တစ်ခုခု ထွက်လာနေတယ်ဟ
Vol. 1-5 Ch. 70
အခန်း (၇၀) : တစ်ခုခု ထွက်လာနေတယ်ဟ
ရှန်အောင်းတစ်ယောက် အလွန် စိတ်ဓာတ်ကျနေမိသည်။ ဒီနေ့က သူ့အတွက်တော့ ကံဆိုးသည့်နေ့ပဲဟု ခံစားနေရသည်။
နောက်ဆုံးတော့ အခြေတည်အဆင့်ကို ရောက်ရှိသွားခဲ့ပြီးနောက် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ဆီကို သူ သွားမလို့ လုပ်ခဲ့သည်။
လမ်းမှာပဲ ဘာကြောင့်မှန်းရယ်မသိ သူ ချီဖောက်ပြန်သွားခဲ့သည်။ ထို့နောက် အလွန်ဆိုးဝါးသော ခေါင်းကိုက်မှု တစ်ခုနှင့်အတူ ပြန်နိုးလာခဲ့သည်။
သို့ပေမဲ့ ထိုကိစ္စက သူ့ကျင့်ကြံခြင်းအပေါ် မသက်ရောက်၍ အဆိုးဆုံးအပိုင်း မဟုတ်သေးချေ။ ပြဿနာက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲက လူတွေကို မေးမြန်းကြည့်ပြီးသည့်နောက် ကြားရခဲ့သော ကောလဟာလ တစ်ခုက စတင်ခဲ့၏။
အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲတွင် သတ္တုရိုင်းတုံးများ အကဲဖြတ်ရာ၌ အင်မတန် တော်သည့် ဆရာနတ်မင်းဆိုသူ တစ်ယောက် ရှိလေသည်။ ထိုလူ့နာမည်မှာ ရှန်အောင်းထျန်း ဖြစ်သည်။
ဒီဆရာနတ်မင်းဟာဆိုရင် သူနှင့်ကံစပ်သူများကိုသာ သတ္တုရိုင်းတုံး အကဲဖြတ်ကာ ရွေးပေးသည်။ သို့ပေသည့် သူက အင်မတန် တိကျမှန်ကန်ကာ သူရွေးလိုက်သည့် သတ္တုရိုင်းတုံးများအနက် တစ်ခုစီတိုင်းက အကျိုးအမြတ်များများ ပြန်ရကြသည်ချည်းသာ။
ကောလဟာလများအရ တစ်ခါသား၌ ဆရာနတ်မင်းက ဝိညာဉ်သစ်ပင်စာရင်းတွင် အဆင့်(၃၆) ချိတ်သည့် အထွတ်အထိပ်အဆင့် နတ်ဘူးသီးအစေ့ပါသော သတ္တုရိုင်းတုံးကိုပင် ရွေးပေးခဲ့ဖူးလေ၏။
ထိုကဲ့သို့ အထွတ်အထိပ်အဆင့် ရတနာမျိုးကို ထိုက်ပိုင်ချိုင့်ဝှမ်းမှ တပည့်များ မပြောနှင့်၊ အကြီးအကဲများပင်လျှင် လိုချင်မက်မောကြမည် ဖြစ်သည်။
ရှန်အောင်းကလည်း စမ်းကြည့်ချင်သွားကာ ထိုဆရာနတ်မင်းဆိုသူအား ကိုယ်တိုင်သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်၏ နာမည်မှာ အတော်လေး ဆင်နေ၍ သူတို့ကြားတွေ မြဲမြံသည့် ကံကြမ္မာရေစက် ရှိနေလိမ့်မည်ဟု သူက ခိုင်ခိုင်မာမာ ယုံကြည်ထား၏။
သူတို့တွေ ကံမပါဘူး ဆိုပါမှ မဖြစ်နိုင်စရာ ကောင်းနေလိမ့်မည်။
အကယ်၍ ဆရာနတ်မင်းကသာ သူ့ကို ကူညီနိုင်ပါက သူ့ဆရာအတွက် လက်ဆောင်ရွေးရန် အရမ်းကြီး စိတ်ပူနေစရာ လိုတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူက ဆရာနတ်မင်းအကြောင်း လိုက်စုံစမ်းကြည့်သောအခါ “နတ်မင်းအသင်းဝင်များ” အဖွဲ့၏ တည်ရှိမှုကို သိလိုက်ရသည်။ ထို့အပြင် ထိုအဖွဲ့၏ လက်ရှိအကြီးအကဲမှူးသည် ကောင်းကင်ဝိညာဉ်ပြခန်း၏ ဆိုင်ပိုင်ရှင် ဖြစ်နေကြောင်းပါ သိလိုက်ရလေသည်။
ရှန်အောင်းက သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပြီးနောက် ကောင်းကင်ဝိညာဉ်ပြခန်းဆီသို့ သွားလိုက်သည်။ ကံမကောင်းစွာနှင့်ပဲ သူ ပထမဆုံး တွေ့လိုက်ရသူမှာ သူဌေးလေးစုန့် ဖြစ်နေ၏။
ရှန်အောင်းကတော့ သူ့သရုပ်အမှန်ကို မြန်မြန် ပြောပြလိုက်သည်။ သူဌေးစုန့်က သူ့ကို ဆရာနတ်မင်းနှင့် မိတ်ဆက်ပေးဖို့ မျှော်လင့်ရင်းပေါ့။
သူဌေးလေးစုန့်က သူ့ကို ဧည့်ခန်းမှာ ခဏစောင့်ဖို့ ပြောကာ လက်ဖက်ရည်တစ်ခွက် တည်ခင်းလိုက်သည်။
ပိလောတောင်ထိပ်မှ လာသော ထိုအကောင်းဆုံး လက်ဖက်စိမ်းကို သောက်ပြီးသွားသည့်နောက် ရှန်အောင်းတစ်ယောက် နောက်တစ်ခေါက် ထပ်မေ့လဲသွားရပြန်သည်။ နိုးလာသည့်အခါ၌ ရှန်အောင်းခမျာ သူ့ကို လက်ဝါးကပ်တိုင်တွင် ကြိုးတုပ်ချည်နှောင်ထားကြောင်း သိလိုက်ရလေ၏။
ဒါ အလုံပိတ် လျို့ဝှက်ခန်း တစ်ခုပဲ… ကြည့်ရတာ အရမ်းကို ခြောက်ခြားစရာကောင်းပြီး… အင်း ရင်းလည်း ရင်းနှီးနေသလားလို့…
“ဒီကောင်းကင်ဝိညာဉ်ပြခန်းက လူလိမ်လူညာတွေပဲ” ရှန်အောင်းမှာ မချိတင်ကဲ ခံစားနေရသည် “အိုး… ငါ့နှယ့်နော်… ဘာဖြစ်လို့ ဒီလောက် ပေါ့ပေါ့ဆဆ နေမိတာလဲ”
သိပ်မကြာသေးခင်ကမှ ညီတော်(၁၃)နဲ့ သွားပတ်သက်မိထားတာလေ… ငါ ဒီထက် ပိုပြီး သတိကြီးကြီး ထားခဲ့သင့်တာ…
ဟင်း… လီ့ကိုလည်း အဲ့နေ့ကတည်းက သူ့တာဝန်ကနေ ဖယ်လိုက်သင့်တာ…
ငါ ဘာဖြစ်လို့ ဒီလောက် ပေါ့ပေါ့ဆဆ နေမိရတာလဲကွာ…
.....................
ကွေ့ကုန်းကုန်း၊ ချင်ကောင်းတို့နှင့်အတူ လန်နန်းဆောင်သို့ ပြန်ရောက်နေပြီ ဖြစ်သော ရှန်ထျန်းက နှာချေလိုက်၏။
နောက်ဆုံးတော့ သူလေး ခဏလောက် အနားယူလို့ ရခဲ့ပြီလေ။ ဒီနန်းတွင်းထဲမှာဆို သူ့ကို အရူးအမူး စွဲလမ်းနေသည့် ပရိသတ်များကြောင့် စိတ်ပူရမှာမျိုး မရှိတော့ချေ။ သူဘာတွေလုပ်နေသလဲဆိုတာ သူ့အစ်ကိုတော် ရှန်အောင်း သိသွားမှာလည်း မပူရတော့ချေ။
အစိမ်းရောင် ရောင်ဝါစက်ဝန်းလေးက ရှန်ထျန်းခေါင်းပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် ယခင်က ကံဆိုးမှုနှင့် နေ့ရက်များကို ခေါက်ထားလို့ ရသွားလေပြီ။
အဆုံးမှာတော့ ကျင့်ကြံရေးအပေါ် အချိန်နည်းနည်းလောက် အာရုံစိုက်ရန် ယုံကြည်မှု ရှိလာခဲ့ပြီ ဖြစ်သည်။
အန္တရာယ်များလှသည့် ကျင့်ကြံရေးကမ္ဘာထဲတွင် အင်အားနှင့် ကံကောင်းမှုတို့သည် ညီတူညီမျှ အရေးပါပေသည်။
သူ့ပြိုင်ဖက်တွေကို အနိုင်တိုက်ရန် လုံလောက်မည့် အင်အားမျိုး မရမချင်း နန်းတွင်းထဲမှာပဲ နေနေသေးရန် ရှန်ထျန်း ဆုံးဖြတ်လိုက်၏။ သူ့ရောင်ဝါစက်ဝန်း၏ အရောင်မှာ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း အစိမ်းရောင်သာ ဖြစ်နေသေးသဖြင့် မလုံလောက်သေးချေ။
အနည်းဆုံးတော့ အစိမ်းရင့်ရောင် ရောင်ဝါစက်ဝန်းနှင့် ရွှေအမြုတေအဆင့်အထိ ရောက်ရှိဖို့အတွက် ရှန်ထျန်းက ရည်မှန်းထားသည်။
ငါလေး အများကြီး ပိုပြီး စိမ်းလာဖို့ လိုသေးတယ်…
“အိုး… ငါ ဟိုနေ့တုန်းက ကျင့်စဉ်သုံးခု ရထားတာပဲ”
ကျန်းယွင်ရှီး ပေးခဲ့သော ကျင့်စဉ်များကို ရှန်ထျန်းက ရုတ်တရက် သတိရသွား၏။ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားက ကျင့်စဉ်များကို သူ့အသိစိတ်ဝိညာဉ်စွမ်းအင်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သဖြင့် ထိုကျင့်စဉ်များကို အလွယ်တကူ ပြန်စဉ်းစားယူလို့ ရနိုင်ပေသည်။
ကပ်ဘေးတဖန် ကျင့်စဉ်မှာ တော်ဝင်မိုးကြိုးကျမ်း၏ တားမြစ်ကျင့်စဉ်တွဲ ဖြစ်သောကြောင့် သူ သင်ယူလို့ မရနိုင်သေးပေ။ သို့ပေသည့် ကျန်နှစ်မျိုးကိုတော့ ဘာပြဿနာမှ မရှိဘဲ သင်ယူလေ့ကျင့်နိုင်လေသည်။
ပထမတစ်ခုက “နတ်မိုးကြိုးငါးပါး ကျင့်စဉ်” ဟုခေါ်သော ချီသန့်စင်ခြင်းကျင့်စဉ် ဖြစ်သည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်ဂိုဏ်းသားများတွင်သာ ဤ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သောကျမ်းကို ကျင့်ကြံခွင့် ရှိကြလေသည်။
ဤကျင့်စဉ်သည်ကား အတွင်းကလီစာများကို ဓာတ်ကြီးငါးပါးနှင့် လိုက်ဖက်ကိုက်ညီစေခြင်း အပေါ် အချက်အချာ ပြုထားပြီး စွမ်းအားကောင်းသော နတ်မိုးကြိုး ဆယ်မျိုးကို ဖြစ်ပေါ်စေသည့် ကျင့်စဉ် ဖြစ်သည်။
ထိုနတ်မိုးကြိုးများမှာ…
၁။ နဂါးစိမ်း ပထမ နတ်မိုးကြိုး (သစ်သား)
၂။ အာကာသ ဒုတိယ နတ်မိုးကြိုး (သစ်သား)
၃။ ကြက်သွေးရောင် ဇာမဏီ တတိယ နတ်မိုးကြိုး (မီး)
၄။ မြွေပျံ စတုတ္ထ နတ်မိုးကြိုး (မီး)
၅။ စွမ်းပကားရှင် ချီလင် ပဉ္စမ နတ်မိုးကြိုး (မြေ)
၆။ မဟာ ကံကြမ္မာ ဆဋ္ဌမ နတ်မိုးကြိုး (မြေ)
၇။ ကျားဖြူ သတ္တမ နတ်မိုးကြိုး (သတ္တု)
၈။ ကောင်းကင် ဧကရာဇ် အဋ္ဌမ နတ်မိုးကြိုး (သတ္တု)
၉။ လိပ်နက် နဝမ နတ်မိုးကြိုး (ရေ)
၁၀။ ကောင်းကင် ဧကရီ ဒသမ နတ်မိုးကြိုး (ရေ) ဟူ၍ ဖြစ်ပေသည်။
အထက်ဖော်ပြပါ မိုးကြိုးများသည် အင်မတန် ကြီးမားများပြားသော စွမ်းအားတို့ကို ပိုင်ဆိုင်ထား၏။ အကယ်၍ ကျင့်ကြံသူ တစ်ယောက်ကသာ သူတို့ထဲမှ တစ်ခုခုကို ကျွမ်းကျင်တတ်မြောက်သွားပါက အရှေ့ပိုင်းလွင်ပြင်ဒေသထဲတွင် ပြိုင်ဖက်မရှိ သွားလာနိုင်သွားပေလိမ့်မည်။
မိုးကြိုး တော်တော်များများကိုသာ ကျွမ်းကျင်တတ်မြောက်သွားပါက ထိုကျင့်ကြံသူတို့သည်ကား အဆင့်တူ၊ ရွယ်တူများအနက် အဆင့်မြင့်ပါရမီရှင် တစ်ယောက် ဖြစ်သွားပေလိမ့်မည်။
........................
ဤမိုးကြိုးကျင့်စဉ်ခွဲ ဆယ်ခုအနက် “မ”ဂဏန်းကျင့်စဉ်တွဲ (ပထမ၊ တတိယ၊ ပဉ္စမ၊ သတ္တမ၊ နဝမ) တို့ကို ယန်သဘောဆောင်သည်ဟု သတ်မှတ်ထားသည်။ ကျင့်ကြံသူက ယန်ဓာတ်မိုးကြိုး ငါးမျိုးစလုံးကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းသွားပါက သန့်စင်သော “ယန်ဓာတ်ငါးပါး မိုးကြိုး”ကို ဖန်တီးနိုင်သွားမည် ဖြစ်သည်။
“စုံ”ဂဏန်းကျင့်စဉ်တွဲ (ဒုတိယ၊ စတုတ္ထ၊ ဆဋ္ဌမ၊ အဋ္ဌမ၊ ဒသမ) တို့သည်ကား ယင်သဘော ဆောင်နေကြလေ၏။ အကယ်၍ ကျင့်ကြံသူက ယင်ဓာတ်မိုးကြိုး ငါးမျိုးစလုံးကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းသွားပါက သန့်စင်သော “ယင်ဓာတ်ငါးပါး မိုးကြိုး”ကို ဖန်တီးနိုင်သွားမည် ဖြစ်ပေသည်။
နတ်မိုးကြိုး ဆယ်မျိုးစလုံးကို ကျွမ်းကျင်တတ်မြောက်သွားပါက သန့်စင်သော ယင်ဓာတ်ငါးပါးမိုးကြိုးကိုကော ယန်ဓာတ်ငါးပါးမိုးကြိုးကိုပါ ဖန်တီးနိုင်ပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ထိုသီးသန့်မိုးကြိုး နှစ်ခုကို ပေါင်းစပ်ရောနှောနိုင်သွားကာ ဒဏ္ဍာရီလာ “ယင်ယန်ဓာတ်နှော နတ်မိုးကြိုး”ကို ပြုလုပ်ယူနိုင်သွားမည် ဖြစ်သည်။
သို့သော် ယင်ဓာတ်မိုးကြိုးနှင့် ယန်ဓာတ်မိုးကြိုးတို့သည် သဘာဝအားဖြင့် တစ်ခုနှင့်တစ်ခု ဆန့်ကျင်တွန်းကန်နေကြလေသည်။ သို့ဖြစ်၍ မိုးကြိုးတစ်မျိုးကို ကျင့်ကြံပြီးသည့်နောက် နောက်တစ်မျိုးကို ကျင့်ကြံပါက များသောအားဖြင့် ချီဖောက်လွဲဖောက်ပြန်ဖြစ်ကာ ရလဒ်ပြောင်းပြန် ရတတ်လေ၏။
ထိုကြောင့် ယင်ယန်ဓာတ်နှော နတ်မိုးကြိုးကို ကျွမ်းကျင်တတ်မြောက်ဖို့ရန်မှာ မဖြစ်နိုင်သလောက် နီးပါးပင်။
ကောလဟာလများအရ တော်ဝင်မိုးကြိုးကျမ်း၏ နောက်ဆုံးအတွဲ၊ တားမြစ်ကျင့်စဉ် ဖြစ်သည့် “ကပ်ဘေးတဖန်”ထဲတွင် ဒီအခက်အခဲကို ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခု ပါရှိသည်ဟု ဆိုကြ၏။ ထိုနည်းလမ်းသည်ကား လွန်ခဲ့သော နှစ်တစ်သောင်းတုန်းက ယင်ယန်ဓာတ်နှော နတ်မိုးကြိုးကို အမြောက်အများ ပြုလုပ်ယူနိုင်ခဲ့သည့် အကြောင်းအရင်ပင်တည်း။
…………………
“ကျစ်… ဒီနတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ဒီလောက် ခက်ခဲလိမ့်မယ် မထင်ထားဘူး” ရှန်ထျန်းတစ်ယောက် ညည်းညူလိုက်သည်။
သူ့မှာ ဒီဓာတ်ငါးပါးနတ်မိုးကြိုး ဆယ်မျိုးစလုံးကို လေ့လာသင်ယူရဦးမည်။ ပြီးလျှင် သူတို့ကို ဖြည်းဖြည်းချင်း ပေါင်းစပ်ရောနှော ရဦးမည်။ သည်ဟာက အလုပ်ရှုပ်လွန်းသဖြင့် ရှန်ထျန်း စိတ်မပါတော့ချေ။
ရုတ်တရက် တစ်ခုခု တွေးမိသွားဟန်ဖြင့် သူက ကြေးမုံကို ထုတ်ကြည့်လိုက်၏။ သူ့မျက်နှာချောချောပေါ်တွင် ရွှေရောင်မိုးကြိုး အမှတ်အသားက ရှိနေဆဲပင်။
ရှန်ထျန်းလေး အရမ်းကို ပျော်သွားသည်။
ကြည့်ရတာ ငါ့ဆီမှာ ဓာတ်ငါးပါး နတ်မိုးကြိုး အားလုံး ရှိနေပြီးသားနဲ့ တူတယ်…
ဟီးဟီး… ဒီလိုဆိုမှတော့ ငါလေး စမ်းကြည့်ကြည့်ရတာပေါ့…
ရှန်ထျန်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ကို သူ့အား စောင့်ကြည့်ပေးရန် ခေါ်ထားလိုက်သည်။ ထို့နောက် သူက ထိုင်ချလိုက်ကာ နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်၏။
ဘယ်မိုးကြိုးအမျိုးအစားကို စတင်ကျင့်ကြံရမည် ဆိုသည့် နည်းစနစ်မှာ လူတစ်ဦးချင်းအလိုက် ကွဲပြားသည်။
ပုံမှန်အားဖြင့် အမျိုးသားများကို ယန်ဓာတ်ဆောင်သူများဟု သတ်မှတ်ကြသဖြင့် ယန်ဓာတ်ငါးပါးမိုးကြိုး အမျိုးအစားထဲမှ စတင်ကျင့်ကြံတာက ပိုကောင်းပေလိမ့်မည်။ ထို့အတိုင်းပင် အမျိုးသမီးများအတွက်လည်း အတူတူပင် ဖြစ်ကာ ယင်ဓာတ်ငါးပါးမိုးကြိုးထဲက စကျင့်ကြံရကြသည်။
အင်း… ကျန်းယွင်ရှီးကတော့ ချွင်းချက်တစ်ခုပေါ့။
(သူမက သတ္တမတွဲ ကျားဖြူမိုးကြိုးကို ကျင့်ကြံတော့ ယင်ဓာတ်မိုးကြိုးကို ကျင့်ကြံတာပေါ့)
ရှန်ထျန်းက တချို့လူတွေက သတ္တုဓာတ်မှာ အားသာသည်၊ တချို့ကကျ ရေဓာတ်မှာ အားသာသည်… စသည်စသည်ဖြင့်ပေါ့…
စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး ဝိညာဉ်ကျောက်တုံး တစ်ပုံကို ဘေးနား ချထားလိုက်၏။ ထို့နောက် သူက နတ်မိုးကြိုးငါးပါး ကျင့်စဉ်အတိုင်း စတင်ကျင့်ကြံလိုက်လေသည်။
သိပ်မကြာခင်မှာပဲ သူ့ကိုယ်ထဲ သန့်စင်သော အတွင်းအားတစ်ခု စီးဆင်းလာတာကို သူ ခံစားမိလိုက်သည်။
ရုတ်တရက်ကြီး ဝမ်းဗိုက်နားက နာကျင်လာကာ ခေါင်းလည်း ထုံကျင်သွား၏။
တစ်ခုခု ထွက်လာနေတယ်ဟ…
ရှန်ထျန်း အံ့သြသွားသည်။
ဘာကြောင့် တအား မြန်နေရတာလဲ...