← Chapters

မှန်းကြည့်ကြည့်လေ

Vol. 1-5 Ch. 69

မှန်းကြည့်ကြည့်လေ

Vol. 1-5 Ch. 69

အခန်း (၆၉) : မှန်းကြည့်ကြည့်လေ

သူဌေးလေးစုန့်က ဒေါသများကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။

“ခင်ဗျားကြီးမို့လို့ လုပ်ရက်တယ်… နောက်ဆုံးတော့ အမှန်တွေ ဘူးပေါ်သလို ပေါ်လာပြီပေါ့”

သူဌေးစုန့်ကတော့ သူ့သားအား အေးအေးဆေးဆေး ကြည့်၍ပင် ပြောလိုက်သည် “ငါ မင်းကို ဒီအကြောင်း ပြောပြတာ ဒါပထမဦးဆုံးအကြိမ် မဟုတ်ဘူး။ မင်းသား(၆) ဆေးသောက်ပြီးသွားရင် မင်းလည်း တစ်လုံး သောက်ရမယ်”

သူဌေးလေးစုန့်မှာ ပါးစပ်တွန့်သွား၏ “ဘာလို့လဲ… ဘာလို့သောက်ရမှာလဲ… ကျွန်တော်က လျို့ဝှက်ချက်ကို မထိန်းထားနိုင်မှာကို စိုးရိမ်လို့လား… စိတ်မပူပါနဲ့ အဖေရဲ့… သား ပါးစပ်လုံပါတယ်ဗျ… အဟဲ”

သူဌေးစုန့်က ခေါင်းကို အသာ ယမ်းကာ စားပွဲပေါ်မှ ကြာပွတ်ကို ကြည့်လိုက်၏။

“မင်းသာ ဆရာနတ်မင်းရဲ့ သရုပ်အမှန်ကို နားကြားမမှားခဲ့ဘူးဆိုရင် ဒီလိုကိစ္စတွေလည်း ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒီတော့… မှတ်လောက်သားလောက်အောင် သင်ခန်းစာ အပေးမခံရဘဲ မင်း လွတ်နိုင်လိမ့်မယ်လို့ ထင်သလား ငါ့သား”

သူဌေးလေးစုန့်တစ်ယောက် ပြောစရာ စကားမရှိ ဆွံ့အသွားရ၏။

တောက်… ဒီဘိုးတော်က ငါ့ကိုဆို သိပ်ရက်စက်တာပဲ… ကျုပ်က ခင်ဗျားရဲ့သားကော ဟုတ်ရဲ့လား…

သူတို့သားအဖ အချင်းများနေတာကို ကြည့်ရင်း ရှန်အောင်းနှင့် ရှန်ထျန်းမှာ အနေခက်မိလေသည်။

ဒီသူဌေးစုန့်က တကယ့်ကို အကြင်နာကင်းမဲ့တဲ့လူပဲ… သူ့သားကို တစ်ခါ ရိုက်ပြီးတိုင်း မေ့ပျောက်ဆေးလုံး တစ်လုံး အမြဲကျွေးတယ်တဲ့…

လောကကြီးရဲ့ ဆင်းရဲဒုက္ခတွေကို အဖေဖြစ်တဲ့ သူက ကိုယ်တိုင်ကိုယ်ကျ သရုပ်ဖော်ပြီး သူ့သားကို ကြံ့ကြံ့ခံနိုင်လာအောင် သင်ပေးနေတာမျိုးလား… ဘယ်လိုတောင် သြချစရာကောင်းတဲ့ သင်ပေးမှုမျိုးလဲ…

ရှန်အောင်းမှာ ကျောရိုးထဲထိ စိမ့်တက်သွားရှာသည်။

သူဌေးစုန့် စဉ်းစားတွေးခေါ်ပုံက အရမ်းကို ထူးဆန်းနေသောကြောင့် ရှန်အောင်းခမျာ လိုက်မမီတော့ချေ။ တတ်နိုင်သမျှ မြန်မြန် မေ့ပျောက်ဆေးလုံး သောက်လိုက်တာက သူ့အတွက် အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ရှန်အောင်းက ယုံကြည်မိသည်။

“သူဌေးစုန့်ဆီမှာ ဆေးလုံး ရှိနေပြီးသား ဆိုတော့ ဒီကိစ္စကို မြန်မြန်ပဲ ဖြေရှင်းလိုက်ကြရအောင်ပါ”

သူဌေးစုန့်က တစ်ခါထပ်ပြီး ခေါင်းယမ်းလိုက်ကာ “ဒီမေ့ပျောက်ဆေးလုံးက အဆင့်နိမ့်အမျိုးအစား ဖြစ်နေတာမို့လို့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ အပေါ်မှာပဲ အလုပ်လုပ်တယ်။ မင်းသား(၆)က အခြေတည်အဆင့်ကို ရောက်နေပြီလေ။ ဒါကြောင့် ဒီဆေးကို အာနိသင်လျော့သွားအောင် အလွယ်တကူ လုပ်ယူနိုင်တယ်ဗျ”

ရှန်အောင်းက အလျင်အမြန် တုံ့ပြန်လိုက်သည် “မဟုတ်ဘူး။ ငါကတိပေးတယ်… အဲ့လိုဖြစ်အောင် လုံးဝ မလုပ်ပါဘူး။ တကယ်ပါဆိုကွာ”

သူဌေးစုန့်က ပြောလိုက်၏ “တကယ်ဟုတ်ရဲ့လား ဆိုတာ သေချာပေါက် ပြောလို့မှ မရတာ”

ရှန်အောင်းက ထပ်မံ ရှင်းပြဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ့ခေါင်းအား တစ်ခုခုဖြင့် အရိုက်ခံလိုက်ရသည်ကို ခံစားလိုက်ရပြီးနောက် သတိမေ့သွားလေတော့သည်။

ဒုတ်…

“ကဲ… အခုတော့ ရှင်းသွားပြီ။ သူ့ကို သတိမေ့အောင် ရိုက်လိုက်ရင် ရပြီလေ… ကျန်တာက အေးဆေးပဲ”

ရှန်ထျန်းက သူ့ခရမ်းရောင်ရွှေတူကို ခန်းမင်လက်စွပ်ထဲသို့ ခပ်တည်တည်ပဲ ပြန်သိမ်းလိုက်၏။

အရိုးသားဆုံး ပြောရလျှင် ရိုက်လိုက်ရသည့် အရသာက တကယ်မိုက်လှသည်။ ထိုတူကို ကိုင်ထားလျှင် သူ့ကိုယ်သူ “သော” ဇာတ်ကောင်နှင့် တူသွားသယောင် ခံစားလိုက်ရသဖြင့် ရှန်ထျန်း တစ်ယောက် အရသာတွေ့နေလေ၏။

ရှန်အောင်းကတော့ မြေပြင်ပေါ် လဲကျသွားသည်မှာ တုတ်တုတ်ပင် မလှုပ်တော့ချေ။

သူဌေးစုန့်နှင့် သူ့သားတို့က အသံမထွက်ဘဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ ရင်ထဲမှာလည်း ဆရာနတ်မင်းအပေါ် လေးစားအားကျမှုတို့ အပြည့်။

လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးကတင် သူတို့က တစ်ယောက်ကို တစ်ယောက် “အစ်ကိုတော်” ၊ “ညီတော်” ခေါ်နေကြတုန်းကို… ဟော… ချက်ချင်းပဲ မျက်တောင်တောင် မခတ်ဘူး တူနဲ့ ထုချလိုက်ပါလေရော်… အဲ့လောက်ကြီး အထုခံလိုက်ရတာ မေ့ပျောက်ဆေးလုံးတောင် လိုပါဦးတော့မလားပဲ… ထားပါလေ… စိတ်ချရအောင် တစ်လုံးတော့ ကျွေးလိုက်ပါ့မယ်…

သူဌေးစုန့်က ရှန်အောင်း၏ ပါးစပ်အား အတင်းဆွဲဖွင့်ကာ မေ့ပျောက်ဆေးလုံးကို မြိုချစေလိုက်သည်။

ရှန်ထျန်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလိုက်သည်

“ကျွန်တော့်အစ်ကို အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ဆီကို ရောက်လာတာ ဒီနေ့ဆိုတော့… သူ ဒီအကြောင်းတွေ မနက်ဖြန်ကျ မေ့သွားမှာပါ။ ဒါပေမဲ့… သူ့မျက်နှာနဲ့ ခေါင်းပေါ်က ဒဏ်ရာတွေကို ဘယ်လိုလုပ်ကြမလဲ”

ရှန်ထျန်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဟိုအရင်ရက်တုန်းက ရှန်အောင်း သူ့ကို ပေးထားသည့် ကုသဆေးလုံးကို ထုတ်ယူလိုက်၏။

ဝဋ်ကြွေးဆိုတာ ကျင့်ကြံရေးလောကမှာ တကယ်ရှိတာပဲ။ ငါ့အစ်ကိုက ငါ့ကို ပစ္စည်းတစ်ခု လက်ဆောင်ပေးခဲ့တယ်။ ဟော… အခုကျ ငါ သူ့ကို အဲ့ဒီပစ္စည်း ပြန်ပေးနေရပြီ။ အင်း… စိတ်ဝင်စားစရာပဲ…

ကုသဆေးလုံး အတင်း အကျွေးခံရပြီးသည့်နောက် ရှန်အောင်း၏ ဒဏ်ရာများမှာ သက်သာပျောက်ကင်းစ ပြုလာလေသည်။

“ကျွန်တော့်ကို စိုက်ကြည့်နေတာ ရပ်ပြီး သူ့ကို အပြင်ထုတ်တော့လေဗျာ” ရှန်ထျန်းမှာ မနေနိုင်တော့ဘဲ ပြောလိုက်ရ၏ “ဒီနေ့ ဘာမှ မဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်ကြရအောင်”

သူဌေးစုန့်က ခေါင်းငြိမ့်၍ ပြောလိုက်သည်။

“နားလည်ပါတယ်ခင်ဗျာ။ ကျုပ်သားကို သေချာ မဆုံးမထားမိတာ ကျုပ်အပြစ်ပါ။ အနှောင့်အယှက်ဖြစ်သွားစေလို့ တောင်းပန်ပါတယ်…

စိတ်ချသာနေပါ ဆရာနတ်မင်း… မင်းသား(၆) ကိစ္စပြီးသွားရင် ကျုပ် သားတော်မောင်ကို ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်။ မေ့ပျောက်ဆေးလုံးလည်း ကျွေးလိုက်ပါ့မယ်။ ဒီနေ့ ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို တတိယလူ မသိစေရပါဘူးဗျာ”

သူဌေးလေးစုန့်မှာတော့ “ … ”

သူဌေးစုန့်က သူ့သားကို မျက်မှောက်ကြုတ်ကြည့်ကာ အော်ငေါက်လိုက်၏ “ဘာလဲ… မင်း ဘာပြောစရာရှိလို့လဲ… ဟမ်… မင်းကြောင့်သာ မဟုတ်ရင် ဆရာနတ်မင်းက သူ့အစ်ကိုတော်ကို လက်ဖျားနဲ့တောင် ထိမှာ မဟုတ်ဘူး… ဒီတော့ မင်း ဆုံးမ ခံသင့်လား၊ မခံသင့်ဘူးလား ပြောစမ်း”

သူဌေးလေးစုန့်က အဖေဖြစ်သူ ပြောသွားသည့် စကားများတွင် တစ်ခုခု မှားနေသလို ခံစားမိသော်လည်း ဆက်လက် အငြင်းပွားမနေတော့ရန်သာ ဆုံးဖြတ်လိုက်ကာ “အဖေပြောတာ… မှန်ပါတယ်”

သူဌေးစုန့်က နှာခေါင်းမှုတ်ကာ ထပ်ပြောလိုက်ပြန်သည်။

“ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက ဆရာနတ်မင်းရဲ့ သရုပ်အမှန်၊ ဘဝအမှန်နဲ့ ပတ်သက်နေတယ်။ ဒါကြောင့် ဒီကိစ္စကို မင်း မေ့သွားတာက ပိုကောင်းလိမ့်မယ်ကွယ့်…

ဟင်း… အဖေကကျ စီးပွားရေး လုပ်လာတာ နှစ်တွေချီနေပြီ။ ဒီနှစ်တွေအတွင်း အမြဲ ပါးစပ်လုံခဲ့တယ်လေ။ ငါ့သား… မင်းကျတော့ ဒီနေ့ ကိစ္စကို တစ်ချိန်ချိန်မှာ ထုတ်ပြောမိမလား မပြောမိမလား ဘယ်သူသိနိုင်မှာလဲ… မတော်လို့ ပြောမိသွားရင် ဖြစ်လာတဲ့ ပြဿနာတွေကို မင်း တာဝန်ယူနိုင်လို့လား”

သူဌေးလေးစုန့်က ခေါင်းတွင်တွင်ခါကာ ပြန်ဖြေလိုက်သည် “အဖေရယ် တော်ပါတော့… ကျွန်တော် ဆေးသောက်ပါ့မယ်ဗျာ… ဟုတ်ပြီလား”

ထိုအခိုက် ရှန်ထျန်းက ခေါင်းငြိမ့်ကာ “ခင်ဗျားတို့ မင်းသား(၆) ကိစ္စကို အရင်ရှင်းလိုက်ဦး။ ကျွန်တော့်မှာ အခုချက်ချင်း လုပ်စရာ အလုပ်ကိစ္စလေး ရှိနေလို့ ခွင့်ပြုပါဦးဗျာ”

ထိုသို့ ပြောပြီးနောက် ရှန်ထျန်းက အလုံပိတ်လျို့ဝှက်အခန်းမှ ထွက်လာခဲ့လိုက်သည်။

အပြင်ရောက်တော့ ကွေ့ကုန်းကုန်းက ရှန်ထျန်းအား အမြန် နှုတ်ဆက်လိုက်ပြီး “အရှင့်သား ပြန်ရောက်လာပြီလား… သူဌေးစုန့်က အရှင့်သားကို ဘာလုပ်လိုက်သေးလဲ”

ရှန်ထျန်းက ပြုံးကာ ခေါင်းယမ်းပြလိုက်သည်။ သူက စကားတစ်ခွန်းမှ မဆိုဘဲ ကောင်းကင်ဝိညာဉ်ပြခန်းကနေ ထွက်သွားလိုက်သည်။

ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့သည် တစ်ခုခု မူမမှန်သလို ခံစားလိုက်ရကာ အချင်းချင်း ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့ကလည်း ရှန်ထျန်းနောက် အမြန်လိုက်သွားကာ မေးလိုက်ကြသည် “အရှင့်သား… တစ်ခုခု ဖြစ်လို့လား”

ရှန်ထျန်းက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည် “အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားနဲ့ ယင်ယန်ဓာတ်နှော နတ်မိုးကြိုးတို့က ပြဿနာအိုးတွေလေ။ ဒါကြောင့် ကျွန်တော်တို့ ဒီအဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ အထုပ်အပိုးတွေ အမြန်သိမ်းပြီး နန်းတွင်းထဲ ပြန်ကြရအောင်”

ကွေ့ကုန်းကုန်းက ခေါင်းငြိမ့်ကာ “ဟုတ်ကဲ့ပါ အရှင့်သား”

တကယ်တော့ ကွေ့ကုန်းကုန်းကလည်း ရှန်ထျန်းအား နန်းတွင်းသို့ ပြန်ရန် အကြံပေးချင်နေမိသည်။ ယင်ယန်ဓာတ်နှော နတ်မိုးကြိုးက အင်မတန် အဖိုးတန်လွန်းလေရာ မလိုလားအပ်သည့် အာရုံစိုက်ခံရခြင်းများကို ဆွဲဆောင်လိမ့်မည် ဖြစ်သည်။ ဒီနှစ်ရက်အတွင်း ရှန်ထျန်းက အရင်လို လူမသိသူမသိ လူတစ်ယောက် မဟုတ်တော့ပေ။ ထို့ကြောင့် သိပ်မကြာခင် သွေးနက်လိုမျိုး နောက်ထပ်လူဆိုးတွေက သူတို့လူစုအား ပစ်မှတ်ထားကောင်း ထားနိုင်လာလောက်သည် မဟုတ်ပါလော။

ငါတောင် သတိမပေးရသေးဘူး အရှင့်သားက သိနှင့်နေပြီ… အခုတော့ အရှင့်သားလေးတောင် အရွယ်ရောက်ပြီးသား ယောကျ်ားသား တစ်ယောက် ဖြစ်နေပြီပဲ… ကိုယ်လုပ်တော်လန်သာ သိရင် သေချာပေါက် ပျော်သွားရှာမှာ…

သူတို့တတွေ သိမ်းစရာရှိတာ မြန်မြန်ဆန်ဆန် သိမ်းဆည်းကာ တည်းခိုခန်းများကို ပြန်အပ်လိုက်ပြီးနောက် ညတွင်းချင်းပဲ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကနေ ထွက်ခွာလာခဲ့ကြသည်။

.....................

သူဌေးစုန့်နှင့် သူ့သားတို့က ရှန်အောင်းအား သေတ္တာအကြီးကြီး တစ်လုံးထဲ ထည့်ကာ အိမ်နီးချင်းတွေ အကုန်လုံး အိပ်မောကျနေသည့် အချိန်၌ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကနေ သူ့ကို သယ်ထုတ်သွားကြသည်။

ရှန်အောင်းကို သစ်ပင်ကြီး တစ်ပင်အောက် ထားလိုက်ကာ နှစ်ယောက်သား အဝေးတစ်နေရာကနေ လှမ်းကြည့်နေလိုက်ကြ၏။

နာရီအနည်းငယ် ကြာပြီးနောက် ရှန်အောင်းတစ်ယောက် နိုးလာပြီး သူ့ခန္ဓာကိုယ်အား အကြောင်သား ငေးကြည့်နေမိသည်။

“ငါ ဘာဖြစ်သွားတာလဲ။ ဘာလို့ ဒီနေရာ ရောက်နေရတာလဲ။ ဘာတစ်ခုမှကို ပြန်စဉ်းစားလို့ မရပါလား… မဟုတ်မှ ငါ ချီဖောက်ပြန်သွားတာများလား…

ဒါပေမဲ့ အဲ့လိုဆိုရင်လည်း ငါ့စွမ်းအင်ဗဟိုချက်မှာ နာနေရမှာလေ… ဘာလို့ မနာရတာလဲ…

အဲ့ဒီအစား မျက်နှာက နာနေပါလား… ကျွတ် ကျွတ်… တစ်ယောက်ယောက် ငါ့ကို အဆက်မပြတ် ပါးရိုက်ထားသလိုမျိုးကို နာနေတာ… ခေါင်းကြီးလည်း နာနေတယ်…”

ရှန်အောင်းတစ်ယောက် ဘာမှ မမှတ်မိဘဲ နိုးလာသည်ကို မြင်သောအခါမှ စုန့်သားအဖမှာ စိတ်အေးသွားရသည်။

သူတို့ အိမ်ပြန်ရောက်သောအခါ သူဌေးစုန့်က မေ့ပျောက်ဆေးလုံး နောက်တစ်လုံး ထပ်ထုတ်လိုက်ကာ သားဖြစ်သူကို ပေးလိုက်သည် “အဖေ ဒီတစ်ခေါက် မင်းကို မရိုက်တော့ဘူး။ ဆေးပဲ သောက်လိုက်တော့”

သူဌေးလေးစုန့်က ရင်ထဲထိသွားကာ “တကယ်ကြီးလား အဖေရာ”

သူဌေးစုန့်က သူ့သားခေါင်းကို ခပ်ဖွဖွလေး ပွတ်ကာ ပြောလိုက်သည် “အဖေက မင်းကို ဘာကြောင့် လိမ်ရမှာလဲ... မင်းက အဖေ့သားလေကွာ။ သားက ပြဿနာတွေ ရှာထားမှတော့ အဖေလည်း ဆရာနတ်မင်းရှေ့မှာ မင်းကို တင်းတင်းမာမာ ဆက်ဆံပြရတာပေါ့ကွယ်။ ဆေးသောက်ပြီးရင် ကိုယ့်အခန်းကိုယ်ပြန်ပြီး သွားနေချေတော့”

တစ်ခုခု မှားနေမှန်း သူဌေးလေးစုန့် ခံစားမိသော်လည်း အရိုက်မခံရတာ တော်သေးသည်ဟု တွေးလိုက်မိ၏။ ထို့ကြောင့် သူက မေ့ပျောက်ဆေးလုံးကို ယူပြီး မြိုချလိုက်သည်။

သားတော်မောင် ထွက်သွားသည်ကို မြင်သောအခါကျမှ သူဌေးစုန့်မှာ သက်ပြင်းမောကြီးကို ချနိုင်တော့လေသည်။

သူ့သားသူ ရိုက်တာက ကြိုက်တဲ့အချိန် ရိုက်လို့ရတယ်လေ …  

အဓိက အရေးကြီးတာက သားဖြစ်သူ မေ့ပျောက်ဆေးလုံး သောက်ဖို့ ဖြစ်သည်။ ထိုကိစ္စကသာ အရေးအကြီးဆုံး ဖြစ်၏။

“နောက်ဆုံးတော့ ငါ ကောင်းကောင်း နားလို့ရပြီ”

သူဌေးစုန့်က ကိစ္စတွေ အကုန်လုံး ဖြေရှင်းပြီးသွားသည့် အချိန်ကျမှ သူ့တစ်ကိုယ်လုံး ပင်ပန်းနွမ်းနှယ်နေမှန်း သတိထားမိသွားသည်။ သူက ရေမိုးချိုးပြီးနောက် အိပ်ယာပေါ်ရောက်သည်နှင့် အိပ်ပျော်သွားလေ၏။

နောက်တစ်နေ့ရောက်သော်…

သူဌေးစုန့်တစ်ယောက် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ ထိုအခါ မြင်ကွင်းထဲ ပေါ်လာသည်မှာ စိတ်လှုပ်ရှားနေသော သူဌေးလေးစုန့် ဖြစ်နေသည်။

“အဖေ့… ဒီနေ့ ဘာဖြစ်လို့ နောက်ကျတဲ့အထိ အိပ်နေရတာတုန်း။ နေ့လည်ရောက်နေပြီဗျ။

ဒါနဲ့ ကျွန်တော် ဘာတွေ့တယ် မှတ်လဲ… ဒီနေ့ သူခိုးတစ်ယောက်နဲ့ တွေ့ခဲ့တယ်ဗျ။ အဲ့ကောင်က သူ့ကိုယ်သူ ဟုတ်လှပြီ မှတ်ပြီး ကျွန်တော့်ရှေ့မှာ ဆရာနတ်မင်းအယောင် လာဆောင်နေတယ်လေ…

ဟားဟား… ကျွန်တော်လည်း နတ်မင်းအသင်းဝင်တစ်ယောက်ပဲဟာ။ သူ အတုမှန်း ချက်ချင်းသိတာပေါ့လို့… ဒီကောင် ကျွန်တော်တို့ ဆရာနတ်မင်းပုံစံနဲ့ လိမ်ညာနေမှာကို ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေနိုင်မှာလဲဗျ… ဟီးဟီး… အဖေ မှန်းကြည့်ကြည့်လေ… ကျွန်တော် ဒီသူခိုးကို ဘာလုပ်လိုက်သလဲဆိုတာ”

ထိုစကားကို ကြားပြီးနောက် သူဌေးစုန့်မှာ မူးမေ့လဲမတတ် ဖြစ်သွားရ၏။

All Chapters