← Chapters

အရှေ့မှာလမ်းပိတ် ၊ အနောက်မှာရန်သူ

Vol. 28 Ch. 390

အရှေ့မှာလမ်းပိတ် ၊ အနောက်မှာရန်သူ

Vol. 28 Ch. 390

အခန်း (၃၉၀) အရှေ့မှာလမ်းပိတ် ၊ အနောက်မှာရန်သူ

သွေးနီရောင်မီးတောက်များထွက်ပေါ်နေသော ချောက်နက်ကြီးဆီသို့ ရန်ကျောက်ကဲက အလျှင်အမြန် သွားရောက်လိုက်သည်။

ထိုချောက်နက်ကြီးကို တွေ့မြင်သည်နှင့် သူ့နောက်မှလိုက်လာသော မဟာမီးတောက်မိစ္ဆာကြီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အခြားသူများနားမလည်နိုင်သော အော်ဟစ်သံတစ်သံ ပြုလုပ်ကာ ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

“သခင်လေး...”

အားဟူက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် သတိပေးသလို ခေါ်လိုက်သည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“အင်း... ငါလည်း အာရုံခံမိတယ်”

ဟုတ်ပေ၏။

အဝေးတစ်နေရာဆီမှ သူတို့ထံသို့ ချဉ်းကပ်လာနေသော အားကောင်းသောစွမ်းအားရောင်ဝါများစွာကို ခံစားရသည်။ ထိုစွမ်းအားရောင်ဝါများက ပူလောင်ပြင်းပြသည့်အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် မီးတောက်မိစ္ဆာများအုပ်စုလိုက်ရောက်လာကြသည်မှာ ထင်ရှားသည်။

ထိုမီးတောက်မိစ္ဆာအုပ်စုထဲတွင် သူတို့နောက်လိုက်နေသည့် မဟာမီးတောက်မိစ္ဆာကြီးထက် လျော့နည်းခြင်းမရှိသော စွမ်းအားအငွေ့အသက်တစ်ခုကိုလည်း ခံစားရသည်။

သေချာပေါက် မဟာမီးတောက်မိစ္ဆာ နောက်တစ်ယောက် ရောက်လာသည်မှာ ထင်ရှားသည်ပင်။

မကြာမီ ပင်လယ်ပြင်အဝေးတစ်နေရာမှ မီးများတောက်လောင်နေသော ပုံရိပ်များစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုမီးတောက်မိစ္ဆာအုပ်စုကို ခေါင်းဆောင်လာသူမှာ အတောင်ပံဖြန့်လျှက် ပျံသန်းလာသည့် မဟာမီးတောက်မိစ္ဆာကြီးတစ်ကောင်ဖြစ်သည်။ ထိုသတ္တဝါကြီးက ချက်ချင်း ချောက်နက်ကြီးအနီးတစ်ဝိုက်သို့ ရောက်ရှိလာ၏။

ထို မဟာမီးတောက်မိစ္ဆာကြီးနောက်တွင် အခြားသောမီးတောက်မိစ္ဆာများစွာက ကပ်လျက်လိုက်ပါလာကြသည်။ သူတို့အားလုံးက ရန်ကျောက်ကဲကိုတွေ့သည်နှင့် ကြောက်မက်ဖွယ်ရာ အော်ဟစ်လိုက်ကြသည်။

ရန်‌ကျောက်ကဲနောက်လိုက်လာသော မဟာမီးတောက်မိစ္ဆာကြီးကလည်း ထိုမီးတောက်မိစ္ဆာအုပ်စုနှင့် အပြန်အလှန်စကားပြောဆိုသည့်အလား ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်သည်။

“သခင်လေး... ဒီ မီးတောက်မိစ္ဆာကြီးက ကျွန်တော်တို့နောက် လိုက်လာရင်း တခြားမီးတောက်မိစ္ဆာတွေနဲ့ ဆက်သွယ်ခဲ့တာ ဖြစ်နိုင်တယ်”

အားဟူက နက်ရှိုင်းသည့်အသံဖြင့် ဆိုသည်။

“အချိန်ကြာလာရင် မီးတောက်မိစ္ဆာတွေပိုများလာပြီး  ကျွန်တော်တို့ကို ဝိုင်းထားကြလိမ့်မယ်”

ရန်ကျောက်ကဲက သူ့ကို စကားပြန်မပြောဘဲ ချောက်နက်ကြီးရှိရာသို့သာ အလျှင်အမြန် သွားနေသည်။

သွားနေရင်း အရိပ်ကျုံ့အိတ်ထဲတွင် သိမ်းဆည်းထားသော ရေခဲဘောလုံးကြီးကို ထုတ်ယူလိုက်သည်။

ချောက်နက်ကြီးဆီသို့ရောက်သည်နှင့် ရန်ကျောက်ကဲက ညာဘက်လက်သီးဖြင့် ထိုရေခဲဘောလုံးကြီးကို အပြင်းအထန် ထိုးဖောက်ပစ်လိုက်သည်။

ရေခဲဘောလုံးကြီးက ရုတ်တရက်တုန်လှုပ်သွားပြီး မီးများတောက်လောင်နေသော ချောက်နက်ကြီးအတွင်း ကျရောက်သွားသည်။

မီးတောက်မိစ္ဆာများက ဒေါသတကြီးညာသံပေးလျှက် ရန်ကျောက်ကဲရှိရာသို့ ရှေ့နောက်ညှပ်ကာ တဟုန်ထိုး ဝင်ရောက်လာကြ၏။

ရန်ကျောက်ကဲက မဟာမီးတောက်မိစ္ဆာကြီးနှစ်ယောက်ကို အရေးမစိုက်ဘဲ ရေခဲဘောလုံးကို လက်သီးဖြင့် နောက်တစ်ကြိမ်ထပ်မံထိုးနှက်လိုက်သည်။

မီးတောက်များကြားတွင် အက်ကွဲသွားခြင်းမရှိသေးသော ရေခဲဘောလုံးသည် ဒုတိယလက်သီးချက်ထိမှန်သည့်အခါ အစိတ်စိတ်အမွှာမွှာ အက်ကွဲပြိုကျသွားသည်။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အလင်းတန်းများ တောက်ပစွာထွက်ပေါ်လာပြီး များပြားလှစွာသော ရေခဲပြာရောင်ဝိညာဉ်သင်္ကေတများက ရေခဲဘောလုံးအပိုင်းအစများနှင့် ပေါင်းစပ်သွားကာ ကြီးမားသော အစီအရင်ကြီးတစ်ခု ဖြစ်တည်လာသည်။

အစီအရင်ထောင့်စွန်းနေရာများတွင် ရေခဲစူးချွန်ကိုးခု ရှိနေသည်။ ထို ရေခဲစူးချွန်ကိုးခုက တဖြည်းဖြည်းကြီးမားလာပြီး အဖြူရောင်ရေခဲတိုင်လုံးကြီး ကိုးတိုင်အဖြစ် ပြောင်းလဲသွားသည်။ တိုင်လုံးများက ပင်လယ်ရေအောက်ကြမ်းပြင်သို့ စိုက်ဝင်သွားပြီး အစီအရင်ကို တည်ငြိမ်စေလိုက်သည်။

အစီအရင်ဗဟိုချက်တွင် ရွှေရောင်ရေခဲသလင်းကျောက်များ စုစည်းတည်ရှိနေပြီး ထိုအရာများမှာ ရန်ကျောက်ကဲ ပြုလုပ်ထားသည့် မိစ္ဆာခွင်းအင်းသင်္ကေတများ ဖြစ်ကြသည်။

ထိုအစီအရင်က ချောက်နက်ကြီးအတွင်းသို့ ဖြည်းညင်းစွာ ဆင်းသက်သွားသည်။

နက်ရှိုင်းသောချောက်နက်ကြီးအတွင်းမှ ချော်ရည်နှင့်မီးတောက်များက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် အဆက်မပြတ် မြင့်တက်လာပြီး တည်ငြိမ်ခြင်းမရှိတော့ဘဲ အပေါ်သို့ပေါက်ကွဲထွက်လာသည်။

မီးငှက်ကြီးတစ်ကောင်နှင့်ဆင်တူသော မဟာမီးတောက်မိစ္ဆာကြီးက ချောက်နက်ကြီးကို စူးစိုက်ကြည့်နေသည်။ သူ့ကိုကြည့်ရသည်မှာ ချောက်နက်ထဲဆင်းသက်လိုဟန်ရှိသည့်တိုင် ခဏမျှ တုံ့ဆိုင်းနေသည်။

ရန်ကျောက်ကဲနောက် တစ်ချိန်လုံးလိုက်နေသည့် လက်ရှစ်ဖက် ၊ ခြေလေးချောင်းရှိသော မဟာမီးတောက်မိစ္ဆာကြီးကတော့ ပို၍ပင် ဒေါသများပြင်းထန်လာဟန် ရှိသည်။

သူက လက်ရှစ်ဖက်ကိုမြှောက်လျှက် မီးလျှံလှံချောင်းများဖြင့် ရန်ကျောက်ကဲကို အဆက်မပြတ်ပစ်ခတ်လိုက်သည်။

ရန်ကျောက်ကဲနှင့် အားဟူက ပန်ပန်အပေါ်သို့ အလျှင်အမြန်တက်လိုက်ကြသည်။ ကြီးမားသောပန်ဒါကြီးက နက်ရှိုင်းသောပင်လယ်ပြင်ထဲသို့ ခြေချောင်းများကို ဆန့်ထုတ်လျှက် လျှင်မြန်စွာ ပြေးထွက်သွားတော့၏။

မီးတောက်မိစ္ဆာအချို့က နက်ရှိုင်းသောချောက်နက်ကြီးဆီသို့ ပြေးသွားကြပြီး အချို့ကတော့ ရန်ကျောက်ကဲနောက်သို့ ပြေးလိုက်လာကြသည်။

သို့သော် သူတို့၏ ခြိမ်းခြောက်နိုင်စွမ်းက မဟာမီးတောက်မိစ္ဆာ (၂)ယောက်ထက် များစွာလျော့နည်းသည်။ ထိုမဟာမီးတောက်မိစ္ဆာ (၂)ယောက်သာ မရှိလျှင် ရန်ကျောက်ကဲက သူ့နောက်လိုက်လာသည့် မီးတောက်မိစ္ဆာများကို တစ်ကောင်ချင်းရှင်းပစ်မည် ဖြစ်သည်။

ယခုတော့ မဟာမီးတောက်မိစ္ဆာကြီး (၂)ယောက် အနားတွင်ရှိနေသည့်အပြင် မီးတောက်မိစ္ဆာအများအပြားကလည်း နောက်မှလိုက်လာလေရာ ရန်ကျောက်ကဲတို့အုပ်စုအတွက် ခြိမ်းခြောက်မှုက ပိုမိုကြီးမားလာခဲ့သည်။

ရန်ကျောက်ကဲက ကောင်းကင်တုန်လှုပ်လေးညှို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် အနည်းငယ်သာကျန်ရှိတော့သော နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်၏။

ပင်လယ်ရေအောက်တွင် ရွှေရောင်အလင်းတန်းများစွာထွက်ပေါ်လာပြီး ကြီးမားသည့်ရေခဲမြစ်ကြီးတစ်ခု ဖြစ်တည်လာကာ မီးတောက်မိစ္ဆာများကို ပိတ်ဆို့ထားလိုက်သည်။

သို့သော် အနောက်ဘက်မှ မဟာမီးတောက်မိစ္ဆာကြီးပစ်လွှတ်လိုက်သော မီးလျှံလှံရှည်က မီးနဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး လျှင်မြန်စွာ ဝင်ရောက်လာသည်။

ကြီးမားသောအဖျက်စွမ်းအားနှင့်အတူ ပူပြင်းတောက်လောင်သည့်ရောင်ဝါက နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတများဖြင့် ဖန်တီးထားသော ရေခဲမြစ်ကို ကွဲထွက်သွားအောင် ထိုးခွင်းပစ်လိုက်ရာ ရေခဲမြစ်မှာ တဖြည်းဖြည်း အရည်ပျော်သွားသည်။

ရန်ကျောက်ကဲက ဘယ်လက်ဖြင့် လေးညှို့ကိုကိုင်ထားပြီး ညာလက်က အနက်ရောင်အမွှေးတိုင်အိုးလေးကို ထုတ်ယူကာ သူတို့ထံဝင်ရောက်လာသော မီးလျှံနဂါးကြီးကို ကာကွယ်လိုက်သည်။

မဟာမီးတောက်မိစ္ဆာကြီးက စွမ်းအားအလွန်ကြီးမားပြီး သူပစ်လွှတ်လိုက်သော မီးလျှံနဂါးကြီးမှာ အလျား ပေ (၃၀) ကျော်ခန့်ရှိပြီး အနံ (၃)ပေခန့် ရှိသည်။

ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးဖြင့် ကာကွယ်လိုက်သည်။ ထိုအမွှေးတိုင်အိုးလေးရှေ့မှ ရေပြင်က ပုံပျက်နေပြီး ကြီးမားသောမီးလျှံနဂါးကြီးက လျှင်မြန်စွာကျုံ့ဝင်သွားကာ အမွှေးတိုင်အိုးလေးအတွင်းသို့ စုပ်ယူခံလိုက်ရသည်။

အခွင့်အရေးရသည်နှင့် ပန်ပန်က ရန်ကျောက်ကဲနှင့်အားဟူကို ခေါ်ဆောင်ကာ လျှပ်စီးကဲ့သို့ လျှင်မြန်သည့်အရှိန်ဖြင့် ပြေးထွက်သွားသည်။

သို့သော်...

“ဟင်...”

ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲမှ ခရမ်းစိမ်းရောင်လျှပ်စီးတစ်ချက်လင်းလက်လာပြီး မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက အနည်းငယ် တုန်ခါသွားသည်။

ရန်ကျောက်ကဲ၏သတင်းပေးချက်ရရှိသည်နှင့် ပန်ပန်က ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်ပြီး ပါးစပ်ကိုဟကာ အဖြူရောင်မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။

အဖြူရောင်မီးတောက်က ပင်လယ်ရေကိုဖြတ်သန်းပြိး အဝေးသို့ ရောက်ရှိသွား၏။ အစပိုင်း မည်သည့်အတားအဆီးမှ မကြုံတွေ့ရသော်လည်း ခဏအကြာတွင်တော့ ထိုမီးတောက်က ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် အဆုံးမရှိမှောင်မိုက်နေသော ပင်လယ်ရေအောက်ထဲတွင် မိုးခြိမ်းသံများနှင့်အတူ အလင်းရောင်များ ထွက်ပေါ်လာသည်။ အစိမ်းရောင်လျှပ်စီးများ လင်းလက်လာပြီး ထိုအစိမ်းရောင်လျှပ်စီးများထဲတွင် ငွေရောင်လျှပ်စီးကြောင်းများ ရောယှက်လျှက် ရှိသည်။

အစိမ်းရောင်မိုးကြိုးသွားများက အရှိန်အဟုန်ဖြင့် အထက်သို့မြင့်တက်သွားပြီး ကြီးမားသောအရံအတားကြီးတစ်ခု ဖြစ်တည်လာသည်။ ထိုအရံအတားက ချောက်နက်ကြီးပတ်ဝန်းကျင်တစ်ခုလုံးအား ဖုံးလွှမ်းထားသည်။

အစိမ်းရောင်လျှပ်စီးများက တားဆီးထားသဖြင့် ပန်ပန်မှုတ်ထုတ်လိုက်သော အဖြူရောင်မီးတောက်က ပျက်ဆီးသွားရသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မျက်ဝန်းများကို မှေးစင်းလိုက်ရင်း...

"ကောင်းကင်မိုးကြိုးခန်းမ..."

ထိုအချိန်...

အစိမ်းရောင်လျှပ်စီးများကြားတွင် မျက်လုံးတစ်ဖက်လပ်လူငယ်တစ်ယောက် ပေါ်လာသည်။

အတိအကျဆိုရသော် “လင်ကျိုး” ပင် ဖြစ်၏။

လင်ကျိုးတစ်ယောက်တည်းသာမဟုတ်ဘဲ ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများကလည်း နှစ်ယောက်တစ်စု ၊ သုံးယောက်တစ်စုဖြင့် အသီးသီးမတ်တတ်ရပ်နေကြပြီး အစီအရင်ကို တည်ငြိမ်အောင် ထိန်းထားကြသည်။

ကြီးမားသောအလံရှည် (၃)ခုအား တြိဂံပုံစံ စိုက်ထူထားပြီး အစိမ်းရောင်မိုးကြိုးအရံအတားကို အတူတကွ တည်ဆောက်ထားကြခြင်းပင် ဖြစ်၏။

လင်ကျိုးနှင့် အခြားသူများက မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေကြသည်။

ရန်ကျောက်ကဲက ကြုံးဝါးသံတစ်ချက်ပြုရင်း သူ၏ညာဘက်မျက်လုံးမှ လျှပ်စီးတစ်ချက် လင်းလက်သွားပြီး သူ၏ဦးခေါင်းထက်တွင် ခရမ်းရောင်စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။

မိုးကြိုးဧကရာဇ်မျက်လုံး အပိုင်းအစ။

ကြောက်မက်ဖွယ်ရာကောင်းသော ပကတိမိုးခြိမ်းသံ ပြင်းထန်စွာထွက်ပေါ်လာပြီး ရက်စက်ကြမ်းတမ်းသော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ကျယ်လောင်သောပေါက်ကွဲသံကြီးကြောင့် ရန်ကျောက်ကဲနောက် တောက်လျှောက်လိုက်လာသော မဟာမီးတောက်မိစ္ဆာကြီးပင် ထိတ်လန့်သွားရသည်။

ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံက ရှည်လျားသော မြစ်တစ်စင်းပမာ အရှေ့ဆီသို့ လွင့်စင်သွားပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများအားလုံးကို အငွေ့ပျံစေကာ သူတို့ရှေ့မှဗလာနယ်ကို ရှင်းထုတ်လိုက်သည်။

ပကတိမိုးကြိုးစွမ်းအားက ကောင်းကင်မိုးကြိုးစိမ်းအရံအတားနှင့် တိုက်ခတ်မိပြီး အစိမ်းရောင်အလံရှည်တစ်ခုက တစ်စစီကွဲကြေသွားသည်။

အလံရှည်တည်ရှိရာနေရာတွင် ကျောက်တုံးများပြိုကျလာပြီး မြေကြီးများအက်ကွဲသွားသည်။

ပိန်ပိန်ပါးပါးရှိသော ဂိုဏ်းတူအစ်ကို’ကျန်’ အပါအဝင် ‌ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းကျင့်ကြံသူများအားလုံး ခြေထောက်များမခိုင်တော့ဘဲ မြေပြင်ထက်သို့ လဲကျကုန်ကြလေ၏။

ပတ်ဝန်းကျင်တစ်ခုလုံး အစိမ်းရောင်လျှပ်စီးများနှင့် ပြည့်နက်နေသော ကောင်းကင်မိုးကြိုးစိမ်းအရံအတားတွင် ကြီးမားသော အပေါ်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။

ရန်ကျောက်ကဲက ထိုအပေါက်ကြီးမှတစ်ဆင့် အားဟူနှင့်ပန်ပန်ကို အပြင်သို့ အလျှင်အမြန် ပို့ဆောင်ရန် ကြိုးစားလိုက်သည်။

သို့သော် လင်ကျိုးက ကြိုတင်ပြင်ဆင်ထားဟန်ပင်။ သူက ပျက်ဆီးသွားသော အစိမ်းရောင်အလံရှည်နှင့် တစ်ပုံစံတည်းတူသည့် နောက်ထပ်အလံရှည်တစ်ခုကို ဆွဲထုတ်လိုက်သည်။

အလံရှည် (၃)ခု ပြန်လည်ပေါင်းစည်းသွားပြီး ကောင်းကင်မိုးကြိုးစိမ်းအရံအတားကို အကောင်းအတိုင်း ပြန်ဖြစ်သွားကာ ရန်ကျောက်ကဲတို့အုပ်စုသွားမည့်လမ်းကို ပိတ်ဆို့လိုက်သည်။

အားဟူက...

“အေး... မင်းတို့ ကောင်းကင်မိုးကြိုးခန်းမက မီးတောက်မိစ္ဆာတွေနဲ့ တစ်ဖွဲ့တည်းလား”

လင်ကျိုးက သူ၏ညာဘက်မျက်လုံးဖြင့် ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း အေးစက်သည့်လေသံဖြင့်...

“ငါတို့ဂိုဏ်းက မီးတောက်မိစ္ဆာတွေကို ထောင်ချောက်ဆင်တိုက်ခိုက်နေတာ ၊ မင်းတို့ဟာမင်းတို့ ဒီနေရာရောက်လာတာတော့ မတတ်နိုင်ဘူး ၊ ဒါက တိုက်ဆိုင်မှုပဲလေ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်းတို့ကို လွှတ်ပေးဖို့ မဖြစ်နိုင်ဘူး ၊ မဟုတ်ရင် မင်းတို့နဲ့အတူ မီးတောက်မိစ္ဆာတွေပါ လွတ်သွားပြီး လျှောက်ဒုက္ခပေးကုန်လိမ့်မယ်”

“မီးတောက်မိစ္ဆာတွေလွတ်သွားလို့ အပြင်ဘက်မှ ပြဿနာတစ်ခုခု ဖြစ်လာမယ်ဆိုရင် ငါတို့အတွက် နောင်တရစရာပဲ ၊ ပြီးတော့ မီးတောက်မိစ္ဆာတွေနဲ့တိုက်ခိုက်တဲ့ စစ်ပွဲတိုင်းမှာ စတေးခံရတာတွေ ရှိစမြဲပဲ ၊ ဝါဒတောင်သခင်လေး ‘ရန်ကျောက်ကဲ’ က အမြဲတမ်း သဘောထားကြီးပြီး အသက်ကိုတောင်စွန့်လွှတ်နိုင်တဲ့ သူရဲကောင်းတစ်ယောက် မဟုတ်လား ၊ မင်းရဲ့ ပေးဆပ်အနစ်နာခံမှုအတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာကိုယ်စား ငါတို့အားလုံးက အမြဲတမ်း ကျေးဇူးတင်နေမှာပါ”

All Chapters