← Chapters

အခန်း (၁၄၄)

Vol. 13 Ch. 144

အခန်း (၁၄၄)

Vol. 13 Ch. 144

အခန်း(၁၄၄)

စုန့်ဝမ်က ဆယ်မိုင်ကျော်အကွာရှိ တောင်ကုန်းငယ်တစ်ခု၏ နောက်ကွယ်တွင် ရပ်နေပြီး၊ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ရင်း ကောင်းကင်ယံရှိ လှပသော ပုံရိပ်ကို အေးစက်စွာ စိုက်ကြည့်နေမိသည်။

ယခင်က ရုပ်သေးအစားထိုးပညာကို အကြိမ်ကြိမ် သုံးဖူးသော်လည်း၊ ရန်သူ၏ တိုက်ခိုက်မှုကြောင့် သေလုမျောပါး ဖြစ်ချိန်တွင်သာ သုံးခဲ့ခြင်း ဖြစ်သည်။ ယခုမူ အခြေအနေ အလွန်ဆိုးရွားသဖြင့် မိမိကိုယ်ကိုယ် အသေရိုက်၍ ဤပညာရပ်ကို သုံးခဲ့ရခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် သေစေနိုင်သော တိုက်ကွက်ဖြင့် ရိုက်ရသည့် ခံစားချက်မှာ အလွန်ပင် ဆိုးရွားလှသည်။ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲ ဖြစ်သည်။

“မင်း ဘယ်သူပဲဖြစ်ဖြစ်၊ တစ်နေ့ ပြန်ပေးဆပ်စေရမယ်” ဟု စုန့်ဝမ်က စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။

တစ်ဖက်လူက သူ့ကို လောလောဆယ် ရှာမတွေ့သည်ကို မြင်သောအခါ စုန့်ဝမ် အနည်းငယ် စိတ်အေးသွားသည်။ အဆင့်မြင့်ကူများ၏ အကူအညီကြောင့် စုန့်ဝမ်၏ ဝိညာဉ်အာရုံမှာ ၁၅ မိုင်အထိ ရောက်ရှိနိုင်ပြီး၊ ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦး၏ အကွာအဝေးမှာ ၈ မိုင်ခန့်သာ ရှိသည်။ ထို့ကြောင့် လတ်တလော စိတ်ပူရန် မရှိသဖြင့် ဒဏ်ရာများ ကုစားရန် ဒဏ်ရာပျောက်ဆေး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။

ထို့နောက် ဤနေရာတွင် ကြာကြာနေရန် မသင့်သဖြင့် အနီးရှိ တောအုပ်ထဲသို့ အမြန် ပြေးဝင်ခဲ့သည်။ သူ့လှုပ်ရှားမှုကြောင့် တောအုပ်ထဲရှိ ငှက်များနှင့် သားရဲများ လန့်ဖျန့်သွားကြသည်။

ပြန်ထွက်ခွာဖို့ ပြင်ဆင်နေသော ချင်းယန်က ကောင်းကင်ယံမှနေ၍ ဤမြင်ကွင်းကို မြင်လိုက်ရပြီး “တွေ့ပြီ” ဟု ရေရွတ်လိုက်သည်။ သူမ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး စုန့်ဝမ် ရှိရာသို့ အရှိန်ပြင်းစွာ ပျံသန်းသွားတော့သည်။

ချင်းယန်က သူ့ဝိညာဉ်အာရုံ အလှမ်းမီရာသို့ စုန့်ဝမ် ရောက်သည်နှင့် ဝိညာဉ်ဖမ်းကြိုးကို ထပ်မံ ပစ်လွှတ်လိုက်သည်။

ဝိညာဉ်ဖမ်းကြိုးက သူနှင့် ပေ ၃၀ အကွာသို့ ရောက်ရှိလာသောအခါ စုန့်ဝမ် ကြောက်ရွံ့ခြင်းမရှိဘဲ ပြုံးလိုက်သည်။ အကွာအဝေးက လုံလောက်ပြီ …

ရုတ်တရက် စုန့်ဝမ်ခန္ဓာကိုယ်က သွေးမြူတိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်။ ချင်းယန်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ဝိညာဉ်ဖမ်းကြိုးသည် သွေးမြူတိမ်တိုက်ကို ဖြတ်ကျော်သွားပြီး ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်ကိုသာ ပတ်မိသွားတော့သည်။

“သွေးလွတ်မြောက်နည်းစနစ်၊ နေဦး ဒါက အခြေခံနည်းစနစ် မဟုတ်ဘူး၊ အဆင့်မြင့်နည်းစနစ်၊ အလောင်းနတ်ဆိုးဂိုဏ်းရဲ့ လျှို့ဝှက်ပညာပဲ၊ သူ ဒါကို ဘယ်ကနေ သင်လာတာလဲ”

ချင်းယန် မယုံနိုင်အောင် ဖြစ်နေသည်။

အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက မိုးကြိုးခြေလှမ်းနည်း၊ အဆင့်မြင့် သွေးလွတ်မြောက်ပညာနှင့် အလောင်းရုပ်သေးအစားထိုးပညာ သုံးမျိုးလုံးကို တတ်မြောက်ထားသည်မှာ အံ့သြစရာပင်။ အထူးသဖြင့် အလောင်းနတ်ဆိုးဂိုဏ်း၏ ရွှေအမြုတေအဆင့် ပညာရှင်များသာ သုံးနိုင်သော အသက်ကယ် လျှို့ဝှက်ပညာရပ်ဖြစ်သည့် အဆင့်မြင့် သွေးလွတ်မြောက်နည်းစနစ်ကို အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက မည်သို့ အသက်သွင်းနိုင်သည်ကို သူမ စဥ်းစားမရပေ။

သို့သော် ချင်းယန်၏ မျက်နှာတွင် လောဘနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ ဤလူ့ထံတွင် လျှို့ဝှက်ချက်များ အလွန်များပြားလှသည်။ သူ့ကို ဖမ်းမိလျှင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ချင်းယန်လည်း စုန့်ဝမ်ကို ရှာရန်အတွက် လျှို့ဝှက်နည်းလမ်း သုံးရန် သိမ်းဆည်းထားသည့် ရေမှော်ကို ထုတ်ယူလိုက်သည်။ သို့သော် ချက်ချင်းပင် မျက်နှာပျက်သွားသည်။ ရေမှော်ပေါ်ရှိ ဝိညာဉ်အရှိန်အဝါများမှာ ပျောက်ကွယ်သွားပြီး၊ ၎င်းမှာ ပိုင်ရှင်မဲ့ပစ္စည်းတစ်ခု ဖြစ်သွားပြီဖြစ်သည်။

စုန့်ဝမ်က ရေအမြုတေ၏ ကျန်ရှိနေခဲ့သောရေမှော်နှင့် သူ၏ ဝိညာဉ်ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ခြင်းပင်။

......

တိုက်ပွဲဖြစ်ရာနှင့် မိုင် ၈၀ အကွာ ထျန်းဟယ်မြစ်၏ မြစ်အောက်ခြေတွင် ပုန်းအောင်းနေသော စုန့်ဝမ်ခမျာ ဝိညာဉ်ပင်လယ်မှ ပြင်းထန်သော နာကျင်မှုကို အလူးအလဲ ခံစားနေရသည်။ ကျန်ရှိနေခဲ့သောရေမှော်နှင့် ဆက်သွယ်မှုကို အတင်းအကျပ် ဖြတ်တောက်ရခြင်းမှာ မသက်သာလှပေ။

သူ့အနေဖြင့် စရောက်တည်းက ဈေးမြို့ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းရှိ မြေမျက်နှာသွင်ပြင်ကို လေ့လာပြ အလွတ်မှတ်သားထားခြင်းမှာ ကံကောင်းလှသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့်သာ အဆင့်မြင့် သွေးလွတ်မြောက်ပညာရပ်ကို သုံး၍ ထျန်းဟယ်မြစ်ကမ်းသို့ တိုက်ရိုက်ရောက်ရှိခဲ့ပြီး၊ မြစ်ထဲသို့ အလျင်အမြန် ငုပ်လျှိုးဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့တွင်ရှိသော အသက်သွေးပမာဏမှာ အဆိုပါပညာကို တစ်ကြိမ်သာ သုံးနိုင်သဖြင့်၊ ရှင်းယန်၏ လက်ထဲမှ လုံးဝလွတ်မြောက်ရန် ဤအခွင့်အရေးကို အရယူခဲ့ရခြင်း ဖြစ်သည်။

သူ့အသက်သွေးများ အကြီးအကျယ် ကုန်ခမ်းသွားသည်ကို ခံစားရသဖြင့် စုန့်ဝမ်သည် အသက်သွေးများ ဖြည့်ထားသော ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ တစ်ပုလင်းပြီး တစ်ပုလင်း သောက်လိုက်သည်။ ဆယ်ပုလင်းခန့် သောက်ပြီးနောက်တွင်မူ သူ၏ အသက်သွေးများ ပြန်လည် ပြည့်ဝလာသည်။

သင်္ဘောကြီးပေါ်ရှိ 'စု’ဆိုသော စာလုံးကြီးနှင့် ချင်းယန်၏ လှပသော မျက်နှာမှာ သူ့အာရုံထဲတွင် ပေါ်လာသဖြင့် အံကြိတ်လိုက်မိသည်။

“တစ်နေ့ကျရင် မင်းတို့ကို ပြန်ပေးဆပ်စေရမယ်”ဟု ကြုံးဝါးရင်း အော်ရာအားလုံးကို ဖုံးကွယ်ကာ မြစ်ရေစီးအတိုင်း အောက်ဘက်သို့ မျောလိုက်သွားခဲ့သည်။

......

အတန်ကြာပြီးနောက် စုရှင်းယွမ်သည် ချင်းယန်ဘေးသို့ ပျံသန်းလာပြီး “အရှင်အင်မော်တယ် ... အဲဒီလူ ...” ဟု တိုးတိုးလေး မေးလိုက်သည်။

ချင်းယန်သည် မိုင်ဒါဇင်နှင့်ချီသော ပတ်ဝန်းကျင်ကို ဝိညာဉ်အာရုံဖြင့် ရှာဖွေခဲ့သော်လည်း စုန့်ဝမ်၏ အရိပ်အယောင်ကို မတွေ့ပေ။ ချင်းယန်လည်း အလွန်စိတ်တိုနေသဖြင့် စိတ်ဆိုးမာန်ဆိုးဖြင့် “ပြေးသွားပြီ” ဟု ပြန်ဖြေလိုက်သည်။

စုန့်ဝမ်ထံမှ လျှို့ဝှက်ပညာရပ်များက သူမကို အလွန် ဆွဲဆောင်နေသည်။ အခွင့်အရေးကြီးတစ်ခုကို လက်တစ်ကမ်းအလိုမှာ လက်လွတ်လိုက်ရသဖြင့် အလွန်တရာ ဒေါသထွက်နေသည်။

ချင်းယန် စိတ်မကြည်သည်ကို မြင်သောအခါ စုရှင်းယွမ်မှာ ဆက်မမေးဝံ့တော့ဘဲ အခြေအနေမှာ တိတ်ဆိတ်သွားသည်။

ခဏအကြာတွင်မှ ချင်းယန်က အေးစက်စွာ မေးလိုက်သည်။

“မင်းတို့ ဘိုးဘေးက ဝိညာဉ်ဝါးမြိုအစီအရင်ကို နားလည်သွားပြီဆိုတာ လူဘယ်နှစ်ယောက် သိလဲ”

စုရှင်းယွမ်က “ဘိုးဘေးနဲ့ ကျွန်တော်တို့ မိသားစုက အဓိက အဖွဲ့ဝင် အနည်းငယ်ပဲ သိပါတယ်။ တခြားဘယ်သူမှ မသိပါဘူး” ဟု ဖြေသည်။

“စီနီယာကို အခုလို အသိပေးတာကလည်း ဘိုးဘေးရဲ့ ကြိုတင် ညွှန်ကြားချက်ကြောင့်ပါ။ဘိုးဘေးက စီနီယာနဲ့ သူက ယုံကြည်ရတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး၊ အစီအရင်ကို အသက်သွင်းဖို့က စီနီယာအပေါ်မှာ မူတည်နေတယ်လို့ ပြောပါတယ်။ စီနီယာနဲ့ တွေ့ရင် အသိပေးလိုက်ဖို့ မှာထားတာပါ ခင်ဗျာ”

ရှင်းယန်က ခေါင်းညိတ်လိုက်ပြီး “ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့၊ မဟုတ်ရင် မင်းတို့ စုမိသားစု ဘေးဒုက္ခ ရောက်လိမ့်မယ်” ဟု ဆိုသည်။

“ထွက်ပြေးသွားတဲ့ လူကို ထားလိုက်တော့။ သက်ရှည်ကျင့်စဉ် ကျင့်ကြံတဲ့ လေလွင့်ကျင့်ကြံသူတွေ အများကြီး ရှိတယ်”

စုရှင်းယွမ်က ဦးညွှတ်လိုက်သည်။

“နားလည်ပါပြီ”

သို့သော် သူ၏ စိတ်ထဲမှမူ တိတ်တဆိတ် ညည်းတွားနေမိသည်။ ‘ခင်ဗျားကတော့ ပြောရတာ လွယ်တာပေါ့။ သက်ရှည်ကျင့်စဉ်ကျင့်သူတွေ အများကြီး ရှိပေမယ့် အများစုက ချီသန့်စင်ခြင်း အစောပိုင်းနဲ့ အလယ်အလတ်အဆင့်တွေပဲ ရှိကြတာ။ နောက်ဆုံးအဆင့်ကို ရောက်တဲ့လူက အလွန်ရှားသလို၊ ရောက်တဲ့သူတွေကလည်း အသက်ကြီးနေတော့ သက်ရှိယဇ်ကောင်အဖြစ် သုံးဖို့ မသင့်တော်တော့ဘူး။ ဒါကြောင့်လည်း ချီစုစည်းခြင်း နောက်ဆုံးအဆင့်ရှိတဲ့ လူရွယ်တစ်ဦးလို့ ယူဆရတဲ့ ဒီလူကို ဖမ်းဖို့ ဒီလောက်တောင် အားစိုက်ခဲ့ရတာပေါ့”

သို့သော် ဒေါသထွက်နေဆဲ ချင်းယန်ကို စော်ကားရာရောက်မည် စိုးရိမ်သဖြင့် တစ်ခွန်းပင် မဟဝံ့ခဲ့။

......

စုန့်ဝမ်သည် မြစ်အောက်ခြေတွင် တစ်ရက်လုံး ကုန်ဆုံးခဲ့ပြီး ရေစီးကြောင်းအတိုင်း မိုင်နှစ်ရာ သုံးရာခန့် မျောပါခဲ့သည်။ ထို့နောက်မှ မြစ်အောက်ခြေရှိ လျှို့ဝှက်ဂူတစ်ခုကို ရှာတွေ့ခဲ့ပြီး၊ ထိုနေရာတွင် အတွင်းဒဏ်ရာများကို ကုသကာ ဝိညာဉ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့ပြီးမှ ရေပေါ်သို့ တက်လာခဲ့သည်။

ကုန်းပေါ် ရောက်သည်နှင့် အဝတ်အစားများကို ခြောက်အောင် လုပ်ပြီးနောက်၊ အသက် ၄၀ ကျော်အရွယ် ချီစုစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူအသွင် ရုပ်ဖျက်ကာ တစ္ဆေဈေးသို့ လှေပျံဖြင့် သွားခဲ့သည်။

နောက်တစ်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် တစ္ဆေဈေးသို့ ရောက်ရှိပြီး ဆိုင်ငယ်လေးတစ်ဆိုင်သို့ ဝင်ခဲ့သည်။

ဆိုင်ထဲတွင် အဖိုးအိုတစ်ဦးသာ ရှိပြီး အိပ်ငိုက်နေသည်။ စုန့်ဝမ်ကို မြင်သောအခါ အားတက်သရော ထလာပြီး နှုတ်ဆက်လိုက်သည်။

“ဧည့်သည်တော် ... ဘယ်လို သတင်းအချက်အလက်မျိုး ရှာနေတာလဲ”

ဤဆိုင်မှာ တစ္ဆေဈေးအတွင်း သတင်းရောင်းချခြင်းကို အထူးပြု စီးပွားရှာသော ဆိုင်ဖြစ်သည်။

“ချင်းဖျင်တောင်က စုမိသားစုနဲ့ ပတ်သက်တဲ့ သတင်းတွေ ရှိလား။ အသေးစိတ်ရလေ ပိုကောင်းလေပဲ”

အဖိုးအိုမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်၊ ဖောက်သည်ကြီးတစ်ဦး ရောက်လာပြီဖြစ်ကြောင်း သူ သိလိုက်သည်။

“စုမိသားစု သတင်းကတော့ အဆင်သင့် ရှိပါတယ်၊ ဒါပေမဲ့ ဈေးနှုန်းကတော့...”

အဖိုးအို၏ တုံ့ဆိုင်းနေသော အမူအရာကို မြင်သောအခါ စုန့်ဝမ်သည် တစ်ဖက်လူက ဈေးတင်ချင်နေသည်ကို ရိပ်မိသဖြင့် လိုရင်းကိုသာ ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ၊ တိုက်ရိုက်ပဲ ပြောလိုက်ပါ”

“ဝိညာဉ်ကျောက်တုံး တစ်သောင်းပါ။ စုမိသားစုက အဓိကကျင့်ကြံသူအားလုံးရဲ့ အသေးစိတ် သတင်းတွေ အပါအဝင်ပေါ့”

“သဘောတူတယ်။ ဒါပေမဲ့ သတင်းအချက်အလက်တချို့ကို စစ်ဆေးဖို့ ပေးနိုင်မလား”

“ရတာပေါ့”

ထိုသို့ပြောပြီးနောက် သူသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ စုန့်ဝမ်ကို ပေးလိုက်သည်။

စုန့်ဝမ်လည်း ကျောက်စိမ်းပြားကို ယူကာ ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ထိုကျောက်စိမ်းပြားတွင် စုမိသားစု၏ ချီစုစည်းခြင်း နောက်ဆုံးအဆင့်ရှိ ကျင့်ကြံသူ ဒါဇင်နှင့်ချီသော လူများ၏ အမည်၊ ကျင့်စဉ်အဆင့်နှင့် မိသားစုဝင်များ အပါအဝင် အသေးစိတ် အချက်အလက်များ ပါဝင်သည်။ သတင်းကို စိတ်ကျေနပ်သဖြင့် စုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံးအိတ်ကို ထုတ်ပေးလိုက်သည်။

အဖိုးအိုက ဝိညာဉ်ကျောက်တုံးများကို စစ်ဆေးပြီးနောက် နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ပေးလိုက်သည်။ ဤကျောက်စိမ်းပြားတွင် စုမိသားစု၏ အဓိက အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှု ဖြန့်ကြက်ထားပုံများ အပါအဝင် ပိုမို အသေးစိတ်သော သတင်းများ ပါရှိသည်။

သတင်းဝယ်ပြီးနောက် စုန့်ဝမ် လှည့်ထွက်လာခဲ့သည်။ သတင်းအရ စုမိသားစုတွင် စုချမ်အမည်ရှိ ရွှေအမြုတေအဆင့် အစောပိုင်းရှိ ဘိုးဘေးတစ်ဦး ရှိသော်လည်း၊ သူသည် အလွန်အိုမင်းနေပြီး သက်တမ်းကုန်ဆုံးခါနီး ဖြစ်နေကာ နှစ်ပေါင်းများစွာ လူမြင်ကွင်းသို့ ထွက်မလာခဲ့ပေ။

စုမိသားစုတွင် အခြေတည်အဆင့် ကျင့်ကြံသူ စုစုပေါင်း ၄၈ ဦး ရှိပြီး၊ ၎င်းတို့ထဲတွင် အထွတ်အထိပ်ရောက်နေသူမှာ မိသားစုခေါင်းဆောင် စုအန်ချင်းနှင့် အကြီးအကဲ စုဝမ်ရှီတို့ ဖြစ်သည်။ ထို့အပြင် နှောင်းပိုင်းအဆင့် ၇ ဦး၊ အလယ်အလတ်အဆင့် ၁၀ ဦးကျော်နှင့် အစောပိုင်းအဆင့် ၂၃ ဦး ရှိသည်။

သေခါနီး ရွှေအမြုတေဘိုးဘေး တစ်ဦးနှင့် အခြေတည်အဆင့် ၄၀ ကျော် … ဤချင်းဖျင်တောင် စုမိသားစုမှာ အလွန်အမင်း ကြောက်စရာကောင်းသည့် အဆင့်တွင် မရှိပေ။ အဆင့်မြင့်အစီအရင်များ သို့မဟုတ် ထူးခြားသည့် မှော်ရတနာများနှင့် အဝိုင်းခံရတာမျိုး မဟုတ်လျှင် လွတ်အောင် ပြေးနိုင်မယ်လိမ့်မည်ဟု စုန့်ဝမ် ယုံကြည်သည်။

သတင်းရပြီးသည်နှင့် စုန့်ဝမ်သည် တစ္ဆေဈေးမှ ထွက်ခွာကာ အနောက်မြောက်ဘက်သို့ လှေပျံဖြင့် ဦးတည်ခဲ့သည်။

အနောက်မြောက်ဘက် မိုင်တစ်ထောင်အကွာရှိ တောင်တန်းကြီးတစ်ခုအတွင်းတွင် မိုင်အနည်းငယ် ကျယ်ဝန်းသော ဈေးငယ်တစ်ခု ရှိသည်။ ၎င်းမှာ စုမိသားစု၏ လက်အောက်ခံဖြစ်သော ဈေးဖြစ်သည်။ ထိုဈေး၏ အရှေ့ဘက် မိုင် ၅၀ အကွာတွင် စုမိသားစု အခြေချ နေထိုင်ရာ ချင်းဖျင်တောင် ရှိသည်။

စုန့်ဝမ်သည် ချီစုစည်းခြင်း စတုတ္ထအဆင့် သက်ကြီးပိုင်း လေလွင့်ကျင့်ကြံသူအဖြစ် ရုပ်ဖျက်ကာ ဤစျေးတွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့သည်။ ထိုအတောအတွင်း ညအချိန်တွင် တည်းခိုခန်းတစ်ခု၌ တည်းခိုပြီး၊ နေ့ဘက်တွင် ဈေးနှင့် ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်များကို အသေးစိတ် လေ့လာခဲ့သည်။

တစ်ရက်တွင် တည်းခိုခန်း၌ မနက်စာစားပြီး ဈေးထဲ လမ်းလျှောက်နေစဉ် မထင်မှတ်ထားသော လူတစ်ဦးနှင့် ဆုံတွေ့လိုက်ရသည်။

“အိုက်ခွင်း ….”

………

All Chapters