အခန်း (၁၄၃)
Vol. 13 Ch. 143
အခန်း(၁၄၃)
စုန့်ဝမ် မဲ့ပြုံးပြုံးလိုက်သည်။ တစ်ဖက်လူ ပြောသမျှကို သူ တစ်လုံးမှ မယုံပေ။ ဘယ်သူကများ ဒီလောက် မောက်မောက်မာမာနှင့် လာဖိတ်သနည်း၊ သူသည် အခြေခံအဆောင်အချို့သာ ရေးတတ်သော အဆင့်နိမ့် အဆောင်ဆရာမျှသာ ဖြစ်သည်။ စုမိသားစုက သူ့အတွက် ဤမျှ အားစိုက်ထုတ်ရန် တန်ပါသလော။
သို့သော် တစ်ဖက်လူ၏ စကားကို ကြားပြီးနောက် စုန့်ဝမ် အကြံတစ်ခု ပေါ်လာသည်။ စျေးထဲ လှုပ်ရှားမရလျှင် အပြင်ရောက်မှ လှုပ်ရှားပါက ထွက်ပြေးရ ပိုလွယ်ပေလိမ့်မည်။
စုန့်ဝမ် မရုန်းကန်သည်ကို မြင်သောအခါ စုမိသားစုဝင်များက သူ့ကို အတင်းအကျပ် မဖမ်းဆီးတော့ပေ။ လှေပျံတစ်စီး ထုတ်ယူပြီး စုန့်ဝမ်ကို ခေါ်ဆောင်ကာ ပျံသန်းထွက်ခွာခဲ့သည်။ ပေရာချီအမြင့် ရောက်သည်နှင့် အရပ်မြင့်မြင့်ကျင့်ကြံသူက သံကြိုးတစ်ချောင်း ထုတ်ယူပြီး စုန့်ဝမ်ကို ချုပ်နှောင်လိုက်သည်။ စုန့်ဝမ် ရုန်းသော်လည်း သံကြိုးကား မပြုတ်၊ ထိုသူများက စုန့်ဝမ်ကို လှောင်ပြုံးပြုံးပြီး “ငတုံး”ဟု ခေါ်ကြသည်။
ခဏအကြာတွင် ဈေးမှ ၁၀ မိုင်ကျော်အကွာ ကောင်းကင်ယံတွင် ရပ်နားထားသော ပေ ၁၅၀ ကျော်ရှည်သည့် သင်္ဘောပျံကြီးတစ်စင်းကို မြင်လိုက်ရသည်။ သင်္ဘော၏ ရွက်တိုင်တွင် ရွှေရောင်နှင့် ငွေရောင် ချည်ထိုးထားသော 'စု’စာလုံးပါသည့် အလံနက်ကြီး တလွင့်လွင့် ရှိနေသည်။
နီးကပ်လာသည်နှင့်အမျှ စုန့်ဝမ် စဉ်းစားနေမိသည်။ ထိုသင်္ဘောပျံပေါ်သို့ တက်၍ မဖြစ်ပေ။ ထိုမျှကြီးမားသော သင်္ဘောပျံပေါ်တွင် အစွမ်းထက် ကျင့်ကြံသူများစွာ ရှိနေမည်မှာ မုချပင်။ ဈေးမြို့နှင့် နီးကပ်နေသေးသဖြင့် အလောင်းရုပ်သေးကို ထုတ်မသုံးနိုင်သလို၊ ရုပ်သေးအစားထိုးပညာလည်း မသုံးဝံ့ပေ။ ကျွမ်းကျင်သည့် မည်သည့်နတ်ဆိုးနည်းစနစ်မျှ ထုတ်သုံးမရသဖြင့် သင်္ဘောပျံပေါ် ရောက်သွားလျှင် ထွက်ပြေးရန် ပိုခက်ခဲသွားလိမ့်မည်။
စုန့်ဝမ် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီး လမ်းတစ်ဝက် ရောက်သည်နှင့် စလှုပ်ရှားတော့သည်။ ရုတ်တရက် အားကုန်သုံး၍ ရုန်းလိုက်ရာ အခြေတည်အဆင့်ခွန်အားကို မခံနိုင်သည့် သံကြိုးမှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။
သံကြိုးပြတ်သွားသည့် အသံကြောင့် စုမိသားစုဝင် သုံးဦးလုံး လန့်သွားကြသည်။ သူတို့ မတုံ့ပြန်နိုင်မီမှာပင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားသည်။ ချက်ချင်းဆိုသလို စုမျိုးနွယ် ၃ ဦးလုံး ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားသည်။
ကျန်းချန်ဆိုသူမှာ ချီစုစည်းခြင်းအဆင့် မဟုတ်ဘဲ၊ အခြေတည်အဆင့်ပညာရှင် ဖြစ်နေသည်ဆိုသည့် အသိတစ်ခုသာ နောက်ဆုံးခံစားလိုက်ရပြီး အသိစိတ်များ ပျောက်ကွယ်ကာ မှောင်အတိ ကျသွားတော့သည်။
မိုးကြိုးခြေလှမ်းနည်းစနစ် အသက်သွင်းလိုက်သည်နှင့် စုန့်ဝမ်ခန္ဓာကိုယ်မှ လျှပ်စီးများ ဝင်းခနဲ ထွက်ပေါ်လာပြီး လူပုံသဏ္ဌာန် လျှပ်စီးတန်းအဖြစ် ပြောင်းလဲကာ အောက်ဘက်ရှိ ထူထပ်သော တောအုပ်ထဲသို့ ထိုးဆင်းသွားသည်။
ရုတ်တရက် ပြောင်းလဲမှုက သင်္ဘောပျံကြီးပေါ်ရှိ လူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ ချက်ချင်းပင် အခြေတည် အလယ်အလတ်အဆင့် တစ်ဦးနှင့် အစောပိုင်းအဆင့် နှစ်ဦးတို့ ဓားပျံများစီး၍ စုန့်ဝမ်နောက်သို့ လိုက်ပါလာကြသည်။
ထူထပ်သော တောအုပ်ထဲတွင် စုန့်ဝမ်သည် မိုးကြိုးခြေလှမ်းနည်းစနစ်ကို ဆက်တိုက်သုံး၍ သင်္ဘောပျံနှင့် ဈေးမြို့၏ ဝေးရာသို့ အမြန် ထွက်ပြေးခဲ့သည်။ မိုးကြိုးခြေလှမ်းနည်းစနစ်၏ အရှိန်မှာ အလွန်မြန်သဖြင့် နောက်က လိုက်လာသူ သုံးဦးမှာ တဖြည်းဖြည်း ကျန်ရစ်ခဲ့သည်။
လိုက်မမီတော့သည်ကို သိသောအခါ ဦးဆောင်လာသူက ဓားပုံသဏ္ဌာန် ကျောက်ပြားတစ်ခုကို ထုတ်၍ အားကုန်ညှစ်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်ယံတွင် ပေတစ်ရာခန့်ရှည်သည့် ရှည်လျားသော ဝိညာဉ်ဓားကြီး တစ်စင်း ပေါ်လာပြီး၊ ကောင်းကင်ကို ခွဲ၍ စုန့်ဝမ်ရှိရာသို့ အရှိန်အဟုန်ဖြင့် ဆင်းလာသည်။
ဝိညာဥ်စွမ်းအင်ဓားကြီး၏ စွမ်းအားကို စုန့်ဝမ်မှာ ထိပ်တိုက် မရင်ဆိုင်ဝံ့ပေ။ ထိုဓား၏ စွမ်းအားမှာ အခြေတည် နောက်ဆုံးအဆင့်ရှိ ပညာရှင်တစ်ဦး အားကုန်သုံးသည့် တိုက်ကွက်နှင့် ညီမျှသည်။
စုန့်ဝမ်၏ ကိုယ်တွင် လျှပ်စစ်များ တဖြတ်ဖြတ် တောက်ပလာပြီး လမ်းကြောင်းပြောင်းကာ ဘေးသို့ အမြန် ရှောင်လိုက်သည်။
“ဝုန်း”
ဝိညာဥ်စွမ်းအင်ဓားကြီး မြေပြင်ကို ရိုက်ခတ်လိုက်သဖြင့် နားကွဲလုမတတ် အသံကြီးနှင့်အတူ မြေကြီးပါ တုန်ခါသွားပြီး ကျောက်စိုင်ကျောက်ခဲများ လွင့်စင်ထွက်သွားသည်။ ပြင်းထန်သော တုန်ခါမှုလှိုင်းများ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားသည်။
စုန့်ဝမ်လည်း အကာအကွယ်အဆောင်များ အသက်သွင်း ကာကွယ်လိုက်သဖြင့် ကြီးကြီးမားမား မထိခိုက်သော်လည်း ပေါက်ကွဲအားကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။ ရိုက်ခတ်မှုမှာ အလွန်ပြင်းထန်သဖြင့် မိုင်ပေါင်းများစွာ ဝေးသော ဈေးမြို့အတွင်းမှပင် ကြားကြရသည်။
စျေးမြို့မှ မိုင်အနည်းငယ်ခန့် ဝေးသော တောင်ကုန်းတစ်ခုပေါ်ရှိ ဂူအတွင်း၌ အသက် ၄၀ ကျော်အရွယ် ချောမောသည့် အမျိုးသမီးတာအိုဆရာတစ်ဦး မျက်လုံးပွင့်လာသည်။ သူမမှာ အရှေ့ဟွာဖန်းဈေးကို ကြီးကြပ်ရန် သားရဲသခင်ဂိုဏ်းမှ စေလွှတ်ထားသော ရွှေအမြုတေအဆင့်ပညာရှင် ဖြစ်သည်။
ပုံရိပ်တစ်ခု ဖျပ်ခနဲ ပေါ်လာပြီး တာအိုဆရာမမှာ ကောင်းကင်ယံသို့ ရောက်လာပြီး စုမိသားစု၏ သင်္ဘောပျံကြီးနှင့် အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးကို ချက်ချင်း မြင်လိုက်သည်။ သူမသည် ထိုသုံးဦးရှေ့တွင် ပိတ်ရပ်လိုက်ပြီး တင်းမာသော လေသံဖြင့် မေးလိုက်သည်။
“ဈေးမြို့နားမှာ ဘာလို့ ဒီလောက်ပြင်းထန်တဲ့ မန္တန်တွေကို သုံးနေရတာလဲ။ အပြစ်မရှိတဲ့ ကျင့်ကြံသူတွေ သေသွားနိုင်တယ်ဆိုတာ မသိဘူးလား”
စုမိသားစုဝင် သုံးဦးမှာ ကြောက်မက်ဖွယ် ဖိအားကြီးကို ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားသော်လည်း လှပသော တာအိုဆရာမကို မြင်လိုက်သောအခါ အနည်းငယ် စိတ်အေးသွားကြသည်။
ခေါင်းဆောင်ဖြစ်သူက ဦးညွှတ်ရင်း ဖြေကြားလိုက်သည်။
“ကျွန်တော်က ချင်းဖျင်တောင်က စုရှင်းယွမ်ပါ။ အင်မော်တယ်ချင်းယန်ကို ဂါရဝပြုပါတယ်။ ကျွန်တော်တို့ စုမိသားစုဝင်တွေကို သတ်သွားတဲ့ လူယုတ်မာနောက်ကို လိုက်နေတာပါ ခင်ဗျာ”
“လူသတ်သမားနောက် လိုက်ရင်တောင် ဈေးမြို့နားမှာ ဒီလို စည်းမဲ့ကမ်းမဲ့ မလုပ်သင့်ဘူး”
“ခွင့်လွှတ်ပါ အင်မော်တယ်အရှင်၊ အခြေအနေက အလွန် အရေးကြီးလို့ပါ။ အဲဒီလူက ဘိုးဘေးစုချမ်အတွက် လူသားပူဇော်ပသပွဲလုပ်ဖို့ ခေါ်လာတဲ့လူပါ။ သူက ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ပြီး ထွက်ပြေးသွားလိမ့်မယ်လို့ မထင်ထားမိလို့ပါ”
၎င်းကို ကြားသောအခါ အင်မော်တယ်ချင်းယန်၏ ဒေါသများ လျော့ကျသွားပြီး၊ သူမနှင့် စုရှင်းယွမ်ကိုသာ ဖုံးအုပ်ထားသော ဝိညာဉ်စွမ်းအင် အသံလုံအကာအရံတစ်ခု ပေါ်လာသည်။
“စုချမ်က ရှေးဟောင်းလျှို့ဝှက်နယ်မြေ သက်ရှည်နန်းတော်ကနေ ယူလာတဲ့ ပစ္စည်းကို နားလည်သွားပြီလား”
“ဒါတော့ ကျွန်တော် သေချာမသိပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် အင်မော်တယ်တို့နဲ့အတူ လျှို့ဝှက်နယ်မြေကို သွားပြီး ပြန်လာကတည်းက ဘိုးဘေးက တံခါးပိတ် ကျင့်ကြံနေတာပါ။ လွန်ခဲ့တဲ့ သုံးလကမှ ပြန်ထွက်လာပြီး ဝိညာဉ်ဝါးမြိုခြင်းအစီအရင်ကို တည်ဆောက်ခဲ့ပါတယ်။ ဘိုးဘေးက ကျွန်တော်တို့ကို သက်ရှည်ကျင့်စဉ်ကျင့်တဲ့ လူငယ်ကျင့်ကြံသူတွေကို ရှာဖို့ အမိန့်ပေးထားပါတယ်။ ကျင့်ကြံမှုအဆင့် မြင့်လေ ပိုကောင်းလေပါပဲ။ ကျွန်တော်တို့ ရထားတဲ့ သတင်းအရ အခု ထွက်ပြေးသွားတဲ့လူက ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်လောက်ပဲ ရှိမယ် ထင်တာ။ သူက ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားပြီး အခြေတည်အဆင့် ဖြစ်နေမယ် မထင်ထားလို့ လွတ်သွားတာပါ”
စုရှင်းယွမ်သည် ချင်းယန်အပေါ် ယုံကြည်သဖြင့် အကြောင်းစုံကို အမှန်အတိုင်း ရှင်းပြလိုက်သည်။ သူက စုန့်ဝမ် ထွက်ပြေးသွားသည့် ဘက်သို့ စိုးရိမ်တကြီး ကြည့်လိုက်ရင်း “သက်ရှည်ကျင့်စဉ် ကျင့်ပြီး အခြေတည်အဆင့်ကို ရောက်တဲ့လူက တော်တော် ရှားပါတယ်။ အဲဒီလူက ဘိုးဘေးစုချမ်အတွက် အလွန် အရေးကြီးပါတယ်၊ စီနီယာအနေနဲ့ ကူညီပေးနိုင်မလား ခင်ဗျာ”
“စိတ်မပူနဲ့၊ သူ မပြေးလွတ်စေရဘူး”
စကားမဆုံးမီမှာပင် ချင်းယန်သည် စုန့်ဝမ်၏အော်ရာကို ခြေရာခံပြီး လိုက်လံ ဖမ်းဆီးတော့သည်။
.....
စုမိသားစု ကျင့်ကြံသူများ နောက်က လိုက်မလာတော့သည်ကို မြင်သော်လည်း စုန့်ဝမ်သည် သတိမလျှော့ဘဲ အရှိန်အကုန်သုံး၍ ထွက်ပြေးနေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ရုတ်တရက် တောင်ပြိုသကဲ့သို့ ပြင်းထန်သော ဖိအားကြီးတစ်ခု နောက်ကွယ်မှ တိုးဝင်လာရာ စုန့်ဝမ် ဟန်ချက်ပျက်ကာ လဲကျလုမတတ် ဖြစ်သွားသည်။ ခက်ခဲစွာ ဟန်ချက်ပြန်ထိန်းရင်း စုန့်ဝမ်မျက်နှာ ပျက်ယွင်းသွားသည်။
ရွှေအမြုတေအဆင့်ပညာရှင် ....
ဈေးမြို့သို့ ရောက်ကတည်းက သားရဲသခင်ဂိုဏ်းမှ ရွှေအမြုတေပညာရှင်နှင့် မတိုးအောင် ရှောင်နေခဲ့သော်လည်း၊ ယနေ့တွင်မူ မရှောင်နိုင်တော့ပေ။ နောက်က လိုက်လာသူမှာ အင်အားအပြည့်ရှိသော ရွှေအမြုတေပညာရှင် ဖြစ်သဖြင့် ယခင်က ရင်ဆိုင်ခဲ့ဖူးသော ဒဏ်ရာရနေသည့် ဝူယင်ထက် များစွာ ပိုမို အစွမ်းထက်သည်။
“ကောင်လေး ... အခုပဲ အညံ့ခံလိုက်စမ်း”
ချင်းယန်၏ အသံမှာ ဆယ်မိုင်ကျော်အကွာမှ ဖြစ်သော်လည်း စုန့်ဝမ်၏ နားထဲတွင် အနီးကပ် အော်လိုက်သကဲ့သို့ ကြားလိုက်ရသည်။
စုန့်ဝမ်က အညံ့ခံရန် စိတ်ကူးမရှိ၊ မိုးကြိုးခြေလှမ်းကို အစွမ်းကုန် သုံးရင်း လမ်းကြောင်းကို အကဲခတ်နေသည်။ သင့်တော်သော မြေမျက်နှာသွင်ပြင်ကို ရှာတွေ့လျှင် လွတ်မြောက်နိုင်မည်ဟု သူ ယုံကြည်နေသည်။
တစ်ဦးက လိုက်၊ တစ်ဦးက ပြေးရင်း အကွာအဝေးမှာ လျင်မြန်စွာ နီးကပ်လာသည်။ အကွာအဝေး ၈ မိုင်အောက်သို့ ရောက်သောအခါ ချင်းယန်၏ ဝိညာဉ်အာရုံက စုန့်ဝမ်ကို ဖမ်းမိသွားသည်။
ချက်ချင်းဆိုသလို ချင်းယန်လက်ထဲမှ ကြိုးရှည်တစ်ချောင်း ထွက်ပေါ်လာပြီး မြွေဆိုးတစ်ကောင်လို စုန့်ဝမ်ထံသို့ ပြေးဝင်သွားသည်။ ထိုကြိုးရှည်မှာ ရန်သူကို ဖမ်းဆီးရန် ထုတ်လုပ်ထားသော ဝိညာဥ်လက်နက်ဖြစ်ကြောင်း သိသာလှသည်။
စုန့်ဝမ်သည် အမိမခံဝံ့ပေ။ အတွေးတစ်ချက်နှင့်အတူ ခွိုင်ယင်ရေအမြုတေ ရေဒိုင်းက ကျောဘက်တွင် ပေါ်လာပြီး၊ အစိမ်းရောင် ကြေးခေါင်းလောင်းကြီးသဏ္ဍာန် တစ်ခုကလည်း သူ့တကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။
“ဘုန်း”
ကြိုးထိပ်ဖျားက ရေအမြုတေဒိုင်းကို ရိုက်ခတ်လိုက်ရာ ဒိုင်းမှာ အဝတ်စတစ်ခုကဲ့သို့ ပုံပျက်သွားသည်။ ကြိုးထိပ်ဖျားက ရေအမြုတေဒိုင်းကို ဖောက်ထွက်လာပြီး ကြေးခေါင်းလောင်းကို ရိုက်မိသည်။ ကြေးခေါင်းလောင်းမှာ ချက်ချင်းပင် အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။
စုန့်ဝမ်လည်း နောက်ကျောတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သွေးတစ်လုတ် အန်ထွက်ကာ ရှေ့သို့ လွင့်ထွက်သွားသည်။
ချင်းယန်၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဝိညာဉ်ဖမ်းကြိုးကို ခုခံနိုင်သည်မှာ လုံးဝ ထင်မှတ်မထားသောကိစ္စပင် ဖြစ်နေသည်။ သို့သော် ကိစ္စမရှိပါ၊ ထပ်ကြိုးစားနိုင်သည်။
ချင်းယန်၏ အတွေးတစ်ချက်ဖြင့် ဝိညာဉ်ဖမ်းကြိုးမှာ ကပ်ပါနေသော ရေမှော်များကို ခါထုတ်လိုက်ပြီး စုန့်ဝမ်ထံသို့ တစ်ဖန် ပျံသန်းသွားပြန်သည်။ နောက်တစ်စက္ကန့်တွင် ချင်းယန် အံသြမှင်သက်သွားတော့သည်။
စုန့်ဝမ် ဝိညာဥ်ဖမ်းကြိုး မထိမီမှာပင် လျှပ်စီးများ လင်းလက်နေသော သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး သူ့ဦးခေါင်းကို အရှိန်အပြည့်ဖြင့် ရိုက်ချလိုက်သည်။
“ဘုန်း”
ခေါင်းပေါက်ကွဲသွားပြီး ကိုယ်ခန္ဓာမှာ မြေပြင်ပေါ်သို့ ထိုးကျသွားသည်။
ထွက်ပြေးနေသူ ကိုယ့်ကိုယ်ကို သတ်သေမည်ဟု ထင်မထားသော ချင်းယန်မှာ မယုံနိုင်အောင် ဖြစ်သွားသည်။ သို့သော် ခပ်လှမ်းလှမ်း ရောက်သောအခါ ထူးခြားချက်တစ်ခုကို ချက်ချင်း သတိပြုမိလိုက်သည်။ မြေပြင်ပေါ်ရှိ ခန္ဓာကိုယ်မှာ လတ်တလော သေဆုံးသူ မဟုတ်ဘဲ၊ သေဆုံးနေသည်မှာ ကြာပြီဖြစ်သော အလောင်းကောင် တစ်ခုသာ ဖြစ်သည်။
“ရုပ်သေးအစားထိုးနည်းစနစ် ...”
ချင်းယန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ မူလက တာအိုရောင်းရင်း စုချမ်ကို ကူညီသည့်အနေဖြင့် ဖမ်းပေးခြင်းသာ ဖြစ်သော်လည်း၊ ယခုမူ ထင်မှတ်မထားသော အခွင့်အရေးကို တွေ့လိုက်ရပြီ ဖြစ်သည်။ အကယ်၍သာ ထိုလူထံမှ ရုပ်သေးအစားထိုးပညာကို ရရှိခဲ့လျှင် သူမအတွက် အသက်ပို တစ်ချောင်း ရရှိသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဝိညာဉ်အာရုံကို ဖြန့်ကြက်ရှာဖွေသော်လည်း၊ ထိုလူကို ရှာမတွေ့တော့ပေ။ ထိုလူမှာ ရုပ်သေးအစားထိုးပညာရပ်ကို သုံး၍ သူမ၏ ဝိညာဉ်အာရုံ ဖြန့်ကြတ်မှုပြင်ပသို့ ထွက်ပြေးသွားခြင်း ဖြစ်သည်။
ချင်းယန် မယုံနိုင် ဖြစ်နေသည်။ အစားထိုးပညာရပ်က မည်မျှပင် အစွမ်းထက်စေကာမူ အသုံးပြုသူ၏ ဝိညာဥ်အာရုံ ဖြန့်ကြတ်နိုင်သော ဧရိယာအတွင်းသာ ရွေ့ပြောင်းနိုင်ကြောင်း သူသိထားသည်။ ထိုသူလို အခြတည် အစောပိုင်းအဆင့် ကျင့်ကြံသူက ရွှေအမြုတေအဆင့်ထက် ပိုအားကောင်းသော ဝိညာဉ်အာရုံမျိုး မည်သို့ ရှိနိုင်မည်နည်း။
အချိန်အတန်ကြာ လှည့်ပတ်ရှာသော်လည်း မည်သည့် ခြေရာလက်ရာကိုမျှ ရှာမတွေ့တော့သဖြင့် ချင်းယန် လက်လျှော့လိုက်ရသည်။ စုန့်ဝမ် ချန်ထားခဲ့သော ရေအမြုတေမှ ရေမှော်များကို သိမ်းဆည်းပြီး ပြန်ထွက်လာခဲ့သည်။ ဤရေမှော်များမှာ ထိုသူ သန့်စင်ထားခြင်း ဖြစ်သဖြင့် အော်ရာအငွေ့အသက် ပါဝင်နေသည်။ ထိုအော်ရာဖြင့်ဆိုလျှင် ပြန်ရှာတွေ့ဖို့ မခက်ပေ၊ အချိန်အနည်းငယ်တော့ ပေးရပေလိမ့်မည်။
……………