမ်က ခေါင်းခါပြသည်။

“အဆင့်တက်ဖို့က ထင်သလောက် မလွယ်ပါဘူး”

“ငါမှတ်မိသလောက် မင်းက သက်ရှည်ကျင့်စဉ်ကို ကျင့်နေတာ မဟုတ်လား”

စုန့်ဝမ် ခေါင်းညိတ်လိုက်သည်။ သက်ရှည်ကျင့်စဉ်၏ အခြေတည်အဆင့်ကျင့်စဉ်ကို ဈေးတွင် ရနိုင်ကြောင်း အိုက်ခွင်းထံမှ သိရှိပြီးနောက် ချက်ချင်းပင် ထိုကျင့်စဉ်ကို ဝယ်ယူခဲ့ပြီး ဖြစ်သည်။

စုန့်ဝမ်က ကျင့်ကြံမှုအကြောင်း ဆက်မပြောလိုသဖြင့် အကြောင်းအရာ ပြောင်းလိုက်သည်။

“စီနီယာအိုက် ဘယ်တော့ ထွက်သွားမှာလဲ။ ကျွန်တော် လိုက်ပို့မယ်”

“မလိုပါဘူး။ ကျင့်ကြံသူတွေဆိုတာ ဒီလို သေမျိုး ဓလေ့ထုံးစံတွေနဲ့ အနှောင်အဖွဲ့ မခံသင့်ဘူး”

စကားဆုံးသည်နှင့် အိုက်ခွင်း ထွက်သွားတော့သည်။

နှစ်ရက်အကြာတွင် အိုက်ခွင်းသည် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သော အရှေ့ဟွာဖန်းဈေးမှ တစ်ဦးတည်း ထွက်ခွာသွားခဲ့သည်။

......

All Chapters