အခန်း (၁၄၂)
Vol. 13 Ch. 142
အခန်း(၁၄၂)
စုန့်ဝမ်ကတော့ ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်းတွင် ဆက်လက် နှစ်မြုပ်နေခဲ့သည်။ နှစ်နှစ်အတွင်းမှာပင် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းကျော်ကို သုံးစွဲခဲ့သည်။
အဆင့်မြင့်ကူနှစ်ကောင်ကို ကျွေးမွေးရုံဖြင့် တစ်နေ့လျှင် ဝိညာဉ်ကျောက်တုံး တစ်ရာ ကုန်ကျသည်။ ၎င်းမှာ သူကိုယ်တိုင် ဆေးဖော်စပ်သောကြောင့် ဖြစ်သည်။ အကယ်၍ ဆေးများကို ဝယ်သုံးရမည်ဆိုပါက ကုန်ကျစရိတ်မှာ အနည်းဆုံး နှစ်ဆ သုံးဆ ရှိပေလိမ့်မည်။
နောက်ထပ် သုံးလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး၊ သက်ရှည်ကျင့်စဉ်မှာ ချီစုစည်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် အခြေတည်အဆင့်တက်ရန် အချိန်တန်ပြီ ဖြစ်သည်။
စုန့်ဝမ်သည် ပထမဦးစွာ ဘေးခြံ၏ မြေအောက်ခန်းတွင် ခင်းကျင်းထားသော ဝိညာဉ်ဖုံးကွယ်ခြင်းအစီအရင်နှင့် ကိုးနန်းဆောင်ယင်အစီအရင်များကို ဖြုတ်သိမ်းလိုက်သည်။ ထို့နောက် ဈေးမြို့မှ ထွက်ခွာကာ တောင်ဘက်သို့ မိုင်ပေါင်း ထောင်ချီ ခရီးနှင်ခဲ့ပြီး၊ ဝိညာဉ်စွမ်းအင် ကင်းမဲ့သော ဝေးလံသည့် ချိုင့်ဝှမ်းတစ်ခုတွင် ဂူတစ်ခုတူးကာ နေရာပြင်ဆင်လိုက်သည်။
ခုနစ်ရက်အကြာတွင် စိတ်၊ ချီနှင့် ဝိညာဉ်စွမ်းအင်ကို အကောင်းဆုံးအခြေအနေ ရောက်အောင် ညှိယူပြီးနောက်၊ အဆင့်တက်ရန် ပြင်ဆင်တော့သည်။ စုန့်ဝမ်သည် လက်တစ်ဖက်တွင် အခြေခံတည်ဆောက်ခြင်းဆေးလုံး၊ အခြားတစ်ဖက်တွင် ကောင်းကင်ဝိညာဉ်သစ်သီးကို ကိုင်ထားသည်။ ခေတ္တ စဥ်းစားပြီးနောက် ဆေးလုံးကို ပြန်သိမ်းကာ ကောင်းကင်ဝိညာဉ်သစ်သီးကို စားလိုက်သည်။
ယခင်က ကောင်းကင်ဝိညာဉ်သစ်သီးကို သုံး၍ အဆင့်တက်ဖူးသဖြင့်ဟယခင် အတွေ့အကြုံကို အခြေခံ၍ ၎င်းကိုသာ ထပ်သုံးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တစ်လကျော် ကြာပြီးနောက် စုန့်ဝမ် ယာယီဂူအတွင်းမှ ထွက်လာခဲ့သည်။ ယခုတစ်ခေါက် အခြေတည်အဆင့် တက်ရောက်သည့် လုပ်ငန်းစဉ်မှာ မယုံနိုင်စရာကောင်းလောက်အောင် ချောမွေ့ခဲ့သည်။ ကောင်းကင်ဝိညာဉ်သစ်သီး တစ်လုံးတည်းဖြင့် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။
စုန့်ဝမ်သည် သူကိုယ်တိုင်ပင် ရေရေရာရာ နားမလည်သော လျှို့ဝှက်ဆန်းကြယ်စွမ်းအားကြောင့် သက်ရှည်ကျင့်စဥ်၏ ကောင်းကင်ချီနှင့် အလာင်းဘုရင်သွေးသန့်စင်ကျင့်စဥ်၏ အလောင်းချီတို့ ဒန်တန်အတွင်း ယင်နှင့်ယန်ကဲ့သို့ သီးခြားစီ ယှဥ်တွဲတည်ရှိနေသည်ကို သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် ရေရှည်တွင် လမ်းမှန်ကျင့်စဥ်ရော၊ နတ်ဆိုးကျင့်စဥ်ပါ ဆက်လက်ကျင့်ကြံသွားရန် ဆုံးဖြတ်ထားသည်။
စုန့်ဝမ်သည် ချိုင့်ဝှမ်းမှ ချက်ချင်း မထွက်သေးပေ။ ကိုယ်လက်လှုပ်ရှား လုပ်ပြီးနောက် ယာယီဂူထဲသို့ ပြန်ဝင်ခဲ့သည်။
ဈေးမှ ထွက်လာချိန်က ဆေးဖော်စပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို အလုံအလောက် ပြင်ဆင်လာခဲ့သည်။ သွေးချီဆေးလုံးများအပြင် ကူပိုးကောင်များအတွက် သားရဲသန့်စင်ဆေးလုံးများ အလုံအလောက် ရှိနေသည်။ ဆေးများ ကုန်မှ ဈေးသို့ ပြန်ရန် ရည်ရွယ်ပြီး ဤချိုင့်ဝှမ်းတွင် အချိန်တစ်ခုထိ ကျင့်ကြံနေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
လူသူကင်းရှင်းသော ထိုချိုင့်ဝှမ်းတွင် သုံးလကြာ နေထိုင်ခဲ့ပြီး မိုးကြိုးကျင့်စဉ်များကို လေ့ကျင့်ခဲ့သည်။ ထိုအချိန်အတွင်း ဝင်ရိုးစွန်းနတ်မိုးကြိုးနှင့် မဟာဂူနတ်မိုးကြိုးတို့ကို တတ်မြောက်ခဲ့သည်။ လေ့ထျန်းယုထံမှ ရရှိခဲ့သော လှံတိုကိုလည်း အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ ဤလှံကို အသုံးပြုလျှင် ဝိညာဉ်လက်နက်၏ ပုံမှန်စွမ်းအင်အပြင် မိုးကြိုးလျှပ်စီးစွမ်းအင်ကိုပါ ပေါင်းစပ်ပေးနိုင်သဖြင့် ဆတိုးအစွမ်းထက်စေသည်။ ၎င်းမှာ လေ့မိသားစုက ဆက်ခံသူလောင်းလျာအတွက် အထူးပြုလုပ်ပေးထားသော လက်နက်ဖြစ်ပုံရသည်။
နတ်မိုးကြိုးကျင့်စဉ်အပြင် မိုးကြိုးခြေလှမ်းကျင့်စဥ်ဆိုသည့် လှုပ်ရှားမှုနည်းစနစ်နှင့် မိုးကြိုးလှံမန္တန်များကိုလည်း လေ့ကျင့်သည်။ မိုးကြိုးခြေလှမ်းနည်းစနစ်က မိုးကြိုးစွမ်းအင် အသက်သွင်းပြီး အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်စေသည်။ သို့သော် ဝိညာဥ်စွမ်းအင် အလွန်အမင်း ကုန်ခမ်းစေသဖြင့် သေရေးရှင်ရေး အခြေအနေအတွက်သာ သင့်လျော်သည်။ မိုးကြိုးလှံမန္တန်မှာမူ ရိုးရှင်းသည်။ မိုးကြိုးလှံ ၅ စင်းကို ဆင့်ခေါ်တိုက်ခိုက်စေခြင်း ဖြစ်သည်။
ဤသုံးလအတွင်း စုန့်ဝမ် သတိထားမိလိုက်သည်မှာ၊ သွေးချီဆေးလုံးများသည် ချီစုစည်းခြင်းအဆင့်တွင် ရှိစဥ်ကဲ့သို့ ကျင့်စဉ်တိုးတက်မှုအတွက် အာနိသင် မရှိတော့ခြင်း ဖြစ်သည်။ ဈေးတွင် ရနိုင်သမျှထဲမှ အဆင့်အမြင့်ဆုံး ဖြစ်သော နှစ်ငါးရာသက်တမ်းရှိ သွေးနီနွယ်ပင်ကို သုံး၍ ဖော်စပ်ခဲ့သော်လည်း၊ ရရှိလာသော ဆေးလုံးများမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့ပေ။
သွေးချီဆေးလုံးသည် အဆင့် ၁ ဆေးလုံးများ ဖြစ်ပြီး အဆင့် ၁ ဆေးပင်များဖြင့်သာ ပြုလုပ်ထားသောကြောင့် ဖြစ်သည်ဟု စုန့်ဝမ် ယူဆလိုက်သည်။ ၎င်းတို့ကို မည်မျှပင် မွမ်းမံစေကာမူ အခြေတည်အဆင့် ကျင့်ကြံသူ၏ ကျင့်ကြံမှုကို သိသိသာသာ မြှင့်တင်ပေးနိုင်မည် မဟုတ်ပေ။
သွေးချီဆေးလုံးနှင့် အာနိသင်တူညီသည့် အဆင့် ၂ ဆေးလုံးမျိုး ဖော်စပ်ရန် လိုအပ်နေပြီဟု တွေးမိကာ ရုန်ကျင့်ယွမ်၏ ဆေးမှတ်စုများကို အသေအချာ ပြန်ကြည့်လိုက်သည်။
မှတ်စုများထဲတွင် သွေးပေါက်ကွဲဆေးလုံးဟု ခေါ်သော အဆင့် ၂ ဆေးလုံးတစ်မျိုးကို တွေ့လိုက်ရသည်။ ဤဆေးလုံးမှာ လူ၏ စွမ်းအားများကို ရုတ်တရက် ပေါက်ကွဲထွက်စေရန် သုံးခြင်း ဖြစ်ပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားကို ခေတ္တမျှ သိသိသာသာ မြှင့်တင်ပေးနိုင်သည်။ သို့သော် ဤဆေးလုံးတွင် ဆိုးကျိုးများ ရှိသည်၊ ၎င်းကို သောက်ပြီးနောက် ခန္ဓာကိုယ် အားနည်းသွားတတ်သလို အသက်စွမ်းအင်ကိုလည်း ကုန်ခမ်းစေသည်။ အကြိမ်ကြိမ် သုံးစွဲပါက ကျင့်စဉ်အခြေခံကိုပင် ထိခိုက်စေနိုင်သည်။
သွေးပေါက်ကွဲဆေးလုံးသည် ကျင့်စဉ်ကို တိုးတက်စေသော သွေးချီဆေးလုံးနှင့် ကွဲပြားသော်လည်း၊ ၎င်းတို့ နှစ်မျိုးလုံးမှာ အသက်စွမ်းအင်ကို အကြီးအကျယ် သုံးစွဲပြီး ကျင့်ကြံသူ၏ အခြေခံကို မြှင့်တင်ပေးနိုင်သော်လည်း ရေရှည်တွင် ဘေးထွက်ဆိုးကျိုး ပေးနိုင်ခြင်းမှာ တူညီနေသည်။
ခဏတာ စဉ်းစားပြီးနောက် သွေးပေါက်ကွဲဆေးလုံး တစ်လုံးကို ရယူကာ ၎င်း၏ အာနိသင်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
လုပ်စရာကိစ္စများ လက်စသတ်ပြီးသည်နှင့် စုန့်ဝမ်သည် ပတ်ဝန်းကျင်ကို စောင့်ကြပ်နေသော ကူပိုးကောင်များကို ပြန်ခေါ်ပြီး၊ အစီအရင်များကို သိမ်းဆည်းကာ ယာယီဂူကို ဖြိုချပစ်လိုက်သည်။ ထို့နောက် လှေပျံဖြင့် ဈေးမြို့ဆီသို့ ပျံသန်းခဲ့သည်။
မထွက်ခွာမီကပင် ကျောက်တာဖန်းကို ရှာပြီး နှစ်ဝက်စာ အိမ်လစာ ကြိုပေးကာ၊ ခရီးဝေး သွားမည်ဖြစ်သော်လည်း ဤခြံဝင်းကို ဆက်၍ ငှားထားလိုကြောင်း အသိပေးခဲ့သည်။ ထိုသို့ ကြိုတင်အသိပေးခဲ့သောကြောင့် ပြန်ရောက်သောအခါ ထိုခြံဝင်းမှာ အခြားသူအား ငှားရမ်းခြင်း မရှိသေးပေ။
ခြံထဲသို့ ဝင်ခဲ့ပြီးနောက် လေပွေမန္တန်ကို သုံး၍ ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များကို ရှင်းလင်းလိုက်သည်။ ထို့နောက် ခြံထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်၍ အနားယူနေလိုက်သည်။
ကျောပင် မမှီရသေး၊ ရုတ်တရက် ထွက်ပေါ်လာသော ကျယ်လာင်သည့် တံခါးခေါက်သံကြောင့် စုန့်ဝမ် အံအားသင့်သွားသည်။ သူ့မျက်လုံးများ အေးစက်သွားသည်။ အစောပိုင်းကပင် လမ်းကြားထဲ၌ လူစိမ်းသုံးဦး ရှိနေသည်ကို သတိပြုမိခဲ့သည်။ လမ်းသွားလမ်းလာများဟု ထင်ပြီး ဂရုမစိုက်ခဲ့သော်လည်း၊ ယခုမူ သူတို့သည် သူ့ကို ရှာရန် ရောက်လာခြင်း ဖြစ်နေသည်။
စုံ့ဝမ် မတ်တတ်မရပ်ရသေးမီမှာပင် အပြင်ဘက်ရှိ လူက စိတ်မရှည်စွာဖြင့် ခြံတံခါးကို ကန်လိုက်ရာ သစ်သားတံခါးမှာ ပြိုလဲပျက်စီးသွားတော့သည်။
တံခါးပျက်စီးသွားသည်နှင့် လူစိမ်း ၃ ယောက် ဝင်လာသည်။ ခေါင်းဆောင်မှာ ချီစုစည်းခြင်း နဝမအဆင့်ရှိ အရပ်ရှည်ရှည် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ကုလားထိုင်ပေါ်တွင် အေးအေးလူလူ ထိုင်နေသော စုန့်ဝမ်ကို မြင်သောအခါ သူက ဒေါသတကြီး စိုက်ကြည့်ကာ “မင်းက ကျန်းချန်လား” ဟု အော်ဟစ်မေးမြန်းလိုက်သည်။
စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဤလူကို မသိသလို၊ မည်သည့် ရန်ငြိုးရန်စမှလည်း မရှိပေ။ ထိုလူ၏ မောက်မာမှုနှင့် အမိန့်သံကြောင့် စုန့်ဝမ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
“မင်းက ဘယ်သူလဲ၊ ဘာလို့ ငါ့ခြံထဲ အတင်းဝင်လာတာလဲ”
ထိုကျင့်ကြံသူက ထိုင်နေဆဲဖြစ်သော စုန့်ဝမ်ကို စိုက်ကြည့်ရင်း ရှေ့သို့ နှစ်လှမ်း တိုးလာသည်။
“ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ပဲ ရှိတဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်က မေးခွန်းတွေ အများကြီး မမေးနဲ့။ မင်း ကျန်းချန် ဟုတ်မဟုတ်ပဲ ဖြေစမ်း”
စုန့်ဝမ်က ထရပ်လိုက်ပြီး အဝတ်အစားပေါ်ရှိ ဖုန်စများကို ခါထုတ်လိုက်ကာ တည်ငြိမ်သော အမူအရာ ရှိနေသည်။
“မင်းက ပြဿနာရှာဖို့ လာတာပဲ။ ဒါက သားရဲသခင်ဂိုဏ်း ပိုင်တဲ့ ဟွာဖန်းဈေးပဲ။ စျေးလုံခြုံရေးအဖွဲ့က ဒီနားတင် ရှိနေတာမို့ သေချာ စဉ်းစားသင့်တယ်”
“စျေးလုံခြုံရေးအဖွဲ့နာမည် သုံးပြီး ငါ့ကို ဖိအားပေးတာလား၊ ဟာသပဲ .. ငါတို့ ချင်းဖျင်တောင် စုမိသားစုက ချီစုစည်းခြင်းအဆင့် လေလွင့်ကျင့်ကြံသူ တစ်ယောက်ကို ခေါ်သွားတာ သားရဲသခင်ဂိုဏ်းက ဂရုစိုက်လိမ့်မယ် ထင်နေလား”
စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်းဖျင်တောင်က စုမိသားစု ... သူ့အနေဖြင့် ဤကျင့်ကြံခြင်းမိသားစုနှင့် မည်သည့်အခါမျှ မပတ်သက်ဖူးပေ။ ဘာကြောင့် ယခုလို ရှာနေကြသနည်း။ အိုက်ခွင်းသည် စုမိသားစုအကြောင်း ပြောခဲ့ဖူးသည်။ ၎င်းမှာ အိုက်ခွင်းနှင့် ပတ်သက်နေသလော။
စုန့်ဝမ် စဉ်းစားနေစဉ် ထိုကျင့်ကြံသူကလည်း သူ့ကို အကဲခတ်နေသည်။ သူက ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် စုန့်ဝမ်နှင့် သူသာ ကြားနိုင်သော အသံတိုးတိုးဖြင့် “မင်းက သက်ရှည်ကျင့်စဉ် ကျင့်ထားတာဆို၊ ဘာလို့ မင်းဆီက အဲဒီအော်ရာမျိုး မရတာလဲ။ မင်းမှာ အရှိန်အဝါ ဖုံးကွယ်တဲ့ နည်းလမ်း ရှိနေတာလား၊ ဒါဆို မင်းရဲ့ တကယ့်ကျင့်စဉ်က အဆင့် ၆ ထက် ပိုမြင့်မှာပေါ့” ဟု ဆိုလာသည်။
ဤနောက်ဆုံးစကားကို ပြောချိန်တွင် ထိုကျင့်ကြံသူ၏ မျက်နှာ၌ ဝမ်းသာသွားသော အရိပ်အယောင် ပေါ်လာသည်။
သူက နောက်က လူနှစ်ယောက်ကို လက်ယမ်းပြလိုက်သည်။
“သူ့ကို အရှင်ဖမ်းစမ်း။ ရုန်းကန်ရင် ဒုက္ခိတဖြစ်အောင် လုပ်လိုက်”
ထိုသို့ပြောပြီးသည်နှင့် ချီစုစည်းခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူ နှစ်ဦးသည် စုန့်ဝမ်ထံသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်လာကြသည်။
စုန့်ဝမ်သည် ထိုတိုက်ခိုက်သူ နှစ်ဦးကို တည်ငြိမ်စွာ ကြည့်နေရင်း တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။ ဤစုမိသားစုဝင်ဆိုသူများက သေတွင်းထဲ ဆင်းချင်နေလျှင် သူကလည်း သူတို့ဆန္ဒကို ဖြည့်ဆည်းပေးရန် ဝန်မလေးပေ။ သို့သော် တံခါးကို ကန်လိုက်သည့် အသံကြောင့် လမ်းထဲရှိ အိမ်နီးချင်းများ ထွက်ကြည့်နေကြပြီ ဖြစ်သည်။
အဆောင်ဆရာကျန်းချန်ဆိုသည့် ဖြစ်တည်မှုကို ဆက်သုံး၍ မရနိုင်တော့ကြောင်း စုန့်ဝမ် တွေးလိုက်မိသည်။ ဤသုံးဦးကို သတ်လိုက်ပါက သရုပ်မှန် ပေါ်သွားပေလိမ့်မည်။ ရုတ်တရက် လမ်းထဲမှ ကြည့်နေသူများထဲတွင် ဈေးလုံခြုံရေးအဖွဲ့ဝင် ၂ ဦးကို သတိထားလိုက်မိသည်။ စုမိသားစုသည် သူ့ကို ဖမ်းဆီးရန် စျေးလုံခြုံရေးအဖွဲ့၏ တိတ်တဆိတ် ခွင့်ပြုချက်ကို ရရှိထားခြင်း ဖြစ်မည်။ စုမိသားစုဝင် သုံးဦးကို သတ်ရန် လွယ်ကူသလို၊ စျေးလုံခြုံရေးအဖွဲ့ဝင် နှစ်ဦးကို သတ်ရန်လည်း လွယ်ကူသည်။
သို့သော် စျေးထဲတွင် လူရှေ့သူရှေ့မရှောင် သတ်ဖြတ်မိပါက စျေးလုံခြုံရေးအဖွဲ့၏ ရန်သူဖြစ်သွားပြီး ဝိုင်းရံဖမ်းဆီးခြင်း ခံရနိုင်သည်။ စျေးလုံခြုံရေးအဖွဲ့တွင် အခြေတည်အဆင့် ကျင့်ကြံသူများအပြင် ရွှေအမြုတေအဆင့် အကြီးအကဲ တစ်ဦးပါ ရှိနေသည်။
ထို့ကြောင့် စုန့်ဝမ်သည် သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ကာ၊ စုမိသားစုဝင် နှစ်ဦး ချဉ်းကပ်လာသည်ကို ငြိမ်ခံရင်း “ငါ့ကို ဘယ်ခေါ်သွားမလဲဆိုတာ ပြောပြလို့ ရမလား” ဟု မေးလိုက်သည်။
စုန့်ဝမ် ပြန်မခုခံသည်ကို မြင်သောအခါ ထိုကျင့်ကြံသူက “မင်းက တော်တော် အလိုက်သိတာပဲ” ဟု ဆိုသည်။ ထို့နောက် ဝိုင်းကြည့်နေသော လေလွင့်ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။ စုမိသားစု၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသောကြောင့် ဖြစ်နိုင်သည်၊ သူက အသံကို မြှင့်၍ “စိတ်မပူပါနဲ့။ ငါတို့ စုမိသားစုက မင်းအပေါ် မကောင်းတဲ့ စိတ်မရှိပါဘူး။ မင်းရဲ့ အဆောင်ရေးဆွဲတဲ့ ပါရမီကို သဘောကျလို့ ငါတို့ မိသားစုမှာ အဆောင်ဆရာအဖြစ် လာလုပ်ဖို့ ဖိတ်ခေါ်ချင်တာပါ။ ငါတို့ စုမိသားစုက ပါရမီရှင်တွေကို အမြဲ ကြိုဆိုပါတယ်။ ဒီတစ်ခါမှာလည်း လေလွင့်ကျင့်ကြံသူ အများကြီး ဖိတ်ထားတယ်။ မင်းတို့ကို လေးစားတဲ့အနေနဲ့ ပို့ဆောင်ဖို့ သင်္ဘောပျံကြီးတစ်စင်းတောင် လွှတ်ထားပေးတယ်။ အဲဒီသင်္ဘောက ဈေးရဲ့ အရှေ့ဘက် ၁၀ မိုင်ကျော်မှာ ရပ်ထားတယ်” ဟု ကျယ်လောင်စွာ ရှင်းပြလိုက်သည်။
…………