သားအဖနှစ်ယောက်နှင့် မေ့ပျောက်ဆေးလုံး
Vol. 1-5 Ch. 68
အခန်း (၆၈) : သားအဖနှစ်ယောက်နှင့် မေ့ပျောက်ဆေးလုံး
သူဌေးစုန့်သည်ကား သတ္တုဖြတ်ဓားကို ဆွဲထုတ်ကာ ရှန်အောင်းဆီသို့ ဖြည်းဖြည်းချင်း သွားနေလေပြီ။
ရှန်အောင်း မျက်လုံးထဲမှာလည်း ကြောက်လန့်မှုတွေ အပြည့်နှင့် ဖြစ်နေ၏။
ပိုပိုပြီး မြန်ဆန်ကာ ပြင်းထန်လာသည့် သူဌေးစုန့်၏ အသက်ရှူသံတွေကလည်း သူမည်မျှ စိတ်လှုပ်ရှားနေကြောင်းကို ဖော်ပြနေသည်။
သူက ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် နောက်ပြန်လှည့်ကာ သူဌေးလေးစုန့်၏ ခေါင်းကို ဖြတ်ရိုက်လိုက်၏။
“မင်း ဘာမှသုံးစား မရတဲ့ကောင်… ဒါတွေ အကုန်လုံးက မင်းကြောင့် ဖြစ်လာရတာ… သွား… မင်းဘာသာ ဖြေရှင်းလိုက်” သူဌေးစုန့်က အော်ငေါက်ကာ ဓားကို သားဖြစ်သူ လက်ထဲ ထိုးထည့်လိုက်ပြီးနောက် “ငါ့သား… မင်း ဘာမှ ကြောက်စရာ မလိုဘူး။ ဒါကလည်း မင်းအတွက် လေ့ကျင့်ဖို့ အခွင့်အရေး တစ်ခုပဲကွ”
သူဌေးလေးစုန့်တစ်ယောက် ပါးစပ်တွန့်သွားရသည်။
ချီးပဲ… လခွမ်းမလို့ လေ့ကျင့်ဖို့ အခွင့်အရေး ဖြစ်ရမှာလား… ဘယ်သူက အဲ့လိုအခွင့်အရေးမျိုး လိုချင်ပါတယ် ပြောမိလို့လဲ…
ငါတို့ ကောင်းကင်ဝိညာဉ်ပြခန်းက တရားဝင်ပြီး သမာအာဇီဝကျတဲ့ စီးပွားရေးလေ… တရားမဝင် ဒုစရိုက် ဆိုင်ခန်းမှ မဟုတ်ဘဲဟာ… သူများကို နှိပ်စက်စရာ လိုမှမလိုတာ…
သူဌေးလေးစုန့်မှာ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်မှာ မှန်သော်လည်း ကျင့်ကြံသူ တစ်ယောက်နှင့် တစ်ယောက် မတူကြပေ။
တချို့ကျင့်ကြံသူတွေက သားရဲတွေကို သတ်ဖြတ်ပြီး ပိုက်ဆံရှာကြသည်။ ထို့ကြောင့် သူတို့ဆီတွင် တိုက်ပွဲအတွေ့အကြုံ အများကြီး ရှိသည့်အပြင် သူတို့လက်တွေမှာလည်း သွေးစွန်းနေပြီးသား ဖြစ်သည်။ တစ်ဖက်တွင်ကား တချို့ကျင့်ကြံသူတွေက သူတို့၏ ဉာဏ်ပညာကို အမှီပြုရသည့် ဝိညာဉ်ဆေးလုံးတို့၊ ဝိညာဉ်အသုံးအဆောင်နှင့် သတ္တုရိုင်းတုံးတို့လိုမျိုး အရာတွေကို ရောင်းချပြီး ပိုက်ဆံရှာကြလေသည်။
စုန့်မိသားစုက မျိုးရိုးစဉ်ဆက်လိုက် သတ္တုရိုင်းတုံး စီးပွားရေးကို လုပ်ကိုင်ခဲ့သူများ ဖြစ်၏။ ပုံမှန်အတိုင်းဆို သူတို့က ကြက်တောင် မသတ်ဖူးလေရာ တကယ့် သက်ရှိလူဆိုလျှင် ပြောမနေနှင့်တော့။
“အဖေ… ကျွန်တော်လည်း မသတ်ရဲဘူးလေဗျာ”
သုံးယောက်သား ကြောက်လန့်တုန်လှုပ်နေကြပုံကို ကြည့်ကာ ရှန်ထျန်းမှာ ခေါင်းခဲလာသည်။ သို့သော် သူ ဘယ်လောက်ပဲ ခေါင်းခဲခဲ၊ ဒီအရူးသားအဖ သူ့အစ်ကိုတော်(၆)အား သတ်မှာကို သူ ခွင့်ပြုလို့ မဖြစ်ပေ။
ရှန်ထျန်းက သက်ပြင်းချကာ သူဌေးစုန့်တို့ သားအဖကို တားဆီးဖို့ ပါးစပ်ဟလိုက်၏။
သူ တားဖို့ မလိုလောက်ဘူးဟု ခံစားမိသော်လည်း … သူ မတားလျှင်တောင်မှ ထိုသားအဖက တကယ်ကြီး လူသတ်ရဲလိမ့်မည်မှ မဟုတ်တာ…
သို့သော် ထိုအချိန်လေးမှာ ရှန်အောင်းက ကုန်းအော်လိုက်လေသည် “ငါ့ကို မသတ်ကြပါနဲ့”
အားလုံး၏ အကြည့်က ရှန်အောင်းဆီ ရောက်သွား၏။ ရှန်အောင်း မျက်နှာထက်တွင် ကြီးစိုးနေသည့် ထိတ်လန့်ကြောက်ရွံ့မှုတို့ကို သူတို့ အတိုင်းသား မြင်နေရသည်။
ရှန်အောင်းခမျာ တံတွေးတွေ အတင်း မြိုချလိုက်ပြီးနောက် ငိုနေသည်ဟုပင် ထင်ရလောက်အောင် ကြည့်ရဆိုးသော အပြုံးတစ်ခုကို အတင်း ပြုံးယူလိုက်ရှာသည်။
“ညီတော်(၁၃)… ပြီးတော့ မင်းတို့နှစ်ယောက်ရောပဲ… မင်းတို့ ငါ့ကို လွှတ်ပေးလိုက်ရင် ငါက အငြိုးထားပြီး လက်တုံ့ပြန်မှာကို စိုးရိမ်နေကြတာမလား။
အဲ့ဒါကြောင့်ပဲ ဆိုရင်တော့ စိတ်မပူပါနဲ့။ အဲ့လို လုံးဝ မလုပ်ဘူးဆိုတာ ငါ့ဂုဏ်သိက္ခာနဲ့ ကျမ်းကျိန်ပေးပါ့မယ်။ ပြီးတော့ ကျမ်းကျိန်ပြီးတာတောင်မှ စိုးရိမ်နေသေးတယ်ဆိုရင်လေ… အဲ့ဒါဆိုရင်… မင်းတို့ ငါ့ကို မေ့ပျောက်ဆေးလုံး ကျွေးလို့ ရတယ်လေကွာ”
ရှန်အောင်း ပေးသည့် အဖြေက သားအဖနှစ်ယောက်ကို အံ့သြဆွံ့အသွားစေသည်။
ဟုတ်သားပဲ…
ရှန်အောင်း လက်တုံ့ပြန်မှာကို ကြောက်တယ်ဆိုရင် သူ့ကို မေ့ပျောက်ဆေးလုံး ကျွေးပြီး မေ့ခိုင်းလိုက်လို့ ရသားပဲဟာ… ဒါဆို ကိစ္စရှင်းသွားပြီလေ…
မေ့ပျောက်ဆေးလုံး ဆိုသည်မှာကား ကျင့်ကြံရေးလောကထဲတွင် အင်မတန်ကို အသုံးများသော ဆေးလုံးတစ်မျိုး ဖြစ်၏။ သူ့အစွမ်းကလည်း အလွန်ရိုးရှင်းသည်။ သူက သောက်သုံးလိုက်သူ၏ လောလောလတ်လတ် အနီးစပ်ဆုံး မှတ်ဉာဏ်များကို ဖျောက်ဖျက်ပေးနိုင်လေသည်။
ကျင့်ကြံခြင်းသည် လူတစ်ယောက်၏ အင်အားကို တိုးတက်လာစေရုံသာမက စိတ်အခြေအနေကိုပါ မြှင့်တင်ပေးသည်။ များသောအားဖြင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်အခြေအနေမှာ တချို့သော ဖြစ်ရပ်ဆိုးများ၏ လွှမ်းမိုးမှုကို ခံရလေ့ရှိသည်။
ဥပမာ ကျင့်ကြံရေးလက်တွဲဖော်က တွဲလက် ဖြုတ်သွားတာတို့၊ ပြိုင်ဖက်ဂိုဏ်းက ဆရာဖြစ်သူကို သွားခဲ့တာတို့… ဒါမှမဟုတ် ကိုယ့်သမီးလေး လက်ထပ်သွားတာတို့ပေါ့…
သည်လိုအတွေးမျိုးတွေ ခဏခဏပေါ်လာခြင်းက ကျင့်ကြံသူ၏ စိတ်အခြေအနေကို မတည်မငြိမ် ဖြစ်စေကာ မကောင်းသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ဥပမာ လူတစ်ယောက် ကျင့်ကြံနေသည့် ကျင့်စဉ်က သူ့စိတ်အခြေအနေကောင်းရန် အများကြီး လိုအပ်သည်ဆိုပါစို့။ ထိုသို့ဆိုလျှင် ကျင့်ကြံနေစဉ်အတွင်း စိတ်မငြိမ်မသက် ဖြစ်မိပါက စိတ်တွင်း နတ်ဆိုး ပေါ်ပေါက်လာနိုင်ခြေ ရှိသည်။ ထိုကြောင့် မြောက်များစွာသော ဆေးဖော်စပ်သူ ဆရာအပေါင်းက သုတေသနတွေနှင့် လက်တွေ့စမ်းသပ်ချက်တွေကို အားသွန်ခွန်စိုက် ပြုလုပ်ပြီးသည့်အဆုံး မေ့ပျောက်ဆေးလုံးဆိုတာကို ဖန်တီးယူနိုင်ခဲ့လေသည်။
.....................
မင်းရဲ့ ကျင့်ကြံရေးလက်တွဲဖော်က မင်းကို ထားခဲ့တယ် ဟုတ်လား…
အဲ့ဒီညမှာ မင်းရဲ့ နှလုံးသားတစ်ခုလုံး အေးခဲနာကျင်နေရတာပဲလား…
ဝမ်းနည်းပူဆွေးရလွန်းလို့ အဲ့ဒီလမ်းခွဲစကား အပြောခံခဲ့ရတဲ့ မြင်ကွင်းကိုပဲ မင်းခေါင်းထဲမှာ ထပ်တလဲလဲ ပြန်မြင်ယောင်နေတယ် ဟုတ်လား…
ဘာမှမပူနဲ့… မေ့ပျောက်ဆေးလုံးလေးသာ သောက်လိုက်… အဲ့ဒီနေ့က မှတ်ဉာဏ်တွေ အားလုံးကို မေ့ပျောက်သွားစေရမယ်…
မင်းဆရာ၊ မင်းမိဘ၊ မင်းမိန်းမနဲ့ မင်းကလေးတွေ… မင်းချစ်ရသူမှန်သမျှ ဆိုးဆိုးရွားရွား အသတ်ခံခဲ့ရတယ် ဟုတ်လား…
အဲ့ဒီ့သွေးပျက်ညကို မင်းမျက်လုံးထဲက မထွက်ဘူးတဲ့လား…
ဝမ်းနည်းပူဆွေးရလွန်းလို့ အဲ့ဒီ့မြင်ကွင်းကိုပဲ မင်းခေါင်းထဲ ထပ်တလဲလဲ ပြန်မြင်ယောင်နေမိတယ် ဟုတ်လား…
ဘာမှမပူနဲ့… မေ့ပျောက်ဆေးလုံးလေးသာ သောက်လိုက်… အဲ့ဒီနေ့က မှတ်ဉာဏ်တွေ အားလုံးကို မေ့ပျောက်သွားစေရမယ်…
.....................
ကြုံတွေ့ခဲ့ရသည်များကို ရေးသားကာ အဖြစ်အပျက်ကို မှတ်တမ်းတင်လိုက်ပြီးနောက် မေ့ပျောက်ဆေးလုံးကို သောက်လိုက်ပါက အနာကျင်ရဆုံး မှတ်ဉာဏ်တွေကို မေ့နိုင်သွားပေလိမ့်မည်။ ဤနည်းဖြင့် ကျင့်ကြံနေစဉ် ဖြစ်ရပ်ဆိုးများနှင့် တွေ့ကြုံလာရသည့်အတွက်ကြောင့် စိတ်တွင်းနတ်ဆိုး ဖြစ်ပေါ်စေခြင်းကို ကာကွယ်နိုင်ပေသည်။
လူတိုင်းမှာ သူတို့၏ ဒုက္ခများနှင့် သူတို့ ရှိနေကြသည်သာ။ ထို့အပြင် ကျင့်ကြံသူတစ်ယောက်၏ သက်တမ်းက သာမန်သေမျိုးတွေထက် များစွာ ပိုကြာရှည်ကြလေသည်။ အသက်ရာချီကျော်၊ ထောင်ချီကျော်တွေ နေထိုင်လာခဲ့စဉ် မည်သူကများ နာကျင်စရာ အဖြစ်အပျက်တို့နှင့် မတွေ့ကြုံဘဲ နေပါ့မည်နည်း။
ထို့ကြောင့် မေ့ပျောက်ဆေးလုံး ပေါ်လာသည်နှင့် များစွာသော ကျင့်ကြံသူတို့က အလုအယက် ဝယ်ယူ အားပေးကြလေတော့၏။
ထိုအချိန်မှစ၍ စိတ်တွင်းနတ်ဆိုးကြောင့် ချီဖောက်ပြန်ခြင်း ခံစားရသည့် အရေအတွက်မှာ အတော်ကြီး လျော့ကျသွားလေသည်။
သို့ပေသည့် တချို့သော လူများကတော့ ထူးထူးဆန်းဆန်းကိစ္စတွေ လုပ်ဖို့ မေ့ပျောက်ဆေးလုံးကို အသုံးချကြပြန်သည်။
ဥပမာအားဖြင့် မိစ္ဆာနောက်လိုက် အမျိုးသမီးကျင့်ကြံသူများက သူတို့ ဖမ်းချုပ်ထားသည့် အမျိုးသားများအား မေ့ပျောက်ဆေးလုံးအမှုန့် ကျွေးရတာကို နှစ်ခြိုက်ကြလေသည်။ ညတိုင်းညတိုင်း သူတို့က ထိုအမျိုးသားများကို (၈)ကြိမ်ကနေ (၁၀)ကြိမ် ကျွေးလေ့ရှိသည်။ ဤသို့ဖြင့် ထိုအမျိုးသမီးကျင့်ကြံသူများ ကျင့်သည့် မိစ္ဆာကျင့်စဉ်ကြောင့် သူတို့၏ အစွမ်းများက တရှိန်ထိုး တိုးတက်သွားလေ၏။
.....................
ရှန်အောင်းက သူဌေးစုန့်နှင့် သူ့သားကို ဖျောင်းဖျလို့ ရနိုင်လောက်မှန်း သတိပြုမိသဖြင့် အမြန် ပြောလိုက်သည်။
“ညီတော်(၁၃)… အစ်ကိုတော်က မင်းရဲ့ သွေးရင်းအစ်ကိုလေ။ သူတို့တွေ အစ်ကိုတော့်ကို သတ်မှာ ခွင့်ပြုလို့ မဖြစ်ဘူးလေနော်။
ညီတော်သာ အစ်ကိုတော့်ကို မေ့ပျောက်ဆေးလုံး ကျွေးပြီး အဝေးကို ပို့ထားလိုက်ရင် အစ်ကို နိုးလာတဲ့အချိန်ကျ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အကုန်လုံးရဲ့ မှတ်ဉာဏ်တွေက ပျောက်သွားလောက်ရောပေါ့။ ဒါဆို ညီတော့်အပေါ် အငြိုးထားမှာ မစိုးရိမ်ရတော့ဘူးလေ… ဘယ်လိုထင်လဲဟင်”
ထိုအခိုက်အတန့်၌ ရှန်အောင်း၏ အသက်ရှင်လိုစိတ်က မိုးထိရောက်နေလေပြီ။ သူက မီးတိုင်းပြည်၏ ကြုံတောင့်ကြုံခဲ ရှားပါး ပါရမီရှင်လေး တစ်ယောက် ဖြစ်သည့်အပြင် သိပ်မကြာခင် ထိုက်ပိုင်ချိုင့်ဝှမ်းဆီ ဝင်တော့မည့်သူ ဖြစ်သည်။ ထွန်းလင်းတောက်ပနေသည့် အနာဂတ်က သူ့ကို စောင့်မျှော်နေလေရာ အဘယ်ကြောင့် ဒီလိုနေရာမှာ အထင်လွဲမှု တစ်ခုကို အငြိုးအတေးထားပြီး သူ့ကိုယ်သူ အသေခံနိုင်ပါ့မည်နည်း။
ဘယ်လောက်တောင် ရယ်စရာ ကောင်းသည့် ပျက်လုံးတစ်ခု ဖြစ်သွားလေမလဲ…
ရှန်အောင်း၏ အဆိုတင်သွင်းမှုများက အကျိုးအကြောင်းသင့်သည်ဟု ရှန်ထျန်းက တွေးလိုက်သည်။ ဤသို့ဖြင့် လူသားချင်း စာနာထောက်ထားမှုကြောင့်ရယ်၊ သွေးရင်းညီအစ်ကို ဖြစ်နေသည်က တစ်ကြောင်းကြောင့်ရယ်နှင့် သူ့အစ်ကိုတော်(၆)ကို မျှမျှတတ ဖြစ်အောင် လုပ်ပေးရန် ဆုံးဖြတ်လိုက်လေ၏။
“အစ်ကိုတော်(၆) ပြောတာ သဘာဝကျတယ်။ ဒါက နားလည်မှု လွဲမိတဲ့ ကိစ္စသေးသေးလေး တစ်ခုပဲဟာ… လူသတ်တဲ့အထိ ဖြစ်စရာ မလိုပါဘူးလေ။ ဆိုတော့ မေ့ပျောက်ဆေးလုံး တစ်လုံးလောက် သွားဝယ်ပေးဖို့ သူဌေးစုန့်ကိုပဲ ဒုက္ခပေးရတော့မယ်ဗျာ”
သူဌေးစုန့်က ခေါင်းငြိမ့်ကာ ပုလင်းတစ်ဘူးကို ထုတ်ယူလိုက်သည် “သွားဝယ်နေစရာ မလိုပါဘူး။ ကျုပ်ဆီမှာ မေ့ပျောက်ဆေးလုံးတွေ ရှိတယ်”
လူတိုင်းက သူဌေးစုန့်၏ ပုလင်းထဲမှ ဆေးလုံးတွေ အများကြီးကို မြင်လိုက်ရသောအခါ အံ့သြသွားကြလေ၏။
မေ့ပျောက်ဆေးလုံး၏ တန်ကြေးမှာ ဈေးပေါသော်လည်း ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ထိုဆေးလုံးကို သုံးစွဲနိုင်သည်။ ဆေးလုံး၏ အဓိက အသုံးဝင်မှုမှာ နာကျင်စရာ မှတ်ဉာဏ်များကို မေ့ပျောက်သွားစေကာ စိတ်တွင်းနတ်ဆိုးကို ဖယ်ရှားပေးခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဒီလောက် ပုလင်းကြီး တစ်ပုလင်း အပြည့် မေ့ပျောက်ဆေးလုံးတွေကို အမြဲသယ်ဆောင်ထားပြီး သူဌေးစုန့်တစ်ယောက် ဘာတွေများလုပ်ဖို့ စိတ်ကူးနေပါသနည်း။
ကောလဟာလတွေအရ ပြောကြတာကတော့ တချို့သော ဥပဒေမဲ့ကျင့်ကြံသူများက လမ်းမှားလိုက်ကာ မုဒိမ်းသမားများ ဖြစ်ကုန်ကြသည် ဆိုကြ၏။ ပြစ်မှုကျူးလွန်ပြီးတိုင်း မိန်းကလေးကို ကျွေးရန် သူတို့က မေ့ပျောက်ဆေးလုံးများကို သွားလေရာ အမြဲဆောင်ထားလေ့ရှိသည်။ သည်လိုနှင့် ကောင်မလေးက နောက်နေ့မနက် နိုးလာချိန်တွင် အကုန်လုံး မေ့သွားရှာပေမည်။
မဟုတ်မှလွဲရော သူဌေးစုန့်ကလည်း အဲ့လိုမျိုး မုဒိမ်းသမား တစ်ယောက်များလား…
.....................
လူတိုင်း၏ မျက်နှာများ တမျိုးတမည် ဖြစ်သွားသည်ကို မြင်သောအခါ သူဌေးစုန့်က ကပျာကယာ ဖြေရှင်းလိုက်၏ “ကျေးဇူးပြုပြီး အထင်မလွဲလိုက်ပါနဲ့ ဆရာနတ်မင်းရယ်… ကျုပ် ဒီမေ့ပျောက်ဆေးလုံးကို ဆောင်ထားရတာက ကျုပ်ရဲ့ ဟောဒီက သုံးစားမရတဲ့ သားဖြစ်သူကြောင့်ပါဗျာ။
ကျုပ်သားကလေ… မရင့်ကျက်တဲ့အပြင် အပြင်ဘက်မှာ ပြဿနာတွေလည်း မကြာခဏ ရှာလေ့ရှိတယ်ဗျ။ သားသမီးဆိုတာ ရိုက်နှက်မဆုံးမရင် မလိမ္မာဘူးတဲ့… ဒါကြောင့် ကျုပ်လည်း ဒီကောင်စုတ်လေးကို သင်ခန်းစာ ပေးဖို့ ခဏခဏ ကြာပွတ်နဲ့ ရိုက်ဆုံးမရတာပေါ့”
သူဌေးလေးစုန့် မျက်နှာမှာ ဖြည်းဖြည်းချင်း တမျိုး ဖြစ်လာလေသည် “အဖေ... ကျွန်တော့်ကို အရင်က ကြာပွတ်နဲ့ ရိုက်ဖူးတယ်လား… ကျွန်တော် ဘာဖြစ်လို့ အဲ့ဒါကို မမှတ်မိရတာလဲ… လခွမ်း… မဟုတ်မှလွဲရော် ကြာပွတ်နဲ့ ရိုက်ပြီးတိုင်း ခင်ဗျားကြီးက ကျုပ်ကို မေ့ပျောက်ဆေးလုံး ကျွေးပြီး မေ့အောင် လုပ်ခဲ့တာလား”
သူဌေးလေးစုန့်တစ်ယောက် ဒေါသပုန်ထသွားလေ၏။
လက်စသတ်တော့ ဒါကြောင့်ကိုး…
ငယ်ငယ်ကတည်းက တစ်ကိုယ်လုံး ကိုက်ခဲနာကျင်ပြီး နိုးလာပေမဲ့ သူ ဘာမှ မမှတ်မိဘူး ဖြစ်နေခဲ့တယ်…
သူ့အဖေကို မေးကြည့်တိုင်း သူဌေးစုန့်က သူ အပြင်မှာ ရှာထားတဲ့ ပြဿနာတွေ များလွန်းလို့ ဖြစ်ရတာတဲ့။ သူများတွေက သူ့ကို မကျေနပ်ဘဲ အငြိုးတွေထား၊ သတိမေ့အောင် လုပ်၊ ပြီးတော့ သူ သတိလစ်နေတုန်း သင်ခန်းစာပေးဖို့ ဆိုပြီး တစ်ကိုယ်လုံးကို ရစရာ မရှိအောင် ရိုက်နှက်၊ ရိုက်လို့ ဝသွားတော့ သူ့ကို အိမ်ရှေ့တံခါးဝနားမှာ လာပစ်ထားသွားတာ အခေါက်တိုင်းပဲတဲ့…
ဒါ့အပြင် အဲ့ဒီလူတွေက သူတို့ကို မှတ်မိပြီး ကလဲ့စားပြန်ချေမှာစိုးလို့ သူ့ကို ရိုက်ပြီးသွားတိုင်း မေ့ပျောက်ဆေးလုံး အမြဲကျွေးလွတ်လေ့ရှိတယ်တဲ့…
ဘိုးတော်က အဲ့ဒီကိစ္စတွေကို သင်ခန်းစာယူခိုင်းပြီး ကျင့်ကြံရေးလောကက ရက်စက်တဲ့အကြောင်းတောင် သူ့ကို သင်ပေးလိုက်သေးတယ်။ အပြင်မှာ တခြားသူတွေအပေါ် ကောင်းကောင်း ဆက်ဆံရမယ်လေး၊ သူများတွေကို အလကား သွားရန်မရှာရဘူးလေးနဲ့…
မဟုတ်ရင် သူများတွေက အိတ်စွပ်ပြီး ထပ်ရိုက်လိမ့်မယ်လို့ ပြောခဲ့တာ… ဒီတော့ ဒါတွေအကုန်လုံးက ခင်ဗျားကြီး လုပ်ကြံလိမ်ညာထားတာတွေပေါ့ ဟုတ်လား… ကျုပ်ကို အမြဲတမ်း ရိုက်နှက်နေခဲ့တဲ့သူက ခင်ဗျားကြီး ဖြစ်နေတာလား…
သူဌေးလေးစုန့်ခမျာ စိတ်မခိုင်ဘဲ ဖြစ်သွားရလေ၏။